(က)ပါဏာတိပါတကံ လွန်ကျူးပြစ်နှင့် ရှောင်ကြဉ်ရကျိုး လင်္ကာနှင့် အဓိပ္ပါယ်
မည်သည့် သက်ရှိသတ္တ၀ါကိုမဆို ညှင်းဆဲသတ်ဖြတ်သောသူသည် သေသောအခါ ငရဲ၌ဖြစ်ရသည်၊
ငရဲမှ လွတ်၍ လူဖြစ်လာလျှင်သော်မှ-
(၁) ကိုယ်အင်္ဂါချို့တဲ့တတ်ခြင်း၊
(၂) အရုပ်ဆိုးခြင်း၊
(၃) အားအင်ချိနဲ့ခြင်း၊
(၄) လျင်မြန်ဖျတ်လတ်မှုမရှိခြင်း၊
(၅) ဘေးရန်နှင့်တွေ.က ကြောက်ရွံ့လွယ်ခြင်း၊
(၆) သူများသတ်၍ သေရခြင်း၊ မိမိကိုယ်ကို မိမိသတ်၍လည်း သေရခြင်း၊
(၇) အနာရောဂါများခြင်း၊
(၈) ခြွေရံပျက်စီးခြင်း၊
(၉) အသက်တိုခြင်း၊
ဤသို့ စသည်ဖြင့် များစွာသော အပြစ်များကိုလည်း ခံစားရတတ်သည်။
လင်္ကာ။ ။ ပါဏာတိပတ်၊ သူ.အသက်သတ်က၊ ချို.တတ်အင်္ဂါ၊ မွဲပြာရုပ်သွင်၊ အားအင်ယိုယွင်း၊လျင်ခြင်းလည်းဝေး၊ ဘေးကိုကြောက်တတ်၊ အသတ်ခံရာ၊ အနာများလျက်၊ ခြွေရံပျက်၍၊ အသက်တိုလျ၊ ပြစ်များစွာသည်၊ ရှောင်က အပြန်အကျိုးတည်း။
(ခ)အဒိန္နာဒါနကံ လွန်ကျူးပြစ်နှင့် ရှောင်ကြဉ်ရကျိုး
ပိုင်ရှင်သည် ကိုယ်နှုတ်ဖြင့် မပေးအပ်သော သက်ရှိ သက်မဲ့ပစ္စည်းကို ခိုးယူခြင်း၊ ဓားပြတိုက်ယူခြင်း၊ အာဏာဖြင့်ယူခြင်း၊ အလေး တင်းတောင်း ချိန်ခွင်တို့ဖြင့် လိမ်လည် လှည့်စား၍ ယူခြင်း၊ ရောင်းကုန်များ၌ ရေ စသည် ရောနှော၍ ရောင်းချခြင်း၊ ဖျင်း၊ အ၊ သူတို့၏ ပစ္စည်းကို လိမ်ညာ၍ ယူခြင်း၊ ခြောက်လှန့်၍ယူခြင်း၊ နှိုက်၍ယူခြင်း စသော မတရား ရယူမှု အားလုံးသည် ခိုးယူခြင်းဖြစ်သည်။ ထို အဒိန္နာဒါန အမှုကို ပြုသောသူသည် သေသောအခါ ငရဲ၌ဖြစ်ရသည်။ ငရဲမှ လွတ်၍ လူပြန်ဖြစ်ခွင့်ရလာလျှင်သော်မှ -
(၁) မွဲတတ်ခြင်း၊
(၂) ကိုယ်စိတ်ဆင်းရဲခြင်းဓ
(၃) ငတ်မွတ်ခြင်း၊
(၄) အလိုရှိသောအရာကို မရခြင်း၊
(၅) ဥစ္စာပျက်စီးခြင်း၊
(၆) ရန်သူမျိုးငါးပါး ဖျက်ဆီးခံရခြင်း၊
ဤသို့စသော မကောင်းကျိုးများခံစားရသည်။
လင်္ကာ။ ။ အဒိန္နာဒါ၊ ခိုးမိပါမူ၊ ဥစ္စာနည်းမွဲ၊ ဆင်းရဲငတ်ဘိ၊ လိုရှိမရ၊ ဘောဂပျက်စီး၊ ရေမီးသူခိုး၊ မွေခံဆိုးနှင့် မင်းဆိုးအပြား၊ ရန်မျိုး ငါးကြောင့်၊ ပျက်ပြားဥစ္စာ၊ ပြစ်များစွာသည်၊ ရှောင်ခါ အပြန် အကျိုးတည်း။
(ဂ)ကာမေသုမိစ္ဆာစာရကံ လွန်ကျူးပြစ်နှင့် ရှောင်ကြဉ်ရကျိုး
မိမိဇနီး၊ မိမိခင်ပွန်းလင်မှ တပါး အခြားမည်သည့်မိန်းမ ယောင်္ကျားတို့နှင့်မဆို ဖေါက်ပြန်ပေါင်းသင်း ကျူးလွန်းခြင်းကို “ကာမဂုဏ်တို့၌ မှားယွင်းစွာကျင့်သည်” ဟုခေါ်သည်။ ထိုသို့ မှားယွင်းစွာကျင့်သူကို ကာမေသုမိစ္ဆာစာရကံ လွန်ကျူးသည်ဟု ဆိုသည်။ ထိုလွန်ကျူးသူသည် သေသောအခါ ငရဲ၌ ဖြစ်ရသည်။ ငရဲမှ လွတ်၍ လူပြန်ဖြစ်ခွင့် ရလျှင်သော်မှ -
(၁) မလိုမုန်းထားသူပေါများခြင်း၊
(၂) ရန်သူလည်းများခြင်း၊
(၃) လာဘ်တိတ်ရှားပါးခြင်း၊း
(၄) ချမ်းသာမရှိခြင်း၊
(၅) မိန်းမဖြစ်ရခြင်း၊
(၆) မိန်းမ မဟုတ် ယောင်္ကျား မဟုတ် (နပုန်းပဏ္ဍုက်)ဖြစ်ရခြင်း၊
(၇) ယောင်္ကျားဖြစ်သော် အမျိုးယုတ်၌ ဖြစ်ရခြင်း၊
(၈) မျက်နှာပျက် အရှက်ကွဲရတတ်ခြင်း၊
(၉) ကိုယ်အင်္ဂါချို.တဲ့ သေးသိမ်ခြင်း၊
(၁၀)စိုးရိမ်ကြောင့်ကြအားကြီးခြင်း၊
(၁၁)ချစ်သူနှင့်ကွေကွင်းရခြင်း၊ အိမ်ထောင်မမြဲခြင်း၊
ဤသို့စသော များစွာသော အပြစ်များကိုလည်း ခံစားရတတ်သည်။
လင်္ကာ။ ။ မိစ္ဆာစာရ၊ ကျူးလွန်ကလည်း၊ မုန်းကြသူများ၊ ရန်သူပွါး၍၊ ရှားပါးလာဘ်တိတ်၊ ချမ်းသာဆိတ် ၏၊ ဣတ္ထိ ပဏ္ဍုက်၊ မျိုးယုတ်ခါခါ၊ မျက်နှာမလှ၊ အရှက်ရလျက်၊ ရူပဣနြေ္ဒ၊ ယွင်းသွေချို.သိမ်၊ စိုးရိမ်များစွာ၊ ချစ်သူကွာသည်၊ ရှောင်ခါအပြန်အကျိုးတည်း။
(ဃ)မုသာဝါဒကံကို လွန်ကျူးပြစ်နှင့် ရှောင်ကြဉ်ရကျိုး
ကိုယ်အမူအရာနှင့်ဖြင့်ဖြစ်စေ၊ နှုတ်ဖြင့်ဖြစ်စေ၊ သူတစ်ပါးအကျိုးပျက်စီးအောင် မဟုတ်မမှန်လိမ်လည် လျှင် မုသာဝါဒကံ လွန်ကျုးသည်ဟု ခေါ်သည်။ ထိုမဟုတ်မမှန် ပြောဆိုမှုသည် တစ်ဘက်သား အကျိုးပျက်စီးမှု ကြီးလျှင်ကြီးသလောက် အပြစ်ကြီးသည်။ ထိုသူသည် သေသောအခါ ငရဲ၌ဖြစ်ရသည်။ ငရဲမှ လွတ်၍ လူပြန်ဖြစ်ခွင့်ရလျှင်သော်မှ
(၁) စကားမပီသခြင်း၊
(၂) သွားမညီညွတ်ခြင်း၊
(၃) ခံတွင်းပုပ်ညှီခြင်း၊
(၄) အသားအရေမွဲခြောက်ခြင်း၊
(၅) မျက်စိ နား မကြည်လင်ခြင်း၊
(၆) ရုပ်အဆင်း ချို.တဲ့ခြင်း၊
(၇) သြဇာအာဏာမတည်ခြင်း၊
(၈) နှုတ်လျှာ ပြောဆိုမှု ကြမ်းတမ်းခြင်း၊
(၉) စိတ်မတည် လျှပ်ပေါ်လော်လည်တတ်ခြင်း၊
ဤသို့စသော များစွာသော အပြစ်များကိုလည်း ခံစားရတတ်သည်။
လင်္ကာ။ ။ မုသားစကား ပြောဆိုငြားမူ၊ စကားမပီ၊ သွားမညီတည်း၊ ပုပ်ညှီပါးစပ်၊ ခြောက်ကပ်ကိုယ်ရေ၊ ဣနြေ္ဒယွင်းနှောက်၊ ရုပ်ဆင်းဖောက်၏၊ မရောက်သြဇာ၊ နှုတ်လျှာကြမ်းထော်၊ လျှပ်ပေါ်လော်လည်၊ စိတ်မတည်သည်၊ ရှောင်ကြဉ်အပြန် အကျိုးတည်း။
(င)သူရာမေရယကံကို လွန်ကျူးပြစ်နှင့် ရှောင်ကျဉ်ရကျိုး၊ လင်္ကာနှင့် အဓိပ္ပါယ်
သေရည်သေရက်စသော မူးယစ်ဆေးဝါးအားလုံးသည် တစ်ခါသောက်သုံးမိလျှင် ထပ်ခါထပ်ခါ သောက်ချင် သုံးစွဲချင်၏၊ ဤသောက်သုံးမှုသည် မှုးယစ်မှုအားကြီးလာသောအခါ အချင်းချင်းကိုဖြစ်စေ၊ အခြားသူအားဖြစ်စေ၊ ရိုက်မှု၊ သတ်မှု၊ ခိုးမှု၊ လိမ်ညာမှု၊ သူ.သားအိမ်ရာ ပြစ်မှားမှု စသည်တို့ကို ဆက်လက် လွန်ကျူးမိတတ်ကြသည်။ ဤ သေရည်သေရက် မူးယစ်ဆေးဝါး
သောက်စားသုံးစွဲမှုသည် ဤဘ၀မှာပင် အသက်ဆုံးရှုံးရသည်အထိ ဆိုးကျိုးများကိုသာ ဖြစ်စေတတ်ပြီး သေသောအခါ ငရဲ၌ ကျရတတ်သည်။ထိုသေရည်သေရက် မူးယစ်ဆေးဝါးကို သောက်စားသုံးစွဲသော သူသည် မျက်မှောက်ဘ၀၊ နောက်ဖြစ်လေရာဘ၀တို့၌ -
(၁) အရေးအခွင့် သင့် မသင့်ကို မသိတတ်ခြင်း၊
(၂) ပျင်းရိတတ်ခြင်း၊
(၃) မေ့လျော့မူးဝေတတ်ခြင်း၊
(၄) သူ.ကျေးဇူးကို မသိခြင်း၊
(၅) အရှက်အကြောက်ကင်းခြင်း၊
(၆) ရူးသွပ်တတ်ခြင်း၊
(၇) မကောင်းမှု အားလုံး ကျူးလွန်လွယ်ခြင်း -
ဤသို့စသော များစွာသော အပြစ်ကိုလည်း ခံစားရတတ်သည်။
လင်္ကာ။ ။ သေရည်သောက်လင့်၊ သင့်-မသင့်၌၊ ရေးခွင့်မသိ၊ ပျင်းရိမေ့ရူး၊ ကျေးဇူးမဆပ်၊ ဟိရောတ္တပ်ကင်း၊ ခပင်းများထို၊ အကုသိုလ်ကို၊ မငြိုလွယ်စွာ၊ ပြုကျင့်ရာသည်၊ ရှောင်ခါ အပြန်အကျိုးတည်း။
သီလတစ်ပါးပါးပျက်လျှင် ခံရသည့် အပြစ်ပြ၀တ္တုများ
ပါဏာတိပါတကံပျက်လျှင် ခံရမည့် အပြစ်ပြ၀တ္တု
ရှေးအခါက အိမ်ရှင်မတစ်ယောက်သည် ဧည့်သည်အတွက် ကျွေးမွေးရန် ဟင်းလျာမရှိသဖြင့် အိမ်မှာရှိသော သိုးကလေးကို သတ်၍ ချက်ပြုတ်ကျွေးမွေးခဲ့၏။ ထိုမကောင်းမှု ကံကြောင့် သေသောအခါ ထိုသိုးကလေး၏ အမွှေးအရေ အတွက်နှင့်အမျှ နှစ်ပေါင်းများစွာ ငရဲ၌ခံရသည်။ ငရဲမှလွတ်သော အခါလည်း ဘ၀များစွာ သူတစ်ပါး အသတ်ခံရ၍ချည်း သေရသည်။
ကဗျာ။ ။
သူ့အသက်ကို သိလျက်သားနဲ့၊
ဒေါသစိတ်ထား သေစေလို၊
လုံ့လပြုကာ သေအောင်သတ်က၊
ပါဏာတိပါတ် အကုသိုလ်။
လွန်ကျူးမိလျှင် တကယ်ပဲပေါ့၊
အပါယ်ငရဲ ကျမည်ဆို။
လွတ်လာပြန်လဲ ရောဂါစွဲ ဆင်းရဲအသက်တို။
အဲဒါကြောင့် ပဉ္စသီလ တည်ကြပါစေလို။
အဒိန္နာဒါနကံပျက်လျှင် ခံရမည့် အပြစ်ပြ၀တ္တု
ရှေးအခါက ဈေးသည်မိန်းမ လေးယောက်တို့သည် မမှန်သော အလေး ချိန်ခွင်တို့ဖြင့် ရောင်းချပြီး ပစ္စည်းများ စုဆောင်းကြသည်။ အရွယ်ကောင်းတုန်းမှာပင် သေလွန်၍ ပြိတ္တာဖြစ်ကြသည်။ မိမိတို့ ရှေးကပြုခဲ့သော မကောင်းမှုများကို သိမြင်ရရုံသာမက ကျန်ရစ်သောယောင်္ကျားတို့ က နောက်မယားများယူကြပြီး မိမိတို့ ရှာဖွေစုဆောင်းထားသော ဥစ္စာပစ္စည်းများဖြင့် သုံးဖြုန်းပျော် ပါးနေကြသည်ကိုပါ တွေ့မြင်ကြရသည်။ “ငါတို့မှာတော့ ဒီပစ္စည်းတွေကို မတရားရှာဖွေခဲ့လို့ ဒုက္ခခံနေကြရပြီ၊ သူတို့မှာတော့ နောက်မယားတွေနှင့် ပျော်ပျော်ပါးပါးစားသုံးဖြုန်းတီးရက်ကြပါပေတယ်”ဟု အော်ဟစ်မြည်တမ်း နေကြလေသည်။
ကဗျာ။ ။
သူ့ဥစ္စာကို သိလျက်သားနဲ့၊
လောဘစိတ်ထား ခိုးယူလို။
လုံ့လပြုကာ ခိုးယူမိက၊
အဒိန္နာဒါန အကုသိုလ်။
လွန်ကျူးမိလျှင် တကယ်ပဲပေါ့၊
အပါယ်ငရဲ ကျမည်ဆို။
လွတ်လာပြန်လဲ ဥစ္စာမွဲ ဆင်းရဲဖြစ်တိုင်းကိုယ်။
အဲဒါကြောင့် ပဉ္စသီလ တည်ကြပါစေလို။
ကာမေသုမိစ္ဆာစာရကံ ပျက်လျှင်ခံရမည့်အပြစ်ပြ၀တ္တု
ရှင်အာနန္ဒာလောင်းလျာသည် ကမ္ဘာတစ်သိန်းမျှ ပါရမီဖြည့်ပြီးနောက် ကျွတ်တမ်းဝင်တော့မည့် ဤကမ္ဘာမှာပင် တစ်ခုသောဘ၀၌ ရွှေပန်းထိမ်သည် သားဖြစ်၏။ ထိုဘ၀၌ လူပေ လူတေတို့နှင့်ပေါင်းမိ၍ ကာမေသုမိစ္ဆာစာရကံကို ကျူးလွန်မိသည်။
ထိုအကုသိုလ်ကံကြောင့် ရောရုဝငရဲ၌ နှစ်ပေါင်းများစွာ ခံရပြီးနောက် လွတ်လာသောအခါ မျောက်ဖြစ်၍ ဝှေးစေ့ကို ကိုက်ဖောက်ခံရ၏။ နောက်တစ်ဘ၀၌ နွားဖြစ်၍ ဝှေးစေ့ထုတ်(သင်းကွပ်)ခံရ၏။ နောက်တစ်ဘ၀၌ လူဖြစ်သော်လည်း မိန်းမမဟုတ်၊ ယောင်္ကျားမဟုတ် နပုန်းပဏ္ဍုက်ဖြစ်ရသည်။ ငါးဘ၀မြောက်၌ ကုသိုလ်ကံအခွင့်ရ၍ နတ်ပြည်၌ဖြစ်သော်လည်း ထိုကာမေသုမိစ္ဆာစာရကံကြောင့် နတ်သားမဖြစ်ဘဲ နတ်သမီးချည်း ငါးဘ၀ဖြစ်ရသည်။ ထို့နောက်လူ့ပြည်၌ ရုစာမင်းသမီးဖြစ်လာသည်။ ထို့နောက်မှ ယောင်္ကျားဘ၀ ပြန်ရသည်။
ကာမေသုမိစ္ဆာစာရကံကြောင့် ပါရမီရှင်ကြီးသော်မှ ငရဲ၌ ခံရသည်ကိုသတိပြုကြပါလေ။
ကဗျာ။ ။
ရှောင်ရှားအပ်သူ မိန်းမများ၌၊
ရာဂစိတ်ထား ပေါင်းဖေါ်လို။
လုံ့လထုတ်ကာ ကျူးလွန်ပြုက၊
ကာမေသုတဲ့ အကုသိုလ်။
လွန်ကျူးမိလျှင် တကယ်ပဲပေါ့၊
အပါယ်ငရဲ ကျမည်ဆို။
လွတ်လာပြန်က နပုန်းပ မိန်းမဖြစ်သကို၊
အဲဒါကြောင့် ပဉ္စသီလ တည်ကြပါစေလို။
မုသာဝါဒကံ ပျက်လျှင်ခံရမည့် အပြစ်ပြ၀တ္တု
ရှေးလွန်လေပြီးသောအခါ ကသာပဘုရားရှင်လက်ထက်တော်က ကိမိလပြည်သား သောတာပန်ဖြစ်သော ဥပါသကာတစ်ယောက်သည် ဥပါသကာ ငါးရာတို့နှင့် စိတ်တူ သဘောတူ သစ်ပင်စိုက်ခြင်း ၊ တံတားခင်းခြင်း၊ ကျောင်းဆောက်လှူခြင်း စသော ကုသိုလ်ကောင်းမှုများကို ပြုလုပ်ကြလေသည်။ ထိုငါးရာသောဥပါသကာတို့သည် မကြာမကြာ ကျောင်းသို့သွား၍ တရားနာကြသည်။ ထိုသူတို့၏ မယားငါးရာလည်း လှူဖွယ်ဝတ္တုများဖြင့် ရံဖန်ရံခါ ကျောင်းသို့သွားရောက်ပြီး တရားနာကြသည်၊ လှူဒါန်းကြသည်။
တနေ့သောအခါ အရက်သမားတို့သည် ထိုငါးရာသောမိန်းမတို့ကို မြင်လျှင်တပ်မက်ကြသဖြင့် “အဘယ်သူသည် ထိုမိန်းမတို့၏ အကျင့်သီလကို ဖျက်ဆီးနိုင်သနည်း”ဟု အချင်းချင်းပြောဆိုကြ၏။ တစ်ယောက်သောသူက “ငါ ဖျက်ဆီးနိုင်၏” ဟု ဆို၏။ ထိုသူတို့သည် အလောင်းအစားပြုပြီး နည်းမျိုးစုံဖြင့် ထိုမိန်းမတို့ကို ဖြားယောင်း သွေးဆောင် ဖျက်ဆီးကြလေရာ မိန်းမတစ်ဦး သီလပျက်ပြီး အရက်သမားတစ်ယောက်နှင့် ဖောက်ပြန်ကျူးလွန်မိလေတော့ သည်။ထိုအခါ ရှုံးသောအရက်သမားမှတဆင့် ထိုမိန်းမ၏လင်ယောင်္ကျားကြားလေရာ မိမိမယားအားခေါ်၍ မေးလေလျှင် မဟုတ်မှန်ကြောင်း လိမ်လည်ပြောဆို၏။ လင်ကမယုံလေသဖြင့် အနီးတွင်ရှိသည့် နားရွက်ပြတ်သော ခွေးနက်ကြီးကို ပြလျက် “ကျွန်မသည်တစ်ပါးသောယောင်္ကျားနှင့် ဖောက်ပြန်ကျူးလွန်မိ ပါက နောက်ဘ၀တွင် ဤခွေးနက်ကြီး အစားခံရပါစေ”ဟု ထပ်မံကျိန်ဆိုပြန်လေသည်။ဤသို့ ကျိန်ဆိုသော်လည်း လင်က မယုံသေးသဖြင့် အဖေါ်ဖြစ်သော မိန်းမတို့အား မေးမြန်းပြန်ရာ ထိုမိန်းမတို့လည်း သိလျက်နှင့် “ကျွန်မတို့မသိပါ၊ ဤအတိုင်း မမှန်ပါက ထိုမိန်းမ၏ ကျွန်ဖြစ်ပါစေ”ဟု ကျိန်ဆိုကြလေ၏။ ဖောက်ပြန်လွန်ကျူးသော မိန်းမသည် မကြာမီသေလွန်ပြီးလျှင် သီလစောင့်သောလင်ကို လိမ်လည်မိသော မုသာဝါဒကံကြောင့် ဟိမ၀န္တာတော ကဏ္ဍမုဏ္ဍအိုင်အနီး၌ နတ်ပြိတ္တာမဖြစ်လေသည်။ ကြွင်းသော မိန်းမလေးရာကိုးဆယ့်ကိုးယောက်တို့သည်လည်း မမှန်စကားကျိန်ဆိုမိသောကြောင့် ထိုမိန်းမ၏ ကျွန်များ ဖြစ်လာကုန်၏။ ကာမဂုဏ်ဖောက်ပြန်မှုနှင့် မုသားဆိုခဲ့သော ထိုမိန်းမတို့သည် တစ်ချိန်က ရတနာသုံးပါးအား ကြည်ညိုပြီး တရားနာခဲ့ဖူးသော ကောင်းမှုကြောင့် နေ့အခါ လွန်စွာကြီးကျယ်ခန်းနားသော ရွှေဗိမာန်၌ နတ်စည်းစိမ်ကို ခံစားရသည်၊ ညဥ့်အခါ ခွေးနက်ကြီး ကိုက်စားခံကြရလေသည်။ ထို့အပြင်ထိုမိန်းမတို့သည် နတ်စည်းစိမ်ခံစားနေကြ ရသော်လည်း ယောင်္ကျားမရှိကြ၊ ယောင်္ကျားနှင့် ကင်းကွာနေရသဖြင့် ပျော်ရွှင်မှုမရှိ၊ ပျင်းရိငြီးငွေ့နေကြရကုန်၏။
မုသာဝါဒသည် အကုသိုလ်အရာတွင် အပြစ်အကြီးဆုံးဖြစ်၍သစ္စာစကားသည်ကုသိုလ်အရာတွင်အကျိုး အကြီးဆုံး ဖြစ်သည်။
ကဗျာ။ ။
မဟုတ်မမှန် တစ်ဘက်သားကို၊
ချွတ်ယွင်းလှည့်စား မုသားဆို၊
အဓိပ္ပါယ်ကို ထိုသူသိ၍၊
အကျိုးကိုထိ အကုသိုလ်။
လွန်ကျူးမိလျှင် တကယ်ပဲပေါ့၊
အပါယ်ငရဲ ကျမည်ဆို၊
လွတ်လာပြန်လဲ ပုပ်ညှီစွဲ သွားကျဲ နှုတ်ခမ်းတို။
အဲဒါကြောင့် ပဉ္စသီလ တည်ကြပါစေလို။
သုရာမေရယကံ ပျက်လျှင် ခံရမည့် အပြစ်ပြ၀တ္ထု
ဗာရာဏသီပြည်၌ ဘုရားလောင်းသည် ကုဋေရှစ်ဆယ် ကြွယ်ဝသော သူဌေးမျိုး၌ ဖြစ်သည်။ ဘုရားလောင်းသည် ဒါန သီလ စသော ကောင်းမှုတို့ကို ပြုပြီးနောက် သေလွန်သောအခါ တာဝတိံသာ၌ သိကြားမင်းဖြစ်လေသည်။ ဘုရားလောင်း၏ သားသည် မိဘတို့ကွယ်လွန်သော် ကျန်ရစ်ခဲ့သော ပစ္စည်းဥစ္စာများကို သေအရက်သောက်ကာ သုံးဖြုန်းပစ်ခဲ့သည်။ ထိုငွေကုန်ပြန်သောအခါ မြေ၌မြှုပ်ထားသော ကုဋေလေးဆယ်ကို ဖေါ်ထုတ်ပြီး သေတင်းကုပ်ဆောက်သည်။ သူငယ်ချင်းအပေါင်းအသင်းများနှင့် ပျော်ပျော်ပါးပါးအရက်သေစာ သောက်စားသည်။ အရက်မူးသောအခါ ကျွမ်းသမား ကချေသည်တို့ကို အသပြာတစ်ထောင် တစ်ထောင်စီပေးပြီး ဖျော်ဖြေစေသည်။ဤသို့ဖြင့် သောက်စား သုံးဖြုန်းလာခဲ့ရာ ကုဋေလေးဆယ်ကုန်ပြီး ဆင်းရဲမွဲတေသည့်ဘ၀သို့ ဆိုက်ရောက်ခဲ့သည်။ ပုဆိုးကြမ်းစုတ်ကိုဝတ်လျက် ခွက်လက်ဆွဲကာ တောင်းစားရသည့် သူတောင်းစားဘ၀သို့ ဆိုက်ရောက်သွားသည်။ နောက်ဆုံးအသေဆိုးနှင့်သေရသည်။
ကဗျာ။ ။
မူးယစ်တတ်စွာ သေရည်များကို၊
မူးယစ်သောက်စား ဘိန်းရှူလို။
ဒုစရိုက်တွေ ဖြစ်ပေါ်ကြောင်းမို့၊
မကောင်းစင်စစ် အကုသိုလ်။
လွန်ကျူးမိလျှင် တကယ်ပဲပေါ့၊
အပါယ်ငရဲ ကျမည်ဆို။
လွတ်လာစေဦး လူမေ့မူး အရူးဖြစ်တိုင်းကိုယ်။
အဲဒါကြောင့် ပဉ္စသီလ တည်ကြပါစေလို။
ဗုဒ္ဓဘာသာ တရားတော် (အခြေခံအဆင့်)မှ
Simple
Monday, May 14, 2012
သင်လူတစ်ယောက်ဖြစ်ပြီလား
သာသနာတော်သက္ကရာဇ် ၃၈၁ ခုနှစ်ခန့်က ဒုဋ္ဌဂါမဏိမင်းကြီးသည် ဗုဒ္ဓသာသနာတော်ကို ဖျက်ဆီးနေကြသော ကြေးကုလားမင်း ပေါင်း(၃၂)ဦး၊ နောက်လိုက်စစ်သည်ပေါင်း (၂၁၈၇၀၀)ကျော်တို့ကို တိုက်ပွဲကြီး (၂၉)ကြိမ် ဆင်နွဲပြီး နှစ်နှစ်ကျော်ကြာအောင် ရှင်းလင်းခဲ့ရသည်။ သာသနာ့ရန်သူများ ရှင်းလင်းပြီးဖြစ်သော်လည်း ဒုဋ္ဌဂါမဏိမင်းကြီးသည် မင်းစည်းစိမ်ကို ချမ်းသာစွာ မခံစားနိုင်ဘဲ မအိပ်နိုင်မစားနိုင်ဖြစ်ကာ စိတ်ဆင်းရဲကြီး ဆင်းရဲနေရရှာသည်။
အကြောင်းကာ ကြေးကုလားများကို သိန်းနှင့်ချီပြီးသတ်ခဲ့ရသော အကုသိုလ်များကို တွေးမိနေသောကြောင့်ပါတည်း။ ထိုအခါ ပီယဂုင်္ကျွန်းတွင် သီတင်းသုံးနေထိုင်သော ရဟန္တာရှစ်ပါး ကြွလာပြီးလျှင် -
ဒကာတော်မင်းကြီး ကြေးကုလားတို့ကို သတ်ခဲ့သော အကုသိုလ်သည် သင်မင်းကြီးအား နတ်ပြည်မရောက်အောင် မဂ်ဖိုလ်မရအောင် မတားနိုင်ပါ။ သေသူ လူနှစ်သိန်းကျော်တို့တွင် လူတစ်ယောက်နှင့် တစ်ခြမ်းကိုသာ သတ်ဖြတ်မိရာ ရောက်ပေသည်။
အဘယ်ကြောင့်ဆိုသော် ကြွင်းသောလူတို့သည်ကား အယူမှားသည့် မိစ္ဆာဒိဋ္ဌိများ၊ သီလမရှိသော ဒုဿီလများဖြစ်ကြသောကြောင့် နွား၊ ကျွဲ၊ ဆိတ်သိုးစသော တိရစ္ဆာန်အဆင့်သာရှိသောသူများဖြစ်ကြသည်။ ထိုသို့ဖြေရှင်းပေးလိုက်သောကြောင့် ယုံမှားသံသယနှင့် ကုက္ကုစ္စများ ကင်းသွားကာ ကျန်းမာချမ်းသာစွာနှင့် သာသနာပြုသွားခဲ့ပါသည်။ သက်တန်းစေ့၍ နတ်ရွာစံသော် အရိမေတ္တေယျ ဘုရားအလောင်းနတ်သားရှိသည့် တုသိတာနတ်ဘုံသို့ ရောက်ခဲ့ရသည်။ ထိုနတ်ဘုံသည် လူအသက်နှင့်တွက်လျှင် ငါးဆယ်ခုနှစ်ကုဋေနှင့် အနှစ်ခြောက်သန်း အသက်ရှည်ပေသည်။ (မဟာဝင်ကျမ်း)
မေတ္တာရှင်(ရွှေပြည်သာ) ၏ သီလအစွမ်း မှ

အနှစ်ချုပ်သင်ခန်းစာ
ဤသာဓကကို ထောက်ဆသောအားဖြင့် သရဏဂုံတည်ရုံနှင့် လူတစ်ယောက်ဟု မခေါ်နိုင်သေး၊ သရဏဂုံနှင့် ငါးပါးသီလနှစ်မျိုးလုံးပြည့်စုံမှ လူတစ်ယောက်ဖြစ်ကြောင်း သိရပေသည်။ ထို့ကြောင့် သရဏဂုံ တည်ရရုံနှင့် အားရတင်းတိမ်မနေဘဲ ငါးပါးသီလကိုပါ စောင့်ထိန်းသင့်ကြောင်း ပထမအချက်အနေနှင့် တိုက်တွန်းချင်ပေသည်။မေတ္တာရှင်(ရွှေပြည်သာ) ၏ သီလအစွမ်း မှ
Sunday, May 13, 2012
နိဗ္ဗာန်၏ ဂုဏ်တော်တချို့
ခယဂုဏ်တော်။ ။ ထိုနိဗ္ဗာနဓာတ် တရားမြတ်ကို သောတာပတ္တိမဂ်ဖြင့် မြင်လိုက်သည်နှင့် တပြိုင်နက် ရာဂစသော ကိလေသာ အချို့သည်လည်းကောင်း၊ ထိုကိလေသာရှိသူတိုင်း (၇-ဘ၀ နောက်ရရှိမည့်) ရုပ်နာမ်တို့သည်လည်းကောင်း ကုန်ခန်းကြရတော့၏။ အထက်မဂ်များကို ရသောအခါလည်း ဤနည်းအတိုင်း ကိလေသာအပူတွေ ကုန်ရပေသည်။ ထို့ကြောင့် သန္တိဖြစ်သော ထိုနိဗ္ဗာန်သည် ကိလေသာတို့၏လည်းကောင်း၊ ရုပ်နာမ်တို့၏လည်းကောင်း ကုန်ခန်းကြောင်း ခယဂုဏ်နှင့် ပြည့်ပါသည်။
ဝိရာဂဂုဏ်တော်။ ။ တပ်မက်ခြင်း သဘောကို ပါဠိလို ‘‘ရာဂ’’ဟုခေါ်၏။ ထိုရာဂသည် ရုပ်နာမ်ခန္ဓာ အပေါ်၌လည်းကောင်း၊ ခန္ဓာနှင့်စပ်သော ပညတ်အပေါ်၌လည်းကောင်း ဖြစ်ရသော တရားတည်း၊ ရုပ်နာမ်တို့၏ ကုန်ကြောင်းဖြစ်သော နိဗ္ဗာန်သည် ထိုရာဂနှင့် လုံးလုံးမစပ်တော့ရကား ‘‘၀ိရာဂ- ရာဂမရှိ’’ဟူသော ဂုဏ်နှင့်လည်း ပြည့်စုံပါသည်။
အမတဂုဏ်တော်။ ။ ‘‘သေခြင်း’’ ဆိုသည်မှာ တစ်ဘ၀အတွက် နောက်ဆုံးပျက်ခြင်းတည်း၊ ထိုအပျက်ဟူသည်လည်း အဖြစ်ရှိပြီးမှ ပေါ်လာ၏၊ ပျက်ဖို့ရှေးရှုနေသော (ပျက်ဖို့ပြင်နေသော) သဘောကို ‘‘အိုခြင်း, ဆွေးမြေ့ခြင်း’’ဟု ခေါ်၏။ ပါဠိလို ဇာတိ, ဇရာ, မရဏ၊ မြန်မာလို ‘‘ဖြစ်ခြင်း, ရင့်ခြင်း, (အိုခြင်း) သေခြင်း (ပျက်ခြင်း)’’ဟူသော သဘောသည် ရုပ်တရား နာမ်တရားတို့၏ သဘောဖြစ်၏၊ ရုပ်နာမ်အားလုံး ကုန်ဆုံးပြီးသော ထိုနိဗ္ဗာန်သည် သေခြင်း ‘‘မတ’’ မရှိရကား အမတဂုဏ်နှင့်လည်း ပြည့်စုံသည်။
ပဏီတဂုဏ်တော်။ ။ နိဗ္ဗာနဓာတ် တရားမြတ်သည် ရဟန္တာ ပုဂ္ဂိုလ်များအတွက် (စား၍မ၀နိုင်အောင် အရသာရှိသော အစာကဲ့သို့) မကြာမကြာအာရုံပြု၍ နေချင်စရာကောင်းလောက်အောင် အရသာရှိသော တရားတော်ဖြစ်၏။ ဗုဒ္ဓမြတ်စွာသည် (ဖလသမာပတ်ကို ၀င်စားကာ) ထိုနိဗ္ဗာန်ကို အာရုံပြု၍ မကြာမကြာ သီတင်းသုံးတော်မူလေ့ရှိ၏။ တရားဟောတော်မူတုန်းမှာပင် ပရိသတ်က သာဓု သာဓုခေါ်ပြီးမှ တရားကိုဆက်၍ ဟောတော်မူ၏။ နိဗ္ဗာန်တရားတော်သည် ရဟန္တာဖြစ်ပြီး ပုဂ္ဂိုလ်အတွက် ဤမျှလောက် အရသာရှိသော တရားထူးတရားမွန် ဖြစ်သောကြောင့် ပဏီတဂုဏ်နှင့်လည်း ပြည့်စုံပါသည်။
ယဒဇ္ဈဂါ (ယံ +အဇ္ဈဂါ)။ ။ ထိုနိဗ္ဗာန်တရားတော်ကို ဤ သာသနာတော်၌ ဗုဒ္ဓမြတ်စွာဘုရားသည် အစဆုံး သိတော်မူ, တွေ့မြင်တော်မူရ၏၊ တွေ့မြင်ရာဌာနနှင့် ကာလကား ဘုရားဖြစ်ရာ ဗောဓိရိပ်သာ၌ ကဆုန်လပြည့်ညဥ့် အရုဏ်တက်တော့မည့်ဆဲဆဲ အချိန်အခါတည်း။
နိရောဓသစ္စာ။ ။ ထိုအချိန်ဝယ် ဗုဒ္ဓမြတ်စွာသည် ဒုက္ခသစ္စာ, သမုဒယသစ္စာ, နိရောဓသစ္စာ, မဂ္ဂသစ္စာဟူသော သစ္စာ ၄-ပါးကို ပိုင်းခြားထင်ထင် သိမြင်တော်မူ၏။ ထိုသို့သိမြင်တော်မူရာဝယ် ‘‘နိရောဓသစ္စာ’’ဟူသည် ဤ နိဗ္ဗာနဓာတ် တရားမြတ်ပင် ဖြစ်၏။ ထိုအချိန်၌ မျက်စိအောက်သို့ ရောက်နေသော အရာဝတ္ထုကို မြင်ရကဲ့သို့ ဗုဒ္ဓမြတ်စွာသည် မဂ်ဉာဏ်ဖြင့် ခယ, ၀ိရာဂ, အမတဂုဏ်အပေါင်းနှင့် ပြည့်စုံသော နိဗ္ဗာန်ဟူသော နိရောဓသစ္စာကို ထင်ထင်ရှားရှား မြင်တော်မူပါသည်။
ဥပမာဆောင် ထင်ရှားအောင်ပြပေအံ့ -
အဏုမြူဓာတ်၏ စွမ်းအားကို ရှာဖွေကြသော လောကီ ပညာချွန်တို့သည် အလွန်ကြိုးစားသောအခါ ထို အဏုမြူအားကို တွေ့မြင်ကြရ၏။ ထိုတွေ့မြင်အပ်သော ထိုဓာတ်အားသည် သူတို့တွေ့မှ ဖြစ်သည်မဟုတ်၊ နဂိုသဘာဝအတိုင်းရှိနေသော အားဖြစ်သကဲ့သို့လည်းကောင်း၊ လေးနက်သော ကျမ်းစာ၏ အဓိပ္ပာယ်ကို အမှန်သိအောင် စဉ်းစားကြသော စာပေပညာချွန်တို့သည် ရက်ပေါင်းများစွာ အတော်ကြိုးစားသောအခါ ထိုအဓိပ္ပာယ်ကို သိရ၏။ ထိုသိအပ်သော အကြောင်းအရာ အဓိပ္ပာယ်စာသည် ထိုအချိန်မှ ဖြစ်ရသည်မဟုတ်ပဲ နဂိုသဘာဝအတိုင်းပင် ရှိနေသကဲ့သို့လည်းကောင်း၊ တရားထူး ရအောင် အားထုတ်သော ယောဂီသူမွန်သည်လည်း နိဗ္ဗာန်နှင့်တကွ သစ္စာ ၄-ပါးကို သိရအောင် တရားအားထုတ်သာအခါ အလွန့်အလွန်ကြိုးစားမှ ထိုတရားကို သိရ၏။ ထိုသိအပ်သော နိဗ္ဗာန်တရားသည် ထိုအချိန်မှ ဖြစ်ပေါ်လာသောတရားမဟုတ်၊ သဘာဝအတိုင်း ရှိနေသော သန္တိသုခတရားသာဖြစ်ပါသည်။
သမံ နတ္ထိ။ ။ ဓမ္မက္ခန္ဓာပေါင်း ရှစ်သောင်း လေးထောင် ဟူသော ပရိယတ်တရား၊ ကိလေသာတို့ကို သူ့နည်းသူ့ဟန်ဖြင့် ပယ်နိုင်သော ဈာန်တရား၊ မြေလျှိုးမိုးပျံ ပုံသဏ္ဌာန်အမျိုးမျိုးကို ဖန်ဆင်းနိုင်ခြင်း စသောတန်ခိုးရှိသော အဘိညာဉ်တရား၊ ဆိုင်ရာကိလေသာကို အကြွင်းအကျန်မရှိအောင် ပယ်နိုင်သော မဂ်တရားဖိုလ်တရားတို့သည် ဆိုင်ရာအကျိုး အမျိုးမျိုးကို ပေးနိုင်ကြသော်လည်း၊ နိဗ္ဗာန်နှင့်တန်းတူသော တရားတစ်ပါးမျှ မရှိပါချေ။
ဒိဋ္ဌဓမ္မိက နိဗ္ဗာန်။ ။ ပရိနိဗ္ဗာန်စံတော်မမူမီ ဖလသမာပတ်ဝင်စားသောအခါ ဗုဒ္ဓမြတ်စွာ၏ စိတ်တော်၌ မကြာမကြာ ထင်ပေါ်နေသော နိဗ္ဗာန်ကို မျက်မှောက်ဘ၀၌ အာရုံပြုရသောကြောင့် ‘‘ဒိဋ္ဌဓမ္မိက နိဗ္ဗာန်’’ဟု ခေါ်၏။ ၀ိပါက်စိတ်များနှင့် ကမ္မဇရုပ်များကို “ဥပါဒိ”ဟုခေါ်၏။ ထို ဥပါဒိ ရှိစဉ်အခါ၌ အာရုံပြုရသောကြောင့် “သဥပါဒိသေသနိဗ္ဗာန်”ဟုလည်း ခေါ်သည်။
သမ္ပရာယိက နိဗ္ဗာန်။ ။ ဗုဒ္ဓမြတ်စွာ ပရိနိဗ္ဗာန်စံတော်မူပြီးသောအခါ တည်ရှိရစ်သော ထိုနိဗ္ဗာန်ကိုပင် “သမ္ပရာယိက နိဗ္ဗာန်”ဟု ခေါ်၏။ ၀ိပါက်နာမက္ခန္ဓာနှင့် ကဋတ္တာရုပ်ဟူသော ကမ္မဇရုပ် အကြွင်းအကျန် မရှိသောကြောင့် “မနုပါဒိသေသနိဗ္ဗာန်”ဟုလည်း ခေါ်သည်။ ထို့ကြောင့် “ဗုဒ္ဓမြတ်စွာ ပရိနိဗ္ဗာန် စံတော်မူပြီးသော်လည်း ဗုဒ္ဓမြတ်စွာ သိတော်မူအပ်ပြီးသော အသင်္ခတနိဗ္ဗာနဓာတ်သည်ကား ယနေ့တိုင်အောင် တည်ရှိနေသည်”ဟု မှတ်ပါ။ (ဣတိဝုတ္တကဋ္ဌကထာ ဒုက၊ ဒုဝဂ်၊ နိဗ္ဗာနဓာတုသုတ်အဖွင့်)
သုခ ၂-မျိုး။ ။ သုခသည် ဝေဒယိကသုခ, သန္တိသုခဟု နှစ်မျိုးရှိ၏။ ယခုခေတ်လူအများတို့ မြင်ရ, ကြားရ, နမ်းရ, စားသောက်ရ, တွေ့ထိရသောအခါ ဖြစ်ပေါ်လာသော ကိုယ်ချမ်းသာခြင်း၊ စိတ်ချမ်းသာခြင်းကို “ဝေဒယိတသုခ”ဟုခေါ်သည်၊ ထိုသို့ ခံစားမှုမရှိပဲ ဒုက္ခခပ်သိမ်း ငြိမ်းအေးခြင်းသဘောကို “သန္တိသုခ”ဟု ခေါ်သည်။
ဝေဒယိတသုခ။ ။ ခံစားမှုဟူသော ဝေဒယိတသုခသည် ခံစားစံစား၍ ကုန်ကုန်သွားသည့်အတွက် အသစ် အသစ် ရအောင် ပစ္စည်းဥစ္စာရှာရခြင်းစသော ဒုက္ခဖြင့် ထူထောင်ရ၏။ ထို အသစ် အသစ်ရအောင် ထူထောင်ရသော ဒုက္ခကား ခံစားရသော သုခနှင့် အဆမတန်ချေ၊ ထိုသို့ ဒုက္ခဖြင့် ထူထောင်ပြီးနောက် ပေါ်ပေါက်ရရှိသော သုခကလေးဖြင့် တင်းမတိမ်နိုင်ကြသောကြောင့် အပိုအမိုအကြွေးယူကာ မတရားထံစားမှုအတွက် အပါယ်သွား၍ သုခကြွေးတွေကို အတိုးနှင့်တကွ ဒုက္ခဖြင့် ဆပ်ကြရလေသည်။
သန္တိသုခ။ ။ ထိုကဲ့သို့ ခံစားမှုနှင့် မရောသော သန္တိသုခသဘောကား ရုပ်နာမ် သင်္ခါရတို့ ချုပ်ငြိမ်းသဖြင့် အေးမြငြိမ်းချမ်းခြင်း သဘောတည်း။ ထင်ရှားစေအံ့- လောကီအာရုံကာမဂုဏ်တွေ ပြည့်စုံလှသော သူဌေးတစ်ယောက်သည် နှစ်ခြိုက်စွာ အိပ်ပျော်နေစဉ် ခံစားဖို့ အာရုံများကို ပြင်ဆင်၍ အစေခံတို့က နှိုးလာသောအခါ “အအိပ်ဖျက်ရမည့်လား”ဟု ကြိမ်းဝါးမောင်းမဲမည်သာ၊ ထိုသူ၏ အိပ်နေစဉ်အခါ၌ ခံစားမှု အထင်အရှားမရှိ၊ သို့ပါလျက် နှစ်ခြိုက်စွာ အိပ်ရမှုကိုပင် ခံစားမှုသုခထက် နှစ်သက်၍ “အိပ်ရကောင်းလိုက်တာ”ဟု အမွှန်းတင်ကြသေး၏၊ ရုပ်နာမ်အားလုံးကင်း၍ ငြိမ်းချမ်းခြင်း သန္တိသုခကား “မည်မျှလောက် ကောင်းလိမ့်မည်”ဟု မှန်းဆသင့်တော့သတည်း။
နိရောဓသမာပတ်ဝင်စားခြင်း။ ။ စိတ်စေတသိက်နှင့် စိတ်ကြောင့်ဖြစ်သော ရုပ်များ၏ အသစ် မဖြစ်ပဲ ချုပ်ငြိမ်းနေအောင်ပြုနိုင်သော သမာပတ်ကို “နိရောဓသမာပတ်”ဟု ခေါ်၏။ အနာဂါမ် ရဟန္တာဖြစ်ပြီး ဈာန်အကုန်ရပြီးပုဂ္ဂိုလ်သာ ထိုသမာပတ်ကို ၀င်စားနိုင်၏။ အနာဂါမ်, ရဟန္တာအရှင်မြတ်တို့သည် ရုပ်နာမ်ခန္ဓာကြီးကို လေးလံလှစွာသော ၀န်ထုပ်ကြီးကဲ့သို့ မှတ်ထင်တော်မူကြကုန်၏။ ထို့ကြောင့် ရုပ်နာမ်ခန္ဓာမှ ကင်းနိုင်သမျှကင်းဖို့ရာ နိရောဓသမာပတ်ကို ၀င်စားတော်မူကြ၏။ ထို သမာပတ်အတွင်း၌ ခံစားမှုလုံးဝမရှိ၊ နာမ်တရားနှင့် အချို့ရုပ်များ အသစ်မဖြစ်ပဲ ရပ်စဲနေခြင်းသာတည်း၊ ထိုရပ်စဲခြင်းသည်ပင် ချမ်းသာသေးလျှင် ရုပ်နာမ်အားလုံး ချုပ်ငြိမ်းနေသော နိဗ္ဗာန်သည် အဘယ်မှာ မချမ်းသာပဲ ရှိအံ့နည်း။
ထင်ရှားရှိသောနိဗ္ဗာန်။ ။ ထို သန္တိသုခ နိဗ္ဗာနဓာတ် တရားမြတ်သည် ဘာမျှမရှိသော (အဘာဝ) ပညတ်မဟုတ်ပါ၊ အများဆိုင် ဘုံပစ္စည်းကဲ့သို့ တစ်ပါးတည်းလည်း မဟုတ်ပါ၊ ကိုယ့်နိဗ္ဗာန်နှင့်ကိုယ် အသီးသီးရှိကြပါသည်။ ထို့ကြောင့်ပင် ရဟန္တာအရှင်တို့သည် ခန္ဓာကိုယ်ထင်ရှားရှိစဉ် မိမိသိအပ်သောနိဗ္ဗာန်ကို အာရုံပြုလျက် ဖလသမာပတ်ဝင်စား၍ နေလေ့ရှိကြပါသည်။ ထိုသမာပတ်ဝင်စားခိုက်၌ နိဗ္ဗာန်ကို အာရုံပြု၍နေရသည်မှာ အလွန်သုခ ရှိပါသည်တဲ့၊ ထို့ကြောင့်ပင် ထေရာထေရီ အလီလီတို့ ရွှေပြည်နိဗ္ဗာန်ဝင်စံခါနီးဝယ် ဥဒါန်းကျူးကာ ရုပ်နာမ်ခန္ဓာဝန်ကြီးကို အပြီးသတ် ပစ်ချတော်မူကြပါသည်။
အမရပူရ မဟာဂန္ဓာရုံဆရာတော်
အရှင်ဇနကာဘိဝံသ၏
အခြေပြုပဋ္ဌာန်းတရားတော်မှ
ရတနသုတ်ပါဠိတော်
ခယံ ၀ိရာဂံ အမတံ ပဏီတံ၊
ယဒဇ္ဈဂါ သကျမုနိ သမာဟိတော။
န တေန ဓမ္မေန သမတ္ထိ ကိဉ္စိ၊
ဣဒမ္ပိ ဓမ္မေ ရတနံ ပဏီတံ။
ဧတေန သစ္စေန သုဝတ္ထိ ဟောတု။
သန္တံ၊ ဖြစ်ပျက်မစပ် အငြိမ်းဓာတ်ဖြင့် မပြတ်ပုံသေ အေးမြပေထသော။ ခယံ၊ ရုပ်နာမ်ဆူဆူ အပူခပ်သိမ်း ကုန်ငြိမ်းကြောင်းလည်း ဖြစ်ပေထသော။ ၀ိရာဂံ၊ ရုပ်နာမ်အဆက် အကုန်ပျက်သဖြင့် မတပ်မက်ကြောင်းလည်း ဖြစ်ပေထသော။ အမတံ၊ ဇရာမရဏ ရှာမရအောင် ကာလပုံသေ အမြူတေလည်း ဖြစ်ပေထသော။ ပဏီတံ၊ အရသာရှိ စားဖွယ်၏သို့ သိ၍မ၀ မွန်မြတ်ပေထသော။ ယံ ဓမ္မံ၊ အသင်္ခတ နိဗ္ဗာနဓာတ် အကြင်တရားတော်မြတ်ကို။ သမာဟိတော၊ ဘာဝနာကမ္မဋ္ဌာန်း လွန်ကြိုးပမ်းသဖြင့် စိတ်စွမ်းတည်ဘိ သမာဓိရှိတော်မူသော။ သကျမုနိ သာကီနွယ်ဖွား ငါတို့ဘုရားသည်။ အဇ္ဈာဂါ၊ ဗောဓိအောင်မြေ ပလ္လင်ဗွေ၌ လေးထွေသစ္စာ သိသောအခါဝယ် ကောင်းစွာလှလှ ရတော်မူခဲ့လေပြီ။
တေန ဓမ္မေန၊ အသင်္ခတ နိဗ္ဗာနဓာတ်သို့ ထို တရားတော်မြတ်နှင့်။ သမံ၊ တန်းတူထား၍ ရှုစားလောက်သော။ ကိဉ္စိ၊ တစ်မျိုးတစ်ခြား တရားဆိုင်ရာ တစ်စုံတစ်ခုသော ရတနာသည်။ န အတ္ထိ၊ လူ့ဘုံနတ်ရောက် အကုန်ပေါက်အောင် မွှေနှောက်ရှာဖွေ မရှိပါချေ။ ဓမ္မေ၊ အသင်္ခတ နိဗ္ဗာနဓာတ် တရားမြတ်၌။ ပဏီတံ၊ တရားများစွာ ရတနာထက် ကဲသာမြတ်မွန် တုဘက်လွန်သော။ ဣဒမ္ပိ ရတနံ၊ ရတနာဖြစ်ကြောင်း ကောင်းထက်ကောင်းသည့် ဂုဏ်ပေါင်းကိုခြုံ ဤ ခယ၀ိရာဂစသော ဂုဏ်တော်သည်။ အတ္ထိ၊ စင်စစ်ဧကန် အမှန်မသွေ ရှိပါပေ၏။ ဧတေန သစ္စေန၊ မှန်ကန်လှစွာ ဤ ၀စီ သစ္စာကြောင့်။ ပါဏီနံ၊ ဘေးရန်ခပ်သိမ်း အေးငြိမ်းကြလို များလူဗိုလ်တို့အား။ သုဝတ္ထိ၊ တင့်တယ်ဖို့ရန် အတန်တန်ဖြင့် ဘေးရန်ခပ်သိမ်း အေးငြိမ်းခြင်းသည်။ ဟောတု၊ စင်စစ်မသွေ ဖြစ်ပါစေသတည်း။
(အကျယ်ကို နောက်ဆုံးဆယ်လ မြတ်ဗုဒ္ဓတွင် ရှုပါ)
မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ၏ သံဝေဂလင်္ကာ
၁။ ငါတို့နေရာ, ဤကမ္ဘာ, တဏှာအုပ်စိုးသည်။
၂။ တဏှာစေရာ, မနေသာ, ဖွေရှာ ဆက်ရသည်။
၃။ ရသည့်ဥစ္စာ, ချစ်သူပါ, စွန့်ခွာ သွားရမည်။
၎။ တကဲ့အရေး, တကဲ့ဘေး, ဘယ်သွေး ဘယ်သား မကယ်ပြီ။
၅။ ငါနှင့်ရွယ်သူ, ငါ့အောက်လူ, ကြီးသူသေကြ, များလှပြီ။
၆။ ခဏမစဲ, အိုစမြဲ, ကိုယ်လဲသေဘက် နီးခဲ့ပြီ။
၇။ ဇရာမီးတောင်, ကိုယ်ထည်းလောင်, သေအောင်မြိုက်တော့သည်။
ဂ။ မသေရခင်, သွားလမ်းစဉ်, ကြိုတင်ပြင်သင့်ပြီ။
၉။ ဒါနသီလာ, ဘာဝနာ, လမ်းသာ ထွင်လိမ့်မည်။
၁၀။ မဂ္ဂင်ယာဉ်ကြီး, အမြန်စီး, ခရီးထွက်တော့မည်။
ဆရာတော် ပျံလွန်တော်မူခါနီး ရေးသွားသည်ဟု ထင်ရပါသည်။
အာသီသ
စိရဋ္ဌိတတ္ထံ ဓမ္မဿ၊ ကရောန္တေန မယာ ဣမံ။
သဒ္ဓမ္မဗဟုမာနေန၊ ယဉ္စ ပုညံ သမာစိတံ။
သဗ္ဗဿ အာနုဘာဝေန၊ တဿ သဗ္ဗေပိ ပါဏိနော။
သဒ္ဓမ္မရသသေ၀ိနော၊ ဘ၀န္တု ဓမ္မရာဇဿ။
ဓမ္မဿ၊ ဘုရားဟော်ဖော် တရားတော်၏။ စိရဋ္ဌိတတ္ထံ၊ ကြာမြင်စွာ တည်ခြင်းအကျိုးငှာ။ ဣမံ၊ ဤဓမ္မဒါနကောင်းမှုကို။ (ဤ အနန္တသဗ္ဗညုတဉာဏ်တော်ကြီးနှင့် အတုမဲ့ချမ်းသာမြတ် နိဗ္ဗာနဓာတ် တရားတော်မြတ်ကို ဉာဏ်မှီသမျှ အာရုံရပါစေခြင်း အကျိုးပြုစီမံအားထုတ်ရသော ကုသိုလ်ကို)။ ကရောန္တေန၊ ပြုသော။ မာယာ၊ ငါသည်။ သဒ္ဓမ္မဗဟုမာနေန၊ သူတော်ကောင်းတရား၌ များစွာမြတ်နိုးခြင်းရှိသည်။ (ဟုတွာ၊ ဖြစ်၍။) ယဉ္စ ပုညံ၊ အကြင် ပရဟိတအကျိုး သည်ပိုးဆောင်ကြောင်း ကောင်းမှု ကုသိုလ်ကိုလည်း။ သမာစိတံ၊ ကောင်းစွာ ဆည်းပူးအပ်ပေပြီ။ သဗ္ဗဿ၊ အလုံးစုံသော။ တဿ (ပုညဿ)၊ ထိုကောင်းမှုကုသိုလ်၏။ အာနုဘာဝေန၊ တန်ခိုးရှိန်စော် အာနုဘော်ကြောင့်။ သဗ္ဗေပိ၊ အလုံးစုံလည်း ဖြစ်ကုန်သော။ ပါဏိနော၊ လူ, နတ်, ဗြဟ္မာ သတ္တ၀ါ တို့သည်။ ဓမ္မရာဇဿ၊ တရားမင်း ဘုရား၏။ သဒ္ဓမ္မရသသေ၀ိနော၊ သူတော်ကောင်းတရား၏ အရသာ သုံးဖြာသော ဗောဓိဉာဏ်တွင် ထိုက်တန်သော ဗောဓိဉာဏ်ကို မှီဝဲနိုင်ကြကုန်သည်။ ဘ၀န္တု၊ ဖြစ်ပါစေကုန်သတည်း။
စိရံ တိဋ္ဌတု သဒ္ဓမ္မော၊ ကာလေ ၀ဿံ စိရံ ပဇံ။
တပ္ပေတု ဒေဝေါ ဓမ္မေန၊ ရာဇာ ရက္ခတု မေဒိနိံ။
သဒ္ဓမ္မော၊ ရှင်တော်ဘုရား ဟော်ဖော်ထားသည့် တရားတော်မြတ် ပိဋကတ်သည်။ စိရံ၊ ကျင့်သူရှိသော် ထောင်သောင်းကျော်အောင်။ တိဋ္ဌတု၊ ပါဠိအနက် မပျက်စုံညီ လဇ္ဖီပုဂ္ဂိုလ်တို့ သန္တာန်၌ တည်ပါစေသတည်း။ ဒေဝေါ၊ မိုးသည်။ ကာလေ၊ သင့်လျော်လျောက်ပတ် ကောင်းမြတ်သော အခါ၌ ၀ဿံ၊ ရွာဖြိုးလျက်။ စိရံ၊ ကြာမြင့်စွာ။ ပဇံ၊ သတ္တ၀ါအပေါင်းကို။ တပ္ပေတု၊ ၀မ်းသာရွှင်ပျို့နှစ်မြို့ပါစေသတည်း။ ရာဇာ၊ တိုင်းပြည်စောင့်ကြပ် မင်းဟု သမုတ်အပ်ကုန်သော အုပ်ချုပ်သူအပေါင်းသည်။ မေဒိနိံ၊ တမြေပြင်လုံးကို (၀ါ) မြေပြင်ထက်နေ လူဗိုလ်ခြေကို၊ ရက္ခတု၊ အမြဲချီးမြှောက် စောင့်ရှောက်နိုင်ပါစေသတည်း။
ဗုဒ္ဓမြတ်စွာ၏ အဆုံးအမသာသနာတော်မြတ်ကြီးကို အမှီပြုလျက် သူတော်ကောင်းတရား တည်မြဲပျံ့နှံ့၍ သတ္တ၀ါအပေါင်း ချမ်းသာစေကြောင်းကြိုးစား အားထုတ်လျက်ရှိကြသော လူနတ်ဗြဟ္မာ သတ္တ၀ါအပေါင်းတို့သည် မိမိတို့ ကြိုးစားသလောက် ပြီးမြောက် အောင်မြင်ကြပါစေသတည်း။
အမရပူရ မဟာဂန္ဓာရုံဆရာတော်
အရှင်ဇနကာဘိဝံသ၏
(အခြေပြုပဋ္ဌာန်းတရားတော်မှ)
အတုမဲ့ချမ်းသာမြတ် နိဗ္ဗာနဓာတ်, နိဗ္ဗာန်နှင့်ပတ်သက်၍ သံသယကင်းရှင်းစေခြင်းအကျိုးငှာ ရည်သန်၍ ဖော်ပြလိုက်ပါသည်။

နိဗ္ဗာန် - ပရိနိဗ္ဗာန်
ပရိနိဗ္ဗာန် ၃-မျိုး။ ။ နိဗ္ဗာန်နှင့် ပရိနိဗ္ဗာန်သည် သဘောတူ၏။ ထို ပရိနိဗ္ဗာန်သည် ကိလေသာတို့၏ ငြိမ်းအေးခြင်းဟူသော ကိလေသပရိနိဗ္ဗာန်၊ ရုပ်ခန္ဓာတော်၏ ငြိမ်းအေးခြင်းဟူသော ခန္ဓပရိနိဗ္ဗာန်၊ ဓာတ်တော်တို့၏ ငြိမ်းအေးခြင်းဟူသော ဓာတုပရိနိဗ္ဗာန် အားဖြင့် ၃-ပါး အပြားရှိ၏။
ကိလေသပရိနိဗ္ဗာန်။ ။ သတ္တ၀ါတိုင်း၌ရှိသော လောဘ၊ ဒေါသ၊ မောဟ စသော ကိလေသာတို့သည် စိတ်ကို ပူလောင်စေကြကုန်၏၊ တဏှာ ရာဂ လောဘမီး၏ ပူလောင်မှုကြောင့် ဆရာမိဘ စသူတို့၏ စကားကိုမျှ နားမထောင်နိုင်ပဲ လုပ်ချင်ရာလုပ်ကြသူတွေ၊ အလိုမကျသော ဒေါသမီးကြောင့် ကိုယ့်ကိုယ်ကိုယ်ပင် သေကြောင်းကြံကြသူတွေကို ကြည့်လျှင် လောဘ၊ ဒေါသမီးတို့ ပူလောင်ပုံမှာ အလွန်ထင်ရှား၏။ ထို့သို့ လောဘမီး ဒေါသမီး အလောင်ခံရခြင်းမှာလည်း မောဟမီးက အကြောင်းအကျိုး မသိမမြင်နိုင်အောင် ဖုံးကွယ်ထားသောကြောင့်ဖြစ်၏။ ဥပမာ- ကလေးငယ်သည် ပူမှန်းမသိသောကြောင့် မီးကိုကိုင်ချင်သကဲ့သို့ (တချို့မှာကိုင်မိသကဲ့သို့)တည်း၊ ဗုဒ္ဓမြတ်စွာသည် အရဟတ္တဖိုလ်ကို ရသောအခါ ထို ကိလေသာ အပူမီးတို့ အလုံးစုံကုန်၍ ငြိမ်းအေးကြလေတော့၏။ ထို့ကြောင့် ( ကိလေသပရိနိဗ္ဗာနံ၊ ဗုဒ္ဓမြတ်စွာ၏ ကိလေသ ပရိနိဗ္ဗာန်သည်၊ ဗောဓိပလ္လင်္ကေ အဟောသိ၊ ဘုရားဖြစ်ရာ မဟာဗောဓိပလ္လင်၌ ဖြစ်ခဲ့ပြီ)ဟု ဉာဏ၀ိဘင်္ဂအဌကထာ(နှာ-၄၁၃-၌) မိန့်သည်။
ခန္ဓပရိနိဗ္ဗာန်။ ။ ရုပ်နာမ် ၂-ရပ်ပေါင်းစပ်၍ တည်နေသော ဤခန္ဓာကိုယ်သည် အေးချမ်း ငြိမ်းသက်ခြင်းမရှိသော အပူတုံးသာဖြစ်၏။ ဇာတိမီး၊ ဇရာမီး၊ မရဏမီးစသော မီးတစ်ဆယ့်တစ်ပါးသည် ဤခန္ဓာကိုယ်၌ တစ်မျိုးပြီးတစ်မျိုး လောင်လျက်ရှိ၏။ ဓမ္မစကြာ ပါဠိတော်၌ လာသော ချစ်သူနှင့်ကွဲရခြင်း၊ မုန်းသူနှင့်တွဲရခြင်း၊ အလိုရှိတာမရခြင်းကြောင့် ဖြစ်ရသော ဒုက္ခများသည်လည်း အပူများပင် ဖြစ်၏။ ထို့ကြောင့် သတ္တ၀ါတိုင်း၏ ခန္ဓာကိုယ်သည် ဒုက္ခအပူ မီးအပူတို့ဖြင့် အမြဲပူ၍နေ၏။
အခြားသူ၏ခန္ဓာကိုယ်ကို မဆိုထားဘိ၊ ဗုဒ္ဓမြတ်စွာ၏ ခန္ဓာကိုယ်တော်သော်မှလည်း ၀မ်းတော်လားချိန်မှစ၍ အားတော်နည်းပါးရကား ၃-ဂါဝုတ်ခရီး၌ မကြာမကြာ နားတော်မူရခြင်း၊ ရေသောက်တော်မူလိုသောကြောင့် ရေခပ်စေတော်မူရခြင်းအားဖြင့် ခန္ဓာကိုယ်၏ အပူဒဏ်ကို ပင်ပန်းကြီးစွာ ခံတော်မူရပါသေးသည်။ ထို့ကြောင့် ညောင်စောင်းကလေး အပေါ်မှာပင် ဈာန်ပေါင်းများစွာ အကြိမ်ကြိမ်အခါခါ ၀င်စားတော်မူပြီး၍ စတုတ္ထဈန်မှ ထတော်မူသောအခါ ပဋိသန္ဓေနေတော်မူတုန်းကဖြစ်သော မဟာဝိပါက်ပထမစိတ်နှင့်တူသော ဘ၀င်စိတ်ဖြင့် ပရိနိဗ္ဗာန်စံတော်မူခြင်းသည် ရုပ်နာမ်ခန္ဓာဟူသော အပူတုံးကြီး၏ ငြိမ်းအေးခြင်းဟူသော ခန္ဓာပရိနိဗ္ဗာန်ပင် ဖြစ်ပါသည်။ ထို့ကြောင့် - ( ခန္ဓပရိနိဗ္ဗာနံ ကုသိနာရာယံ၊ ခန္ဓပရိနိဗ္ဗာန်သည် ကုသိနာရုံမြို့၌ ဖြစ်ခဲ့ပြီ)ဟု ဉာဏ၀ိဘင်္ဂအဋ္ဌကထာ (နှာ- ၄၁၃၌) မိန့်သည်။
မီးငြိမ်းခြင်း ဥပမာ။ ။ ဤခန္ဓပရိနိဗ္ဗာန် ဖြစ်တော်မူပုံကိုပင် ရည်ရွယ်တော်မူ၍ နိဗ္ဗန္တိ ဓီရာ ယထယံ ပဒီပေါ= ဘုရား ပစ္စေကဗုဒ္ဓါ ရဟန္တာဖြစ်သော ပညာရှိတို့သည် နောက်ဆုံးဝိညာဉ်ဖြစ်သော စုတိစိတ်တော်၏ ချုပ်ခြင်းအားဖြင့် ငြိမ်းအေးတော်မူကြပြီ၊ ဥပမာ- တောက်နေသော ဆီမီးသည် ဆီကုန်သောအခါ ငြိမ်းအေးသကဲ့သို့ဖြစ်သည်၊ ဟု ရတနသုတ်၌ ဗုဒ္ဓမြတ်စွာမိန့်တော်မူ၏။ ဤ မဟာပရိနိဗ္ဗာနသုတ် ပါဠိတော် (နှာ- ၂၁၉)၌လည်း( ‘‘ပဇ္ဇောတေဿဝ နိဗ္ဗာနံ ၀ိမောက္ခော စေတသော အဟု-ပရိနိဗ္ဗာန် စုတိစိတ်တော်၏ လွတ်မြောက်တော်မူခြင်းသည် မီးငြိမ်းပုံနှင့်တူသည်’’)ဟု အရှင်အနုရုဒ္ဓါ မိန့်တော်မူသည်။
ဓာတုပရိနိဗ္ဗာန်။ ။ ဗုဒ္ဓမြတ်စွာ၏ ဓာတ်တော်အားလုံး စုပေါင်း၍ ဓာတ်ပေါင်း ကိုယ်တော်ကို ဓာတ်မီးလောင်ပြီးမှ ငြိမ်းခြင်းကို (ဓာတုပရိနိဗ္ဗာန်)ဟု ခေါ်၏။ ချဲ့ပါဦးမည်။ သာသနာတော် ကိုးကွယ်မည့် လူတစ်ယောက်တစ်လေမျှ မရှိလောက်အောင် သာသနာဆုတ်ယုတ်သောအခါ နေရာဌာနအသီးသီး၌ တည်တော်မူသောဓာတ်တော်များသည် ဘုရားဖြစ်ရာ ဗောဓိပင်၌ စုပေါင်းကာ ရွှေတုံးကြီးကဲ့သို့ဖြစ်၍ ရောင်ခြည်တော်လွှတ်လိမ့်မည်။
