Pages
Friday, May 11, 2012
သေမယ်ဆိုတာ အစကကြိုသိခဲ့ရင်
   သေခြင်းတရားကို ကိုယ်နဲ့အဝေးကြီးလို့ သဘောထားရင် သတိသံဝေဂ အားနည်းသွားတတ်ပါတယ်။ သတိသံဝေဂ အားနည်းရင် လူသားတိုင်း မလုပ်မဖြစ်လုပ်ရမယ့် အပ္ပမာဒလုပ်ငန်းတွေမှာ ခြေလှမ်းကျဲနေတတ်ပါတယ်။
    အပ္ပမာဒလုပ်ငန်းဆိုတာ အမြဲမမေ့သင့်တဲ့ လုပ်ငန်းလို့ အဓိပ္ပါယ်ရပါတယ်။ တစ်ခါတစ်ရံ သတိရမှ လုပ်ရမယ့် လုပ်ငန်းမဟုတ်ပါဘူး။ အမြဲသတိတရ လုပ်နေရမယ့် လုပ်ငန်းပါ။
    အပ္ပမာဒလုပ်ငန်းက လေးမျိုးရှိပါတယ်။ ဒါနအပ္ပမာဒ၊ သီလအပ္ပမာဒ၊ သမထအပ္ပမာဒနဲ့ ၀ိပဿနာအပ္ပမာဒတို့ဖြစ်ပါတယ်။
    ဒါနအပ္ပမာဒဆိုတာ အမြဲသတိတရမမေ့တမ်း ပြုလုပ်ရမယ့် ပေးကမ်းမှု၊ စွန့်ကြဲမှု၊ လှူဒါန်းမှုလုပ်ငန်းဖြစ်ပါတယ်။
    သီလအပ္ပမာဒဆိုတာ အမြဲသတိတရ မမေ့တမ်း ပြုလုပ်ရမယ့် ကိုယ်နှုတ်စောင့်ထိန်းမှု၊ ကိုယ်ကျင့်တရား ကောင်းမွန်စေမှုလုပ်ငန်း ဖြစ်ပါတယ်။
    သမထအပ္ပမာဒဆိုတာ အမြဲသတိတရ မမေ့တမ်းပြုလုပ်ရမယ့် စိတ်တည်ငြိမ်မှု၊ စိတ်စူးစိုက်မှု လုပ်ငန်းဖြစ်ပါတယ်။
    မှတ်သားရလွယ်ကူအောင် တစ်နည်းပြောရရင်တော့ .......
    ဒါနအပ္ပမာဒဆိုတာ ..... စွန့်လွှတ်မှုလုပ်ငန်း၊
    သီလအပ္ပမာဒဆိုတာ ...... စောင့်ထိန်းမှုလုပ်ငန်း၊
    သမထအပ္ပမာဒဆိုတာ ...... စူးစိုက်မှုလုပ်ငန်း၊
    အပ္ပမာဒလုပ်ငန်းဆိုတာ ဒီ “စ လေးလုံးလုပ်ငန်း”ပါပဲ။
    ဒါနဆိုတာ ကိုယ်ပိုင်ဆိုင်တဲ့ ပစ္စည်း၊ ကိုယ်ပိုင်နိုင်တဲ့ အခွင့်အရေးကို ငြိတွယ်မှုကင်းစွာ အာလယပြတ် စွန့်လွှတ်ရတဲ့အလုပ်ဖြစ်လို့ ဒါနလုပ်ငန်းကို “စွန့်လွှတ်မှုလုပ်ငန်း” လို့ခေါ်ပါတယ်။
    သီလဆိုတာ ကိုယ်လွန်ကျူးမှု၊ နှုတ်လွန်ကျူးမှု နှစ်ပါး မဖြစ်ပွားအောင် ကိုယ်နဲ့နှုတ် (ကာယကံနဲ့ ၀စီကံ)ကို စောင့်ထိန်းရတဲ့ အလုပ်ဖြစ်လို့ သီလလုပ်ငန်းကို “စောင့်ထိန်းမှုလုပ်ငန်း”လို့ခေါ်ပါတယ်။
    သမထဆိုတာ ဂုဏ်တော်အာရုံ၊ မေတ္တာအာရုံ၊ ကသိုဏ်းအာရုံ စတဲ့ အလိုရှိရာ အာရုံတစ်ခုခုမှာ ငြိမ်ဝပ်တည်နေအောင် စူးစိုက်ရတဲ့ အလုပ်ဖြစ်လို့ သမထလုပ်ငန်းကို “စူးစိုက်မှုလုပ်ငန်း” လို့ခေါ်ပါတယ်။
    ဒီ အပ္ပမာဒလုပ်ငန်း (စ-လေးလုံးလုပ်ငန်း)ဟာ လူသားတိုင်း မလုပ်မဖြစ် အမြဲလုပ်ရမယ့် လုပ်ငန်းတွေ ဖြစ်ပါတယ်။ လူသားတိုင်းရဲ့ “မေ့မဖြစ်လုပ်ငန်း”တွေပါ။
    သံသရာက လွတ်မြောက်ချင်သူတွေအတွက်လည်း ဒီလုပ်ငန်း လေးမျိုးဟာ မလုပ်မဖြစ်တဲ့ မေ့မဖြစ် လုပ်ငန်းတွေဖြစ်ပါတယ်။ သံသရာက လုံးဝ မလွတ်မြောက်ချင်၊ သံသရာထဲမှာပဲ အဆုံးမရှိပျော်မွေ့ချင်တဲ့သူတွေအတွက်လည်း ဒီလုပ်ငန်းလေးမျိုးက မလုပ်မဖြစ်တဲ့ မေ့မဖြစ်လုပ်ငန်းတွေဖြစ်ပါတယ်။
    မေ့မဖြစ်လုပ်ငန်းလေးမျိုးကို အမြဲမမေ့လုပ်နေမှသာ သံသရာက လွတ်မြောက်ချင်သူတွေကလည်း အမြန်ဆုံး လွတ်မြောက်ခွင့် ရပါလိမ့်မယ်။ သံသရာမှာ ပျော်မွေ့ချင်သူကလည်း သံသရာမှာ အထက်တန်းကျကျ၊ အဆင့်အတန်းမြင့်မြင့်၊ အပူအပင်ကင်းကင်း ပျော်မွေ့ခွင့်ရပါလိမ့်မယ်။
    ဒါကြောင့် ဒီအပ္ပမာဒလုပ်ငန်း၊ စ-လေးလုံးလုပ်ငန်းဟာ သံသရာမှ လွတ်ချင်သူ၊ မလွတ်ချင်သူ အားလုံးရဲ့ မေ့မဖြစ်လုပ်ငန်းတွေ ဖြစ်ပါတယ်။
    မေ့မဖြစ်လုပ်ငန်းတွေကို မေ့ပစ်နေကြတာ၊ လုံးဝမေ့မပစ်တောင် တစ်ရံတစ်ခါမှ သတိရနေကြတာဟာ သေခြင်းတရားကို ကိုယ်နဲ့ ဘာမှမသက်ဆိုင်သလို သဘောထားနေကြလို့ပါပဲ။ သေခြင်းတရားနဲ့ ကိုယ်နဲ့ တစ်ကမ္ဘာစီ ခြားနေတယ်၊ အဝေးကြီးပဲလို့ အထင်ရောက်နေကြလို့ပါပဲ။
    ငါသေဖို့ အဝေးကြီးလိုပါသေးတယ်၊ ငါမသေနိုင်သေးပါဘူး၊ ငါဘယ်တော့မှ သေမှာမဟုတ်ပါဘူးလို့ ထင်မြင်ယူဆနေတဲ့သူဟာ အပ္ပမာဒလုပ်ငန်းတွေနဲ့ ရှောင်ခွာ ရှောင်ခွာလုပ်နေမှာ သေချာပါတယ်။ သေခြင်းတရားနဲ့ ဝေးနေတဲ့သူဟာ မသေခြင်းတရားနဲ့လည်း ဝေးနေဦးမှာပါပဲ။
    လောကမှာ ကိုယ်က မသွားဘဲ သူ့အလိုလို နီးလာတဲ့အရာဟာ သေခြင်းတရား ဖြစ်ပါတယ်။
    သေခြင်းတရာကို ကိုယ်နဲ့ အနီးဆုံးလို့ သဘောထားမယ်ဆိုရင် သတိသံဝေဂ အားကောင်းလာတတ်ပါတယ်။ သတိသံဝေဂအားကောင်းလာရင် လူသားတိုင်း မလုပ်မဖြစ်လုပ်ရမယ့် အပ္ပမာဒလုပ်ငန်း (မေ့မဖြစ်လုပ်ငန်း)တွေမှာ ခြေလှမ်းစိပ်၊ ခြေလှမ်သွက်လာရစမြဲပါပဲ။
    သေခြင်းတရားကို ကိုယ့်ရဲ့ အနီးကပ်ဆုံးမိတ်ဆွေအဖြစ် လက်ခံလိုက်တာနဲ့တစ်ပြိုင်နက် ကိုယ့်စိတ်၊ ကိုယ့်ဘ၀ဟာ အလုပ်ကောင်း၊ အလုပ်မှန်တွေနဲ့ တစ်သားတည်း ဖြစ်သွားပါတယ်။
    အချိန်ပိုင်းအတွင်း သေရတော့မယ်လို့ သေချာပေါက်သိနေတဲ့ လူတစ်ယောက်ဟာ ကောင်းရာကောင်းကြောင်းအလုပ်တွေမှာပဲ စိတ်ညွတ်ထားတော့မှာပါ။
    တကယ်သေရတော့မယ့် အခြေအနေမျိုးကျမှ (သေပေါက်သေ၀ကျမှ) သေခြင်းတရားကို လက်ခံမိရင်တော့ အလုပ်ကောင်း၊ အလုပ်မှန်တွေလုပ်ဖို့ အချိန်နှောင်းသွားပါပြီ။ အချိန်နည်းသွားပါပြီ။
    တကယ်မသေရသေးခင် ဟိုအဝေးကြီးကတည်းက သေခြင်းတရားကို လက်ခံထားမယ်ဆိုရင်တော့ အလုပ်ကောင်း၊ အလုပ်မှန်တွေ လုပ်ဖို့ အချိန်တွေ အများကြီးရပါတယ်။ လမ်းဆုံးပန်းတိုင်ထိလည်း ရောက်သွားနိုင်ပါတယ်။
    သေခြင်းတရားကို ကိုယ့်အနီးအနားမှာ လက်သပ်မွေးမြူထားခြင်းဟာ ကိုယ့်ဘ၀ရဲ့ လောကီ၊ လောကုတ္တရာ တိုးတက်ကြီးပွားခြင်းအကြောင်းပါပဲ။ သေခြင်းတရားနဲ့ နီးတဲ့သူဟာ မသေခြင်းတရားနဲ့လည်း နီးနေပါပြီ။
    မြတ်စွာဘုရားရှင်လက်ထက်တုန်းက သာဝတ္ထိမြို့အနီး မြစ်တဖက်ကမ်းမှာ ကုန်သည်ကြီးတစ်ယောက် နောက်ပါလှည်းငါးရာနဲ့အတူ လှည်းဝိုင်းဖွဲ့ပြီးစတည်းချနေထိုင်ခဲ့ဖူးပါတယ်။
    သာဝတ္ထိမြို့နဲ့ မိုင်းပေါင်းများစွာဝေးကွာတဲ့ ဗာရာဏသီမြို့ကနေ လှည်းငါးရာအပြည့် အထည်အလိပ်တွေ တင်ပြီး သာဝတ္ထိမြို့ရဲ့ ခုနစ်ရက်ကြာ ကျင်းပတဲ့ နက္ခသဘင်ပွဲမှာ ရောင်းဝယ်ဖောက်ကားဖို့ ထွက်လာခဲ့တာပါ။
    သာဝတ္ထိမြို့ရောက်လုနီး ..... မြစ်တစ်ခုနား အရောက်မှာတော့ မနက်ဖြန်မှ သာဝတ္ထိဘက် ကူးမယ်ဆိုပြီး မြစ်ကမ်းအနီးမှာ လှည်းတွေ ချွတ်၊ လှညးဝိုင်းဖွဲ့ပြီး တစ်ညတာ စခန်းချ နားနေခဲ့ပါတယ်။
    ညဘက်ရောက်တော့ မမျှော်လင့်ဘဲ မိုးကြီးသည်းထန်စွာ ရွာသွန်းလိုက်တဲ့အတွက် မြစ်ရေတရကြမ်း စီးဆင်းပြီး မြစ်ရေကြီး၊ မြစ်ရေလျှံသွားခဲ့ပါတယ်။
    ခုနစ်ရက်လုံးလုံး ရေမကျတဲ့အတွက် သာဝတ္ထိဘက် ကူးလို့မရ ဖြစ်သွားပါတယ်။ ခုနစ်ရက်လွန်လို့ မြစ်ရေလည်း ကူးလို့ရရော၊ သာဝတ္ထိမြို့က နက္ခတ်သဘင်ပွဲလည်း ပြီးရောဆိုတော့ ကုန်သည်ကြီးမှာ အခက်တွေ့ရပါတော့တယ်။
    ထွက်လာခဲ့တဲ့ ခရီးက ဝေးလံလွန်းလှတဲ့အတွက် အထည်အလိပ်တွေ ပြန်သယ်သွားရင် အပြန်ခရီးမှာ အချိန်လည်း ကြာ၊ လူလည်းပန်း၊ စရိတ်လည်းထောင်းမှာမို့ ဗာရာဏသီ မပြန်တော့ဘဲ ဒီလှည်းဝိုင်းမှာပဲ စခန်းချနေထိုင်ရင်း အထည်တွေ တဖြည်းဖြည်းကုန်အောင်ရောင်းတော့မယ်၊ နွေရော၊ မိုးရော၊ ဆောင်းရော ဒီနေရာမှာပဲ နေတော့မယ်၊ တစ်နှစ်လုံး ဒီမှာနေ၊ ဒီမှာစီပွားရေးလုပ်ပြီးမှ ဗာရာဏသီပြန်တော့မယ်လို့ ကုန်သည်ကြီးကဆုံးဖြတ်လိုက်ပါတယ်။