ထိုရောင်ခြည်တော်ကို ဖူးမြင်ရသောအခါ နတ်ဗြဟ္မာတို့သည် ကပျာကယာလာကြပြီးလျှင် အရိုးတော်ရွှေတုံးကြီး၌ တေဇောဓာတ်လောင်နေသည်ကို မြင်ရသောအခါ ‘‘ယခုမှ ဗုဒ္ဓမြတ်စွာ ပရိနိဗ္ဗာန်စံတော်မူတာပဲ’’ဟု ပြောကာပြောကာ အလွန်ဝမ်းနည်းစွာငိုကြွေးကြလေ၏။ အနာဂါမ်, ရဟန္တာ, နတ် ဗြဟ္မာတို့အား ‘‘ဖြစ်လေသမျှ ပျက်ရသည်သာ’’ဟု တရားသဘောကိုတွေးကာ သံဝေဂဉာဏ်ဖြင့် သည်းခံနိုင်ကြပေသည်။
လင်္ကာ။ ။ဓာတ်တော်မွေတော်၊ ကြွင်းပါသော်လည်း၊ ချွတ်ချော်သာသနာ၊ နောင်သောခါဝယ်၊ ရှိန်ဝါပျောက်ကြွေ၊ ကွယ်ပချေသော်၊ ထွေထွေရပ်နယ်၊ ဓာတ်သွယ်သွယ်လည်း၊ ကိုးကွယ်ကြမည့်၊ လူမရှိ၍၊ ဗောဓိပင်မှာ၊ စုပေါင်းကာဖြင့်၊ ရောင်ဝါလွှတ်ပြီး၊ ရွှေတုံးကြီးသို့၊ ဓာတ်မီးလောင်တောက်၊ ကုန်ဆုံးပျောက်က၊ လာရောက်ကြရှာ၊ နတ်ဗြဟ္မာတို့၊ သာသနာဗုဒ္ဓ၊ ယခုမှပင်၊ မုချအတည်၊ ကွယ်ရပြီဟု၊ ငိုမြည်တမ်းတ၊ သံဝေဂဖြင့်၊ မရယူကျုံး၊ ကိုယ်စိတ်ချုံးသည့်၊ နောက်ဆုံး သာသနာ့ပွဲတော်ဘုရား။
နိဗ္ဗာန် ၂-မျိုးမှ တစ်မျိုး နိဗ္ဗာန်
ရဟန္တာအားလုံး၌ ရနိုင်သော ကိလေသပရိနိဗ္ဗာန်၊ ခန္ဓပရိနိဗ္ဗာန် ၂-မျိုးသည် ‘‘သိဝံ ပတ္ထေထ ဘိက္ခဝေ၊ သိဝံ ပတ္ထေတွာ ဒါနံ ဒါတဗ္ဗံ=ဘိက္ခုတို့ ဘေးခပ်သိမ်းတို့၏ အေးငြိမ်းရာ နိဗ္ဗာန်ကို တောင့်တ၍ ဒါနကိုပြုကြလော့၊ သီလကို ဆောက်တည်ကြလော၊ ဘာဝနာကို ပွားစေကြလော’’ ဤသို့ ဗုဒ္ဓမြတ်စွာ တိုက်တွန်းတော်မူအပ်သော နိဗ္ဗာန် မဟုတ်သေးပါ။
ပြအပ်ခဲ့သော နိဗ္ဗာန် ၂-မျိုးသည် ‘‘ဒုက္ခခပ်သိမ်း အေးငြိမ်းရာဖြစ်သော အသင်္ခတဓာတ် နိဗ္ဗာန်တရားတော်မြတ်ကို လျင်မြန်စွာ မျက်မှောက်ပြုရပါလို၏’’ဟု လူအများ တောင့်တအပ် ဆုတောင်းအပ်သောအသင်္ခတဓာတ် နိဗ္ဗာန်တရားမြတ် မဟုတ်သေးပါ။
ပြအပ်ခဲ့သော နိဗ္ဗာန် ၂-မျိုးသည် ‘‘ငါဘုရားသည် ယနေ့ညဥ့်၏ နောက်ဆုံးအချိန်၌ ရှေးရှေးဘုရားရှင်တို့ ၀င်အပ်သော အမြိုက်နိဗ္ဗာန်သို့ ၀င်ရတော့မည်’’ဟု ဆင်ခြင်တော်မူသောအခါ ‘‘စိတ်တော်သည် အလွန်ကြည်၏’’ဟု မိန့်တော်မူအပ်သော နိဗ္ဗာန်မဟုတ်သေးပါ။
ပြအပ်ခဲ့သော နိဗ္ဗာန် ၂-မျိုးသည် ‘‘အနေဇော သန္တိမာရဗ၊္ဘ ယံ ကာလ-မကရီ မုနိ-ငါးဖြာအာရုံ ကာမဂုဏ်၌ တုန်လှုပ်တတ်စွာ တဏှာကင်းပြီးသော အကြင် မုနိထွတ်တင် ဘုရားရှင်သည် ဒုက္ခခပ်သိမ်း အေးငြိမ်းရာနိဗ္ဗာန်ကို ရည်ရွယ်တော်မူ၍ ကွယ်လွန်ချိန်ကို ပြုတော်မူပြီ’’ဟု အရှင်အနုရုဒ္ဓါ မိန့်တော်မူအပ်သော စကားတော်အရ ဘုရားရှင် ရည်ရွယ်တော်မူအပ်သော သန္တိသုခအမတ မဟာနိဗ္ဗာန် မဟုတ်သေးပါ။
ပြအပ်ခဲ့သော နိဗ္ဗာန် ၂-မျိုးသည် ‘‘နိဗ္ဗာနံ ပန လောကုတ္တရသင်္ခါတံ စတုမဂ္ဂညာဏေန သစ္ဆိကာတဗ္ဗံ မဂ္ဂဖလာနမာရမ္မဏဘူတံ ၀ါနသင်္ခါတာယ တဏှာယ နိက္ခန္တတ္တာ နိဗ္ဗာနန္တိ ပ၀ုစ္စတိ’’ဟု အဘိဓမ္မတ္ထသင်္ဂဟကျမ်း၌ ‘မဂ်ဖိုလ်တို့၏အာရုံဖြစ်သော နိဗ္ဗာန်’ဟုလည်းကောင်း၊ ‘နိဗ္ဗာနံ ပရံမံ သုခံ’ဟု ဓမ္မပဒအဋ္ဌကထာ သုခ၀ဂ် ဧကဥပါသက၀တ္ထု၌ ‘နိဗ္ဗာန်သည် အမြတ်ဆုံး သုခ’ဟုလည်းကောင်း၊ ‘‘အသင်္ခတာ စ ဓာတု’’ဟု ဓမ္မသင်္ဂဏီ ရူပကဏ္ဍဥဒ္ဒေသ၌ ‘‘အသင်္ခတဓာတ်’’ဟု လည်းကောင်း ဟောတော်မူအပ်သောနိဗ္ဗာန် မဟုတ်သေးပါ။
ပြအပ်ခဲ့သော နိဗ္ဗာန် ၂-မျိုးသည် သစ္စာ ၄-ပါးတွင် နိရောဓသစ္စာအဖြစ်ဖြင့် ပါဝင်သော, သောတာပတ္တိမဂ်ကိုရလျှင်ပင် ၀ိသာခါကဲ့သို့ ၇-နှစ် သမီးအရွယ် သူငယ်မတို့ ထိုက်တန်သမျှ မြင်အပ်သော, တခါမြင်ပြီးလျှင် ဒိဋ္ဌိဝိစိကိစ္ဆာတို့ကင်းကွာရကြောင်းဖြစ်သော, တခါမြင်ဖို့ရန်လည်း ငါးပါးသီလ လုံခြုံမှုအခြေခံရသော နိဗ္ဗာန်မဟုတ်သေးပါ။
ထို့ကြောင့် ယခုအခါ၌ အကြောင်းတရားတို့ မပြုအပ်သောကြောင့် ‘‘အသင်္ခတဓာတ်’’ဟု အမည်တော်ရသော ဘုရားရှင်သာမက ရဟန္တာဟူသမျှတို့သည် ပရိနိဗ္ဗာန်မ၀င်စံခင်ကာလ၌ မကြာမကြာအာရုံပြု၍နေအပ်သော, ပရိနိဗ္ဗာန်စံတော်မူပြီးနောက်လည်း မပျောက်မပျက် ဆက်လက်၍တည်ရှိရစ်သော, လူအများတို့ ဆုတေတောင်းအပ်သော, ဘုရားရှင်လည်း ဆုတောင်းဖို့ရန် တိုက်တွန်းတော်မူအပ်သော နိဗ္ဗာန်တရားတော်မြတ်ကို ရိုသေလေးမြတ်စွာ ရေးသားပူဇော်ပါမည်။
လူအများတို့ ဆုတောင်းနေသော နိဗ္ဗာန်၏ လက္ခဏ, ရသ, ပစ္စုပဋ္ဌာန်
ရှေးပညာရှိများ ဖွင့်ပြပုံ။ ။ စိတ်, စေတသိက်, ရုပ်, နိဗ္ဗာန်ဟူသော ပရမတ္တတရားတို့သည် ရူပါရုံမှတပါး မျက်စိဖြင့် မြင်ကောင်းသော တရားများ မဟုတ်ကြပါ။ ထိုသို့ မမြင်ကောင်းသော်လည်း ရှေးပညာရှိ အဋ္ဌကထာဆရာတို့သည် မျက်စိဖြင့် မြင်ရသကဲ့သို့ ဉာဏ်ထဲ၌ ထင်မြင်လာအောင် လက္ခဏာအားဖြင့်လည်းကောင်း၊ ကိစ္စရသ, သမ္ပတ္တိရသ, တမျိုးမျိုးအားဖြင့်လည်းကောင်း၊ ဉာဏ်ဖြင့်ရှုစားသော ယောဂီပုဂ္ဂိုလ်, ပညာရှိပုဂ္ဂိုလ်တို့၏ ဉာဏ်အားထင်လာသော အခြင်းအရာအားဖြင့်လည်းကောင်း၊ အနီးဆုံးအကြောင်းဟူသော ပဒဋ္ဌာန်အားဖြင့်လည်းကောင်း ဖွင့်ပြကြပါသည်။ နိဗ္ဗာန်ကိုလည်း ဉာဏ်၌ ထင်မြင်လာအောင် လက္ခဏ, ရသ, ပစ္စုပဋ္ဌာန်အားဖြင့် ဖွင့်ပြရမည်ဖြစ်၍ ထိုသို့မဖွင့်ပြမီ သန္တိလက္ခဏာရှိသော နိဗ္ဗာန်နှင့် တဖက်တလမ်း (ဟိုဘက်ကမ်း ဤဘက်ကမ်းကဲ့သို့) ကွာလှမ်းသောရုပ်နာမ်၏ မငြိမ်မသက် ဖြစ်ပျက်ပုံကို ရှေးဦးစွာ ပြပါမည်။
သင်္ခတဓာတ်။ ။ ရုပ်နာမ်တို့ကို ရှေ့ (နောက်ဆုံးဆယ်လ မြတ်ဗုဒ္ဓ)၌ ပြခဲ့ပြီ၊ ရုပ်နာမ်တို့သည် အ၀ိဇ္ဇာ, တဏှာ, ကံ စသော အကြောင်းတို့က ပြုအပ်သော သင်္ခတဓာတ် (ပြုပြင်အပ်သောဓာတ်) ဖြစ်၏။ ပြု၍ဖြစ်သောအခါ ချက်ချင်းပျက်၏။ ပျက်ပြီးလျှင်လည်း ထပ်၍ဖြစ်၏၊ ဖြစ်လျှင်လည်း ပျက်ပြန်၏၊ ဤသို့ ဖြစ်ပျက် ဖြစ်ပျက် ဆက်၍နေသော အစဉ်သည် လက်ဖြောက်တစ်ချက်တီးခန့် ကာလ၌ ကုဋေသိန်းပေါင်းများစွာ ပင်တည်း၊ (စိတ်, စေတသိက်တို့ တစ်ဆယ့်ခုနစ်ကြိမ်ပျက်ပြီးမှ ရုပ်က တစ်ကြိမ်သာပျက်၏) ဤအချိန်ကလေး၌ ဤမျှလောက်များအောင် ဖြစ်ပျက်နေရသော ရုပ်နာမ်သည် အဘယ်မှာ ငြိမ်သက်အေးမြ၍ သုခဖြစ်နိုင်တော့အံ့နည်း၊ အဖြစ်အပျက်ဒဏ်ကို အမြဲခံနေရသောကြောင့် အမြဲပင် ဒုက္ခဖြစ်၏။ ‘‘ဥဒယဗ္ဗယ ပဋိပီဠနဋ္ဌေနဒုက္ခာ၊ အဖြစ်အပျက်ဒဏ်ကို အမြဲခံနေရသောကြောင့် ရုပ်နာမ်ဟူသမျှ ဒုက္ခချည်းသာ’’။
သန္တိလက္ခဏာ။ ။ ‘‘လက္ခဏာ’’ဟူသည် မှတ်သားကြောင်း အမှတ်အသား၊ မှတ်သားအပ်သော သဘောတည်း၊ လူတစ်ယောက်၌အများနှင့် မတူသော ထူးခြားသော အမှတ်အသားရှိသကဲ့သို့၊ ပရမတ္ထတရား ၄-ပါး၌လည်း၊ တစ်ပါးနှင့်တစ်ပါး မတူအောင် ထူးခြားသော အမှတ်အသား၊ ထူးခြားသော သဘောရှိ၏။ နိဗ္ဗာန်အတွက် ထူးခြားသောလက္ခဏာ (အမှတ်အသား)ကား သန္တိလက္ခဏာတည်း။
သန္တိဖြစ်ပုံ။ ။ ရုပ်, စိတ် စေတသိက် နာမ်တို့သည် ပြအပ်ခဲ့သည့် အတိုင်း အမြဲဖြစ်ပျက်၊ ဖြစ်ပျက်နေရကား ငြိမ်ငြိမ်သက်သက် မရှိကြ၊ အမြဲပူလောင်နေသကဲ့သို့ ငြိမ်းငြိမ်းအေးအေးလည်း မရှိကြ၊ အသင်္ခတဓာတ် နိဗ္ဗာန်တရားမြတ်ကား အဖြစ်မရှိသောကြောင့် အပျက်လည်းမရှိ၊ အဖြစ်အပျက် လှုပ်လှုပ်ရွရွ မရှိသောကြောင့် အလွန်ငြိမ်သက်၏၊ အဖြစ်အပျက် အပူအလောင် မရှိသောကြောင့် အလွန်အေးငြိမ်း၏။ ထိုငြိမ်သက်အေးချမ်းခြင်းသည် နိဗ္ဗာန်၏ ‘‘သန္တိ’’ဟု ခေါ်ရသော ထူးခြားသော လက္ခဏာဖြစ်သည်။
အစ္စုတရသ။ ။ ရုပ်နာမ်ခန္ဓာတို့သည် ရှေးဦးစွာဖြစ်ရ၏။ ဖြစ်ပြီးသောအခါ ပျက်ရခြင်း အားဖြင့် ပင်ကိုယ်သဘောမှ ရွေ့လျောရ၏။ နိဗ္ဗာန်၏ သန္တိသဘောကား ဘယ်အခါမှ မပျောက် မပျက်သောကြောင့် ပင်ကိုယ်သဘောမှ မရွေ့လျောခြင်းဟူသော ထူးသောအရသာရှိ၏။
အနိမိတ္တပစ္စုပဋ္ဌာန်။ ။ ကမ္မဋ္ဌာန်းအားထုတ်သော ယောဂီပုဂ္ဂိုလ်ဖြစ်စေ၊ တရားသဘောကို စဉ်းစားသော ပညာရှင်ဖြစ်စေ ဉာဏ်ဖြင့်ရှုမြင်သောအခါ အမှန်အတိုင်း ထင်လာ၏။ ထိုသို့ထင်လာသည်ကို ‘‘ပစ္စုပဋ္ဌာန်’’ဟု ခေါ်၏။ နိဗ္ဗာန်၏သဘောကို ဉာဏ်ဖြင့် ရှုသောအခါ (စိတ် စေတသိက် ရုပ်တို့မှာ သဘောအထည်ကိုယ် ရှိသကဲ့သို့) ‘‘ အထည်ကိုယ်မရှိသော တရား’’ဟု ဉာဏ်အားဖြင့် ထင်လာသည်၊ နိမိတ္တဓမ္မာ သင်္ခါရာ၊ တေဟိသနိမိတ္တာ သ၀ိဂ္ဂဟာ ၀ိယ ဥပဋ္ဌဟန္တိ၊ အဋ္ဌသာလိနီ လောကုတ္တရကုသိုလ်အဖွင့်၊ အနုဋီကာ။ (နှာ- ၁၂၁)
ပဒဋ္ဌာန်။ ။ နီးကပ်သော အကြောင်းကို ပဒဋ္ဌာန (ပဒဋ္ဌာန်)ဟု ခေါ်၏။ (စိတ်သည် ယှဉ်ဘက်စေတသိက်, မှီရာရုပ်ဟူသော နီးကပ်သော အကြောင်းရှိသကဲ့သို့) နိဗ္ဗာန်မှာ နီးကပ်သောအကြောင်းမရှိ၊ အရိယာတို့ သန္တာန်၌ နိဗ္ဗာန်တရား ပေါ်လာဖို့ရန် ဒါန, သီလ, ဘာဝနာ စသော ဝေးသောအကြောင်းကား များစွာ ရှိရပါသည်။
သန္တိလက္ခဏံ အစ္စုတ-ရသံ နိဗ္ဗာနအမတံ။
အနိမိတ္တ ဥပဋ္ဌာနံ၊ ပဒဋ္ဌာနံ န လဗ္ဘတိ။ (၀ိသုဒ္ဓိ၊ ဋ္ဌ၊ ဒု-တွဲ၊ နှာ-၁၂၆။ အဘိ၊ ဋ္ဌ၊ ၂။ ၇၉။)
‘‘နိဗ္ဗာနအမတံ၊ အမြိုက်နိဗ္ဗာန်သည်။ သန္တိလက္ခဏံ၊ ငြိမ်သက်အေးငြိမ်းခြင်း လက္ခဏာရှိ၏။ အစ္စုတရသံ၊ ပင်ကိုယ်သဘောမှ မရွေ့လျောခြင်း သမ္ပတ္တိရသ ရှိ၏။ အနိမိတ္တ ဥပဋ္ဌာနံ၊ အထည်ကိုယ်ဟန် ပုံသဏ္ဌာန်မရှိသော တရားဟု ဉာဏ်အား ထင်လာ၏။ ပဒဋ္ဌာနံ၊ နီးစွာသော အကြောင်းကို။ န လဗ္ဘတိ၊ မရအပ်။’’
အမရပူရ မဟာဂန္ဓာရုံဆရာတော်
အရှင်ဇနကာဘိဝံသ၏ (သြ၀ါဒ ကောက်နုတ်ချက်)

Saturday, May 12, 2012
“ကာယာနုပဿနာ”
ပဏာမပဋိညာဉ်
ရိပဝေါ ၀ိဇယီ တဿ၊ သတ္တာနံ ဒုက္ခဟေတဝေါ။
ဉာဏာဝုဓေန မဂ္ဂေန၊ ဇိတမာရဿ မေ နမော။ ။
ယော ဘဂ၀ါ-အကြင် မြတ်စွာဘုရားသည်၊ သတ္တာနံ- သတ္တ၀ါတို့၏၊ ဒုက္ခဟေတဝေါ-ဆင်းရဲခြင်း၏အကြောင်း ဖြစ်ကုန်သော၊ ရိပဝေါ- လောဘစသောကိလောသာ ရန်သူတို့ကို၊ ဉာဏာဝုဓေန- ဉာဏ်လက်နက်ဖြစ်သော၊ မဂ္ဂေန- အရဟတ္တမဂ်ဉာဏ်ဖြင့်၊ ၀ိဇယီ-အခွင့်ပိုင်ပိုင် အောင်နိုင်တော်မူလေပြီ၊ ဇိတမာရဿ-အောင်နိုင်ပြီးသော ကိလေသာမာရ် စသည်ရှိတော်မူသော၊ တဿဘဂ၀တော- ထိုမြတ်စွာဘုရားအား၊ မေ-ငါ၏၊ နမော-ရှိခိုးခြင်းသည်၊ အတ္ထု- ဖြစ်ပါစေသတည်း။
ကာယနှင့် အနုပဿနာ ရှင်းပြခြင်း
ယခုရေးလတ္တံသော တရားစာကို “ကာယာနုပဿနာ”ဟု ပညတ်အားဖြင့် အမည်ပေးလိုက်၏။ ကာယာနုပဿနာ ဟူ၍ အမည်တပ်လိုက်ခြင်းဖြင့် ကာယကို ရှုပွားရမည်အဖြစ်ကို သိကြရာသည်။ ကာယ-ဟူသည် အပေါင်းကို ဆိုသည်။ အဘယ်အပေါင်းနည်းဟူမူ -
(၁) ရူပကာယ-ရုပ်အပေါင်း
(၂) နာမကာယ-နာမ်အပေါင်း တို့ကို ဆိုခြင်းဖြစ်သည်။
ရူပကာယ-ရုပ်အပေါင်းသည်လည်း နှစ်မျိုးရှိသည်။ ဆံပင်, မွေးညှင်း စသောရုပ်တို့၏ အပေါင်းကိုလည်း ရူပကာယဆိုသည်။ အတိတ်ရုပ်, အနာဂတ်ရုပ်, ပစ္စုပ္ပန်ရုပ် စသော တစ်ဆယ့်တစ်မျိုးသော ရုပ်တို့၏အပေါင်းကိုလည်း ရူပကာယ ဆိုသည်။ (ရူပက္ခန္ဓာဟုလည်း ဆိုသည်)။ ဤသို့ဖြင့် ရူပကာယနှစ်မျိုးရှိလေသည်။ ဤနှစ်မျိုးသော ရူပကာယတို့တွင် ယခု ပထမပြဆိုလိုသော ရူပကာယမှာမူကား ဆံပင်, မွေးညှင်း စသော ကောဋ္ဌာသတို့၏အပေါင်းဖြစ်သော ရူပကာယကို ပြဆိုလိုခြင်းဖြစ်သည်။ ဒုတိယ ရူပကာယကိုမူ နောက်၌ပြဆိုပေမည်။
ကာယာနုပဿနာ ဟူသော ပုဒ်ကို အစိတ်စိတ်ခွဲလျှင် ကာယ+အနု+ပဿနာ ဟူ၍ သုံးပုဒ်ဖြစ်သည်။
ကာယ-ရုပ်အပေါင်း၌၊ တနည်း- ရုပ်အပေါင်းကို၊ အနု- အဖန်ဖန် အထပ်ထပ် အကြိမ်ကြိမ်၊ ပဿနာ- ဉာဏ်ဖြင့်ရှုကြည့်ခြင်း၊ ကာယာနုပဿနာ- ရုပ်အပေါင်း၌, ရုပ်ပေါင်းကို အဖန်ဖန် အထပ်ထပ် အကြိမ်ကြိမ် ဉာဏ်ဖြင့် ရှုကြည့်ခြင်း။
မိမိ၏ အဇ္ဈတ္တရုပ်အပေါင်း၌၊ တစ်နည်း- ရုပ်အပေါင်းကို ဆံပင်, မွေးညှင်း စသော ကောဋ္ဌာသ ရုပ်အပေါင်းအစုမျှသာ ဖြစ်သည်ဟု ဉာဏ်မျက်စိဖြင့်မြင်အောင် အဖန်ဖန် ရှုကြည့်မှုကို ကာယာနုပဿနာကမ္မဋ္ဌာန်း အားထုတ်သည်ဟုဆိုရသည်။ သူ တစ်ပါး၏ ဗဟိဒ္ဓ ရုပ်ပေါင်းကိုလည်း ဤသို့ပင် ရှုရမည်။ သို့သော် မိမိ အဇ္ဈတ္တရုပ်ကို မြင်မှ ဗဟိဒ္ဓရုပ်အပေါင်းကို ပဓာနအားဖြင့် ရှုရမည်။ အဇ္ဈတ္တရုပ်ကိုမြင်မှ ဗဟိဒ္ဓရုပ်ကို မြင်လွယ်ပေမည်။
အနုပဿနာသည်လည်း -
(၁) ကာယာနုပဿနာ
(၂) ဝေဒနာနုပဿနာ
(၃) စိတ္တာနုပဿနာ
(၄) ဓမ္မာနုပဿနာ
ဟူ၍လေးပါးရှိရာ ဤတရားစာ၌ ကာယာနုပဿနာကို ပဓာနပြု၍ ပြဆိုမည်ဖြစ်သည်။ အဘယ့်ကြောင့် ကာယာနုပဿနာကို ပဓာနပြု၍ ပြဆိုလိုသနည်းဟူမူ- ဝေဒနာနုပဿနာ, စိတ္တာနုပဿနာ, ဓမ္မာနုပဿနာ တို့သည် ရှေးရှေးကာလ ရှေးရှေးဘ၀တို့က အထုံဝါသနာ အလေ့အလာရှိခဲ့သဖြင့် ၀ိပဿနာဉာဏ်ရင့်ခဲ့သော ပုဂ္ဂိုလ်တို့၏ဉာဏ်ဖြင့်သာလျှင် ရှုမြင်ခြင်းငှာခန့်သော ရှုမြင်မှု၌ လျင်မြန်စွာ သိရှိနိုင်သော တရားသဘောတို့ ဖြစ်သည်။ ပကတိ ပသာဒမျက်စိဖြင့် မမြင်ကောင်း၊ ဉာဏစက္ခုဖြင့်သာ မြင်ကောင်းသော တရားတို့ဖြစ်သည်။ ကာယာနုပဿနာမှာမူကား ပါရမီဉာဏ် အနုအရင့်ရှိသော ပုဂ္ဂိုလ်နှစ်မျိုးလုံးပင် သင့်လျော်သော တရားဖြစ်သောကြောင့် ဤတရားစာ၌ ကာယာနုပဿနာကိုသာလျှင် ပဓာနအားဖြင့် ပြဆိုခြင်းဖြစ်ပေသည်။ ဝေဒနာနုပဿနာ စသည်တို့ကိုလည်း အထိုက်အလျောက် ပြဦးမည်ပင်ဖြစ်သည်။
မိမိ၏ ပစ္စုပ္ပန်ကာယ၌သာ ရှုသင့်ခြင်း
န ဣတော ဒူရေ ဘ၀ိတဗ္ဗံ၊ ဘ၀ဂ္ဂံ ကိံ ကရိဿတိ။
ပစ္စုပ္ပန္နမှိ ဝေါဟာရေ၊ သကေ ကာယမှိ ၀ိန္ဒထ။ ။
ဣတော- ဤမိမိကိုယ်မှ၊ ဒူရေ- ဝေးသော တစ်ပါးသောကိုယ်၌၊ နဘ၀ိတဗ္ဗံ- ၀ိပဿနာဉာဏ် မဖြစ်သင့်၊ ၀ါ- မရှုသင့်၊ ဘ၀ဂ္ဂံ- အထက်ဘ၀ဂ် ဘုံသည်၊ ကိံ ကရိဿတိ- အဘယ်ပြုအံနည်း၊ ပစ္စုပ္ပန္နမှိ ဝေါဟာရေ- မျက်မှောက် ပစ္စုပ္ပန်ဖြစ်သော၊ သကေကာယမှိ- မိမိကိုယ်၌၊ ၀ိန္ဒထ- သဘာဝကျကျ အမှန်ရအောင် သိရှိကြလေကုန်လော့။
ကာယာကာယာနုပဿနာ ကမ္မဋ္ဌာန်းအလုပ်ကို အားထုတ်လိုသော ယောဂီသည် မိမိကိုယ်ဟု ဆိုအပ်သော ရုပ်အစုအပေါင်းမှ တစ်ပါး အခြားသောရုပ်တို့ကို ရှုရမည်မဟုတ်၊ မိမိ၏ ပစ္စုပ္ပန် မျက်မှောက်ဖြစ်သော ရုပ်အပေါင်း၌သာလျှင် ရှုပါဟုဆိုသည်။ မိမိ၏ အဇ္ဈတ္တရုပ်ကို ရှု၍ အလေ့အလာရကာ သဘာဝကိုမြင်သလောက် မြင်သော်မှ အခြားသော ဗဟိဒ္ဓရုပ်ကို မိမိရုပ်နှင့်မခြား သဘောအားဖြင့် အလားတူဖြစ်သည်ဟု ရှုသင့်သည်။
ပစ္စုပ္ပန်တည့်တည့်ကျရန် မခဲယဉ်း
ပစ္စုပ္ပန်ဖြစ်သောရုပ်ကို ရှုရမည်ဆိုသဖြင့် ပစ္စုပ္ပန်တည့်တည့်ကျအောင် အချို့ပုဂ္ဂိုလ်တို့သည် တော်တော်ခဲခဲယဉ်းယဉ်း ကြံကြံစည်စည် ပင်ပင်ပန်းပန်း ပြောဟောရေးသား နေကြသည်ကို တွေ့ရသည်။ ပစ္စုပ္ပန်တည့်တည့်မိအောင် ရှုရမည် စသည်ဖြင့် အရေးတကြီး ပြောဆိုနေကြသည်ကိုလည်း သိရသည်။ သို့သော် ပစ္စုပ္ပန်ကျစေရန်မှာ ထိုမျှလောက် ခဲယဉ်းနေသည်ကား မဟုတ်ချေ။ မိမိ၏ အဇ္ဈတ္တရုပ်အပေါင်းကိုပင် ရှုသည်ဖြစ်စေ, ဗဟိဒ္ဓရုပ်အပေါင်းကိုရှုသည်ဖြစ်စေ ပစ္စုပ္ပန်ဖြစ်ဆဲဖြစ်သော ရုပ်တို့ကိုသာလျှင် ရှုမြင်လျက်ရှိနေခြင်း ဖြစ်ပေသည်။ တပင်တပန်း အထူးတလည် ပစ္စုပ္ပန်ကို ရှာဖွေအားထုတ်၍ ပစ္စုပ္ပန်တည့်တည့်ကျအောင် ပစ္စုပ္ပန်တည့်တည့်ဖြစ်အောင် အားထုတ်နေရသည်မဟုတ်ပေ။ အဘယ်ကြောင့်နည်းဟူမူ အတိတ်ဖြစ်သောရုပ်တို့သည် ချုပ်ငြိမ်းကြလေကုန်ပြီဖြစ်၍ ထင်ရှားမရှိကြတော့ချေ။ အနာဂတ်ဖြစ်သော ရုပ်တို့သည်လည်း မဖြစ်ပေါ်ကြသေးပေ။ ယောဂီသည် ရှုမြင်နေရသော ရုပ်တို့သည် ဥပါဒ်ဆဲ, ဥပါဒ်ဆဲဖြစ်သော ပစ္စုပ္ပန်ရုပ်တို့သာလျှင် ဖြစ်ကုန်၏။ သို့ကြောင့် ရုပ်အပေါင်း ရုပ်အစုကို ရှုသောယောဂီသည် ပစ္စုပ္ပန်တည့်တည့်ဖြစ်သော ရုပ်ကို ရှုမိစေရန် ကြောင့်ကြစိုက်၍ အားထုတ်ပြုလုပ်နေရသည်မဟုတ်။ အသစ်အသစ် ဥပါဒ်အနေဖြင့် အဆက်ဆက် ဖြစ်ပေါ်ဆဲဖြစ်သော ရုပ်အစုအပေါင်းကိုသာလျှင် ရှုမြင်လျက်သား ရှိနေသည်ကို သိရှိပါလေ။
ကာယသဘောသိမြင်မှ ဒုက္ခကုန်ဆုံးမည်
ကာယံ ဣမံ ၀ိဇာနာထ၊ ပရိဇာနာထ ပုနပုနံ။
ကာယေ သဘာဝံ ဒိသွာန၊ ဒုက္ခဿန္တံ ကရိဿထ။ ။
ဣမံကာယံ - ဤရူပကာယကို၊ ၀ါ- ဤရုပ်အစုပေါင်းကို၊ ၀ိဇာနာထ- ဉာတပရိညာဖြင့် သိအောင်ပြုကြကုန်လော့၊ ပုနပုနံ - အဖန်ဖန်၊ ပရိဇာနာထ- တီရဏပရိညာဖြင့် သိကြကုန်လော့၊ ကာယေ- ရူပကာယ၌၊ ၀ါ၊ ရုပ်အစုပေါင်း၌၊ သဘာဝံ- ဖောက်ပြန်ပျက်စီးတတ်သော ရုပ်၏သဘောကို၊ ဒိသွာန- ပဟာနပရိညာဖြင့် မြင်သည်ရှိသော်၊ ၀ါ- မြင်သောကြောင့်၊ ဒုက္ခဿန္တံ- ဒုက္ခဿအန္တံ- ဆင်းရဲ၏ ကုန်ဆုံးရာဖြစ်သော နိဗ္ဗာန်ကို၊ ၀ါ- ဆင်းရဲ၏ ကုန်ဆုံးခြင်းကို၊ ကရိဿထ- ပြုနိုင်ကြပေကုန်အံ့သတည်း။
နောက်က ပြဆိုခဲ့သည်အတိုင်း နိဗ္ဗာန်ရောက်ကြောင်းတရားကို အားထုတ်လိုသော ယောဂီသည် မိမိအားထုတ်ရမည့်တရားကို ဝေးဝေးလံလံသွား၍၊ ၀ါ- အဝေးသို့ ဉာဏ်ကိုစေလွှတ်၍ အခြား၌ ရှာဖွေနေရန်မဟုတ်၊ ပစ္စုပ္ပန်ဖြစ်အောင်လည်း ကြောင့်ကြစိုက်နေရန်မဟုတ်၊ မိမိကိုယ်ပေါ်မှာသာ ရှုပါလေ၊ ကြည့်ပါလေ၊ ဆင်ခြင်ပါလေ၊ အဖန်ဖန် အထပ်ထပ် အကြိမ်ကြိမ် ပွားများပါလေ၊ မိမိကိုယ်၏ ပင်ကို သဘောတရားကိုမြင်လျှင် ဆင်းရဲဒုက္ခ ကုန်ဆုံးရာ နိဗ္ဗာန်ကို မြင်ပါလိမ့်မည်, ရရှိပါလိမ့်မည်ဟု ဟောတော်မူသော ဒေသနာတော်ဖြစ်သည်။
ဤဒေသနာတော်သည် ပါဒအားဖြင့် လေးပါဒ၊ အက္ခရာ အရေအတွက်အားဖြင့် ၃၃-လုံးမျှသာ ဖြစ်သော်လည်း အလွန်လေးနက်၍ အဓိပ္ပါယ်ပါဝင်ကာ တန်ဖိုးရှိလှပေသည်။
အဓိပ္ပါယ်လေးနက်ပုံမှာ -
(၁) ကာယံ ဣမံ ၀ိဇာနာထ - ဟူသော ပထမပါဒဖြင့် ကိုယ်ဟု ပညတ်အားဖြင့် အသုံးပြုကာ ပြောဆိုနေသော ဤကိုယ်သည် ရုပ်အပေါင်း အစုအမျှသာဖြစ်သည်ဟု ရုပ်ကို ပိုင်းခြားညွှန်ပြသော ရူပပရိစ္ဆေဒဉာဏ်, ညာတပရိညာ, သစ္စဉာဏ်ကို ပြဆိုသည်။
(၂) ပရိဇာနာထ ပုနပုနံ- ဟူသော ဒုတိယပါဒဖြင့် ဉာတပရိညာဖြင့်သိမြင်ပြီးသော ရုပ်အပေါင်းအစုကို အနိစ္စ စသော လက္ခဏာတင်၍ မမြဲ, ဆင်းရဲ, အစိုးမရ - အတ္တမဟုတ်ဟူ၍ အဖန်ဖန်ဆင်ခြင်ပွားများသော သမ္မသနဉာဏ်, တီရဏပရိညာ, ကိစ္စဉာဏ်ကိုပြဆိုသည်။
(၃) ကာယေ သဘာဝံ ဒိသွာန- ဟူသော တတိယပါဒဖြင့် တီရဏပရိညာဉာဏ်ဖြင့် ဆင်ခြင်ပွားများဖန်များသောအခါ ရုပ်တရား၏ ဖောက်ပြန်မှု, ပျက်စီးမှု, မမြဲမှု, အနှစ်အသားမရှိမှု, ကိုယ်ပိုင်ရုပ် မဟုတ်မှု စသည်တို့ကို ဉာဏ်ဖြင့်မြင်ခြင်းကြောင့်, ထို ရုပ်၌လိုချင်ခြင်း, နှစ်သက်တပ်မက်ခြင်း, တွယ်တာခြင်း ကင်းသော အာဒီန၀ဉာဏ် စသည်နှင့်တကွ ပဟာနပရိညာ, ကတဉာဏ်ကို ပြဆိုသည်။
(၄) ဒုက္ခဿန္တံ ကရိဿထ- ဖြင့် နိရောဓသစ္စာကို မျက်မှောက်ပြုသည်ကို ပြဆိုသည်။
သို့ဖြစ်ပါ၍ ဤဒေသနာဂါထာသည် ပရိညာသုံးပါးကိုလည်း ပြဆိုရာရောက်သည်။ သစ္စဉာဏ်, ကိစ္စဉာဏ်, ကတဉာဏ် သုံးပါးကိုလည်း ပြဆိုရာရောက်သည်။ သို့ကြောင့် ဤဒေသနာတော်သည် အလွန်လေးနက်သော အဓိပ္ပါယ်ပါဝင်သော ဒေသနာဂါထာဖြစ်သည်ဟု ဆိုခဲ့သည်။
ဤဒေသနာတော်အလာ ကာယဟူသောပုဒ်အရ ရူပကာယ, နာမကာယ, နှစ်ပါးရှိသည်တွင် ရူပကာယနှင့်စပ်သော ဆင်ခြင်ပွားများနည်းကို ပထမပြဆိုမည်။ ထိုရူပကာယသည်လည်း ပထမက ခွဲခြားပြဆိုခဲ့သည့်အတိုင်း ကောဋ္ဌာသအစုအဝေးဖြစ်သောရူပကာယ, အတိတ်, အနာဂတ်, ပစ္စုပ္ပန် စသော ရုပ်အပေါင်းဟူသော ရူပကာယအားဖြင့် နှစ်ပါးရှိသည်တွင် ကောဋ္ဌာသအစုအပေါင်းဖြစ်သော ရူပကာယကိုပြဆိုမည်ဖြစ်သည်။ ကောဋ္ဌာသအစုအပေါင်းဖြစ်သော ရူပကာယကိုပြဆိုလျှင် မြတ်စွာဘုရားကိုယ်တော်တိုင် ဟောကြားတော်မူအပ်သော “ကာယ၀ိစ္ဆိန္ဒနိက” သုတ်ကို ထုတ်ဆောင်ပြရမူကား ဓမ္မဿဝန စာကြည့်ပုဂ္ဂိုလ်တို့၌ သာ၍ရှင်းလင်း နားလည်သဖြင့် နည်းလမ်းရယူနိုင်ပေရာသည်ဟု ယုံကြည်၍ “ကာယ၀ိစ္ဆိန္ဒနိက” သုတ်ကို ထုတ်ဆောင်ပြမည် ဖြစ်သည်။
ကာယ၀ိစ္ဆိန္ဒနိကသုတ်
သတ္တ၀ါမလှုပ်-ရုပ်သာလှုပ်ခြင်း
၁။ စရံ ၀ါ ယဒိ ၀ါ တိဋ္ဌံ၊ နိသိန္နော ဥဒ ၀ါ သယံ။
သမိဉ္ဇေတိ ပသာရေတိ၊ ဧသာကာယဿ ဣဉ္ဇနာ။ ။
စရံဝါ- သွားစဉ်၌မူလည်း၊ သမိဉ္ဇေတိ- ဒူးကိုကွေး၏။ ယဒိ- ထိုမျှ၊ ပသာရေတိ- ဒူးကိုဆန့်၏။ ဧသာ သမိဉ္ဇန ပသာရဏာ-ဤသို့ ကွေးခြင်း ဆန့်ခြင်းသည်၊ စိတ္တကြိယ၀ါယော ဓာတုဝိပ္ဖါရ၀သေန- သွားလိုသောစိတ်သည် ပြုအပ်သော ၀ါယောဓာတ် ပျံ့နှံ့ခြင်းတည်းဟူသော ဣရိယာပုတ်ခိုင်ခြင်း၏ အစွမ်းဖြင့်၊ ကာယဿ- အင်္ဂါကြီးငယ်ဟူသော ရုပ်အစုအပေါင်း၏၊ ဣဉ္ဇနာ- လှုပ်ရှားခြင်းသည်၊ ဟောတိ- ဖြစ်၏။ သတ္တဿ- မိန်းမ, ယောက်ျားစသော သတ္တ ပညတ်၏၊ ဣဉ္ဇနာ- လှုပ်ရှားခြင်းသည်၊ န-မဟုတ်။
ဥဒ- ထိုမှတစ်ပါး၊ တိဋ္ဌံ- တိဋ္ဌန္တောဝါ- ရပ်နေစဉ်မူလည်း၊ သမိဉ္ဇေတိ- ကွေး၏။ ယဒိ- ထိုမျှ၊ ပသာရေတိ- ဆန့်၏၊ ဧသာသမိဉ္ဇနပသာရဏာ- ဤသို့ ကွေးခြင်း ဆန့်ခြင်းသည်၊ စိတ္တကြိယ၀ါယော ဓာတုဝိပ္ဖါရ၀သေန- ရပ်လိုသောစိတ်သည် ပြုအပ်သော ၀ါယောဓာတ် ပျံနှံ့ခြင်းတည်းဟူသော ဣရိယာပုတ်ခိုင်ခြင်း၏ အစွမ်းဖြင့်၊ ကာယဿ- ရုပ်အစုအပေါင်း၏၊ ဣဉ္ဇနာ- လှုပ်ရှားခြင်းသည်၊ ဟောတိ- ဖြစ်၏။ သတ္တဿ- မိန်းမ, ယောက်ျား စသော သတ္တပညတ်၏၊ ဣဉ္ဇနာ- လှုပ်ရှားခြင်းသည်၊ နေ၀ဟောတိ- မဟုတ်သည်သာလျှင်တည်း။
ဥဒ- ထိုမှတစ်ပါး၊ နိသိန္နောဝါ- ထိုင်စဉ်မူလည်း၊ သမိဉ္ဇေတိ- ကိုယ်ကို ကွေး၏၊ ယဒိ- ထိုမျှ၊ ပသာရေတိ- ဆန့်၏၊ ဧသော သမိဉ္ဇနပသာရဏာ- ဤသို့ ကွေးခြင်း ဆန့်ခြင်းသည်၊ စိတ္တကြိယ၀ါယော ဓာတုဝိပ္ဖါရ၀သေန- ထိုင်လိုသောစိတ်သည် ပြုအပ်သော ၀ါယောဓာတ်ပျံ့နှံ့ခြင်းတည်းဟူသော ဣရိယာပုတ်ခိုင်ခြင်း၏ အစွမ်းဖြင့်၊ ကာယဿ- ရုပ်အပေါင်းအစု၏၊ ဣဉ္ဇနာ- လှုပ်ရှားခြင်းသည်၊ ဟောတိ- ဖြစ်၏။ သတ္တဿ- မိန်းမ, ယောက်ျား စသော သတ္တပညတ်၏၊ ဣဉ္ဇနာ- လှုပ်ရှားခြင်းသည်၊ နေ၀ဟောတိ- မဟုတ်သည်သာလျှင်တည်း။
ဥဒ- ထိုမှ တစ်ပါး၊ သယံ- သယန္တောဝါ- အိပ်စဉ်မူလည်း၊ သမိဉ္ဇေတိ- ကိုယ်ကိုကွေး၏၊ ယဒိ- ထိုမျှ၊ ပသာရေတိ- ဆန့်၏၊ ဧသာ သမိဉ္ဇနပသာရဏာ- ဤသို့ ကွေးခြင်း ဆန့်ခြင်းသည်၊ စိတ္တကြိယ၀ါယော ဓာတုဝိပ္ဖါရ၀သေန- အိပ်လိုသောစိတ်သည် ပြုအပ်သော ၀ါယောဓာတ် ပျံ့နှံ့ခြင်းတည်းဟူသော ဣရိယာပုတ်ခိုင်ခြင်း၏ အစွမ်းဖြင့်၊ ကာယဿ- ရုပ်အပေါင်းအစု၏၊ ဣဉ္ဇနာ- လှုပ်ရှားခြင်းသည်၊ ဟောတိ- ဖြစ်၏၊ သတ္တဿ- မိန်းမ, ယောက်ျား စသော သတ္တပညတ်၏၊ ဣဉ္ဇနာ- လှုပ်ရှားခြင်းသည်၊ နေ၀ဟောတိ- မဟုတ်သည်သာလျှင်တည်း။
စိတ္တဇ၀ါယောက ရုပ်ကိုလှုပ်စေခြင်း
တစ်စုံတစ်ယောက်သော ပုဂ္ဂိုလ်သည် လမ်းလျှောက်သွားစဉ် အခိုက်အတန့်၌ ရူပကာယဟူသော ဤရုပ်အပေါင်းသည် ကွေးကာဆန့်ကာဖြင့်သွားသော အခြင်းအရာဖြစ်ပေါ်ခြင်းသည် သွားလိုသော စိတ်ကြောင့်ဖြစ်သော စိတ္တဇ၀ါယောဓာတ် တွန်းကန်မှုကြောင့် ဤရုပ်အပေါင်း ရုပ်အစုကြီးသည် လှုပ်ရှားခြင်း, သွားခြင်း ဖြစ်သည်။ ရုပ်အပေါင်းအစုအပေါ်၌ ပညတ်အားဖြင့် ခေါ်ဝေါ်သုံးစွဲနေသော မိန်းမ, ယောက်ျား, ပုဂ္ဂိုလ်, သတ္တ၀ါ သွားခြင်းမဟုတ်၊ လှုပ်ရှားသွားလာသော ကိုယ်အင်္ဂါအစိတ်အပိုင်းတစ်ခုစီကို စိစစ်ကြည့်ပါ။ ဦးခေါင်းလည်း မိန်းမ, ယောက်ျား မဟုတ်၊ ၃၂-ပါးသော ကောဋ္ဌာသ အစုအပေါင်းမျှသာ ဖြစ်သည်။ နောက်၌လည်း ကောဋ္ဌာသ အစိတ်အစိတ်ဖြင့် ခွဲခြား၍ ဟောတော်မူလတ္တံ့ ဖြစ်သည်။
သွားနေသော အခိုက်အတန့်နည်းတူ ရပ်နေသော အခိုက်အတန့်, ထိုင်နေသော အခိုက်အတန့်, အိပ်နေသော အခိုက်အတန့်တို့၌ ကွေးခြင်း, ဆန့်ခြင်း, လှုပ်ရှားခြင်းသည် ရပ်လိုသောစိတ်, ထိုင်လိုသောစိတ်, အိပ်လိုသောစိတ်ကြောင့်ဖြစ်သော စိတ္တဇ၀ါယောဓာတ် တွန်းကန်မှုကြောင့် ရပ်ခြင်း, ထိုင်ခြင်း, အိပ်ခြင်းဟူသော ဣရိယာပုတ်ပြောင်းလွဲခြင်းဖြင့် ရုပ်အပေါင်းအစုကြီးသည် ရပ်, ထိုင်, အိပ်သည်ဟု ဆိုရသည်။ မိန်းမဟူသော ပညတ်, ယောက်ျားဟူသော ပညတ်အနေဖြင့် ရပ်သည်, ထိုင်သည်, အိပ်သည်, လှုပ်ရှားသည်ဟု မဆိုရ။ ပရမတ္တဖြစ်သော ရုပ်အစုကြီး လှုပ်ရှားခြင်းမျှသာဖြစ်သည် ဟူ၍ ဟောတော်မူခြင်း ဖြစ်သည်။
မိန်းမယောက်ျားက ပညတ်၊ ရုပ်-နာမ်က ပရမတ်
ဤဂါထာဒေသနာတော်၌ လှုပ်ရှားလိုသောစိတ်သည် ၀ိညာဏက္ခန္ဓာဖြစ်သည်။ ထိုစိတ်နှင့်ယှဉ်သော ဝေဒနာသည် ဝေဒနာက္ခန္ဓာဖြစ်သည်။ သညာသည် သညာက္ခန္ဓာဖြစ်သည်။ ဖဿ, စေတနာ စသော စေတသိက်တို့သည် သင်္ခါရက္ခန္ဓာ ဖြစ်သည်။ စိတ်ကြောင့်ဖြစ်သော ၀ါယောဓာတ်နှင့်တကွ ကောဋ္ဌာသရုပ်အစုအပေါင်းသည် ရူပက္ခန္ဓာ ဖြစ်သည်။ သွား, ရပ်, ထိုင်, အိပ် စသည်ဖြင့် လှုပ်ရှားနေသော ကိုယ်ကို ခွဲခြား၍ကြည့်လျှင် ဤခန္ဓာငါးပါးသာရှိသည်။ မိန်းမ, ယောက်ျား မရှိ။ ရုပ်, နာမ် အားဖြင့် ၂-ပါးသာရှိသည်။ မိန်းမ, ယောက်ျား မရှိ။ ပရမတ္တဖြစ်သော ရုပ်နာမ်အပေါင်း၌ အမည်နာမပညတ်အားဖြင့် တင်စား၍ ယောက်ျား, မိန်းမ, ပုဂ္ဂိုလ်, သတ္တ၀ါဟူ၍ ခေါ်ယူသုံးစွဲခြင်းသာလျှင်ဖြစ်သည်ဟူ၍ ပညတ်နှင့် ပရမတ်ကို ခွဲခြား၍ ဟောတော်မူခြင်း ဖြစ်သည်။ မိန်းမ, ယောက်ျား ဟူသည်ကား အမည်နာမပညတ်၊ ရုပ်နာမ်တရား အစုအပေါင်းကား ပရမတ္တ- ဤသို့မှတ်ပါ။
ဤသည်ကား “ကာယ၀ိစ္ဆိန္ဒနိက” သုတ်၌ အစအဦးဖြစ်သော ဂါထာဒေသနာတော်တည်း၊ ကာယ၀ိစ္ဆိန္ဒနိက၏ အဓိပ္ပါယ်မှာ ကိုယ်၌တပ်မက်တွယ်တာနှစ်သက်သော တဏှာရာဂကို ပယ်ဖြတ်ခြင်း၌ စွမ်းနိုင်သောသုတ်ဟု ဆိုလိုသည်။ ဤသုတ်ကို အကြိမ်ကြိမ်လေ့လာသော ယောဂီသည် မိမိ၏ရူပကာယ၌ ငါ၏ ရုပ်သည် လှပသည်, တင့်တယ်သည်, ချောမောသည်, ပြေပြစ်သည်, ရှုချင်ဖွယ်ရှိသည်, ပြည့်ဖြိုးသည်, ဖြူစင်သည် စသည်ဖြင့် တပ်မက်ခြင်း, တွယ်တာခြင်း, ယုယခြင်း, နှစ်သက်ခြင်း, သာယာခြင်းတို့ဖြင့် စွဲလမ်းသောတဏှာလောဘကို ပယ်သတ်နိုင်သဖြင့် ဇာတိ, ဇရာ, မရဏ စသော ဒုက္ခတို့၏ ငြိမ်းရာချုပ်ရာဖြစ်သော နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်မည်ဖြစ်သောကြောင့် “ကာယ၀ိစ္ဆိန္ဒနိက” သုတ်ကို အလေးဂရုပြုကာ နှလုံးသွင်းထိုက်လှပေသည်။
ဤသုတ်ကို နှစ်ဌာန၌ ဟောတော်မူခြင်း
ကာယ၀ိစ္ဆိန္ဒနိကသုတ်ကို မြတ်စွာဘုရားသည် အကြောင်းမဲ့ ဟောတော်မူသည်ကား မဟုတ်ချေ။ အကြောင်းအားလျော်စွာ ဟောတော်မူသည် ဖြစ်သောကြောင့် ဤသုတ်၏ အကြောင်း အတ္ထုပ္ပတ္တိနိဒါန်းကို ကြိုတင်ကာ သိသင့်ကြသည်ဖြစ်၍ နိဒါန်းကို ထုတ်ဆောင်ပြဦးအံ့။
ဤကာယ၀ိစ္ဆိန္ဒနိကသုတ်ကို မြတ်စွားဘုရားသည် ဌာနအားဖြင့် နှစ်ဌာနတို့၌ ဟောတော်မူသည်။ တစ်ဌာနကား သာဝတ္ထိမြို့ ဖြစ်သည်။ နောက်တစ်ဌာနကား ရာဇဂြိုလ်မြို့ ဖြစ်သည်။
(၁) သာဝတ္ထိမြို့၌ ဇနပဒကလျာဏီ နန္ဒာထေရီကို အကြောင်းပြု၍ ဟောတော်မူသည်။
(၂) ရာဇဂြိုလ်မြို့၌ အညတရ ရဟန်းတစ်ပါးကို အကြောင်းပြု၍ ဟောတော်မူသည်။
နန္ဒာမင်းသမီး ၃-ဦး ရဟန်းပြုခြင်း
သာဝတ္ထိမြို့၌ ဟောတော်မူခြင်း
မြတ်စွာဘုရားသည် ဒေသစာရီကြွချီတော်မူရာ အစဉ်အတိုင်းအားဖြင့် ကပိလ၀တ် နေပြည်တော်သို့ရောက်၍ သာကီဝင်မင်းတို့ကို ဟောပြောဆုံးမတော်မူပြီးလျှင် နန္ဒာမင်းသား စသည်တို့ကို ရဟန်းပြုတော်မူစေပြီးကာလ မာတုဂါမတို့အား ရဟန်းအဖြစ်ကို ခွင့်ပြုတော်မူလေသော် အရှင်အာနန္ဒာ၏ နှမတော် နန္ဒာခေမက သာကီဝင်မင်းသမီး၊ အဘိရူပနန္ဒာ၊ ဇနပဒကလျာဏီနန္ဒာ ဟူသော နန္ဒာအမည်ရှိ မင်းသမီးသုံးယောက်တို့သည် မြတ်စွာဘုရားထံ ရဟန်းပြုကြကုန်၏။ ထိုမင်းသမီးတို့ ရဟန်းပြုသောအခါ မြတ်စွာဘုရားသည် သာဝတ္ထိမြို့၌ သီတင်းသုံးတော်မူသည်။
ထိုမင်းသမီး သုံးယောက်တို့တွင် အဘိရူပနန္ဒာသည် လွန်စွာအဆင်းလှသောကြောင့် အဘိရူပနန္ဒာဟု အမည်တွင်၏။ ဇနပဒကလျာဏီနန္ဒာမူကား အဆင်းအားဖြင့် မိမိနှင့်တူသောသူကို မမြင်ဟု ဆိုသည်။ ထိုမင်းသမီး ဘိက္ခုနီနှစ်ယောက်တို့သည် မိမိတို့၏ ရုပ် ရူပကာယ အဆင်းလှပခြင်း၌ ယစ်ကြသောကြောင့် မြတ်စွာဘုရားထံတော်သို့ မသွားကြကုန်။ မြတ်စွာဘုရားကို မဖူးကြ။ တရားတော်ကိုလည်း သွားရောက်မနာကြကုန်။ အဘယ်ကြောင့်နည်းဟူမူ မြတ်စွာဘုရားသည် အဆင်းလှခြင်းကို ကဲ့ရဲ့တော်မူသည်။ များစွာသောအကြောင်းတို့ဖြင့် အဆင်း၏ အပြစ်ကို ပြောဟောတော်မူသည်။ သို့ဖြစ်ပါ၍ အဆင်း၌တပ်မက်မူးယစ်ခြင်း သဘောရှိသော ဤမင်းသမီး ဘိက္ခုနီနှစ်ယောက်တို့သည် မြတ်စွာဘုရားထံတော်သို့ ဖူးမြော်ရန်၊ တရားနာရန် မသွားကြခြင်းဖြစ်သည်။
ယင်းသို့ဖြစ်လျက် အဘယ်ကြောင့် ရဟန်းပြုကြသနည်းဟူမူ အဘိရူပနန္ဒာသည် မင်းသားတစ်ဦးနှင့် လက်ထပ်ထိမ်းမြားသောနေ့၌ လင်ဖြစ်သောမင်းသားသည် သေလွန်လေသည်။ ထိုအခါ မိဘတို့က အဘိရူပနန္ဒာ အလိုမတူဘဲ အဘိရူပနန္ဒာကို ရဟန်းပြုစေသောကြောင့် ရဟန်းအဖြစ်သို့ရောက်ခြင်းဖြစ်သည်။ ဇနပဒကလျာဏီနန္ဒာမူကား အရှင်နန္ဒထေရ် အရဟတ္တဖိုလ်ရောက်လေသော် ဇနပဒကလျာဏီ၌ အာသာဆန္ဒပြတ်သည်ဖြစ်၍တစ်ကြောင်း၊ အရှင်နန္ဒထေရ်၏မယ်တော် မဟာမဇာပတိဂေါတမီနှင့် အခြားဆွေတော်မျိုးတော်တို့ ရဟန်းပြုကြကုန်သည်ဖြစ်ရာ ဆွေမျိုးတို့နှင့်ကင်း၍ အိမ်၌နေခြင်းသည် မပျော်ပိုက် စိတ်သက်သာရာ မရသောကြောင့်တစ်ကြောင်း ရဟန်းပြုခြင်းဖြစ်သည်။ သို့ဖြစ်၍ အဘိရူပနန္ဒာနှင့် ဇနပဒကလျာဏီနန္ဒာတို့သည် သဒ္ဓါပဗ္ဗဇိတတို့ မဟုတ်ကြဟုဆိုသည်။
အလှည့်ကျ တရားနာရခြင်း
မြတ်စွာဘုရားသည် မဟာကရုဏာသမာပတ္တိဉာဏ်တော်ဖြင့် ဝေနေယျတို့ကို ရှုာကြည့်တော်မူရာ အဘိရူပနန္ဒာ, ဇနပဒကလျာဏီနန္ဒာစသော ရဟန်းမိန်းမတို့သည် ဉာဏ်ရင့်ကျက်သည်ကို သိမြင်တော်မူသဖြင့် ရဟန်းမိန်းမအားလုံးတို့သည် ငါဘုရားထံတော်၌ အဆုံးအမသြ၀ါဒ ခံယူခြင်းငှာ အစဉ်အတိုင်းအလှည့်ကျလာရောက်ကြရမည်၊ လာစေကြရမည်ဟု မဟာပဇာပတိ ဂေါတမီထေရီအား မိန့်တော်မူသည်။ အဘိရူပနန္ဒာနှင့် ဇနပဒကလျာဏီနန္ဒာတို့သည် တရားနာယူရန်, သြ၀ါဒခံယူရန် မိမိတို့အလှည့်ရောက်သော်လည်း မိမိကိုယ်တိုင် မသွားကြဘဲ သူတစ်ပါးစေလွှတ်ကြကုန်၏။ မြတ်စွာဘုရား သိရှိတော်မူသဖြင့် မိမိအလှည့်ရောက်သောသူသည် ကိုယ်စား သူတစ်ပါးကို စေလွှတ်ခြင်းမပြုကြရ၊ ကိုယ်တိုင်လာကြရမည်ဟု ထပ်မံမိန့်ကြားတော်မူလေသည်။
အဘိရူပနန္ဒာ ရဟန္တာမ ဖြစ်ခြင်း
ယင်းသို့မိန့်ကြားတော်မူသည်ဖြစ်၍ အခါတစ်ပါး၌ အဘိရူပနန္ဒာသည် သြ၀ါဒတရားနာယူရန် မြတ်စွာဘုရားထံသို့ ကိုယ်တိုင် လိုက်သွားလေသသည်။
မြတ်စွာဘုရားသည် အဘိရူပနန္ဒာကို ဖန်ဆင်းအပ်သော နတ်သမီး အဆင်းသဏ္ဌာန်ဖြင့် ထိတ်လန့်စေပြီးကာလ -
အဋ္ဌီနံ နဂရံ ကတံ၊ မံသ လောဟိတ လေပနံ။
ယတ္ထ ဇရာ စ မစ္စု စ၊ မာနော မက္ခော စ သြဟိတော။
နန္ဒေ- နန္ဒာ၊ ကဋ္ဌာနိ- သစ်သားတို့ကို၊ ဥဿာပေတွာ- စိုက်ထူ၍၊ ၀လ္လိဗဒ္ဓံ- ကြိမ်နွယ်ဖြင့် ဖွဲ့အပ်သော၊ မတ္တိကာလေပနံ- မြေစိုင်ဖြင့် လိမ်းကျံအပ်သော၊ နဂရံ- ကောက်ပဲထည့်စရာ ပကတိသော အိမ်ကို၊ ကရောန္တိယထာ- ပြုလုပ်ကြကုန်သကဲ့သို့၊ တထာ- ပမာပုံမူ ထို့အတူ၊ အဋ္ဌီနံ- သုံးရာသော အရိုးတို့ကို၊ ဥဿာပေတွာ- စိုက်ထူ၍၊ နှာရုဝိနဒ္ဓံ- သုံးရာသောကြောတို့ဖြင့် ဖွဲ့ယှက်ရစ်ပတ်အပ်သော၊ မံသလောဟိတလေပနံ- ကိုးရာသောသားတစ်, တစ်ပြည်မျှလောက်သော သွေးတို့ဖြင့် လိမ်းကျံအပ်သော၊ နဂရံ- ရူပကာယလ ခန္ဓာကိုယ်တည်းဟူသောအိမ်ကို ၊ ကတံ- ပြုအပ်၏။ ယတ္ထ- အကြင်အိမ်၌၊ ဇရာစ- ဆိုးရွားဟောင်းမြင်း အိုမင်းမှည့်ပျော် ရင့်ရော်ခြင်းလည်းကောင်း၊ မစ္စုစ- စုတေပျက်ကြွေ သေလွန်ခြင်းလည်းကောင်း၊ မာနောစ- မာန်တကြွားကြွား ငါတကားဟု ထောင်လွှားခြင်းလည်းကောင်း၊ မက္ခောစ- ကောင်းစွာပြုသောသူ့ကျေးဇူးကို ချေခြင်းလည်းကောင်း၊ ဣတိ- ဤသို့၊ ဧ၀ရူပေါ- ဤသို့သဘောရှိသော၊ အာဗာဓော- ဇရာမစ္စုတည်းဟူသော ကိုယ်၏ အနာဟူသော ကျင်နာခြင်းကို၊ သြဟိတော- ထည့်သွင်းသိုလှောင်အပ်သတည်း။ ဤဓမ္မပဒလာ ဒေသနာတော်ဖြင့်လည်းကောင်း။
(က) အာတုရံ အသုစိံ ပုတိံ၊ ပဿ နန္ဒေ သမုဿယံ၊ ဥဂ္ဃရန္တံ ပဂ္ဃရန္တံ ၊ ဗာလာနံ အဘိပတ္ထိတံ။
( ခ) အနိမိတ္တဉ္စ ဘာဝေဟိ၊ မာနနုသယ-မုဇ္ဇဟ။ တတော မာနာ-ဘိသမယာ၊ ဥပသန္တာ စရိဿတိ။
(က) နန္ဒေ-နန္ဒာ၊ အာတုရံ- ကျဉ်နာသော၊ အသုစိံ- မစင်ကြယ်သော၊ ပုတိံ- ပုပ်သိုးသော၊ ဥဂ္ဃရန္တံ- အထက်သို့ လျှံတက်ယိုစီးသော၊ ပဂ္ဃရန္တံ- အောက်သို့သက်၍ ယိုထွက်သော၊ သမုဿယံ- ကိုယ်ကို၊ ပဿ- ရှုစမ်းလေလော့၊ နံသမုဿယံ- ကျဉ်နာခြင်း စသည်ရှိသော ထိုကိုယ်ကို၊ ဗာလာ-ဗာလေဟိ- အမြင်မှောက်မှား ပုထုဇဉ် လူမိုက်များတို့သည်၊ အဘိပတ္ထိတံ- လွန်စွာတောင့်တအပ်၏။
( ခ) အနိမိတ္တဉ္စ- နိစ္စနိမိတ် စသည်မှကင်းသော အနိစ္စာနုပဿနာကိုလည်း၊ ဘာဝေဟိ- ပွားစေလော့၊ မာနနုသယံ- ကိုယ်သန္တာန်၌ကိန်းသော အဆင်းစသည်၌ ယစ်ခြင်းမာန်ကို၊ ဥဇ္ဇဟ- ပယ်စွန့်လေလော့၊ တတော မာနာဘိသမယာ- ထိုအနိစ္စာနုပဿနာကို ပွားစေခြင်း, မာန်ကိုပယ်ခြင်းကြောင့်၊ ဥပသန္တာ- ကိလေသာငြိမ်းသည်ဖြစ်၍၊ တွံ- သင်သည်၊ စရိဿတိ- နေရပေတ္တံ့။
ဤထေရီအပဒါန်လာ ဒေသနာတို့ဖြင့်လည်းကောင်း ဟောတော်မူသည်ဖြစ်၍ အဘိရူပနန္ဒာထေရီသည် အစဉ်အတိုင်း အရဟတ္တဖိုလ်သို့ ဆိုက်ရောက်တော်မူလေပြီ။
ဤပြဆိုအပ်ပြီးသော တရားအစဉ်ဖြင့် အဘိရူပနန္ဒာထေရီ ရဟန္တာမ အဖြစ်သို့ရောက်သော အတ္ထုပ္ပတ္တိတည်း။
ဇနပဒကလျာဏီ နန္ဒာထေရီအကြောင်း
သာဝတ္ထိမြို့သူမြို့သားတို့သည် ဇေတ၀န်ကျောင်းတော်သို့ သွားကြကာ နံနက်ခင်း၌ သံဃာတော်များအား ဆွမ်းခဲဖွယ်ဘောဇဉ်တို့ကို ကပ်လှူကြခြင်း, ဥပုသ်သီလဆောက်တည်ခြင်းတို့ကို ပြုကြပြီးနောက် ညနေချမ်းအချိန်၌ ပန်းနံ့သာစသည်တို့ကို ယူဆောင်၍ ဇေတ၀န်ကျောင်းတော်သို့ တရားနာရန်သွားကြကုန်၏။ တရားစကားကြားနာကြပြီးကာလ မြတ်စွာဘုရားကို ဖူးမြော်ကန့်တော့၍ မြို့တွင်းပြန်ကြစဉ် မြတ်စွာဘုရား၏ ဂုဏ်တော်၊ ကျေးဇူးတော်တို့ကို ၀မ်းသာအားရ အချင်းချင်း ပြောဆိုကြကာ သွားကြကုန်၏။ ဘိက္ခုနီမတို့သည်လည်း မြတ်စွာဘုရားကို ဖူးမြော်ခြင်း၊ တရားနာယူခြင်း ပြုကြပြီး၍ ဘိက္ခုနီကျောင်းသို့ ပြန်ရောက်ကြလျှင် မြတ်စွာဘုရား၏ ရူပကာယတော်မှစ၍ ကျေးဇူးတော် ဂုဏ်တော်တို့ကို အချင်းချင်း ပြောကြားကြကုန်၏။
မြတ်စွာဘုရားကို ကြည်ညိုခြင်း ၄-မျိုး
မြတ်စွာဘုရားကို ကြည်ညိုမြတ်နိုးသူတို့သည် အမျိုးစားအားဖြင့် လေးမျိုးရှိ၏။ ထိုလေးမျိုးတို့ အသီးသီး ကြည်ညိုပုံကို မှတ်သားသင့်ပေသည်။ လေးမျိုးဟူသည်မှာ -
(၁) လက္ခဏာတော်ကြီးငယ်, ခြောက်သွယ်သောရောင်ခြည်တော်တို့ဖြင့် ကျက်သရေပြည့်ကြွယ် သပ္ပာယ်သော ရူပကာယတော်ကို ဖူးမြော်ရ၍ ကြည်ညိုသောသူတစ်မျိုး။
(၂) မြတ်စွာဘုရားသည် အလောင်းတော်အဖြစ်နှင့် ပါရမီတော်တို့ကိုဖြည့်စဉ် ထိုထိုဘ၀၊ ထိုထိုဇတ်တော်တို့ကို ဟောကြားတော်မူသည်ကို မှီ၍ဖြစ်သော ကျေးဇူးသတင်း၊ ကျော်စောခြင်းကိုလည်းကောင်း၊ သန့်ရှင်းသော အသံတော်, သာယာသော အသံတော်, သိလွယ်တော် အသံတော်, ကြားနာချင်ဖွယ်ရှိသော အသံတော်, ဖရိုဖရဲ မကြဲသော အသံတော်, စည်းလုံးသော အသံတော်, နက်ရှိုင်းသော အသံတော်, ပဲ့တင်ထပ်သော အသံတော်ဟူ၍ အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသော အသံတော်ကို ကြားနားရခြင်းကိုလည်းကောင်း အကြောင်းပြု၍ ကြည်ညိုသောသူတစ်မျိုး။
(၃) ပံသုကူလ ဓုတင်ဆောင်ခြင်း အစရှိသော ခေါင်းပါးသောအကျင့်သိက္ခာတော်ကို အကြောင်းပြု၍ ကြည်ညိုသောသူတစ်မျိုး။
(၄) သီလဂုဏ်တော်, သမာဓိဂုဏ်တော်, ပညာဂုဏ်တော် စသော ဓမ္မဂုဏ်တော်ကို အကြောင်းပြု၍ ကြည်ညိုသောသူတစ်မျိုး။
ဤသို့အားဖြင့် မြတ်စွာဘုရားကို ကြည်ညိုသောသူတို့သည် လေးမျိုးရှိကုန်၏။ မြတ်စွာဘုရားကို ကြည်ညိုသူတို့တွင် -
(၁) လက္ခဏာတော်ကြီးငယ်တို့ဖြင့် ဖူးမျှော်၍မငြီးအောင် တင့်တယ်သပ္ပာယ်တော်မူသော ရူပကာယတော်ကို အာရုံပြု၍ ကြည်ညိုသောသူတို့သည် သုံးပုံမှာ နှစ်ပုံရှိသည်ဟုဆိုသည်။