    အဲဒီလို ဆုံးဖြတ်လိုက်တဲ့အချိန်မှာ မြတ်စွာဘုရားရှင်က သာဝတ္ထိမြို့တွင်း ဆွမ်းခံကြွနေပါတယ်။
    ကုန်သည်ကြီးရဲ့ စိတ်အကြံကို သိတော်မူတဲ့အတွက် မြတ်စွာဘုရားရှင်က ပြုံးတော်မူတယ်။ နောက်ထပ်ခုနစ်ရက်သာ အသက်ရှင်တော့မယ့်သူက တနှစ်ပတ်လုံး သာဝတ္ထိမှာနေဖို့ ကြံစည်နေပါလား ဆိုတဲ့ အသိနဲ့ ပြုံးတော်မူခြင်းပါပဲ။
    ပြုံးရခြင်းအကြောင်း အရှင်အာနန္ဒာကို ပြောပြတော့ အရှင်အာနန္ဒာက မြတ်စွာဘုရားထံ ခွင့်ပန်ပြီး ကုန်သည်ကြီးရှိရာ လှည်းဝိုင်းကို ဆွမ်းခံကြွတော်မူပါတယ်။
    ဆွမ်းလောင်းလာတဲ့ ကုန်သည်ကြီးကို “အသက်ရဲ့ အန္တရာယ်ဆိုတာ သိဖို့မလွယ်ကြောင်း၊ အချိန်မရွေး၊ နေရာမရွေးမှာ အရွယ်မရွေး သေသွားနိုင်တဲ့အတွက် မသေခင်ကိုယ်ပိုင်တဲ့လောလောလတ်လတ် အချိန်ပိုင်းကလေးမှာ ဒါန၊ သီလ၊ သမထ၊ ၀ိပဿနာဆိုတဲ့ အပ္ပမာဒလုပ်ငန်းကြီးလေးရပ်ကို မမေ့မလျော့ ပြုသင့်ကြောင်း” အရှင်အာနန္ဒာက မိန့်ကြားတော်မူပါတယ်။
    “နောက်ခုနစ်ရက်ပြည့်ရင် ဘ၀တစ်ပါး ပြောင်းသွားရတော့မယ်လို့ မြတ်စွာဘုရားမိန့်တော်မူကြောင်း” ကိုပါ ပြောပြလိုက်တဲ့အတွက် ကုန်သည်ကြီးခမျာ သတိသံဝေဂ အကြီးအကျယ် ရသွားပါတယ်။ ကိုယ့်ရဲ့ သေခြင်းတရားကို ကိုယ့်ရဲ့ အနီးအနားမှာ တွေ့မြင်လိုက်ရတော့ သတိသံဝေဂ အားကောင်းသွားတာပေါ့။
    သေခြင်းတရားကြောင့် အင်အားကြီးမားစွာ ဖြစ်ထွန်းလာတဲ့ သတိသံဝေဂကို အခြေခံပြီး ကုန်သည်ကြီးဟာ အပ္ပမာဒလုပ်ငန်းကြီး လေးရပ်ကို ခြေလှမ်းသွကသွက် အရှိန်ပြင်းပြင်း ပြုလုပ်အားထုတ်ပါတယ်။
    ဘုရားအမှူးရှိတဲ့ သံဃာတော်တွေကို ခုနစ်ရက်တိုင်တိုင် ဆွမ်းအလှူတွပေး၊ သီလတွေဆောက်တည်ကျင့်သုံး၊ သမထ၊ ၀ိပဿနာ၊ ဘာဝနာတရားတွေပွားများနဲ့ အပ္ပမာဒလုပ်ငန်းကြီး လေးရပ်ကို ဇယ်ဆက်သလို အကွက်စေ့စေ့ အားထုတ်လိုက်တာ ခုနစ်ရက်ပြည့်တဲ့နေ့မှာ သောတာပန် အရိယာပုဂ္ဂိုလ် ဖြစ်သွားခဲ့ပါတယ်။
    “အသိဉာဏ်ကင်းမဲ့တဲ့ ပုဂ္ဂိုလ်တွေဟာ အချိန်မရွေး၊ နေရာမရွေးမှာ အရွယ်မရွေး သေသွားနိုင်တယ်ဆိုတဲ့ အသက်ရဲ့ အန္တရာယ်ကို မသိမမြင် မဆင်ခြင်နိုင်တဲ့အတွက် .....
    ဒီနေရာမှာပဲ မိုးလေးလပတ်လုံးနေမယ်၊ ဒီနေရာမှာပဲ ဆောင်းလေးလပတ်လုံးနေမယ်၊ ဒီနေရာမှာပဲ နွေလေးလပတ်လုံးနေမယ်၊ ဒီနေရာမှာပဲ တစ်နှစ်ပတ်လုံးနေမယ်လို့ လွဲမှားစွာ ကြံစည် ဆုံးဖြတ်တတ်ကြပါတယ်။”
    အဲဒီ မြတ်စွာဘုရားတရားကိုနာကြားရင်း သတိပဋ္ဌာန် ၀ိပဿနာတရား ပွားများအားထုတ်လိုက်လို့ သောတာပန်ဖြစ်သွားခဲ့တာပါ။
    တရားအဆုံး သောတာပန်ဖြစ်ပြီးတဲ့နောက် မြတ်စွာဘုရားနဲ့ သံဃာတော်တွေကို လိုက်ပို့ပြီး လှည်းဝိုင်း ကိုယ့်နေရာကိုယ်ပြန်အရောက် ခေါင်းမူးတယ်ဆိုပြီး အိပ်ရာပေါ် လှဲအိပ်လိုက်တာ လှဲအိပ်နေရင်းပဲ ဘ၀တစ်ပါးပြောင်းသွားခဲ့ပါတယ်။
    အပ္ပမာဒလုပ်ငန်းတွေကို ပြည့်စုံပြီးမြောက်အောင် အားထုတ်လုပ်ဆောင်ခဲ့တဲ့အတွက် သေလွန်တဲ့အခါ တုသိတာနတ်ပြည်ကို လားရောက်ခဲ့ရပါတယ်။
    တုသိတာနတ်ပြည်ရောက်ရတဲ့ လောကီအကျိုး၊ သောတာပန်ဖြစ်ရတဲ့ လောကုတ္တရာအကျိုးတွေဟာ သေခြင်းတရားကို အနီးကပ် သတိရလိုက်မိခြင်းရဲ့ အကျိုးတရားတွေပါပဲ။
    ခုနစ်ရက်ပြည့်ရင် သေရမယ်ဆိုတာသာ အစကကြိုမသိခဲ့ရင် ကြိုသိပေမယ့်လည်း မသေခင်လုပ်ရမယ့် အလုပ်ကို မှန်မှန်ကန်ကန် မဆုံးဖြတ်တတ်ခဲ့ရင် ဆုံးဖြတ်တတ်ပေမယ့်လည်း တကယ့်လက်တွေ့ အလုပ်မလုပ်ဖြစ်ခဲ့ရင် အခုလို လောကီ၊ လောကုတ္တရာကောင်းကျိုးတွေရလာမှာ မဟုတ်ပါဘူး။
    လူတိုင်းလူတိုင်း ကုန်သည်ကြီးလို သေခြင်းတရားကို ကိုယ်နဲ့ အနီးကပ်ဆုံးနေရာမှာ ထားပြီးရှုမြင်ဆင်ခြင်နိုင်ခဲ့မယ်ဆိုရင် အံသြဖွယ်ကောင်းလောက်အောင် လောကီ၊ လောကုတ္တရာ ကောင်းကျိုးတွေရလာမှာ သေချာပါတယ်။
    သေခြင်းတရားကို ကြိုတွေးခြင်း၊ ကြိုသိခြင်းဟာ လောကီ၊ လောကုတ္တရာ အဖိုးတန်ရတနာသိုက်တွေကို အမြန်ဆုံး တူးဖေါ်ပေးမယ့် အကောင်းဆုံးလက်နက်ပါပဲ။
သေချိန်ကိုကြိုသိစေနိုင်သော အာနပါနသတိပဋ္ဌာန်
    ကိုယ်သေရမယ့်အချိန်ကို ကြိုတင်ပြီး အတိအကျ သိရခြင်းဟာ ကိုယ့်အတွက် လောကီဘက်မှာရော၊ လောကုတ္တရာဘက်မှာပါ တန်ဖိုးမဖြတ်နိုင်ပါဘူး။
    မလွေမသွေ ရင်ဆိုင်ကြုံတွေ့ရမယ့် အခက်အခဲတစ်ခုအတွက် ကြိုတင်ပြင်ဆင်ခွင့်ရမယ်၊ ကြိုတင်ပြင်ဆင်ထားနိုင်မယ်ဆိုရင် ဒီအခက်အခဲကို အလွယ်တကူနဲ့ သက်သက်သာသာ ကျော်လွှားနိုင်မှာပါ။ သေမှာကိုကြိုသိရင် သေဖို့အတွက် ကြိုတင်ပြင်ဆင်နိုင်တာပေါ့။ အကောင်းဆုံးသေခြင်းနဲ့ သေခွင့်ရအောင် လေ့ကျင့်ထားနိုင်တာပေါ့။
    “သေခြင်းတရားဘယ်အချိန်မှာလာမလဲ၊ ကိုယ့်ဘက်ကတော့ သေဖို့အဆင်သင့်ပဲလို့” ကြွေးကြော်နိုင်ဖို့အတွက် သေခြင်းတရားကို ကြိုတင်လက်ခံထားဖို့ လိုအပ်ပါတယ်။ သေခြင်းတရားကို ကြိုတင်လက်ခံထားပြီးတာနဲ့ တစ်ပြိုင်နက် သေဖို့ အဆင်သင့်ဖြစ်စေမယ့် အလုပ်တွေကို မမေ့မလျော့ ပြုလုပ်အားထုတ်ရပါမယ်။
    သေခြင်းတရားက အပြီးတိုင်လွတ်မြောက်စေနိုင်မယ့်အလုပ်၊ အသေလွတ်ကြောင်း အလုပ်တွေကို လုပ်ထားနိုင်ရင်တော့ အကောင်းဆုံးပါပဲ။
    အသေလွတ်ကြောင်းအလုပ်ကို ဆုံးခန်းတိုင်ရောက် ကိစ္စပြီးမြောက်အောင် လုပ်ထားနိုင်သူအတွက်တော့ သေခြင်းတရားဟာ ထိတ်လန့်တုန်လှုပ်စရာ မဟုတ်ပါဘူး။ ပြုံးပျော်ကြည်နူးစရာပါ။
    မသိခြင်းငါးပါနဲ့ အသက်ရှင်နေရတဲ့ လူသားတွေအတွက် ကိုယ်သေရမယ့်အချိန်ကို ကြိုတင်ပြီး အတိအကျသိဖို့ဆိုတာ အင်မတန်ခက်ခဲတဲ့ ကိစ္စရပ်ကြီးဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီ အခက်အခဲဆုံး ကိစ္စကို အလွယ်တကူ သိနိုင်တဲ့ နည်းလမ်းရှိပါတယ်။ အဲဒါကတော့ အာနပါနကမ္မဋ္ဌာန်း အားထုတ်ခြင်းပါပဲ။
    အာနပါနသတိပဋ္ဌာန်တရား ပွားများအားထုတ်လို့ ရဟန်းကိစ္စပြီးမြောက်သွာတဲ့ ရဟန္တာပုဂ္ဂိုလ်မြတ်များဟာ မိမိတို့ ပရိနိဗ္ဗာန်ပြုရမယ့် အချိန်အခါကို မိနစ်၊ စက္ကန့်မလွဲ အတိအကျ ကြိုတင်သိမြင်နိုင်ပါတယ်။
    အာနပါနကမ္မဋ္ဌာန်းမှ တစ်ပါးသော အခြားကမ္မဋ္ဌာန်းတွေနဲ့ ပေါက်မြောက်သွားတဲ့ ရဟန္တာပုဂ္ဂိုလ်တွေကတော့ ပရိနိဗ္ဗာန်ပြုရမယ့် အချိန်ကို ကြိုသိဖို့မသေချာပါဘူး။ သိတဲ့ပုဂ္ဂိုလ်လည်းရှိသလို မသိတဲ့ပုဂ္ဂိုလ်လည်းရှိပါတယ်။ မသိတဲ့ပုဂ္ဂိုလ်က ပိုများပါတယ်။ အာနပါနကမ္မဋ္ဌာန်းပိုင်ရှင်ကတော့ အဲဒီလို မဟုတ်ပါဘူး။ သေချာပေါက် သိကိုသိပါတယ်။
    ရဟန္တာပုဂ္ဂိုလ်ဆိုတာ အသာထားလိုက်ပါဦး။ အာနပါနသတိပဋ္ဌာန်ကို အထိုက်အလျောက် ပေါက်မြောက်အောင် ပိုင်ပိုင်နိုင်နိုင် အားထုတ်ထားတဲ့ ပုထုဇဉ်ယောဂီပုဂ္ဂိုလ်တွေတောင်မှ ကိုယ်သေရမယ့်အချိန်ကို ကြိုတင်ပြီး အတိအကျ သိနိုင်ကြပါတယ်။ တချို့လည်း အနီးစပ်ဆုံး သိနိုင်ကြပါတယ်။
    ကြိုတင်သိကြတဲ့အတွက် ကိုယ့်အလောင်းကိုယ် ကြိုတင်ပြင်ဆင်သွားသူတွေ၊ ကြိုတင်စီမံပြောကြားသွားသူတွေ မရေမတွက်နိုင်အောင်ရှိပါတယ်။ သေခါနီးမှာ ကိုယ့်ဘာသာကိုယ် ရေမိုးချိုး၊ အ၀တ်အစားအသစ်လဲ၊ အသုဘမှာ လှူဖို့ မှာကြားပြီး ပြုံးပြုံးလေး သေသွားသူတွေ အများကြီးပါပဲ။