(၂) တရားဟောပြောတော်မူရာ၌ အသံတော်ကို အာရုံပြု၍ ကြည်ညိုကြသောသူတို့သည်ကား ငါးပုံမှာ လေးပုံရှိသည်ဟုဆိုသည်။
(၃) ဓုတင်ဆောက်ခြင်း အစရှိသော ခေါင်းပါးသောအကျင့်ကို အာရုံပြု၍ ကြည်ညိုကြသောသူတို့သည်ကား ဆယ်ပုံမှာ ကိုးပုံရှိသည်ဟု ဆိုသည်။
(၄) သီလ, သမာဓိ, ပညာ စသော ဂုဏ်တော်တို့ကို အာရုံပြု၍ ကြည်ညိုကြသောသူတို့သည်ကား အပုံတစ်ထောင်မှာ တစ်ပုံသာရှိသည်ဟုဆိုသည်။
နန္ဒာထေရီ တရားနာလာခြင်း
မြတ်စွာဘုရားကျောင်းတော်မှာ မြတ်စွာဘုရား၏ တရားစကားတော်များကို ကောင်းမွန်စွာကြားနာပြီးကာလ ပြန်လာကြသော ဥပါသကာ, ဥပါသိကာမများထံမှလည်းကောင်း၊ တရားနာပြန်ဘိက္ခုနီမများထံမှ လည်းကောင်း၊ မြတ်စွာဘုရား၏ အဖုံဖုံ အစုံစုံသော ဂုဏ်တော်တို့နှင့် စပ်သော သတင်းစကားတို့ကို ကြားသိရသော ဇနပဒကလျာဏီ နန္ဒာထေရီသည် ဤသို့ အကြံဖြစ်လေသည်။ (ဤမှနောက်၌ ဇနပဒကလျာဏီနန္ဒာကို နန္ဒာထေရီဟူ၍ ရေးသားသုံးစွဲသွားမည်။) အဘယ်သို့ဖြစ်သနည်းဟူမူ ဤသူဤသူတို့သည် ငါ၏မောင်တော်ဖြစ်သော မြတ်စွာဘုရား၏ ဂုဏ်တော် ကျေးဇူးတော်တို့ကို ခံတွင်းမဆန့် အံ့သြချီးကျူးပြောဆိုကြသည်။ မြတ်စွာဘုရားသည် တစ်နေ့ပတ်လုံး ရုပ်ရည်အဆင်းလှပခြင်း၏ အပြစ်ကို ဆိုချင်ဆိုစေ၊ ငါသည် အဖေါ်ဘိက္ခုနီမတို့နှင့် အတူသွား၍ မိမိကိုယ်ကို မပြဘဲ မောင်တော်မြတ်စွာဘုရားကို ဖူးမြော်ကာ တရားတော်ကိုနာယူမည်ဟု အကြံဖြစ်၍ အဖေါ်ဘိက္ခုနီတို့အား မိမိတရားနာလိုက်မည်ဖြစ်ကြောင်းကို ပြောကြားလေသည်။ အဖေါ်ဘိက္ခုနီတို့က “ဤနန္ဒာထေရီသည် ယခင်က တရားနာမလိုက်စဖူး၊ ကြာမြင့်စွာနေ၍ ယနေ့မှတရားနာလိုက်၍ မြတ်စွာဘုရားထံ ဆည်းကပ်လို၏။ ယနေ့ နန္ဒာထေရီကို အကြောင်းပြု၍ မြတ်စွာဘုရားသည် ဆန်းကြယ်သော တရားစကားတော်ကို ဟောတော်မူရာသည်”ဟု ၀မ်းမြောက်ဝမ်းသာ ဖြစ်ကြလျက် နန္ဒာထေရီကို အတူခေါ်ကာ မြတ်စွာဘုရားထံသို့ တရားနာယူရန် သွားကြကုန်၏။
နန္ဒာထေရီကမူကား ဘိက္ခုနီကျောင်းမှ ထွက်သည်ကစ၍ ငါသည် မောင်တော်ဘုရား၏ တရားတော်ကိုပင် ကြားနာသော်လည်း ငါ့ကိုယ်ကိုသော်ကားမပြအံ့ဟု နှလုံးသွင်းကာသွား၏။ မြတ်စွာဘုရားသည် ယနေ့ နန္ဒာထေရီသည် ငါ့ထံသို့ တရားနာလာပေလိမ့်မည်။ နန္ဒာထေရီအား အဘယ်တရား ဒေသနာသည် လျောက်ပတ်လေသနည်းဟု ဆင်ခြင်တော်မူလျှင် နန္ဒာထေရီသည်ကား အဆင်း၌ အလေးပြုသူဖြစ်သည်။ မိမိကိုယ်အဆင်း၌ လွန်မင်းစွာ တပ်မက်ခြင်း, ချစ်ခြင်း ရှိသူဖြစ်သည်။ သို့ကြောင့် ဆူးတစ်ခုဖြင့် ဆူးတစ်ခုကို ထွင်သကဲ့သို့ အဆင်းဖြင့်သာလျှင် သူ၏အဆင်း၌ တပ်မက်ခြင်း, ယစ်ခြင်းကို ပယ်မှုသည် လျောက်ပတ်သင့်မြတ်ပေသည်ဟု ဆင်ခြင်တော်မူလေသည်။
နိမ္မိတ သတို့သမီးဖေါက်ပြန်ပုံပြခြင်း
နန္ဒာထေရီ ဘုရားကျောင်းတော်သို့ရောက်၍ မြတ်စွာဘုရားရှေ့တော်ပရိသတ်အတွင်းသို့ ၀င်ရောက်သောအခါ အသက် ၁၆-နှစ်ရွယ်ဖြင့် အလွန်လှပတင့်တယ် ရှုမောဖွယ်ရှိသော သတို့သမီးကို ခပ်သိမ်းသောအဆင်တန်ဆာတို့ဖြင့် ဆင်ယင်ကာ မြတ်စွာဘုရားကို ယပ်လေခတ်၍နေဟန် ဖန်ဆင်း၍ပြတော်မူသည်။ နိမ္မိတဖြစ်သော သတို့သမီးကို မြတ်စွာဘုရားနှင့် နန္ဒာထေရီသာလျှင် မြင်ကြရသည်။ နန္ဒာထေရီသည် ဘိက္ခုနီတို့အကြား နောက်ပါးကနေလျက် မြတ်စွာဘုရားအား ခြေတော်ဖျားမှ ဆံတော်ဖျားတိုင်အောင် ဖူးမြော်ကြည်ညိုသောအခါ မြတ်စွာဘုရားသည် ဖန်ဆင်းတော်မူအပ်သော နိမ္မိတဖြစ်သော လှပတင့်တယ်ရှုချင်စဖွယ်ရှိသော သတို့မီးကိုမြင်၍ မိမိကိုယ်ကို ပြန်လည်ကြည့်လေသော် ရွှေဟင်္သာအနီး၌ ကျီးကန်းမနှင့် အလားတမူတူလျက်ရှိသော မိမိကိုယ်ကိုမြင်၍ နိမ္မိတဖြစ်သော သတို့သမီး၏ အဆင်းအာရုံ၌ အလွန်အမင်း ပြင်းပြစွာ သာယာတပ်မက်ခြင်း ဖြစ်လေသည်။
နန္ဒာထေရီသည် ထိုသတို့သမီး၏ ရူပါရုံ၌ ပြင်းပြစွာ သာယာနှစ်သက်တပ်မက်သည်ကို မြတ်စွာဘုရား သိရှိတော်မူသောကာလ တရားဟောတော်မူစဉ်၌ပင် ထိုသတို့သမီးကို ၁၆-နှစ် အရွယ်မှလွန်စေ၍ အသက် ၂၀-အရွယ်ဖြစ်စေကာ ပြတော်မူ၏။ နန္ဒာထေရီသည် သတို့သမီး၏ ရူပါရုံကိုကြည့်ရှုလျက် ယခင်အဆင်းရူပါရုံနှင့် မတူလေပြီဟု နှလုံးသွင်း၍ ပြင်းပြစွာ တပ်မက်ခြင်းလျော့ကာ စိတ်ပြောင်းလဲသွား၏။ မြတ်စွာဘုရားသည်လည်း နိမ္မိတရုပ်ကို အသက် ၂၀-ရွယ်မှသည် တစ်ကြိမ် သားဖွားပြီးသောအရွယ်, မိန်းမလတ် အရွယ်, မိန်းမကြီးအရွယ်အားဖြင့် အစဉ်အတိုင်း အိုရုပ်အိုရည် တဖြည်းဖြည်း ပြောင်းလဲလာသည်နှင့်အမျှ ထိုရူပါရုံ၌ တပ်မက်တွယ်တာ နှစ်သက်သာယာခြင်းသည်လည်း အားနည်းလျော့ပါး၍ လာလေသည်။
နန္ဒာထေရီ ကာယာနုပဿနာရှုမြင်ခြင်း
နိမ္မိတဖြစ်သော မိန်းမရုပ်သည် အိုမင်းခြင်း, သွားကျိုးဆံဖြူခြင်း, ဒယိမ်းဒယိုင်, ခနော်ခနဲ့ရှိခြင်း, အိမ်အမိုးအခြင်ရနယ်ကဲ့သို့ အသားအရေကျ၍ နံရိုးကျဲကျဲရှိခြင်း, ထို့နောက် တုန်တုန်ရီရီဖြင့် တောင်ဝှေးကိုင်စွဲကာ လှုပ်ရှားခြင်းတို့ကို မြင်သောအခါ၌ကား ထို ရူပါရုံ၌တပ်မက်သော ဆန္ဒအာသာ အလွန့်အလွန် နည်းပါးသွားလေတော့သည်။ ထိုအချိန်၌ မြတ်စွာဘုရားသည် နိမ္မိတဖြစ်သော မိန်းမရုပ်ကို ရောဂါသည်းထန်စွာခံစားသောပုံ, တောင်ဝှေးကိုပစ်ကာ မြေ၌လဲလျောင်း၍ မသက်မသာ သည်းတွားမြည်တမ်းရသောပုံ, မိမိ၏ကျင်ငယ်ထဲ၌ လူးလဲနေရသော ပုံသဏ္ဌာန်တို့ကို ဆက်ကာဆက်ကာ ပြတော်မူသည်။ နန္ဒာထေရီသည်လည်း ထိုရူပါရုံ၌ တပ်မက်နှစ်သက်ခြင်း, တဏှာလောဘနှင့် ယှဉ်သောစိတ်သည် ခေါင်းပါးသည်ထက် ခေါင်းပါး၍ လာလေတော့သည်။
ထို့နောက် မြတ်စွာဘုရားသည် နိမ္မိတမိန်းမရုပ်ကို သေလွန်သောပုံ, ဖူးဖူးရောင်သောကိုယ်ရှိသောပုံ, ခန္ဓာကိုယ်၏ အမာဝ ကိုးပေါက်တို့မှ သွေးပုပ်ပြည်ပုပ်တွေ ယိုစီးလျက် ပိုးလောက်တွေ တဖွားဖွားကျ၍ ကျီး, စွန်, လင်းတတို့ လုယက်ကိုက်ခဲကြသောပုံတို့ကို ပြတော်မူသည်။ နန္ဒာထေရီသည် ဤသို့ ဆင်ခြင်မိလေသည်။ အဘယ်သို့ ဆင်ခြင်မိသနည်းဟူမူ ဤမိန်းမသည် ဤနေရာဌာန ငါ၏မျက်မှောက်၌ပင်လျှင် အိုခြင်း, နာခြင်း, သေခြင်းသို့ ရောက်လေသည်။ ဤ မိန်းမကဲ့သို့ပင်လျှင် ငါ၏ ခန္ဓာကိုယ်သည်လည်း အိုခြင်း, နာခြင်း, သေခြင်း သဘောသို့ ဧကန်မလွဲ ရောက်ရပေဦးအံ့ဟူ၍ ဆင်ခြင်ကာ မိမိကိုယ်ကို အနိစ္စဟုရှု၏။ ဒုက္ခဟုရှု၏။ အစိုးမရ အနှစ်သာရမရှိ အနတ္တဟု ရှု၏။ ဘုံသုံပါး၌ သုံးပါးသောဘ၀တို့ကို အလျှံပြောင်ပြောင် တောက်လောင်၍နေသော အိမ်ကြီးကဲ့သို့ ဉာဏ်၌ထင်လာ၏။ ခန္ဓာကိုယ်ကြီးကိုလည်း လည်ပင်း၌ဆွဲအပ်သော အကောင်ပုပ်ကဲ့သို့ ထင်မြင်၏။ ကာယာနုပဿနာကမ္မဋ္ဌာန်း အာရုံသို့ ပြေးဝင်သောစိတ် ဖြစ်ပေါ်လာ၏။
နန္ဒာထေရီ တရားထူးရစေသောဂါထာ
နန္ဒာထေရီ၏ မိမိရူပကာယ၌ အနိစ္စဟုရှုမြင်သည်ကို မြတ်စွာဘုရားသိရှိသောမူသောအခါ နန္ဒာထေရီသည် မိမိကိုယ်တိုင် မိမိ၏ ကိုးကွယ်ရာကို ပြုခြင်းငှာ စွမ်းဆောင်နိုင်ပါမည်လောဟု ဆင်ခြင်တော်မူလျှင် မိမိဘာသာအလျောက်မူကား မစွမ်းဆောင်နိုင်ပေ။ အပဖြစ်သော ငါဘုရားအထံတော်မှ အထောက်အပင့်ရသော်မှသာလျှင် လောကုတ္တရာဘက်သို့ တက်လှမ်းနိုင်မည်ဟု သိရှိတော်မူသဖြင့် နန္ဒာထေရီအား လျောက်ပတ်သော တရားဒေသနာတော်ကို ဟောတော်မူခြင်းငှာ -
(က) အာတုရံ အသုစိံ ပုတိံ၊ ပဿ နန္ဒေ သမုဿယံ။ ဥဂ္ဃရန္တံ၊ ဗာလာနံ အဘိပတ္ထိတံ။ ။
(ခ ) ယထာ ဣဒံ တထော ဧတံ၊ ယထာ ဧတံ တထာ ဣဒံ။
ဓာတုသော သုညတော ပဿ၊ မာ လောကံ ပုနရာဂမိ။
ဘဝေ ဆန္ဒံ ၀ိရာဇေတွာ၊ ဥပသန္တာ စရိဿတိ။ ။
ဟူ၍ ဟောတော်မူသည်။
ဒေသနာဂါထာ အဓိပ္ပါယ်
နန္ဒာ- ရောဂါ အမျိုးမျိုးတို့ဖြင့် နှိပ်စက်အပ်သည်ဖြစ်၍ ကျဉ်နာသော သဘောရှိသော ကိုယ်ကိုရှုစမ်းလော့။ ကျင်ကြီးကျင်ငယ်တို့ဖြင့် မသန့်မရှင်း မစင်ကြယ်သောကိုယ်ကို ရှုစမ်းလော့။ သွေး, ပြည်, တံတွေး, ချွဲ, နှပ် စသည်တို့ဖြင့် ပုပ်သိုးသောကိုယ်ကို ရှုစမ်းလော့။ အပုပ်ရည် အဖတ်တို့သည် မျက်စိ, နား, နှာခေါင်း, ခံတွင်းတို့မှ လျှံထွက်ယိုစီးလျက်ရှိသောကိုယ်ကို ကျင်ကြီးကျင်ငယ်လမ်းတို့သည် ကျင်ကြီးကျင်ငယ် စသော အညစ်အကြေးတို့သည် ယိုကျလျက်ရှိသောကိုယ်ကို အန္ဓပုထုဇဉ် လူမိုက်တို့သည် ကျောက်မျက်ရတနာတို့ကဲ့သို့လည်းကောင်း, စန္ဒကူးနံ့သာတို့ကဲ့သို့လည်းကောင်း မှတ်ထင်ကြ၍ အမြင်မှားလျက် အလွန်လိုလားတောင့်တကြပေသည်။
နန္ဒာ- သင်၏ ရူပကာယရုပ်ခန္ဓာသည် မမြဲသောသဘောရှိသကဲ့သို့၊ ရောဂါအပေါင်းနှိပ်စက်၍ ကျဉ်နာခြင်းသဘောရှိသကဲ့သို့၊ ထို့နည်းတူစွာပင်လျှင် သင်ရှုမြင်အပ်သော ဗဟိဒ္ဓဖြစ်သော ရူပကာယရုပ်ခန္ဓာဟူသမျှသည်လည်း မမြဲခြင်းသဘောရှိကုန်၏။ ကျင်နာခြင်းသဘောရှိကုန်၏။ သင်ရှုမြင်အပ်သော အပဖြစ်သော ဗဟိဒ္ဓရုပ်ခန္ဓာသည် အစဉ်အတိုင်း အပျိုရွယ်, တစ်သားမွေးပြီးအရွယ်, မိန်းမလတ်အရွယ်, မိန်းမကြီးအရွယ် စသည်ဖြင့် ပျိုနုသောရုပ်ကို စွန့်ကာစွန့်ကာ အိုမင်းရင့်ရော်ခြင်း, နာခြင်း, သေခြင်း၏ အစွမ်းဖြင့် ဖူးဖူးရောင်ခြင်း, သွေးပုပ်ပြည်ပုပ်တို့ ပေါက်ပြဲယိုထွက်ခြင်း, ပိုးလောက်တို့ တဖွားဖွားကျခြင်း, အိမ်ခွေး, မြေခွေး, ကျီး, စွန်, လင်းတတို့ လုယက်ဆိတ်ဆွဲ ကိုက်ခဲစားသောက်ခြင်းသဘောသို့ ရောက်သကဲ့သို့, ထို့အတူ အဇ္ဈတ္တဖြစ်သော သင်၏ ရုပ်ခန္ဓာသည်လည်း ပျိုပျစ်နုနယ်သောအရွယ်ကို အစဉ်အတိုင်းစွန့်လျက် ရင့်ရော်အိုမင်းခြင်း, ရောဂါနှပ်စက်၍ ကျင်နာခြင်း, ဇီဝိတိနြေ္ဒချုပ်၍ ဖူးဖူးရောင်ခြင်း၊ သွေးပုပ်ပြည်ပုပ်တို့ ပေါက်ပြဲယိုထွက်ခြင်း၊ ပိုးလောက်ကျခြင်း၊ ခွေး၊ မြေခွေး၊ ကျီး၊ စွန်၊ လင်းတ စသည်တို့ လုယက်ဆိတ်ဆွဲ ကိုက်ခဲစားသောက်ခြင်းသဘောသို့ ရောက်ရပေလိမ့်မည်ဟု ဆင်ခြင်လေတော့။
အဇ္ဈတ္တဖြစ်သော သင်၏ကိုယ်ကို ပထ၀ီဓာတ် စသောဓာတ်အားဖြင့်လည်း ရှုပါလော့။ ဓာတ်လေးပါး ပရမတ္တ ရုပ်အစုအဝေးမျှသာဖြစ်၍ ငါ့ကိုယ်ပဲ ငါ၏ဥစ္စာပဲဟူ၍ သဘာဝအားဖြင့် ပြဆိုရန်မရှိ။ အတ္တ, အတ္တနိယ သဘောမှ ဆိတ်သော အခြင်းအရာအားဖြင့်လည်း ရှုပါလော့။
သင်၏ကိုယ်သည် ဓာတ်လေးပါး အစုမျှသာဖြစ်၍ အတ္တ, အတ္တနိယမှ ဆိတ်သုဉ်းသကဲ့သို့ သင်သည် ရှုမြင်အပ်သော ဗဟိဒ္ဓ ရုပ်စုသည်လည်း ဓာတ်လေးပါး အစုအဝေးမျှသာဖြစ်၍ ဘယ်သူ့ကိုယ်ပဲ, ဘယ်ဝါကိုယ်ပဲ, ဘယ်သူ့ဥစ္စာပဲ စသည်ဖြင့်ပြဆိုရန် သဘာဝအားဖြင့်မရှိ။ အတ္တ, အတ္တနိယမှ ဆိတ်သုဉ်းသည်သာတည်းဟု သိပါလော့။
ကာမုပါဒါန်, ဒိဋ္ဌုပါဒါန်, သီလဗ္ဗတုပါဒါန်, အတ္တ၀ါဒုပါဒါန်တည်းဟူသော ဥပါဒါန်လေးပါးတို့၏ အာရုံဖြစ်သော၊ ၀ါ- လောဘ, ဒိဋ္ဌိတို့၏ အာရုံဖြစ်သော ခန္ဓာလောကသို့ တစ်ဖန် မပြန်လိုပါနှင့်။ ကာမဘ၀, ရူပဘ၀, အရူပဘ၀တို့၌ လိုလားနှစ်သက်ခြင်း ဆန္ဒရာဂကိုပယ်သတ်၍၊ ၀ါ- ကင်းပစေ၍ ကင်းသောကြောင့် သင့်သန္တာန်၌ ဒုက္ခဖြစ်ကြောင်း ကိလေသာတို့ ငြိမ်းအေးသည်ဖြစ်၍ ချမ်းသာစွာနေရပေလတ္တံ့ဟု ဟောတော်မူသည်။
ဤဂါထာဒေသနာတော်ကို ဟောတော်မူပြီးသည့်အဆုံး၌ နန္ဒာထေရီသည် သောတာပတ္တိဖိုလ်သို့ ရောက်လေသည်။ ထို့နောက် နန္ဒာထေရီ အထက်မဂ်ဖိုလ်သို့ ရောက်စေခြင်းငှာ ၀ိပဿနာကမ္မဋ္ဌာန်းတရားကို ဆက်လက် ဟောကြားတော်မူလိုသည်ဖြစ်၍ ဤ ကာယ၀ိစ္ဆိန္ဒနိကသုတ်ကို နှစ်ဌာန၌ ဟောတော်မူသည်ဆိုခဲ့ရာ ဤ၌ နန္ဒာထေရီကို အကြောင်းပြု၍ သာဝတ္ထိမြို့တွင် ဟောတော်မူခြင်း ဖြစ်သည်။
သီရိမာအား စွဲလမ်းသောရဟန်းကို အကြောင်းပြု၍
ရာဇဂြိုလ်မြို့၌ ဤသုတ်ကို ဟောပြန်ခြင်း
ရာဇဂြိုဟ်မြို့၌ သာလ၀တီ အမည်ရှိသော ပြည့်တန်ဆာမ၏သမီး၊ ဆရာဇီဝက၏နှမ ပြည့်တန်ဆာမ သီရိမာသည် မြတ်စွာဘုရား၏တရားတော်ကို ကြားနာရသည်ဖြစ်၍ သောတာပန်အဖြစ်သို့ ရောက်လေသည်။ သောတာပန်ဖြစ်သည်မှစ၍ တစ်နေ့တစ်နေ့လျှင် တစ်ဆယ်တန်တစ်ဆယ်တန်ဖြစ်သော ဆွမ်းကို ရဟန်းတော်ရှစ်ပါးတို့အား နေ့စဉ်နိစ္စဘတ်ဝတ်ပြု၍ ကပ်လှူခဲ့လေသည်။
ထိုအခါ ရဟန်းတော်တစ်ပါးသည် သီရိမာ၏ ဆွမ်းကို အလှူခံယူကာ ဘုဉ်းပေးပြီးကာလ ရာဇဂြိုဟ်မြို့မှ သုံးယူဇနာဝေးသော ကျောင်းတစ်ကျောင်းသို့သွားရာ ညနေချမ်းအချိန်၌ အာဝါသိက ရဟန်းတော်တို့က “ငါ့ရှင်၊ ယနေ့ ဘယ်အရပ်၌ ဆွမ်းခံဘုဉ်းပေးပြီး ကြွလာခဲ့ပါသလဲ”ဟု မေးသဖြင့် “သီရိမာ ဥပါသိကာမအိမ်က ဆွမ်းကိုခံယူကာ ဘုဉ်းပေးခဲ့ကြောင်း, ဆွမ်း, ဆွမ်းဟင်းများ ကောင်းမွန်ကြောင်း, တစ်ပါးအလှူခံယူခဲ့သောဆွမ်းသည် ၃-၄-ပါး စားလောက်ကြောင်း၊ သီရိမာ၏ဆွမ်းကို အလှူခံယူရသည်ထက် သီရိမာကို မြင်ရခြင်းက သာ၍အားရကျေနပ်ဖွယ်ကောင်းကြောင်း”တို့ကို ပြောပြသောအခါ ရဟန်းတစ်ပါးသည် သီရိမာကို မမြင်ရသေးမီကပင် ပြောသံကြားနှင့် တပ်မက်မြတ်နိုးခြင်းဖြစ်ကာ သီရိမာကို ကြည့်ရှုလို မြင်လိုသည်ဖြစ်၍ ရာဇဂြိုဟ်မြို့ ဝေဠုဝန်ကျောင်းတော်သို့ သွား၏။ သီရိမာ အိမ်သို့ ဆွမ်းခံအလှည့်ကျသောနေ့၌ ဆွမ်းခံလိုက်ခွင့်ရလေ၏။
ထိုရဟန်း သီရိမာ အိမ်သို့ ဆွမ်းခံသွားသောနေ့၌ သီရိမာသည် မကျန်းမာသည်ဖြစ်၍ အိပ်ရာထဲ၌ လဲလျောင်းနေ၏။ ထို့ကြောင့် သီရိမာသည် ၀တ်ဆင်မြဲဖြစ်သော အဆင်တန်ဆာတို့ကို မ၀တ်မဆင်မူ၍ သာမာန်အ၀တ်အထည်မျှဖြင့် အိပ်လျက်နေလေသည်။ အခြွေအရံမိန်းမတို့ကသာ သံဃာတော်တို့၏ သပိတ်တို့ကိုယူ၍ ပထမ၌ ယာဂုကိုကပ်ကြ၏။ ထို့နောက် ခဲဖွယ်ကိုကပ်၏။ ထို့နောက်မှ သပိတ်၌ ဆွမ်း, ဆွမ်းဟင်းများကို ပြည့်အောင်ထည့်လောင်းစေပြီးလျှင် မိမိကိုယ်တိုင် ရှိခိုးကန်တော့လို၍ အခြွေအရံများကို ဖေးမစေလျက် အိပ်ရာမှ တုန်တုန်ရီရီနှင့်ထကာ သံဃာတော်များကို ရှိခိုးကန်တော့၍ ကပ်လှူလေသည်။
တောကျောင်းကြွလာပြီး သီရိမာ၏ဆွမ်းကို အလှူခံသော ရဟန်းသည် သီရိမာကိုမြင်လျှင် အ၀တ်အစား အဆင်တန်ဆာ အထူးတလည် ၀တ်စားဆင်ယင်မှု မရှိဘဲလျက်ပင် ဤမျှလောက် လှပတင့်တယ်ပါသေးလျှင် အဆင်တန်ဆာတို့ဖြင့် ၀တ်စားဆင်ယင်လျက် ကျန်းမာစွာရှိပါမူကား အဘယ်မျှလောက် ရှုချင့်စဖွယ် လှပတင့်တယ်ပေလိမ့်မည်နည်းဟု စိတ်၌အကြံဖြစ်မိသည်ဟူ၏။ ထိုအခါ ထိုရဟန်းသန္တာန်၌ သံသရာတစ်လျှောက်က ကိန်းအောင်းလာခဲ့သော ကိလေသာသည် သီရိမာတည်းဟူသော ရူပါရုံကို အကြောင်းပြု၍ ဟုန်းခနဲထကြွဖြစ်ပေါ်လာလေတော့သည်။
(ဤကဲ့သို့သောအကြောင်းကို ရည်ရွယ်၍ ရဟန်းတော်များသည် ဆွမ်းခံရင်း ငှက်မသင့်စေနှင့်ဟု မိန့်တော်မူကြသည်။ အသုဘကမ္မဋ္ဌာန်း လက်လွတ်သော အပြစ်ပေတည်း။)
ထိုရဟန်းသည် ကမ္မဋ္ဌာန်းလက်လွတ်ကာ အ၀ိဇ္ဇာနှင့် တဏှာဒဏ်ကို ပြင်းစွာခံယူရသည်ဖြစ်၍ ဆွမ်းမစားနိုင်တော့ဘဲ သပိတ်ကို ခုတင်အောက်ထိုးလိုက်ပြီးလျှင် သင်္ကန်းကို ဦးခေါင်းခြုံကာ အိပ်လေတော့သည်။ ထို့နေ့မှာပင် ညနေဘက်၌ သီရိမာသည် သေဆုံးခြင်းသို့ ရောက်လေသည်။ ဗိမ္ဗိသာရမင်းသည် သီရိမာ သေဆုံးကြောင်းကို မြတ်စွာဘုရားအား လျှောက်ထား၏။ မြတ်စွာဘုရားက သီရိမာ ရုပ်ကလာပ်ကို မီးသဂြိုလ်ခြင်း မပြုစေနှင့်။ သုဿန်၌ ခွေး, ကျီး, လင်းတတို့ မစားအောင် စောင့်ရှောက်ထားစေဟု ဗိမ္ဗိသာရမင်းကြီးထံ မိန့်ကြားတော်မူလိုက်၏။
သီရိမာ အသုဘရှုရန် ရောက်လာကြခြင်း
လေးရက်မြောက်သောနေ့၌ သီရိမာ၏ကိုယ်သည် ညိုမည်းလျက် ဖူးဖူးရောင်ကာ ၉-ပါးသော အမာဝတို့မှ သွေးပုပ်ပြည်ပုပ်တွေ ယိုစီးလျက်ရှိကုန်၏။ တစ်ကိုယ်လုံးသည် ကွဲအက်ပေါက်ပြဲကာ မြင်မကောင်း ရှုမကောင်း အပုပ်နံ့တဟောင်းဟောင်းထွက်လျက်ရှိ၏။ ထိုအချိန်၌ ဗိမ္ဗိသာရမင်းကြီးသည် မြို့တွင်းသို့ မောင်းကြေးနင်း တီးခတ်ကြေညာစေ၏။ “အိမ်စောင့်ကလေးသူငယ်များကိုသာ အိမ်စောင့်ချန်ထား၍ သီရိမာကို ကြည့်ရှုကြရန် သုဿန်သို့လာကြရမည်။ မလာသူကို ငွေရှစ်ကျပ် ဒဏ်ထားမည်”ဟု ကြေညာစေ၏။ မြတ်စွာဘုရားအမှူးရှိသော သံဃာတော်များကိုလည်း “သီရိမာ၏ အသုဘကိုရှုရန် ကြွတော်မူပါ”ဟု ပင့်လျှောက်စေ၏။
မြတ်စွာဘုရားသည် ရဟန်းတော်တို့အား သီရိမာ၏ အသုဘကိုရှုရန် သွားကြကုန်အံ့ဟု ပြောကြားစေတော်မူ၏။ သီရိမာအာရုံကြောင့် ဆွမ်းမစားဘဲ သင်္ကန်းခြုံကာ အိပ်နေသောရဟန်းသည် သီရိမာကို ကြည့်ရှုရန် သွားကြကုန်အံ့ဟူသော စကားကိုကြားလျှင် လေးရက်ဆွမ်းမစားရသဖြင့် ဆာလောင်လျှက်ရှိသော်လည်း ရုတ်ချည်းထကာ သိုးနေသောဆွမ်းကိုသွန်, သပိတ်ကိုဆေးကြော၍ သပိတ်အိတ်၌ ထည့်ပြီးကာလ အဖေါ်ရဟန်းတော်များနှင့်အတူ လိုက်လေ၏။ မြတ်စွာဘုရားသည် ရဟန်းအပေါင်းခြံရံလျက် သီရိမာအလောင်း၏တစ်ဖက်၌ ရပ်တည်တော်မူ၏။ ဘက္ခုနီသံဃာများ, မင်းပရိသတ်, ဥပါသကာ ဥပါသိကာတို့သည်လည်း အခြားတစ်ဖက်၌ နေကြကုန်၏။
ထိုအခါ မြတ်စွာဘုရားသည် ဗိမ္ဗိသာရမင်းကြီးကို “မင်းကြီး ဤသူကောင်သည် အဘယ်သူဖြစ်သနည်း”ဟု မေးတော်မူ၏။ အရှင်ဘုရား “ဤသူကောင်သည် ဇီဝက၏နှမ သီရိမာ ဖြစ်ပါသည်” ဟုလျှောက်၏။ “မင်းကြီး သီရိမာ ဖြစ်ဘိမူ ငွေတစ်ထောင်ပေး၍ သီရိမာကို ယူကြကုန်ဟု မြို့တွင်းသို့ စည်လည်ကြွေးကြော်စေလော့”ဟု မိန့်တော်မူ၏။ ဗိမ္ဗိသာရမင်းကြီးသည် မြတ်စွာဘုရားမိန့်တော်မူသည့် အတိုင်း စည်လည်ကြွေးကြော်စေ၏။ တစ်ယောက်တလေမျှ သီရိမာကို ယူလိုသူမပေါ်ချေ။ တန်ဖိုးလျှော့၍ ကြွေးကြော်စေသော်လည်း ယူလိုသူမထွက်ပေ။ တစ်ပဲနှစ်ပြားထိ လျှော့၍ပေးသော်လည်း ယူလိုသူ အလျင်းမထွက်ချေ။ အခမဲ့ပေးတော်မူပြန်သော်လည်း မည်သူမျှ မယူကြကုန်။
သီရိမာ အသုဘကောင်ပြ၍ တရားဟောခြင်း
အခမဲ့ပေးသည့်တိုင်အောင် သီရိမာကို ယူလိုသူမရှိပါကြောင်းကို မြတ်စွာဘုရားအား လျှောက်ထားသောအခါ မြတ်စွာဘုရားသည် ဤသို့မိန့်တော်မူ၏။ “ရဟန်းတို့ .... ကြည့်ကြစမ်းလော့၊ ယခင်က လူအပေါင်းသည် နှစ်သက်မြတ်နိုးသော ဤသီရိမာကို ဤရာဇဂြိုလ်မြို့၌ပင်လျှင် တစ်နေ့အတွက် ပြုစုလုပ်ကျွေးဖို့ရန် ငွေတစ်ထောင်ပေးမှသာလျှင် ရကြကုန်၏။ ယခုအခါ၌မူကား အခမဲ့အလကား ပေးသည်ကိုပင် ယူမည့်သူ ယူလိုသူမရှိဖြစ်ချေသည်။ ဤကဲ့သို့ ချစ်ခင်နှစ်သက် စုံမက်ဖွယ် လှပတင့်တယ်ပါသည်ဟုဆိုရသော ရူပကာယ- ရုပ်အစုသည် ကုန်ခြင်း, ပျက်ခြင်း, ဖောက်ပြန်ခြင်း, ပုပ်သိုးခြင်းသို့ ရောက်ရပေသည်။ ရဟန်းတို့ ..... နာကျင်သောသဘောရှိသော အတ္တဘောကို ရှုကြလော့” ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောတော်မူသည်။
ပဿ စိတ္တကတံ ဗိမ္ဗံ၊ အရုကာယံ သမုဿိတံ။
အာတုရံ ဗဟုသင်္ကပ္ပံ၊ ယဿ နတ္ထိ ဓုဝံ ဌိတိ။ ။
ဘိက္ခဝေ- ရဟန်းတို့၊ စိတ္တကတံ- အ၀တ်တန်ဆာ ပန်းနံ့သာ စသည်တို့ဖြင့် ဆန်းကြယ်စွာ ပြုပြင်ဆင်ယင်အပ်သော၊ ဗိမ္ဗံ- ရှည်သင့်သောအရာ၌ရှည်ခြင်း စသော အင်္ဂါကြီးငယ်တို့ဖြင့်တည်သော အတ္တဘောဟုဆိုအပ်သော၊ သမုဿိတံ- သုံးရာသောအရိုးတို့ဖြင့် စိုက်ဆောက်အပ်သော၊ အာတုရံ- အချင်းခပ်သိမ်း ကျဉ်နာသော၊ ဗဟုသင်္ကပ္ပံ- လူအပေါင်းသည် သုဘ အနေတင့်တယ်လှပသော အခြင်းအရာဖြင့် များစွာကြံစည်အပ်သော၊ အရုကာရံ- ကိုးပါးသော အ၀၏အစွမ်းအားဖြင့် အမာ(အနာ)ဖြစ်၍ ဖြစ်သောကိုယ်ကို၊ ပဿ- ရှုစမ်းကြလော့၊ ယဿ- အကြင်ကိုယ်၏၊ ဓုဝံ- အမြဲ၊ ဌိတိ- တည်ခြင်းသည်၊ နတ္ထိ- မရှိပါတကား။
ဤဂါထာ ဒေသနာနှင့်တကွ “ကာယ၀ိစ္ဆိန္ဒနိက”သုတ်ကို ရဟန်းတို့အား ဆုံးမခြင်းငှာ ဟောတော်မူလေသည်။
အရေအသားဖုံးနေ၍ အသုဘ မထင်မြင်
၂။ အဋ္ဌိနှာရူဟိ သံယုတ္တော၊ တစမံသာဝလေပနော။
ဆ၀ိယာ ကာယော ပဋိစ္ဆန္နော၊ ယထာဘူတံ န ဒိဿတိ။ ။
အဋ္ဌိနှာရူဟိ- သုံးရာသောအရိုး, အရိုးကိုဖွဲ့သော ကိုးရာသောအကြော, အရသာကိုဆောင်သော ခုနစ်ရာသောအကြောတို့နှင့်၊ သံယုတ္တော- ဖွဲ့ယှက်အပ်သော၊ တစမံသာဝလေပနော- အဆင်းအားဖြင့်ဖြူသော ထူသောအတွင်းရေ, ကိုးရာသောသားတစ်တို့ဖြင့် လိမ်းကျံအပ်သော၊ ဆ၀ိယာ- ပါးသောအပေါ်ရေဖြင့်၊ ပဋိစ္ဆန္နော- ဖုံးလွှမ်းအပ်သော၊ ကာယော- ကိုယ်သည်၊ တိဏပဋိစ္ဆန္နံ- မြက်ဖြင့် ဖုံးလွှမ်းအပ်သော၊ ဂူထံ- မစင်သည်၊ ယထာဘူတံ- ဟုတ်မှန်တိုင်း၊ နဒိဿတိဝိယ- မထင်သကဲ့သို့၊ ယထာဘူတံ- အသုဘအခြင်းအရာဖြင့် ဟုတ်မှန်သည့်အတိုင်း၊ န ဒိဿတိ- မထင်ချေ။
ပကတိ ရုပ်ကောင်ကြီးသည် အရိုး, အကြော, အသား, အသွေးတို့ဖြင့် တွယ်ကပ်လိမ်းကျံ ဖွဲ့ယှက်အပ်လျက် အရေထူ အရေပါးတွေ အပေါ်ရံက ဖုံးကွယ်အုပ်ဆိုင်း ထားသည်ဖြစ်၍ အတွင်း၌ရှိသော ရွံရှာဖွယ်၊ စက်ဆုပ်ဖွယ်, နှလုံးနာဖွယ်, မနှစ်သက်ဖွယ်ဖြစ်သော အသုဘသဘောကို ဟုတ်မှန်သောအတိုင်း မထင်မမြင်ကြသောကြောင့် အပေါ်ရံကိုသာ ကြည့်မြင်ကြလျက် ပုထုဇဉ်သတ္တ၀ါတို့သည် တွယ်တာနှစ်သက် တပ်မက်စွဲလမ်းနေကြသည်ဟု ဟောတော်မူခြင်းဖြစ်သည်။
အူမ စသည့် စက်ဆုပ်ဖွယ်တို့ဖြင့် ပြည့်နေခြင်း
၃။ အန္တပူရော ဒရပူရော၊ ယကနပေဠဿ ၀တ္ထိနော။
ဟဒယဿ ပပ္ဖါသဿ၊ ၀က္ကဿ ပိဟကဿ စ။ ။
ဆ၀ိယာ- အပေါ်ရေဖြင့်၊ ပဋိစ္ဆန္နော- ဖုံးလွှမ်းအပ်သော၊ ကာယော- ကိုယ်သည်၊ စန္ဒနာဒိပူရော- စန္ဒကူးနံ့သာ စသည်ဖြင့် ပြည့်သည်၊ နဟောတိ- မဟုတ်၊ အထခေါ- စင်စစ်တမူကား၊ ပရမာသူစိ- အလွန်အမင်း မစင်ကြယ်သော၊ ဒုက္ကန္ဓော- မကောင်းသောအနံ့ရှိသော၊ ဇေဂုစ္ဆော- စက်ဆုပ်ဖွယ်ရှိသော၊ ပဋိကူလော- ရွံရှာဖွယ်ရှိသော၊ နိဿီရိကဒဿနော- အသရေမထင် အမြင်မကောင်းသော၊ အန္တပူရော- သွေးဖြင့်ပြည့်သောကျင်း၌ အရေကိုဆုတ်၍ ထည့်အပ်သော မြွေအခွေကဲ့သို့ လည်ချောင်းမှ ၀စ္စမဂ်တိုင်အောင် ကိုယ်တွင်း၌တည်သော ၂၁-ပတ်ခွေ၍နေသော ဖြူသောအဆင်းရှိသော အူမဖြင့် ပြည့်၏။ ။ ဥဒပူရော- အစွန်းနှစ်ဖက်ကိုကိုင်၍ ညှစ်အပ်သော စိုသောအ၀တ်၏ အလယ်အဖုကဲ့သို့ ၂၁-ပတ်ခွေသော အူမ၏ အလယ်အဖုဟုဆိုအပ်သော ၃၂-ပါးသော ပိုးမျိုးတို့၏တည်ရာ အစာသစ်အိမ်၌ တည်သော ခွေးစားကျင်း၌ အံဖတ်ကဲ့သို့သော မျိုအပ်သော အစာသစ်ဖြင့်ပြည့်၏။ ။ ယကနပေဠဿ- သားမြတ်နှစ်ခုတို့၏ အတွင်း၌ လက်ယာနံပါးကိုမှီ၍တည်လျက် ကသစ်ရွက်နှင့် သဏ္ဌာန်တူသော ဖျော့တော့တော့ နီသောအဆင်းရှိသော အသည်းဖြင့်၊ ပူရော- ပြည့်၏။ ။ ၀တ္ထိနော- တံစီးတွင်း၌ မှောက်ခုံဖြစ်သော အ၀ကျဉ်းသော အိုးတွင်း၌၀င်သော တံစီးရည်ကဲ့သို့ စည်ပေါင်းအတွင်း၌တည်သော ပဲကြီးပြာရည်အဆင်းရှိသော ကျင်ငယ်ဖြင့်၊ ပူရော- ပြည့်၏။ ။ ဟဒယဿ- သားမြတ်နှစ်ခုတို့၏အလယ် ကိုယ်အတွင်း ရင်ချိုင့်နှစ်ခုတို့၏အကြား၌ တွဲလျားဦးစောက်တည်သော အပေါ်ဖတ်ကိုခွာ၍ ပစ်အပ်သော ပဒုမ္မာကြာငုံတမျှ အပကားပြေပြစ်သန့်ရှင်း အတွင်းကား သပွတ်ခါးအူသဖွယ် အလယ်၌ ပုန်းညက်စေ့လောက်သော အတွင်း၌ စရိုက်နှင့်အညီ အရောင်ထင်သော မနောဓာတ်, မနောဝိညာဏဓာတ်တို့၏မှီရာ ဟဒယ၀တ္ထုရုပ်တည်သော တစ်လက်ဖက်မျှလောက်သော နှလုံးသွေးရှိသော နှလုံးခွံသားဖြင့်၊ ပူရော- ပြည့်၏။ ။ပပ္ဖါသဿ- အညှို့နှလုံးကို ဖုံး၍တည်လျက် မုံ့ယှက်ပြတ်သဏ္ဌာန် နီသောအဆင်းရှိသော ၃၂-ခုသော အသားလွှာတည်းဟူသော ကုလားအုံးဆောင်းထပ်ဆိုအပ်သော အဆုတ်ဖြင့်၊ ပူရော- ပြည့်၏။ ။ဝက္ကဿ- ရေမျိုမှသက်သော အကြော၏အဆုံး နှလုံးသားကို ခြံရံ၍တည်လျက် သရက်သီးပြွတ်နှင့် သဏ္ဌာန်တူသော စဉ်းငယ်နီသော အဆင်းရှိသော အသားစိုင်နှစ်ခုဟု ဆိုအပ်သော အညှို့ဖြင့်၊ ပူရော- ပြည့်၏။ ။ဝိဟကဿစ- နှလုံးသား၏ လက်ဝဲနံပါး၌ တည်လျက် လက်ခုနစ်သစ်ခန့်မျှ နွားလျှာဖျားသဏ္ဌာန် ညိုသောအဆင်းရှိသော ၀မ်းလျာသရက်ရွက်ဟုဆိုအပ်သော အသားဖြင့်၊ ပူရော- ပြည့်၏။
ဤဂါထာ၏ အဓိပ္ပာယ်မှာ အနက်အတိုင်းပင် ပေါ်လွင်ထင်ရှားလေပြီ၊ နိုင်ငံကျော် ဆရာတော်ကြီး ဦးဗုဓ် ရေးသားခဲ့သော နိဿယအနက်ဖြစ်သည်။ ရူပကာယ ခန္ဓာကိုယ်အတွင်း၌ စန္ဒကူးနံ့သာ စသော မွှေးကြိုင်သန့်ရှင်းကောင်းမွန်သော အရာဝတ္ထုများ ရှိသည်မဟုတ်။ အူမကြီး, အစာသစ်အိမ်, အသည်း, ကျင်ငယ်, နှလုံးသားအခွံ, အဆုတ်, အညှို့,သရက်ရွက်တည်းဟူသော စက်ဆုတ်ရွံရှာဖွယ် တို့ဖြင့်သာ ပြည့်သောကိုယ်ဖြစ်သည်ဟု ဟောတော်မူသည်။
နှပ် စသည့် စက်ဆုပ်ဖွယ်တို့ဖြင့် ပြည့်နေခြင်း
(၄) သိင်္ဃာနိကာယ ခေဠဿ၊ သေဒဿ စ မေဒဿ စ။
လောဟိတဿ လသိကာယ၊ ပိတ္တဿ စ ၀သာယ စ။ ။
သိင်္ဃာနိကာယ- ဦးနှောက်မှ ယိုစီးသော အာပေါဓာတ်တည်းဟူသော နှပ်ဖြင့်၊ ပုရော-ပြည့်၏။ ခေဠဿ- အာပေါဓာတ်တည်းဟုသော တံတွေးဖြင့်၊ ပူရော- ပြည့်၏။ သေဒဿစ- မွှေးညှင်းပေါက်တို့မှထွက်သော ချွေးဖြင့်လည်း၊ ပူရော- ပြည့်၏။ မေဒဿစ- ၀ါသောအဆင်းရှိသော အဆီခဲဖြင့်လည်း၊ ပူရော- ပြည့်၏။ လောဟိတဿစ- သွေးတို့ဖြင့်လည်း၊ ပူရော-ပြည့်၏။ လသိကာယစ- အစေးဖြင့်လည်း၊ ပူရော- ပြည့်၏။ ပိတ္တဿစ- ဗဒ္ဓသည်းခြေ, အဗဒ္ဓသည်းခြေ ၂-မျိုးဖြင့်လည်း၊ ပူရော-ပြည့်၏။ ၀သာယစ-အုန်းဆီအဆင်းနှင့်တူသော ဆီကြည်ဖြင့်လည်း၊ ပူရော- ပြည့်၏။
ရူပကာယ- ရုပ်ခန္ဓာအိမ်ကြီးအတွင်း၌ အူမ, အစာသစ်အိမ် စသည်တို့သာ ရှိသည်မဟုတ်သေးချေ။ နှပ်, တံတွေး, ချွေး, အဆီခဲ, သွေး, အစေး, သည်းခြေ, ဆီကြည်တို့သည်လည်း ရှိုကုန်၏။ ပြည့်ကုန်၏ဟု ဟောတော်မူသည်။
လေးခုမြောက်သော ဒေသနာဂါထာတော်ဖြင့် ကိုယ်တွင်း၌တည်သော စက်ဆုပ်ရွံရှာဖွယ် ကောဋ္ဌာသ သရုပ်အစုတို့ကို ပြတော်မူပြီးနောက် ကိုယ်တွင်းမှ ပြင်ပသို့ ထွက်ကျယိုစီးသော ရွံရှာဖွယ်တို့ကို ညွှန်ပြတော်မူလိုသည်ဖြစ်၍ ငါးခုမြောက်, ခြောက်ခုမြောက် ဂါထာတို့ကို ဆက်လက်၍ ဟောတော်မူသည်။
အမာဝ ၉-ပေါက်မှ စက်ဆုပ်ဖွယ် ယိုစီးနေခြင်း
(၅) အထဿ န၀သောတေဟိ၊ အသုစိ သ၀တိ သဗ္ဗဒါ။
အက္ခိမှာ အက္ခိဂူထကော၊ ကဏ္ဍ္လမှာ ကဏ္ဍ္လဂူထကော။ ။
(၆) သိင်္ဃာနိကာ စ နာသတော၊ မုခေန ၀မတိ ဧကဒါ။
ပိတ္တံ သေမှဉ္စ ၀မတိ၊ ကာယမှာ သေဒဇလ္လိကာ။ ။
အထ- ထိုမှတစ်ပါး၊ အဿကာယဿ- ဤကိုယ်၏၊ န၀သောတေဟိ- မျက်စိစသော ကိုးပါးသောအ၀တို့မှ၊ အသုစိ- မသန့်ရှင်း မစင်ကြယ်သော အရာဝတ္ထုသည်၊ သဗ္ဗဒါ- အချင်းခပ်သိမ်း၊ သ၀တိ- ယိုစီး၏။ ကိံ သ၀တိ- အဘယ်သို့ ယိုစီးသနည်း၊ အက္ခိမှာ- မျက်စိပေါက်နှစ်ဖက်မှ၊ အက္ခိဂူထသော- မျက်ဝတ်မျက်ချေးသည်၊ သ၀တိ- ယိုထွက်၏။ ကဏ္ဍ္လမှာ- နားပေါက်နှစ်ဖက်မှ၊ ကဏ္ဍ္လဂူထကော- နဖာချေးသည်၊ သ၀တိ- ယိုထွက်၏။
သိင်္ဃာနိကာစ- နှပ်သည်မူကား၊ ဧကဒါ- ရံခါ၊ နာသဘော- နှာခေါင်းပေါက်မှ၊ သ၀တိ- ယိုကျ၏။ ဧကဒါ- ရံခါ၊ မုခေန- ခံတွင်းဖြင့်၊ ၀မတိ- ယိုထွက်၏။ ပိတ္တံစ- ဗဒ္ဓသည်းခြေ၊ အဗဒ္ဓသည်းခြေသည် လည်းကောင်း၊ သေမှဉ္စ- သလိပ်သည်လည်းကောင်း၊ ဧကဒါ- ရံခါ၊ မုခေန- ခံတွင်းပေါက်ဖြင့်၊ ၀မတိ- ယိုထွက်၏။ ကာယမှာ တစ်ကိုယ်လုံမှ၊ သေဒဇလ္လိကာ- ချွေးဆားမြူ အညစ်အကြေးသည်၊ ဧကဒါ- ရံခါ၊ ၀မတိ- ယိုထွက်၏။
ကိုးပါးသော အမာဝ ဟူသောအပေါက်တို့မှ ရွံရှာစက်ဆုပ်ဖွယ်ရှိသော နှပ်, မျက်ချေး, စသော အရာဝတ္ထုတို့သည် အခါခပ်သိမ်းယိုစီးထွက်ကျသည်ဟု သင်္ချာကို ထုတ်ပြတော်မူပြီးနောက် သရုပ်သင်္ချေကိုကား မျက်စိပေါက်-၂၊ နားပေါက်-၂၊ နှာခေါင်းပေါက်-၂၊ ခံတွင်းပါးစပ်ပေါက်-၁၊ အားဖြင့် ဒွါရ ခုနစ်ပေါက်ကိုသာ ပြတော်မူသည်။ ကျင်ကြီးပေါက် ကျင်ငယ်ပေါက်တို့ကို သရုပ်အားဖြင့် ထုတ်တော်မမူပေ။ ယင်းတို့ ကျင်ကြီး, ကျင်ငယ်ပေါက်တို့ကို သရုပ်အားဖြင့် မထုတ်ခြင်းသည်၊ မြတ်စွာဘုရားသည် ဟောတော်မူသင့်သောကာလနှင့် ပရိတ်သတ်ကို သိတော်မူသည်ဖြစ်၍ ဒွါရ ၂-ပါးကို ခြွင်းချန်ကာ မဟောခြင်း ဖြစ်သည်။ သို့သော် ပရိယာယ်အားဖြင့်ကား “ကာယမှာသေဒဇလ္လိကာ”ဟူ၍ တစ်ကိုယ်လုံးမှ ချွေး စသော အညစ်အကြေးတို့ ထွက်ကျယိုစီးသည်ကို သိမ်းသွင်း၍ ဟောတော်မူသည်ဟု အဋ္ဌကထာ၌ ရှင်းလင်းပြဆိုသည်။
ကိုးပါးသောအမာဝတို့မှ မျက်ချေးစသော အညစ်အကြေးတို့ ထွက်ကျယိုစီးသည်မှာ ထမင်းချက်သောအခါ ဆန်မှဖြစ်သော အညစ်အကြေး, ရေမှဖြစ်သော အညစ်အကြေးတို့သည် အမြှပ်တကွရော၍ အိုးဝသို့တက်ကာ ထမင်းအိုးမျက်နှာဝကို လိမ်းကျံ၍ အပြင်အပသို့ လျှောကျဘိသကဲ့သို့၊ ထို့အတူ လူတို့ စားသောက်အပ်သော အစားအစာကို ကမ္မဇတေဇောဓာတ်မီးဖြင့် ချက်အပ်သည် ဖြစ်၍ ထိုအစာ၏ အညစ်အကြေးတို့သည် မျက်စိစသော အပေါက်ရှိရာသို့တက်ပြီးလျှင် မျက်ဝတ် မျက်ချေး အဖြစ်ဖြင့် အပြင်ပသို့ ယိုကျစီးဆင်းသည်ကို ပြဆိုဟောကြားတော်မူပြီးကာလ လောကလူတို့၌ ကိုယ်အင်္ဂါအစိတ်အပိုင်းတို့တွင် အမြတ်ဆုံးအဖြစ်ဖြင့်ထားသော ဦးခေါင်းအတွင်း၌ပင်လျှင် နှစ်သက်မြတ်နိုးဖွယ်ရာ, လိုချင်တောင့်တဖွယ်ရာ ၀တ္ထုပစ္စည်းဟူ၍မရှိ။ ထိုဦးခေါင်းအတွင်း၌ အနှစ်သာရဟူ၍ မရှိသည်ကို ဟောပြတော်မူခြင်းငှာ ခုနစ်ခုမြောက်ဂါထာကို ဟောတော်မူသည်။
အ၀ိဇ္ဇာ ဖုံးအုပ်နေ၍ အသုဘ မထင်မြင်
(၇) အထသ သုသိရံ သီသံ၊ မတ္ထလုင်္ဂဿ ပူရိတံ။
သုဘတော မညတိ ဗာလော၊ အ၀ိဇ္ဇာယ ပုရက္ခတော။ ။
အထ- ထိုမှတစ်ပါး၊ အဿကာယဿ- ထိုကိုယ်၏၊ သုသိရံ- အခေါင်းရှိသော၊ သီသံ- ဦးခေါင်းသည်၊ မတ္ထလုင်္ဂဿ-မုံ့ညက်စိုင်အတူ ဖြူသောဦးနှေက်ဖြင့်၊ ပူရိတံ- ပြည့်၏။ ဗာလော- ပုထုဇဉ်လူမိုက်သည်၊ နံကာယံ- အပုပ်အတိပြည့်သော ထိုကိုယ်ကို၊ သုဘသော- တင့်တယ်သောအားဖြင့်၊ ၀ါ- ငါကိုယ်သည် လှပတင့်တယ်ပေ၏ ဟူ၍ မညတိ- တဏှာ, မာန, ဒိဋ္ဌိဖြင့် မှတ်ထင်အောက်မေ့၏။ ကသ္မာ- အဘယ်ကြောင့်နည်းဟူမူကား၊ အ၀ိဇ္ဇာယ- အသုဘ စသည်ကို ဖုံးလွှမ်းတတ်သော အ၀ိဇ္ဇာဖြင့်၊ ပုရက္ခတော- ပုရက္ခတတ္တာ- ဖုံးလွှမ်းပိတ်ပင်အပ်သောကြောင့်တည်း။
ခုနစ်ဂါထာတိုင်အောင်သော ဒေသနာတော်ဖြင့် သက်ရှိ သ၀ိညာဏက အသုဘဖြစ်ပုံကို ဟောပြတော်မူပြီး၍ ယခုအခါ သက်မဲ့ အ၀ိညာဏကဖြစ်သော အသုဘဖြစ်ပုံကို ပြတော်မူလိုသော မြတ်စွာဘုရားသည် (၈)အမှတ်ဂါထာဒေသနာတော်ကို ဆက်၍ဟောတော်မူသည်။
သေပြီးကာလ စွန့်ပစ်ခံရ ကိုယ်ကာယ
(၈) ယဒါ စသော မတော သေတိ၊ ဥဒ္ဓုမာတော ၀ိနီလကော။
အပ၀ိဋ္ဌော သုသာနသ္မိံ၊ နပေက္ခာ ဟောန္တိ ဉာတယော။ ။
ယဒါစ- အကြင်အခါ၌ကား၊ သောကာယော- ထိုကိုယ်သည်၊ အာယုဥသ္မာဝိညာဏာပကမေန- ရုပ်နာမ်ဇီဝိတ, ကမ္မဇတေဇော, ၀ိညာဏ်တို့ ကင်းသဖြင့်၊ မတော- သေသည်ဖြစ်၍၊ ဥဒ္ဓုမာတော- ဖူးဖူးရောင်လျက်၊ ၀ိနီလကော- ညိုမည်းသောအဆင်းရှိသည်ဖြစ်၍၊ သုသာနသ္မိံ- သုသာန်အရပ်၌၊ အပ၀ိဋ္ဌော- စွန့်ပစ်အပ်သည်ဖြစ်၍၊ သေတိ- အိပ်၏။ တဒါ- ထိုအခါ၌၊ ဉာတယော- မသေမီ အသက်ရှင်စဉ် အခါက ချစ်လှပါသည်ဆိုသော ဆွေမျိုးတို့သည်၊ အနပေက္ခာ- အချစ်ပျက်၍ ငဲ့ကွက်ခြင်း ကင်းကြကုန်သည်၊ ဟောန္တိ- ဖြစ်ကြပေကုန်တော့သတည်း။
ဤဒေသနာဂါထာ၌ မတော- ဟူသောပုဒ်ဖြင့် မမြဲသော အနိစ္စသဘောကိုပြ၏။ သေတိ- ဖြင့် သူသေကောင်၌ အားထုတ်ခြင်းသည် ကင်းသည်၏ အဖြစ်ကိုပြ၏။ ထို နှစ်ပုဒ်ဖြင့် အသက်ရှင်ခြင်း၌ မာန်ထောင်ခြင်းဟူသော ယစ်ခြင်း၌ ပယ်ခြင်းကို ယှဉ်စေ၏။
ဥဒ္ဓုမာတော- ဟူသောပုဒ်ဖြင့် ရုပ်သဏ္ဌာန် ပျက်စီးခြင်းကိုပြ၏။ ၀ိနီလကော- ပုဒ်ဖြင့် အရေအဆင်း ပျက်စီးခြင်းကိုပြ၏။ ထိုနှစ်ပုဒ်ဖြင့်- အဆင်း၌ မာန်ယစ်ခြင်းကို ပယ်သဖြင့် ကိုယ်အဆင်းကို အကြောင်းပြု၍ဖြစ်သော မာန်ကိုပယ်ခြင်း၌ ယှဉ်စေ၏။
အပ၀ိဋ္ဌော- ဟူသောပုဒ်ဖြင့် သူသေကောင်၌ ယူချင်စဖွယ် မရှိသည်၏ အဖြစ်ကိုပြ၏။ သုသာနသ္မိံ- ပုဒ်ဖြင့် အိမ်အတွင်း၌ သိုမှီးသိမ်းဆည်းထားခြင်းငှာ မထိုက်။ စက်ဆုပ်ရွံရှာဖွယ်၏ အဖြစ်ကိုပြ၏။ ထိုနှစ်ပုဒ်ဖြင့် ငါ့ကိုယ်ဟူသောစွဲလမ်းခြင်း, တင့်တယ်သည်ဟူသော သုဘအမှတ်သညာကို ပယ်ခြင်း၌ ယှဉ်စေ၏။
အနပက္ခော ဟောန္တိဉာတယော- ဖြင့် အသက်ရှင်စဉ်အခါက မိမိကို ချစ်ခင်မြတ်နိုးကုန်သော ဆွေမျိုးဉာတိတို့၏ ချစ်ခင်မြတ်နိုးခြင်း မရှိတော့သည်ကို ပြ၏။ ယင်းသို့ပြသဖြင့် အသက်ရှင်စဉ်အခါက ဆွေမျိုးဉာတိ, မိတ်ဆွေသင်္ဂဟ တည်းဟူသော အခြံအရံ ပရိတ်သတ်ဖြင့် မာန်ယစ်ထောင်လွှားခြင်း၌ ယစ်ခြင်းကိုပယ်ခြင်း၌ ယှဉ်စေ၏။
ဤဂါထာဒေသနာတော်ဖြင့် ငါအသက်ရှင်နေသည်၊ ငါအသက်ရှည်သည် စသည်ဖြင့် ဇီဝိတမဒမာန် တက်ခြင်းကို ပယ်တော်မူစေသည်။ အဆင်းစပ်သော ၀ဏ္ဌ္လမဒမာန်တက်ခြင်းကိုလည်း ပယ်တော်မူစေသည်။ လှပတင့်တယ်သည်ဟူသော သုဘပညာကိုလည်း ပယ်တော်မူစေသည်။ အခြွေအရံပရိတ်သတ်ကို အကြောင်းပြု၍ အသိုင်းအ၀ိုင်း မာန်တက်ခြင်းကိုလည်း ပယ်တော်မူစေသည်။
မြတ်စွာဘုရား ဟောကြားတော်မူသော တရားတော်ကို ရိုသေလေးစားစွာ ကြားနာသောပုဂ္ဂိုလ်ဖြစ်လျှင် ဟောတော်မူသောတရားတော်ကို အစဉ်လိုက်လျက် ဉာဏ်ယှဉ်ကာ နာယူခြင်းဖြင့် ဉာဏ်အဆင့်ဆင့်တက်၊ ဤအဇ္ဈတ္တဖြစ်သော မိမိကိုယ်၌လည်းကောင်း, ဗဟိဒ္ဓဖြစ်သော သူတစ်ပါးကိုယ်၌လည်းကောင်း ကိုယ်၏သဘောမှန်အတိုင်းမြင်၍ ကိုယ်ဟူသော လောကကြီး၌ တစ်စတစ်စ ငြီးငွေ့ကာ စက်ဆုပ်ရွံရှာမုန်းတီး၍ တပ်မက်ခြင်း တဏှာလောဘခေါင်းပါးအားနည်းလျက် သံဝေဂဉာဏ် ဖြစ်လာကြပေလိမ့်မည်။ နိဗ္ဗိန္ဒဉာဏ်တွေ ဖြစ်ပေါ်လာကြပေလိမ့်မည်မှာ မလွဲနိုင်ဟု ဆိုအပ်ပေသည်။
(၈)အမှတ်ဂါထာ ဒေသနာတော်ဖြင့် အကောင်မပျက်သေးသော အ၀ိညာဏက သက်မဲ့အသုဘ အခြင်းအရာကိုပြတော်မူပြီး၍ ယခုအခါ၌ အကောင်ပျက်ပြီးသော အသုဘအ၀ိညာဏက အခြင်းအရာကို ပြတော်မူလိုသည်ဖြစ်၍ ကိုးခုမြောက်သောဂါထာ ဒေသနာတော်ကို ဆက်လက်ဟောတော်မူသည်။
သေပြီးသည့်နောက် ပိုးလောက်အစာ ကိုယ်ခန္ဓာ
(၉) ခါဒန္တိနံ သုဝါဏာစ၊ သိင်္ဂါလာ စ ဓင်္ကာ ကိမီ။
ကာကာ ဂိဇ္ဈာ စ ခါဒန္တိ၊ ယေ စညေ သန္တိ ပါဏိနော။ ။
နံ ကာယံ- သုသာန်၌ ပစ်အပ်သော ထိုသူသေကောင်ကို၊ သုဝါဏာစ- အိမ်ခွေးတို့သည်လည်းကောင်း၊ သိင်္ဂါလာစ- မြေခွေးတို့သည်လည်းကောင်း၊ ဓင်္ကာစ- ဘုံမတီးငှက်တို့သည်လည်းကောင်း၊ ကိမီစ- ပိုးလောက်တို့သည်လည်းကောင်း၊ ခါဒန္တိ- ကိုက်ခဲစားသောက်ကြကုန်၏။ ကာကာစ- ကျီးတို့သည်လည်းကောင်း၊ ဂိဇ္ဈာစ- လင်းတတို့သည်လည်းကောင်း၊ ခါဒန္တိ- ကိုက်ခဲစားသောက်ကြကုန်၏။ အညေ- ပြဆိုအပ်ခဲ့ပြီးသည်မှ တစ်ပါး၊ ကုန်သော၊ ယေစဟဏိနော- အသားစားသော သစ်, ကျား, သိမ်း, စွန် စသော အကြင်သတ္တ၀ါတို့သည်၊ သန္တိ- ရှိကုန်၏။ တေစပါဏိနော- ထိုသတ္တ၀ါတို့သည်လည်း၊ ခါဒန္တိ- ကိုက်ခဲစားသောက်ကြကုန်၏။
စရံဝါ ယဒိဝါတိဋ္ဌံ- စသော အစဦး ဂါထာဒေသနာတော်ဖြင့် သုညတကမ္မဋ္ဌာန်းကို ဟောပြတော်မူသည်။ အဌိနာရူဟိ သံယုတ္တော- စသော ဒေသနာတော်ဖြင့် သ၀ိညာဏက အသုဘကမ္မဋ္ဌာန်းကို ဟောပြတော်မူသည်။ ယဒါစသော မတောသေတိ- စသော ဒေသနာတော်ဖြင့် အ၀ိညာဏက အသုဘကမ္မဋ္ဌာန်းကို ဟောပြတော်မူသည်။ ထို့နောက် ဤသို့ပင် နိစ္စ, သုဘ, သုခ, အတ္တ အဖြစ်မှ ဆိတ်သုဉ်းကာ စင်စစ် အသုဘမျှသာ ဖြစ်သောကိုယ်၌ အ၀ိဇ္ဇာဖုံးလွှမ်းအပ်သော သူမိုက်သည် သုဘဟူ၍မှတ်ထင်အောက်မေ့ဘိ၏ဟု သူမိုက်ဖြစ်ခြင်းကို ပြခဲ့၏။ ယခုအခါ နိစ္စ, သုခ, သုဘ, အတ္တမှ ဆိတ်သော သ၀ိညာဏက, အ၀ိညာဏက သက်ရှိသက်မဲ့ အသုဘဖြစ်သော ရူပကာယရုပ်ကောင်ကြီး၌ ပညာရှိပုဂ္ဂိုလ်၏ ဉာဏ်အမြင်ရှိခြင်းကို အရင်းပြုသဖြင့် ၀ိဝဋ္ဋကို၊ ၀ါ သံသရာဝဋ်ကင်းသည်ကို ဟောပြတော်မူခြင်းငှာ သုတွာန- စသည်ဖြင့် ဆက်လက်မိန့်ကြားတော်မူသည်။
ဤသုတ်ကို နာကြား၍ ၀ိပဿနာပွားလျှင် အမှန်ကိုမြင်
(၁၀) သုတွာန ဗုဒ္ဓ၀စနံ၊ ဘိက္ခု ပညာဏ၀ါ ဣဓ။
သော ခေါ နံပရိဇာနာတိ၊ ယထာဘူတဉ္စိ ပဿတိ။ ။