    တစ်ခါတုန်းက သီဟိုဠ်ကျွန်း၊ စိတ္တလတောင်မှာ သီတင်းသုံးတဲ့ မထေရ်ကြီးတစ်ပါး လပြည့်ဥပုသ်နေ့တစ်ခုမှာ သံဃဥပုသ်ပြုပြီး ကိုယ့်ကျောင်းမှာကိုယ် သံဃာအများနဲ့ ခြံရံသီတင်းသုံးနေပါတယ်။
    ကောင်းကင်ထက်က လရောင်ကို မော်ကြည့်ရင်း မိမိရဲ့ သက်တမ်းအကြွင်းအပိုင်းအခြားကို ဆင်ခြင်နှလုံးသွင်းနေရာက တပည့်သံဃာများဘက် ပြန်လှည့်ပြီးတော့ ခုလိုမိန့်ကြားတော်မူလိုက်ပါတယ်။
    “ငါ့ရှင်တို့ ......၊ သင်တို့ ဘယ်လိုပုံစံမျိုးနဲ့ ပရိနိဗ္ဗာန်ပြုတာကို မြင်ဖူးကြသလဲ”
    ဒီလိုမေးလိုက်တော့ တစ်ချို့တပည့်တွေက “နေရာထိုင်လျက် ပရိနိဗ္ဗာန် ပြုတာကို မြင်ဖူးပါတယ်ဘုရား”၊ တချို့တပည့်တွေက ..... “ကောင်းကင်မှာ တင်ပျဉ်ခွေလျက် ပရိနိဗ္ဗာန်ပြုတာကို မြင်ဖူးပါတယ်ဘုရား” စသည်အားဖြင့် ကိုယ်မြင်တွေ့ဖူးတဲ့ ပရိနိဗ္ဗာန်ပြုပုံတွေကို အသီးသီး လျှောက်ထားကြပါတယ်။
    “စင်္ကြံလျှောက်လျက်နဲ့ ပရိနိဗ္ဗာန်ပြုတာကိုရော မြင်ဖူးကြသလား” လို့မေးတော့ ..... လုံးဝ မမြင်ဖူးသေးကြောင်း တပည့်သံဃာအားလုံး လျှောက်ထားကြပါတယ်။
    ကောင်းပြီ ငါ့ရှင်တို့ ...... ဒါဖြင့် သင်တို့ကို စင်္ကြံလျှောက်ရင်း ပရိနိဗ္ဗာန်ပြုတာကို ငါ အခုပြမယ် .....လို့ မိန့်ကြားတော်မူပြီး စင်္ကြံလျှောက်တဲ့လမ်း(စင်္ကြံလမ်း)ရဲ့ တစ်နေရာမှာ မျဉ်းကြောင်းတစ်ခု တားလိုက်ပါတယ်။
    “ငါ့ရှင်တို့ ကြည့်ကြနော်၊ ငါ စင်္ကြံလမ်းရဲ့ ဒီဘက်ထိပ်ကနေ ဟိုဘက်ထိပ်အရောက် ကြွပြီး ပြန်လှည့်လာမယ်၊ ဟောဒီ မျဉ်းတားထားတဲ့နေရာရောက်ရင် ရောက်ရောက်ချင်း ပရိနိဗ္ဗာန်ပြုမယ်“။
    အဲဒီလို မိန့်ကြားတော်မူပြီး တပည့်သံဃာများရဲ့ ရှေ့မှောက်မှာ စင်္ကြံကြွပြတော်မူပါတယ်။ တပည့်သံဃာများက စင်္ကြံအစအဆုံး တည်တည်ငြိမ်ငြိမ် ကြွလှမ်းနေတဲ့ မထေရ်ကြီးကို မျက်တောင် မခတ် ကြည့်ရှုကြည်ညိုနေကြပါတယ်။
    မထေရ်ကြီး မိန့်တော်မူတဲ့အတိုင်းပဲ စင်္ကြံတစ်ဖက်စွန်းကနေ ပြန်လှည့်အလာ၊ မျဉ်းတားထားတဲ့နေရာမှာ ခြေတစ်ဖက်ပဲ နင်းချရရုံရှိသေး၊ မတ်တပ်ရပ်ရက် အဲဒီ စင်္ကြံမျဉ်းနေရာမှာပဲ ပရိနိဗ္ဗာန်ပြု တော်မူခဲ့ပါတယ်။
    အဲဒီမထေရ်ကြီးနည်းတူ ပရိနိဗ္ဗာန်ပြုမယ်အချိန်(သေမယ့်အချိန်)ကို ကြိုသိပြီး စနစ်တကျ ကြိုတင်ပြင်ဆင် ပရိနိဗ္ဗာန်ပြုသွားခဲ့တဲ့ အရှင်မြတ်တွေ မရေမတွက်နိုင်အောင် များပြားလှပါတယ်။
    သေရမယ့်အချိန်ကို ကြိုသိပြီး စနစ်တကျပြင်ဆင် သေသွားနိုင်တာဟာ အာနပါနကမ္မဋ္ဌာန်း၊ အာနပါနသတိပဋ္ဌာန်ရဲ့ အကျိုးကျေးဇူးပါပဲ။
    သေရမယ့်အချိန်ကို ကြိုတင်သိခြင်းဟာ မင်္ဂလာတစ်ပါးပါ။ ကျန်းမာစွာ အသက်ရှင်ရခြင်းဟာ လာဘ်ကြီးတစ်ပါးဖြစ်သလို ချမ်းသာစွာ သေဆုံးရခြင်းဟာလည်း လာဘ်ကြီးတစ်ပါးဖြစ်ပါတယ်။
    ဘ၀ပြတ်အောင် အားမထုတ်နိုင်သေးသူအတွက် သေခါနီးမှာ တမလွန်ဘ၀ကူးကောင်းဖို့ အလွန်အရေးကြီးပါတယ်။ သေရမယ့်အချိန်ကို ကြိုသိရင် ဘ၀ကူးကောင်းဖို့အတွက် စိတ်တိုင်းကျ ကြိုတင်ပြင်ဆင်နိုင်ပါတယ်။
    သေရမယ့်အချိန်ကို ကြိုသိချင်တယ်ဆိုရင်တော့ အာနပါန သတိပဋ္ဌာန်တရားကို လေးလေးစားစား ပွားများအားထုတ်ကြရုံပါပဲ။ သေချိန်ကို ကြိုသိခြင်းရဲ့ အသေချာဆုံးအကြောင်းဖြစ်တဲ့ အာနပါန ကမ္မဋ္ဌာန်းကို ၀မ်းမြောက်ဝမ်းသာ အားထုတ်ကြဖို့ တိုက်တွန်းပါတယ်။
မသေခင်ဖြည့်ဆည်းရမည့် ဘ၀အရည်အသွေးများ