ဣဓ- ဤငါဘုရား သာသနာတော်၌၊ ဗုဒ္ဓ၀စနံ- မြတ်စွာဘုရား၏စကားတော်ဖြစ်သော ကာယ၀ိစ္ဆိန္ဒနိကသုတ် ဒေသနာတော်ကို၊ သုတွာန- ကြားနာရသည်ဖြစ်၍၊ ပညာဏ၀ါ- အနိစ္စ စသည်၌ဖြစ်သော ၀ိပဿနာ ပညာရှိသော၊ သောဘိက္ခု- ထိုရဟန်းသည်၊ နံ ကာယံ- သုညတ စသည်အပြားရှိသော ထိုကိုယ်ကို၊ ပရိဇာနာတိ- ဉာတ, တီရဏ, ပဟာန ပရိညာဟူသော ပရိညာသုံးပါးတို့ဖြင့်ပိုင်းခြား၍ သိ၏။ ကသ္မာ-အဘယ်ကြောင့် ပရိညာသုံးပါးတို့ဖြင့် ပိုင်းခြား၍ သိသနည်းဟူမူကား၊ နံ ကာယံ- သုညတ စသည်အပြားရှိသော ထိုကိုယ်ကို၊ ယထာဘူတံ- ဟုတ်မှန်သောအတိုင်း၊ ဟိ-ယသ္မာ- အကြင်ကြောင့်၊ ပဿတိ- သိမြင်၏။ တသ္မာ- ထို့ကြောင့်၊ ပရိဇာနာတိ- ပရိညာသုံးပါးတို့ဖြင့် ပိုင်းခြား၍သိ၏။
မိန်းမ, ယောက်ျား စသည်ဖြင့် ပညတ်တင်စား၍ အထင်မှတ်မှားနေကြသော ဤရူပကာယသည် စင်စစ်အားဖြင့် ဆံပင်, မွေးညှင်း, အရိုး, အကြော, အသား, အသွေး စသော ရုပ်အစု အသုဘတို့ပါတကားဟု ပညာမျက်စိဖြင့် ကြည့်ရှုသော ယောဂီသည် ဉာတပရိညာဖြင့် သိမြင်သည်မည်၏။
ထိုအရုပ်အစု အသုဘဖြစ်သော ကိုယ်သည် အမှန်အားဖြင့် မမြဲသောဘေးကြောင့် ဆင်းရဲသောသဘော, အလိုသို့မပါ မပိုင်မနိုင်သော အနတ္တသဘော ရှိသော ပရမတ္တ ရုပ်တရားတို့ပါတကားဟု ရှုမြင်သော ယောဂီသည် တီရဏပရိညာဖြင့် မြင်သည်မည်၏။
တီရဏပရိညာဖြင့် အနိစ္စ, ဒုက္ခ, အနတ္တ သဘောမြင်အောင် ရှုသည်ရှိသော် ယင်းရုပ်အစု အသုဘကိုယ်ကောင်၌ တပ်မက်နှစ်သက် တွယ်တာခြင်း သဘောရှိသော ဆန္ဒရာဂကို အရိယာမဂ်ဉာဏ်ဖြင့် ပယ်သတ်အပ်သော ယောဂီသည်၊ ၀ါ- အရိယာသည် ပဟာနပရိညာဖြင့် သိမြင်သည်မည်၏။ အရိယာအမြင်ဖြင့် မမြင်သေးသော ယောဂီသည်လည်း တဒင်္ဂအားဖြင့် ပဟာနပရိညာဉာဏ်အမြင်ဖြင့် သိမြင်သည်မည်၏။
ဉာဏ်သုံးပါးဖြင့် မြင်ခြင်း
တစ်နည်းအားဖြင့် အသုဘစင်စစ်ဖြစ်သော အရိုး, အကြော, အသား အပေါင်းအစုဖြစ်သော ကိုယ်ကို မှန်ကန်သောအတိုင်း၊ အရိုး, အကြော, အသား စသော ပရမတ္တ ရုပ်အစုမျှသာ ဖြစ်ပါတကားဟု မြင်သော ယောဂီသည် သစ္စဉာဏ်ဖြင့် မြင်သည်မည်၏။
ကောဋ္ဌာသတို့၏ အစုအပေါင်းဖြစ်သော ဤကိုယ်သည် မမြဲသောသဘော၊ ဆင်းရဲခြင်းသဘော၊ အနှစ်အသားဟူ၍ မရှိသောသဘော ရှိပါတကားဟု ဆင်ခြင်သော၊ ၀ါ- မြင်သော ယောဂီသည် ကိစ္စဉာဏ်ဖြင့် မြင်သည်မည်၏။
ကောဋ္ဌာသရုပ် အပေါင်းအစုဖြစ်သောကိုယ်၌ လက္ခဏာသုံးပါးတင်၍ ဆင်ခြင်ပွားများသောအခါ ထိုကိုယ်၌ တပ်မက်တွယ်တာခြင်း အာသာတဏှာကင်းသော ယောဂီသည် ကတဉာဏ်ဖြင့် မြင်သည်မည်၏။
ဤကဲ့သို့ ပရိညာသုံးပါး, ဉာဏ်သုံးပါးတို့ဖြင့် မြင်ရန်မှာ မြတ်စွာဘုရားထံတော်မှ လမ်းညွှန်နည်းပြ တရားစကားတော်ကို ကြားနာရမှုမရှိပါက လူတိုင်း၌ ထင်ရှားရှိ, ထင်ရှားမြင်တွေ့နေသော ရုပ်ကိုယ်ကြီးပင်ဖြစ်လျက် ပရိညာသုံးပါးဖြင့် အလိုအလျောက် မိမိဘာသာသိမြင်နိုင်ကြမည် မဟုတ်သောကြောင့် သုတွာန ဗုဒ္ဓ၀စနံ- ဟူသော ဂါထာဒေသနာတော်ကို ဟောတော်မူလေသည်။
သုတွာန ဗုဒ္ဓ၀စနံ၊ ဘိက္ခု ပညာဏ၀ါ ဣဓ- ဟူသော ဂါထာ၌ တရားနာပရိသတ်ကို ဘိက္ခုဟူ၍ သုံးစွဲတော်မူခြင်းသည် ပရိတ်သတ်လေးပါးတွင် ရဟန်းတော်သည် မြတ်သောပရိသတ် ဖြစ်သောကြောင့်လည်းကောင်း၊ မြတ်စွာဘုရားနှင့် နီးကပ်သော တပည့်သားဖြစ်သောကြောင့်လည်းကောင်း၊ ဘိက္ခုဟူ၍ သုံးစွဲတော်မူခြင်း ဖြစ်သည်။
တစ်နည်းမှာ သံသရာမှ လွတ်ရေးကို ရှေးရှု၍ ကမ္မဋ္ဌာန်းတရားကို အားထုတ်သော ယောဂီသည် ဘိက္ခုမည်သင့်သောကြောင့်လည်းကောင်း၊ ဘိက္ခုဟူ၍ခေါ်ကာ သုံးစွဲကာ ဟောတော်မူခြင်း ဖြစ်သည်။ အဋ္ဌကထာဆရာ၏အလိုအားဖြင့် ကာယ၀စ္ဆိန္ဒနိကသုတ်ဒေသနာတော်ကို နန္ဒာထေရီကိုလည်းကောင်း၊ အညတရ ရဟန်းကိုလည်းကောင်း အကြောင်းပြု၍ ဟောတော်မူသည်ဖြစ်သောကြောင့် ဘိက္ခုဟူ၍ သုံးတော်မူခြင်းဖြစ်သည်ဟု ဆိုသည်။ သံသရာဘေးကို ရှုလေ့ရှိသော ယောဂီဟူသမျှကို သဒ္ဒါနည်းအားဖြင့် ဘိက္ခု-ဟူ၍ သုံးတော်မူခြင်းဖြစ်သောကြောင့် သင့်လျော်သည်ချည်းပင် ဖြစ်ပေသည်။
သိပြီးကျင့်မှ ဆန္ဒရာဂကိုစွန့်နိုင်
နန္ဒာထေရီနှင့် အညတရ ရဟန်းတို့သည်၊ တစ်နည်း- ယောဂီပုဂ္ဂိုလ်တို့သည် အဘယ်ကြောင့် ပရိညာသုံးပါးတို့ဖြင့် ဟုတ်မှန်သောအတိုင်း ပိုင်းခြား၍ သိကြလေသနည်းဟု လျှောက်ထားဖွယ်ရှိ၍-
(၁၁) ယထာ ဣဓံ တထာ ဧတံ၊ ယထာ ဧတံ တထာ ဣဓံ။
အဇ္ဈတ္တဉ္စ ဗဟိဒ္ဓါ စ၊ ကာယေ ဆန္ဒံ ၀ိရာဇယေ။ ။ ဟုမိန့်တော်မူသည်။
ဣဓံ သ၀ိညာဏကာသုဘံ- ဤ သက်ရှိ အသုဘကောင်သည်, အာယုဥသ္မာ ၀ိညာဏနုပဂမာ- ရုပ်နာမ်ဇီဝိတ, ကမ္မဇတေဇော, ၀ိညာဏ်တို့၏ မကင်းခြင်းကြောင့်၊ စရတိ တိဋ္ဌတိနိသီဒတိ သယတိယထာ- သွားမှု, ရပ်မှု, ထိုင်မှု, အိပ်မှု ဖြစ်သကဲ့သို့၊ တထာ- ထို့အတူ၊ ဧတံ- ဧတရဟိ သုသာနသယတမ္ပိ- ယခု သုသာန်၌ အိပ်သည်ဖြစ်၍ တုံးလုံးပက်လက်လဲနေသော အသက်မဲ့ရုပ်ကောင်သည် လည်းကောင်း ပုဗ္ဗေ- မသေမီ ရှေးအခါ၌၊ တေသံ ဓမ္မာနံ- ထိုရုပ်နာမ်ဇီဝိတ, ကမ္မဇတေဇော, ၀ိညာဏ်တို့၏၊ အပဂမာ- ချုပ်စဲပြတ်ကင်းခြင်းကြောင့်၊ နစရဏာဒိယထာ- သွားရပ်ထိုင်လျောင်းခြင်းကို မပြုသကဲ့သို့၊ တထာ- ထို့အတူ၊ ဣဓံသ၀ိညာဏကံပိ- ဤအသက်ရှိသော ရုပ်ကောင်သည်လည်း၊ တေသံဓမ္မာနံ- ထိုဇီဝိတ စသောတရားတို့၏၊ အပဂမ- ကင်းပြတ်ချုပ်ငြိမ်းသည်ရှိသော်၊ စရဏာဒိ- သွားခြင်း စသည်သည်၊ နဘ၀ိဿတိ- မဖြစ်ပေတော့လတ္တံ့။
အထက်ပါဂါထာ၏ ပုဗ္ဗဒ္ဓဖြစ်သော ရှေ့နှစ်ပါဒတွင် ပထမပါဒဖြင့် ယောဂီပုဂ္ဂိုလ်သည် မိမိနှင့် သေသောရုပ်ကောင်ကို သဘာဝချင်း တူသည်ကို ပြုသဖြင့် အပဗဟိဒ္ဓကိုယ်၌ စွဲ၍ဖြစ်သော ဒေါသကိလေသာကိုပယ်၏။ ဒုတိယပါဒဖြင့် သေသောရုပ်ကောင်နှင့် မိမိကိုယ်ကို သဘာဝချင်းတူသည်ကို ပြုသဖြင့် အတွင်းအဇ္ဈတ္တကို စွဲ၍ဖြစ်သော ရာဂကိုပယ်၏။ သက်ရှိသက်မဲ့ရုပ်ကောင်နှစ်မျိုးကို အတူပြုသဖြင့် မောဟကို ပယ်သည်မည်၏။ သေသောရုပ်ကောင်နှင့် မိမိရုပ်ခြားနားခြင်း မရှိသည်ကိုလည်းကောင်း၊ မိမိရုပ်ကောင်နှင့် သေသောရုပ်ကောင်၏ ထူးခြားခြင်းမရှိ သဘာဝအားဖြင့် တူသည်ကို လည်းကောင်း ဉာတပရိညာ ဖြစ်ပေါ်လျှင် မောဟဟူသော အ၀ိဇ္ဇာ ပပျောက်လေတော့သည်ဟု သိရာ၏။
(၁၁-အမှတ် ဂါထာ၏ နောက်နှစ်ပါဒ အနက်ကို ပြန်ဆက်သည်။)
ယထာဘူတဉ္စိ- ယထာဘူတံဧ၀- ဟုတ်မှန်သော အတိုင်းသာလျှင်၊ ပရိဇာနိတွာ- ဉာတပရိညာဉာဏ်ဖြင့် သိပြီး၍၊ ဧ၀ံပဋိပ္ပန္နော- ဤပြဆိုအပ်သည့် အတိုင်းကျင့်သော၊ ဘိက္ခု- ယောဂီရဟန်းသည်၊ အနုပုဗ္ဗေန- ပရိညာအစဉ်အားဖြင့်၊ တစ်နည်း- ၀ိသုဒ္ဓိခြောက်ပါး အစဉ်အားဖြင့်၊ တစ်နည်း- မဂ်အစဉ်ဖြင့်၊ အဇ္ဈတ္တံ- မိမိသန္တာန်၌ဖြစ်သော၊ ကာယေ- သက်ရှိကိုယ်၌လည်းကောင်း၊ ဗဟိဒ္ဓါ- အပသန္တာန်၌ဖြစ်သော၊ ကာယေ- သက်ရှိသက်မဲ့ကိုယ်၌လည်းကောင်း၊ ဆန္ဒံ- နှစ်သက်တွယ်တာတပ်မက်ခြင်းကို၊ ၀ိရာဇယေ- ပဟာနပရိညာဖြင့် ပယ်ခြင်းငှာ စွမ်းနိုင်ရာ၏။
၁၁-အမှတ် ဂါထာဒေသနာဖြင့် ဓမ္မဿဝနပုဂ္ဂိုလ်၏ သေက္ခအရိယာဘုံသို့ ရောက်ခြင်းကို ပြဆိုပြီး၍ အသေက္ခအရိယာဘုံသို့ ရောက်ခြင်းကို ဆက်လက်ဟောပြတော်မူလိုသော မြတ်စွာဘုရားသည် ၁၂-အမှတ် ဂါထာဒေသနာကို ဟောတော်မူသည်။
ဆန္ဒရာဂ ကင်းလွတ်မှ နိဗ္ဗာန်ကိုရ
(၁၂) ဆန္ဒရာဂ၀ိမုတ္တော သော၊ ဘက္ခု ပညာဏ၀ါ ဣမေ။
အဇ္ဈဂါ အမတံ သန္တိံ၊ နိဗ္ဗာနံ ပဒ မုတ္တမံ။ ။
ဣဓ- ဤသာသနာတော်၌၊ ငါ- သက်ရှိသက်မဲ့ အဇ္ဈတ္တဗဟိဒ္ဓဖြစ်သောကိုယ်၌၊ ဆန္ဒရာဂ၀ိမုတ္တော- အချင်းခပ်သိမ်း ဆန္ဒရာဂကို ပယ်ခြင်းကြောင့် တပ်မက်ခြင်းကင်းသော ပညာဏ၀ါ- အရဟတ္တမဂ် ပညာရှိသော၊ သောဘိက္ခု- မဂ်၏အခြားမဲ့၌ အရဟတ္တဖိုလ်သို့ရောက်ပြီးသော ရဟန္တာပုဂ္ဂိုလ်သည်၊ အမတံ- သေခြင်းကင်းသော၊ သန္တိံ- ခပ်သိမ်းသော တေဘုမ္မက သင်္ခါရတို့၏ ငြိမ်းအေးရာဖြစ်သော၊ နိဗ္ဗာနံ- တဏှာမှထွက်မြောက်ရာဖြစ်သော၊ အစ္စုတံ- စုတေရွေ့လျောခြင်းကင်းသော၊ ပဒံ-မဂ်ဉာဏ် စသည်ဖြင့်ရောက်အပ်သော နိဗ္ဗာန်သို့၊ အဇ္ဈဂါ- ရောက်ပြီ။
ငါဘုရား၏ အဆုံးအမဖြစ်သော သာသနာတော်၌ ရဟန်းတရားကို အားထုတ်သော ယောဂီသည် နောက်က အစီအစဉ်ဖြင့် နည်းလမ်းညွှန်ပြခဲ့သည့်အတိုင်း၊ သက်ရှိကိုယ်၌ဖြစ်စေ၊ သက်မဲ့ကိုယ်၌ဖြစ်စေ၊ နှစ်သက်ဖွယ်ရာ တစ်စိုးတစ်စိမျှမရှိ။ အကာအတိ အပုပ်အသိုးတို့ဖြင့်သာ ပြည့်သည်ကိုသိ၍ ထိုကိုယ်၌ နှစ်သက်တပ်မက်ခြင်းကင်းလျက် အောက်မဂ် အောက်ဖိုလ်တို့ကို ရပြီးသော သေက္ခအရိယာပုဂ္ဂိုလ်သည် ကိုယ်တွင်းကိုယ်ပ သက်ရှိသက်မဲ့ဖြစ်သော ထိုရုပ်အပေါင်းဟူသောကိုယ်၌ အချင်းခပ်သိမ်း တပ်မက်သောတဏှာ လုံးဝကင်းသည်ဖြစ်၍ အရဟတ္တဖိုလ်ကို မျက်မှောက်ပြုကာ သေခြင်းကင်းသော သင်္ခါရဒုက္ခတို့၏ ငြိမ်းအေးရာ, ရွေ့လျောပျက်စီးခြင်းကင်းရာ နိဗ္ဗာန်သို့ ရောက်လေပြီဟု ဟောတော်မူသည်။
ဤသို့လျှင် သက်ရှိသက်မဲ့ဖြစ်သော ရူပကာယတည်းဟူသော အသုဘကမ္မဋ္ဌာန်းကို မဂ်ဖိုလ်နိဗ္ဗာန်တိုင်အောင် အပြီးအဆုံး ဟောကြားတော်မူပြီးလျင် တစ်ဖန်ဒေသနာတော်ဖြင့် ဤမျှလောက် မဂ်ဖိုလ်နိဗ္ဗာန်တိုင်အောင် ကြီးကျယ်မြင့်မြတ်၍ အကျိုးကျေးဇူးများသော တန်ခိုးအာနိသင်ရှိသော ကမ္မဋ္ဌာန်းကို အန္တရာယ်ပြုတတ်သော ပမာဒ၀ိဟာရ-ဟုဆိုအပ်သော တရား၌ မေ့မေ့ လျော့လျော့, ပေါ့ပေါ့တန်တန်, အမှုမဲ့အမှတ်မဲ့ နေခြင်း၏အပြစ်ကို ကဲ့ရဲ့ကာ ပြတော်မူလိုသော မြတ်စွာဘုရားသည် ဒွိပါဒကော စသော ၂-ဂါထာကို ဟောတော်မူသည်။
ပုပ်သိုးနံစော် ရေလျှော်ပစ်ရ ကိုယ်ကာယ
(၁၃) ဒွိပါဒကောယ မသုစိ၊ ဒုဂ္ဂန္ဓော ပရိဟရတိ။
နာနာကုဏပ ပရိပူရော၊ ၀ိဿန္တော တတော တတော။ ။
ဒွိပါဒကော- အခြေနှစ်ချောင်းရှိသော၊ အယံကာယော- ဤကိုယ်သည်၊ အသုစိ- မစင်ကြယ်လျင်၊ ဒုဂ္ဂန္ဓော- မကောင်းသောကိုယ်အနံ့ရှိလျက်၊ နာနာကုဏပ ပရိပူရော- အထူးထူးသော အပုပ်အတိပြည့်လျက်၊ တတောတတော- မျက်စိ, နား စသော ထိုထိုကိုယ်အရပ်မှ ၀ိဿန္တော- အထူးထူးအထွေထွေ ယိုစီးလျက်၊ ဗာလော- လူမိုက်သည်၊ နှာနာဒီဟိ- ရေချိုးခြင်း စသည်တို့ဖြင့်၊ ပရိဟရတိ- ရွံရှာဖွယ်တို့ကို သုတ်သင်ဖယ်ရှား၏။ ပုပ္ဖဂန္ဓဂတ္တာလင်္ကာရာဒီဟိ- ပန်း, နံ့သာ, အ၀တ်တန်ဆာ စသည်တို့ဖြင့် ပရိဟရတိ- ကိုယ်လုံးဝန်းကျင် ပြုပြင်ဆောင်ရွက်၏။
အခြေနှစ်ချောင်းရှိသော လူ၏ကိုယ်သည် အမှန်အားဖြင့် မသန့်ရှင်း မစင်ကြယ်သည်သာ ဖြစ်၏။ ကောင်းမွန် မွှေးကြိုင်သော အနံ့ မရှိရုံသာမဟုတ်၊ ပုပ်သိုးညှီဟောင်သော အနံ့လည်းရှိ၏။ အထူးထူးအထွေထွေသော အပုပ်တို့ဖြင့် ပြည့်နှက်လျက်ရှိ၏။ ထိုထိုမျက်စိပေါက်, နားပေါက် စသည်တို့မှ အညစ်ကြေးတို့သည် ယိုစီးလျက်ရှိ၏။ ယင်းသို့လျှင် အလွန်မနှစ်သက်ဖွယ် ရွံရှာဖွယ် စက်ဆုပ်ဖွယ်ဖြစ်သော ကိုယ်ကိုပင်လျှင် တရားမယှဉ် အမြင်မမှန်သော သူတို့သည် ရေချိုးခြင်း၊ သနပ်ခါး၊ ပန်းနံ့သာ အမွှေးအကြိုင် လိမ်းကျံခြင်း ပိုးဖဲကတ္တီပါ အ၀တ်အရုံတို့ကို ၀တ်ရုံသုံးဆောင်ခြင်းဖြင့် အပုပ်အတိပြီးသောကိုယ်ကို ကာကွယ်ဖုံးအုပ်ကာ မိမိကိုယ်ကိုလည်း မိမိ နှစ်သက်မြတ်နိုး သာယာကြကုန်၏။ ဗဟိဒ္ဓဖြစ်သော အခြားသောကိုယ်ကိုလည်း သာယာနှစ်သက် တပ်မက်စွဲလမ်းကြကုန်၏ဟု အကျဉ်းချုပ်ဒေသနာတော်ဖြင့် ဟောတော်မူသည်။
ပုပ်သိုးနေသောကိုယ်ဖြင့် တရားမမြင် မာန်ဝင်နေကြခြင်း
(၁၄) ဧတာဒိသေန ကာယေန၊ ယော မညေ ဥဏ္ဌ္လမေတဝေ။
ပရံ ၀ါ အ၀ဇာနေယျ၊ ကိ မညတြ အဒဿနာ။ ။
ဧတာဒိသေန- ဤသို့ပြဆိုအပ်ပြီးသော သဘောရှိသော၊ ကာယေန- အပုပ်အသိုးအတိပြည့်သော ကိုယ်ဖြင့်၊ ယော- တရားမယှဉ် ဉာဏ်မမြင်သော ပုဂ္ဂိုလ်သည်၊ ဥဏ္ဌ္လမေတဝေ- မာန်တကြွားကြွား ငါတကားဟု ထောင်လွှားခြင်းငှာ၊ မညေ- တဏှာအားဖြင့် ငါ့ကိုယ်, မာနအားဖြင့် ငါတကား, ဒိဋ္ဌိအားဖြင့် ငါ့ကိုယ်မြဲ၏ဟု အောက်မေ့မှတ်ထင်၏။ ပရံဝါ- သူတစ်ပါးကိုမူလည်း၊ အ၀ဇာနယျ- ဇာတိ နာမ ဂေါတ္တ စသည်ဖြင့် မထီမဲ့မြင် ရှုတ်ချရာ၏။ တံ ကာရဏံ၊ ထိုသူမိုက်၏ မိမိကိုယ်ကို ဘ၀ဂ်တမြှင့် ချီးပင့်မြှောက်စား သူတစ်ပါးကို အောက်အ၀ီစိ ဆိုက်ထိကောင်းဖွယ် နှိပ်နယ်ရှုတ်ချခြင်း၏ အကြောင်းသည်၊ အဒဿနာ- အရိယာမဂ်ဖြင့် အရိယသစ္စာကို မမြင်ခြင်းဟူသော အဓိဂမ- မရှိခြင်းကို၊ ၀ါ- ကာယ၀ိစ္ဆိန္ဒနိကသုတ္တန် ဟူသော အာဂမ, ထိုသုတ္တန်ဖြင့် ပြအပ်သော သုညတ စသည်ကို မမြင်ခြင်းကို၊ အညတြ- ကြဉ်ထား၍၊ ကိံသိယာ- အဘယ်မှာ ဖြစ်ရာအံ့နည်း၊ အာဂမာဓိ- ဂမာဘာဝမေ၀- အာဂမ ဟူသော ပရိယတ်, အဓိဂမဟူသော ပဋိဝေဓ မရှိခြင်းသည်သာလျှင်၊ ကာရဏံ- ကိုယ်ကိုမြှောက်စား သူတစ်ပါးကို ရှုတ်ချခြင်း၏ အကြောင်းအရင်းပေတည်း။
ကာယာနုပဿနာဖြင့် နန္ဒာထေရီရဟန္တာမ ဖြစ်ခြင်း
ဤဒေသနာတော်အဆုံး၌ နန္ဒာထေရီသည် “ငါကား အလွန်မှ မိုက်မဲခဲ့လေစွတကား၊ ကိုယ်ခန္ဓာကိုယ် အကြောင်းပြု၍ ဤကဲ့သို့သော ဒေသနာတော်ကို ဟောကြားတော်မူသော မြတ်စွာဘုရားအား ဖူးမြော်ကာ တရားနာရန် မလာမိခဲ့ပေ” ဟု သံဝေဂဖြစ်လေသည်။
သံဝေဂဖြစ်ပြီးနောက် ကာယ၀ိစ္ဆိန္ဒနိက သုတ္တန်ဒေသနာတော်ကို ကောင်းစွာနှလုံးသွင်းဆင်ခြင်၍ ထိုကာယာနုပဿနာ ကမ္မဋ္ဌာန်းဖြင့်သာလျှင် ၂-ရက် ၃-ရက် အတွင်း၌ အရဟတ္တဖိုလ်ကို မျက်မှောက်ပြုသဖြင့် “ခီဏာသ၀အဂ္ဂဒက္ခိဏေယျရဟန္တာထေရီမ” အဖြစ်သို့ ရောက်လေပြီ။ ဤကား သာဝတ္ထိမြို့၌ နန္ဒာထေရီကို အကြောင်းပြု၍ ဟောတော်မူခြင်းတည်း။
ရာဇဂြိုဟ်မြို့၌ အညတရ ရဟန်းကို အကြောင်းပြု၍ ဟောတော်မူသောအခါ၌ကား တရားတော်အဆုံး၌ ရှစ်သောင်းလေးထောင်သော သတ္တ၀ါတို့သည် အကျွတ်တရား ရကြကုန်၏။ သီရိမာ နတ်သမီးသည်လည်း အနာဂါမိဖိုလ်သို့ ရောက်လေသည်။ အညတရ ရဟန်းသည်ကား သောတာပတ္တိဖိုလ်၌ တည်သည်ဟု ဆိုသည်။
ဤတရားစာ အစ၌ ပြဆိုခဲ့သည့်အတိုင်း -
(၁) ရုပ်အစုအပေါင်း၏ အနှစ်သာရမရှိခြင်း၊
(၂) အမွှေးနံ့သာတို့ဖြင့်ပြည့်သော ရုပ်မဟုတ်ခြင်း၊
(၃) ရွံရှာစက်ဆုပ်ဖွယ်အတိပြည့်သော ရုပ်အပေါင်းမျှသာဖြစ်ခြင်း၊
(၄) တပ်မက်နှစ်သက်ဖွယ်မရှိခြင်း၊
ဟု ဆိုအပ်သော ကောဋ္ဌာသ ရုပ်အစုအပေါင်း၏ သဘောအမှန်ကို ဉာဏ်ဖြင့်သိမြင်ကာ ထို ရုပ်အစုအပေါင်း၌ မှားယွင်းသော အမြင်ဖြင့် တပ်မက်နှစ်သက်တွယ်တာခဲ့သော တဏှာ, ငါတကားဟူသော မာန, ငါ့ကိုယ်ဟူသော ဒိဋ္ဌိတို့ကို ရန်သူကြီးတွေအဖြစ်ဖြင့် တွေ့မြင်၍ ထို တဏှာ, မာန, ဒိဋ္ဌိတို့ကို ၀ိပဿနာဉာဏ် အဆင့်ဆင့်ဖြင့် တဖြည်းဖြည်းခေါင်းပါးအားနည်းစေလျက် မဂ်ဉာဏ်အတန်တန်ဖြင့်ကျော်ကာ အရဟတ္တ မဂ်ဉာဏ်ဖြင့် ကိလေသာတို့ကို အကြွင်းမဲ့ပယ်သတ် ငြိမ်းအေးစေသည်ဖြစ်၍ အာသဝေါကုန်ခန်းသော အဂ္ဂဒက္ခိဏေယျ ရဟန္တာအဖြစ်သို့ နန္ဒာထေရီ စသော သူတော်ကောင်း ရဟန်းရှင်လူ အပေါင်းတို့သည်လည်း ရုပ်အစုအပေါင်း၏ အဖြစ်မှန်ကို ၀ိပဿနာဉာဏ်အမြင်ဖြင့် ရှေးဦးစွာ မြင်ကြပြီးလျှင် အရဟတ္တမဂ်ဉာဏ်ဖြင့် ကိလေသာအပေါင်းကို အကြွင်းမဲ့ ပယ်သတ်နိုင်ကြသောအားဖြင့် ဒုက္ခဇာတ်သိမ်း အငြိမ်းကြီးငြိမ်းရာဖြစ်သော နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ကြပါစေကုန်သတည်း။
ကာယ၀စ္ဆိန္ဒနိကသုတ် ပြီး၏။
(စစ်ကိုင်းတောင်ရိုး၊ ရွှေဟင်္သာတိုက်သစ် ရွှေဟင်္သာဆရာတော်)

သေခြင်းကောင်းသော ဘ၀ လားရာကောင်းသော ဂတိ
နိဒါန်း
“သူသေဆိုသည်မှာ ဆွေမျိုးမိဘများနှင့် နောင်ဘယ်သောအခါမှ ပြန်မတွေ့ရတော့သောသူ ဖြစ်ပါသည်”ဟု ဘုရားလောင်း သိဒ္ဓတ္ထမင်းသား နိမိတ်ကြီးလေးပါးမြင်ရာတွင်၊ ရထားထိန်းမောင်ဆန်၏ လျှောက်ထားချက်ဖြစ်ပါသည်။ လူတိုင်းသည် မိဘဆွေမျိုးများနှင့် အတူတကွ၊ ထာဝရနေလိုကြပါသည်။ လူတိုင်းမသေလိုကြပါ။ သေရမည်ကို ကြောက်ကြ၏။ သို့သော် လောက၌ မသေသူမရှိ၊ မသေရန် အမျိုးမျိုးကြံဆနေကြသော်လည်း မသေရန် မစွမ်းဆောင်နိုင်ကြပါ။ ပုခက်ပေါ်ရောက်သူတိုင်း ခေါင်းထဲရောက်ကြရမည် ဆိုသည့်အတိုင်း မွေးဖွားလာသော သတ္တ၀ါမှန်သမျှ သေခြင်းတရားကို ရှောင်လွှဲမရ၊ မုချမသွေ သေဆုံးကြရပေမည်။
ဘ၀ဆိုသည်မှာ နေခွင့်ရသလောက် နေရခြင်းသာဖြစ်၏။ နေချင်သလောက်နေ၍ မရပါ။ အကန့်အသတ်ရှိပါသည်။ မည်သည့်အချိန်အခါတွင် သေဆုံးကြရမည်ကိုလည်း မသိနိုင်ကြပါ။ သေခါနီးကြောက်စိတ်ကြောင့် အလွဲလွဲအမှားမှား ဖြစ်တတ်ကြပါသည်။ အကျိုးဆက်အားဖြင့်လည်း နောက်ဘ၀လားရာဂတိများ၊ မကောင်းနိုင်ကြပါ။ ဘ၀ဟောင်းကို ဘ၀ကောင်းနှင့်လဲနိုင်ရန် မှန်မှန်ကန်ကန် တည်တည်ငြိမ်ငြိမ်ဖြင့် သေဆုံးနိုင်ပြီး ကောင်းသော ဘ၀သစ်ကို ရရှိရန်ပြင်ဆင်ထားကြရပါမည်။ ဤစာအုပ်ကို တစ်ခါဖတ်ဖူး သေဖို့နားလည်စေရန်၊ သေခြင်းကောင်းသောဘ၀ လားရာကောင်းသောဂတိကို ရရှိနိုင်ကြပါရန် ရည်ရွယ်ရေးသားအပ်ပါသည်။
ဆရာတော်ဘုရားကြီး၏ အဆိုနှင့်အညီ ဗုဒ္ဓဘာသာဝင်တို့သည် ယခုလက်ရှိ ဘ၀အပြင်၊ ရှေးရှေးက ဘ၀များစွာရှိခဲ့ပြီး၊ နောင်နောင်ဘ၀များလည်း ဖြစ်ကြရဦးမည်ဟု ယုံကြည်ကြပါသည်။ သတ္တ၀ါတိုင်း၊ သတ္တ၀ါတိုင်းသည် ဘ၀အဆက်မပြတ် ဖြစ်ပေါ်နေရသည်၊ သံသရာ၌ တစ်ဘ၀ပြီးတစ်ဘ၀ အသစ်တစ်ဖန်ကျင်လည် နေကြရသည်ဟု ခံယူကြပါသည်။ ကျင်လည်ကြရမည့် ဘ၀များကို ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ်ဟူသော အပါယ်(၄)ဘုံ၊ လူနှင့်နတ်ပြည် (၆)ထပ်ဖြစ်သော ကာမသုဂတိ(၇)ဘုံနှင့် ဗြဟ္မာဘုံ(၂၀)ဟူ၍ စုစုပေါင်း (၃၁)ဘုံရှိသည်ဟု နားလည်ကြပါသည်။ သတ္တ၀ါတို့၏ တည်နေရာအရပ်ကို ပါဠိဘာသာတွင် “ဘူမိ”ဟူ၍ လည်းကောင်း၊ မြန်မာဘာသာတွင် “ဘုံ”ဟူ၍လည်းကောင်းခေါ်သည်။ ယင်းကို အကျဉ်းအားဖြင့် ပြိတ္တာနှင့် အသူရကာယ်ပေါင်း၍ ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ လူနတ်ဗြဟ္မာဟူ၍ လားရာဂတိ ငါးဖြာဟုဆိုကြပါသည်။ ဂတိ ငါးနယ်၊ ချာချာလည်ဆိုသည့်အတိုင်း (၃၁)ဘုံအတွင်း ဘ၀ အဆက်မပြတ် အသစ်အသစ်ဖြစ်နေရ၊ လှည့်ပတ်နေရသောကြောင့် သံသရာဝဲသြဃဟု တင်စား၍ခေါ်ဆိုကြပါသည်။
ဗုဒ္ဓတရားတော်အရ သတ္တ၀ါတစ်ဦးတစ်ယောက် သေဆုံးပြီးနောက် ဤအရပ်၊ ဤမြို့၊ ဤတိုင်းပြည်၊ ဤကမ္ဘာတို့အပြင်၊ အခြားအခြားသော ဂြိုလ်များ၊ စကြ၀ဠာတို့၌ ဘ၀ အသစ်ဖြစ်နိုင်ကြပေသည်။
အမျိုးဘာသာခြား၍လည်း ဘ၀အသစ်ဖြစ်နိုင်ကြပေသည်။ (၃၁)ဘုံလုံးတွင်ပင် ဗုဒ္ဓဘာသာဝင်များနှင့် အခြားဘာသာဝင်များ ရောက်ရှိကျင်လည်နိုင်ကြပါသည်။ ကျင်လည်ရမည့် ဘုံဘ၀များအကြောင်းကို အနည်းငယ်ဖေါ်ပြပါမည်။
ထိုငရဲများသည် လူ့ပြည်၌ ပြစ်မှုကျူးလွန်သူတို့၏ ကျရောက်ခံစားရန် အကျဉ်းထောင်များရှိသကဲ့သို့၊ သတ္တ၀ါတို့၏တည်ရှိရာ၊ ဤကမ္ဘာမြေပြင်အတွင်း၌ မကောင်းမှု ဒုစရိုက်ကျုးလွန်သူတို့၏ ကျရောက်ခံနေရန် နေရာငရဲများဖြစ်ကြ၏။ အကုသိုလ်ကြီးမားသူတို့မှာ မိမိပြုလုပ်ခဲ့သော အကုသိုလ်မကောင်းမှုများအလိုက် သက်ဆိုင်ရာငရဲသို့ ကျရောက်ရ၏။ ဆင်းရဲဒုက္ခအမျိုးမျိုး အဆက်မပြတ် ခံစားရ၍ အားငယ်စွာ အော်ဟစ်ငိုကြွေး မြည်တမ်းနေကြရပေသည်။ ငရဲထိန်းများ၏ ရက်စက်ကြမ်းကြုတ်စွာ သတ်ဖြတ်ရိုက်နှက် နှိပ်စက်ခြင်းကို ခံနေကြရပေသည်။ ငရဲသားများသည် ကံကြောင့် ဖြစ်ရသောကြောင့် အကုသိုလ်ကံ မကုန်မချင်း မသေနိုင်၊ ဘ၀မပြောင်းနိုင်ဘဲ ငရဲဆင်းရဲကို ခံနေကြရ၏။ သက်တမ်းမှာ အကုသိုလ်ကံအလျောက် ရှည်ကြာကြ၏။ အချို့မှာ ရက်ပိုင်းမျှလောက်သာခံရသော်လည်း အချို့မှာ ကမ္ဘာနှင့်ချီ၍ ခံကြရ၏။
သင်္ဂါယနာဝင်၊ အဋ္ဌကထာ ဋီကာကျမ်းကြီးတို့၌ ဖေါ်ပြထားသည့်အတိုင်း ထိုပြိတ္တာများကို အတန်းအစား လေးမျိုးခွဲခြားဖေါ်ပြအပ်ပါသည်။
၁။ ပရဒတ္တူပဇီဝကပြိတ္တာ
သူတစ်ပါးတို့ပေးသော အစာကိုအမှီပြု၍ အသက်ရှင်နေရသော ပြိတ္တာ။
၂။ ခုပ္ပိပါသိကပြိတ္တာ
ထမင်းငတ်ခြင်း၊ ရေမွတ်သိပ်ခြင်းဖြင့် မပြတ်နှိပ်စက်ခြင်း ခံနေရသော ပြိတ္တာ။
၃။ နိဇ္ဈာမတဏှိကပြိတ္တာ
အမြဲလောင်ကျွမ်း ခံနေရသဖြင့် ပူပန်ခြင်းရှိသော ပြိတ္တာ။
၎။ ကာလကဉ္စိကပြိတ္တာ
အသူရကာယ်ဟုခေါ်သော ပြိတ္တာအသူရကာယ် ဖြစ်သည်။ ခန္ဓာကိုယ် အလွန်ကြီးမား၍ အရိုးအရေမျှသာရှိ၏။ ခံတွင်းသည် အပ်နဖားပေါက်မျှသာရှိ၏။
လောကပညတ္တိကျမ်းတွင် ပြိတ္တာ (၁၂)မျိုး၊ ပါရာဇိက ပါဠိတော်၊ သံယုတ်ပါဠိတော်တို့၌ ပြိတ္တာ (၂၁)မျိုးဟု အသီးသီးခွဲခြားလာရှိ၏။
သို့ရာတွင် ၎င်းတို့ကို စုစည်းလိုက်ပါက ဖေါ်ပြခဲ့သည့် ပြိတ္တာလေးမျိုးတို့တွင် ထိုက်သည့်အားလျော်စွာအကျုံးဝင်သွားပေသည်။ အကျဉ်းအားဖြင့် အသူရကာယ်သည် ပြိတ္တာအကြီးစားဖြစ်သည်။
တစ္ဆေ၊ မှင်စာ၊ သရဲ၊ သဘက်၊ အစိမ်း၊ ဖုတ်ကောင်၊ ကျတ်ကောင်၊ မြေဖုတ်ဘီလူး၊ ဥစ္စာစောင့် စသည်တို့သည် ပြိတ္တာများပင်ဖြစ်ကြပေသည်။ ယင်းတို့မှာ များသောအားဖြင့် ပထမအမျိုးအစား ပရဒတ္တူပဇီဝက ပြိတ္တာမျိုးဖြစ်ကြပေ၏။ သင်္ချိုင်း၊ ရေစ၊ ကမ်းစ၊ သားငါးရလောက်သော အရပ်၌နေကြ၏။ အချို့မှာ သစ်ပင်၊ အိမ်အကြိုအကြား၊ ကျောင်း၊ ဘုရား၊ ဇရပ် အနီးစသည်တို့၌ နေကြ၏။ လူတို့၏ ထမင်းကျန်၊ ဟင်းကျန်၊ တံတွေး၊ အန်ဖတ်၊ အပုပ်အစပ်၊ အသေကောင်တို့ကို ရှာဖွေစားသောက်ကြ၏။ မရသောအခါ ငတ်မွတ်ခြင်းဖြင့် ဆင်းရဲခံနေရ၏။
ပထမအမျိုးအစား ပရဒတ္တူပဇီဝက ပြိတ္တာမျိုးတို့သည် မည်မျှပင် ဆင်းရဲဒုက္ခခံစားနေရသော်လည်း မိမိတို့အားရည်ညွှန်း လှူဒါန်း၍ အမျှပေးဝေသည်ကို ၀မ်းမြောက်စွာ သာဓုခေါ်နိုင်လျှင် စားဖွယ်၊ သောက်ဖွယ်စသည်များ ရရှိနိုင်သည်။ ခံစားနေရသော ဆင်းရဲ ဒုက္ခများကွယ်ပျောက်၍ တစ်ခဏခြင်းမှာပင် ချမ်းသာ အမျိုးမျိုးကို ရရှိနိုင်သည်။
ဝေမာနိကပြိတ္တာမျိုးသည် ကုသိုလ်အကုသိုလ်ရော၍ တစ်ခါတစ်ရံ ကုသိုလ်အကျိုးကြောင့် နတ်ဗိမ္မာန်၌ နတ်စည်းစိမ်ကို ခံစားရ၏။ အချို့ပြိတ္တာတို့သည် ကောင်းကင်၌ ပျံသန်းနိုင်၏။ တန်ခိုးအသင့်အတင့်ရှိ၏။ ပြိတ္တာတို့၏ ဘုံသည် လူ့ပြည်နှင့် တစ်ဆက်စပ်တည်း ရှိနေသော်လည်း ပြိတ္တာတို့အား လူများက မမြင်နိုင်ကြပေ။
နတ်ဒေ၀ီတို့၌ ကိုယ်ဝန်ဆောင်မှုနှင့် သက်ဆိုင်သော ကိစ္စစုများ တစ်ခုမျှမရှိ။ သားသမီးဖြစ်ထိုက်သော နတ်သား နတ်သမီးတို့သည် ရင်ခွင်၌သော်လည်းကောင်း၊ အိပ်ရာပေါ်၌သော်လည်းကောင်း၊ အလိုလို ဖြစ်ပေါ်လာကြကုန်၏။ ဤသို့ သားသမီးအရာ၌ တည်သောနတ်များအပြင်၊ အခြား အစေခံနတ်သား နတ်သမီးများ၊ နတ်ကချေသည်၊ နတ်ဇာတ်သမားများ လည်းရှိကြ၏။ အချို့နတ်များ၌ ဗိမာန်ကိုယ်ပိုင်မရှိကြပါ။ နတ်သား နတ်သမီးပျိုတို့သည် လူပျိုလှည့်မှုလည်းရှိကြ၏။ အချို့နတ်သမီးများသည် ဗိမာန်အဆင်သင့်ရရှိသော်လည်း ဗိမာန်နှင့်တကွ မိမိတို့ကို ပိုင်ဆိုင်သည့် နတ်သားမရှိကြသဖြင့် ပျင်းရိငြီးငွေ့အလိုမပြည့်ကြသည်လည်း ရှိသေး၏။ ကုသိုလ်ကံခြင်း ကွာခြားသလောက် ဘုံဗိမာန်နှင့် ရုပ်အဆင်းလည်း ကွာခြားနေတတ်ကြပေသည်။ ရောက်ရှိရာ နတ်ပြည်အလိုက် သက်တမ်းများရှည်ကြသည်။
နတ်ဘုံနတ်နန်းတို့ထက် ခမ်းနားလှသော ဗိမာန်ဥယျာဉ်တွင် လူယောဂီသူတော်စင်များနည်းတူ တစ်ချို့က မေတ္တာစသော ကမ္မဋ္ဌာန်းကို စီးဖြန်းပွားများ၍၊ တစ်ချို့က ဈာန်ဝင်စားလျှက် ငြိမ်သက်အေးချမ်းစွာ စံမြန်းကြပေသည်။ လူ့ပြည်၌ အချင်းချင်း အတန်းအစား ကွာခြားသကဲ့သို့ ဗြဟ္မာချင်းလည်း အတန်အစားကွာခြားကြ၏။
ဗြဟ္မာဘုံ၌ဗြဟ္မာဖြစ်ရသူတို့သည် လူ့ပြည်တွင်အရိယာအဖြစ်သို့ရောက်လျှင် (မဂ်ဖိုလ်ရလျှင်) ထိုဗြဟ္မာဘုံမှ အောက်ကာမဘုံသို့ပြန်၍ ပဋိသန္ဓေမတည်တော့ပေ။ အဆင့်ဆင့်ဉာဏ်ရင့်ကာ ရဟန္တာဖြစ်၍ နိဗ္ဗာန်စံကြလေတော့သည်။
အရိယာမဖြစ်သေးလျှင်၊ ယင်းတို့၏ ဈာန်အဟုန်ကုန်သောအခါ လူ့ဘုံ၊ နတ်ဘုံဟူသော အောက်ကာမဘုံများသို့ တစ်ဆင့်ရောက်ကြ၍ ကံအကြောင်းမသင့်၍ လျှောကျရပြန်သောအခါ အပါယ်လေးပါး၌ ငရဲကောင်၊ ပြိတ္တာကောင်၊ တိရစ္ဆာန်ကောင်များလည်း ဖြစ်နိုင်ကြလေသည်။
ဗုဒ္ဓအဘိဓမ္မာတရားတော်အရ ပုဂ္ဂိုလ်သတ္တ၀ါတစ်ဦးတစ်ယောက် သေဆုံးခြင်းမှာ အကြောင်းအားဖြင့် -
(၁) သက်တမ်းကုန်းခြင်း
(၂) ကံအစွမ်းကုန်ခြင်း
(၃) သက်တမ်းနှင့် ကံအစွမ်း ၂မျိုးလုံးကုန်ခြင်း
(၄) ဥပစ္ဆေဒက - ကံကသတ်ခြင်းဟူ၍ လေးမျိုးဖြစ်ပေသည်။
ဥပမာအားဖြင့် ဆီမီးငြိမ်းရာတွင်
(၁) ဆီကုန်ခန်းခြင်း
(၂) မီးစာကုန်ခြင်း
(၃) ဆီနှင့် မီးစာ နှစ်မျိုးလုံးကုန်ခန်းခြင်း
(၄) ဆီနှင့် မီးစာရှိပါသော်လည်း လေပြင်းတိုက်ခတ်ခြင်း တမင်ငြိမ်းသတ်ခြင်းတို့ဖြင့် ထင်ဟတ်နိုင်ပါသည်။
ဥပစ္ဆေဒက - ကံတစ်ခုခုကြောင့် သေရခြင်းကို “အကာလ မရဏ - သေဆုံးရန် အချိန်မကျရောက်သေးမီ သေရခြင်း”ဟု ခေါ်၏။ အမိ၊ အဖ၊ ဆရာသမား၊ ဂုဏ်ကြီးသောသူတို့ကို စော်ကားသူတို့သည် ထိုကံများကြောင့် သက်တမ်းစေ့သည်အထိ မနေရဘဲ ရုတ်တရက် သေဆုံးကြရတတ်သည်။ သတိမရှိ၊ ဉာဏ်မရှိ၍ အစားမတတ်၊ အသွားမတတ်၊ အနေအထိုင်မတတ်သူများလည်း သေချိန်မကျဘဲ သေကြရ၏။ ရှေးရှေးက သူတစ်ပါးကို အစာငတ်ထားခဲ့ဘူးခြင်း၊ မြွေနှင့်တိုက်ခြင်း၊ အဆိပ်ခတ်ခြင်း၊ တုတ်ဓါး စသည်တို့ဖြင့် ရိုက်သတ်ခြင်း၊ ရေနှစ်သတ်ခြင်း၊ မီးတိုက်သတ်ခြင်း စသည်ဖြင့် သူတစ်ပါးသေအောင် တစ်နည်းနည်းဖြင့် ပြုခဲ့ဖူးသူတို့သည် ထိုကံများ အခွင့်ရသောအခါ ထမင်းငတ်၊ ရေငတ်၊ မြွေကိုက်၊ ရေနစ်၊ အဆိပ်မိ၊ မီးလောင် စသည်တို့ဖြင့် သေတတ်ကြပါသည်။ သူတစ်ပါး လက်နက်နှင့်သေခြင်း၊ မတော်တဆထိခိုက်မှုများဖြင့် သေရခြင်းတို့သည် ဥပစ္ဆေဒကကံကြောင့် ဖြစ်ပေသည်။
သေဆုံးခါနီးတွင် (၁) ကံနိမိတ်၊ (၂) ကမ္မနိမိတ်၊ (၃) ဂတိနိမိတ် ဟု နိမိတ်သုံးမျိုးတွင် တစ်မျိုးမျိုးထင်လာတတ်ကြပေသည်။ ဒါန သီလစသော ကောင်းမှုကုသိုလ်များကို များများဆည်းပူးအားထုတ်ထားကြသော ပုဂ္ဂိုလ်များသည် များသောအားဖြင့် ကွယ်လွန်ခါနီးတွင်၊ ကောင်းသောကံနိမိတ်၊ ကမ္မနိမိတ်၊ ဂတိနိမိတ်များ ထင်လာတတ်ကြသည်။ သူ့အသက်သတ်ခြင်း စသော မကောင်းမှု အကုသိုလ်များကို ပြုလုပ်မှုများကြသော ပုဂ္ဂိုလ်များသည် အများအားဖြင့် မကောင်းသော ကံနိမိတ်၊ ကမ္မနိမိတ်၊ ဂတိနိမိတ်များ ထင်လာတတ်ကြပါသည်။
(၁) ကံနိမိတ်ဆိုသည်မှာ အသက်ရှင်နေခိုက် မိမိတို့ ပြုလုပ်ခဲ့သော ကုသိုလ်ကံနှင့် အကုသိုလ်ကံ (စေတနာ)များဖြစ်သည်။
(၂) ကမ္မနိမိတ်ဆိုသည်မှာ ထိုကုသိုလ်နှင့် အကုသိုလ်ပြုစဉ်က တွေ့ကြုံသုံးစွဲခဲ့သော အရာဝတ္ထုများဖြစ်သည်။
(၃) ဂတိနိမိတ်ဆိုသည်မှာ သေဆုံးပြီးနောက် ရောက်ရမည့်ဂတိ (ဒုတိယဘ၀)တွင်၊ မိမိတို့ ရောက်သွားကြရမည့် ကောင်းသောဘုံဘ၀၊ မကောင်းသောဘုံဘ၀ဟူသော ဖြစ်ရာဌာနများဖြစ်သည်။
ကောင်းမှုကုသိုလ်ကံများကြသော ပုဂ္ဂိုလ်သတ္တ၀ါတို့ ကွယ်လွန်ခါနီးကာလတွင် ရှေးက မိမိတို့ ပြုလုပ်ခဲ့ဖူးသော ဒါနကုသိုလ်ကံ၊ သီလကုသိုလ်ကံ၊ ဘာဝနာကုသိုလ်ကံတို့ပြန်၍ အမှတ်ရသောအားဖြင့်၊ စိတ်ထဲတွင် အလိုလို ဖြစ်ပေါ်လာသကဲ့သို့ ထင်မြင်လာကြသည်။ ဤကဲ့သို့ မိမိပြုလုပ်ခဲ့သော ကုသိုလ်ကံများ ထင်မြင်လာခြင်းကို ကုသိုလ်ကံနိမိတ်ထင်သည်ဟု ဆိုပါသည်။
မကောင်းမှု အကုသိုလ်ကံများကြသော ပုဂ္ဂိုလ်သတ္တ၀ါတို့ ကွယ်လွန်ခါနီးကာလတွင် ရှေးကမိမိတို့ ပြုလုပ်ခဲ့ဖူးသော သတ်မှု၊ ခိုးမှု၊ လိမ်ညာမှု၊ ကာမမှုစသော အကုသိုလ်ကံတို့သည် စိတ်ထဲတွင် အလိုလို ဖြစ်လာသကဲ့သို့ ထင်မြင်လာကြပေသည်။ ဤကဲ့သို့ မကောင်းမှု အကုသိုလ်ကံများ ထင်မြင်လာခြင်းကို အကုသိုလ်ကံ နိမိတ်ထင်သည်ဟု ဆိုပါသည်။
ကုသိုလ်ကံပြုလုပ်ခဲ့ကြသူများတွင် ဒါနပြုရာ၌ ကျောင်း၊ ဘုရားတည်ဆောက် ကိုးကွယ်လှူဒါန်းသူဖြစ်လျှင် ကျောင်း၊ ဘုရားအာရုံ၊ ရေစက်ချလှူဒါန်းပုံ အခြင်းအရာ၊ ကျောင်းနှင့်စပ်၍ လှူခဲ့သော အဆောက်အဦး၊ သင်္ကန်း၊ ဆွမ်း၊ ဆေး၊ အာရုံ၊ ဘုရားနှင့်စပ်၍ လှူခဲ့သော ပုံတော်၊ အဆောက်အဦး ပန်း၊ ဆီမီး စသော အာရုံများ ထင်လာတတ်ကြသည်။ ထို့အတူ ဆေးရုံ၊ ရေတွင်း၊ ရေကန်၊ စာသင်ကျောင်း၊ လှူဒါန်းနေပုံအခြင်းအရာများ သံဃာတော်များကို ဆွမ်းကပ်လှူဒါန်းပုံ အခြင်းအရာ၊ ဥပုသ်သီလဆောက်တည်ပုံ အခြင်းအရာ၊ ကမ္မဋ္ဌာန်းတရားအားထုတ်ခဲ့ပုံ အခြင်းအရာ စိပ်ပုတီး၊ ယောဂီဝတ်၊ ကမ္မဋ္ဌာန်းကျောင်း စသည်တို့ကို စိတ်ထဲတွင် အလိုလိုဖြစ်လာသကဲ့သို့ ထင်မြင်လာကြသည်။ ထို့အတူ ဝေယျာဝစ္စ စသည်ဖြင့် ကုသိုလ်ကောင်းမှုပြုလုပ်ပုံ အခြင်းအရာများလည်း ထင်လာတတ်ပါသည်။ ဤကဲ့သို့ ကုသိုလ်ပြုလုပ်ပုံ အခြင်းအရာများ ထင်မြင်လာခြင်းကို ကုသိုလ်ကမ္မနိမိတ်ထင်သည်ဟု ဆိုရသည်။
အကုသိုလ်ကံပြုလုပ်ခဲ့ကြသူများတွင် သူတစ်ပါး အသက်ကို သတ်နေပုံ အခြင်းအရာ၊ သူတစ်ပါး ပစ္စည်းခိုးနေပုံအခြင်းအရာ၊ လိမ်ပြောနေပုံ၊ ကာမမှုကျူလွန်ပုံတို့ကို ထင်လာကြပါသည်။ သတ်ဖြတ်စဉ်က အသုံးပြုခဲ့သော၊ ဓား၊ တုတ်၊ သေနတ်၊ ပိုက်ကွန်၊ လေး၊ မြား၊ လှံစသော လက်နက်များ၊ ခိုးယူထားသော ပစ္စည်းခိုးရာတွင် အသုံးပြုသောပစ္စည်း စသည်ဖြင့် စိတ်ထဲတွင် အလိုလို ဖြစ်လာသကဲ့သို့ ထင်မြင်လာတတ်ကြပါသည်။
ကောင်းမှုကုသိုလ်ကံများကြသော ပုဂ္ဂိုလ်တို့သည် ကွယ်လွန်ခါနီး၌ နောင်ဘ၀တွင် မိမိတို့ရောက်သွားကြရမည့် ဘုံဘ၀၏ သာယာဖွယ်၊ အဆောက်အအုံ၊ ဥယျာဉ်ဗိမာန်၊ နတ်သမီး၊ နတ်သား၊ နတ်ရထားစသည်ဖြင့် ထင်လာတတ်သည်။ လူ့ပြည်ရောက်မည့်သူဖြစ်လျှင် အမိဝမ်းရေ၏ နီနီရဲရဲ အဆင်း၊ လူ၊ အိမ်ယာအဆောက်အဦး တို့ကိုထင်လာတတ်သည်။ ဤကဲ့သို့ မိမိတို့ ရောက်ရှိသွားရမည့် ဘုံဘ၀၏ သာယာဖွယ် ရောက်ရာဌာနအာရုံများ ထင်လာခြင်းကို ကုသိုလ်ဂတိနိမိတ်ထင်ဟပ်သည်ဟုဆိုသည်။
မကောင်းမှုအကုသိုလ်ကံများသော ပုဂ္ဂိုလ်သတ္တ၀ါတို့သည် နောင်ဘ၀၌ မိမိတို့ရောက်သွားကြရမည့် ဘုံဘ၀များ၏ မနှစ်သက်ဖွယ်ရာ၊ ကြောက်မက်ဖွယ်ရာများကို ထင်မြင်လာကြသည်။ ငရဲကျရမည့်သူဖြစ်လျှင်၊ ငရဲမီး၊ ငရဲထိန်း၊ ခွေးနက်ကြီး စသည်ဖြင့် ထင်လာတတ်၏။ တိရစ္ဆာန်ဘုံရောက်မည့်သူသည် တိရစ္ဆာန်တို့၏နေရာ၊ တိရစ္ဆာန်မိခင်ပုံပန်းသဏ္ဌာန်၊ ပြိတ္တာဖြစ်မည့်သူဖြစ်လျှင်လည်း တောကြီးတောင်ကြီး၊ မြစ်ရေ၊ သမုဒ္ဒရာကမ်း စသည်ဖြင့် မိမိတို့နေထိုင်ရမည့် အရပ်ဒေသအလိုက် ထင်လာတတ်၏။ ဤကဲ့သို့ ကြောက်မက်ဖွယ်ရာဌာန အာရုံများ ထင်မြင်လာခြင်းကို အကုသိုလ်ဂတိနိမိတ် ထင်သည်ဟု ဆိုရပေသည်။
မြေမျိုသူတို့အား အ၀ီစိမှမီးအရှိန်သည် လူ့ပြည်သို့တိုင်အောင်ဟပ်သဖြင့် မီးပူအတွေ့ကို မသေခင်ကပင် တွေ့ရသည်ဟု အဆိုရှိပါသည်။ အချို့ (သူတော်ကောင်းကြီးများ) ကွယ်လွန်ခါနီးတွင် အနီးအပါးရှိနေသူများပင် နတ်တူရိယာ (တီးသံ၊ မှုတ်သံ) တို့ကိုကြားကြရသည်။ အမွှေးအကြိုင်အနံ့များကို မွှေးကြရသည်ဟု စာပေများတွင် ဖတ်ရှုရပါသည်။
ဦးပဉ္စင်းကြီး ကွယ်လွန်ခါနီးကာလတွင် ရှေးကပြုခဲ့သော အကုသိုလ်ကံကြောင့် ခွေးကြီးများကသူ့အား ကိုက်တော့မည့်ဟန်ထင်နေသဖြင့် သားရဲ့ “ခြောက်ပါဟဲ့” “ခြောက်ပါဟဲ့” ဟု အော်နေသည်။ အရှင်သောဏက ဦးပဉ္စင်းကြီးတွင် ငရဲနိမိတ်ထင်နေပြီဟု တွေးသိကာ ကိုရင်လေးများကို ပန်းများ ခူးစေပြီး ဘုရားရင်ပြင်တော်နှင့် ဘုရားပလ္လင်တော်ပေါ်တွင် ပန်းကော်ဇောကြီးများ ခင်းစေ၏။ ဦးပဉ္စင်းကြီးအား ခုတင်ပါ ပင့်မ၍ သယ်ယူလာပြီး ဘုရားရင်ပြင်တော်ပေါ်တွင် ချထားပြီးပန်းကော်ဇောနှင့် ဘုရားကို အာရုံအပြုခိုင်းလျက် နှုတ်မှ “ဒီပန်းကော်ဇောနဲ့ မြတ်စွာဘုရားကို တပည့်တော် ပူဇော်ပါတယ်ဘုရား”ဟု ဆို၍ ပူဇော်စေသည်။ ထိုအချိန်တွင် ဦးပဉ္စင်းကြီး ၏ ဂတိနိမိတ်သည် ချက်ချင်းပြောင်းသွားပါသည်။ သူသည် နတ်ဥယျာဉ်တစ်ခုသို့ ရောက်နေပြီး နတ်သားနတ်သမီး နတ်ကချေသည်များက သူ့အားပတ်ပတ်လည် ၀ိုင်းရံ နေကြသည်ဟု ထင်လာပြီး ကြည်လင်ရွှင်ပျ ၀မ်းသာအားရဖြစ်လာ၍ နတ်သမီးများလာနေသည်ကို “ဟဲ့ သားရဲ့ နေရာဖယ်ပေးလိုက်ပါ။ သားရဲ့ မိထွေးတွေ လာနေတယ်” ဟု ယောင်ပြန်၏။ ထို့သို့နတ်ပြည် ဂတိနိမိတ်ကို ထင်လာစဉ်တွင်ပင် ဦးပဉ္စင်းကြီး ဘ၀ဆုံး ပျံလွန်တော်မူ၍ နတ်ပြည်သို့ရောက်သွားပါသည်။
လားရာဂတိအတွက်ကောင်းသော နိမိတ်နှင့် မကောင်းသောနိမိတ်ထင်လာခြင်းသည် မိမိပြုလုပ်ခဲ့သောကံများနှင့် ထိုကံများ၏ အကျိုးပေးလှည့် အစဉ်ပေါ်တွင် မူတည်ပါသည်။
ကံသည် ပါဠိစကား “ကမ္မ”ဖြစ်ရာ မြန်မာလို “ကံ” “အမှု” ဖြစ်သည်။ ကံသည် ကိုယ်၊ နှုတ်၊ စိတ်၊ သုံးမျိုးဖြင့်ပြုလုပ်ခဲ့သော (ယခုဘ၀နှင့် ရှေးရှေးဘ၀ အဆက်ဆက်တို့မှ) ကောင်းမှု၊ မကောင်းမှုများ ဖြစ်ကြသည်။ ဥပမာ - သူတစ်ပါးအား သတ်ဖြတ်ရန် ကြံစည်ခြင်း၊ သတ်ရန်ပြောဆို အမိန့်ပေးခြင်း၊ ကိုယ်တိုင်သတ်ခြင်း စသည်တို့သည် မကောင်းမှု အကုသိုလ်ကံများဖြစ်၍ အလှူဒါန ပြုလုပ်လိုခြင်း၊ သူတစ်ပါးအား ပြုလုပ်စေရန် ဟောပြောခြင်း၊ ပြုလုပ်စေခြင်း၊ ကိုယ်တိုင် လှူဒါန်းမှုပြုလုပ်ခြင်း စသည်တို့သည် ကောင်းမှုကုသိုလ်ကံများ ဖြစ်ကြ၏။ အကျိုးပေးလှည့် အစီအစဉ်အားဖြင့် ခွဲခြားရသော ကံ(၄)ပါး ရှိသည်။
ယေဘူယျအားဖြင့် ကောင်းသောကုသိုလ်ကံများရှိသူသည် ကောင်းသော သုဂတိဘ၀ရောက်နိုင်သည်။ မကောင်းသော အကုသိုလ်ကံများရှိသူသည် မကောင်းသော ဒုဂ္ဂတိဘ၀ကို ရောက်ရန်ရှိသော်လည်း အောက်ဖေါ်ပြပါ (ပါကဒါန ပရိယာယ) အကျိုးပေးလှည့် အစဉ်အားဖြင့် ခွဲခြားရသော ကံလေးပါးကြောင့် အချို့လားရာဂတိ ပြောင်းလဲကြရပေသည်။
အကျိုးပေးလှည့်အစဉ်
ကံလေးမျိုးအနက် ကြီးလေးသော ဂရုကံပြု မိသောသူများလည်း နောင်ဘ၀ပဋိသန္ဓေ အကျိုးကို မုချပေးသည်။ ဂရုကံမရှိလျှင် သေခါနီးတွင် ပြုသော အာသန္နကံက အကျိုးပေးသည်။ အာသန္နကံ မရှိလျှင် အမြဲတစေပြလုပ်သော အာစိဏ္ဍ္လကံက ပဋိသန္ဓေအကျိုးကို ပေးသည်။ ရှေးကသုံးပါးမရှိမှသာ ကဋတ္တာကံက အကျိုးပေးသည်။
နှစ်ရှည်လများအမြဲပြုလုပ်နေသော အာစိဏ္ဍ္လကံသည် သဘာဝအားဖြင့် အားကောင်းသောကံဖြစ်သည်။ အာသန္နကံသည် သဘာဝအားဖြင့် အာစိဏ္ဍ္လကံလောက် အားမကောင်းပါ။ သို့သော် သေပြီးနောက်တစ်ဘ၀အတွက် ပဋိသန္ဓေအကျိုးပေးရာတွင်၊ သေခါနီးပြုလုပ်သော အာသန္နကံသည် ပဋိသန္ဓေနှင့် နီးကပ်သောကြောင့် ပဋိသန္ဓေ အကျိုးပေးနိုင်ဖို့ရန် ပို၍ အခွင့်သာသွားပါသည်။
ဥပမာ -
နွားခြံထဲသို့ စားကျက်မှနွားများပြန်ရောက်လျှင် အားကြီးသောနွားများ အရင်ရောက်၏။ အားနည်းလှသော နွားအိုများ နောက်မှရောက်၍ ခြံဝတွင် အိပ်ရ၏။ နံနက်တွင် နွားများကို စားကျက်လွှတ်ရန် ခြံကိုဖွင့်လျှင် ခြံ၏နောက်ပိုင်းနှင့် အလယ်ပိုင်းတွင် ရောက်နေသော အားကောင်းသည့် နွားကြီးများ အရင်မထွက်နိုင်ဘဲ ခြံဝတွင်ရှိသော အားနည်းသော နွားအိုကြီးများကသာ အရင်ထွက်နိုင်သကဲ့သို့ ပဋိသန္ဓေနှင့် နီးသော သေခါနီးပြုလုပ်သော ကံက ပဋိသန္ဓေကျိုးပေးခြင်းဖြစ်သည်။
အကျိုးပေးလှည့် သာဓကများ
(၁) ကြီးလေးသောကံ
ဂရုကံသည် အားကြီးသောကံဖြစ်၍ မည်သည့် ကံကမျှတား၍မရ၊ ဒုတိယဘ၀ပဋိသန္ဓေအကျိုးကို မဖြစ်မနေပေးသည်။ ဈာန်ရရှိသည်အထိ အကျင့်ရှိသော ပုဂ္ဂိုလ်များကွယ်လွန်လျှင် ဒုတိယဘ၀တွင် ဗြဟ္မာပြည်သို့ မလွဲဧကန် ရောက်ရသည်။
အာဠာရနှင့် ဥဒကရသေ့
မြတ်စွာဘုရား အလောင်းတော် တောထွက်တော်မူပြီးနည်းနာခံယူသော အာဠာရဂုဏ်းဆရာကြီးနှင့် ဥဒကဂုဏ်းဆရာကြီးတို့သည် လောကီသမာပတ် ဈာန်ရရှိကြသော ပုဂ္ဂိုလ်များဖြစ်ကြသည်။ အလောင်းတော်ဘုရားမဖြစ်မီတွင် ကွယ်လွန်ကြရာ ဈာန်ကုသိုလ်ကြောင့် ဗြဟ္မာပြည်သို့လားကြ၏။ အာဠာရဂုဏ်းဆရာကြီးသည် ဘုရားမပွင့်မီ (၇)ရက်အလိုတွင် ကွယ်လွန်ပြီး၊ အရူပဗြဟ္မာလေးဘုံတို့အနက်၊ သုံးဆင့်မြောက်ဖြစ်သော အာကိဉ္စညာယတနဘုံ၌ဖြစ်သည်။ ဥဒကဂုဏ်းဆရာကြီးသည် ဘုရားပွင့်တော်မူမည့် ညသန်းခေါင်တွင် ကွယ်လွန်ပြီး၊ အရူပဗြဟ္မာလေးဘုံအနက် လေးဆင့်မြောက်သော (ဘ၀ဂ်ခေါ်သည့်) နေ၀သညာနာသညာယတနဘုံ၌ဖြစ်၏။ ဈာန်ကုသိုလ်သည် လောကီကုသိုလ်တို့တွင် အားအကြီးဆုံးကုသိုလ် ဂရုကံဖြစ်၍ (၃၁)ဘုံတွင် အမြင့်မြတ်ဆုံးသော ဗြဟ္မာဘုံများသို့ ဒုတိယဘ၀တွင် အမှန်ရောက်ကြ၏။