    မြတ်စွာဘုရားရှင်က “မသေခင်သုတ္တန်”လို့ အဓိပ္ပါယ်ရတဲ့ “ပုရာဘေဒသုတ္တန်”မှာ မသေခင်ဖြည့်ဆည်းရမယ့် ဘ၀အရည်အသွေးတွေကို တစ်စုတစ်ဝေးတည်း ဟောကြားထားပါတယ်။
    မြင့်မြတ်တဲ့လူသားတိုင်းနဲ့ မြင့်မြတ်လိုတဲ့လူသားတိုင်း မဖြည့်မဖြစ် ဖြည့်ဆည်းရမယ့် စိတ်ဓာတ်အရည်အသွေး၊ ဘ၀အရည်အသွေးတွေဖြစ်လို့ အကျဉ်းဆုံးချုပ်ပြီး ပြောပြချင်ပါတယ်။
    မသေခင်မှာ တဏှာကင်းအောင် ကြိုးစားရပါမယ်။ လုံးဝမကင်းတောင် နည်းနိုင်သမျှ နည်းရပါမယ်။ အစွန်းထွက်တဲ့ တဏှာမျိုး၊ လွန်ကဲဖောက်ပြန်တဲ့တဏှာမျိုး လုံးဝမဖြစ်အောင် သတိနဲ့ ထိန်းသိမ်းနိုင်ရပါမယ်။
    ပြီးဆုံးခဲ့တဲ့ အတိတ်အကြောင်း၊ ဖြစ်မလာသေးတဲ့ အနာဂတ်အကြောင်းတွေကို မလိုအပ်ဘဲ တွေးတောနေပြီး စိတ်ပင်ပန်းမနေသင့်ပါဘူး။ မသေခင်ကိုယ်ပိုင်တဲ့ ပစ္စုပ္ပန်တစ်ခဏလေးမှာပဲ စိတ်ကို တည့်တည့်ချထားပြီး လုပ်သင့်လုပ်ထိုက်တာကို အကောင်းဆုံးဖြစ်အောင်လုပ်ရပါမယ်။
    မသေခင်မှာ ကိုယ့်စိတ်ကိုယ် ဒေါသမီး မလောင်မြိုက်အောင် တိမ်းရှောင်နိုင်ရပါမယ်။ ထစ်ကနဲရှိ ဒေါသထွက်တာမျိုး၊ ကိုယ်မကျေနပ်တဲ့လူကို ရန်ငြိုးဖွဲ့တာ ကလဲ့စားချေဖို့ ကြိုးစားတာမျိုး မလုပ်သင့်ပါဘူး။ သူလည်းတစ်နေ့သေ၊ ကိုယ်လည်းတစ်နေ့သေမယ့်ကိစ္စ၊ ဘာလို့ ဒေါသထွက်နေဦးမှာလဲ။
    နေရာတကာမှာ စိတ်ပူပန်တတ်တဲ့သူလည်း မဖြစ်သင့်ဘူး။ တိုတောင်းလှတဲ့ ဘ၀လေးကို စိတ်ပူလောင်မှုတွေနဲ့ ဘာလို့ အချိန်ဖြုန်းပစ်မှာလဲ။ စိတ်အေးအေး၊ ခေါင်းအေးအေးနဲ့ အရာရာကို ယောနိသော မနသိကာရ ထားတတ်ဖို့ အရေးကြီးပါတယ်။
    ရှိတဲ့ဂုဏ်နဲ့ပဲဖြစ်ဖြစ်၊ မရှိတဲ့ဂုဏ်နဲ့ပဲဖြစ်ဖြစ် ကြွားတတ်ဝါတတ်၊ ဂုဏ်ပြိုင်တတ်တာမျိုးလည်း ရှောင်ကြဉ်ရပါမယ်။ ကိုယ်လုပ်တာ၊ ကိုယ်ပိုင်တာ လူတကာလှည့်ကြွားနေရတဲ့ အရသာက သေရင် ကိုယ့်အတွက်ဘာများ အကျိုးပြုနိုင်မှာမို့လဲ။
    လုပ်သင့်တာ မလုပ်ခဲ့မိလေခြင်း၊ မလုပ်သင့်တာ လုပ်ခဲ့မိလေခြင်းလို့ နောင်တရ စိတ်ပူပန်နေတာမျိုးလည်း မဖြစ်သင့်ပါဘူး။ အသိမှန်၊ သတိမှန်ရတဲ့အချိန်ကစပြီး လုပ်သင့်တာလုပ်၊ မလုပ်သင့်တာ မလုပ်ဘဲနေရင် မသေခင်က ကိုယ့်ဘ၀ဟာ ကျေနပ်စရာကောင်းနေပါပြီ။
    နှုတ်စောင့်စည်းသူ၊ စကားကို ဉာဏ်နဲ့ ချင့်ချိန်ပြောသူလည်း ဖြစ်ရပါမယ်။ အပိုစကားတွေ၊ အကျိုးမဲ့စကားတွေကို စိတ်ထင်တိုင်း လျှောက်ပြောနေလို့ ကိုယ့်ပါးစပ်လည်း ကျက်သရေရှိမလာနိုင်သလို၊ မသေခင် ကိုယ့်ဘ၀လည်း ကျက်သရေရှိမလာနိုင်ပါဘူး။
    မသေခင်ကာလလေးက တိုတိုလေးမို့ စိတ်ပျံ့လွင့် တွေးတောပြီးလည်း အချိန်မဖြုန်းသင့်ပါဘူး။ ကုန်သွားတဲ့အချိန်က ပြန်မရနိုင်တဲ့အတွက် လက်ထဲရောက်လာသမျှ အချိန်တိုင်းကို စိတ်တည်ငြိမ်မှု အပြည့်နဲ့ အကျိုးရှိရှိ အသုံးချတတ်ရပါမယ်။
    ကိုယ့်ရဲ့ လက်ရှိဘ၀ကို မကျေနပ်ဘဲ မရေရာ မသေချာတဲ့ အနာဂတ်ဘ၀ကို ပုံဖေါ်တပ်မက်နေတာမျိုးလည်း လုံးဝ မဖြစ်သင့်ပါဘူး။ ကိုယ်နဲ့ ထိုက်တန်လို့ရလာတဲ့ ကိုယ့်ဘ၀ကို ကျေကျေနပ်နပ် လက်ခံပြီး နေတတ်အောင် နေရပါမယ်။ ပစ္စုပ္ပန်ဘ၀ကို ဖန်တီးပေးလိုက်တဲ့ အတိတ်ကံရဲ့ ဖြစ်တည်ရာဘ၀တွေကိုလည်း စိတ်နာနေလို့ အပိုပါပဲ။
    ကံ၊ ကံရဲ့အကျိုးမရှိ၊ ရှေးဘ၀၊ နောက်ဘ၀မရှိ အစရှိတဲ့ အယူမှား မိစ္ဆာဒိဋ္ဌိတွေလည်း ကင်းရှင်းနေရပါမယ်။ အယူမှားရင် အလုပ်မှားမယ်၊ အလုပ်မှားရင် အကျိုးတရားလည်းမှားပြီး ပစ္စုပ္ပန်မှာရော၊ သံသရာမှာပါ ဆင်းရဲဒုက္ခတွေ ပင်လယ်ဝေရပါလိမ့်မယ်။
    ကိလေသာဖြစ်မယ့်ကိစ္စ၊ အကုသိုလ်ဖြစ်မယ့်ကိစ္စတွေမှာ တွန့်ဆုတ်တဲ့သူ ဖြစ်ရပါမယ်။ ကိလေသာစိတ် မဖြစ်ရဲ၊ အကုသိုလ်အလုပ် မလုပ်ရဲတဲ့သူဟာ သူရဲကောင်း အစစ်ပါ။