အဇာတသတ်မင်း
အဇာတသတ်မင်းကြီးသည် ရာဇဂြိုဟ်ပြည့်ရှင်ဖြစ်သည်။ ဒေ၀ဒတ်နှင့်ပေါင်းမိ၍ အကုသိုလ်ဘက်တွင် အားအကြီးဆုံးကံတစ်ခုဖြစ်သော အဖသတ်ကံကို ကျူးလွန်မိသည်။ စံလွန်သောအခါ လောဟကုမ္ဘီငရဲ၌ အနှစ်ခြောက်သောင်းခံရ၏။ ယခုအချိန်သည် အဇာတသတ်မင်း ငရဲခံနေရဆဲပင်ဖြစ်၏။ အဇာတသတ်မင်းသည် မဂ်ဖိုလ်ရထိုက်သော ပါရမီရှိသူဖြစ်၏။ မြတ်စွာဘုရားရှင် ကိုယ်တော်တိုင် တရားရေအေး တိုက်ကျွေးသော်လည်း မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်သို့ မရောက်ခဲ့ပါ။ ဘုရားရှင်ကိုယ်တော်တိုင်ပင် မကယ်နိုင်သော ဘ၀ဖြစ်ပါသည်။ ဘုရားရှင်ကို လွန်စွာသဒ္ဓါကိုးကွယ်ခြင်း၊ ပထမသင်္ဂါယနာ တင်နိုင်ရန် ပံ့ပိုးခြင်း၊ ဓာတ်တော်တိုက်တည်ခြင်း စသော သာသနာရေးဆောင်ရွက်ချက် ကုသိုလ်အစုအပုံများကလည်း ဤအဖသတ်ကံကို မတားနိုင်ပါ။ ကြီးလေးသော အဖသတ်ကံကြောင့် ငရဲရောက်ရပြီး များစွာသော ကုသိုလ်ကံများကြောင့် ငရဲမှလွတ်လျှင် ၀ိဇိတ၀ိသေသ မည်သော ပစ္စေကဗုဒ္ဓါဖြစ်လတ္တံဟုဆိုပါသည်။
(၂) သေခါနီးတွင်ပြုသောကံ၊ အာသန္နကံ
သေခါနီးတွင် ကပ်၍ပြုလုပ်သောကံ၊ သေခါနီးပုဂ္ဂိုလ်အတွက် အလွန်အရေးကြီးသော ကံဖြစ်ပါသည်။ ကြီးလေးသောဂရုကံမရှိလျှင်၊ ဒုတိယဘ၀ ပဋိသန္ဓေ အကျိုးဧကန်ပေးမည့်ကံဖြစ်သည်။ သေခါနီးအချိန်တွင် အကုသိုလ်စိတ်ဝင်လျှင် အကုသိုလ်ပြုမိလျှင် မကောင်းသော ဒုဂ္ဂတိလားမည် ဧကန်ဖြစ်၍ ကုသိုလ်စိတ်၊ ကုသိုလ်အမှုပြုမိလျှင် ကောင်းသော သုဂတိလားမည် ဧကန်ဖြစ်၏။
မဏ္ဍူက - ဖါးနတ်သား
ထိုနတ်သားသည် ဂေါတမဘုရားရှင်လက်ထက် ရေကန်၌ ဖားသတ္တ၀ါဖြစ်၏။ တစ်နေ့၌ မြတ်စွာဘုရားတရားတော်ကို နာယူခိုက်တွင် နွားကျောင်းသားတစ်ဦးက ထိုဖားအပေါ်တွင် တုတ်နှင့်ထောက်၍ ဖိလိုက်သဖြင့် သေဆုံးသွား၍ နတ်ပြည်၌ တန်ခိုးအာနုဘော် အကျော်အစော၊ အရောင်အ၀ါ အပြည့်အစုံဖြင့် ရောက်ရှိသွား၏။ တရားတော်၏ အဓိပ္ပါယ်ကို မသိသော်လည်း စိတ်၏ ကြည်ညိုခြင်းဖြင့် နားထောင်မိသော ကုသိုလ်စိတ်ဖြင့် သေဆုံးရသောကြောင့် သုဂတိ ဘ၀ကိုလားရ၏။
ကုန်သည်ခုနစ်ရာ
မြတ်စွာဘုရားရှင်လက်ထက်၌ ကုန်သည်ခုနစ်ရာတို့သည် သင်္ဘောဖြင့်ကုန်ရောင်းထွက်ခဲ့ရာ ခုနှစ်ရက်မြောက်သောနေ့၌ လေမုန်တိုင်းတိုက်ခတ်၍ သင်္ဘောကွဲပေါက်ပြီး ရေများ အမြန်စီးဝင်ပြည့်လာ၏။ သင်္ဘောကြီးနစ်မြုပ်တော့မည်ကို သိကြသောကုန်သည်တို့သည် မိမိကိုးကွယ်ထားကြသော နတ်တို့၏ အမည်ကို ခေါ်ကြ၍ ကြောက်လန့်တကြား ဟစ်အော် ငိုကြွေးနေကြ၏။ တစ်ယောက်သောကုန်သည်သည် သေရမည့်ဘေးနှင့်တွေ့ကြုံရာ၌ မိမိအားကိုးရာကို ကြံစည် ဆင်ခြင်ကြည့်ရာ သင်္ဘောထွက်မည့်နေ့တွင် သံဃာတော်များကို ဆွမ်းကပ်လှူဒါန်း၍ ဆောက်တည်ခံယူခဲ့သော သရဏဂုံနှင့် ငါးပါးသီလတို့ စင်စင်ကြယ်ကြယ်ရှိနေသည်ကိုတွေ့မြင်ရသောကြောင့် တရားထိုင်မှတ်နေသော ယောဂီကဲ့သို့ ထက်ဝယ်ဖွဲ့ခွေထိုင်ပြီး၊ ယင်းတို့ကို အာရုံပြု၍နေ၏။ ကြောက်လန့်နေကြသော ကုန်သည်တို့သည် ထိုကုန်သည်၏ အကြောင်းစုံကိုသိရလျှင် သရဏဂုံနှင့် ငါးပါးသီလပေးရန် တောင်းပန်ကြ၏။ ကုန်သည်တို့အား တစ်ရာစီ စုဝေးစေ၍ သရဏဂုံ၊ သီလနှင့်ပြည့်စုံသော ကုန်သည်က တစ်ရာစုကို တစ်ကြိမ်စီ ငါးပါးသီလပေး၏။ ပထမဆုံး ကုန်သည် ရာစုသည် ခြေဖမျက်သော ရေ၌ရပ်တည်၍ သီလယူရ၏။ ဒုတိယ ကုန်သည်ရာစုသည် ဒူးခေါင်းမျှသောရေ၌၊ တတိယကုန်သည် ရာစုသည် တင်ပါးမျှသောရေ၌၊ စတုတ္ထကုန်သည်ရာစုသည် ချက်မျှသောရေ၌၊ ပဉ္စမကုန်သည်ရာစုသည် သားမြတ်မျှသောရေ၌၊ ဆဋ္ဌမကုန်သည်ရာစုသည် လည်မျှသောရေ၌၊ သတ္တမကုန်သည်ရာစုသည် ပါးစပ်ထဲသို့ ဆားငန်ရည် ၀င်စပြုလာသောအခါ၌ ရပ်တည်၍ သီလယူရ၏။ ကုန်သည်ခုနစ်ရာလုံး သီလယူပြီးကြသောအခါ သရဏဂုံသီလနှင့်ပြည့်စုံသော သူတော်ကောင်း ကုန်သည်က “သင်တို့မှာ အခြားတစ်ပါးသော ကိုးကွယ်အားထားရာမရှိပြီ၊ သင်တို့ဆောက်တည်ခံယူထားသော သီလကိုသာ ဆင်ခြင်နှလုံးသွင်းကြကုန်လော့”ဟူ၍ ကြွေးကြော်ပေးပြီး တစ်ပြိုင်နက် သင်္ဘောကြီးလည်း နစ်မြုပ်သွားလေ၏။ သေဆုံးပြီးနောက် တစ်ပေါင်းတစ်စုတည်းပင် တာဝတိံသာနတ်ပြည်သို့ ရောက်ကြ၏။ ဤသည်မှာ ကွယ်လွန်ခါနီးတွင် အကြောက်တရား (ဒေါသ)ကိုပယ်နိုင်၍ ပြုလုပ်သော ကုသိုလ်အားနှလုံးသွင်းထားစဉ် ကွယ်လွန်သောကြောင့်ဖြစ်သည်။
သန်းဖြစ်ရသော တိဿမထေရ်
ဘုရားရှင်လက်ထက်တွင် တိဿမထေရ်ဟု ထင်ရှားသော ရဟန်းတစ်ပါးရှိ၏။ အလှူခံရရှိသော အ၀တ်အားသင်္ကန်းချုပ်ဆိုး၏။ သင်္ကန်းပြီးဆုံးသောအခါ မထေရ်သည် စွဲလမ်းနှစ်သက်တပ်မက်၍ နက်ဖြန်ခါ ၀တ်ရုံမည်ဟုကြံစည်၍ သင်္ကန်းတန်းပေါ်တွင် တင်ထား၏။ ထိုည၌ အစာမကြေရောဂါဖြစ်၍ ပျံလွန်တော်မူ၏။ သင်္ကန်းကိုစွဲလမ်းသော လောဘစိတ်ကြောင့် ထိုခဏ၌ပင် သင်္ကန်း၌ သန်းဖြစ်၏။ ရဟန်း၏ပစ္စည်းများကို သံဃာအားခွဲဝေပေးရန်အတွက် သင်္ကန်းကိုယူသောအခါ ထိုသန်းသည် “ဤရဟန်းတို့သည် ငါ၏ဥစ္စာကို လုယက်နေကြသည်ဟု” အော်ဟစ်၍ပြေးလွှားနေ၏။ ဤသည်ကို မြတ်စွာဘုရား ဒိဗ္ဗသောတဖြင့်ကြားသိ၍ အာနန္ဒာမထေရ်အား (၇)ရက်ပတ်လုံး သင်္ကန်းအားထားစေ၍ (၈)ရက်မြောက်နေ့တွင်မှ ယူဆောင်စေ၏။ ထိုသန်းသည် (၇)ရက်မြောက်နေ့တွင် သေဆုံးပြီး တုသိတာနတ်ပြည်၌ နတ်ဖြစ်၏။ သေခါနီးတပ်မက်သော တဏှာလောဘ အကုသိုလ်စိတ်၊ သေခါနီး မကောင်းမှုကံကြောင့် သန်းဖြစ်ရ၏။ ထို့နောက် ဆောက်တည်ခဲ့သော ရဟန်းတရားများကြောင့် နတ်ဖြစ်ရ၏။
အကယ်၍ ရဟန်းများ ထိုသန်းမသေဆုံးမီ သင်္ကန်းကိုယူလိုက်မိပါက ရဟန်းတို့ကို စိတ်ဖြင့် ပြစ်မှားသောကြောင့် ငရဲသို့ရောက်ရမည်ဖြစ်၍ ဘုရားရှင်က တားမြစ်ရခြင်းဖြစ်၏။
မလ္လိကာဒေ၀ီ
မလ္လိကာဒေ၀ီသည် သာဝတ္ထိပြည့်ရှင်၊ ပေဿနဒီကောသလမင်းကြီး၏ မိဖုရားဖြစ်သည်။ အမြော်အမြင် ပညာနှင့်ပြည့်စုံပြီး သာသနာတော်ကို အလွန်သက်ဝင် ကြည်ညိုသော မိဖုရားကြီးဖြစ်သည်။ ကောသလမင်းကြီးနှင့် စိတ်တူသဘောတူ အသဒိသ အလှူတော်ကြီးကို ဘုရားအမှူးရှိသော သံဃာတော်များကို ပေးလှူခဲ့သူဖြစ်သည်။ သို့သော် သူကွယ်လွန်သွားသောအခါ အ၀ီစိငရဲတွင် ကျရောက်ခံစားရပါသည်။ သေခါနီးတွင် ရှေးကပြုခဲ့မိသော မကောင်းမှုအကုသိုလ်ကို အာရုံပြုမိပြီး စိတ်ဆင်းရဲမှုကို ခံစားနေရခိုက် ဒေါသဖြင့် ကွယ်လွန်သွား၍ ဤသို့ ရောက်ရှိရခြင်းဖြစ်၏။ ၎င်းပြုခဲ့သော မကောင်းမှုမှာ တစ်နေ့တွင် မရည်ရွယ်ဘဲ အမှတ်မထင်ဖြစ်ပေါ်လာသော သူ့အချစ်တော်ခွေး၏ အတွေ့ကို သာယာမိမှုနှင့် ထိုကိစ္စကို သိသွားသော ကောသလဘုရင်ကြီးအား ပရိယာယ်ဆင်၍ ဆိတ်မနှင့် မဟုတ်မမှန် လုပ်ကြံစွပ်စွဲသော မကောင်းမှု အကုသိုလ်ဖြစ်သည်။
သေခါနီးတွင် ထိုအဖြစ်အပျက်များကို အာရုံပြုမိ၍ စိတ်မချမ်းမသာနှင့် သေရသည်။ ဤအကုသိုလ် အာသန္နကံသည် အ၀ီစိပဋိသန္ဓေကျိုးကို ပေးလိုက်ပါသည်။
မလ္လိကာဒေ၀ီမိဖုရားသည် သေခါနီးတွင် အကုသိုလ်ကို အာရုံပြုမိ၍ အ၀ီစိငရဲကျသော်လည်း (၇)ရက်သာ ငရဲခံရ၏။ ထိုအကုသိုလ်ကံ အစွမ်းသတ္တိများကုန်သွားသော (၈)ရက်မြောက်နေ့တွင် ငရဲမှလွတ်မြောက်၍ တုသိတာနတ်ပြည်တွင် နတ်ဖြစ်ရသည်။
တမ္ဗဒါဌိက ခိုးသူသတ်သမား
ဘုရားရှင်လက်ထက် ရာဇဂြိုဟ်ပြည်တွင် တမ္ဗဒါဌိကအမည်ရှိသော ခိုးသူသတ်သမားသည် အနှစ်(၅၀)ပတ်လုံး သူခိုးတို့အား သတ်ပေးရသော ခိုးသူသတ် ရာထူးရသဖြင့် နေ့တိုင်းပင် ဖမ်းဆီးရမိသော သူခိုးများကို သတ်ရလေသည်။ ရာထူးမှ လျောကျသောနေ့၌ ယခင်က သုံးဆောင်ခွင့် မရသော ဆီဦးထောပတ်နှင့်တကွ နို့နှင့်ရောသော ယာဂုကိုစားသုံးရန် အတွက် ကျိုချက်စေ၏။ ယင်းခိုးသူသတ်သမားအား ချီးမြှင့်ရန်အတွက် အရှင်သာရိပုတ္တရာသည် ထိုသူ၏ အိမ်သို့ ဆွမ်းခံကြွ၏။ ဆွမ်းအလှူခံပြီးနောက် ထိုသူ သက်ဝင်ယုံကြည် နာယူခြင်းရှိလာစေရန် အနုမောဒနာတရားကို ဟောကြားတော်မူ၏။ ခိုးသူသတ်သမားသည် ၀ိပဿနာဉာဏ်များ ဖြစ်လာ၏။ တရားတော်ဟောကြားပြီး ပြန်ကြွသော အရှင်သာရိပုတ္တရာအား လိုက်ပို့စဉ် နွားဝှေ့၍ သေဆုံးရာ တုသိတာနတ်ပြည်၌ နတ်သားဖြစ်၏။ ဤသည်မှာ သေခါနီးကပ်၍ ပြုလုပ်သောကုသိုလ်နှင့် ၀ိပဿနာဉာဏ်၊ သေခါနီး ပြုသောကံများက အကျိုးပေးသောကြောင့်ဖြစ်၏။
တစ္ဆေဖြစ်ရသော ကျောင်းအမကြီး
မျက်မှောက်ကာလတွင် မဟာဂန္ဓာရုံ ဆရာတော်ဘုရားကြီး၏ ဟောပြောချက်အရ အမရပူရမြို့(တောင်မြို့)မှ ဒါယကာမကြီးတစ်ဦးသည် တောင်သမန်ဘက်တွင် ကျောင်းတိုက်ကြီးဆောက်၍ လှူဒါန်း၏။ ထို့အပြင် အညာဒေသပူပြင်းသောကြောင့် ရေချမ်းစင်များစွာကိုလည်း လှူဒါန်းမှုပြု၍ ကျောင်းအမကြီး ရေချမ်းအမကြီးဟူသော နာမည်နှင့် လူသိများ၏။ သူကွယ်လွန်ခါနီးသောအခါ သားသမီးများ ငိုကြလွန်းသောကြောင့် ထိုသူတို့ကို စွဲလန်း၍ (လောဘဖြင့်) သေဆုံးသွားသဖြင့် တစ္ဆေ(ပြိတ္တာ)ဖြစ်ရ၏။ အဖေါ်တစ္ဆေများနှင့် အပျော်သွားကြနေ၍ သင်္ချိုင်းတွင် လှူဒါန်းမှုများကို မသိလိုက်ပါ။ ရက်လည်ဆွမ်းကျွေးသည့်အခါတွင်မှ တရားနာရ၊ အမျှဝေသည်ကိုလည်းရသည်ဟု တရားဟောပြီး ပြန်ကြွသော ဆရာတော်ဘုရားကိုလိုက်၍လျှောက်ထားပြီး ကျွတ်လွတ်သွားပါသည်။ ကွယ်လွန်ခါနီးတွင် ဆွေမျိုးသားသမီးများအနေဖြင့် မငိုမိရန် အထူးသတိထားသင့်သည်။ သားသမီးကို စွဲလန်းသော လောဘတဏှာ အကုသိုလ်အာသန္နကံက တစ္ဆေ(ပြိတ္တာ)ဘ၀ရောက်ရန် အကျိုးပေးသွားခြင်းဖြစ်၏။
(၃) အမြဲတစေပြုလုပ်သော အာစိဏ္ဍ္လကံ
အမြဲတစေပြုလုပ်သည့် ကောင်းမှုကံ၊ မကောင်းမှုကံများသည် အားကြီးသောကံများဖြစ်၏။ သတ်မှု၊ ခိုးမှု၊ လိမ်ပြောမှု ကာမမှုစသည်ဖြင့် မကောင်းမှု၌ အမြဲလေ့ကျက်နေသော သူတို့ထံတွင် အကုသိုလ်များ အထုံစွဲ၍နေ၏။ ထို့အတူ ကုသိုလ်အရာတွင် ဒါနသီလ ဘာဝနာအမှုများနှင့် အမြဲလေ့ကျက်နေသောသူတို့တွင် ကုသိုလ်များထုံစွဲ၍ နေ၏။ သေခါနီးကပ်ပြုသော ကံများမရှိလျှင် ထိုကံက အကျိုးပေး၏။ အကယ်၍ သေခါနီးကပ်ပြုသော ကံကလွှမ်းမိုးသွား၍ အကျိုးပေးခွင့်မရခိုက်မှာ ငုတ်လျှိုးနေရပြီး၊ လွှမ်းမိုးမှုမှ လွတ်မြောက်သွားသောအခါ အမြဲတစေ ပြုလုပ်ခဲ့သောကံက အကျိုးပေးပါသည်။
နတ်ဖြစ်ရသော ရဟန်းတစ်ပါး
ဘုရားရှင်လက်ထက်တွင် အမျိုးကောင်းသား တစ်ယောက်သည် မြတ်စွာဘုရား၏ တရားတော်ကို နာကြားရသဖြင့် ရဟန်းဝတ်၍ ၀ိနည်းသိက္ခာများကို ကောင်းစွာသင်ကြားပြီး (၅)နှစ်တိုင် ဆရာနှင့်နေထိုင်၏။ ထို့နောက် တောထွက်၍ အရဟတ္တဖိုလ်ရရန် ကျင့်ကြံအားထုတ်၏။ အထူးဝိရိယလွန်ကဲစွာ အားထုတ်သောကြောင့် လေနာဖြစ်တော်မူ၏။ ရဟန်းသည် တရားကျင့်ကြံမှုကို လျှော့ခြင်းမရှိ။ အစဉ်အတိုင်းပင် အားထုတ်၏။ တစ်နေ့သောအခါ စင်္ကြံကြွ၍အားထုတ်နေစဉ် ပျံလွန်တော်မူ၍ တာဝတိံသာနတ်ပြည်သို့ရောက်၏။ ရဟန်းသည် နတ်ဖြစ်သည်ကို သတိမမူဘဲ တရားကိုသာ ဆက်လက်အားထုတ်နေ၏။ ဗိမာန်တွင်းရှိ အလုပ်အကျွေး နတ်သမီးတစ်ထောင်တို့သည် မှန်ထောင်ပြ၍ နတ်ဖြစ်နေကြောင်း သိစေ၏။ ရဟန်းက ရွှေတံဆိပ်မှန်းသည့် နပမ်းသမားသည် မုံလာဥတစ်စည်းသာရသကဲ့သို့ ရဟန္တာဖြစ်ရန်ရည်မှန်း၍ တောထွက်တရား အားထုတ်ခဲ့သည်များသည် ယခု နတ်ပြည်သို့သာ ရောက်ရသည်ဟု ဆိုလေ၏။ ဘုရားရှင်လက်ထက်တော်အခါဖြစ်၍ မြတ်စွာဘုရားရှင်ထံ ချက်ချင်းသွားရောက်လျှောက်ထားရာ၊ ဘုရားရှင်က ကမ္မဋ္ဌာန်းတရားဟောပြောပေးသဖြင့် ထိုရဟန်း၏ ပါရမီအားလျော်စွာ သောတာပန်အဖြစ်သို့ရောက်ရှိ၏။ အမြဲတစေ ပြုလုပ်ခဲ့သော ကုသိုလ်ကံက အကျိုးပေးခြင်းဖြစ်၏။
စုန္ဒ ၀က်ထိုးသမား
ဘုရားရှင်လက်ထက်တော်အခါတွင် ရာဇဂြိုဟ်ပြည်၌ စုန္ဒမည်သော ၀က်ထိုးသမားသည် အလွန့်ရုန်းရင်းကြမ်းကြုတ်၏။ အနှစ်ငါးဆယ်ပတ်လုံး ၀က်များကိုသတ်၏။ သတ်မည့်ဝက်အား မလှုပ်နိုင်အောင် ချည်နှောင်၍ ရိုက်ပြီးလျှင် ပါးစပ်ဟစေရန် ဒုတ်တံတိုဖြင့် ပင့်ထောက်ပြီး ပါးစပ်မှ ရေနွေးများကို လောင်းချ၏။ စအိုမှထွက်လာသော အရည်များဖြူသွားလျှင် မြက်များဖြင့် အမွှေးတို့ကို မီးတိုက် လောင်ကျွမ်းစေပြီးမှ သတ်၏။ ထို စုန္ဒ၀က်ထိုးသမား၏ အိမ်မှ မနီးမဝေးသော ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူသည့် မြတ်စွာဘုရားရှင်နှင့် သံဃာတော်များအား ဆွမ်းတစ်ယောက်ချို၊ ပန်းတစ်ဆုပ်သော်မျှ မလှူဒါန်းဘူးပေ။ အခြားသူများကိုလည်း ပေးကမ်းလှူဒါန်းခဲ့ဖူးခြင်းမရှိ၊ ကြင်နာသနားမှုလည်းမရှိပေ။ တစ်ဘ၀လုံးမည်သည့် ကောင်းမှုမှမရှိဘဲ အကုသိုလ်အမှုကိုသာ ပြုနေလေ၏။ ထိုသူမသေခင်တွင် ငရဲမီးတို့သည် အိမ်အတွင်းဝင်ရောက်သဖြင့် လွန်စွာပူလောင်သောကြောင့် ၀က်၏အသံဖြင့် မြည်တွန် အော်ဟစ်ပြီးလျှင် အိမ်အတွင်းမှ မထွက်နိုင်ဘဲ လေးဘက်ထောက် ပြေးကာ လှည့်လည်၍ ခုနှစ်ရက်ပတ်လုံး ခံစားနေရ၏။ ခုနှစ်ရက်မြောက်နေ့၌ သေလွန်၍ အ၀ီစိငရဲ၌ ဖြစ်လေသည်။ အမြဲတစေပြုလုပ်သော အကုသိုလ် မကောင်းမှု အာစိဏ္ဍ္လကံကအကျိုးပေးခြင်းဖြစ်၏။
ဓမ္မိကဥပသကာနှင့်ရေ၀တီ
ဖေါ်ပြခဲ့ပြီးသော ဓမ္မိကဥပသကာသည် တစ်သက်ပတ်လုံး ကောင်းမှုကုသိုလ်များ ပြုလုပ်ခဲ့၏။ သေဆုံးကာနီးတွင်လည်း တရားတော်များ နာကြားပါသဖြင့် အမြဲတစေ ပြုလုပ်သော ကုသိုလ်ကံနှင့်တကွ သေခါနီးပြုလုပ်သော ကုသိုလ်ကံများ၏ အကျိုးကြောင့် နတ်ဖြစ်ရလေ၏။ ရေ၀တီ မိန်းမသည်လည်း တစ်သက်လုံး ပြုလုပ်ခဲ့သော အကုသိုလ်၏ အကျိုးပေးအဖြစ် ငရဲရောက်ရ၏။
(၄) ပြုမိရုံမျှဖြစ်သော ကဋတ္တာကံ
အမှတ်မထင်ပြုမိသောကံများနှင့် ရှေးဘ၀မှ ကံများဖြစ်သည်။ လွန်စွာအရေးမကြီးသောကံဖြစ်၏။ သို့ရာတွင် ရှေးဖေါ်ပြပါ ကံသုံးမျိုးမရှိလျှင် ဤကံသည် ပဋိသန္ဓေအကျိုးကိုပေး၏။ များသောအားဖြင့် ရှေးဖေါ်ပြပါ ကံသုံးမျိုး လူတိုင်းပင်ရှိကြပါသည်။
သန်းဖြစ်ရသော တိဿမထေရ်နတ်ပြည်ရောက်ခြင်း
တိဿမထေရ်သည် သင်္ကန်းကို စွဲလမ်း၍ သန်း (၇)ရက်ဖြစ်ရာတွင် (၇)ရက်အတွင်း ကြီးလေးသောကံ၊ သေကာနီးတွင် ပြုသောကံနှင့် အမြဲတစေ ပြလုပ်သောကံများ မရှိခဲ့ပါ။ တိဿမထေရ်ဘ၀တွင် အမြဲတစေ ပြုလုပ်ခဲ့သော ရဟန်းတရားစောင့်ထိန်းခဲ့ခြင်း၊ ၀ိနည်းရိုသေခဲ့ခြင်း၊ အာစိဏ္ဍ္လကံကုသိုလ်များသည် သန်းဘ၀မှ သေဆုံးပြီးနောက် တုသိတာနတ်ဖြစ်သော အကျိုးကိုပေးခြင်းဖြစ်၏။
မလ္လိကာမိဖုရား
မလ္လိကာမိဖုရားဒေ၀ီသည် မလျော်သောအမှုအတွက် နောင်တပူပန်မှုဖြင့် သေဆုံးရသောကြောင့် ငရဲသို့ (၇)ရက် ရောက်ရ၏။ (၇)ရက်အတွင်း မည်သည့်ကံမျှမရှိခဲ့ပါ။ မလ္လိကာဒေ၀ီဘ၀တွင် နှစ်ပေါင်းများစွာ ရတနာသုံးပါးကို ကြည်ညိုဆည်းကပ်ခဲ့ခြင်း၊ အာစိဏ္ဍ္လကံ ကုသိုလ်များ၊ အသဒိသ အလှူကြီးပေးသော ကုသိုလ်များ၊ အလှူကြီးအား ပြန်ဆင်ခြင် နှလုံးသွင်းမိတိုင်း ၀မ်းမြောက်မှုကုသိုလ် အာစိဏ္ဍ္လကံများသည် ငရဲမှ လွတ်ပြီး တုသိတာနတ်ပြည်တွင် နတ်ဖြစ်ရသော အကျိုးပေး၏။
စွဲလမ်းရာနှင့် လားရာဂတိ
ဘ၀သစ်လားရာဂတိသည် ကံအကြောင်းတရားများအပြင် စွဲလမ်းတပ်မက်မှု အထူးသဖြင့် ဘ၀ကို စွဲလန်းတပ်မက်မှု (ဘ၀တဏှာ)ကြောင့်လည်း လားရာဂတိများ ပြောင်းလဲတတ်ကြပါသည်။
ပတိပူဇိကာ အမျိုးသမီး
ဘုရားလက်ထက်တွင် တာဝတိံသာနတ်ပြည်ရှိ မာလာဘာရီနတ်သား၏ နတ်သမီးတစ်ဦးသည် နဒ္ဒ၀န်ဥယျာဉ်၌ ပန်းခူးစဉ် နတ်သက်ကြွေ စုတေသွား၏။ သာဝတ္ထိပြည်တွင် မိန်းကလေးအဖြစ် မွေးဖွား၏။ အတိတ်ဘ၀ကို ပြန်၍သိနိုင်သော ဇာတိဿရဉာဏ် ရရှိသဖြင့် မာလာဘာရီနတ်သားကိုသာ သတိရပြီး၊ နတ်သား၏ နတ်သမီးအဖြစ်ကိုသာ တောင့်တ၍ နတ်သားဆီတွင်ပင် စိတ်ညွတ်၍နေ၏။ ထိုနတ်သားထံ ပြန်ရောက်ရန်အတွက် တောင့်တ၍ဆုတောင်း၏။ လူ့ပြည်တွင် အိမ်ထောင်ကျ၍ သားလေးယောက်ဖွားမြင်၏။ တစ်နေ့၌ အလှူဒါနပြု၍ သီလစောင့်နေစဉ် ညချမ်း၌ သေဆုံးသွားသောအခါ မာလာဘာရီနတ်သား၏ နတ်သမီးဘ၀ကို ပြန်ရပါသည်။ စိတ်ညွတ်ရာ လိုလားတောင့်တရာတွင် သွား၍ ဖြစ်ရခြင်းဖြစ်၏။
စိတ်ညွတ်သည်ဆိုရာတွင်လည်း စိတ်ညွတ်ရုံ သာမက၊ ဘုရားရှင်နှင့် သံဃာတော်များအား လှူဒါန်းခြင်း၊ သီလဆောက်တည်ခြင်း စသော ကိုသိုလ်ကောင်းမှုများကို မပြတ်လုပ်ဆောင်၍ လုပ်ဆောင်တိုင်း လုပ်ဆောင်တိုင်း အရှင်ဖြစ်သောမာလာဘာရီနတ်သားထံတွင်သာ ဤဘ၀မှ ပြောင်းရွှေ့လျှင်ရောက်ရစေရန် အမြဲ ဆုတောင်းသောကြောင့်လည်း ဖြစ်၏။ ကောင်းမှုကံနှင့် စွဲလမ်းစိတ်ညွတ်ရာဘ၀တွင် ဖြစ်ရခြင်းဖြစ်၏။
စွဲလမ်း၍ခွေးဖြစ်ရခြင်း
အလ္လကပ္ပမြို့တွင် ငတ်မွတ်ခေါင်းပါးသော ဘေးကြီးဆိုက်သဖြင့် ထိုမြို့မှ ကောတုဟလိကနှင့် ကာဠီမည်သော ဇနီးမောင်နှံနှစ်ယောက်သည် ကောသဗ္ဗီပြည်သို့ ထွက်ပြေးလာကြ၏။ ထိုအချိန်တွင် ပစ္စည်းဥစ္စာပြည့်စုံသော နွားမွေးသူတစ်ဦးသည် နို့စားနွားမ အကြောင်းပြု၍ နို့ညှစ်မင်္ဂလာပြု၏။ နေ့စဉ် ဆွမ်းခံကြွလာသော ပစ္စေကဗုဒ္ဓါကို ဆွမ်းကျွေး၍ မင်္ဂလာပွဲကိုပြုလုပ်၏။ ထိုစဉ်တွင် ခရီးစဉ်အတိုင်း လာသော ဇနီးမောင်နှံအားမြင်လျှင် သနားသဖြင့် များစွာသော ထောပတ်နှင့် နို့ထမင်းကိုပေး၏။ နွားမွေးသူသည် မိမိကိုယ်တိုင်လည်းစားသောက်၏။ အနားတွင်ရှိသော မွေးထားသည့် ခွေးမအားလည်း ကျွေး၏။ ဇနီးမောင်နှံနှစ်ယောက်အနက် ခင်ပွန်းသည် အစားကောင်းစားနေရသော ခွေးမလေးအားကြည့်ရင်း “ဒီအိမ်တွင် ခွေးဖြစ်ရတာ ကံကောင်းလိုက်တာ၊ ဒီခွေးလေး ဒီလို အစားကောင်းတွေ နေ့စဉ်စားနေရမှာပဲ”ဟု တွေးမိပြီး၊ ခွေးမလေး၏ ဘ၀ကို အားကျတောင့်တမိသည်။ ထိုသူသည် အစာမစားရသည်မှာ ကြာပြီဖြစ်၍၊ အားပါးတရများစွာ စားလိုက်သဖြင့် အစာမကြေဘဲ ထိုည၌ ထိုအိမ်တွင်ပင် ကွယ်လွန်သွား၍ ထိုခွေးမလေး၏ ၀မ်းတွင်ဝင်စားပြီး ခွေးမလေး၏ သား ခွေးလေးဖြစ်သွားသည်။ အစာလောဘနှင့် ခွေးဘ၀အားကျမိ၍ ခွေးဖြစ်ရခြင်းဖြစ်၏။
ဗိမ္ဗိသာရမင်းကြီး
ရာဇဂြိုဟ်ပြည့်ရှင် ဗိမ္ဗိသာရမင်းကြီးသည် ဘုရားရှင်အား လွန်စွာကြည်ညို၏။ ဝေဠုဝန်ကျောင်းတော်ကြီး၏ ဒါယကာလည်းဖြစ်၏။ ဘုရားရှင်၏ တရားတော်ကို ဘုရားရှင်အဖြစ် ရောက်တော်မူခါစကပင် နာကြားရ၍ သောတာပန်တစ်ဦးဖြစ်၏။ သားတော်အဇာတသတ်မင်းလုပ်ကြံ၍ ရတနာသုံးပါးနှလုံးသွင်းလျက်ပင် ကံတော်ကုန်ရာ၊ စတုမဟာရာဇ်နတ်ပြည် ဝေဿ၀ဏ်နတ်မင်းကြီး၏ အလုပ်အကျွေး ဇန၀သဘမည်သော နတ်သားဖြစ်၏။ မင်းကြီး၌ များစွာသော ကောင်းမှုရှိ၍ အထက်ထက် နတ်ပြည်တို့၌ ဖြစ်ရန်စွမ်းနိုင်၏။ သို့ရာတွင် ရှေးခုနစ်ဘ၀ဆက်ကာ စတုမဟာရာဇ်နတ်ပြည်၌ နေဖူး ဖြစ်ဖူးသောကြောင့် ထိုဘ၀၌ တပ်မက်သောစိတ်အားကြီး၍ စတုမဟာရာဇ်နတ်ပြည်တွင်ပင် ဖြစ်ရသည်။
ယခုခေတ်တွင်လည်း စိတ်ညွတ်ရာ၊ လိုလားတောင့်တရာ ဘ၀တဏှာက ရောက်လိုရာဘ၀ကို ရောက်ကြကြောင်း သာဓကများစွာ ရှိကြပါသည်။ အထူးသဖြင့် လူဝင်စားများသည် မိမိတို့၏ဆွေမျိုး ခင်မင်ရင်နှီးသူများထံ ၀င်စားကြပါသည်။ ထိုသို့ဖြစ်နိုင်ရန် စွဲလမ်းစိတ်ညွတ်မှုအပြင် ကောင်းမှုကုသိုလ်လည်း ရှိကြရပါမည်။ ဂတိကောင်းစေရန်အတွက် အလွဲလွဲ အမှားမှား မစွဲလမ်းမိစေရန်လည်း အရေးကြီးပါသည်။
ကွယ်လွန်ခါနီးပြုပြင်ပေးပုံ
“သေသည်”ဆိုရာတွင် သေဆုံးရုံဖြင့် မပြီးသေးပေ။ ဘ၀သစ်၌ တစ်မျိုးတစ်ဖုံဖြစ်ရန်အတွက် သေရခြင်းဖြစ်သောကြောင့် ဘ၀သစ်၌ အဖြစ်လှရန် အရေးကြီးပေသည်။ ယခုဘ၀သေရေးထက်ပင် အရေးကြီး၏။ ဘ၀သစ်ကောင်းကို ရရှိရန် သေခါနီးအချိန်တွင် ကပ်၍ပြုသောကံများသည် လွန်စွာအရေးပါသဖြင့် ကွယ်လွန်ခါနီးသူ စိတ်ဓာတ်ကြည်လင်စွာဖြင့် အာရုံကောင်းထင်၍ သေဆုံးနိုင်ရန် ဆရာကောင်း သမားကောင်း၊ ဆွေကောင်း၊ မျိုးကောင်း၊ မိတ်ဆွေကောင်းများက ပြုပြင်ပေးကြရပါမည်။
ပြုပြင်ပေးမည့်သူ (ကူညီပေးမည့်သူ)
ကွယ်လွန်ခါနီးသူအား အကောင်းဆုံး ကူညီခြင်းသည် ထိုသူ စိတ်ငြိမ်းချမ်းမှုရရှိရန်နှင့် အကောင်းမြင်နိုင်ရန် ဖြစ်သည်။ ကြောက်ရွံထိတ်လန့်ခြင်း၊ ဒေါသထွက်ခြင်း၊ စိတ်ဓာတ်ကျခြင်း မဖြစ်မှသာ သံယောဇဉ် တွယ်တာမှုကင်းမှသာ စိတ်ငြိမ်းချမ်းမှု ရရှိမည်ဖြစ်၏။ အခြားတစ်ယောက်အား ကူညီမည့်သူသည် ရှေးဦးစွာ မိမိကိုယ်တိုင် ထိုတရားများကို ပယ်ရှားထားရမည်။ ထိုတရားများ မ၀င်ရောက်လာအောင် မိမိကိုယ်တိုင် ဦးစွာငြိမ်သက်အေးချမ်းမှုရှိနေအောင်နေပါ။ ကြင်နာသည့် အမူအရာအားပေးထောက်ကူမည့် အမူအရာရှိနေရန် ကြိုးစားပါ။ စိတ်လှုပ်ရှားနေသည့် အမူအရာများကို ရှောင်နိုင်သမျှရှောင်ပါ။ ကွယ်လွန်ခါနီးသူ ပြောလိုသော စကားများကို လိုလိုလားလား နားထောင်ပေးပါ။
ပြုပြင်ပေးပုံ
၁။ လူမမာ၏ အနီးအပါး၌ သန့်ရှင်းနိုင်သမျှ သန့်ရှင်းအောင် ပြုပြင်ပေးရမည်။
၂။ ကွယ်လွန်ခါနီးသူအား တစ်သက်ပတ်လုံး လုပ်ဆောင်ခဲ့သော ကောင်းမှုကုသိုလ်များအား အမှတ်သတိပေးရမည်။ ဖြစ်နိုင်ပါက ရက်စွဲနှင့်တကွ ထူးခြားသော ကုသိုလ်အမှု (ဒါန၊ သီလ၊ ဘာဝနာ) စာရင်းကို မှတ်သားထား၍ သတိပေးသည့် အနေဖြင့် ဖတ်ပြပါ။ ၀မ်းမြောက်ဝမ်းသာ နှလုံးသွင်းနိုင်ရန် ပြောကြားပေးပါ။
၃။ ဗုဒ္ဓဆင်းတုတော်ကိုလည်း ထိုသူမြင်သာသောနေရာတွင်ထားပေးပါ။ နှလုံးသွင်းနိုင်ရန် ဂုဏ်တော်များကို သတိပေးနှိုးဆော်သည့်အနေဖြင့် ပြောကြားပေးရမည်။ ဂုဏ်တော်တစ်ပါးကို ဖြစ်စေ၊ ဂုဏ်တော်များကို ဖြစ်စေ ရွတ်နိုင်လျှင် ဖြည်းညှင်းစွာ ရွတ်ဆိုနေပါစေ၊ စိတ်ဖြင့်ရွတ်ဆိုနေပါရန် သတိပေးခြင်းပြုပေးရပါမည်။
၎။ ဘုရား၊ တရား၊ သံဃာရတနာသုံးပါးအား အမြဲဦးထိပ်ထားရန် အားပေးပြောကြားခြင်း၊ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ ဓမ္မံ သရဏံ ဂစ္ဆာမိ၊ သံဃံ သရဏံ ဂစ္ဆာမိ၊ ရတနာသုံးပါးကို အမြဲမပြတ်နှုတ်မှဖြစ်စေ၊ စိတ်တွင်း၌ဖြစ်စေ၊ ရွတ်ဆိုမိစေရန် အားပေးတိုက်တွန်းခြင်း ပြုပေးရပါမည်။
၅။ ကွယ်လွန်ခါနီးသူအား ကိုယ်တိုင် ကုသိုလ်ပြုနိုင်ရန် ဖန်တီးပေးရပါမည်။
က။ သူနားလည်းသော သူကြိုက်နှစ်သက်သော ပရိတ်တရားတော်များ ရွတ်ဖတ်ပေးခြင်း။
ခ ။ နှစ်သက်နာယူလိုသော တရားတော်များကို ဟောပြောပေးခြင်း သို့မဟုတ် တရားတိတ်ခွေများ ဖွင့်ပေးခြင်း၊ ပရိတ်တော်များ နာကြားရသဖြင့် ထိုသူနှင့်တကွ မိသားများပါ ကုသိုလ်စိတ်များစေ၏။
ဂ ။ ရဟန်းသံဃာများအား ဖိတ်ကြား၍ ဆွမ်းကျွေးခြင်း၊ လှူဒါန်းခြင်း၊ တရားတော်များ ရွတ်ဖတ်စေခြင်း၊ အခြားအလှူများပြုလုပ်ခြင်း၊ ထိုသူကိုယ်တိုင် ပြုလုပ်နိုင်ပါက ထိုသူအား အသိပေး လုပ်ဆောင်ခြင်း၊ အတူတကွ အမျှဝေခြင်း။
ဃ။ ထိုသူကိုယ်စား ဘုရားတွင် ဘုရားစင်တွင် ပန်း၊ ဆီမီး၊ အမွှေးနံ့သာများ ပူဇော်ကပ်ပေးခြင်း၊ ဤသို့ ပြုလုပ်နေသည်ကို အသိအမှတ်ပြောကြားပေးခြင်း၊ လှူဒါန်းမှုများကို ပြုလုပ်ပေးနေပါသည်။ ပူဇော်ထားပါသည်။ “ကြည်ညိုဝမ်းမြောက်ပါ”ဟု ပြောပေး သတိပေးရမည်။ သို့မှသာ ထိုသူသည် ငါကောင်းမှုပြုခဲ့ပေပြီဟု ၀မ်းမြောက်ဝမ်းသာဖြစ်လာပါမည်။ ကောင်းသောဂတိကိုလည်း ရရှိပါမည်။
၆။ အကယ်၍ ထိုသူသည် ဘာဝနာပွားများခဲ့ဖူးသူ ဖြစ်ပါက မိမိပွားနေကျ သမထဘာဝနာ၊ ၀ိပဿနာဘာဝနာတို့ကို မမေ့မလျော့ ပွားများစေရန် နှိုးဆောတိုက်တွန်းပေးရမည်။
၇။ ရဟန်းတော်ကြီးများအား ထိုသူအား မေတ္တာတရားပွားများပေးပါရန် လျှောက်ထားတောင်းပန်ခြင်း၊ ဓမ္မမိတ်ဆွေတို့တွင် မေတ္တာဘ၀နာ ပွားများသူဖြစ်လျှင် ထိုသူအားလည်းကောင်း၊ မိမိကိုယ်တိုင်လည်းကောင်း၊ ကွယ်လွန်ခါနီးသူအား မေတ္တာတရားပွားများပေးရမည်။
၈။ စိုးရိမ်သောကအား ပယ်ရှားပေးခြင်း
က။ ကွယ်လွန်ခါနီးသူအား ချစ်ခင်သူများနှင့် ပိုင်ဆိုင်မှုများအား မစွဲလမ်းစေရန် ကူညီဖျောင်းဖျပေးရမည်။
ခ ။ မိမိပြုလုပ်ခဲ့သော မကောင်းသော အမှု အသေးအဖွဲမှစ၍ နောင်တ ပူပန်မှုမဖြစ်မိအောင် ကူညီဖျောင်းဖျပေးရမည်။
ဂ ။ ကွယ်လွန်ခါနီးသူ အနီးအပါးတွင် ချစ်ခင်သော ဆွေမျိုး၊ မိတ်သင်္ဂဟများ ပူဆွေးငိုကြွေးခြင်းမပြုစေရန် ပြောဆိုပေးရမည်။
ဃ။ ကွယ်လွန်ခါနီးသူ၏ မျိုးဆက်များမှ တွယ်တာသူများမှ ကလေးငယ်များ၏ ငိုသံ (အသံ)တို့ မကြားမိစေရန် သတိထားရမည်။
င ။ မဖွယ်ရာသောအသံ တိရစ္ဆာန်တို့၏ အသံများ မကြားရန် မမြင်ရန်စေရန် သတိထားပေးရမည်။
စ ။ ကွယ်လွန်ခါနီးသူ တွေ့ဆုံလိုသူ၊ မှာကြားလိုသည်များကို ထိုသူ၏ ဆန္ဒပြည့်အောင် တတ်နိုင်သမျှ ဖြည့်ဆည်း ပေးရမည်။
သို့မှသာ ကွယ်လွန်ခါနီးသူတို့ တွယ်တာမှု စိုးရိမ်သောကကင်းဝေးစွာ အစွဲအလမ်းမမှား စိတ်ဖြောင့်စွာ သေဆုံးနိုင်ပေမည်။
မိဘဆွေမျိုးသားသမီးများ
မိဘဆွေမျိုးသာသမီး၊ အိမ်သူအိမ်သားများကလည်း ကွယ်လွန်ခါနီးသူ စိတ်အေးချမ်းစွာ သေဆုံးနိုင်ရန်အတွက် အိမ်အတွင်း အေးချမ်းသန့်ရှင်းစွာ ရှိနေစေခြင်း၊ တတ်နိုင်သမျှ ကောင်းမှုကုသိုလ်များ လုပ်ပေးခြင်း၊ အထူးသဖြင့် ဘုရား၊ ဘုရားစင်တွင် ပန်းများ၊ အမွှေးနံ့သာများနှင့် ထုံမွမ်းစေခြင်း၊ ဆီမီးများ ထွန်းထားပေးခြင်း၊ တရားပူဇော်ရွတ်ဖတ်မှုများကို နာယူနိုင်သည်အထိ ပြုလုပ်ပေးခြင်းကို ရက် အသင့်အတင့် ရှည်ကြာစဉ်ကပင် ပြုလုပ်ပေးရမည်။ ပူဆွေး ငိုကြွေးမှု မရှိစေရန် ဆူဆူညံညံမရှိစေရန် အထူးသတိပြုရမည်။ မိမိချစ်ခင်သူတစ်ဦး ခရီးဝေးသွားလျှင် ထိုသူခရီးစဉ်နှင့် ခရီးဆုံးတွင် အစစအဆင်ပြေစေရန် တတ်အားသမျှ လုပ်ဆောင်ပေးသကဲ့သို့ တမလွန်ဘ၀သို့ သွားရောက်တော့မည့်သူအတွက် ကုသိုလ်များနိုင်သမျှ များများပါသွားစေရန် ပြုလုပ်ဆောင်ရွက်ပေးကြရမည်။ “သေသူသည် ဆွေမျိုးများနှင့် တစ်ဖန်ပြန်၍ မတွေ့ရတော့မည်သူ” ဖြစ်သောကြောင့် ထိုသူအတွက် ကြောင့်ကြစိုက်ကာ များစွာ အလေးပေးဆောင်ရွက်ရပေမည်။
ကွယ်လွန်ခါနီးသူ
အရေးကြီးဆုံးမှာ ကွယ်လွန်ခါနီးသောသူ ကိုယ်တိုင်ဖြစ်၏။ ကွယ်လွန်ခါနီးသူကလည်း သေခြင်းတရားကို လက်ခံနိုင်ရမည်။ ဘ၀ပေါင်းများစွာက သေဆုံးလာခဲ့ပြီးဖြစ်၏။ သေခြင်းတရားသည် လွှဲရှောင်၍မရ၊ လက်မခံ၍မရသည့် သဘောတရားဖြစ်သည်။ ကံအားလျော်စွာ ယခုဘ၀ရောက်ရှိလာသကဲ့သို့ ကံအားလျော်စွာပင် ယခုဘ၀မှ ထွက်သွားရမည်ကို သတ္တိနှင့် သတိရှိစွာ လက်ခံနိုင်ရပါမည်။
မိမိသည် သေနိုင်လောက်မည့် ရောဂါရနေပြီ ဖြစ်သည်ဟုမှန်းမိလျှင် သေနိုင်လောက်သည့် အရွယ်သို့ ရောက်နေပြီကို သိလျှင်ပိုင်ဆိုင်မှုများအား မည်သို့ဖန်တီးစေချင်သည်။ မိမိသေဆုံးလျှင် မည်သို့ဆောင်ရွက်စေလိုသည်များကို သင့်လျော်သူကို မှာကြားထားခြင်း သို့မဟုတ် ရေးသားထားခြင်းများ ပြုလုပ်ထားသင့်သည်။ သို့မှာသာ စိတ်အေးချမ်းရာရပါမည်။
ဘ၀တစ်ခုသည် တွေ့ကြုံလာခဲ့သည့် သံသရာတစ်ခုလုံးနှင့် နှိုင်းယှဉ်ပါက ခရီးရှည်သွားရာ၌ သစ်ပင်ရိပ်အောက်တွင် ခဏတွေ့ဆုံရသကဲ့သို့ ယခုဘ၀ ဆွေမျိုးသားချင်း၊ သားသမီး၊ ဇနီး၊ ခင်ပွန်း၊ အိမ်သူအိမ်သားများနှင့် ကြုံတွေ့ရခြင်းမျှသာဖြစ်၍ တတ်နိုင်သမျှ သံယောဇဉ်ပြတ်ထားရမည်။ အခြားသူများက မိမိအား ကုသိုလ်ပွားရန် ပြုလုပ်ပေးနေသည်များကို ၀မ်းမနည်းရပါ။
မိမိပြုလုပ်ခဲ့မိသော မကောင်းမှုအကုသိုလ် အသေးအဖွဲမှအစ စိတ်တွင် အမှတ်ရ နောင်တပူပန်မှုကို မဖြစ်စေဘဲ မေ့ပျောက်ထားရမည်။ မိမိပြုခဲ့ပြီးသော ကုသိုလ်ကောင်းမှုများကို သတိရ ဆင်ခြင်ရမည်။ ဤကောင်းမှုများသည် ဂတိကောင်းကိုဖြစ်စေပြီး၊ နောင်ဘ၀ကို အထောက်အပံ့ ကောင်းဖြစ်မည်ဟု ယုံကြည်ဝမ်းမြောက်ရမည။ ကောင်းမှုကုသိုလ်များကို တတ်နိုင်သမျှ လုပ်ဆောင်ရမည်။ လုပ်ဆောင်ပေးနေမှုများကိုလည်း ၀မ်းမြောက်ဝမ်းသာ ဖြစ်ရမည်။ ကုသိုလ်အာရုံသို့ ရောက်နေရန် သတိထားရမည်။
ဘုရား၊ တရား၊ အာရုံ သမထဘာဝနာ၊ ၀ိပဿနာဘာဝနာများ ပွားနိုင်ပါလျှင် ပွားများနိုင်ရန်လည်း စိတ်ညွှတ်ထားသင့်ပါသည်။
သေဆုံးခြင်းအယူအဆ
မိမိတို့၏ မိဘရိုးရာအရပ်ဒေသ ဘာသာဝါဒအားလျော်စွာ သေဆုံးခြင်းကို အမျိုးမျိုး၊ အဖုံဖုံ ယူဆကြပါသည်။ ဗုဒ္ဓ၏တရားတော်အရ မှားသော အယူအဆကြီး နှစ်မျိုးရှိ၏။
၁။ တည်မြဲအယူမှား၊ သဿတဒိဋ္ဌိ
သတ္တ၀ါတို့၏ ၀ိညာဉ် (အသက်ကောင်၊ အတ္တ)သည် တည်မြဲသည်ဟု အယူမှားဖြစ်သည်။ သတ္တ၀ါတစ်စုံတစ်ယောက် သေဆုံးသွားသောအခါ ဤဘ၀ဟောင်းမှ ရုပ်ခန္ဓာကြီးသည် အသုဘကောင်အဖြစ် ဤဘ၀တွင်ကျန်ခဲ့၏။ ၀ိညာဉ်သည် ဘ၀သစ်တစ်ခုသို့ ကူးပြောင်းသွားပြီး ဘ၀သစ်၌ ဖြစ်သည်ဟု ယူဆခြင်းဖြစ်၏။ တစ်နည်းအားဖြင့် ဘ၀ဟောင်းခန္ဓာအိမ်အသစ်လဲကာ ဘ၀သစ်၌ ပြောင်းရွှေ့၍ဖြစ်သည်။ မပြတ်မစဲ အသက်ကောင်လေး မြဲသည်ဟု ယူဆသော အယူမှားဖြစ်၏။ မပျက်မစီးဘဲ အမြဲတည်နေသော အတ္တ၊ အသက်၊ ၀ိညာဉ်က တစ်ဘ၀ပြီး တစ်ဘ၀ကူသွားသည်ဆိုသော အယူအဆဖြစ်သည်။
၂။ ပြတ်စဲအယူမှား၊ ဥစ္ဆေဒဒိဋ္ဌိ
သတ္တ၀ါတစ်စုံတစ်ယောက် သေဆုံးလျှင် ဤဘ၀ဟောင်းမှ ရုပ်ခန္ဓာကိုယ်နှင့် ၀ိညာဉ်နှစ်ခုလုံးသည် ဤဘ၀ဟောင်းမှာပင် အပြီးအတိုင် ချုပ်ပြတ်သွားကြသည်။ နောက်ဘ၀၌ဖြစ်သော ပုဂ္ဂိုလ်သတ္တ၀ါသည် အသစ်တစ်ယောက်ဖြစ်သည်ဟု ယူဆသောအယူဖြစ်သည်။ ဘ၀ဟောင်းက ရုပ်နာမ်ခန္ဓာအားလုံးသည် (အသက်ကောင်၊ အတ္တနှင့်တကွ) ဘ၀သစ်၌ လုံးဝ အဆက်အစပ် မရှိတော့ပါ။ သတ္တ၀ါတစ်စုံတစ်ယောက်သေလျှင် ဘ၀ဟောင်းနှင့် အားလုံးပြတ်၏။ တစ်ဘ၀တုံးလျှင် တစ်ဘ၀၏ ရုပ်နာမ်တွေ အားလုံးပြတ်၏။ နောက်ထပ်ဆက်သွယ်ခြင်းမရှိဟူသော အယူဖြစ်သည်။
ထိုအယူမှားကြီးနှစ်မျိုးအပြင် ဘ၀ဟောင်း ချုပ်ပြတ်ရာ ဘ၀သစ်မကူးမီ ကြားကာလ အချိန်အတွင်း ခေတ္တဘ၀တစ်ခုရှိသေးသည်ဟူသော အယူအဆဖြစ်သည်။ ဤအယူကို အချို့သော ဗုဒ္ဓဘာသာဝင်တို့ပင် လက်ခံကြ၏။
ကြားခံဘ၀အယူမှား အန္တရာဘ၀ဒိဋ္ဌိ
လူသည် သေဆုံးပြီးနောက် ရောက်ထိုက်သော ဘ၀သို့ရောက်ရန် အခြေအနေ မပေးသေးလျှင် သေသူ၏ အသက် ၀ိညာဉ်သည် သရဲ၊ တစ္ဆေအဖြစ်နှင့် သင်းချိုင်းတွင် တောထဲတွင် လှည့်လည်သွားလာနေရသည်။ သူ့အိမ်၊ သူ့ပစ္စည်းဥစ္စာ၊ သူ့မိသားစု စသည်အနီးအနား သွားလာနေကြသည်။ တစ်ခါတစ်ရံ ကိုယ်ထင်ပြသည်။ တစ်ခါတစ်ရံ အသံပေးသည်ဟု ယူဆကြသည်။ များသောအားဖြင့် သေသူ၏ ၀ိညာဉ်သည် (၇)ရက်အတွင်းတွင် သူရောက်ထိုက်သော ဘ၀ကို မရောက်သေးဘဲ သူရဲ၊ တစ္ဆေ၀ိညာဉ် ဘ၀နှင့် သွားလာနေကြရသည်ဟု ယူဆစွဲလမ်းကြပါသည်။ သေသူ၏ ၀ိညာဉ်ကို ရည်စူးပြီး ရက်လည် ဆွမ်းသွတ်ခြင်း၊ သပိတ်သွတ်ခြင်းစသော ဒါနကောင်းမှုများပြု၍ အမျှအတန်းဝေမှသာလျှင် ထိုဝိညာဉ်ကလေး ကျွတ်လွတ်ပြီး သူရောက်ထိုက်သော ဘ၀သို့ ရောက်သွားသည်ဟု ယူဆကြခြင်းဖြစ်၏။
ဗုဒ္ဓ၏ တရားတော်အရ ဘ၀သစ်ဖြစ်ပုံ
ဗုဒ္ဓအဘိဓမ္မာသဘောအရ သတ္တ၀ါတစ်စုံတစ်ဦး သေဆုံးသောအခါတွင် ရုပ်နှင့် စိတ်နာမ်ပါ ချုပ်ငြိမ်းပျက်စီးသွား၏။ ယခု ဘ၀တွင် ပြုလုပ်ခဲ့သော စွဲလမ်းတပ်မက်မှုနှင့် ကံစသော အကြောင်းတရားများကြောင့် နောင်ဘ၀တွင် အကျိုးတရားအနေဖြင့် ရုပ်သစ်စိတ်သစ်၊ ဘ၀သစ်ဖြစ်ပါသည်။ ဘ၀ဟောင်းရုပ်၊ စိတ်နာမ်ချုပ်ငြိမ်း၍ ဘ၀သစ်ဖြစ်ခြင်းသည် စက္ကန့်မျှမကြာသော အချိန်အတွင်းတွင် ဖြစ်ပါသည်။ ထို့ကြောင့် ရှေးဘ၀သေစိတ်ချုပ်ပျက်ပြီးသည်နှင့် တစ်ပြိုင်နက် နောက်ဘ၀၏အစ ပဋိသန္ဓေစိတ်ချက်ချင်းဖြစ်၏။ နောင်ဘ၀ ပဋိသန္ဓေနေရခြင်းကို ပဲ့တင်သံ၊ မှန် စသည် ဥပမာအားဖြင့် ဖေါ်ပြကြပါသည်။
ပဲ့တင်ဥပမာ
တောတောင်၊ လှိုဏ်ခေါင်းများအတွင်း၌ အော်ဟစ်သောအသံသည် တောင်နံရံ၊ လှိုဏ်နံရံများနှင့် ထိခိုက်သောအခါ ပဲ့တင်သံများကိုပြန်ကြားရ၏။ ထိုပဲ့တင်သံသည် မူလအော်သော လူ၏ အသံလည်းမဟုတ်။ လူ့အသံနှင့် ကင်း၍ အလိုအလျောက်ဖြစ်ပေါ်လာသော အသံလည်းမဟုတ်ပေ။ မူလအသံကြောင့် ဖြစ်ပေါ်လာသော ပဲ့တင်သံကဲ့သို့ ယခုဘ၀မှ ကံစသော အကြောင်းများကြောင့် နောင်ဘ၀သစ်၌ ပဋိသန္ဓေနေရ၊ ဖြစ်ရခြင်းဖြစ်သည်။ မူလအော်သောအသံသည် ယခုဘ၀မှ ကံစသော အကြောင်းများနှင့် တူသည်။ ပဲ့တင်သံသည် နောင်ဘ၀သစ်၌ ပဋိသန္ဓေနေရ ဖြစ်ရခြင်းနှင့် တူသည်။
မှန်ဥပမာ
ကိုယ်လုံးပေါ်မှန်ရှေ့၌ လူတစ်ယောက်သွားရပ်လိုက်သောအခါ ထိုလူ၏ အရိပ်သည် မှန်ထဲ၌ သွားထင်လေသည်။ မှန်ထဲ၌ ထင်သောအရိပ်သည် ရပ်နေသော လူလည်းမဟုတ်ပေ၊ ထိုလူနှင့်ကင်း၍လည်း မဖြစ်နိုင်ပေ။ ရပ်နေသောလူကြောင့် ဖြစ်ပေါ်လာသော အရိပ်ကဲ့သို့ ယခုဘ၀မှ ကံ စသောအကြောင်းများကြောင့် နောက်ဘ၀သစ်၌ ပဋိသန္ဓေနေရ၊ ဖြစ်ရခြင်းဖြစ်ပေသည်။ မှန်ရှေ့၌ ရပ်နေသောသူသည် ယခုဘ၀မှ ကံ စသော အကြောင်းများနှင့် တူပေသည်။ မှန်ထဲ၌ရှိသော အရိပ်သည် နောက်ဘ၀သစ်၌ ပဋိသန္ဓေနေရ ဖြစ်ရခြင်းနှင့် တူပေသည်။
ထို့ကြောင့်ပင် ရှေးကံကောင်းလျှင် ယခုဘ၀ရုပ်နာမ်ကောင်း၏။ ရှေးကံညံ့လျှင် ယခုဘ၀ ရုပ်နာမ်ညံ့၏။ ဤ ဘ၀၌ အကောင်းအဆိုး အမျိုးမျိုးကို တွေ့ရသည်မှာ ရှေးဘ၀က ပြုလုပ်သော ကံ၊ ဤဘ၀ဉာဏ်၊ ၀ိရိယတို့ကြောင့်သာဖြစ်သည်။
သေဆုံးပြီးနောက် ပထမဆုံးဖြစ်သော ရုပ်၊ စိတ်နာမ်တို့ကို “ပဋိသန္ဓိ” မြန်မာလို “ပဋိသန္ဓေ တည်နေခြင်း”ဟု ခေါ်သည်။ ထို ပဋိသန္ဓေ၊ ရုပ်၊ စိတ်နာမ်များသည် ကံကြောင့် ဖြစ်ရသောကြောင့် ကံအမျိုးမျိုးလိုက်၍ ဥပပါတ် ပဋိသန္ဓေ၊ သံသေဒဇပဋိသန္ဓေ၊ အဏ္ဍဇ ပဋိသန္ဓေ၊ ဇလာဗုဇ ပဋိသန္ဓေဟု လေးမျိုးရှိ၏။
၁။ ဥပပါတ် ပဋိသန္ဓေ
ခန္ဓာကိုယ်အထင်အရှားဖြစ်သော ပဋိသန္ဓေဖြစ်၏။ နတ်၊ ဗြဟ္မာ၊ ငရဲသား၊ ပြိတ္တာ၊ အသူရကာယ်တို့သည် ဥပပါတ်ပဋိသန္ဓေဖြစ်၍ မိခင်ဝမ်းတွင်း၌ အောင်းဖွယ်မလို၊ ပဋိသန္ဓေ ရုပ်၊ စိတ်နာမ်များဖြစ်သည်နှင့် တစ်ပြိုင်နက် သူတို့နေရမည့် ဗိမာန်၊ တော၊ တောင်၊ မြစ်၊ သမုဒ္ဒရာ၊ ကမ်း စသော အရပ်များ၌ သူတို့၏ နဂိုအရွယ်အတိုင်း အထင်အရှားဖြစ်၏။
၂။ သံသေဒဇပဋိသန္ဓေ
ငြိတွယ်၍ဖြစ်လောက်သောအရပ်၌ ကပ်ငြိတွယ်၍ဖြစ်ရသော ပဋိသန္ဓေဖြစ်၏။ အလွန်သေးငယ်သော အရွယ်မှစ၍ တဖြည်းဖြည်း ကြီးလာရ၏။ ပိုး၊လောက်စသော သတ္တ၀ါများ မစင်ပုပ်၊ ငါးပုပ်စသော အရာဝတ္ထုများတွင် ငြိတွယ်၍ ဖြစ်ကြရ၏။
၃။ အဏ္ဍဇပဋိသန္ဓေ
အမိဝမ်းတွင်းဝယ် ဥခွံ၌ ဖြစ်ရသော ကြက်၊ ငှက် စသော သတ္တ၀ါတို့သည် အဏ္ဍဇပဋိသန္ဓေနေရသော သတ္တ၀ါများ ဖြစ်၏။
၎။ ဇလာဗုဇပဋိသန္ဓေ
အမိဝမ်းတွင်းသားအိမ်၌ ဖြစ်ကြရသော လူ၊ မြင်း၊ ကျွဲ၊ နွား စသော သတ္တ၀ါတို့သည် ဇလာဗုဇ ပဋိသန္ဓေ နေရသော သတ္တ၀ါများဖြစ်သည်။ ဘုမ္မစိုး၊ ရုက္ခစိုး ဟုခေါ်သော အောက်နတ်တို့တွင် အချို့နတ်များသည် ဇလာဗုဇပဋိသန္ဓေ နေကြရ၏။
ထို့ကြောင့် ဗုဒ္ဓ၏ အဘိဓမ္မာတရားတော်အရ သတ္တ၀ါတစ်ဦးသေဆုံးလျှင် ဆုံးချင်း နောင်ဘ၀အသစ် တစ်ခု စက္ကန့်မဆိုင်းဘဲ မိမိ၏ ကံအားလျော်စွာ ပဋိသန္ဓေတည်ဖြစ်ကြရသည်။
သေသူတို့အပေါ်အယူအဆ
လူတစ်ဦးတစ်ယောက် သေဆုံးပြီးသောအခါ အချို့သူတို့သည် သေသူ၏ သင်းချိုင်းမြေပုံပေါ်မှ မြေကြီးခဲကလေး တစ်လုံးဖြစ်စေ၊ မြေပုံအနီးမှ မြေကြီးခဲကလေး တစ်လုံးဖြစ်စေ၊ မြေပုံအနီးမှ သစ်ကိုင်းကလေး တစ်ကိုင်းဖြစ်စေ၊ ပန်းခွေ၊ ပန်းခြင်းမှ ပန်းတစ်ပွင့်ကိုဖြစ်စေယူ၍ အိမ်တွင်ထားကြသည်။ အချို့သည် သေသူ၏ ဓာတ်ပုံကို တစ်နေရာရာတွင်ထား၍ ထမင်း၊ ဟင်း၊ မုန့်ပဲသရေစာ စသည်များ တင်ထားကြသည်။ ယင်းကို (၇)ရက်အထိ လုပ်ဆောင်ကြသည်။ သေသူ၏ ၀ိညာဉ်သည် ခဲလုံး၊ သစ်ကိုင်း၊ ပန်း၊ ဓာတ်ပုံတွင် ရှိနေသည့် သဘောသက်ရောက်ပါသည်။
အချို့မှာ ဆွမ်းကျွေး၊ သပိတ်သွတ်၊ သရဏဂုံတင်သောအခါတွင် အလောင်းနားသွား၍ ဖြစ်စေ၊ အခေါင်းကိုပုတ်၍ဖြစ်စေ၊ တရားနာ ဖိတ်ကြသည်။ ယင်းသည် သေသူ၏ ၀ိညာဉ်သည် အလောင်းထဲတွင် အလောင်းနားတွင်ရှိနေသေးသည်ဟူသော အဓိပ္ပါယ် ဖြစ်နေပါသည်။
အချို့မှာ သေသူ၏ ၀ိညာဉ်(၇)ရက်အတွင်း အိမ်အတွင်း ၀င်ထွက်သွားလာနိုင်ရန် တံခါးပေါက်များဖွင့်ထားခြင်း အပေါက်ချန်ထားခြင်းများ ပြုလုပ်ပေးကြသည်။
ဗုဒ္ဓအဘိဓမ္မာအရ တစ်ဦးတစ်ယောက် ကွယ်လွန်လျှင် ချက်ချင်း ထိုသူရောက်ထိုက်သော ဘ၀တွင် ပဋိသန္ဓေ တစ်မျိုးမျိုးနှင့် ရုပ်နာမ်အသစ်နှင့် ဘ၀သစ်ဖြစ်ပြီးနေ၍ အလောင်းထဲတွင်ဖြစ်စေ၊ အလောင်းနားတွင်ဖြစ်စေ အိမ်နားတွင်ဖြစ်စေ၊ သင်းချိုင်းစသည်တို့၌ ထိုသူလုံးဝမရှိတော့ပေ။
သို့သော် ကွယ်လွန်ပြီးနောက် ချက်ချင်း၊ တစ္ဆေ သရဲဆိုသော ပြိတ္တာဘ၀တွင် ဘ၀သစ်ဖြစ်ပြီး၊ တစ်စုံတစ်ရာကို မျှော်လင့်တောင့်တရင်း အနီးအနားတွင် ရှိကောင်းရှိနေဦးမည်ဟူသော သဘောဖြင့် တရားနာဖိတ်လျှင် ကောင်းပါသည်။ သေသူ၏ ဓာတ်ပုံအနီးတွင် အစားအစာတင်ထားခြင်း၊ ပန်းအိုးထိုး၊ မီးထွန်းသည်များသည် သေသူ၏ ၀ိညာဉ်ရှိနေသေးသည်ဆိုသော အယူအဆမဟုတ်ဘဲ အသက်ရှင်စဉ်ရှိ ဂုဏ်ကျေးဇူးများကို အမှတ်ပြု၍လည်းကောင်း၊ ချစ်ခင်မြတ်နိုးစိတ်ဖြင့်လည်းကောင်း၊ အသက်ရှင်စဉ်တွင်ပြုသည့် ၀တ္တရားအတိုင်း ပြုလုပ်ပေးခြင်းသည် ကောင်းပါသည်။ ထိုသို့ မဟုတ်ပါဘဲ ၀ိညာဉ်သည် တည်မြဲလျက်ရှိသည်။ သို့မဟုတ် (၇)ရက်အတွင်း ၀ိညာဉ်ရှိနေသေးသည်ဟု ယူဆလျှင် သဿတဒိဋ္ဌိနှင့် အန္တရာဘ၀ဒိဋ္ဌိများဖြစ်သွားနိုင်ပါ၍ သတိထားလုပ်ဆောင်ကြရပါမည်။
သရဏဂုံတင်ခြင်း၊ ဆွမ်းကျွေးသပိတ်သွတ်ခြင်း
လူတစ်ဦးတစ်ယောက် သေဆုံးပြီးသောအခါ ယေဘူယျအားဖြင့် သက်ပျောက်ဆွမ်းကပ်ခြင်းကို သေဆုံးပြီးစအချိန်တွင် (နံနက်ပိုင်းတွင်) ပြုလုပ်၏။ သရဏဂုံတင်ခြင်းကို အသုဘ ချခါနီး (ချမည့်နေ့)တွင် ပြုလုပ်၏။ ဆွမ်းကျွေးသပိတ်သွတ်ခြင်း သို့မဟုတ် ရက်လည်ဆွမ်းကျွေးခြင်းကို သေဆုံးပြီး (၇)ရက်ပြည့်သည့်နေ့တွင် ပြုလုပ်လေ့ရှိ၏။ ထိုသို့ပြုလုပ်သည့်အခါတိုင်းတွင် အောက်ပါတို့ပါဝင်ပါသည်။
၁။ သြကာသဖြင့် ကန့်တော့ခြင်း
၂။ သရဏဂုံနှင့် သီလတောင်းခြင်း
၃။ သရဏဂုံဆောက်တည်ခြင်း
၎။ သီလခံယူခြင်း
၅။ ကွယ်လွန်သူအား ရည်စူး၍ လှူဖွယ်ဝတ္ထုလှူဒါန်းခြင်း
၆။ ကွယ်လွန်သူ၊ ချမ်းသာရေးအတွက် ကွယ်လွန်သူအား အမှူးထား၍ ကုသိုလ်တို့ကို အမျှဝေခြင်း။
ဤအဆင့်ဆင့်တို့သည် ကွယ်လွန်သူအား ရည်မှန်း၍ အလှူရှင်များပြုလုပ်ကြသည့် သရဏဂုံတည်ခြင်း ကုသိုလ် သီလကုသိုလ်၊ ဒါနကုသိုလ် အမျှဝေခြင်း ကုသိုလ်တို့ဖြစ်ကြ၏။ အားလုံးသည် အလှူရှင်တို့၏ ကုသိုလ်များဖြစ်ကြ၏။ ကွယ်လွန်သူသည် ဤကုသိုလ်များကို သာဓုခေါ်နိုင်မှာသာလျှင် ဤကုသိုလ်အဖို့တို့ကို ရရှိနိုင်၏။
သရဏဂုံတင်ခြင်း
သရဏဂုံသည် “ရတနာသုံးပါးကို ယုံကြည်ဆည်းကပ်သောစိတ်” ဖြစ်သည်။ စိတ် (နာမ်)မရှိတော့သော လူသေအလောင်းကို သရဏဂုံတင်ပေး၍မရပါ။ သို့သော် လူသေအလောင်းကို သရဏဂုံတင်သည်ဟု အချို့ထင်မှတ်ခြင်းသည် မျက်မြင်ကြည့်၍ တိုက်ရိုက်အဓိပ္ပါယ်ကောက်ယူသည့် သဘောဖြစ်၏။ အမှန်မှာ ကျန်ရစ်သူဆွေမျိုးများက သရဏဂုံဆောက်တည်၍ ဒါန၊ သီလ အစရှိသောကုသိုလ်ကောင်းမှုများ ပြုလုပ်ပြီး ကွယ်လွန်သူ၏ ချမ်းသာရေးအတွက် ကွယ်လွန်သူအား အမှူးထား၍ အမျှဝေခြင်း၊ ကုသိုလ်ပေးဝေခြင်းသာဖြစ်သည်။
ရက်လည်ဆွမ်းသွတ်ခြင်း
သေဆုံး၍(၇)ရက်မြောက်တွင် ပြုလုပ်သည့် ဆွမ်းကျွေးလှူဒါန်းမှုကို သပိတ်သွတ်ခြင်း၊ ရက်လည်ဆွမ်းကျွေးခြင်း၊ ရက်လည်ခြင်းဟု ခေါ်ဆိုလေ့ရှိသည်။ ဤသို့ ပြုလုပ်ခြင်းကို အချို့သူတို့သည် သေဆုံးသူ၏ ၀ိညာဉ်သည် (၇)ရက်အတွင်း သူရောက်ရှိမည့်နေရာသို့ မရောက်သေးဘဲ ထို ၀ိညာဉ်ကျွတ်လွတ်စေရန် အမှတ်ဖြင့် ပြုလုပ်ကြသည်။ အမှန်တွင် အကယ်၍ သေသူသည် ပြိတ္တာဘ၀တွင်၊ ရုပ်၊ စိတ်နာမ် အသစ်ဖြစ်ပြီး ဘ၀သစ်များရနေပါက သေသူကိုရည်စူး၍၊ ပြုလုပ်သော ဆွမ်းသွတ်ကုသိုလ်ကို ၀မ်းမြောက်ဝမ်းသာ သာဓုအနုမောဒနာခေါ်နိုင်ပြီး၊ စည်းစိမ်ချမ်းသာများ ရပါစေဟူသော ရည်ရွယ်ချက်ဖြင့် ဆွမ်းသွတ်ကြရပါသည်။
ဤသို့ ကုသိုလ်အမှုများပြုလုပ် အမျှဝေခြင်းကို ရက်လည်အောင် ဆိုင်းငံ့မနေဘဲ၊ သေဆုံးသည့်နေ့မှစ၍ နေ့စဉ်၊ တတ်အားသရွေ့ ကုသိုလ်အမှုများပြု၍ အမျှဝေနိုင်လျှင် အလွန်ကောင်းပါသည်။ ထိုသို့လှူဒါန်းရာ၌ ဆွမ်းသာမက၊ သင်္ကန်း၊ ရေ စသည်တို့ပါဝင်လျှင် ကောင်းပါသည်။
အမျှဝေခြင်း
ကွယ်လွန်သူဆွေမျိုးများကို ရည်မှန်းလျက် လှူဒါန်းအမျှဝေရာ၌ သေသူသည် ငရဲကျရောက်သော်လည်းကောင်း၊ တိရစ္ဆာန်အမိဝမ်း၌ ဖြစ်သော်လည်းကောင်း၊ အလွန်ဝေးသော တော၊ တောင်၊ မြစ်၊ သမုဒ္ဒရာကမ်း၌ ပြိတ္တာဖြစ်နေသော်လည်းကောင်း၊ လူ့အမိဝမ်း၌ဖြစ်ရသော်လည်းကောင်း၊ နတ်၊ ဗြဟ္မာ ဖြစ်ရသော်လည်းကောင်း၊ ဤလှူဒါန်းသော ကုသိုလ်ကို ထိုသူတို့ မသိနိုင်ကြ၊ သိနိုင်သော်လည်း ထိုသူတို့တွင် အကျိုးထူး မရကြပါ။ သို့သော် လှူဒါန်းသူဆွေမျိုးများ၏ ဒါနကုသိုလ် ဖြစ်ကြပါသည်။
ကွယ်လွန်သူသည် မိမိအိမ်ရွာ၊ မြို့အနီးအပါး၊ အကြိုအကြား၌ သွားလာလျက် စားရမဲ့ သောက်ရမဲ့ ပြိတ္တာမျိုး (အစိမ်း၊ တစ္ဆေ၊ သရဲ)ဖြစ်နေလျှင်၊ ကျန်ရစ်သော ဆွေမျိုးများက ဆွမ်း၊ သင်္ကန်းစသည်တို့ကို လှူဒါန်း၍ ဤအလှူသည် သွားလေသူ (အမိ၊ အဖ၊ ဆွေမျိုး)အတွက် ဖြစ်ပါစေသတည်း။ သွားလေသူ မည်သူမည်ဝါသည် ချမ်းသာပါစေသတည်း၊ ထိုကုသိုလ်ကို ၀မ်းမြောက်စွာ သာဓုခေါ်ပါ၊ အညီအမျှ ကုသိုလ်ရအောင် အမျှယူပါ အမျှဝေပါ၏ဟု ပြောဆို၍ အမျှဝေသောအခါ ထိုပြိတ္တာများ တွေ့မြင် ကြားသိလျှင် သာဓုခေါ်လျှင် အစားအသောက်၊ အ၀တ်အထည်၊ သောက်သုံးရေတို့ကို နတ်သမီး၊ နတ်သားများကဲ့သို့ ရနိုင်ကြသည်။ မိမိအတွက် လှူဒါန်းနေသော်လည်း မမြင်၊ မကြားရသဖြင့် သာဓုမခေါ်နိုင်လျှင် မရကြပေ။ သို့ရာတွင် ထိုကုသိုလ်တို့ကို အလွန်ဝေးသော ရှေးရှေးဘ၀က ပြိတ္တာဖြစ်ကြသော ဆွေမျိုးဟောင်းများလည်း သာဓုခေါ်နိုင်လျှင် ရခွင့်ရှိပါသည်။
ဆွေမျိုးများကို ရည်မှန်း၍ လှူဒါန်းအမျှဝေကြရာ၌ မိမိကိုယ်တိုင် သီလဆောက်တည်လျှက် သီလရှိသူအား လှူဒါန်း၍ အမျှဝေပေးမှသာလျှင် အကျိုးများပါသည်။ ဘုရားရှင်လက်ထက်တော်တွင် အဇာတသတ်မင်းတွေ့ရှိသော ပြိတ္တာသည် သမီးဖြစ်သူက ရည်မှန်း၍ ကုသိုလ်ပြု အမျှဝေသော်လည်း သီလမရှိသူအား လှူဒါန်းသောကြောင့် “ဒုသီလကြီး စားသွားသည်၊ မိမိမရပါ၊ သီလရှိသူအား လှူဒါန်းပေးပါ”ဟု ပြောကြားသဖြင့် အဇာတသတ်မင်းသည် ဘုရားအမှူးရှိသော သံဃာတော်တို့အား လှူဒါန်းပြီး ရည်ညွှန်းအမျှဝေပေးသည့် အခါမှ ရရှိပြီး လွန်စွာပြည့်စုံသည့် နတ်ဖြစ်သွားပါသည်။ ထို့ကြောင့် သီလရှိသူကို ရွေးချယ်လှူဒါန်းရန် လွန်စွာအရေးကြီးပါသည်။ သီလရှိသော ပုဂ္ဂိုလ်ကို မရွေးချယ်တတ်လျှင်လည်းကောင်း၊ ရွေးချယ်ရမည်ကို အားနာလျှင်လည်းကောင်း၊ “သံဃာ”အားရည်မှန်း၍ လှူဒါန်းပါသည်ဟု ရည်ရွယ်လှူဒါန်း အမျှဝေသင့်ပါသည်။ ရဟန်းတစ်ပါးပင်ဖြစ်သော်လည်း “သံဃာအားလှူပါ၏”ဟု သံဃာကို ရည်စူး၍ လှူလျှင် သံဃိကဒါန ဖြစ်နိုင်ပါသည်။
ဗုဒ္ဓဘာသာဝင် အမျိုးကောင်းသား အမျိုးကောင်းသမီးတို့သည် ဆွေမျိုးမိဘစသည်တို့ သေဆုံးသောအခါ အလှူဒါနစသော ကောင်းမှုကုသိုလ်များပြုလုပ်၍ အမျှဝေခြင်းကို မလွှဲမသွေ လုပ်ဆောင်ကြရမည်။ သားသမီးကျင့်ဝတ်ငါးပါးတွင် “လှူမျှဝေ၍”ဟူသော ၀တ္တရားတစ်ပါးပါရှိ၏။ လူတစ်ဦးတစ်ယောက်သေဆုံးလျှင် ထိုသူ၏ လားရာဂတိကို အတိအကျပြော၍ မရပေ။ မှန်းဆရုံသာ မှန်းဆနိုင်ပါသည်။ ချစ်ကြည်ညိုသောစိတ်ဖြင့် ပြိတ္တာဖြစ်နေသည်ဆိုသည်ကို လက်မခံချင်၊ လက်မခံနိုင်သော်လည်း၊ အကယ်၍ဖြစ်နေပါက ရည်မှန်းလှူဒါန်း၍ အမျှမဝေမိပါလျှင် ထိုသူတို့လွန်စွာ နစ်နာလေမည်။ သာသနာပိုင် ဆရာတော်ဘုန်းကြီးများ၊ ကျောင်းဒကာ ကျောင်းအမများ ကွယ်လွန်၍ တစ္ဆေဖြစ်သည့် သာဓကများရှိခဲ့သည်ကို သတိပြုကြရပါမည်။ သေဆုံးခါနီးစွဲလမ်းမှု ရှေးဘ၀မှ အကုသိုလ်များ၊ ငယ်ရွယ်စဉ်အခါက မသိမိုက်မဲမှုကြောင့် ပြုခဲ့သော အကုသိုလ်များလည်း ရှိခဲ့တတ်ကြသောကြောင့်ဖြစ်၏။
ငရဲမှစ၍ အားလုံးသောဘုံတို့တွင် သက်ဆိုင်ရာ အစားအစာ အာဟာရများရှိကြ သုံးဆောင်နိုင်ကြ၏။ ပြိတ္တာတို့သည် လူတို့ကကောင်းမှုပြု၍ လှူဒါန်းအမျှဝေပေးမှသာလျှင် စားသုံးရကြပါသည်။ ပြိတ္တာတို့တွင် (အထူးသဖြင့် ဝေမာနိက ပြိတ္တာတို့တွင်) နတ်၏နား၊ နတ်၏မျက်စေ့၊ နတ်၏၀ိညာဉ်တို့ကဲ့သို့ကြားနိုင်၊ မြင်နိုင်၊ သိနိုင်ကြသည်ဖြစ်၍ ရည်စူးသော အလှူဒါနကုသိုလ်များကို သာဓု ခေါ်နိုင်ကြပါသည်။
အကယ်၍ ပြိတ္တာဖြစ်သွားသူသည် အ၀တ်အထည်မရှိ၊ ရေတစ်ပေါက်၊ အစားတစ်လုပ်မျှ မစားရဘဲနေရလျှင် မိမိလှူဒါန်းအမျှဝေသည်ကို ရလိုက်ပါက စားရ သောက်ရ ၀တ်ရ ချမ်းသာရမည်ဖြစ်၍ လွန်စွာအကျိုးများပါမည်။ ထိုသေဆုံးသူ အမျှမရနိုင်သော ဘ၀တွင်ရောက်ရှိနေပါကလည်း ဆွေဟောင်းမျိုးဟောင်း ပြိတ္တာများရနိုင်ပါသဖြင့်၊ ထိုပြိတ္တာများ၏ စည်းစိမ်ချမ်းသာကိုဖြစ်စေပါသည်။ ဘ၀သံသရာသည် ရှည်လျားလှသောကြောင့် မိမိ၌ဆွေမျိုးဟောင်း ပြိတ္တာများမရှိဟုမထင်ထားအပ်ပါ။ အမျှဝေသည်ကိုငံ့လင့်နေသော မိမိ၏ဆွေဟောင်းမျိုးဟောင်း ပြိတ္တာများလည်းရှိနေနိုင်ပါသည်။
ကျမ်းဂန်အရ ဗိမ္ဗိသာရမင်းကြီးတွင် ရှေးမှ ဆွေမျိုးပြိတ္တာပေါင်းများစွာရှိခဲ့၏။ မင်းကြီးအား လှူဒါန်းအမျှဝေရန် သတိပေးကြ၍ ထိုပြိတ္တာတို့အား ရည်ညွှန်း၍ မြတ်စွာဘုရားနှင့် သံဃာတော်တို့အား ကြီးစွာသောဒါနကိုပြု၏။ မင်းကြီးသည် အလှူရေစက်ကိုပေး၍ “ဤအလှူသည် ငါ၏ ဆွေမျိုးဟောင်းပြိတ္တာတို့အား ရစေသတည်း”ဟု ရည်ညွှန်းသည့်ခဏတွင် ပြိတ္တာတို့အား ကြာပန်းတို့ဖြင့်ကောင်းစွာ ဖုံးလွှမ်းသောရေကန်တို့ဖြစ်ပေါ်၍ ထိုပြိတ္တာတို့သည် ထိုရေကန်တို့၌ ရေချိုး၊ ရေသောက်ရ၏။ ၎င်းတို့ ပူလောင်ခြင်း၊ ပင်ပန်းခြင်း၊ မွတ်သိပ်ခြင်းတို့ ငြိမ်းကုန်၍ ရွှေအဆင်းနှင့်တူသော အဆင်းရှိကုန်၏။ မင်းကြီးသည် ယာဂုစသော ခဲဘွယ်ဘောဇဉ်တို့ကို ပေးလှူသည့်ခဏ၌ နတ်၌ဖြစ်သော ယာဂုခဲဘွယ်ဘောဇဉ်တို့ဖြစ်ကုန်၏။ အ၀တ်ပုဆိုး၊ အိပ်ရာနေရာတို့ကိုပေးလှူ၍ ရည်ညွှန်းပြန်လျှင် ထိုပြိတ္တာတို့အား နတ်၌ဖြစ်သော အ၀တ်ပုဆိုးပြာသာဒ် အခင်းအရုံ၊ အိပ်ယာစသော တန်ဆာတို့ဖြစ်ကုန်၏။ ဘုရားရှင်သည် ထိုဖြစ်ပေါ်လာတိုင်းသော အခြင်းအရာကို မင်းကြီးမြင်အောင်ပြတော်မူ၍ မင်းကြီးသည် ထိုသည်တို့ကို မြင်ရသဖြင့် လွန်စွာဝမ်းမြောက်တော်မူ၏။
အကယ်၍ မိမိလှူဒါန်းမျှဝေမှုသည် ဆွေမျိုးမတော်သော ပြိတ္တာများ ရရှိပါကလည်း ထိုသူများ၏ ချမ်းသာမှုကို ဖြစ်စေသောကြောင့် ဆင်းရဲငတ်မွတ် ဒုက္ခရောက်နေသူများအား ကယ်တင်ရာရောက်ပါသည်။
အမျှဝေရာ၌ ကြားကြားသမျှ သတ္တ၀ါအားလုံးတို့အား အမျှပေးဝေပါသောကြောင့် တရားနာပရိတ်သတ်နှင့်တကွ ကြားသိ သာဓုခေါ်သောသူတိုင်း ပတ္တာနုမောဒနာကုသိုလ်ရကြပါသည်။ အကယ်၍ ကွယ်လွန်သူသည် နတ်ဖြစ်၍ ကြားနိုင်၊ သိနိုင်လျှင် ပတ္တာနုမောဒနာ ကုသိုလ်ကိုရပါမည်။ ထိုကုသိုလ်သည် ပြိတ္တာများကဲ့သို့ စည်းစိမ်ချမ်းသာ ချက်ချင်း မဖြစ်သော်လည်း ပထမဇောကုသိုလ်ကြောင့် ရရှိထားပြီးသော နတ်စည်းစိမ်ကို အထောက်အပံ့ဖြစ်စေပါမည်။ အခြားကုသိုလ်ဇောများကလည်း နောက်နောင်ဘ၀များအတွက် အထောက်အပံ့ကောင်းများ ဖြစ်စေပါမည်။
မည်သူ့ထံမျှ မရောက်ပါကလည်း အလှူရှင်များ၏ ကောင်းမှုကုသိုလ်သာ ဖြစ်သောကြောင့် အလှူရှင်များအဖို့ အကုသိုလ်များရှိမိ၍ နောက်နောင်၌ တိရစ္ဆာန်ဘ၀သို့ ရောက်ရလျှင်ပင် တိရစ္ဆာန်ဘ၀တွင် မွန်မြတ်သော အစားအသောက်၊ အသုံးအဆောင်တို့ကို ရနိုင်သည်။ လူ၊ နတ်ဖြစ်လျှင် ထူးသော လူနတ်စည်းစိမ်ချမ်းသာကို ခံစားရပါမည်ဖြစ်၍ ကွယ်လွန်သူတို့အား ရည်မှန်းလှူဒါန်းသော ကုသိုလ်သည် အကျိုးမဲ့ မဖြစ်ပါ။ ထိုအလှူကို လှူရန် အလွန်ပင်သင့်တော်သည်ဟု ဇာဏုေဿာဏိသုတ်၌ မြတ်စွာဘုရား မြွက်ကြားတော်မူခဲ့ပါသည်။ ထို့ကြောင့် ကွယ်လွန်သူ၏ အကျိုး၊ ဆွေမျိုးတို့၏အကျိုး၊ အများအကျိုး၊ မိမိအကျိုးအတွက် လူတစ်ဦးတစ်ယောက်သေဆုံးလျှင် လှူဒါန်းအမျှဝေမှုကိုပြုလုပ် ဆောင်ရွက်ရပေမည်။ အခါအားလျော်စွာလည်း လှူဒါန်း အမျှဝေမှုကို ပြုလုပ်ဆောင်ရွက်ရပေမည်။ ကုသိုလ်အမှု ပြုတိုင်းလည်း ရည်မှန်းအမျှဝေကြရပေမည်။
နိဂုံး
လူတစ်ဦးတစ်ယောက်သည် နေရမည့် အသက်၊ သေဆုံးရမည့်ရောဂါ၊ သေရမည့်အချိန်၊ အလောင်းခန္ဓာစွန့်ပစ်ရာနေရာ၊ လားရောက်ရမည့်ဂတိ၊ ဤငါးမျိုးကို ကြို၍ မသိနိုင်ကြပါဟု မြတ်စွာဘုရား ဟောကြားတော်မူပါသည်။ ကောင်းသောဂတိရောက်ရန်အတွက် မကျန်းမာခြင်းကြောင့်လည်းကောင်း၊ အခြားအကြောင်းများကြောင့်လည်းကောင်း၊ ဖြည်းဖြည်းသက်သာ သေရတော့မည့်သူများအားသာ တစ်ပါးသူတို့က အာရုံကောင်းထင်ရန် ၀ိုင်းဝန်းပြုပြင်ပေးနိုင်ကြပါသည်။ မိမိသည် ထိုအခွင့်အရေးရမည်ဟု မပြောနိုင်ပါ။ အကြောင်းအမျိုးမျိုးတို့ကြောင့် အချိန်အခါမရွေး၊ နေရာမရွေး၊ သေဆုံးနိုင်ပါသည်။ သေဆုံးပြီးနောက်လည်း မိမိတို့အတွက် ရည်စူးလှူဒါန်းမှုများကို မိမိတို့ရရှိရန် ဖြစ်နိုင်ခြေအလွန် နည်းပါးပါသည်။ ထို့ကြောင့် မိမိတို့ကိုယ်တိုင်ပင် သေခြင်းကောင်းသောဘ၀၊ လားကောင်းသော ဂတိ တို့ကိုရရန် ဘ၀တစ်လျောက်လုံး ကောင်းအောင် ပြုပြင်ပျိုးထောင်ထားရမည်။ ထို့ကြောင့် မသေမီတွင်ပင် ဒါန၊ သီလ၊ ဘာဝနာစသော ကောင်းမှု ကုသိုလ်များ တတ်နိုင်သမျှ ဆည်းပူးထားခြင်း၊ စိတ်ကောင်းထား၍ အာရုံကောင်းရရန်အတွက် ဘုရားဂုဏ်တော် တစ်ပါးပါးကိုလည်းကောင်း၊ နမောတဿ စသည်ကိုလည်းကောင်း၊ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ စသည်တို့ကိုလည်းကောင်း၊ မိမိနှစ်သက်ရာ တရားတော်တစ်ခုခုကို အမြဲတစေ အာရုံပြုမိရန် လေ့ကျင့်ထားရပါမည်။
ဗုဒ္ဓ၏ တရားတော်အရ ကောင်းမြတ်သော ဘုံဘ၀နှင့် ဒုက္ခခပ်သိမ်းကင်းငြိမ်းသည့် နိဗ္ဗာန်ချမ်းသာသို့ ရောက်ရန်အတွက် ကံလမ်း၊ ဈာန်လမ်း၊ ဉာဏ်လမ်းဟူ၍ လမ်းသုံးသွယ် ရှိပါသည်။ ကံလမ်းသည် ဒါနပြုခြင်း၊ သီလဆောက်တည်ခြင်း ကုသိုလ်များဖြစ်သည်။ ဤကုသိုလ်ကံများသည် လူ့ပြည်နှင့် နတ်ပြည်(၆)ထပ်သို့ ရောက်ရန် အထောက်အပံ့ကောင်းများ ဖြစ်ပါသည်။ ဈာန်လမ်းသည် သမထဘာဝနာကို ဈာန်သမာဓိရသည်အထိ ပွားများအားထုတ်ခြင်းဖြစ်သည်။ ယင်းကုသိုလ်တို့သည် ဗြဟ္မာဘုံ (၂၀)သို့ ရောက်စေပါသည်။ ဤလမ်းနှစ်မျိုးလုံးသည် ကောင်းမှုအရှိန်ကုန်သောအခါ အပါယ်လေးပါးသို့ ပြန်၍ ကျရောက်နိုင်ပါသည်။ သံသရာဝဋ်ဆင်းရဲမှ မလွတ်မြောက်နိုင်ပါ။ (၃၁)ဘုံတွင် အဖန်ဖန် အထပ်ထပ်ပြန်၍ ကျင်လည်ကြရပါသည်။ ဤကံလမ်းနှင့် ဈာန်လမ်းတို့သည် သာသနာပအခါတွင်လည်း ကျင့်ကြံနိုင်ကြသော အကျင့်ကောင်းများ ဖြစ်ပါသည်။
ဉာဏ်လမ်းသည် ၀ိပဿနာတရားများ ပွားများအားထုတ်ခြင်းဖြစ်သည်။ ၀ိပဿနာဉာဏ်စဉ် အဆင့်ဆင့် ရင့်ကျက်လာသောအခါ မိမိတို့၏ ပါရမီအားလျော်စွာ အပါယ်တံခါးပိတ်သည့် သောတာပန်အဖြစ်မှ ရဟန္တာအထိဖြစ်နိုင်ပြီး နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ပါသည်။ သောတာပန်ဖြစ်ပါက အလွန်ဆုံး(၇)ဘ၀သာ သံသရာ၌ ကျင်လည်ရပါမည်။ ရဟန္တာဖြစ်ပါက လောကသံသရာမှ အပြီးတိုင် လွတ်မြောက်သွားပါမည်။ ဤ ၀ိပဿနာအကျင့်ကောင်း ဉာဏ်လမ်းသည် သာသနာထွန်းရာအရပ် သာသနာထွန်းရာ ကာလတွင်သာ ကျင့်ကြံနိုင်ကြပါသည်။
ဤလမ်းသုံးသွယ်ကို ကျင့်ကြံနိုင်ရန် လူ့ဘ၀တွင်သာလျှင် အခွင့်အလမ်း များပြားပါသည်။ ဘ၀အမျိုးမျိုးတို့တွင် လူ့ဘ၀သည်သာ အကောင်းမွန်ဆုံး၊ ကုသိုလ်ကောင်းမှု အပြုနိုင်ဆုံး နေရာဖြစ်သည်။ နတ်ဘုံ၊ ငရဲဘုံနှင့် တိရစ္ဆာန်ဘုံတို့သည် ချမ်းသာစင်စစ်၊ ဆင်းရဲစင်စစ်နှင့် ဆင်းရဲများပြားသောကြောင့် ဒါန၊ သီလ ကုသိုလ်ကောင်းမှုတို့ ပြုခွင့်ကိုရရှိရန် မလွယ်ကူပေ။ သူတော်ကောင်း ပုဂ္ဂိုလ်တို့နှင့် တွေ့ဆုံနိုင်ခွင့်လည်း နည်းပါးပါသည်။ လူ့ဘုံသည်၊ နတ်ဘုံကဲ့သို့ ချမ်းသာအတိ ခံစားရသည်လည်းမဟုတ်။ ငရဲဘုံကဲ့သို့လည်း ဆင်းရဲအတိ ခံစားရသည်လည်းမဟုတ်ပေ။ တိရစ္ဆာန်ဘုံကဲ့သို့လည်း ဆင်းရဲမှုများပြားလှသည် မဟုတ်ပေ။ ချမ်းသာမှုများပြားသော ဘုံဖြစ်သည်။ ချမ်းသာမှုကို မှီ၍ ဒါန၊ သီလ၊ ဘာဝနာစသော ကုသိုလ်ကောင်းမှုတို့ကို ပြုလုပ်နိုင်ကြပေသည်။ ဆင်းရဲ ဒုက္ခနှင့် မကင်းသောကြောင့် ထိုဆင်းရဲကိုမှီ၍ပင် ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါး၌ ယုံကြည်မှု သဒ္ဓါတရားဖြစ်ပွားရသည်။ ထိုဆင်းရဲတို့ကပင် ကောင်းမှုကုသိုလ်များကို ပြုလုပ်ရန် အထောက်အကူပြုပါသည်။
ထို့ကြောင့် လူ့ဘုံလူ့လောကသည် နတ်ပြည်၊ ဗြဟ္မာပြည်၊ နိဗ္ဗာန်ချမ်းသာတို့ကို ရရှိနိုင်သောနေရာဖြစ်သည်။ နတ်တို့၏ ချမ်းသာ စည်းစိမ်တန်ခိုးတေဇာတို့သည် များသောအားဖြင့် လူ့ပြည်လူ့လောကမှ ကုသိုလ်များပင်ဖြစ်သည်။ ထိုစည်းစိမ်တို့ကို နတ်ပြည်မှ ဖန်တီး၍မရပေ။ ရှိပြီးစည်းစိမ် တန်ခိုးမျှကိုပင် တိုးပွားသစ်လွင်လာရန် လုပ်ဆောင်ခြင်းငှာ မလွယ်ကူပေ။ လူ့ဘုံလူ့လောကသည်သာ နတ်ပြည်၊ ဗြဟ္မာပြည်၏ စည်းစိမ်ချမ်းသာကိုရစေသသော ကုသိုလ်များ၊ နေ့ညမရွေး လုပ်ဆောင်နိုင်၍ မိမိတို့၏ ကုသိုလ်အားလျော်စွာ နတ်ပြည်၊ ဗြဟ္မာပြည်သို့ အချိန်မရွေး ကူးပြောင်းနိုင်ကြပါသည်။ ယခုအချိန်သည် သာသနာတွင်းအခါဖြစ်၍ နိဗ္ဗာန်ချမ်းသာတိုင်အောင် ရရှိနိုင်ရန် ၀ိပဿနာတရားများလည်း ပွားများအားထုတ်နိုင်ကြပါသည်။ ယခုတစ်ဘ၀၊ ဂတိကောင်းရန်အတွက်သာ မဟုတ်ဘဲ၊ တစ်သံသရာလုံး ဘ၀ကောင်းရန်အတွက်၊ သံသရာမှ လွတ်မြောက်ရန်တို့အတွက် ရည်မှန်း၍ မိမိအလိုရှိရာအတိုင်း ကုသိုလ်တရားများကို ပွားများအားထုတ်၍ “သေခြင်းကောင်းသောဘ၀၊ လားရာကောင်းသော ဂတိ”ကို ရရှိနိုင်ကြပါစေ။ စာရေးသူသည်လည်း သေခြင်းကောင်းသောဘ၀၊ လားရားကောင်းသော ဂတိ ကို ရနိုင်ပြီး သံသရာမှ အမြန်လွတ်မြောက်ရပါလို၏ဟု ဆန္ဒပြုကာ ဤစာအုပ်အား နိဂုံးချုပ်အပ်ပါသည်။
ဒေါ်အေးမြင့် (မဟာဝိဇ္ဇာ)
အလုံးစုံသော အလှူတို့တွင် တရားအလှူသည် အမြတ်ဆုံးဖြစ်ပေသည်။
“သူသေဆိုသည်မှာ ဆွေမျိုးမိဘများနှင့် နောင်ဘယ်သောအခါမှ ပြန်မတွေ့ရတော့သောသူ ဖြစ်ပါသည်”ဟု ဘုရားလောင်း သိဒ္ဓတ္ထမင်းသား နိမိတ်ကြီးလေးပါးမြင်ရာတွင်၊ ရထားထိန်းမောင်ဆန်၏ လျှောက်ထားချက်ဖြစ်ပါသည်။ လူတိုင်းသည် မိဘဆွေမျိုးများနှင့် အတူတကွ၊ ထာဝရနေလိုကြပါသည်။ လူတိုင်းမသေလိုကြပါ။ သေရမည်ကို ကြောက်ကြ၏။ သို့သော် လောက၌ မသေသူမရှိ၊ မသေရန် အမျိုးမျိုးကြံဆနေကြသော်လည်း မသေရန် မစွမ်းဆောင်နိုင်ကြပါ။ ပုခက်ပေါ်ရောက်သူတိုင်း ခေါင်းထဲရောက်ကြရမည် ဆိုသည့်အတိုင်း မွေးဖွားလာသော သတ္တ၀ါမှန်သမျှ သေခြင်းတရားကို ရှောင်လွှဲမရ၊ မုချမသွေ သေဆုံးကြရပေမည်။
ဘ၀ဆိုသည်မှာ နေခွင့်ရသလောက် နေရခြင်းသာဖြစ်၏။ နေချင်သလောက်နေ၍ မရပါ။ အကန့်အသတ်ရှိပါသည်။ မည်သည့်အချိန်အခါတွင် သေဆုံးကြရမည်ကိုလည်း မသိနိုင်ကြပါ။ သေခါနီးကြောက်စိတ်ကြောင့် အလွဲလွဲအမှားမှား ဖြစ်တတ်ကြပါသည်။ အကျိုးဆက်အားဖြင့်လည်း နောက်ဘ၀လားရာဂတိများ၊ မကောင်းနိုင်ကြပါ။ ဘ၀ဟောင်းကို ဘ၀ကောင်းနှင့်လဲနိုင်ရန် မှန်မှန်ကန်ကန် တည်တည်ငြိမ်ငြိမ်ဖြင့် သေဆုံးနိုင်ပြီး ကောင်းသော ဘ၀သစ်ကို ရရှိရန်ပြင်ဆင်ထားကြရပါမည်။ ဤစာအုပ်ကို တစ်ခါဖတ်ဖူး သေဖို့နားလည်စေရန်၊ သေခြင်းကောင်းသောဘ၀ လားရာကောင်းသောဂတိကို ရရှိနိုင်ကြပါရန် ရည်ရွယ်ရေးသားအပ်ပါသည်။
ဘ၀၊ ဂတိ
“ရှေးရှေး “ဘ၀”တုန်းကပြုအပ်ခဲ့သော ကံကြောင့်ဖြစ်ရသော ရုပ်နာမ်(ခန္ဓာ)ကို “ဘ၀”လို့ခေါ်တယ်။ ဘ၀ကို “ဂတိ”နဲ့ တွဲပြီးသုံးလေ့ရှိတယ်။ အဲဒီဂတိကို ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ လူ၊ နတ်ဗြဟ္မာလို့ ငါးမျိုးပြတယ်”ဟု အမရပူရမြို့ မဟာဂန္ဓာရုံ ဆရာတော်ဘုရားကြီး အရှင်ဇနကာဘိဝံသ၏ ကိုယ်တိုင်ရေးသားသော “တစ်ဘ၀သံသရာ” စာအုပ်အစ၌ ဖွင့်ဆိုထားပါသည်။ဆရာတော်ဘုရားကြီး၏ အဆိုနှင့်အညီ ဗုဒ္ဓဘာသာဝင်တို့သည် ယခုလက်ရှိ ဘ၀အပြင်၊ ရှေးရှေးက ဘ၀များစွာရှိခဲ့ပြီး၊ နောင်နောင်ဘ၀များလည်း ဖြစ်ကြရဦးမည်ဟု ယုံကြည်ကြပါသည်။ သတ္တ၀ါတိုင်း၊ သတ္တ၀ါတိုင်းသည် ဘ၀အဆက်မပြတ် ဖြစ်ပေါ်နေရသည်၊ သံသရာ၌ တစ်ဘ၀ပြီးတစ်ဘ၀ အသစ်တစ်ဖန်ကျင်လည် နေကြရသည်ဟု ခံယူကြပါသည်။ ကျင်လည်ကြရမည့် ဘ၀များကို ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ်ဟူသော အပါယ်(၄)ဘုံ၊ လူနှင့်နတ်ပြည် (၆)ထပ်ဖြစ်သော ကာမသုဂတိ(၇)ဘုံနှင့် ဗြဟ္မာဘုံ(၂၀)ဟူ၍ စုစုပေါင်း (၃၁)ဘုံရှိသည်ဟု နားလည်ကြပါသည်။ သတ္တ၀ါတို့၏ တည်နေရာအရပ်ကို ပါဠိဘာသာတွင် “ဘူမိ”ဟူ၍ လည်းကောင်း၊ မြန်မာဘာသာတွင် “ဘုံ”ဟူ၍လည်းကောင်းခေါ်သည်။ ယင်းကို အကျဉ်းအားဖြင့် ပြိတ္တာနှင့် အသူရကာယ်ပေါင်း၍ ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ လူနတ်ဗြဟ္မာဟူ၍ လားရာဂတိ ငါးဖြာဟုဆိုကြပါသည်။ ဂတိ ငါးနယ်၊ ချာချာလည်ဆိုသည့်အတိုင်း (၃၁)ဘုံအတွင်း ဘ၀ အဆက်မပြတ် အသစ်အသစ်ဖြစ်နေရ၊ လှည့်ပတ်နေရသောကြောင့် သံသရာဝဲသြဃဟု တင်စား၍ခေါ်ဆိုကြပါသည်။
ဗုဒ္ဓတရားတော်အရ သတ္တ၀ါတစ်ဦးတစ်ယောက် သေဆုံးပြီးနောက် ဤအရပ်၊ ဤမြို့၊ ဤတိုင်းပြည်၊ ဤကမ္ဘာတို့အပြင်၊ အခြားအခြားသော ဂြိုလ်များ၊ စကြ၀ဠာတို့၌ ဘ၀ အသစ်ဖြစ်နိုင်ကြပေသည်။
အမျိုးဘာသာခြား၍လည်း ဘ၀အသစ်ဖြစ်နိုင်ကြပေသည်။ (၃၁)ဘုံလုံးတွင်ပင် ဗုဒ္ဓဘာသာဝင်များနှင့် အခြားဘာသာဝင်များ ရောက်ရှိကျင်လည်နိုင်ကြပါသည်။ ကျင်လည်ရမည့် ဘုံဘ၀များအကြောင်းကို အနည်းငယ်ဖေါ်ပြပါမည်။
အပါယ်လေးဘုံ
ကုသိုလ်ကောင်းမှုများစွာ ပြုခွင့်မရသော အရပ်ကို ပါဠိဘာသာအားဖြင့် “အပါယ”၊ မြန်မာဘာသာဖြင့် “အပါယ်”ဟုခေါ်၏။ အပါယ်လေးဘုံသည် ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ်ဘုံတို့ဖြစ်သည်။ငရဲ
ငရဲဘုံသည် ကုသိုလ်ကောင်းမှုပြုခွင့်မရ၊ ဆင်းရဲကို အမြဲမပြတ် ခံနေရသော နေရာဖြစ်သည်။ ဤကမ္ဘာမြေကြီးအောက် ယူဇနာပေါင်း တစ်သောင်းငါးထောင် (တစ်ယူဇနာ-၈မိုင်) ကွာဝေးသောအရပ်၌ ဥမင်လိုဏ်ကြီးသဖွယ် ဖြစ်လျက် အစဆုံးသိဉ္ဇိုးငရဲတည်ရှိ၏။ ထို့အောက် အဆင့်ဆင့် ကာဠသုတ်ငရဲ၊ သံဃာတငရဲ၊ ရောရုဝငရဲ၊ မဟာရောရုဝငရဲ၊ တပနငရဲ၊ မဟာတာပနငရဲ၊ အ၀ီစိငရဲ ဟူ၍ ငရဲကြီးရှစ်ထပ် တည်ရှိ၏။ ထို ငရဲကြီးရှစ်ထပ်တွင် တစ်ထပ်တစ်ထပ်၌ ဘင်ပုပ်ငရဲ၊ ပြာပူငရဲ၊ လက်ပံတောငရဲ၊ သန်လျက်တောငရဲ၊ ဝေတ္တရဏီခေါ် သံရည်မြစ်ငရဲဟု ငရဲငယ်ငါးထပ် တံတိုင်းခတ်သကဲ့သို့ ရံပတ်နေသည်။ထိုငရဲများသည် လူ့ပြည်၌ ပြစ်မှုကျူးလွန်သူတို့၏ ကျရောက်ခံစားရန် အကျဉ်းထောင်များရှိသကဲ့သို့၊ သတ္တ၀ါတို့၏တည်ရှိရာ၊ ဤကမ္ဘာမြေပြင်အတွင်း၌ မကောင်းမှု ဒုစရိုက်ကျုးလွန်သူတို့၏ ကျရောက်ခံနေရန် နေရာငရဲများဖြစ်ကြ၏။ အကုသိုလ်ကြီးမားသူတို့မှာ မိမိပြုလုပ်ခဲ့သော အကုသိုလ်မကောင်းမှုများအလိုက် သက်ဆိုင်ရာငရဲသို့ ကျရောက်ရ၏။ ဆင်းရဲဒုက္ခအမျိုးမျိုး အဆက်မပြတ် ခံစားရ၍ အားငယ်စွာ အော်ဟစ်ငိုကြွေး မြည်တမ်းနေကြရပေသည်။ ငရဲထိန်းများ၏ ရက်စက်ကြမ်းကြုတ်စွာ သတ်ဖြတ်ရိုက်နှက် နှိပ်စက်ခြင်းကို ခံနေကြရပေသည်။ ငရဲသားများသည် ကံကြောင့် ဖြစ်ရသောကြောင့် အကုသိုလ်ကံ မကုန်မချင်း မသေနိုင်၊ ဘ၀မပြောင်းနိုင်ဘဲ ငရဲဆင်းရဲကို ခံနေကြရ၏။ သက်တမ်းမှာ အကုသိုလ်ကံအလျောက် ရှည်ကြာကြ၏။ အချို့မှာ ရက်ပိုင်းမျှလောက်သာခံရသော်လည်း အချို့မှာ ကမ္ဘာနှင့်ချီ၍ ခံကြရ၏။
တိရစ္ဆာန်
ကုန်းနေ၊ ရေနေ၊ အခြားများစွာရှိသော အခြေလေးချောင်းရှိသော၊ အခြေနှစ်ချောင်းရှိသော၊ အခြေမရှိသော သတ္တ၀ါများ (လူမှလွဲ၍)သည် တိရစ္ဆာန်များဖြစ်သည်။ ဆင်၊ မြင်း၊ ကျွဲ၊ နွား၊ ခွေး၊ ကြက်၊ ငှက်၊ ငါး၊ လိပ်၊ မြွေ၊ တီကောင်၊ ခြ၊ ပုရွက် စသည်တို့ဖြစ်၏။ တိရစ္ဆာန်တို့သည် လူ၏အနီးအပါးနှင့် တောတောင်၊ မြစ်၊ ချောင်း၊ အင်း၊အိုင်၊ သမုဒ္ဒရာတို့တွင် နေကြ၏။ တိရစ္ဆာန်တို့၏ ဆင်းရဲခြင်းသည် လူတို့၏ မျက်မြင်ပင်ဖြစ်၏။ ရာသီဥတုဒဏ်၊ အစားအသောက် ဆင်းရဲခြင်းဒဏ်၊ တစ်ကောင်နှင့်တစ်ကောင် ကြီးနိုင်ငယ်ညှင်း အနိုင်ကျင့်ခံရခြင်း၊ ခြင်၊ ယင်၊ ပုရွက်၊ သန်းများ အကိုက်ခံရခြင်းစသည်ဖြင့် ဒုက္ခများကို တွေ့ကြုံနေကြရပေသည်။ တိရစ္ဆာန်များ သက်တမ်းအလျောက် အသက်ရှင်နေထိုင်ကြရပေသည်။ တစ်ခါတစ်ရံ ကုသိုလ်ဖြစ်ခွင့်ရ၏။ပြိတ္တာ, အသူရကာယ်
အပါယ်သတ္တ၀ါ လေးပါးတို့တွင်ပါဝင်ပြီး လူ့ပြည်လောကအတွင်း၌ တောချုံပိတ်ပေါင်း၊ တောင်စောင်း၊ ဂူလိုဏ်စသည်တို့၌ခိုမှီ၍ ဆင်းရဲထူပြောစွာ ခံစားနေကြရသည့် သတ္တ၀ါမျိုးဖြစ်ပေသည်။ လူ့ပြည် လူ့လောကတွင် လူဟူ၍ ဖြစ်ခဲ့စဉ်တွင် ငြူစူဝန်တိုခြင်း များပြား၍ မိမိကိုယ်တိုင်လည်း ပေးကမ်းလှူဒါန်းခြင်းမရှိ၊ သူတစ်ပါးကို ပေးကမ်းလှူဒါန်းသည်ကိုလည်း တားမြစ်သူတို့သည် များသောအားဖြင့် ထိုသတ္တ၀ါမျိုး၌ ဖြစ်ကြရ၏။ မိမိပြုလုပ်ခဲ့သော မကောင်းမှုကြောင့် ထမင်းငတ်ခြင်း၊ ရေမွတ်သိပ်ခြင်းစသော ဒုက္ခတို့ကို ခံစားလျက် နှစ်ပေါင်းရာထောင်၊ သိန်းသန်း ကာလပတ်လုံးသော်လည်းကောင်း၊ ဘုရား တစ်ဆူနှင့်တစ်ဆူအကြေား ကာလပတ်လုံးသော်လည်းကောင်း၊ မကျွတ်မလွတ်နိုင်ပဲရှိကြပေသည်။ ထိုမျှလောက်သောကာလပတ်လုံး ထမင်းတစ်လုံး၊ ရေတစ်ပေါက်မျှ မစားရ၊ မသောက်ရ၊ ကြီးစွာသော ဒုက္ခကို ခံစား နေရပေသည်။ အကုသိုလ်ကံအရှိန် မကုန်သဖြင့် ကွယ်လွန်သေဆုံး ဘ၀တုံးရခြင်းမရှိ၊ အလွန်ဆိုးဝါးသော အဆင်းဖြင့် ကြောက်ရွံ့ထိတ်လန့်ဖွယ်ရာ တည်ရှိနေကြရပေသည်။သင်္ဂါယနာဝင်၊ အဋ္ဌကထာ ဋီကာကျမ်းကြီးတို့၌ ဖေါ်ပြထားသည့်အတိုင်း ထိုပြိတ္တာများကို အတန်းအစား လေးမျိုးခွဲခြားဖေါ်ပြအပ်ပါသည်။
၁။ ပရဒတ္တူပဇီဝကပြိတ္တာ
သူတစ်ပါးတို့ပေးသော အစာကိုအမှီပြု၍ အသက်ရှင်နေရသော ပြိတ္တာ။
၂။ ခုပ္ပိပါသိကပြိတ္တာ
ထမင်းငတ်ခြင်း၊ ရေမွတ်သိပ်ခြင်းဖြင့် မပြတ်နှိပ်စက်ခြင်း ခံနေရသော ပြိတ္တာ။
၃။ နိဇ္ဈာမတဏှိကပြိတ္တာ
အမြဲလောင်ကျွမ်း ခံနေရသဖြင့် ပူပန်ခြင်းရှိသော ပြိတ္တာ။
၎။ ကာလကဉ္စိကပြိတ္တာ
အသူရကာယ်ဟုခေါ်သော ပြိတ္တာအသူရကာယ် ဖြစ်သည်။ ခန္ဓာကိုယ် အလွန်ကြီးမား၍ အရိုးအရေမျှသာရှိ၏။ ခံတွင်းသည် အပ်နဖားပေါက်မျှသာရှိ၏။
လောကပညတ္တိကျမ်းတွင် ပြိတ္တာ (၁၂)မျိုး၊ ပါရာဇိက ပါဠိတော်၊ သံယုတ်ပါဠိတော်တို့၌ ပြိတ္တာ (၂၁)မျိုးဟု အသီးသီးခွဲခြားလာရှိ၏။
သို့ရာတွင် ၎င်းတို့ကို စုစည်းလိုက်ပါက ဖေါ်ပြခဲ့သည့် ပြိတ္တာလေးမျိုးတို့တွင် ထိုက်သည့်အားလျော်စွာအကျုံးဝင်သွားပေသည်။ အကျဉ်းအားဖြင့် အသူရကာယ်သည် ပြိတ္တာအကြီးစားဖြစ်သည်။
တစ္ဆေ၊ မှင်စာ၊ သရဲ၊ သဘက်၊ အစိမ်း၊ ဖုတ်ကောင်၊ ကျတ်ကောင်၊ မြေဖုတ်ဘီလူး၊ ဥစ္စာစောင့် စသည်တို့သည် ပြိတ္တာများပင်ဖြစ်ကြပေသည်။ ယင်းတို့မှာ များသောအားဖြင့် ပထမအမျိုးအစား ပရဒတ္တူပဇီဝက ပြိတ္တာမျိုးဖြစ်ကြပေ၏။ သင်္ချိုင်း၊ ရေစ၊ ကမ်းစ၊ သားငါးရလောက်သော အရပ်၌နေကြ၏။ အချို့မှာ သစ်ပင်၊ အိမ်အကြိုအကြား၊ ကျောင်း၊ ဘုရား၊ ဇရပ် အနီးစသည်တို့၌ နေကြ၏။ လူတို့၏ ထမင်းကျန်၊ ဟင်းကျန်၊ တံတွေး၊ အန်ဖတ်၊ အပုပ်အစပ်၊ အသေကောင်တို့ကို ရှာဖွေစားသောက်ကြ၏။ မရသောအခါ ငတ်မွတ်ခြင်းဖြင့် ဆင်းရဲခံနေရ၏။
ပထမအမျိုးအစား ပရဒတ္တူပဇီဝက ပြိတ္တာမျိုးတို့သည် မည်မျှပင် ဆင်းရဲဒုက္ခခံစားနေရသော်လည်း မိမိတို့အားရည်ညွှန်း လှူဒါန်း၍ အမျှပေးဝေသည်ကို ၀မ်းမြောက်စွာ သာဓုခေါ်နိုင်လျှင် စားဖွယ်၊ သောက်ဖွယ်စသည်များ ရရှိနိုင်သည်။ ခံစားနေရသော ဆင်းရဲ ဒုက္ခများကွယ်ပျောက်၍ တစ်ခဏခြင်းမှာပင် ချမ်းသာ အမျိုးမျိုးကို ရရှိနိုင်သည်။
ဝေမာနိကပြိတ္တာမျိုးသည် ကုသိုလ်အကုသိုလ်ရော၍ တစ်ခါတစ်ရံ ကုသိုလ်အကျိုးကြောင့် နတ်ဗိမ္မာန်၌ နတ်စည်းစိမ်ကို ခံစားရ၏။ အချို့ပြိတ္တာတို့သည် ကောင်းကင်၌ ပျံသန်းနိုင်၏။ တန်ခိုးအသင့်အတင့်ရှိ၏။ ပြိတ္တာတို့၏ ဘုံသည် လူ့ပြည်နှင့် တစ်ဆက်စပ်တည်း ရှိနေသော်လည်း ပြိတ္တာတို့အား လူများက မမြင်နိုင်ကြပေ။
နတ်ဘုံ
နတ်ပြည်(၆)ထပ်ရှိပါသည်။ စတုမဟာရာဇ်၊ တာဝတိံသာ၊ ယာမာ၊ တုသိတာ၊ နိမ္မာနရတီ၊ ပရနိမ္မိတ၀သ၀တ္တီတို့ ဖြစ်ကြပေသည်။ စတုမဟာရာဇ် နတ်ပြည်သည် လူ့ပြည်နှင့် ဆက်စပ်လျှက်ရှိသည်။ ရုက္ခစိုး၊ ဘုမ္မစိုး စသည်တို့သည် စတုမဟာရာဇ်နတ်မျိုးများ ဖြစ်၏။ နတ်ပြည်များသည် ကောင်းကင်တွင် အဆင့်ဆင့်မြင့်ကာ တည်ရှိကြပေသည်။ ယေဘူယျအားဖြင့် နတ်စည်းစိမ်သည် လူ့စည်းစိမ်ထက် နေရာတိုင်း၌ပင် သာလွန်၏။ မိမိတို့၏ ရှေးကုသိုလ်ကံကြောင့် ကိုယ်ပိုင် ရရှိပြီးသော ဗိမာန်များကလည်း ဆန်းပြားလှပေ၏။ အားလုံးသော နတ်လုလင်တို့သည် အသက်(၂၀)အရွယ်၊ နတ်မိမယ်တို့သည် (၁၆)နှစ် အရွယ်၊ သွားကျိုး၊ ဆံဖြူ၊ နားအူ၊ မျက်မွဲ၊ အရေတွန့်တွဲ ခြင်းမရှိ၊ ပကတိ အလှမပျက်၊ တစ်သက်လုံးတည်နေ၏။ နတ်သြဇာကိုသာ စားသုံးကြရသဖြင့် ခန္ဓာကိုယ်အတွင်း၌ အလေးပေါ့မှစ၍ မကောင်းသော အနိဋ္ဌာရုံဟူသမျှတို့ လုံးဝမရှိတော့ပါ။ နတ်သမီးတို့မှာ ဓမ္မတာသွေး အညစ်အကြေးတို့မှ ကင်းစင်လေ၏။နတ်ဒေ၀ီတို့၌ ကိုယ်ဝန်ဆောင်မှုနှင့် သက်ဆိုင်သော ကိစ္စစုများ တစ်ခုမျှမရှိ။ သားသမီးဖြစ်ထိုက်သော နတ်သား နတ်သမီးတို့သည် ရင်ခွင်၌သော်လည်းကောင်း၊ အိပ်ရာပေါ်၌သော်လည်းကောင်း၊ အလိုလို ဖြစ်ပေါ်လာကြကုန်၏။ ဤသို့ သားသမီးအရာ၌ တည်သောနတ်များအပြင်၊ အခြား အစေခံနတ်သား နတ်သမီးများ၊ နတ်ကချေသည်၊ နတ်ဇာတ်သမားများ လည်းရှိကြ၏။ အချို့နတ်များ၌ ဗိမာန်ကိုယ်ပိုင်မရှိကြပါ။ နတ်သား နတ်သမီးပျိုတို့သည် လူပျိုလှည့်မှုလည်းရှိကြ၏။ အချို့နတ်သမီးများသည် ဗိမာန်အဆင်သင့်ရရှိသော်လည်း ဗိမာန်နှင့်တကွ မိမိတို့ကို ပိုင်ဆိုင်သည့် နတ်သားမရှိကြသဖြင့် ပျင်းရိငြီးငွေ့အလိုမပြည့်ကြသည်လည်း ရှိသေး၏။ ကုသိုလ်ကံခြင်း ကွာခြားသလောက် ဘုံဗိမာန်နှင့် ရုပ်အဆင်းလည်း ကွာခြားနေတတ်ကြပေသည်။ ရောက်ရှိရာ နတ်ပြည်အလိုက် သက်တမ်းများရှည်ကြသည်။
ဗြဟ္မာဘုံ
ဗြဟ္မာဘုံသို့ရောက်ရန် ဈာန်ရသည်အထိ အားထုတ်ရ၏။ ထိုဈာန်ကုသိုလ်တရားတို့ အတွက်ကြောင့် ဗြဟ္မာဘုံ၌ ဖြစ်ကြရသော ဗြဟ္မာတို့သည် လွန်စွာငြိမ်သက်ကြပေသည်။ သားသမီး၊ ဇနီးမောင်နှံဟူ၍ မရှိကြ၊ အားလုံးဗြဟ္မာတို့မှာ ယောက်ျားသဏ္ဌာန်ရှိသော်လည်း ယောင်္ကျားအင်္ဂါနှင့် မိန်းမအင်္ဂါတို့ မပါကြတော့ပါ။ ကာမဂုဏ်ချမ်းသာကို ခံစားခြင်း မရှိကြပါ။နတ်ဘုံနတ်နန်းတို့ထက် ခမ်းနားလှသော ဗိမာန်ဥယျာဉ်တွင် လူယောဂီသူတော်စင်များနည်းတူ တစ်ချို့က မေတ္တာစသော ကမ္မဋ္ဌာန်းကို စီးဖြန်းပွားများ၍၊ တစ်ချို့က ဈာန်ဝင်စားလျှက် ငြိမ်သက်အေးချမ်းစွာ စံမြန်းကြပေသည်။ လူ့ပြည်၌ အချင်းချင်း အတန်းအစား ကွာခြားသကဲ့သို့ ဗြဟ္မာချင်းလည်း အတန်အစားကွာခြားကြ၏။
ဗြဟ္မာဘုံ၌ဗြဟ္မာဖြစ်ရသူတို့သည် လူ့ပြည်တွင်အရိယာအဖြစ်သို့ရောက်လျှင် (မဂ်ဖိုလ်ရလျှင်) ထိုဗြဟ္မာဘုံမှ အောက်ကာမဘုံသို့ပြန်၍ ပဋိသန္ဓေမတည်တော့ပေ။ အဆင့်ဆင့်ဉာဏ်ရင့်ကာ ရဟန္တာဖြစ်၍ နိဗ္ဗာန်စံကြလေတော့သည်။
အရိယာမဖြစ်သေးလျှင်၊ ယင်းတို့၏ ဈာန်အဟုန်ကုန်သောအခါ လူ့ဘုံ၊ နတ်ဘုံဟူသော အောက်ကာမဘုံများသို့ တစ်ဆင့်ရောက်ကြ၍ ကံအကြောင်းမသင့်၍ လျှောကျရပြန်သောအခါ အပါယ်လေးပါး၌ ငရဲကောင်၊ ပြိတ္တာကောင်၊ တိရစ္ဆာန်ကောင်များလည်း ဖြစ်နိုင်ကြလေသည်။
စကြ၀ဠာ
ရေထု၊ လေထု၊ မြေထုနှင့် လူ့ဘုံ၊ နတ်ဘုံ၊ ဗြဟ္မာဘုံ အစုံအလင်ရှိသော ကမ္ဘာလောကတစ်ခုကို စကြ၀ဠာတစ်ခုဟုဆို၏။ ဤကမ္ဘာလောကတစ်ခုသာမက ရေတွက်၍မကုန်နိုင်၊ မဆုံးနိုင်အောင် များပြားလှသော စကြ၀ဠာရှိ၏။ ထို့ကြောင့် အနန္တစကြ၀ဠာ (အဆုံးမရှိသောစကြ၀ဠာ)ဟု ဆိုကြ၏။ ဤစကြ၀ဠာတို့သည် ဖြစ်၊ တည်၊ ပျက် လျက်ရှိနေပေသည်။ ကုဋေတစ်သိန်းလောက်သော စကြ၀ဠာတို့သည် ဖြစ်လည်းအတူတူ၊ တည်လည်း အတူတူ၊ ပျက်လည်း အတူတူရှိကြသည်ဟုဆို၏။သေဆုံးခြင်းလေးမျိုး
ဗုဒ္ဓအဘိဓမ္မာတရားတော်အရ ပုဂ္ဂိုလ်သတ္တ၀ါတစ်ဦးတစ်ယောက် သေဆုံးခြင်းမှာ အကြောင်းအားဖြင့် -
(၁) သက်တမ်းကုန်းခြင်း
(၂) ကံအစွမ်းကုန်ခြင်း
(၃) သက်တမ်းနှင့် ကံအစွမ်း ၂မျိုးလုံးကုန်ခြင်း
(၄) ဥပစ္ဆေဒက - ကံကသတ်ခြင်းဟူ၍ လေးမျိုးဖြစ်ပေသည်။
ဥပမာအားဖြင့် ဆီမီးငြိမ်းရာတွင်
(၁) ဆီကုန်ခန်းခြင်း
(၂) မီးစာကုန်ခြင်း
(၃) ဆီနှင့် မီးစာ နှစ်မျိုးလုံးကုန်ခန်းခြင်း
(၄) ဆီနှင့် မီးစာရှိပါသော်လည်း လေပြင်းတိုက်ခတ်ခြင်း တမင်ငြိမ်းသတ်ခြင်းတို့ဖြင့် ထင်ဟတ်နိုင်ပါသည်။
(၁) သက်တမ်းကုန်ခြင်း
ဘုံဘ၀အသီးသီးတွင် ရှင်သန်နေထိုင်ရမည့် သတ်မှတ်ထားသော သက်တမ်းများရှိသည်။ လူ့ဘ၀၊ လူ့သကတမ်းသည် တက်ကပ် ဆုပ်ကပ်ပေါ် မူတည်၍ အတိုးအလျော့များရှိကြသည်။ လူ့သက်တမ်းသည် ဆယ်နှစ်တန်းမှ တစ်သိန်းတန်းအထိ ရှိနိုင်ပါသည်။ ယခုအခါတွင် ဆုတ်ကပ်ဖြစ်သည်။ ဂေါတမဗုဒ္ဓမြတ်စွာ ပွင့်တော်မူသည့်အချိန်သည် လူ့သကတမ်း တစ်ရာဖြစ်သည်။ နှစ်တစ်ရာတွင် တစ်နှစ်ဆုတ်သဖြင့် သာသနာနှစ်ထောင့်ငါးရာ ကျော်လွန်ခဲ့ပြီဖြစ်၍ ယခုလက်ရှိလူ့သက်တမ်းကို (၇၅)တမ်းဟု မှတ်သားခန့်မှန်းကြသည်။ လူတို့သည် သတ်မှတ်သက်တမ်းထက် ပို၍သော်လည်းကောင်း၊ လျော့၍သော်လည်းကောင်း နေထိုင်နိုင်ကြ၏။ သင့်တော်ရုံကံပါလာသူတို့သည် သက်တမ်းကို မလွန်နိုင်ပါ။ (၇၅)နှစ်သက်တမ်းတွင် အသက်(၇၅)နှစ်၌သေဆုံးလျှင် သက်တမ်းကုန်၍ သေဆုံးဖြစ်သည်။ ဆီကုန်၍ မီးငြိမ်းရခြင်း သဘောဖြစ်သည်။(၂) ကံကုန်ခြင်း
ဘ၀တစ်ခုကို စီမံလိုက်သောကံသည် ပဋိသန္ဓေတည်သည့် အချိန်မှစ၍ မိမိ၏သတ္တိမကုန်သေးသမျှ ဘ၀မပြတ်အောင် (မသေအောင်) အစဉ်တစိုက် အမြဲဖန်တီးလျက်ရှိ၏၏။ ထိုကံ၏ အစွမ်းကို အားပေးကူညီသော အခြားကံများလည်းရှိသည်။ မူလကံနှင့် အားပေးကူညီသောကံတို့၏ အစွမ်းသတ္တိကုန်လျှင် သက်တမ်းမကုန်သေးသော်လည်း သေဆုံးကြသည်။ ယခု (၇၅)နှစ်သက်တမ်း၌ ကံအစွမ်းသည် (၆၀)ရှိလျှင် (၆၀)အရွယ်မှာပင် သေဆုံးရသည်။ သက်တမ်းမကုန်သေးဘဲ ကံအစွမ်းကုန်ခြင်းကြောင့် သေဆုံးရခြင်းကို ကံကုန်၍ သေဆုးခြင်းဟုခေါ်သည်။ ဆီမကုန်သေးသော်လည်း မီးစာကုန်လျှင် မီးငြိမ်းသကဲ့သို့ဖြစ်၏။(၃) သက်တမ်းနှင့် ကံနှစ်မျိုးကုန်ခြင်း
အချို့သူတို့သည် ကံအစွမ်းလည်းကုန်၊ သက်တမ်းလည်းကုန်ခြင်းကြောင့် သေဆုံးကြရသည်။ သက်တမ်း(၇၅)နှစ်၌ (၇၅)နှစ်နေရန် ကံပါသူသည် (၇၅)နှစ်၌ သေဆုံးခြင်းမျိုးကို သက်တမ်းနှင့်ကံအစွမ်း (၂)မျိုးလုံးကုန်ခြင်းကြောင့် သေခြင်းဟုခေါ်သည်။ ဆီလည်းကုန် မီးစာလည်းကုန်ခြင်းကြောင့် မီးငြိမ်းရခြင်းနှင့်တူ၏။(၄) ဥပစ္ဆေဒက ကံကသတ်ခြင်း