    ကိုယ့်ကို သူတစ်ပါးတွေ အထင်ကြီးအောင် မဟုတ်မမှန် လုပ်ကြံလှုံ့ဆော်တာမျိုး လုံးဝ မပြုလုပ်ရပါဘူး။ အံ့ဖွယ်ထူးဆန်းတွေ လိမ်ညာ ဖန်တီးပြပြီး နာမည်ကြီး၊ လာဘ်ပေါ၊ ပရိသတ်များအောင် လုပ်ခြင်းဟာ ကိုယ့်ရဲ့ မသေခင်ဘ၀ကို အမည်းရောင်ဆိုးနေတာပါပဲ။
    လူသားတွေရဲ့ မသေခင်ဘ၀ကို အရုပ်ဆိုး အကျည်းတန်စေတဲ့ မနာလို၊ ၀န်တိုမှု(ဣဿာ၊ မစ္ဆရိယ)ကိုလည်း တွန်းလှန်နိုင်ရပါမယ်။ ကိုယ့်ထက်သာ မနာလိုတဲ့စိတ်၊ ကိုယ့်လိုပြည့်စုံမှာ ၀န်တိုတဲ့စိတ် လွှမ်းမိုးနေတဲ့သူဟာ မသေခင်က ပုပ်နေတဲ့ သက်ရှိအလောင်းကောင်ပါပဲ။
    ကိုယ်အပြုအမူ ကြမ်းတမ်းသူ၊ နှုတ်အပြောအဆိုကြမ်းတမ်းသူ၊ စိတ်နေသဘောထား ကြမ်းတမ်းသူ မဖြစ်စေရပါဘူး။
    ကိုယ်အကျင့်တရား မကောင်းသူ (သီလမရှိသူ)ကို ပတ်ဝန်းကျင်က ရွံရှာစက်ဆုပ်ကြပါတယ်။ မသေခင်မှာ ပတ်ဝန်းကျင်က ရွံရှာစက်ဆုပ်တဲ့ ကိုယ်ကျင့်တရားပျက်သူ မဖြစ်ပါစေနဲ့။
    ချစ်ခင်နေသူအချင်းချင်း၊ အဆင်ပြေနေသူ အချင်းချင်း ကွဲပြားအောင် လှုံ့ဆော်သူ၊ ကုန်းတိုက်သူ မဖြစ်ပါစေနဲ့။ သူ့ရေစက်နဲ့သူ၊ သူ့အကြောင်းဆက်နဲ့သူ ချစ်ကြ၊ ခင်ကြ၊ အဆင်ပြေနေကြတာကို မနာလိုဝန်တိုဖြစ်ပြီး ကွဲပြားအောင် ကုန်းတိုက်တဲ့သူလောက် ကျက်သရေယုတ်တဲ့သူ လောကမှာ မရှိတော့ပါဘူး။
    မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်၊ စိတ်လို့ ခေါ်တဲ့ တံခါးခြောက်ပေါက်ကနေ အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အထိအတွေ့၊ သဘောတရားလို့ခေါ်တဲ့ အာရုံခြောက်ပါးဆီကို တဏှာလောဘ အစရှိတဲ့ ကိလေသာရေအလျဉ်တွေ စီးဆင်းမသွားအောင် စောင့်ရှောက်နိုင်ရပါမယ်။ မြင် -မြင်ကာမျှ၊ ကြား -ကြားကာမျှနဲ့ ပြီးအောင် သတိ- ပဋ္ဌာန်တရားကို ပွါးများနိုင်ရင် ကိလေသာရေ စီးဆင်းမှု ရပ်တန့်သွားမှာပါ။
    မာနလွန်ကဲပြီး အောက်ခြေလွတ် ဘ၀င်မြင့်နေတဲ့သူ မဖြစ်စေရပါဘူး။ မာနကြီးတယ်ဆိုတာ အထင်ကြီးတာပါ။ ပစ္စည်း၊ ရုပ်ရည်၊ ပညာ၊ အာဏာ၊ သူများထက်သာတယ်လို့ ထင်နေတဲ့ “အထင်” ကြီးနေတာပါ။ အထင်ဟာ အထင်ပါပဲ။ တကယ်မဟုတ်ပါဘူး။
    မသေခင်မှာ တစ်နေ့ထက်တစ်နေ့ ဉာဏ်ပညာကြီးမားသူဖြစ်အောင် ကြိုးစားနေရပါမယ်။ လောကီဉာဏ်သာမက လောကုတ္တရာဉာဏ်ပါရမှ လူ့ဘ၀ ဖြစ်ရကျိုးနပ်ပါတယ်။
    ဘယ်အရာမျိုးကိုမဆို ကိုယ်တွေ့အသိ မပါဘဲ သူတစ်ပါးအပြောနဲ့ ယုံတတ်တဲ့သူလည်း မဖြစ်စေရပါဘူး။ သိသင့်သိထိုက်တာ မှန်သမျှ သူတစ်ပါး ပါးစပ်မှာ လမ်းဆုံးသူ၊ သူတစ်ပါးပြောတာ ယုံနေရုံလောက်နဲ့ မပြီးဘဲ ကိုယ်တိုင်သိ၊ ကိုယ်တိုင်မြင်အောင် ကြိုးပမ်းအားထုတ်ရပါမယ်။
    ဒါန၊ သီလ၊ သမထ၊ ၀ိပဿနာ ကုသိုလ်ကောင်းမှုတွေ ပြုလုပ်တဲ့အခါမှာလည်း လာဘ်မျှော်တဲ့စိတ်နဲ့ မပြုလုပ်ရပါဘူး။ လူမူရေးလာဘ်လာဘလို့ခေါ်တဲ့ ထင်ပေါ်ကျော်စောမှု၊ စီးပွားရာထူးတိုးတက်မှု၊ သံသရာကောင်းစားမှုတွေကို လုံးဝမမျှော်ကိုးဘဲ သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်လိုတဲ့စိတ်၊ သတ္တ၀ါအများ ကောင်းစားစေလိုတဲ့စိတ်နဲ့ ပြုလုပ်ကြရပါမယ်။
    အကောင်းအဆိုး လောကဓံအမျိုးမျိုးနဲ့ တွေ့ကြုံလာတဲ့အခါမှာလည်း စိတ်မတက်၊ စိတ်မပျက်ဘဲ တည်တည်ငြိမ်ငြိမ်နဲ့ ခံနိုင်ရည်ရှိရပါမယ်။