အချို့သူတို့သည် အသက်တမ်းလည်း မကုန်သေး၍ အသက်ရှင်နေနိုင်သေးသော်လည်း ရှေးဘ၀များကဖြစ်စေ၊ ယခုဘ၀၌ဖြစ်စေ၊ ပြုမိသော အကုသိုလ်ကံက အခွင့်သာ၍လည်းကောင်း၊ ယခုဘ၀တွင် အစဉ်းစား၊ အဆင်ခြင်၊ အမြော်အမြင်၊ ဉာဏ်မရှိပြုလုပ်မိသည်များကြောင့်၊ သေဆုံးရခြင်းသည် ဥပစ္ဆေဒက (ကပ်၍ သတ်ဖြတ်သောကံ)ကြောင့် သေရခြင်းဖြစ်သည်။ မီးစာ ဆီ ၂မျိုးလုံး မကုန်သေးသော်လည်း လေပြင်းတိုက်ခတ်ခြင်း၊ တမင်ငြိမ်းသတ်မှုကြောင့်၊ မီးငြိမ်းခြင်းမျိုးဖြစ်သည်။ဥပစ္ဆေဒက - ကံတစ်ခုခုကြောင့် သေရခြင်းကို “အကာလ မရဏ - သေဆုံးရန် အချိန်မကျရောက်သေးမီ သေရခြင်း”ဟု ခေါ်၏။ အမိ၊ အဖ၊ ဆရာသမား၊ ဂုဏ်ကြီးသောသူတို့ကို စော်ကားသူတို့သည် ထိုကံများကြောင့် သက်တမ်းစေ့သည်အထိ မနေရဘဲ ရုတ်တရက် သေဆုံးကြရတတ်သည်။ သတိမရှိ၊ ဉာဏ်မရှိ၍ အစားမတတ်၊ အသွားမတတ်၊ အနေအထိုင်မတတ်သူများလည်း သေချိန်မကျဘဲ သေကြရ၏။ ရှေးရှေးက သူတစ်ပါးကို အစာငတ်ထားခဲ့ဘူးခြင်း၊ မြွေနှင့်တိုက်ခြင်း၊ အဆိပ်ခတ်ခြင်း၊ တုတ်ဓါး စသည်တို့ဖြင့် ရိုက်သတ်ခြင်း၊ ရေနှစ်သတ်ခြင်း၊ မီးတိုက်သတ်ခြင်း စသည်ဖြင့် သူတစ်ပါးသေအောင် တစ်နည်းနည်းဖြင့် ပြုခဲ့ဖူးသူတို့သည် ထိုကံများ အခွင့်ရသောအခါ ထမင်းငတ်၊ ရေငတ်၊ မြွေကိုက်၊ ရေနစ်၊ အဆိပ်မိ၊ မီးလောင် စသည်တို့ဖြင့် သေတတ်ကြပါသည်။ သူတစ်ပါး လက်နက်နှင့်သေခြင်း၊ မတော်တဆထိခိုက်မှုများဖြင့် သေရခြင်းတို့သည် ဥပစ္ဆေဒကကံကြောင့် ဖြစ်ပေသည်။
သေဆုံးခါနီး နိမိတ်ထင်ပုံ
လူသာမဟုတ်၊ မည်သည့်သတ္တ၀ါမဆို၊ သေဆုံးခါနီးတွင် နိမိတ်သုံးပါးထင်ပြီးမှ သေဆုံးကြပါပေသည်။ အိပ်ပျော်စဉ် သေဆုံးသူ၊ ရုတ်တရက်သေဆုံးသူများပါ နိမိတ်ထင်ကြပါသည်။ ဥပမာ - တူထုနေစဉ် ဆောက်ရိုးထိပ်တွင် နားမိသော ယင်ကောင်အားထုမိ၍ သေရလျှင်ပင် မသေမီ ထိုယင်ကောင်၌ နိမိတ်ထင်ပါသည်။သေဆုံးခါနီးတွင် (၁) ကံနိမိတ်၊ (၂) ကမ္မနိမိတ်၊ (၃) ဂတိနိမိတ် ဟု နိမိတ်သုံးမျိုးတွင် တစ်မျိုးမျိုးထင်လာတတ်ကြပေသည်။ ဒါန သီလစသော ကောင်းမှုကုသိုလ်များကို များများဆည်းပူးအားထုတ်ထားကြသော ပုဂ္ဂိုလ်များသည် များသောအားဖြင့် ကွယ်လွန်ခါနီးတွင်၊ ကောင်းသောကံနိမိတ်၊ ကမ္မနိမိတ်၊ ဂတိနိမိတ်များ ထင်လာတတ်ကြသည်။ သူ့အသက်သတ်ခြင်း စသော မကောင်းမှု အကုသိုလ်များကို ပြုလုပ်မှုများကြသော ပုဂ္ဂိုလ်များသည် အများအားဖြင့် မကောင်းသော ကံနိမိတ်၊ ကမ္မနိမိတ်၊ ဂတိနိမိတ်များ ထင်လာတတ်ကြပါသည်။
(၁) ကံနိမိတ်ဆိုသည်မှာ အသက်ရှင်နေခိုက် မိမိတို့ ပြုလုပ်ခဲ့သော ကုသိုလ်ကံနှင့် အကုသိုလ်ကံ (စေတနာ)များဖြစ်သည်။
(၂) ကမ္မနိမိတ်ဆိုသည်မှာ ထိုကုသိုလ်နှင့် အကုသိုလ်ပြုစဉ်က တွေ့ကြုံသုံးစွဲခဲ့သော အရာဝတ္ထုများဖြစ်သည်။
(၃) ဂတိနိမိတ်ဆိုသည်မှာ သေဆုံးပြီးနောက် ရောက်ရမည့်ဂတိ (ဒုတိယဘ၀)တွင်၊ မိမိတို့ ရောက်သွားကြရမည့် ကောင်းသောဘုံဘ၀၊ မကောင်းသောဘုံဘ၀ဟူသော ဖြစ်ရာဌာနများဖြစ်သည်။
ကံနိမိတ်ထင်လာပုံ
သေချိန်မရောက်မီ စက္ကန့်အနည်းငယ်တွင်ဖြစ်စေ၊ နာရီဝက်၊ တစ်နာရီကွာခြားသော အချိန်အခါတွင်ဖြစ်စေ၊ ရက်ပေါင်း လပေါင်းနှစ်ပေါင်းများစွာ ဘ၀ပေါင်း၊ ကမ္ဘာပေါင်းများစွာ ကွာခြားသောအခါကဖြစ်စေ၊ ပြုခဲ့သော ကံအမျိုးမျိုးတို့သည် နောက်ဘ၀သစ်၌ အကျိုးပေးခွင့်ကြုံလာလျှင် ကွယ်လွန်ခါနီး ကာလတွင် ထင်လာတတ်၏။ ဤထင်လာသောကံကို ကံနိမိတ် ထင်လာသည်ဟု ဆိုသည်။ ကံနိမိတ်ထင်လာပုံ (၂)မျိုးရှိသည်။ ထိုကံကို အမှတ်ရသောအားဖြင့် ထင်လာခြင်းနှင့် လောလောဆယ်ပြုလုပ်နေရသကဲ့သို့ အိမ်မက် မက်နေသကဲ့သို့ အနေအားဖြင့် ထင်လာတတ်ပါသည်။ကောင်းမှုကုသိုလ်ကံများကြသော ပုဂ္ဂိုလ်သတ္တ၀ါတို့ ကွယ်လွန်ခါနီးကာလတွင် ရှေးက မိမိတို့ ပြုလုပ်ခဲ့ဖူးသော ဒါနကုသိုလ်ကံ၊ သီလကုသိုလ်ကံ၊ ဘာဝနာကုသိုလ်ကံတို့ပြန်၍ အမှတ်ရသောအားဖြင့်၊ စိတ်ထဲတွင် အလိုလို ဖြစ်ပေါ်လာသကဲ့သို့ ထင်မြင်လာကြသည်။ ဤကဲ့သို့ မိမိပြုလုပ်ခဲ့သော ကုသိုလ်ကံများ ထင်မြင်လာခြင်းကို ကုသိုလ်ကံနိမိတ်ထင်သည်ဟု ဆိုပါသည်။
မကောင်းမှု အကုသိုလ်ကံများကြသော ပုဂ္ဂိုလ်သတ္တ၀ါတို့ ကွယ်လွန်ခါနီးကာလတွင် ရှေးကမိမိတို့ ပြုလုပ်ခဲ့ဖူးသော သတ်မှု၊ ခိုးမှု၊ လိမ်ညာမှု၊ ကာမမှုစသော အကုသိုလ်ကံတို့သည် စိတ်ထဲတွင် အလိုလို ဖြစ်လာသကဲ့သို့ ထင်မြင်လာကြပေသည်။ ဤကဲ့သို့ မကောင်းမှု အကုသိုလ်ကံများ ထင်မြင်လာခြင်းကို အကုသိုလ်ကံ နိမိတ်ထင်သည်ဟု ဆိုပါသည်။
ကမ္မနိမိတ်ထင်လာပုံ
ပုဂ္ဂိုလ်သတ္တ၀ါတို့ ကွယ်လွန်ခါနီးတွင် မိမိတို့ပြုလုပ်ခဲ့သော ကုသိုလ်၊ အကုသိုလ်ကံများပြုလုပ်ပုံ အခြင်းအရာများကို ထင်လာခြင်းသည် ကမ္မနိမိတ်ထင်ခြင်းဖြစ်၏။ကုသိုလ်ကံပြုလုပ်ခဲ့ကြသူများတွင် ဒါနပြုရာ၌ ကျောင်း၊ ဘုရားတည်ဆောက် ကိုးကွယ်လှူဒါန်းသူဖြစ်လျှင် ကျောင်း၊ ဘုရားအာရုံ၊ ရေစက်ချလှူဒါန်းပုံ အခြင်းအရာ၊ ကျောင်းနှင့်စပ်၍ လှူခဲ့သော အဆောက်အဦး၊ သင်္ကန်း၊ ဆွမ်း၊ ဆေး၊ အာရုံ၊ ဘုရားနှင့်စပ်၍ လှူခဲ့သော ပုံတော်၊ အဆောက်အဦး ပန်း၊ ဆီမီး စသော အာရုံများ ထင်လာတတ်ကြသည်။ ထို့အတူ ဆေးရုံ၊ ရေတွင်း၊ ရေကန်၊ စာသင်ကျောင်း၊ လှူဒါန်းနေပုံအခြင်းအရာများ သံဃာတော်များကို ဆွမ်းကပ်လှူဒါန်းပုံ အခြင်းအရာ၊ ဥပုသ်သီလဆောက်တည်ပုံ အခြင်းအရာ၊ ကမ္မဋ္ဌာန်းတရားအားထုတ်ခဲ့ပုံ အခြင်းအရာ စိပ်ပုတီး၊ ယောဂီဝတ်၊ ကမ္မဋ္ဌာန်းကျောင်း စသည်တို့ကို စိတ်ထဲတွင် အလိုလိုဖြစ်လာသကဲ့သို့ ထင်မြင်လာကြသည်။ ထို့အတူ ဝေယျာဝစ္စ စသည်ဖြင့် ကုသိုလ်ကောင်းမှုပြုလုပ်ပုံ အခြင်းအရာများလည်း ထင်လာတတ်ပါသည်။ ဤကဲ့သို့ ကုသိုလ်ပြုလုပ်ပုံ အခြင်းအရာများ ထင်မြင်လာခြင်းကို ကုသိုလ်ကမ္မနိမိတ်ထင်သည်ဟု ဆိုရသည်။
အကုသိုလ်ကံပြုလုပ်ခဲ့ကြသူများတွင် သူတစ်ပါး အသက်ကို သတ်နေပုံ အခြင်းအရာ၊ သူတစ်ပါး ပစ္စည်းခိုးနေပုံအခြင်းအရာ၊ လိမ်ပြောနေပုံ၊ ကာမမှုကျူလွန်ပုံတို့ကို ထင်လာကြပါသည်။ သတ်ဖြတ်စဉ်က အသုံးပြုခဲ့သော၊ ဓား၊ တုတ်၊ သေနတ်၊ ပိုက်ကွန်၊ လေး၊ မြား၊ လှံစသော လက်နက်များ၊ ခိုးယူထားသော ပစ္စည်းခိုးရာတွင် အသုံးပြုသောပစ္စည်း စသည်ဖြင့် စိတ်ထဲတွင် အလိုလို ဖြစ်လာသကဲ့သို့ ထင်မြင်လာတတ်ကြပါသည်။
ဂတိနိမိတ်ထင်လာပုံ
ပုဂ္ဂိုလ်သတ္တ၀ါတို့သည် ကွယ်လွန်ခါနီး၌ ဘ၀သစ်တွင် တွေ့ကြုံရမည့် လားရာဂတိအာရုံများကို တင်ကြို၍ ထင်လာတတ်သည်။ကောင်းမှုကုသိုလ်ကံများကြသော ပုဂ္ဂိုလ်တို့သည် ကွယ်လွန်ခါနီး၌ နောင်ဘ၀တွင် မိမိတို့ရောက်သွားကြရမည့် ဘုံဘ၀၏ သာယာဖွယ်၊ အဆောက်အအုံ၊ ဥယျာဉ်ဗိမာန်၊ နတ်သမီး၊ နတ်သား၊ နတ်ရထားစသည်ဖြင့် ထင်လာတတ်သည်။ လူ့ပြည်ရောက်မည့်သူဖြစ်လျှင် အမိဝမ်းရေ၏ နီနီရဲရဲ အဆင်း၊ လူ၊ အိမ်ယာအဆောက်အဦး တို့ကိုထင်လာတတ်သည်။ ဤကဲ့သို့ မိမိတို့ ရောက်ရှိသွားရမည့် ဘုံဘ၀၏ သာယာဖွယ် ရောက်ရာဌာနအာရုံများ ထင်လာခြင်းကို ကုသိုလ်ဂတိနိမိတ်ထင်ဟပ်သည်ဟုဆိုသည်။
မကောင်းမှုအကုသိုလ်ကံများသော ပုဂ္ဂိုလ်သတ္တ၀ါတို့သည် နောင်ဘ၀၌ မိမိတို့ရောက်သွားကြရမည့် ဘုံဘ၀များ၏ မနှစ်သက်ဖွယ်ရာ၊ ကြောက်မက်ဖွယ်ရာများကို ထင်မြင်လာကြသည်။ ငရဲကျရမည့်သူဖြစ်လျှင်၊ ငရဲမီး၊ ငရဲထိန်း၊ ခွေးနက်ကြီး စသည်ဖြင့် ထင်လာတတ်၏။ တိရစ္ဆာန်ဘုံရောက်မည့်သူသည် တိရစ္ဆာန်တို့၏နေရာ၊ တိရစ္ဆာန်မိခင်ပုံပန်းသဏ္ဌာန်၊ ပြိတ္တာဖြစ်မည့်သူဖြစ်လျှင်လည်း တောကြီးတောင်ကြီး၊ မြစ်ရေ၊ သမုဒ္ဒရာကမ်း စသည်ဖြင့် မိမိတို့နေထိုင်ရမည့် အရပ်ဒေသအလိုက် ထင်လာတတ်၏။ ဤကဲ့သို့ ကြောက်မက်ဖွယ်ရာဌာန အာရုံများ ထင်မြင်လာခြင်းကို အကုသိုလ်ဂတိနိမိတ် ထင်သည်ဟု ဆိုရပေသည်။
နိမိတ်ကိုတိုက်ရိုက်ထင်ပုံ
အချို့သူတို့သည် ကွယ်လွန်ခါနီး လားရာဂတိ၌ ကြုံတွေ့ရမည့် အရာဝတ္ထုတို့ကို တိုက်ရိုက်ပင် မျက်စိဖြင့်တွေ့ရသည်။အကုသိုလ်နိမိတ်တိုက်ရိုက်ထင်ပုံ
ဘုရားရှင်လက်ထက် ရေ၀တီအမည်ရှိသော အမျိုးသမီးသည် ကျောင်းဒါယကာကြီး နိန္ဒိယသူကြွယ်၏ ဇနီးဖြစ်သည်။ မကွယ်လွန်မီကပင် နတ်ပြည်၌ ဘုံဗိမာန်ပေါက်ရလောက်အောင် နိန္ဒိယသူကြွယ်က သဒ္ဓါတရားရှိသလောက်၊ ရေ၀တီမှာ သဒ္ဓါတရားကင်းမဲ့သူဖြစ်၏။ ရဟန်းတော်များကို ဆဲရေးတတ်၏။ နိန္ဒိယသူကြွယ်ရှေးဦးစွာ ကွယ်လွန်၍ နတ်ပြည်၌ဖြစ်၏။ ရေ၀တီသေချိန်ရောက်သော် ငရဲမှ ငရဲထိန် နှစ်ဦးလာရောက်၍ အတင်းဆွဲကာ နတ်ပြည်သို့ ခေါ်သွားလျက် နိန္ဒိယ၏ စည်းစိမ်ကိုပြပြီးမှ ငရဲသို့ အတင်းဆွဲချ ခေါ်သွားခံရပေသည်။ကုသိုလ်နိမိတ်တိုက်ရိုက်မြင်ပုံ
ဘုရားရှင်လက်ထက်တွင် “ဓမ္မိက” ဥပါသကာ အမည်ရှိသော ပုဂ္ဂိုလ်သည် ဥပါသကာပေါင်းများစွာကို ခေါင်းဆောင်၍ သူတော်ကောင်းအဖြစ်ဖြင့် နေထိုင်၏။ ရတနာသုံးပါးနှင့် စပ်သမျှ ဒါန၊ သီလ၊ ဘာဝနာ၊ ဝေယျာဝစ္စ၊ ဓမ္မသ၀နစသော ကုသိုလ်လုပ်ငန်းများကို ဘ၀တစ်လျှောက်လုံး လုပ်လာ၏။ ကွယ်လွန်ခါနီး ရဟန်းတော်များ၏ တရားကိုနာစဉ်၊ နတ်ပြည်(၆)ထပ်မှ နတ်ရထား(၆)စင်း၊ ကောင်းကင်၌ တည်လျက် သူ့ရထားတင်မည်၊ ငါ့ရထားတင်မည်ဟု ပြောဆိုနေသံကို တရားနာနေသော ဓမ္မိက ဥပါသကာသည် မြင်လည်းမြင်ရ၊ ကြားလည်းကြားရ၏။ သားသမီးများအား ပန်းကုံးအပစ်ခိုင်းရာ တုသိတာနတ်ရထား၌တင်၏။ နောက်မကြာမီပင် ကွယ်လွန်သောအခါ တုသိတာ နတ်ရထားစီးနင်း၍ နတ်သားအဖြစ်ဖြင့် လိုက်ပါသွားလေသည်။မြေမျိုသူတို့အား အ၀ီစိမှမီးအရှိန်သည် လူ့ပြည်သို့တိုင်အောင်ဟပ်သဖြင့် မီးပူအတွေ့ကို မသေခင်ကပင် တွေ့ရသည်ဟု အဆိုရှိပါသည်။ အချို့ (သူတော်ကောင်းကြီးများ) ကွယ်လွန်ခါနီးတွင် အနီးအပါးရှိနေသူများပင် နတ်တူရိယာ (တီးသံ၊ မှုတ်သံ) တို့ကိုကြားကြရသည်။ အမွှေးအကြိုင်အနံ့များကို မွှေးကြရသည်ဟု စာပေများတွင် ဖတ်ရှုရပါသည်။
ယောင်ယမ်းပြောဆိုကြခြင်း
အချို့သူတို့သည် ကွယ်လွန်ခါနီးတွင် ညင်ညင်သာသာ မရှိ၊ ပြောဆိုယောင်ယမ်းကြ၏။ ဤကဲ့သို့ ယောင်ယမ်းပြောဆိုသော စကားပေါ်မူတည်၍ လားရာ သုဂတိ၊ ဒုဂ္ဂတိကို မှန်းဆကြည့်နိုင်ပါသည်။မုဆိုးဦးပဉ္စင်းကြီး
ဘုရားရှင်လက်ထက်တော်အခါက ရဟန္တာ အရှင်သောဏ၏ ခမည်းတော်သည် ငယ်ရွယ်စဉ်အခါက မုဆိုးကြီးဖြစ်၍ ကြီးမှသာ ရဟန်းပြုရလေသည်။ဦးပဉ္စင်းကြီး ကွယ်လွန်ခါနီးကာလတွင် ရှေးကပြုခဲ့သော အကုသိုလ်ကံကြောင့် ခွေးကြီးများကသူ့အား ကိုက်တော့မည့်ဟန်ထင်နေသဖြင့် သားရဲ့ “ခြောက်ပါဟဲ့” “ခြောက်ပါဟဲ့” ဟု အော်နေသည်။ အရှင်သောဏက ဦးပဉ္စင်းကြီးတွင် ငရဲနိမိတ်ထင်နေပြီဟု တွေးသိကာ ကိုရင်လေးများကို ပန်းများ ခူးစေပြီး ဘုရားရင်ပြင်တော်နှင့် ဘုရားပလ္လင်တော်ပေါ်တွင် ပန်းကော်ဇောကြီးများ ခင်းစေ၏။ ဦးပဉ္စင်းကြီးအား ခုတင်ပါ ပင့်မ၍ သယ်ယူလာပြီး ဘုရားရင်ပြင်တော်ပေါ်တွင် ချထားပြီးပန်းကော်ဇောနှင့် ဘုရားကို အာရုံအပြုခိုင်းလျက် နှုတ်မှ “ဒီပန်းကော်ဇောနဲ့ မြတ်စွာဘုရားကို တပည့်တော် ပူဇော်ပါတယ်ဘုရား”ဟု ဆို၍ ပူဇော်စေသည်။ ထိုအချိန်တွင် ဦးပဉ္စင်းကြီး ၏ ဂတိနိမိတ်သည် ချက်ချင်းပြောင်းသွားပါသည်။ သူသည် နတ်ဥယျာဉ်တစ်ခုသို့ ရောက်နေပြီး နတ်သားနတ်သမီး နတ်ကချေသည်များက သူ့အားပတ်ပတ်လည် ၀ိုင်းရံ နေကြသည်ဟု ထင်လာပြီး ကြည်လင်ရွှင်ပျ ၀မ်းသာအားရဖြစ်လာ၍ နတ်သမီးများလာနေသည်ကို “ဟဲ့ သားရဲ့ နေရာဖယ်ပေးလိုက်ပါ။ သားရဲ့ မိထွေးတွေ လာနေတယ်” ဟု ယောင်ပြန်၏။ ထို့သို့နတ်ပြည် ဂတိနိမိတ်ကို ထင်လာစဉ်တွင်ပင် ဦးပဉ္စင်းကြီး ဘ၀ဆုံး ပျံလွန်တော်မူ၍ နတ်ပြည်သို့ရောက်သွားပါသည်။
မျက်နှာအနေအထားနှင့်ဂတိ
ကွယ်လွန်ခါနီးသူ၏ မျက်နှာအနေအထားကို အကဲခတ်ကြည့်၍ ထိုသူ၏ လားရာဂတိကို မှန်းဆကြည့်နိုင်၏။ ကွယ်လွန်ခါနီးသူ၏ မျက်နှာအနေအထား ကြည်ကြည် လင်လင် အာရုံကောင်းထင်နေပြီဖြစ်၍ သုဂတိသို့ သွားရလိမ့်မည်ဟု မှန်းဆနိုင်ပါသည်။ မျက်နှာအနေအထား ညိုးငယ်နေလျှင် သို့မဟုတ် ကြမ်းတမ်းသော အမူအရာဖြစ်နေလျှင် မကောင်းသော အာရုံထင်နေပြီဖြစ်၍ ဒုဂ္ဂတိသို့ သွားရတော့မည်ဟု မှန်းဆနိုင်ပေသည်။လားရာဂတိအတွက် ကံများအကျိုးသက်ရောက်ပုံ
လားရာဂတိအတွက်ကောင်းသော နိမိတ်နှင့် မကောင်းသောနိမိတ်ထင်လာခြင်းသည် မိမိပြုလုပ်ခဲ့သောကံများနှင့် ထိုကံများ၏ အကျိုးပေးလှည့် အစဉ်ပေါ်တွင် မူတည်ပါသည်။
ကံသည် ပါဠိစကား “ကမ္မ”ဖြစ်ရာ မြန်မာလို “ကံ” “အမှု” ဖြစ်သည်။ ကံသည် ကိုယ်၊ နှုတ်၊ စိတ်၊ သုံးမျိုးဖြင့်ပြုလုပ်ခဲ့သော (ယခုဘ၀နှင့် ရှေးရှေးဘ၀ အဆက်ဆက်တို့မှ) ကောင်းမှု၊ မကောင်းမှုများ ဖြစ်ကြသည်။ ဥပမာ - သူတစ်ပါးအား သတ်ဖြတ်ရန် ကြံစည်ခြင်း၊ သတ်ရန်ပြောဆို အမိန့်ပေးခြင်း၊ ကိုယ်တိုင်သတ်ခြင်း စသည်တို့သည် မကောင်းမှု အကုသိုလ်ကံများဖြစ်၍ အလှူဒါန ပြုလုပ်လိုခြင်း၊ သူတစ်ပါးအား ပြုလုပ်စေရန် ဟောပြောခြင်း၊ ပြုလုပ်စေခြင်း၊ ကိုယ်တိုင် လှူဒါန်းမှုပြုလုပ်ခြင်း စသည်တို့သည် ကောင်းမှုကုသိုလ်ကံများ ဖြစ်ကြ၏။ အကျိုးပေးလှည့် အစီအစဉ်အားဖြင့် ခွဲခြားရသော ကံ(၄)ပါး ရှိသည်။
ယေဘူယျအားဖြင့် ကောင်းသောကုသိုလ်ကံများရှိသူသည် ကောင်းသော သုဂတိဘ၀ရောက်နိုင်သည်။ မကောင်းသော အကုသိုလ်ကံများရှိသူသည် မကောင်းသော ဒုဂ္ဂတိဘ၀ကို ရောက်ရန်ရှိသော်လည်း အောက်ဖေါ်ပြပါ (ပါကဒါန ပရိယာယ) အကျိုးပေးလှည့် အစဉ်အားဖြင့် ခွဲခြားရသော ကံလေးပါးကြောင့် အချို့လားရာဂတိ ပြောင်းလဲကြရပေသည်။
(၁) ကြီးလေးသော ဂရုကံ
ကုသိုလ်ဘက်တွင် ဈာန်ရရှိသည်အထိ ကျင့်ကြံထားသည်များ၊ အကုသိုလ်ဘက်တွင် အမိ၊ အဖ၊ ရဟန္တာတို့ကို သတ်သောကံများ၊ ဘုရားရှင်အား သွေးစိမ်းတည်အောင်ပြုသောကံ၊ သံဃာသင်းခွဲသောကံဖြစ်သည့် ပဉ္စာနန္တရိယကံကြီးများဖြစ်သည်။(၂) သေခါနီးတွင် ပြုသောကံ၊ အာသန္နကံ
သေခါနီးတွင် ပြုလုပ်သောကံနှင့် ရှေးကပြုခဲ့သည်များကို သေခါနီးတွင်ပြန်၍ နှလုံးသွင်းမိသော ကံများဖြစ်သည်။(၃) အမြဲတစေပြုလုပ်သော အာစိဏ္ဍ္လကံ
အမြဲတစေ နှစ်ရှည်လများပြုလုပ်သော ကံများ၊ တစ်ခါပြုလုပ်ပြီးနောက် ထိုကံကို ထပ်ခါထပ်ခါ ဆင်ခြင်နှလုံးသွင်းမိပြီး ၀မ်းမြောက်ဝမ်းသာ ဖြစ်နေသော ကုသိုလ်ကံများနှင့် တွေးမိတိုင်း ထပ်ခါထပ်ခါ၊ စိတ်ပူပန် ဆင်းရဲနေရသော အကုသိုလ်ကံများဖြစ်သည်။(၄) ပြုမိရုံမျှဖြစ်သောကံနှင့် ရှေးဘ၀များမှကံ၊ ကဋတ္တာကံ
ရှေးကံသုံးပါးတွင် မပါဝင်သော အမှတ်မထင်ပြုမိသည်များနှင့် ရှေ့ဘ၀များတွင် ပြုခဲ့မိသော ကံများဖြစ်သည်။အကျိုးပေးလှည့်အစဉ်
ကံလေးမျိုးအနက် ကြီးလေးသော ဂရုကံပြု မိသောသူများလည်း နောင်ဘ၀ပဋိသန္ဓေ အကျိုးကို မုချပေးသည်။ ဂရုကံမရှိလျှင် သေခါနီးတွင် ပြုသော အာသန္နကံက အကျိုးပေးသည်။ အာသန္နကံ မရှိလျှင် အမြဲတစေပြလုပ်သော အာစိဏ္ဍ္လကံက ပဋိသန္ဓေအကျိုးကို ပေးသည်။ ရှေးကသုံးပါးမရှိမှသာ ကဋတ္တာကံက အကျိုးပေးသည်။
နှစ်ရှည်လများအမြဲပြုလုပ်နေသော အာစိဏ္ဍ္လကံသည် သဘာဝအားဖြင့် အားကောင်းသောကံဖြစ်သည်။ အာသန္နကံသည် သဘာဝအားဖြင့် အာစိဏ္ဍ္လကံလောက် အားမကောင်းပါ။ သို့သော် သေပြီးနောက်တစ်ဘ၀အတွက် ပဋိသန္ဓေအကျိုးပေးရာတွင်၊ သေခါနီးပြုလုပ်သော အာသန္နကံသည် ပဋိသန္ဓေနှင့် နီးကပ်သောကြောင့် ပဋိသန္ဓေ အကျိုးပေးနိုင်ဖို့ရန် ပို၍ အခွင့်သာသွားပါသည်။
ဥပမာ -
နွားခြံထဲသို့ စားကျက်မှနွားများပြန်ရောက်လျှင် အားကြီးသောနွားများ အရင်ရောက်၏။ အားနည်းလှသော နွားအိုများ နောက်မှရောက်၍ ခြံဝတွင် အိပ်ရ၏။ နံနက်တွင် နွားများကို စားကျက်လွှတ်ရန် ခြံကိုဖွင့်လျှင် ခြံ၏နောက်ပိုင်းနှင့် အလယ်ပိုင်းတွင် ရောက်နေသော အားကောင်းသည့် နွားကြီးများ အရင်မထွက်နိုင်ဘဲ ခြံဝတွင်ရှိသော အားနည်းသော နွားအိုကြီးများကသာ အရင်ထွက်နိုင်သကဲ့သို့ ပဋိသန္ဓေနှင့် နီးသော သေခါနီးပြုလုပ်သော ကံက ပဋိသန္ဓေကျိုးပေးခြင်းဖြစ်သည်။
အကျိုးပေးလှည့် သာဓကများ
(၁) ကြီးလေးသောကံ
ဂရုကံသည် အားကြီးသောကံဖြစ်၍ မည်သည့် ကံကမျှတား၍မရ၊ ဒုတိယဘ၀ပဋိသန္ဓေအကျိုးကို မဖြစ်မနေပေးသည်။ ဈာန်ရရှိသည်အထိ အကျင့်ရှိသော ပုဂ္ဂိုလ်များကွယ်လွန်လျှင် ဒုတိယဘ၀တွင် ဗြဟ္မာပြည်သို့ မလွဲဧကန် ရောက်ရသည်။
အာဠာရနှင့် ဥဒကရသေ့
မြတ်စွာဘုရား အလောင်းတော် တောထွက်တော်မူပြီးနည်းနာခံယူသော အာဠာရဂုဏ်းဆရာကြီးနှင့် ဥဒကဂုဏ်းဆရာကြီးတို့သည် လောကီသမာပတ် ဈာန်ရရှိကြသော ပုဂ္ဂိုလ်များဖြစ်ကြသည်။ အလောင်းတော်ဘုရားမဖြစ်မီတွင် ကွယ်လွန်ကြရာ ဈာန်ကုသိုလ်ကြောင့် ဗြဟ္မာပြည်သို့လားကြ၏။ အာဠာရဂုဏ်းဆရာကြီးသည် ဘုရားမပွင့်မီ (၇)ရက်အလိုတွင် ကွယ်လွန်ပြီး၊ အရူပဗြဟ္မာလေးဘုံတို့အနက်၊ သုံးဆင့်မြောက်ဖြစ်သော အာကိဉ္စညာယတနဘုံ၌ဖြစ်သည်။ ဥဒကဂုဏ်းဆရာကြီးသည် ဘုရားပွင့်တော်မူမည့် ညသန်းခေါင်တွင် ကွယ်လွန်ပြီး၊ အရူပဗြဟ္မာလေးဘုံအနက် လေးဆင့်မြောက်သော (ဘ၀ဂ်ခေါ်သည့်) နေ၀သညာနာသညာယတနဘုံ၌ဖြစ်၏။ ဈာန်ကုသိုလ်သည် လောကီကုသိုလ်တို့တွင် အားအကြီးဆုံးကုသိုလ် ဂရုကံဖြစ်၍ (၃၁)ဘုံတွင် အမြင့်မြတ်ဆုံးသော ဗြဟ္မာဘုံများသို့ ဒုတိယဘ၀တွင် အမှန်ရောက်ကြ၏။
အဇာတသတ်မင်း
အဇာတသတ်မင်းကြီးသည် ရာဇဂြိုဟ်ပြည့်ရှင်ဖြစ်သည်။ ဒေ၀ဒတ်နှင့်ပေါင်းမိ၍ အကုသိုလ်ဘက်တွင် အားအကြီးဆုံးကံတစ်ခုဖြစ်သော အဖသတ်ကံကို ကျူးလွန်မိသည်။ စံလွန်သောအခါ လောဟကုမ္ဘီငရဲ၌ အနှစ်ခြောက်သောင်းခံရ၏။ ယခုအချိန်သည် အဇာတသတ်မင်း ငရဲခံနေရဆဲပင်ဖြစ်၏။ အဇာတသတ်မင်းသည် မဂ်ဖိုလ်ရထိုက်သော ပါရမီရှိသူဖြစ်၏။ မြတ်စွာဘုရားရှင် ကိုယ်တော်တိုင် တရားရေအေး တိုက်ကျွေးသော်လည်း မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်သို့ မရောက်ခဲ့ပါ။ ဘုရားရှင်ကိုယ်တော်တိုင်ပင် မကယ်နိုင်သော ဘ၀ဖြစ်ပါသည်။ ဘုရားရှင်ကို လွန်စွာသဒ္ဓါကိုးကွယ်ခြင်း၊ ပထမသင်္ဂါယနာ တင်နိုင်ရန် ပံ့ပိုးခြင်း၊ ဓာတ်တော်တိုက်တည်ခြင်း စသော သာသနာရေးဆောင်ရွက်ချက် ကုသိုလ်အစုအပုံများကလည်း ဤအဖသတ်ကံကို မတားနိုင်ပါ။ ကြီးလေးသော အဖသတ်ကံကြောင့် ငရဲရောက်ရပြီး များစွာသော ကုသိုလ်ကံများကြောင့် ငရဲမှလွတ်လျှင် ၀ိဇိတ၀ိသေသ မည်သော ပစ္စေကဗုဒ္ဓါဖြစ်လတ္တံဟုဆိုပါသည်။
(၂) သေခါနီးတွင်ပြုသောကံ၊ အာသန္နကံ
သေခါနီးတွင် ကပ်၍ပြုလုပ်သောကံ၊ သေခါနီးပုဂ္ဂိုလ်အတွက် အလွန်အရေးကြီးသော ကံဖြစ်ပါသည်။ ကြီးလေးသောဂရုကံမရှိလျှင်၊ ဒုတိယဘ၀ ပဋိသန္ဓေ အကျိုးဧကန်ပေးမည့်ကံဖြစ်သည်။ သေခါနီးအချိန်တွင် အကုသိုလ်စိတ်ဝင်လျှင် အကုသိုလ်ပြုမိလျှင် မကောင်းသော ဒုဂ္ဂတိလားမည် ဧကန်ဖြစ်၍ ကုသိုလ်စိတ်၊ ကုသိုလ်အမှုပြုမိလျှင် ကောင်းသော သုဂတိလားမည် ဧကန်ဖြစ်၏။
မဏ္ဍူက - ဖါးနတ်သား
ထိုနတ်သားသည် ဂေါတမဘုရားရှင်လက်ထက် ရေကန်၌ ဖားသတ္တ၀ါဖြစ်၏။ တစ်နေ့၌ မြတ်စွာဘုရားတရားတော်ကို နာယူခိုက်တွင် နွားကျောင်းသားတစ်ဦးက ထိုဖားအပေါ်တွင် တုတ်နှင့်ထောက်၍ ဖိလိုက်သဖြင့် သေဆုံးသွား၍ နတ်ပြည်၌ တန်ခိုးအာနုဘော် အကျော်အစော၊ အရောင်အ၀ါ အပြည့်အစုံဖြင့် ရောက်ရှိသွား၏။ တရားတော်၏ အဓိပ္ပါယ်ကို မသိသော်လည်း စိတ်၏ ကြည်ညိုခြင်းဖြင့် နားထောင်မိသော ကုသိုလ်စိတ်ဖြင့် သေဆုံးရသောကြောင့် သုဂတိ ဘ၀ကိုလားရ၏။
ကုန်သည်ခုနစ်ရာ
မြတ်စွာဘုရားရှင်လက်ထက်၌ ကုန်သည်ခုနစ်ရာတို့သည် သင်္ဘောဖြင့်ကုန်ရောင်းထွက်ခဲ့ရာ ခုနှစ်ရက်မြောက်သောနေ့၌ လေမုန်တိုင်းတိုက်ခတ်၍ သင်္ဘောကွဲပေါက်ပြီး ရေများ အမြန်စီးဝင်ပြည့်လာ၏။ သင်္ဘောကြီးနစ်မြုပ်တော့မည်ကို သိကြသောကုန်သည်တို့သည် မိမိကိုးကွယ်ထားကြသော နတ်တို့၏ အမည်ကို ခေါ်ကြ၍ ကြောက်လန့်တကြား ဟစ်အော် ငိုကြွေးနေကြ၏။ တစ်ယောက်သောကုန်သည်သည် သေရမည့်ဘေးနှင့်တွေ့ကြုံရာ၌ မိမိအားကိုးရာကို ကြံစည် ဆင်ခြင်ကြည့်ရာ သင်္ဘောထွက်မည့်နေ့တွင် သံဃာတော်များကို ဆွမ်းကပ်လှူဒါန်း၍ ဆောက်တည်ခံယူခဲ့သော သရဏဂုံနှင့် ငါးပါးသီလတို့ စင်စင်ကြယ်ကြယ်ရှိနေသည်ကိုတွေ့မြင်ရသောကြောင့် တရားထိုင်မှတ်နေသော ယောဂီကဲ့သို့ ထက်ဝယ်ဖွဲ့ခွေထိုင်ပြီး၊ ယင်းတို့ကို အာရုံပြု၍နေ၏။ ကြောက်လန့်နေကြသော ကုန်သည်တို့သည် ထိုကုန်သည်၏ အကြောင်းစုံကိုသိရလျှင် သရဏဂုံနှင့် ငါးပါးသီလပေးရန် တောင်းပန်ကြ၏။ ကုန်သည်တို့အား တစ်ရာစီ စုဝေးစေ၍ သရဏဂုံ၊ သီလနှင့်ပြည့်စုံသော ကုန်သည်က တစ်ရာစုကို တစ်ကြိမ်စီ ငါးပါးသီလပေး၏။ ပထမဆုံး ကုန်သည် ရာစုသည် ခြေဖမျက်သော ရေ၌ရပ်တည်၍ သီလယူရ၏။ ဒုတိယ ကုန်သည်ရာစုသည် ဒူးခေါင်းမျှသောရေ၌၊ တတိယကုန်သည် ရာစုသည် တင်ပါးမျှသောရေ၌၊ စတုတ္ထကုန်သည်ရာစုသည် ချက်မျှသောရေ၌၊ ပဉ္စမကုန်သည်ရာစုသည် သားမြတ်မျှသောရေ၌၊ ဆဋ္ဌမကုန်သည်ရာစုသည် လည်မျှသောရေ၌၊ သတ္တမကုန်သည်ရာစုသည် ပါးစပ်ထဲသို့ ဆားငန်ရည် ၀င်စပြုလာသောအခါ၌ ရပ်တည်၍ သီလယူရ၏။ ကုန်သည်ခုနစ်ရာလုံး သီလယူပြီးကြသောအခါ သရဏဂုံသီလနှင့်ပြည့်စုံသော သူတော်ကောင်း ကုန်သည်က “သင်တို့မှာ အခြားတစ်ပါးသော ကိုးကွယ်အားထားရာမရှိပြီ၊ သင်တို့ဆောက်တည်ခံယူထားသော သီလကိုသာ ဆင်ခြင်နှလုံးသွင်းကြကုန်လော့”ဟူ၍ ကြွေးကြော်ပေးပြီး တစ်ပြိုင်နက် သင်္ဘောကြီးလည်း နစ်မြုပ်သွားလေ၏။ သေဆုံးပြီးနောက် တစ်ပေါင်းတစ်စုတည်းပင် တာဝတိံသာနတ်ပြည်သို့ ရောက်ကြ၏။ ဤသည်မှာ ကွယ်လွန်ခါနီးတွင် အကြောက်တရား (ဒေါသ)ကိုပယ်နိုင်၍ ပြုလုပ်သော ကုသိုလ်အားနှလုံးသွင်းထားစဉ် ကွယ်လွန်သောကြောင့်ဖြစ်သည်။
သန်းဖြစ်ရသော တိဿမထေရ်
ဘုရားရှင်လက်ထက်တွင် တိဿမထေရ်ဟု ထင်ရှားသော ရဟန်းတစ်ပါးရှိ၏။ အလှူခံရရှိသော အ၀တ်အားသင်္ကန်းချုပ်ဆိုး၏။ သင်္ကန်းပြီးဆုံးသောအခါ မထေရ်သည် စွဲလမ်းနှစ်သက်တပ်မက်၍ နက်ဖြန်ခါ ၀တ်ရုံမည်ဟုကြံစည်၍ သင်္ကန်းတန်းပေါ်တွင် တင်ထား၏။ ထိုည၌ အစာမကြေရောဂါဖြစ်၍ ပျံလွန်တော်မူ၏။ သင်္ကန်းကိုစွဲလမ်းသော လောဘစိတ်ကြောင့် ထိုခဏ၌ပင် သင်္ကန်း၌ သန်းဖြစ်၏။ ရဟန်း၏ပစ္စည်းများကို သံဃာအားခွဲဝေပေးရန်အတွက် သင်္ကန်းကိုယူသောအခါ ထိုသန်းသည် “ဤရဟန်းတို့သည် ငါ၏ဥစ္စာကို လုယက်နေကြသည်ဟု” အော်ဟစ်၍ပြေးလွှားနေ၏။ ဤသည်ကို မြတ်စွာဘုရား ဒိဗ္ဗသောတဖြင့်ကြားသိ၍ အာနန္ဒာမထေရ်အား (၇)ရက်ပတ်လုံး သင်္ကန်းအားထားစေ၍ (၈)ရက်မြောက်နေ့တွင်မှ ယူဆောင်စေ၏။ ထိုသန်းသည် (၇)ရက်မြောက်နေ့တွင် သေဆုံးပြီး တုသိတာနတ်ပြည်၌ နတ်ဖြစ်၏။ သေခါနီးတပ်မက်သော တဏှာလောဘ အကုသိုလ်စိတ်၊ သေခါနီး မကောင်းမှုကံကြောင့် သန်းဖြစ်ရ၏။ ထို့နောက် ဆောက်တည်ခဲ့သော ရဟန်းတရားများကြောင့် နတ်ဖြစ်ရ၏။
အကယ်၍ ရဟန်းများ ထိုသန်းမသေဆုံးမီ သင်္ကန်းကိုယူလိုက်မိပါက ရဟန်းတို့ကို စိတ်ဖြင့် ပြစ်မှားသောကြောင့် ငရဲသို့ရောက်ရမည်ဖြစ်၍ ဘုရားရှင်က တားမြစ်ရခြင်းဖြစ်၏။
မလ္လိကာဒေ၀ီ
မလ္လိကာဒေ၀ီသည် သာဝတ္ထိပြည့်ရှင်၊ ပေဿနဒီကောသလမင်းကြီး၏ မိဖုရားဖြစ်သည်။ အမြော်အမြင် ပညာနှင့်ပြည့်စုံပြီး သာသနာတော်ကို အလွန်သက်ဝင် ကြည်ညိုသော မိဖုရားကြီးဖြစ်သည်။ ကောသလမင်းကြီးနှင့် စိတ်တူသဘောတူ အသဒိသ အလှူတော်ကြီးကို ဘုရားအမှူးရှိသော သံဃာတော်များကို ပေးလှူခဲ့သူဖြစ်သည်။ သို့သော် သူကွယ်လွန်သွားသောအခါ အ၀ီစိငရဲတွင် ကျရောက်ခံစားရပါသည်။ သေခါနီးတွင် ရှေးကပြုခဲ့မိသော မကောင်းမှုအကုသိုလ်ကို အာရုံပြုမိပြီး စိတ်ဆင်းရဲမှုကို ခံစားနေရခိုက် ဒေါသဖြင့် ကွယ်လွန်သွား၍ ဤသို့ ရောက်ရှိရခြင်းဖြစ်၏။ ၎င်းပြုခဲ့သော မကောင်းမှုမှာ တစ်နေ့တွင် မရည်ရွယ်ဘဲ အမှတ်မထင်ဖြစ်ပေါ်လာသော သူ့အချစ်တော်ခွေး၏ အတွေ့ကို သာယာမိမှုနှင့် ထိုကိစ္စကို သိသွားသော ကောသလဘုရင်ကြီးအား ပရိယာယ်ဆင်၍ ဆိတ်မနှင့် မဟုတ်မမှန် လုပ်ကြံစွပ်စွဲသော မကောင်းမှု အကုသိုလ်ဖြစ်သည်။
သေခါနီးတွင် ထိုအဖြစ်အပျက်များကို အာရုံပြုမိ၍ စိတ်မချမ်းမသာနှင့် သေရသည်။ ဤအကုသိုလ် အာသန္နကံသည် အ၀ီစိပဋိသန္ဓေကျိုးကို ပေးလိုက်ပါသည်။
မလ္လိကာဒေ၀ီမိဖုရားသည် သေခါနီးတွင် အကုသိုလ်ကို အာရုံပြုမိ၍ အ၀ီစိငရဲကျသော်လည်း (၇)ရက်သာ ငရဲခံရ၏။ ထိုအကုသိုလ်ကံ အစွမ်းသတ္တိများကုန်သွားသော (၈)ရက်မြောက်နေ့တွင် ငရဲမှလွတ်မြောက်၍ တုသိတာနတ်ပြည်တွင် နတ်ဖြစ်ရသည်။
တမ္ဗဒါဌိက ခိုးသူသတ်သမား
ဘုရားရှင်လက်ထက် ရာဇဂြိုဟ်ပြည်တွင် တမ္ဗဒါဌိကအမည်ရှိသော ခိုးသူသတ်သမားသည် အနှစ်(၅၀)ပတ်လုံး သူခိုးတို့အား သတ်ပေးရသော ခိုးသူသတ် ရာထူးရသဖြင့် နေ့တိုင်းပင် ဖမ်းဆီးရမိသော သူခိုးများကို သတ်ရလေသည်။ ရာထူးမှ လျောကျသောနေ့၌ ယခင်က သုံးဆောင်ခွင့် မရသော ဆီဦးထောပတ်နှင့်တကွ နို့နှင့်ရောသော ယာဂုကိုစားသုံးရန် အတွက် ကျိုချက်စေ၏။ ယင်းခိုးသူသတ်သမားအား ချီးမြှင့်ရန်အတွက် အရှင်သာရိပုတ္တရာသည် ထိုသူ၏ အိမ်သို့ ဆွမ်းခံကြွ၏။ ဆွမ်းအလှူခံပြီးနောက် ထိုသူ သက်ဝင်ယုံကြည် နာယူခြင်းရှိလာစေရန် အနုမောဒနာတရားကို ဟောကြားတော်မူ၏။ ခိုးသူသတ်သမားသည် ၀ိပဿနာဉာဏ်များ ဖြစ်လာ၏။ တရားတော်ဟောကြားပြီး ပြန်ကြွသော အရှင်သာရိပုတ္တရာအား လိုက်ပို့စဉ် နွားဝှေ့၍ သေဆုံးရာ တုသိတာနတ်ပြည်၌ နတ်သားဖြစ်၏။ ဤသည်မှာ သေခါနီးကပ်၍ ပြုလုပ်သောကုသိုလ်နှင့် ၀ိပဿနာဉာဏ်၊ သေခါနီး ပြုသောကံများက အကျိုးပေးသောကြောင့်ဖြစ်၏။
တစ္ဆေဖြစ်ရသော ကျောင်းအမကြီး
မျက်မှောက်ကာလတွင် မဟာဂန္ဓာရုံ ဆရာတော်ဘုရားကြီး၏ ဟောပြောချက်အရ အမရပူရမြို့(တောင်မြို့)မှ ဒါယကာမကြီးတစ်ဦးသည် တောင်သမန်ဘက်တွင် ကျောင်းတိုက်ကြီးဆောက်၍ လှူဒါန်း၏။ ထို့အပြင် အညာဒေသပူပြင်းသောကြောင့် ရေချမ်းစင်များစွာကိုလည်း လှူဒါန်းမှုပြု၍ ကျောင်းအမကြီး ရေချမ်းအမကြီးဟူသော နာမည်နှင့် လူသိများ၏။ သူကွယ်လွန်ခါနီးသောအခါ သားသမီးများ ငိုကြလွန်းသောကြောင့် ထိုသူတို့ကို စွဲလန်း၍ (လောဘဖြင့်) သေဆုံးသွားသဖြင့် တစ္ဆေ(ပြိတ္တာ)ဖြစ်ရ၏။ အဖေါ်တစ္ဆေများနှင့် အပျော်သွားကြနေ၍ သင်္ချိုင်းတွင် လှူဒါန်းမှုများကို မသိလိုက်ပါ။ ရက်လည်ဆွမ်းကျွေးသည့်အခါတွင်မှ တရားနာရ၊ အမျှဝေသည်ကိုလည်းရသည်ဟု တရားဟောပြီး ပြန်ကြွသော ဆရာတော်ဘုရားကိုလိုက်၍လျှောက်ထားပြီး ကျွတ်လွတ်သွားပါသည်။ ကွယ်လွန်ခါနီးတွင် ဆွေမျိုးသားသမီးများအနေဖြင့် မငိုမိရန် အထူးသတိထားသင့်သည်။ သားသမီးကို စွဲလန်းသော လောဘတဏှာ အကုသိုလ်အာသန္နကံက တစ္ဆေ(ပြိတ္တာ)ဘ၀ရောက်ရန် အကျိုးပေးသွားခြင်းဖြစ်၏။
(၃) အမြဲတစေပြုလုပ်သော အာစိဏ္ဍ္လကံ
အမြဲတစေပြုလုပ်သည့် ကောင်းမှုကံ၊ မကောင်းမှုကံများသည် အားကြီးသောကံများဖြစ်၏။ သတ်မှု၊ ခိုးမှု၊ လိမ်ပြောမှု ကာမမှုစသည်ဖြင့် မကောင်းမှု၌ အမြဲလေ့ကျက်နေသော သူတို့ထံတွင် အကုသိုလ်များ အထုံစွဲ၍နေ၏။ ထို့အတူ ကုသိုလ်အရာတွင် ဒါနသီလ ဘာဝနာအမှုများနှင့် အမြဲလေ့ကျက်နေသောသူတို့တွင် ကုသိုလ်များထုံစွဲ၍ နေ၏။ သေခါနီးကပ်ပြုသော ကံများမရှိလျှင် ထိုကံက အကျိုးပေး၏။ အကယ်၍ သေခါနီးကပ်ပြုသော ကံကလွှမ်းမိုးသွား၍ အကျိုးပေးခွင့်မရခိုက်မှာ ငုတ်လျှိုးနေရပြီး၊ လွှမ်းမိုးမှုမှ လွတ်မြောက်သွားသောအခါ အမြဲတစေ ပြုလုပ်ခဲ့သောကံက အကျိုးပေးပါသည်။
နတ်ဖြစ်ရသော ရဟန်းတစ်ပါး
ဘုရားရှင်လက်ထက်တွင် အမျိုးကောင်းသား တစ်ယောက်သည် မြတ်စွာဘုရား၏ တရားတော်ကို နာကြားရသဖြင့် ရဟန်းဝတ်၍ ၀ိနည်းသိက္ခာများကို ကောင်းစွာသင်ကြားပြီး (၅)နှစ်တိုင် ဆရာနှင့်နေထိုင်၏။ ထို့နောက် တောထွက်၍ အရဟတ္တဖိုလ်ရရန် ကျင့်ကြံအားထုတ်၏။ အထူးဝိရိယလွန်ကဲစွာ အားထုတ်သောကြောင့် လေနာဖြစ်တော်မူ၏။ ရဟန်းသည် တရားကျင့်ကြံမှုကို လျှော့ခြင်းမရှိ။ အစဉ်အတိုင်းပင် အားထုတ်၏။ တစ်နေ့သောအခါ စင်္ကြံကြွ၍အားထုတ်နေစဉ် ပျံလွန်တော်မူ၍ တာဝတိံသာနတ်ပြည်သို့ရောက်၏။ ရဟန်းသည် နတ်ဖြစ်သည်ကို သတိမမူဘဲ တရားကိုသာ ဆက်လက်အားထုတ်နေ၏။ ဗိမာန်တွင်းရှိ အလုပ်အကျွေး နတ်သမီးတစ်ထောင်တို့သည် မှန်ထောင်ပြ၍ နတ်ဖြစ်နေကြောင်း သိစေ၏။ ရဟန်းက ရွှေတံဆိပ်မှန်းသည့် နပမ်းသမားသည် မုံလာဥတစ်စည်းသာရသကဲ့သို့ ရဟန္တာဖြစ်ရန်ရည်မှန်း၍ တောထွက်တရား အားထုတ်ခဲ့သည်များသည် ယခု နတ်ပြည်သို့သာ ရောက်ရသည်ဟု ဆိုလေ၏။ ဘုရားရှင်လက်ထက်တော်အခါဖြစ်၍ မြတ်စွာဘုရားရှင်ထံ ချက်ချင်းသွားရောက်လျှောက်ထားရာ၊ ဘုရားရှင်က ကမ္မဋ္ဌာန်းတရားဟောပြောပေးသဖြင့် ထိုရဟန်း၏ ပါရမီအားလျော်စွာ သောတာပန်အဖြစ်သို့ရောက်ရှိ၏။ အမြဲတစေ ပြုလုပ်ခဲ့သော ကုသိုလ်ကံက အကျိုးပေးခြင်းဖြစ်၏။
စုန္ဒ ၀က်ထိုးသမား
ဘုရားရှင်လက်ထက်တော်အခါတွင် ရာဇဂြိုဟ်ပြည်၌ စုန္ဒမည်သော ၀က်ထိုးသမားသည် အလွန့်ရုန်းရင်းကြမ်းကြုတ်၏။ အနှစ်ငါးဆယ်ပတ်လုံး ၀က်များကိုသတ်၏။ သတ်မည့်ဝက်အား မလှုပ်နိုင်အောင် ချည်နှောင်၍ ရိုက်ပြီးလျှင် ပါးစပ်ဟစေရန် ဒုတ်တံတိုဖြင့် ပင့်ထောက်ပြီး ပါးစပ်မှ ရေနွေးများကို လောင်းချ၏။ စအိုမှထွက်လာသော အရည်များဖြူသွားလျှင် မြက်များဖြင့် အမွှေးတို့ကို မီးတိုက် လောင်ကျွမ်းစေပြီးမှ သတ်၏။ ထို စုန္ဒ၀က်ထိုးသမား၏ အိမ်မှ မနီးမဝေးသော ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူသည့် မြတ်စွာဘုရားရှင်နှင့် သံဃာတော်များအား ဆွမ်းတစ်ယောက်ချို၊ ပန်းတစ်ဆုပ်သော်မျှ မလှူဒါန်းဘူးပေ။ အခြားသူများကိုလည်း ပေးကမ်းလှူဒါန်းခဲ့ဖူးခြင်းမရှိ၊ ကြင်နာသနားမှုလည်းမရှိပေ။ တစ်ဘ၀လုံးမည်သည့် ကောင်းမှုမှမရှိဘဲ အကုသိုလ်အမှုကိုသာ ပြုနေလေ၏။ ထိုသူမသေခင်တွင် ငရဲမီးတို့သည် အိမ်အတွင်းဝင်ရောက်သဖြင့် လွန်စွာပူလောင်သောကြောင့် ၀က်၏အသံဖြင့် မြည်တွန် အော်ဟစ်ပြီးလျှင် အိမ်အတွင်းမှ မထွက်နိုင်ဘဲ လေးဘက်ထောက် ပြေးကာ လှည့်လည်၍ ခုနှစ်ရက်ပတ်လုံး ခံစားနေရ၏။ ခုနှစ်ရက်မြောက်နေ့၌ သေလွန်၍ အ၀ီစိငရဲ၌ ဖြစ်လေသည်။ အမြဲတစေပြုလုပ်သော အကုသိုလ် မကောင်းမှု အာစိဏ္ဍ္လကံကအကျိုးပေးခြင်းဖြစ်၏။
ဓမ္မိကဥပသကာနှင့်ရေ၀တီ
ဖေါ်ပြခဲ့ပြီးသော ဓမ္မိကဥပသကာသည် တစ်သက်ပတ်လုံး ကောင်းမှုကုသိုလ်များ ပြုလုပ်ခဲ့၏။ သေဆုံးကာနီးတွင်လည်း တရားတော်များ နာကြားပါသဖြင့် အမြဲတစေ ပြုလုပ်သော ကုသိုလ်ကံနှင့်တကွ သေခါနီးပြုလုပ်သော ကုသိုလ်ကံများ၏ အကျိုးကြောင့် နတ်ဖြစ်ရလေ၏။ ရေ၀တီ မိန်းမသည်လည်း တစ်သက်လုံး ပြုလုပ်ခဲ့သော အကုသိုလ်၏ အကျိုးပေးအဖြစ် ငရဲရောက်ရ၏။
(၄) ပြုမိရုံမျှဖြစ်သော ကဋတ္တာကံ
အမှတ်မထင်ပြုမိသောကံများနှင့် ရှေးဘ၀မှ ကံများဖြစ်သည်။ လွန်စွာအရေးမကြီးသောကံဖြစ်၏။ သို့ရာတွင် ရှေးဖေါ်ပြပါ ကံသုံးမျိုးမရှိလျှင် ဤကံသည် ပဋိသန္ဓေအကျိုးကိုပေး၏။ များသောအားဖြင့် ရှေးဖေါ်ပြပါ ကံသုံးမျိုး လူတိုင်းပင်ရှိကြပါသည်။
သန်းဖြစ်ရသော တိဿမထေရ်နတ်ပြည်ရောက်ခြင်း
တိဿမထေရ်သည် သင်္ကန်းကို စွဲလမ်း၍ သန်း (၇)ရက်ဖြစ်ရာတွင် (၇)ရက်အတွင်း ကြီးလေးသောကံ၊ သေကာနီးတွင် ပြုသောကံနှင့် အမြဲတစေ ပြလုပ်သောကံများ မရှိခဲ့ပါ။ တိဿမထေရ်ဘ၀တွင် အမြဲတစေ ပြုလုပ်ခဲ့သော ရဟန်းတရားစောင့်ထိန်းခဲ့ခြင်း၊ ၀ိနည်းရိုသေခဲ့ခြင်း၊ အာစိဏ္ဍ္လကံကုသိုလ်များသည် သန်းဘ၀မှ သေဆုံးပြီးနောက် တုသိတာနတ်ဖြစ်သော အကျိုးကိုပေးခြင်းဖြစ်၏။
မလ္လိကာမိဖုရား
မလ္လိကာမိဖုရားဒေ၀ီသည် မလျော်သောအမှုအတွက် နောင်တပူပန်မှုဖြင့် သေဆုံးရသောကြောင့် ငရဲသို့ (၇)ရက် ရောက်ရ၏။ (၇)ရက်အတွင်း မည်သည့်ကံမျှမရှိခဲ့ပါ။ မလ္လိကာဒေ၀ီဘ၀တွင် နှစ်ပေါင်းများစွာ ရတနာသုံးပါးကို ကြည်ညိုဆည်းကပ်ခဲ့ခြင်း၊ အာစိဏ္ဍ္လကံ ကုသိုလ်များ၊ အသဒိသ အလှူကြီးပေးသော ကုသိုလ်များ၊ အလှူကြီးအား ပြန်ဆင်ခြင် နှလုံးသွင်းမိတိုင်း ၀မ်းမြောက်မှုကုသိုလ် အာစိဏ္ဍ္လကံများသည် ငရဲမှ လွတ်ပြီး တုသိတာနတ်ပြည်တွင် နတ်ဖြစ်ရသော အကျိုးပေး၏။
စွဲလမ်းရာနှင့် လားရာဂတိ
ဘ၀သစ်လားရာဂတိသည် ကံအကြောင်းတရားများအပြင် စွဲလမ်းတပ်မက်မှု အထူးသဖြင့် ဘ၀ကို စွဲလန်းတပ်မက်မှု (ဘ၀တဏှာ)ကြောင့်လည်း လားရာဂတိများ ပြောင်းလဲတတ်ကြပါသည်။
ပတိပူဇိကာ အမျိုးသမီး
ဘုရားလက်ထက်တွင် တာဝတိံသာနတ်ပြည်ရှိ မာလာဘာရီနတ်သား၏ နတ်သမီးတစ်ဦးသည် နဒ္ဒ၀န်ဥယျာဉ်၌ ပန်းခူးစဉ် နတ်သက်ကြွေ စုတေသွား၏။ သာဝတ္ထိပြည်တွင် မိန်းကလေးအဖြစ် မွေးဖွား၏။ အတိတ်ဘ၀ကို ပြန်၍သိနိုင်သော ဇာတိဿရဉာဏ် ရရှိသဖြင့် မာလာဘာရီနတ်သားကိုသာ သတိရပြီး၊ နတ်သား၏ နတ်သမီးအဖြစ်ကိုသာ တောင့်တ၍ နတ်သားဆီတွင်ပင် စိတ်ညွတ်၍နေ၏။ ထိုနတ်သားထံ ပြန်ရောက်ရန်အတွက် တောင့်တ၍ဆုတောင်း၏။ လူ့ပြည်တွင် အိမ်ထောင်ကျ၍ သားလေးယောက်ဖွားမြင်၏။ တစ်နေ့၌ အလှူဒါနပြု၍ သီလစောင့်နေစဉ် ညချမ်း၌ သေဆုံးသွားသောအခါ မာလာဘာရီနတ်သား၏ နတ်သမီးဘ၀ကို ပြန်ရပါသည်။ စိတ်ညွတ်ရာ လိုလားတောင့်တရာတွင် သွား၍ ဖြစ်ရခြင်းဖြစ်၏။
စိတ်ညွတ်သည်ဆိုရာတွင်လည်း စိတ်ညွတ်ရုံ သာမက၊ ဘုရားရှင်နှင့် သံဃာတော်များအား လှူဒါန်းခြင်း၊ သီလဆောက်တည်ခြင်း စသော ကိုသိုလ်ကောင်းမှုများကို မပြတ်လုပ်ဆောင်၍ လုပ်ဆောင်တိုင်း လုပ်ဆောင်တိုင်း အရှင်ဖြစ်သောမာလာဘာရီနတ်သားထံတွင်သာ ဤဘ၀မှ ပြောင်းရွှေ့လျှင်ရောက်ရစေရန် အမြဲ ဆုတောင်းသောကြောင့်လည်း ဖြစ်၏။ ကောင်းမှုကံနှင့် စွဲလမ်းစိတ်ညွတ်ရာဘ၀တွင် ဖြစ်ရခြင်းဖြစ်၏။
စွဲလမ်း၍ခွေးဖြစ်ရခြင်း
အလ္လကပ္ပမြို့တွင် ငတ်မွတ်ခေါင်းပါးသော ဘေးကြီးဆိုက်သဖြင့် ထိုမြို့မှ ကောတုဟလိကနှင့် ကာဠီမည်သော ဇနီးမောင်နှံနှစ်ယောက်သည် ကောသဗ္ဗီပြည်သို့ ထွက်ပြေးလာကြ၏။ ထိုအချိန်တွင် ပစ္စည်းဥစ္စာပြည့်စုံသော နွားမွေးသူတစ်ဦးသည် နို့စားနွားမ အကြောင်းပြု၍ နို့ညှစ်မင်္ဂလာပြု၏။ နေ့စဉ် ဆွမ်းခံကြွလာသော ပစ္စေကဗုဒ္ဓါကို ဆွမ်းကျွေး၍ မင်္ဂလာပွဲကိုပြုလုပ်၏။ ထိုစဉ်တွင် ခရီးစဉ်အတိုင်း လာသော ဇနီးမောင်နှံအားမြင်လျှင် သနားသဖြင့် များစွာသော ထောပတ်နှင့် နို့ထမင်းကိုပေး၏။ နွားမွေးသူသည် မိမိကိုယ်တိုင်လည်းစားသောက်၏။ အနားတွင်ရှိသော မွေးထားသည့် ခွေးမအားလည်း ကျွေး၏။ ဇနီးမောင်နှံနှစ်ယောက်အနက် ခင်ပွန်းသည် အစားကောင်းစားနေရသော ခွေးမလေးအားကြည့်ရင်း “ဒီအိမ်တွင် ခွေးဖြစ်ရတာ ကံကောင်းလိုက်တာ၊ ဒီခွေးလေး ဒီလို အစားကောင်းတွေ နေ့စဉ်စားနေရမှာပဲ”ဟု တွေးမိပြီး၊ ခွေးမလေး၏ ဘ၀ကို အားကျတောင့်တမိသည်။ ထိုသူသည် အစာမစားရသည်မှာ ကြာပြီဖြစ်၍၊ အားပါးတရများစွာ စားလိုက်သဖြင့် အစာမကြေဘဲ ထိုည၌ ထိုအိမ်တွင်ပင် ကွယ်လွန်သွား၍ ထိုခွေးမလေး၏ ၀မ်းတွင်ဝင်စားပြီး ခွေးမလေး၏ သား ခွေးလေးဖြစ်သွားသည်။ အစာလောဘနှင့် ခွေးဘ၀အားကျမိ၍ ခွေးဖြစ်ရခြင်းဖြစ်၏။
ဗိမ္ဗိသာရမင်းကြီး
ရာဇဂြိုဟ်ပြည့်ရှင် ဗိမ္ဗိသာရမင်းကြီးသည် ဘုရားရှင်အား လွန်စွာကြည်ညို၏။ ဝေဠုဝန်ကျောင်းတော်ကြီး၏ ဒါယကာလည်းဖြစ်၏။ ဘုရားရှင်၏ တရားတော်ကို ဘုရားရှင်အဖြစ် ရောက်တော်မူခါစကပင် နာကြားရ၍ သောတာပန်တစ်ဦးဖြစ်၏။ သားတော်အဇာတသတ်မင်းလုပ်ကြံ၍ ရတနာသုံးပါးနှလုံးသွင်းလျက်ပင် ကံတော်ကုန်ရာ၊ စတုမဟာရာဇ်နတ်ပြည် ဝေဿ၀ဏ်နတ်မင်းကြီး၏ အလုပ်အကျွေး ဇန၀သဘမည်သော နတ်သားဖြစ်၏။ မင်းကြီး၌ များစွာသော ကောင်းမှုရှိ၍ အထက်ထက် နတ်ပြည်တို့၌ ဖြစ်ရန်စွမ်းနိုင်၏။ သို့ရာတွင် ရှေးခုနစ်ဘ၀ဆက်ကာ စတုမဟာရာဇ်နတ်ပြည်၌ နေဖူး ဖြစ်ဖူးသောကြောင့် ထိုဘ၀၌ တပ်မက်သောစိတ်အားကြီး၍ စတုမဟာရာဇ်နတ်ပြည်တွင်ပင် ဖြစ်ရသည်။
ယခုခေတ်တွင်လည်း စိတ်ညွတ်ရာ၊ လိုလားတောင့်တရာ ဘ၀တဏှာက ရောက်လိုရာဘ၀ကို ရောက်ကြကြောင်း သာဓကများစွာ ရှိကြပါသည်။ အထူးသဖြင့် လူဝင်စားများသည် မိမိတို့၏ဆွေမျိုး ခင်မင်ရင်နှီးသူများထံ ၀င်စားကြပါသည်။ ထိုသို့ဖြစ်နိုင်ရန် စွဲလမ်းစိတ်ညွတ်မှုအပြင် ကောင်းမှုကုသိုလ်လည်း ရှိကြရပါမည်။ ဂတိကောင်းစေရန်အတွက် အလွဲလွဲ အမှားမှား မစွဲလမ်းမိစေရန်လည်း အရေးကြီးပါသည်။
ကွယ်လွန်ခါနီးပြုပြင်ပေးပုံ
“သေသည်”ဆိုရာတွင် သေဆုံးရုံဖြင့် မပြီးသေးပေ။ ဘ၀သစ်၌ တစ်မျိုးတစ်ဖုံဖြစ်ရန်အတွက် သေရခြင်းဖြစ်သောကြောင့် ဘ၀သစ်၌ အဖြစ်လှရန် အရေးကြီးပေသည်။ ယခုဘ၀သေရေးထက်ပင် အရေးကြီး၏။ ဘ၀သစ်ကောင်းကို ရရှိရန် သေခါနီးအချိန်တွင် ကပ်၍ပြုသောကံများသည် လွန်စွာအရေးပါသဖြင့် ကွယ်လွန်ခါနီးသူ စိတ်ဓာတ်ကြည်လင်စွာဖြင့် အာရုံကောင်းထင်၍ သေဆုံးနိုင်ရန် ဆရာကောင်း သမားကောင်း၊ ဆွေကောင်း၊ မျိုးကောင်း၊ မိတ်ဆွေကောင်းများက ပြုပြင်ပေးကြရပါမည်။
ပြုပြင်ပေးမည့်သူ (ကူညီပေးမည့်သူ)
ကွယ်လွန်ခါနီးသူအား အကောင်းဆုံး ကူညီခြင်းသည် ထိုသူ စိတ်ငြိမ်းချမ်းမှုရရှိရန်နှင့် အကောင်းမြင်နိုင်ရန် ဖြစ်သည်။ ကြောက်ရွံထိတ်လန့်ခြင်း၊ ဒေါသထွက်ခြင်း၊ စိတ်ဓာတ်ကျခြင်း မဖြစ်မှသာ သံယောဇဉ် တွယ်တာမှုကင်းမှသာ စိတ်ငြိမ်းချမ်းမှု ရရှိမည်ဖြစ်၏။ အခြားတစ်ယောက်အား ကူညီမည့်သူသည် ရှေးဦးစွာ မိမိကိုယ်တိုင် ထိုတရားများကို ပယ်ရှားထားရမည်။ ထိုတရားများ မ၀င်ရောက်လာအောင် မိမိကိုယ်တိုင် ဦးစွာငြိမ်သက်အေးချမ်းမှုရှိနေအောင်နေပါ။ ကြင်နာသည့် အမူအရာအားပေးထောက်ကူမည့် အမူအရာရှိနေရန် ကြိုးစားပါ။ စိတ်လှုပ်ရှားနေသည့် အမူအရာများကို ရှောင်နိုင်သမျှရှောင်ပါ။ ကွယ်လွန်ခါနီးသူ ပြောလိုသော စကားများကို လိုလိုလားလား နားထောင်ပေးပါ။
ပြုပြင်ပေးပုံ
၁။ လူမမာ၏ အနီးအပါး၌ သန့်ရှင်းနိုင်သမျှ သန့်ရှင်းအောင် ပြုပြင်ပေးရမည်။
၂။ ကွယ်လွန်ခါနီးသူအား တစ်သက်ပတ်လုံး လုပ်ဆောင်ခဲ့သော ကောင်းမှုကုသိုလ်များအား အမှတ်သတိပေးရမည်။ ဖြစ်နိုင်ပါက ရက်စွဲနှင့်တကွ ထူးခြားသော ကုသိုလ်အမှု (ဒါန၊ သီလ၊ ဘာဝနာ) စာရင်းကို မှတ်သားထား၍ သတိပေးသည့် အနေဖြင့် ဖတ်ပြပါ။ ၀မ်းမြောက်ဝမ်းသာ နှလုံးသွင်းနိုင်ရန် ပြောကြားပေးပါ။
၃။ ဗုဒ္ဓဆင်းတုတော်ကိုလည်း ထိုသူမြင်သာသောနေရာတွင်ထားပေးပါ။ နှလုံးသွင်းနိုင်ရန် ဂုဏ်တော်များကို သတိပေးနှိုးဆော်သည့်အနေဖြင့် ပြောကြားပေးရမည်။ ဂုဏ်တော်တစ်ပါးကို ဖြစ်စေ၊ ဂုဏ်တော်များကို ဖြစ်စေ ရွတ်နိုင်လျှင် ဖြည်းညှင်းစွာ ရွတ်ဆိုနေပါစေ၊ စိတ်ဖြင့်ရွတ်ဆိုနေပါရန် သတိပေးခြင်းပြုပေးရပါမည်။
၎။ ဘုရား၊ တရား၊ သံဃာရတနာသုံးပါးအား အမြဲဦးထိပ်ထားရန် အားပေးပြောကြားခြင်း၊ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ ဓမ္မံ သရဏံ ဂစ္ဆာမိ၊ သံဃံ သရဏံ ဂစ္ဆာမိ၊ ရတနာသုံးပါးကို အမြဲမပြတ်နှုတ်မှဖြစ်စေ၊ စိတ်တွင်း၌ဖြစ်စေ၊ ရွတ်ဆိုမိစေရန် အားပေးတိုက်တွန်းခြင်း ပြုပေးရပါမည်။
၅။ ကွယ်လွန်ခါနီးသူအား ကိုယ်တိုင် ကုသိုလ်ပြုနိုင်ရန် ဖန်တီးပေးရပါမည်။
က။ သူနားလည်းသော သူကြိုက်နှစ်သက်သော ပရိတ်တရားတော်များ ရွတ်ဖတ်ပေးခြင်း။
ခ ။ နှစ်သက်နာယူလိုသော တရားတော်များကို ဟောပြောပေးခြင်း သို့မဟုတ် တရားတိတ်ခွေများ ဖွင့်ပေးခြင်း၊ ပရိတ်တော်များ နာကြားရသဖြင့် ထိုသူနှင့်တကွ မိသားများပါ ကုသိုလ်စိတ်များစေ၏။
ဂ ။ ရဟန်းသံဃာများအား ဖိတ်ကြား၍ ဆွမ်းကျွေးခြင်း၊ လှူဒါန်းခြင်း၊ တရားတော်များ ရွတ်ဖတ်စေခြင်း၊ အခြားအလှူများပြုလုပ်ခြင်း၊ ထိုသူကိုယ်တိုင် ပြုလုပ်နိုင်ပါက ထိုသူအား အသိပေး လုပ်ဆောင်ခြင်း၊ အတူတကွ အမျှဝေခြင်း။
ဃ။ ထိုသူကိုယ်စား ဘုရားတွင် ဘုရားစင်တွင် ပန်း၊ ဆီမီး၊ အမွှေးနံ့သာများ ပူဇော်ကပ်ပေးခြင်း၊ ဤသို့ ပြုလုပ်နေသည်ကို အသိအမှတ်ပြောကြားပေးခြင်း၊ လှူဒါန်းမှုများကို ပြုလုပ်ပေးနေပါသည်။ ပူဇော်ထားပါသည်။ “ကြည်ညိုဝမ်းမြောက်ပါ”ဟု ပြောပေး သတိပေးရမည်။ သို့မှသာ ထိုသူသည် ငါကောင်းမှုပြုခဲ့ပေပြီဟု ၀မ်းမြောက်ဝမ်းသာဖြစ်လာပါမည်။ ကောင်းသောဂတိကိုလည်း ရရှိပါမည်။
၆။ အကယ်၍ ထိုသူသည် ဘာဝနာပွားများခဲ့ဖူးသူ ဖြစ်ပါက မိမိပွားနေကျ သမထဘာဝနာ၊ ၀ိပဿနာဘာဝနာတို့ကို မမေ့မလျော့ ပွားများစေရန် နှိုးဆောတိုက်တွန်းပေးရမည်။
၇။ ရဟန်းတော်ကြီးများအား ထိုသူအား မေတ္တာတရားပွားများပေးပါရန် လျှောက်ထားတောင်းပန်ခြင်း၊ ဓမ္မမိတ်ဆွေတို့တွင် မေတ္တာဘ၀နာ ပွားများသူဖြစ်လျှင် ထိုသူအားလည်းကောင်း၊ မိမိကိုယ်တိုင်လည်းကောင်း၊ ကွယ်လွန်ခါနီးသူအား မေတ္တာတရားပွားများပေးရမည်။
၈။ စိုးရိမ်သောကအား ပယ်ရှားပေးခြင်း
က။ ကွယ်လွန်ခါနီးသူအား ချစ်ခင်သူများနှင့် ပိုင်ဆိုင်မှုများအား မစွဲလမ်းစေရန် ကူညီဖျောင်းဖျပေးရမည်။
ခ ။ မိမိပြုလုပ်ခဲ့သော မကောင်းသော အမှု အသေးအဖွဲမှစ၍ နောင်တ ပူပန်မှုမဖြစ်မိအောင် ကူညီဖျောင်းဖျပေးရမည်။
ဂ ။ ကွယ်လွန်ခါနီးသူ အနီးအပါးတွင် ချစ်ခင်သော ဆွေမျိုး၊ မိတ်သင်္ဂဟများ ပူဆွေးငိုကြွေးခြင်းမပြုစေရန် ပြောဆိုပေးရမည်။
ဃ။ ကွယ်လွန်ခါနီးသူ၏ မျိုးဆက်များမှ တွယ်တာသူများမှ ကလေးငယ်များ၏ ငိုသံ (အသံ)တို့ မကြားမိစေရန် သတိထားရမည်။
င ။ မဖွယ်ရာသောအသံ တိရစ္ဆာန်တို့၏ အသံများ မကြားရန် မမြင်ရန်စေရန် သတိထားပေးရမည်။
စ ။ ကွယ်လွန်ခါနီးသူ တွေ့ဆုံလိုသူ၊ မှာကြားလိုသည်များကို ထိုသူ၏ ဆန္ဒပြည့်အောင် တတ်နိုင်သမျှ ဖြည့်ဆည်း ပေးရမည်။
သို့မှသာ ကွယ်လွန်ခါနီးသူတို့ တွယ်တာမှု စိုးရိမ်သောကကင်းဝေးစွာ အစွဲအလမ်းမမှား စိတ်ဖြောင့်စွာ သေဆုံးနိုင်ပေမည်။
မိဘဆွေမျိုးသားသမီးများ
မိဘဆွေမျိုးသာသမီး၊ အိမ်သူအိမ်သားများကလည်း ကွယ်လွန်ခါနီးသူ စိတ်အေးချမ်းစွာ သေဆုံးနိုင်ရန်အတွက် အိမ်အတွင်း အေးချမ်းသန့်ရှင်းစွာ ရှိနေစေခြင်း၊ တတ်နိုင်သမျှ ကောင်းမှုကုသိုလ်များ လုပ်ပေးခြင်း၊ အထူးသဖြင့် ဘုရား၊ ဘုရားစင်တွင် ပန်းများ၊ အမွှေးနံ့သာများနှင့် ထုံမွမ်းစေခြင်း၊ ဆီမီးများ ထွန်းထားပေးခြင်း၊ တရားပူဇော်ရွတ်ဖတ်မှုများကို နာယူနိုင်သည်အထိ ပြုလုပ်ပေးခြင်းကို ရက် အသင့်အတင့် ရှည်ကြာစဉ်ကပင် ပြုလုပ်ပေးရမည်။ ပူဆွေး ငိုကြွေးမှု မရှိစေရန် ဆူဆူညံညံမရှိစေရန် အထူးသတိပြုရမည်။ မိမိချစ်ခင်သူတစ်ဦး ခရီးဝေးသွားလျှင် ထိုသူခရီးစဉ်နှင့် ခရီးဆုံးတွင် အစစအဆင်ပြေစေရန် တတ်အားသမျှ လုပ်ဆောင်ပေးသကဲ့သို့ တမလွန်ဘ၀သို့ သွားရောက်တော့မည့်သူအတွက် ကုသိုလ်များနိုင်သမျှ များများပါသွားစေရန် ပြုလုပ်ဆောင်ရွက်ပေးကြရမည်။ “သေသူသည် ဆွေမျိုးများနှင့် တစ်ဖန်ပြန်၍ မတွေ့ရတော့မည်သူ” ဖြစ်သောကြောင့် ထိုသူအတွက် ကြောင့်ကြစိုက်ကာ များစွာ အလေးပေးဆောင်ရွက်ရပေမည်။
ကွယ်လွန်ခါနီးသူ
အရေးကြီးဆုံးမှာ ကွယ်လွန်ခါနီးသောသူ ကိုယ်တိုင်ဖြစ်၏။ ကွယ်လွန်ခါနီးသူကလည်း သေခြင်းတရားကို လက်ခံနိုင်ရမည်။ ဘ၀ပေါင်းများစွာက သေဆုံးလာခဲ့ပြီးဖြစ်၏။ သေခြင်းတရားသည် လွှဲရှောင်၍မရ၊ လက်မခံ၍မရသည့် သဘောတရားဖြစ်သည်။ ကံအားလျော်စွာ ယခုဘ၀ရောက်ရှိလာသကဲ့သို့ ကံအားလျော်စွာပင် ယခုဘ၀မှ ထွက်သွားရမည်ကို သတ္တိနှင့် သတိရှိစွာ လက်ခံနိုင်ရပါမည်။
မိမိသည် သေနိုင်လောက်မည့် ရောဂါရနေပြီ ဖြစ်သည်ဟုမှန်းမိလျှင် သေနိုင်လောက်သည့် အရွယ်သို့ ရောက်နေပြီကို သိလျှင်ပိုင်ဆိုင်မှုများအား မည်သို့ဖန်တီးစေချင်သည်။ မိမိသေဆုံးလျှင် မည်သို့ဆောင်ရွက်စေလိုသည်များကို သင့်လျော်သူကို မှာကြားထားခြင်း သို့မဟုတ် ရေးသားထားခြင်းများ ပြုလုပ်ထားသင့်သည်။ သို့မှာသာ စိတ်အေးချမ်းရာရပါမည်။
ဘ၀တစ်ခုသည် တွေ့ကြုံလာခဲ့သည့် သံသရာတစ်ခုလုံးနှင့် နှိုင်းယှဉ်ပါက ခရီးရှည်သွားရာ၌ သစ်ပင်ရိပ်အောက်တွင် ခဏတွေ့ဆုံရသကဲ့သို့ ယခုဘ၀ ဆွေမျိုးသားချင်း၊ သားသမီး၊ ဇနီး၊ ခင်ပွန်း၊ အိမ်သူအိမ်သားများနှင့် ကြုံတွေ့ရခြင်းမျှသာဖြစ်၍ တတ်နိုင်သမျှ သံယောဇဉ်ပြတ်ထားရမည်။ အခြားသူများက မိမိအား ကုသိုလ်ပွားရန် ပြုလုပ်ပေးနေသည်များကို ၀မ်းမနည်းရပါ။
မိမိပြုလုပ်ခဲ့မိသော မကောင်းမှုအကုသိုလ် အသေးအဖွဲမှအစ စိတ်တွင် အမှတ်ရ နောင်တပူပန်မှုကို မဖြစ်စေဘဲ မေ့ပျောက်ထားရမည်။ မိမိပြုခဲ့ပြီးသော ကုသိုလ်ကောင်းမှုများကို သတိရ ဆင်ခြင်ရမည်။ ဤကောင်းမှုများသည် ဂတိကောင်းကိုဖြစ်စေပြီး၊ နောင်ဘ၀ကို အထောက်အပံ့ ကောင်းဖြစ်မည်ဟု ယုံကြည်ဝမ်းမြောက်ရမည။ ကောင်းမှုကုသိုလ်များကို တတ်နိုင်သမျှ လုပ်ဆောင်ရမည်။ လုပ်ဆောင်ပေးနေမှုများကိုလည်း ၀မ်းမြောက်ဝမ်းသာ ဖြစ်ရမည်။ ကုသိုလ်အာရုံသို့ ရောက်နေရန် သတိထားရမည်။
ဘုရား၊ တရား၊ အာရုံ သမထဘာဝနာ၊ ၀ိပဿနာဘာဝနာများ ပွားနိုင်ပါလျှင် ပွားများနိုင်ရန်လည်း စိတ်ညွှတ်ထားသင့်ပါသည်။
သေဆုံးခြင်းအယူအဆ
မိမိတို့၏ မိဘရိုးရာအရပ်ဒေသ ဘာသာဝါဒအားလျော်စွာ သေဆုံးခြင်းကို အမျိုးမျိုး၊ အဖုံဖုံ ယူဆကြပါသည်။ ဗုဒ္ဓ၏တရားတော်အရ မှားသော အယူအဆကြီး နှစ်မျိုးရှိ၏။
၁။ တည်မြဲအယူမှား၊ သဿတဒိဋ္ဌိ
သတ္တ၀ါတို့၏ ၀ိညာဉ် (အသက်ကောင်၊ အတ္တ)သည် တည်မြဲသည်ဟု အယူမှားဖြစ်သည်။ သတ္တ၀ါတစ်စုံတစ်ယောက် သေဆုံးသွားသောအခါ ဤဘ၀ဟောင်းမှ ရုပ်ခန္ဓာကြီးသည် အသုဘကောင်အဖြစ် ဤဘ၀တွင်ကျန်ခဲ့၏။ ၀ိညာဉ်သည် ဘ၀သစ်တစ်ခုသို့ ကူးပြောင်းသွားပြီး ဘ၀သစ်၌ ဖြစ်သည်ဟု ယူဆခြင်းဖြစ်၏။ တစ်နည်းအားဖြင့် ဘ၀ဟောင်းခန္ဓာအိမ်အသစ်လဲကာ ဘ၀သစ်၌ ပြောင်းရွှေ့၍ဖြစ်သည်။ မပြတ်မစဲ အသက်ကောင်လေး မြဲသည်ဟု ယူဆသော အယူမှားဖြစ်၏။ မပျက်မစီးဘဲ အမြဲတည်နေသော အတ္တ၊ အသက်၊ ၀ိညာဉ်က တစ်ဘ၀ပြီး တစ်ဘ၀ကူသွားသည်ဆိုသော အယူအဆဖြစ်သည်။
၂။ ပြတ်စဲအယူမှား၊ ဥစ္ဆေဒဒိဋ္ဌိ
သတ္တ၀ါတစ်စုံတစ်ယောက် သေဆုံးလျှင် ဤဘ၀ဟောင်းမှ ရုပ်ခန္ဓာကိုယ်နှင့် ၀ိညာဉ်နှစ်ခုလုံးသည် ဤဘ၀ဟောင်းမှာပင် အပြီးအတိုင် ချုပ်ပြတ်သွားကြသည်။ နောက်ဘ၀၌ဖြစ်သော ပုဂ္ဂိုလ်သတ္တ၀ါသည် အသစ်တစ်ယောက်ဖြစ်သည်ဟု ယူဆသောအယူဖြစ်သည်။ ဘ၀ဟောင်းက ရုပ်နာမ်ခန္ဓာအားလုံးသည် (အသက်ကောင်၊ အတ္တနှင့်တကွ) ဘ၀သစ်၌ လုံးဝ အဆက်အစပ် မရှိတော့ပါ။ သတ္တ၀ါတစ်စုံတစ်ယောက်သေလျှင် ဘ၀ဟောင်းနှင့် အားလုံးပြတ်၏။ တစ်ဘ၀တုံးလျှင် တစ်ဘ၀၏ ရုပ်နာမ်တွေ အားလုံးပြတ်၏။ နောက်ထပ်ဆက်သွယ်ခြင်းမရှိဟူသော အယူဖြစ်သည်။
ထိုအယူမှားကြီးနှစ်မျိုးအပြင် ဘ၀ဟောင်း ချုပ်ပြတ်ရာ ဘ၀သစ်မကူးမီ ကြားကာလ အချိန်အတွင်း ခေတ္တဘ၀တစ်ခုရှိသေးသည်ဟူသော အယူအဆဖြစ်သည်။ ဤအယူကို အချို့သော ဗုဒ္ဓဘာသာဝင်တို့ပင် လက်ခံကြ၏။
ကြားခံဘ၀အယူမှား အန္တရာဘ၀ဒိဋ္ဌိ
လူသည် သေဆုံးပြီးနောက် ရောက်ထိုက်သော ဘ၀သို့ရောက်ရန် အခြေအနေ မပေးသေးလျှင် သေသူ၏ အသက် ၀ိညာဉ်သည် သရဲ၊ တစ္ဆေအဖြစ်နှင့် သင်းချိုင်းတွင် တောထဲတွင် လှည့်လည်သွားလာနေရသည်။ သူ့အိမ်၊ သူ့ပစ္စည်းဥစ္စာ၊ သူ့မိသားစု စသည်အနီးအနား သွားလာနေကြသည်။ တစ်ခါတစ်ရံ ကိုယ်ထင်ပြသည်။ တစ်ခါတစ်ရံ အသံပေးသည်ဟု ယူဆကြသည်။ များသောအားဖြင့် သေသူ၏ ၀ိညာဉ်သည် (၇)ရက်အတွင်းတွင် သူရောက်ထိုက်သော ဘ၀ကို မရောက်သေးဘဲ သူရဲ၊ တစ္ဆေ၀ိညာဉ် ဘ၀နှင့် သွားလာနေကြရသည်ဟု ယူဆစွဲလမ်းကြပါသည်။ သေသူ၏ ၀ိညာဉ်ကို ရည်စူးပြီး ရက်လည် ဆွမ်းသွတ်ခြင်း၊ သပိတ်သွတ်ခြင်းစသော ဒါနကောင်းမှုများပြု၍ အမျှအတန်းဝေမှသာလျှင် ထိုဝိညာဉ်ကလေး ကျွတ်လွတ်ပြီး သူရောက်ထိုက်သော ဘ၀သို့ ရောက်သွားသည်ဟု ယူဆကြခြင်းဖြစ်၏။
ဗုဒ္ဓ၏ တရားတော်အရ ဘ၀သစ်ဖြစ်ပုံ
ဗုဒ္ဓအဘိဓမ္မာသဘောအရ သတ္တ၀ါတစ်စုံတစ်ဦး သေဆုံးသောအခါတွင် ရုပ်နှင့် စိတ်နာမ်ပါ ချုပ်ငြိမ်းပျက်စီးသွား၏။ ယခု ဘ၀တွင် ပြုလုပ်ခဲ့သော စွဲလမ်းတပ်မက်မှုနှင့် ကံစသော အကြောင်းတရားများကြောင့် နောင်ဘ၀တွင် အကျိုးတရားအနေဖြင့် ရုပ်သစ်စိတ်သစ်၊ ဘ၀သစ်ဖြစ်ပါသည်။ ဘ၀ဟောင်းရုပ်၊ စိတ်နာမ်ချုပ်ငြိမ်း၍ ဘ၀သစ်ဖြစ်ခြင်းသည် စက္ကန့်မျှမကြာသော အချိန်အတွင်းတွင် ဖြစ်ပါသည်။ ထို့ကြောင့် ရှေးဘ၀သေစိတ်ချုပ်ပျက်ပြီးသည်နှင့် တစ်ပြိုင်နက် နောက်ဘ၀၏အစ ပဋိသန္ဓေစိတ်ချက်ချင်းဖြစ်၏။ နောင်ဘ၀ ပဋိသန္ဓေနေရခြင်းကို ပဲ့တင်သံ၊ မှန် စသည် ဥပမာအားဖြင့် ဖေါ်ပြကြပါသည်။
ပဲ့တင်ဥပမာ
တောတောင်၊ လှိုဏ်ခေါင်းများအတွင်း၌ အော်ဟစ်သောအသံသည် တောင်နံရံ၊ လှိုဏ်နံရံများနှင့် ထိခိုက်သောအခါ ပဲ့တင်သံများကိုပြန်ကြားရ၏။ ထိုပဲ့တင်သံသည် မူလအော်သော လူ၏ အသံလည်းမဟုတ်။ လူ့အသံနှင့် ကင်း၍ အလိုအလျောက်ဖြစ်ပေါ်လာသော အသံလည်းမဟုတ်ပေ။ မူလအသံကြောင့် ဖြစ်ပေါ်လာသော ပဲ့တင်သံကဲ့သို့ ယခုဘ၀မှ ကံစသော အကြောင်းများကြောင့် နောင်ဘ၀သစ်၌ ပဋိသန္ဓေနေရ၊ ဖြစ်ရခြင်းဖြစ်သည်။ မူလအော်သောအသံသည် ယခုဘ၀မှ ကံစသော အကြောင်းများနှင့် တူသည်။ ပဲ့တင်သံသည် နောင်ဘ၀သစ်၌ ပဋိသန္ဓေနေရ ဖြစ်ရခြင်းနှင့် တူသည်။
မှန်ဥပမာ
ကိုယ်လုံးပေါ်မှန်ရှေ့၌ လူတစ်ယောက်သွားရပ်လိုက်သောအခါ ထိုလူ၏ အရိပ်သည် မှန်ထဲ၌ သွားထင်လေသည်။ မှန်ထဲ၌ ထင်သောအရိပ်သည် ရပ်နေသော လူလည်းမဟုတ်ပေ၊ ထိုလူနှင့်ကင်း၍လည်း မဖြစ်နိုင်ပေ။ ရပ်နေသောလူကြောင့် ဖြစ်ပေါ်လာသော အရိပ်ကဲ့သို့ ယခုဘ၀မှ ကံ စသောအကြောင်းများကြောင့် နောက်ဘ၀သစ်၌ ပဋိသန္ဓေနေရ၊ ဖြစ်ရခြင်းဖြစ်ပေသည်။ မှန်ရှေ့၌ ရပ်နေသောသူသည် ယခုဘ၀မှ ကံ စသော အကြောင်းများနှင့် တူပေသည်။ မှန်ထဲ၌ရှိသော အရိပ်သည် နောက်ဘ၀သစ်၌ ပဋိသန္ဓေနေရ ဖြစ်ရခြင်းနှင့် တူပေသည်။
ထို့ကြောင့်ပင် ရှေးကံကောင်းလျှင် ယခုဘ၀ရုပ်နာမ်ကောင်း၏။ ရှေးကံညံ့လျှင် ယခုဘ၀ ရုပ်နာမ်ညံ့၏။ ဤ ဘ၀၌ အကောင်းအဆိုး အမျိုးမျိုးကို တွေ့ရသည်မှာ ရှေးဘ၀က ပြုလုပ်သော ကံ၊ ဤဘ၀ဉာဏ်၊ ၀ိရိယတို့ကြောင့်သာဖြစ်သည်။
သေဆုံးပြီးနောက် ပထမဆုံးဖြစ်သော ရုပ်၊ စိတ်နာမ်တို့ကို “ပဋိသန္ဓိ” မြန်မာလို “ပဋိသန္ဓေ တည်နေခြင်း”ဟု ခေါ်သည်။ ထို ပဋိသန္ဓေ၊ ရုပ်၊ စိတ်နာမ်များသည် ကံကြောင့် ဖြစ်ရသောကြောင့် ကံအမျိုးမျိုးလိုက်၍ ဥပပါတ် ပဋိသန္ဓေ၊ သံသေဒဇပဋိသန္ဓေ၊ အဏ္ဍဇ ပဋိသန္ဓေ၊ ဇလာဗုဇ ပဋိသန္ဓေဟု လေးမျိုးရှိ၏။
၁။ ဥပပါတ် ပဋိသန္ဓေ
ခန္ဓာကိုယ်အထင်အရှားဖြစ်သော ပဋိသန္ဓေဖြစ်၏။ နတ်၊ ဗြဟ္မာ၊ ငရဲသား၊ ပြိတ္တာ၊ အသူရကာယ်တို့သည် ဥပပါတ်ပဋိသန္ဓေဖြစ်၍ မိခင်ဝမ်းတွင်း၌ အောင်းဖွယ်မလို၊ ပဋိသန္ဓေ ရုပ်၊ စိတ်နာမ်များဖြစ်သည်နှင့် တစ်ပြိုင်နက် သူတို့နေရမည့် ဗိမာန်၊ တော၊ တောင်၊ မြစ်၊ သမုဒ္ဒရာ၊ ကမ်း စသော အရပ်များ၌ သူတို့၏ နဂိုအရွယ်အတိုင်း အထင်အရှားဖြစ်၏။
၂။ သံသေဒဇပဋိသန္ဓေ
ငြိတွယ်၍ဖြစ်လောက်သောအရပ်၌ ကပ်ငြိတွယ်၍ဖြစ်ရသော ပဋိသန္ဓေဖြစ်၏။ အလွန်သေးငယ်သော အရွယ်မှစ၍ တဖြည်းဖြည်း ကြီးလာရ၏။ ပိုး၊လောက်စသော သတ္တ၀ါများ မစင်ပုပ်၊ ငါးပုပ်စသော အရာဝတ္ထုများတွင် ငြိတွယ်၍ ဖြစ်ကြရ၏။
၃။ အဏ္ဍဇပဋိသန္ဓေ
အမိဝမ်းတွင်းဝယ် ဥခွံ၌ ဖြစ်ရသော ကြက်၊ ငှက် စသော သတ္တ၀ါတို့သည် အဏ္ဍဇပဋိသန္ဓေနေရသော သတ္တ၀ါများ ဖြစ်၏။
၎။ ဇလာဗုဇပဋိသန္ဓေ
အမိဝမ်းတွင်းသားအိမ်၌ ဖြစ်ကြရသော လူ၊ မြင်း၊ ကျွဲ၊ နွား စသော သတ္တ၀ါတို့သည် ဇလာဗုဇ ပဋိသန္ဓေ နေရသော သတ္တ၀ါများဖြစ်သည်။ ဘုမ္မစိုး၊ ရုက္ခစိုး ဟုခေါ်သော အောက်နတ်တို့တွင် အချို့နတ်များသည် ဇလာဗုဇပဋိသန္ဓေ နေကြရ၏။
ထို့ကြောင့် ဗုဒ္ဓ၏ အဘိဓမ္မာတရားတော်အရ သတ္တ၀ါတစ်ဦးသေဆုံးလျှင် ဆုံးချင်း နောင်ဘ၀အသစ် တစ်ခု စက္ကန့်မဆိုင်းဘဲ မိမိ၏ ကံအားလျော်စွာ ပဋိသန္ဓေတည်ဖြစ်ကြရသည်။
သေသူတို့အပေါ်အယူအဆ
လူတစ်ဦးတစ်ယောက် သေဆုံးပြီးသောအခါ အချို့သူတို့သည် သေသူ၏ သင်းချိုင်းမြေပုံပေါ်မှ မြေကြီးခဲကလေး တစ်လုံးဖြစ်စေ၊ မြေပုံအနီးမှ မြေကြီးခဲကလေး တစ်လုံးဖြစ်စေ၊ မြေပုံအနီးမှ သစ်ကိုင်းကလေး တစ်ကိုင်းဖြစ်စေ၊ ပန်းခွေ၊ ပန်းခြင်းမှ ပန်းတစ်ပွင့်ကိုဖြစ်စေယူ၍ အိမ်တွင်ထားကြသည်။ အချို့သည် သေသူ၏ ဓာတ်ပုံကို တစ်နေရာရာတွင်ထား၍ ထမင်း၊ ဟင်း၊ မုန့်ပဲသရေစာ စသည်များ တင်ထားကြသည်။ ယင်းကို (၇)ရက်အထိ လုပ်ဆောင်ကြသည်။ သေသူ၏ ၀ိညာဉ်သည် ခဲလုံး၊ သစ်ကိုင်း၊ ပန်း၊ ဓာတ်ပုံတွင် ရှိနေသည့် သဘောသက်ရောက်ပါသည်။
အချို့မှာ ဆွမ်းကျွေး၊ သပိတ်သွတ်၊ သရဏဂုံတင်သောအခါတွင် အလောင်းနားသွား၍ ဖြစ်စေ၊ အခေါင်းကိုပုတ်၍ဖြစ်စေ၊ တရားနာ ဖိတ်ကြသည်။ ယင်းသည် သေသူ၏ ၀ိညာဉ်သည် အလောင်းထဲတွင် အလောင်းနားတွင်ရှိနေသေးသည်ဟူသော အဓိပ္ပါယ် ဖြစ်နေပါသည်။
အချို့မှာ သေသူ၏ ၀ိညာဉ်(၇)ရက်အတွင်း အိမ်အတွင်း ၀င်ထွက်သွားလာနိုင်ရန် တံခါးပေါက်များဖွင့်ထားခြင်း အပေါက်ချန်ထားခြင်းများ ပြုလုပ်ပေးကြသည်။
ဗုဒ္ဓအဘိဓမ္မာအရ တစ်ဦးတစ်ယောက် ကွယ်လွန်လျှင် ချက်ချင်း ထိုသူရောက်ထိုက်သော ဘ၀တွင် ပဋိသန္ဓေ တစ်မျိုးမျိုးနှင့် ရုပ်နာမ်အသစ်နှင့် ဘ၀သစ်ဖြစ်ပြီးနေ၍ အလောင်းထဲတွင်ဖြစ်စေ၊ အလောင်းနားတွင်ဖြစ်စေ အိမ်နားတွင်ဖြစ်စေ၊ သင်းချိုင်းစသည်တို့၌ ထိုသူလုံးဝမရှိတော့ပေ။
သို့သော် ကွယ်လွန်ပြီးနောက် ချက်ချင်း၊ တစ္ဆေ သရဲဆိုသော ပြိတ္တာဘ၀တွင် ဘ၀သစ်ဖြစ်ပြီး၊ တစ်စုံတစ်ရာကို မျှော်လင့်တောင့်တရင်း အနီးအနားတွင် ရှိကောင်းရှိနေဦးမည်ဟူသော သဘောဖြင့် တရားနာဖိတ်လျှင် ကောင်းပါသည်။ သေသူ၏ ဓာတ်ပုံအနီးတွင် အစားအစာတင်ထားခြင်း၊ ပန်းအိုးထိုး၊ မီးထွန်းသည်များသည် သေသူ၏ ၀ိညာဉ်ရှိနေသေးသည်ဆိုသော အယူအဆမဟုတ်ဘဲ အသက်ရှင်စဉ်ရှိ ဂုဏ်ကျေးဇူးများကို အမှတ်ပြု၍လည်းကောင်း၊ ချစ်ခင်မြတ်နိုးစိတ်ဖြင့်လည်းကောင်း၊ အသက်ရှင်စဉ်တွင်ပြုသည့် ၀တ္တရားအတိုင်း ပြုလုပ်ပေးခြင်းသည် ကောင်းပါသည်။ ထိုသို့ မဟုတ်ပါဘဲ ၀ိညာဉ်သည် တည်မြဲလျက်ရှိသည်။ သို့မဟုတ် (၇)ရက်အတွင်း ၀ိညာဉ်ရှိနေသေးသည်ဟု ယူဆလျှင် သဿတဒိဋ္ဌိနှင့် အန္တရာဘ၀ဒိဋ္ဌိများဖြစ်သွားနိုင်ပါ၍ သတိထားလုပ်ဆောင်ကြရပါမည်။
သရဏဂုံတင်ခြင်း၊ ဆွမ်းကျွေးသပိတ်သွတ်ခြင်း
လူတစ်ဦးတစ်ယောက် သေဆုံးပြီးသောအခါ ယေဘူယျအားဖြင့် သက်ပျောက်ဆွမ်းကပ်ခြင်းကို သေဆုံးပြီးစအချိန်တွင် (နံနက်ပိုင်းတွင်) ပြုလုပ်၏။ သရဏဂုံတင်ခြင်းကို အသုဘ ချခါနီး (ချမည့်နေ့)တွင် ပြုလုပ်၏။ ဆွမ်းကျွေးသပိတ်သွတ်ခြင်း သို့မဟုတ် ရက်လည်ဆွမ်းကျွေးခြင်းကို သေဆုံးပြီး (၇)ရက်ပြည့်သည့်နေ့တွင် ပြုလုပ်လေ့ရှိ၏။ ထိုသို့ပြုလုပ်သည့်အခါတိုင်းတွင် အောက်ပါတို့ပါဝင်ပါသည်။
၁။ သြကာသဖြင့် ကန့်တော့ခြင်း
၂။ သရဏဂုံနှင့် သီလတောင်းခြင်း
၃။ သရဏဂုံဆောက်တည်ခြင်း
၎။ သီလခံယူခြင်း
၅။ ကွယ်လွန်သူအား ရည်စူး၍ လှူဖွယ်ဝတ္ထုလှူဒါန်းခြင်း
၆။ ကွယ်လွန်သူ၊ ချမ်းသာရေးအတွက် ကွယ်လွန်သူအား အမှူးထား၍ ကုသိုလ်တို့ကို အမျှဝေခြင်း။
ဤအဆင့်ဆင့်တို့သည် ကွယ်လွန်သူအား ရည်မှန်း၍ အလှူရှင်များပြုလုပ်ကြသည့် သရဏဂုံတည်ခြင်း ကုသိုလ် သီလကုသိုလ်၊ ဒါနကုသိုလ် အမျှဝေခြင်း ကုသိုလ်တို့ဖြစ်ကြ၏။ အားလုံးသည် အလှူရှင်တို့၏ ကုသိုလ်များဖြစ်ကြ၏။ ကွယ်လွန်သူသည် ဤကုသိုလ်များကို သာဓုခေါ်နိုင်မှာသာလျှင် ဤကုသိုလ်အဖို့တို့ကို ရရှိနိုင်၏။
သရဏဂုံတင်ခြင်း
သရဏဂုံသည် “ရတနာသုံးပါးကို ယုံကြည်ဆည်းကပ်သောစိတ်” ဖြစ်သည်။ စိတ် (နာမ်)မရှိတော့သော လူသေအလောင်းကို သရဏဂုံတင်ပေး၍မရပါ။ သို့သော် လူသေအလောင်းကို သရဏဂုံတင်သည်ဟု အချို့ထင်မှတ်ခြင်းသည် မျက်မြင်ကြည့်၍ တိုက်ရိုက်အဓိပ္ပါယ်ကောက်ယူသည့် သဘောဖြစ်၏။ အမှန်မှာ ကျန်ရစ်သူဆွေမျိုးများက သရဏဂုံဆောက်တည်၍ ဒါန၊ သီလ အစရှိသောကုသိုလ်ကောင်းမှုများ ပြုလုပ်ပြီး ကွယ်လွန်သူ၏ ချမ်းသာရေးအတွက် ကွယ်လွန်သူအား အမှူးထား၍ အမျှဝေခြင်း၊ ကုသိုလ်ပေးဝေခြင်းသာဖြစ်သည်။
ရက်လည်ဆွမ်းသွတ်ခြင်း
သေဆုံး၍(၇)ရက်မြောက်တွင် ပြုလုပ်သည့် ဆွမ်းကျွေးလှူဒါန်းမှုကို သပိတ်သွတ်ခြင်း၊ ရက်လည်ဆွမ်းကျွေးခြင်း၊ ရက်လည်ခြင်းဟု ခေါ်ဆိုလေ့ရှိသည်။ ဤသို့ ပြုလုပ်ခြင်းကို အချို့သူတို့သည် သေဆုံးသူ၏ ၀ိညာဉ်သည် (၇)ရက်အတွင်း သူရောက်ရှိမည့်နေရာသို့ မရောက်သေးဘဲ ထို ၀ိညာဉ်ကျွတ်လွတ်စေရန် အမှတ်ဖြင့် ပြုလုပ်ကြသည်။ အမှန်တွင် အကယ်၍ သေသူသည် ပြိတ္တာဘ၀တွင်၊ ရုပ်၊ စိတ်နာမ် အသစ်ဖြစ်ပြီး ဘ၀သစ်များရနေပါက သေသူကိုရည်စူး၍၊ ပြုလုပ်သော ဆွမ်းသွတ်ကုသိုလ်ကို ၀မ်းမြောက်ဝမ်းသာ သာဓုအနုမောဒနာခေါ်နိုင်ပြီး၊ စည်းစိမ်ချမ်းသာများ ရပါစေဟူသော ရည်ရွယ်ချက်ဖြင့် ဆွမ်းသွတ်ကြရပါသည်။
ဤသို့ ကုသိုလ်အမှုများပြုလုပ် အမျှဝေခြင်းကို ရက်လည်အောင် ဆိုင်းငံ့မနေဘဲ၊ သေဆုံးသည့်နေ့မှစ၍ နေ့စဉ်၊ တတ်အားသရွေ့ ကုသိုလ်အမှုများပြု၍ အမျှဝေနိုင်လျှင် အလွန်ကောင်းပါသည်။ ထိုသို့လှူဒါန်းရာ၌ ဆွမ်းသာမက၊ သင်္ကန်း၊ ရေ စသည်တို့ပါဝင်လျှင် ကောင်းပါသည်။
အမျှဝေခြင်း
ကွယ်လွန်သူဆွေမျိုးများကို ရည်မှန်းလျက် လှူဒါန်းအမျှဝေရာ၌ သေသူသည် ငရဲကျရောက်သော်လည်းကောင်း၊ တိရစ္ဆာန်အမိဝမ်း၌ ဖြစ်သော်လည်းကောင်း၊ အလွန်ဝေးသော တော၊ တောင်၊ မြစ်၊ သမုဒ္ဒရာကမ်း၌ ပြိတ္တာဖြစ်နေသော်လည်းကောင်း၊ လူ့အမိဝမ်း၌ဖြစ်ရသော်လည်းကောင်း၊ နတ်၊ ဗြဟ္မာ ဖြစ်ရသော်လည်းကောင်း၊ ဤလှူဒါန်းသော ကုသိုလ်ကို ထိုသူတို့ မသိနိုင်ကြ၊ သိနိုင်သော်လည်း ထိုသူတို့တွင် အကျိုးထူး မရကြပါ။ သို့သော် လှူဒါန်းသူဆွေမျိုးများ၏ ဒါနကုသိုလ် ဖြစ်ကြပါသည်။
ကွယ်လွန်သူသည် မိမိအိမ်ရွာ၊ မြို့အနီးအပါး၊ အကြိုအကြား၌ သွားလာလျက် စားရမဲ့ သောက်ရမဲ့ ပြိတ္တာမျိုး (အစိမ်း၊ တစ္ဆေ၊ သရဲ)ဖြစ်နေလျှင်၊ ကျန်ရစ်သော ဆွေမျိုးများက ဆွမ်း၊ သင်္ကန်းစသည်တို့ကို လှူဒါန်း၍ ဤအလှူသည် သွားလေသူ (အမိ၊ အဖ၊ ဆွေမျိုး)အတွက် ဖြစ်ပါစေသတည်း။ သွားလေသူ မည်သူမည်ဝါသည် ချမ်းသာပါစေသတည်း၊ ထိုကုသိုလ်ကို ၀မ်းမြောက်စွာ သာဓုခေါ်ပါ၊ အညီအမျှ ကုသိုလ်ရအောင် အမျှယူပါ အမျှဝေပါ၏ဟု ပြောဆို၍ အမျှဝေသောအခါ ထိုပြိတ္တာများ တွေ့မြင် ကြားသိလျှင် သာဓုခေါ်လျှင် အစားအသောက်၊ အ၀တ်အထည်၊ သောက်သုံးရေတို့ကို နတ်သမီး၊ နတ်သားများကဲ့သို့ ရနိုင်ကြသည်။ မိမိအတွက် လှူဒါန်းနေသော်လည်း မမြင်၊ မကြားရသဖြင့် သာဓုမခေါ်နိုင်လျှင် မရကြပေ။ သို့ရာတွင် ထိုကုသိုလ်တို့ကို အလွန်ဝေးသော ရှေးရှေးဘ၀က ပြိတ္တာဖြစ်ကြသော ဆွေမျိုးဟောင်းများလည်း သာဓုခေါ်နိုင်လျှင် ရခွင့်ရှိပါသည်။
ဆွေမျိုးများကို ရည်မှန်း၍ လှူဒါန်းအမျှဝေကြရာ၌ မိမိကိုယ်တိုင် သီလဆောက်တည်လျှက် သီလရှိသူအား လှူဒါန်း၍ အမျှဝေပေးမှသာလျှင် အကျိုးများပါသည်။ ဘုရားရှင်လက်ထက်တော်တွင် အဇာတသတ်မင်းတွေ့ရှိသော ပြိတ္တာသည် သမီးဖြစ်သူက ရည်မှန်း၍ ကုသိုလ်ပြု အမျှဝေသော်လည်း သီလမရှိသူအား လှူဒါန်းသောကြောင့် “ဒုသီလကြီး စားသွားသည်၊ မိမိမရပါ၊ သီလရှိသူအား လှူဒါန်းပေးပါ”ဟု ပြောကြားသဖြင့် အဇာတသတ်မင်းသည် ဘုရားအမှူးရှိသော သံဃာတော်တို့အား လှူဒါန်းပြီး ရည်ညွှန်းအမျှဝေပေးသည့် အခါမှ ရရှိပြီး လွန်စွာပြည့်စုံသည့် နတ်ဖြစ်သွားပါသည်။ ထို့ကြောင့် သီလရှိသူကို ရွေးချယ်လှူဒါန်းရန် လွန်စွာအရေးကြီးပါသည်။ သီလရှိသော ပုဂ္ဂိုလ်ကို မရွေးချယ်တတ်လျှင်လည်းကောင်း၊ ရွေးချယ်ရမည်ကို အားနာလျှင်လည်းကောင်း၊ “သံဃာ”အားရည်မှန်း၍ လှူဒါန်းပါသည်ဟု ရည်ရွယ်လှူဒါန်း အမျှဝေသင့်ပါသည်။ ရဟန်းတစ်ပါးပင်ဖြစ်သော်လည်း “သံဃာအားလှူပါ၏”ဟု သံဃာကို ရည်စူး၍ လှူလျှင် သံဃိကဒါန ဖြစ်နိုင်ပါသည်။
ဗုဒ္ဓဘာသာဝင် အမျိုးကောင်းသား အမျိုးကောင်းသမီးတို့သည် ဆွေမျိုးမိဘစသည်တို့ သေဆုံးသောအခါ အလှူဒါနစသော ကောင်းမှုကုသိုလ်များပြုလုပ်၍ အမျှဝေခြင်းကို မလွှဲမသွေ လုပ်ဆောင်ကြရမည်။ သားသမီးကျင့်ဝတ်ငါးပါးတွင် “လှူမျှဝေ၍”ဟူသော ၀တ္တရားတစ်ပါးပါရှိ၏။ လူတစ်ဦးတစ်ယောက်သေဆုံးလျှင် ထိုသူ၏ လားရာဂတိကို အတိအကျပြော၍ မရပေ။ မှန်းဆရုံသာ မှန်းဆနိုင်ပါသည်။ ချစ်ကြည်ညိုသောစိတ်ဖြင့် ပြိတ္တာဖြစ်နေသည်ဆိုသည်ကို လက်မခံချင်၊ လက်မခံနိုင်သော်လည်း၊ အကယ်၍ဖြစ်နေပါက ရည်မှန်းလှူဒါန်း၍ အမျှမဝေမိပါလျှင် ထိုသူတို့လွန်စွာ နစ်နာလေမည်။ သာသနာပိုင် ဆရာတော်ဘုန်းကြီးများ၊ ကျောင်းဒကာ ကျောင်းအမများ ကွယ်လွန်၍ တစ္ဆေဖြစ်သည့် သာဓကများရှိခဲ့သည်ကို သတိပြုကြရပါမည်။ သေဆုံးခါနီးစွဲလမ်းမှု ရှေးဘ၀မှ အကုသိုလ်များ၊ ငယ်ရွယ်စဉ်အခါက မသိမိုက်မဲမှုကြောင့် ပြုခဲ့သော အကုသိုလ်များလည်း ရှိခဲ့တတ်ကြသောကြောင့်ဖြစ်၏။
ငရဲမှစ၍ အားလုံးသောဘုံတို့တွင် သက်ဆိုင်ရာ အစားအစာ အာဟာရများရှိကြ သုံးဆောင်နိုင်ကြ၏။ ပြိတ္တာတို့သည် လူတို့ကကောင်းမှုပြု၍ လှူဒါန်းအမျှဝေပေးမှသာလျှင် စားသုံးရကြပါသည်။ ပြိတ္တာတို့တွင် (အထူးသဖြင့် ဝေမာနိက ပြိတ္တာတို့တွင်) နတ်၏နား၊ နတ်၏မျက်စေ့၊ နတ်၏၀ိညာဉ်တို့ကဲ့သို့ကြားနိုင်၊ မြင်နိုင်၊ သိနိုင်ကြသည်ဖြစ်၍ ရည်စူးသော အလှူဒါနကုသိုလ်များကို သာဓု ခေါ်နိုင်ကြပါသည်။
အကယ်၍ ပြိတ္တာဖြစ်သွားသူသည် အ၀တ်အထည်မရှိ၊ ရေတစ်ပေါက်၊ အစားတစ်လုပ်မျှ မစားရဘဲနေရလျှင် မိမိလှူဒါန်းအမျှဝေသည်ကို ရလိုက်ပါက စားရ သောက်ရ ၀တ်ရ ချမ်းသာရမည်ဖြစ်၍ လွန်စွာအကျိုးများပါမည်။ ထိုသေဆုံးသူ အမျှမရနိုင်သော ဘ၀တွင်ရောက်ရှိနေပါကလည်း ဆွေဟောင်းမျိုးဟောင်း ပြိတ္တာများရနိုင်ပါသဖြင့်၊ ထိုပြိတ္တာများ၏ စည်းစိမ်ချမ်းသာကိုဖြစ်စေပါသည်။ ဘ၀သံသရာသည် ရှည်လျားလှသောကြောင့် မိမိ၌ဆွေမျိုးဟောင်း ပြိတ္တာများမရှိဟုမထင်ထားအပ်ပါ။ အမျှဝေသည်ကိုငံ့လင့်နေသော မိမိ၏ဆွေဟောင်းမျိုးဟောင်း ပြိတ္တာများလည်းရှိနေနိုင်ပါသည်။
ကျမ်းဂန်အရ ဗိမ္ဗိသာရမင်းကြီးတွင် ရှေးမှ ဆွေမျိုးပြိတ္တာပေါင်းများစွာရှိခဲ့၏။ မင်းကြီးအား လှူဒါန်းအမျှဝေရန် သတိပေးကြ၍ ထိုပြိတ္တာတို့အား ရည်ညွှန်း၍ မြတ်စွာဘုရားနှင့် သံဃာတော်တို့အား ကြီးစွာသောဒါနကိုပြု၏။ မင်းကြီးသည် အလှူရေစက်ကိုပေး၍ “ဤအလှူသည် ငါ၏ ဆွေမျိုးဟောင်းပြိတ္တာတို့အား ရစေသတည်း”ဟု ရည်ညွှန်းသည့်ခဏတွင် ပြိတ္တာတို့အား ကြာပန်းတို့ဖြင့်ကောင်းစွာ ဖုံးလွှမ်းသောရေကန်တို့ဖြစ်ပေါ်၍ ထိုပြိတ္တာတို့သည် ထိုရေကန်တို့၌ ရေချိုး၊ ရေသောက်ရ၏။ ၎င်းတို့ ပူလောင်ခြင်း၊ ပင်ပန်းခြင်း၊ မွတ်သိပ်ခြင်းတို့ ငြိမ်းကုန်၍ ရွှေအဆင်းနှင့်တူသော အဆင်းရှိကုန်၏။ မင်းကြီးသည် ယာဂုစသော ခဲဘွယ်ဘောဇဉ်တို့ကို ပေးလှူသည့်ခဏ၌ နတ်၌ဖြစ်သော ယာဂုခဲဘွယ်ဘောဇဉ်တို့ဖြစ်ကုန်၏။ အ၀တ်ပုဆိုး၊ အိပ်ရာနေရာတို့ကိုပေးလှူ၍ ရည်ညွှန်းပြန်လျှင် ထိုပြိတ္တာတို့အား နတ်၌ဖြစ်သော အ၀တ်ပုဆိုးပြာသာဒ် အခင်းအရုံ၊ အိပ်ယာစသော တန်ဆာတို့ဖြစ်ကုန်၏။ ဘုရားရှင်သည် ထိုဖြစ်ပေါ်လာတိုင်းသော အခြင်းအရာကို မင်းကြီးမြင်အောင်ပြတော်မူ၍ မင်းကြီးသည် ထိုသည်တို့ကို မြင်ရသဖြင့် လွန်စွာဝမ်းမြောက်တော်မူ၏။
အကယ်၍ မိမိလှူဒါန်းမျှဝေမှုသည် ဆွေမျိုးမတော်သော ပြိတ္တာများ ရရှိပါကလည်း ထိုသူများ၏ ချမ်းသာမှုကို ဖြစ်စေသောကြောင့် ဆင်းရဲငတ်မွတ် ဒုက္ခရောက်နေသူများအား ကယ်တင်ရာရောက်ပါသည်။
အမျှဝေရာ၌ ကြားကြားသမျှ သတ္တ၀ါအားလုံးတို့အား အမျှပေးဝေပါသောကြောင့် တရားနာပရိတ်သတ်နှင့်တကွ ကြားသိ သာဓုခေါ်သောသူတိုင်း ပတ္တာနုမောဒနာကုသိုလ်ရကြပါသည်။ အကယ်၍ ကွယ်လွန်သူသည် နတ်ဖြစ်၍ ကြားနိုင်၊ သိနိုင်လျှင် ပတ္တာနုမောဒနာ ကုသိုလ်ကိုရပါမည်။ ထိုကုသိုလ်သည် ပြိတ္တာများကဲ့သို့ စည်းစိမ်ချမ်းသာ ချက်ချင်း မဖြစ်သော်လည်း ပထမဇောကုသိုလ်ကြောင့် ရရှိထားပြီးသော နတ်စည်းစိမ်ကို အထောက်အပံ့ဖြစ်စေပါမည်။ အခြားကုသိုလ်ဇောများကလည်း နောက်နောင်ဘ၀များအတွက် အထောက်အပံ့ကောင်းများ ဖြစ်စေပါမည်။
မည်သူ့ထံမျှ မရောက်ပါကလည်း အလှူရှင်များ၏ ကောင်းမှုကုသိုလ်သာ ဖြစ်သောကြောင့် အလှူရှင်များအဖို့ အကုသိုလ်များရှိမိ၍ နောက်နောင်၌ တိရစ္ဆာန်ဘ၀သို့ ရောက်ရလျှင်ပင် တိရစ္ဆာန်ဘ၀တွင် မွန်မြတ်သော အစားအသောက်၊ အသုံးအဆောင်တို့ကို ရနိုင်သည်။ လူ၊ နတ်ဖြစ်လျှင် ထူးသော လူနတ်စည်းစိမ်ချမ်းသာကို ခံစားရပါမည်ဖြစ်၍ ကွယ်လွန်သူတို့အား ရည်မှန်းလှူဒါန်းသော ကုသိုလ်သည် အကျိုးမဲ့ မဖြစ်ပါ။ ထိုအလှူကို လှူရန် အလွန်ပင်သင့်တော်သည်ဟု ဇာဏုေဿာဏိသုတ်၌ မြတ်စွာဘုရား မြွက်ကြားတော်မူခဲ့ပါသည်။ ထို့ကြောင့် ကွယ်လွန်သူ၏ အကျိုး၊ ဆွေမျိုးတို့၏အကျိုး၊ အများအကျိုး၊ မိမိအကျိုးအတွက် လူတစ်ဦးတစ်ယောက်သေဆုံးလျှင် လှူဒါန်းအမျှဝေမှုကိုပြုလုပ် ဆောင်ရွက်ရပေမည်။ အခါအားလျော်စွာလည်း လှူဒါန်း အမျှဝေမှုကို ပြုလုပ်ဆောင်ရွက်ရပေမည်။ ကုသိုလ်အမှု ပြုတိုင်းလည်း ရည်မှန်းအမျှဝေကြရပေမည်။
နိဂုံး
လူတစ်ဦးတစ်ယောက်သည် နေရမည့် အသက်၊ သေဆုံးရမည့်ရောဂါ၊ သေရမည့်အချိန်၊ အလောင်းခန္ဓာစွန့်ပစ်ရာနေရာ၊ လားရောက်ရမည့်ဂတိ၊ ဤငါးမျိုးကို ကြို၍ မသိနိုင်ကြပါဟု မြတ်စွာဘုရား ဟောကြားတော်မူပါသည်။ ကောင်းသောဂတိရောက်ရန်အတွက် မကျန်းမာခြင်းကြောင့်လည်းကောင်း၊ အခြားအကြောင်းများကြောင့်လည်းကောင်း၊ ဖြည်းဖြည်းသက်သာ သေရတော့မည့်သူများအားသာ တစ်ပါးသူတို့က အာရုံကောင်းထင်ရန် ၀ိုင်းဝန်းပြုပြင်ပေးနိုင်ကြပါသည်။ မိမိသည် ထိုအခွင့်အရေးရမည်ဟု မပြောနိုင်ပါ။ အကြောင်းအမျိုးမျိုးတို့ကြောင့် အချိန်အခါမရွေး၊ နေရာမရွေး၊ သေဆုံးနိုင်ပါသည်။ သေဆုံးပြီးနောက်လည်း မိမိတို့အတွက် ရည်စူးလှူဒါန်းမှုများကို မိမိတို့ရရှိရန် ဖြစ်နိုင်ခြေအလွန် နည်းပါးပါသည်။ ထို့ကြောင့် မိမိတို့ကိုယ်တိုင်ပင် သေခြင်းကောင်းသောဘ၀၊ လားကောင်းသော ဂတိ တို့ကိုရရန် ဘ၀တစ်လျောက်လုံး ကောင်းအောင် ပြုပြင်ပျိုးထောင်ထားရမည်။ ထို့ကြောင့် မသေမီတွင်ပင် ဒါန၊ သီလ၊ ဘာဝနာစသော ကောင်းမှု ကုသိုလ်များ တတ်နိုင်သမျှ ဆည်းပူးထားခြင်း၊ စိတ်ကောင်းထား၍ အာရုံကောင်းရရန်အတွက် ဘုရားဂုဏ်တော် တစ်ပါးပါးကိုလည်းကောင်း၊ နမောတဿ စသည်ကိုလည်းကောင်း၊ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ စသည်တို့ကိုလည်းကောင်း၊ မိမိနှစ်သက်ရာ တရားတော်တစ်ခုခုကို အမြဲတစေ အာရုံပြုမိရန် လေ့ကျင့်ထားရပါမည်။
ဗုဒ္ဓ၏ တရားတော်အရ ကောင်းမြတ်သော ဘုံဘ၀နှင့် ဒုက္ခခပ်သိမ်းကင်းငြိမ်းသည့် နိဗ္ဗာန်ချမ်းသာသို့ ရောက်ရန်အတွက် ကံလမ်း၊ ဈာန်လမ်း၊ ဉာဏ်လမ်းဟူ၍ လမ်းသုံးသွယ် ရှိပါသည်။ ကံလမ်းသည် ဒါနပြုခြင်း၊ သီလဆောက်တည်ခြင်း ကုသိုလ်များဖြစ်သည်။ ဤကုသိုလ်ကံများသည် လူ့ပြည်နှင့် နတ်ပြည်(၆)ထပ်သို့ ရောက်ရန် အထောက်အပံ့ကောင်းများ ဖြစ်ပါသည်။ ဈာန်လမ်းသည် သမထဘာဝနာကို ဈာန်သမာဓိရသည်အထိ ပွားများအားထုတ်ခြင်းဖြစ်သည်။ ယင်းကုသိုလ်တို့သည် ဗြဟ္မာဘုံ (၂၀)သို့ ရောက်စေပါသည်။ ဤလမ်းနှစ်မျိုးလုံးသည် ကောင်းမှုအရှိန်ကုန်သောအခါ အပါယ်လေးပါးသို့ ပြန်၍ ကျရောက်နိုင်ပါသည်။ သံသရာဝဋ်ဆင်းရဲမှ မလွတ်မြောက်နိုင်ပါ။ (၃၁)ဘုံတွင် အဖန်ဖန် အထပ်ထပ်ပြန်၍ ကျင်လည်ကြရပါသည်။ ဤကံလမ်းနှင့် ဈာန်လမ်းတို့သည် သာသနာပအခါတွင်လည်း ကျင့်ကြံနိုင်ကြသော အကျင့်ကောင်းများ ဖြစ်ပါသည်။
ဉာဏ်လမ်းသည် ၀ိပဿနာတရားများ ပွားများအားထုတ်ခြင်းဖြစ်သည်။ ၀ိပဿနာဉာဏ်စဉ် အဆင့်ဆင့် ရင့်ကျက်လာသောအခါ မိမိတို့၏ ပါရမီအားလျော်စွာ အပါယ်တံခါးပိတ်သည့် သောတာပန်အဖြစ်မှ ရဟန္တာအထိဖြစ်နိုင်ပြီး နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ပါသည်။ သောတာပန်ဖြစ်ပါက အလွန်ဆုံး(၇)ဘ၀သာ သံသရာ၌ ကျင်လည်ရပါမည်။ ရဟန္တာဖြစ်ပါက လောကသံသရာမှ အပြီးတိုင် လွတ်မြောက်သွားပါမည်။ ဤ ၀ိပဿနာအကျင့်ကောင်း ဉာဏ်လမ်းသည် သာသနာထွန်းရာအရပ် သာသနာထွန်းရာ ကာလတွင်သာ ကျင့်ကြံနိုင်ကြပါသည်။
ဤလမ်းသုံးသွယ်ကို ကျင့်ကြံနိုင်ရန် လူ့ဘ၀တွင်သာလျှင် အခွင့်အလမ်း များပြားပါသည်။ ဘ၀အမျိုးမျိုးတို့တွင် လူ့ဘ၀သည်သာ အကောင်းမွန်ဆုံး၊ ကုသိုလ်ကောင်းမှု အပြုနိုင်ဆုံး နေရာဖြစ်သည်။ နတ်ဘုံ၊ ငရဲဘုံနှင့် တိရစ္ဆာန်ဘုံတို့သည် ချမ်းသာစင်စစ်၊ ဆင်းရဲစင်စစ်နှင့် ဆင်းရဲများပြားသောကြောင့် ဒါန၊ သီလ ကုသိုလ်ကောင်းမှုတို့ ပြုခွင့်ကိုရရှိရန် မလွယ်ကူပေ။ သူတော်ကောင်း ပုဂ္ဂိုလ်တို့နှင့် တွေ့ဆုံနိုင်ခွင့်လည်း နည်းပါးပါသည်။ လူ့ဘုံသည်၊ နတ်ဘုံကဲ့သို့ ချမ်းသာအတိ ခံစားရသည်လည်းမဟုတ်။ ငရဲဘုံကဲ့သို့လည်း ဆင်းရဲအတိ ခံစားရသည်လည်းမဟုတ်ပေ။ တိရစ္ဆာန်ဘုံကဲ့သို့လည်း ဆင်းရဲမှုများပြားလှသည် မဟုတ်ပေ။ ချမ်းသာမှုများပြားသော ဘုံဖြစ်သည်။ ချမ်းသာမှုကို မှီ၍ ဒါန၊ သီလ၊ ဘာဝနာစသော ကုသိုလ်ကောင်းမှုတို့ကို ပြုလုပ်နိုင်ကြပေသည်။ ဆင်းရဲ ဒုက္ခနှင့် မကင်းသောကြောင့် ထိုဆင်းရဲကိုမှီ၍ပင် ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါး၌ ယုံကြည်မှု သဒ္ဓါတရားဖြစ်ပွားရသည်။ ထိုဆင်းရဲတို့ကပင် ကောင်းမှုကုသိုလ်များကို ပြုလုပ်ရန် အထောက်အကူပြုပါသည်။
ထို့ကြောင့် လူ့ဘုံလူ့လောကသည် နတ်ပြည်၊ ဗြဟ္မာပြည်၊ နိဗ္ဗာန်ချမ်းသာတို့ကို ရရှိနိုင်သောနေရာဖြစ်သည်။ နတ်တို့၏ ချမ်းသာ စည်းစိမ်တန်ခိုးတေဇာတို့သည် များသောအားဖြင့် လူ့ပြည်လူ့လောကမှ ကုသိုလ်များပင်ဖြစ်သည်။ ထိုစည်းစိမ်တို့ကို နတ်ပြည်မှ ဖန်တီး၍မရပေ။ ရှိပြီးစည်းစိမ် တန်ခိုးမျှကိုပင် တိုးပွားသစ်လွင်လာရန် လုပ်ဆောင်ခြင်းငှာ မလွယ်ကူပေ။ လူ့ဘုံလူ့လောကသည်သာ နတ်ပြည်၊ ဗြဟ္မာပြည်၏ စည်းစိမ်ချမ်းသာကိုရစေသသော ကုသိုလ်များ၊ နေ့ညမရွေး လုပ်ဆောင်နိုင်၍ မိမိတို့၏ ကုသိုလ်အားလျော်စွာ နတ်ပြည်၊ ဗြဟ္မာပြည်သို့ အချိန်မရွေး ကူးပြောင်းနိုင်ကြပါသည်။ ယခုအချိန်သည် သာသနာတွင်းအခါဖြစ်၍ နိဗ္ဗာန်ချမ်းသာတိုင်အောင် ရရှိနိုင်ရန် ၀ိပဿနာတရားများလည်း ပွားများအားထုတ်နိုင်ကြပါသည်။ ယခုတစ်ဘ၀၊ ဂတိကောင်းရန်အတွက်သာ မဟုတ်ဘဲ၊ တစ်သံသရာလုံး ဘ၀ကောင်းရန်အတွက်၊ သံသရာမှ လွတ်မြောက်ရန်တို့အတွက် ရည်မှန်း၍ မိမိအလိုရှိရာအတိုင်း ကုသိုလ်တရားများကို ပွားများအားထုတ်၍ “သေခြင်းကောင်းသောဘ၀၊ လားရာကောင်းသော ဂတိ”ကို ရရှိနိုင်ကြပါစေ။ စာရေးသူသည်လည်း သေခြင်းကောင်းသောဘ၀၊ လားရားကောင်းသော ဂတိ ကို ရနိုင်ပြီး သံသရာမှ အမြန်လွတ်မြောက်ရပါလို၏ဟု ဆန္ဒပြုကာ ဤစာအုပ်အား နိဂုံးချုပ်အပ်ပါသည်။
ဒေါ်အေးမြင့် (မဟာဝိဇ္ဇာ)
အလုံးစုံသော အလှူတို့တွင် တရားအလှူသည် အမြတ်ဆုံးဖြစ်ပေသည်။
Subscribe to:
Posts (Atom)