    သက်ရှိ၊ သက်မဲ့ တစ်ခုခုအပေါ် တပ်မက်စွဲလမ်းတဲ့ တဏှာကို အကြောင်းပြုပြီး ဘယ်သူနဲ့မှ ဆန့်ကျင်ဘက် မဖြစ်စေရပါဘူး။ တဏှာတစ်ခုခုရဲ့နောက်မှာ ဆင့်ပွားအကုသိုလ်စိတ်တွေ၊ မကောင်းမှု ဒုစရိုက်တွေ တွဲပါမလာအောင် ထိန်းသိမ်းနိုင်ခြင်းဟာ အဆင့်မြင့် ပုထုဇဉ်တွေရဲ့ အရည်အချင်းတစ်ခုပါပဲ။
    အစားအသောက်နဲ့ ပတ်သက်ပြီးတော့လည်း ဒါ မစားရ မနေနိုင်၊ ဒါ မသောက်ရ မနေနိုင် တမ်းတမ်းစွဲ မက်မောမှုကင်းရှင်းရပါမယ်။ ရသတဏှာကို ထိန်းချုပ်စောင့်စည်းနိုင်ရပါမယ်။
    ကိုယ်အပြုအမူဖြစ်သမျှ၊ စိတ်အနေအထားဖြစ်သမျှကို အမြဲသတိကပ် ရှုမှတ်နိုင်တဲ့အတွက်ကြောင့် ကြုံလာသမျှ အာရုံကောင်းဆိုး အမျိုးမျိုးကို မချစ်၊ မမုန်းဘဲ ဥပက္ခာပြု အညီအမျှ ရှုနိုင်တဲ့သူ ဖြစ်ရပါမယ်။
    ကိုယ့်အထက်လူနဲ့ နှိုင်းယှဉ်တဲ့မာန၊ ကိုယ့်တန်းတူလူနဲ့ နှိုင်းယှဉ်တဲ့မာန၊ ကိုယ့်အောက်တန်းလူနဲ့ နှိုင်းယှဉ်တဲ့မာန၊ မာနသုံးမျိုးလုံးလည်း ကင်းရှင်းရပါမယ်။
    သေပြီးရင် အသက်ကောင်၊ ၀ိညာဉ်ကောင်လေး နောက်ဘ၀လိုက်တယ်ဆိုတဲ့ သဿတဒိဋ္ဌိ၊ သေပြီးပြတ်တယ်၊ ဘာမှမဖြစ်တော့ဘူးဆိုတဲ့ ဥစ္ဆေဒဒိဋ္ဌိ၊ ဒီ ဒိဋ္ဌိနှစ်ပါးလည်းကင်းရှင်းရပါမယ်။ ဒီ ဒိဋ္ဌိနှစ်ပါး ရှိနေရင် မသေခင် လုပ်ရမယ့် အလုပ်တွေ ကမောက်ကမဖြစ်ပြီး သံသရာမှာ ချောက်ကျရပါလိမ့်မယ်။
    ကိုယ်နဲ့ ပတ်သက်ဆက်စပ်နေတဲ့ သားသမီးစတဲ့ သက်ရှိပုဂ္ဂိုလ်တွေ၊ အိမ်၊ မြေစတဲ့ သက်မဲ့အရာဝတ္ထုတွေကို ငါ့သား၊ ငါ့သမီး၊ ငါ့အိမ်၊ ငါ့မြေဆိုပြီး ငါစွဲကြီးကြီး၊ ငါဥစ္စာအစွဲကြီးကြီးနဲ့ သိမ်းပိုက်ထားတဲ့ စိတ်မျိုး ကင်းရှင်းရပါမယ်။
    ဘာအလုပ်ပဲလုပ်လုပ် ကိလေသာကို ရှေ့တန်းတင်တဲ့ အလုပ်၊ ကိလေသာကို ဆရာတင်တဲ့ အလုပ်မျိုး မဖြစ်အောင် သတိထားရပါမယ်။
    ကိလေသာအရင်းမခံဘဲ အလုပ်လုပ်နေပါရက်နဲ့ သူတစ်ပါးတို့က ကိလေသာအရင်းခံတယ်လို့ ထင်မှားစွပ်စွဲလာရင်လည်း မတုန်မလှုပ် သည်းခံနိုင်ရပါမယ်။
    “တစ်လောကလုံးမှာ ကိုယ်ပိုင်တာ ဘာမှမရှိပါလား”ဆိုတဲ့အသိ စွဲစွဲမြဲမြဲ ရှိနေရပါမယ်။ အဲဒီ အသိ စွဲစွဲမြဲမြဲရှိနေပြီဆိုရင် ရှိချင်တာ မရှိလို့လည်း မပူပန်တော့ပါဘူး။ ရှိပြီးတာ မရှိလို့လည်း မဆူညံတော့ပါဘူး။
    ချစ်ခြင်း၊ မုန်းခြင်းစတဲ့ ကိလေသာကို အရင်းခံပြီး မလုပ်သင့် မလုပ်ထိုက်တာ လုပ်တဲ့ အဂတိလိုက်စားမှုလည်း ကင်းရှင်းရပါမယ်။ အဂတိရဲ့ လားရာဟာ ဒုဂ္ဂတိပါ။
    လောကမှာ လူသားတွေ မလုပ်သင့် မလုပ်ထိုက်တာလုပ်၊ လုပ်သင့်လုပ်ထိုက်တာ မလုပ်ဖြစ်နေကြတာဟာ အရင်းခံကတော့ ကိလေသာပါပဲ။ ကိလေသာ ခေါင်းပါးလာတာနဲ့အမျှ မလုပ်သင့်မလုပ်ထိုက်တာတွေလည်း ရှောင်ကြဉ်နိုင်လာပါလိမ့်မယ်။ လုပ်သင့်လုပ်ထိုက်တာတွေလည်း ဆောင်ငင်နိုင်လာပါလိမ့်မယ်။
    မလုပ်သင့်တာအားလုံး အကြွင်းမဲ့ ရှောင်နိုင်ပြီး လုပ်သင့်တာအားလုံး အကြွင်းမဲ့ဆောင်နိုင်ပြီဆိုရင်တော့ အကြွင်းမဲ့ဘ၀လွတ်မြောက်မှုကို ရပါပြီ။ သေခြင်းတရားက အပြီးတိုင် လွတ်မြောက်ပါပြီ။ ထပ်တလဲလဲ တစ်သေတည်း သေနေရတဲ့ အဖြစ်ဆိုး၊ ဒုက္ခဆိုးတွေက ထာဝရ လွတ်မြောက်ပါပြီ။ အနှိုင်းမဲ့နိဗ္ဗာန်မှာ အကြွင်းမဲ့ ပျော်စံနိုင်ပါပြီ။
    ဒါကြောင့် မသေခင်လုပ်ရမယ့်အလုပ်တွေထဲမှာ အရေးကြီးဆုံး၊ ပဓာနအကျဆုံးကတော့ ကိလေသာခေါင်းပါးရေးအလုပ်၊ ကိလေသာအမြစ်ပြတ်ရေးအလုပ်ပါပဲ။
    “ပုရာဘေဒသုတ္တန်မှာပါတဲ့ ဒီအရည်အသွေးတွေကိုပဲ “ငြိမ်းအေးသောဘ၀ပိုင်ရှင်” ဆိုတဲ့ ခေါင်းစဉ်နဲ့ အကျယ်ချဲ့ပြီး ဟောကြား၊ ရေးသားထားပါတယ်။”
အပ္ပမာဒေန သမ္ပာဒေထ။
အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)
No comments: