Pages

Thursday, May 10, 2012

တရားအားထုတ်ရာ၌ ရှေးဦးမှတ်ဖွယ် (၁)

    မောင်ကျော်သိန်း မင်း တရားအားထုတ်ဖို့ အချိန်တော်ပြီ၊ အသေက ဦးသွားမယ်၊ ငါသည် ရခဲသော လူ့ဘ၀ ကြုံကြိုက်ခဲလှသော ဘုရားသာသနာတော်ကြီးနဲ့ တွေ့ကြုံနေချိန်မှာ၊ အို နာ သေ မွဲ ကွဲ ဆိုတဲ့ သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်အောင် ၀ိပဿနာအကျင့်မြတ်ကို အားထုတ်တော့မယ်လို့ ဆုံးဖြတ်ပါ။ ပြီးတော့ မင်းရဲ့ အရောင်းအ၀ယ်အလုပ်ဆီကို လုံးဝစိတ်မရောက်ရဘူး။ ပစ္စည်း ဥစ္စာ သားမယားကို တခါတည်း ဉာဏ်နဲ့ စွန့်ပစ်ထားပါ။ အဓိပတိ ၃-ပါးကို အားထားပြီး မင်း တရားအားထုတ်ရမယ်။ အဓိပတိ ၃-ပါးဆိုတာက အတ္တာဓိပတိ၊ လောကာဓိပတိ၊ ဓမ္မာဓိပတိလို့ ၃-မျိုးရှိတယ်။
    (၁) မိမိကိုယ်ကို အားထားပြီး တရားအားထုတ်ရမယ်။ ငါဟာ စားစရာ နေထိုင်စရာမရှိလို့ အားထုတ်တာမဟုတ်ဘူး။ အိုဘေး၊ နာဘေး၊ သေဘေး မွဲကွဲတည်းဟူသော သံသရာဝဋ်ဆင်းရဲတို့မှ လွတ်မြောက်နိုင်အောင်လို့ တရားအားထုတ်ခြင်းဖြစ်တယ်။ အဲဒါ အတ္တာဓိပတိလို့ ခေါ်တယ်။
    (၂) လောကကြီးကိုလဲ အဓိပတိထားပြီး အားထုတ်ရမယ်။ ငါသည် တရားအားထုတ်တယ်လို့အမည်ခံပြီး တရားအားထုတ်ချိန်မှာ လောဘ၊ ဒေါသ၊ မောဟတရားတွေ ဖုံးလွှမ်းပြီး အရောင်းအ၀ယ်ကိစ္စတွေ စဉ်းစား တွေးတောမနေနဲ့၊ ထိနမိဒ္ဓလဲမဖြစ်နဲ့၊ ပျင်းလဲမဖျင်းနဲ့၊ အိပ်လဲမနေနဲ့၊ စိတ်ကလဲ လေလွင့်မနေနဲ့၊ မတော်တာတွေလုပ်နေရင် ကိုယ်စောင့်နတ်နှင့် သမ္မာဒေ၀နတ်ကောင်း နတ်မြတ်များကလဲ သိတယ်။ အဘိညာဉ်ရတဲ့ ပုဂ္ဂိုလ်များကလဲ သိတယ်။ဒါကြောင့် လောကကြီးကို ရှက်ကြောက်ပြီး အားထုတ်ရမယ်။ အဲဒါ လောကကို အဓိပတိထားပြီး အားထုတ်လို့ လောကာဓိပတိလို့ ခေါ်တယ်။
    (၃) တရားတော်ကိုလဲ အဓိပတိထားပြီး ရိုသေလေးစားပြီး တရားအားထုတ်ရမယ်။ တရားတော်ကို ၀ိပဿနာဉာဏ်နဲ့ မမြင် မြင်အောင်ကြည့်ရမယ်။ တရားမမြင် တရားမပေါက်တာဟာ တရားကမရှိလို့မဟုတ်ဘူး။  ငါက တရားတော်ကို မလေးစားလို့ မမြင်တာလို့ ဆုံးဖြတ်ချက်ချပြီး တရားတော်ကို အဓိပတိထားပြီး အားထုတ်ရမယ်။ အဲဒါကို ဓမ္မာဓိပတိလို့ခေါ်တယ်။
    ပြီးတော့ တရားအားထုတ်တဲ့အခါ သဒ္ဓါ၊ သတိ၊ သမာဓိ၊ ၀ိရိယ၊ ပညာနဲ့ ကြိုးစားပြီးလုပ်ရမယ်။ တရားအားထုတ်တော့မယ်ဆိုရင် ရှစ်ပါးသီလကို အမြဲဆောက်တည်ရမယ်။ ပြီးတော့ ယုံကြည်ကျန်းမာ၊ စိတ်ဖြောင့်စွာဖြင့်၊ လွန်စွာအားထုတ်၊ နာမ်နှင့်ရုပ်ကို၊ ဖြစ်ချုပ်ဉာဏ်မြင်၊ ဤငါးအင်၊ မှန်ပင်မဂ်ရကြောင်း ဆိုတဲ့ ဆောင်ပုဒ်ကို အရကျက်မှတ်ထားပြီး အဲဒီအတိုင်း လိုက်နာကျင့်သုံးရမယ်။ တရားအားထုတ်တော့မယ်ဆိုရင် ပုဗ္ဗကိစ္စ ၅-ပါး (ဦးစွာလုပ်ဆောင်ရမဲ့ကိစ္စ ၅-ပါး)ကို လုပ်ဆောင်ရမယ်။
    (၁) တရားအားထုတ်တဲ့ အချိန်မှာ မိမိ ခန္ဓာကိုယ်ကို ဘုရားမှာ လှူထား၊ (၂) ဆရာမိဘပုဂ္ဂိုလ်မြတ်တို့ကို ကံသုံးပါးဖြင့် ပြစ်မှားမိက ထိုအပြစ်တို့မှ ပျောက်ပါစေခြင်းငှာ တောင်းပန်ဝန်ချ ကန်တော့ ပါ၏လို့-ဆို၊ (၃)ကိုယ်စောင့်နတ် အိမ်စောင့်နတ်၊ မြို့စောင့်နတ်၊ သာသနာစောင့်နတ်နဲ့တကွ သတ္တ၀ါအားလုံး ဘေးရန်ကင်း၍ ကျန်းမာချမ်းသာပါစေလို့ မေတ္တာစိတ်ကို ပွားများပေးရမယ်။ (၄) ရှေးဘ၀ ယခုဘ၀ ငါပြုသမျှသော ဒါနစတဲ့ကုသိုလ်တို့သည် ငါအလိုရှိသော မဂ်ဖိုလ်နိဗ္ဗာန်ကို ရောက်စေခြင်းငှာ လျင်မြန်စွာ ကျေးဇူးပြုပါစေသတည်းလို့ -ဆို၊ (၅) မရဏာနုဿတိ= ငါသည် ဘ၀များစွာက သေခဲ့တာများလှပြီ၊ ယခုဘ၀ မသေခင်မှာ တရားအားထုတ်မှပဲလို့ သေခြင်းတရားကို ပွားများပြီး အားထုတ်မှုအရှိန် ပြင်းထန်အောင် မိမိကိုယ်ကို တိုက်တွန်းပါ။
    တရားအားထုတ်တော့မယ်ဆိုရင် ရှေးဦးစွာ ရုပ်နဲ့နာမ်ခွဲတတ်ရမယ်။ ငါပြောပြမယ်။ မင်း မြင်စရာအဆင်းနဲ့ မြင်တဲ့မျက်စိက ရုပ်ပဲ။ သိမှုက နာမ်လို့ ခေါ်တယ်။ အာရုံ ၆-ပါးမှာ အဲဒီလို ရုပ်နဲ့နာမ်ဟာ အမြဲတွဲနေတာပဲ။ပြီးတော့ တရားအားထုတ်ရာမှာ ပရိညာ ၃-ပါးနဲ့ သိ-သိသွားရမယ်။ (၁) ဉာတပရိညာ= ဖြစ်ဆဲရုပ်နာမ်ကို ဒီဟာက ရုပ်၊ ဒီဟာကနာမ်ဆိုတာ ခွဲခြားပြီး သိ-သိသွားရမယ်၊ (၂) တီရဏပရိညာ= ဖြစ်ဆဲရုပ်နာမ်တို့၏ “ အနိစ္စ၊ ဒုက္ခ၊ အနတ္တ” သဘောကို ပိုင်းခြားပြီးသိရမယ်။ (၃) ပဟာနပရိညာ= ရုပ်နာမ်တို့ အပေါ်မှာ ငါ့ရုပ်ဆိုတဲ့ တဏှာစွဲ၊ ရုပ်ဟာငါပဲဆိုတဲ့ မာနစွဲ ဒီရုပ်ဟာ ငါ့ကိုယ်ဆိုတဲ့ ဒိဋ္ဌိစွဲ၊ ဒီအစွဲ ၃-ပါးကို မင်းသိအောင်လုပ်ပြီး ပြုတ်အောင် ဖြုတ်ရမယ်။
    တရားအားထုတ်ရာမှာ မင်း ရုပ်နာမ်ကို ပိုင်းခြားသိရမယ်။ ပြီးတော့ ဈာန်လမ်းခေါ်တဲ့ သမထလမ်းကို မလိုက်ပဲ၊ သမာဓိရရုံလောက်သာ သမထကိုအားထုတ်ပြီး၊ သမာဓိရလာတာနဲ့ တပြိုင်နက် ၀ိပဿနာကို ပြောင်းပြီးလုပ်ရမယ်။ ၀ိပဿနာကို ပြောင်းတယ်ဆိုတာ မီးရထားခေါင်းတွဲ လမ်းလွှဲလိုက်သလို၊ သမထ(သမာဓိ)လမ်းက ၀ိပဿနာ(ပညာ)လမ်းကို စိတ်လွှတ်ပြီး ရုပ်နာမ်တို့ရဲ့ ဖြစ်ပျက်နေတဲ့လက္ခဏာကို ဆင်ခြင်တာပါပဲ။ အဲဒါ ဉာဏ်ကဦးစီးတယ်လို့မှတ်၊ အဲဒီတော့ မင်း အာနပါနဆိုတာ ၀င်လေ ထွက်လေ (၀င်သက်ထွက်သက်)ကို ခေါ်တယ်။ ဒီ ၀င်လေ ထွက်လေကို ရှူရာမှာ လေကိုဝအောင်ရှူ၊ လျှော့ပြီးလည်း မရှူရဘူး၊ သိပ်ပြင်းပြင်းထန်ထန်လည်း မရှူရဘူး၊ မှန်မှန်ပဲ ရှူရမယ်၊ ရှိုက်ရမယ်။ ပြီးတော့ မင်းစိတ်ကို နှာသီးဖျား, အထက်နှုတ်ခမ်း, ရင်ညွန့်ဆိုတဲ့ သုံးနေရာတွင် ကြိုက်ရာတနေရာမှာထားပါ။ သတိနဲ့ကပ်ထားရမယ်။ မလစ်စေရဘူး။ ၀င်လေထွက်လေရှူရှိုက်တဲ့အခါမှာ နှာသီးဖျားမှာ ထိတာကို သိရမယ်။ သူ့သဘောအတိုင်း မှန်မှန်လေး (၀င်သက်ထွက်သက်)ကို သိနေတဲ့ အာရုံမှတပါး တခြားဘယ်ကိုမှ မရောက်ရဘူး၊ အာရုံမပြုရဘူး။
    အာနာပါနလုပ်ပြီး သမာဓိအားကောင်းလာတဲ့ ယောဂီဟာ ရုပ်နာမ် ၂-ပါးကို ပိုင်းခြားသိပြီး ခန္ဓာငါးပါးဆိုတာလည်း ပိုင်းခြားသိရမယ်။ (၁) ရုပ်က ရူပက္ခန္ဓာ၊ (၂) သိစိတ်က ၀ိညာဏက္ခန္ဓာ၊ (၃) ခံစားမှု=ဝေဒနာက ဝေဒနာက္ခန္ဓာ၊ (၄) မှတ်သားမှု=သညာက သညာက္ခန္ဓာ၊ (၅) ဖဿစေတနာစတဲ့ ကျန်စေတသိက် ၅၀ က သင်္ခါရက္ခန္ဓာလို့ သိမှတ်ရမယ်။ ဒါတွေ သိပြီးတဲ့နောက် ပဋိစ္စသမုပ္ပါဒ်နည်းနဲ့လဲ အကြောင်းအကျိုးခွဲပြီး ဒိဋ္ဌိခွာရဦးမယ်။ ဒီလိုသိမှုကို အရင်ပေးပြီးမှ အလုပ်ကိုပေးလို့ဖြစ်မယ်။ ဒီတော့ ခန္ဓာငါးပါးကို ပိုင်းခြားပြီး သိမြင်ပြီးရင် ရုပ်နာမ်ခန္ဓာကို ဖြစ်စေတတ်တဲ့ ရှေးကဖြစ်ပြီးခဲ့တဲ့ အ၀ိဇ္ဇာ၊ တဏှာ၊ သင်္ခါရတို့ဟာ အကြောင်းတရား၊ ဒီရုပ်နာမ်ခန္ဓာတို့ဟာ အကျိုးတရားလို့ အကြမ်းအားဖြင့် မင်း သိမြင်ရမယ်။
    ကဲ...... မင်း တရားအားထုတ်ဖို့ ကမ္မဋ္ဌာန်းတောင်း လိုက်ဆို၊ ကမ္မဋ္ဌာနံ မေ ဘန္တေ ဒေထ၊ သံသာရ၀ဋ္ဋဒုက္ခတော မောစနတ္ထာယ။ ဘန္တေ၊ အရှင်ဘုရား။ မေ၊ တပည့်တော်အား။ သံသာရ၀ဋ္ဋဒုက္ခတော၊ သံသရာဝဋ်ဆင်းရဲမှ။ မောစနတ္ထာယ၊ ကျွတ်လွတ် ထွက်မြောက်ပါစေခြင်း အကျိုးငှာ။ ကမ္မဋ္ဌာနံ၊ မဂ် ဖိုလ် နိဗ္ဗာန်ရောက်ကြောင်း အကောင်းဆုံးဖြစ်တဲ့ ကမ္မဋ္ဌာန်းကို။ ဒေထ၊ ကရုဏာရှေ့ထား ပေးသနားတော်မူပါဘုရား။ အဲဒါ ၃-ခေါက်ဆိုပါ။ ကဲ ငါပြောသလို “အာနာပါန”ကို သွားအားထုတ်ချေတော့။
    (နောက် တနာရီလောက် အားထုတ်ပြီး ပြန်လာတော့) မင်း အာနာပါနကို အားထုတ်တာ တနာရီလောက် သမာဓိရတယ်ဆိုတာဟာ ၀ိရိယရှိလို့ပေါ့။ အဲဒါ သမ္မာဝါယာမလို့ ခေါ်တယ်။ မင်းစိတ်က လေကိုရှူတိုင်း ရှူတိုင်း ရင်ညွန့်ကို ရောက်တိုင်း ရောက်တိုင်း သိရဲ့လား၊ (သိပါတယ်ဘုရား)။ အေး.... မင်း အဲဒါကို သိနေတယ်ဆိုတာ သတိကို လက်မလွှတ်လို့ သိတာ၊ အဲဒါ သမ္မာသတိလို့ ခေါ်တယ်။ မင်း အာနာပါနကို အားထုတ်နေတုန်း၊ မင်းစိတ်ဟာ ထားတဲ့ရင်ညွန့်မှာပဲ ရှိနေပြီး တခြားအာရုံသို့ ရောက်မသွားတာကို သမ္မာသမာဓိ လို့ခေါ်တယ်။ စိတ်က ကိုယ်ထားတဲ့နေရာမှာ တည်နေတာပေါ့။
    အေး..... မင်း သမာဓိတော့ရပါပြီ။ ဒါပေမယ့် ဒါထက် သမာဓိကောင်းကောင်းကြီးရဖို့ အားထုတ်ရန်လိုနေသေးတယ်။ ၀င်လေထွက်လေရှူတဲ့အခါ နှာခေါင်းထဲက ရှူရမယ်။ ပါးစပ်က မရှူရဘူး။ နှာခေါင်းကရှူလည်း ဘယ်ဘက်က ရှူတယ် ညာဘက်ကရှူတယ် ဆိုတာတွေ လိုက်နေဖို့မလိုဘူး။ သမာဓိရဖို့ပဲ အရေးကြီးတယ်။ နှာခေါင်းက ရှူရင် ရှူတာသိရမယ်။ ရှိုက်ရင် ရှိုက်တာသိရမယ်။ မင်းကို ပထမ အာနာပါန အားထုတ်ခိုင်းစဉ်က စိတ်ကို ရင်ညွန့်မှာ အကပ်ခိုင်းတယ်။ အခုတစ်ခါ အားထုတ်ရမှာက (နှာသီးဖျား, ရင်ညွန့်, ချက်) ရောက်တိုင်း ရောက်တိုင်း ၀င်လေရှူလိုက်တဲ့အခါ နှာသီးဖျားကအစ၊ ရင်ညွန့်အလယ်၊ ချက်အဆုံး ၀င်တာကိုသိရမယ်။ လေထုတ်လိုက်တဲ့အခါမှာလဲ ချက်အစ၊ ရင်ညွန့်အလယ်၊ နှာသီးဖျားအဆုံး ထွက်တာကို သိလိုက်ရမယ်။ ဒီလိုအားထုတ်ပြီး အသိလိုက်သွားရင် အာရုံတခြားထွက်မသွားပဲ၊ သမာဓိကောင်းကောင်းကြီး ရနိုင်တယ်။ နောက် အလေ့အကျင့်ကောင်းကောင်းရသွားရင် ၁၅ မိနစ်လောက်နဲ့ သမာဓိထူထောင်နိုင်တယ်။
    မင်း သိဖို့ရာ မင်း အခု ရှူရှိုက်နေတာကရုပ်၊ ဒီ ရှူရှိုက်နေတာကို သိတာက နာမ်၊ အဲဒီ ရုပ်နာမ် နှစ်ပါး ပိုင်းခြားသိတဲ့အခါ နာမရူပပရိစ္ဆေဒဉာဏ်။ ၀ိသုဒ္ဓိလို ပြောရင် ဒိဋ္ဌိဝိသုဒ္ဓိ တစ်ပေါင်းတည်း ဖြစ်လာတယ်။ မြဲမြဲမှတ်ထားနော်၊ မင်း ကမ္မဋ္ဌာန်းအလုပ်ဝင်တဲ့အခါ သိဖို့ရာက (၁) အာရုံနဲ့ သိမှတ်တဲ့စိတ်လို့ ၂-မျိုးမှတ်ထားရမယ်။ (၂) အာရုံနဲ့ သိမှတ်တဲ့စိတ်ဟာ တည့်တည့်နေအောင် ရှူရမယ်။ (၃) အာရုံထဲက စိတ်ထွက်မသွားအောင် သတိပြုရမယ်။ (၄) ကမ္မဋ္ဌာန်း အလုပ်ဝင်တဲ့အခါ စိတ်က ဘာတခုမှမစဉ်းစားနဲ့။ ဘာအာရုံမှ ၀င်မလာစေနဲ့၊ မင်းဟာ စိတ်တစ်လုံးကိုနိုင်အောင် ဆုံးမနိုင်ရင် ကိလေသာနူနာအမြစ်ပြတ်နိုင်တယ်။ စိတ်တစ်လုံးကို မနိုင်ရင်တော့ လောကီအလိုလည်း မင်းချမ်းသာရာရမှာ မဟုတ်ဘူး။ လောကုတ္တရာအလိုလည်း ထောင့်ငါးရာ ကိလေသာနူနာအမြစ်ပြတ်မှာမဟုတ်ဘူး။
    မင်း စိတ်ကိုနိုင်အောင် ဒီလိုဆုံးမ၊ ငါ ဥပမာလေးပြမယ်။ (၁) နွားကျောင်းသားဟာ နွားရိုင်းကို ဆုံးမချင်ရင် ချည်တိုင်ကို ခိုင်ခိုင်စိုက်၊ နွားရိုင်းကို နဖားကြိုးထိုး၊ ချည်တိုင်မှာ ကြိုးနဲ့ မြဲမြဲချည်ပြီး ဆုံးမသလိုပဲ၊ ချည်တိုင်နဲ့တူတဲ့ ကမ္မဋ္ဌာန်း အာရုံမှာ နွားရိုင်းနဲ့တူတဲ့ စိတ်ကို ကြိုးနဲ့တူတဲ့ သတိ တရားဖြင့် တင်းတင်းကြပ်ကြပ်ချည်ပြီး ဆုံးမရမယ်။ မင်းစိတ်ကို ဒီအတိုင်းဆုံးမ။ (၂) ကဲကွာ..... မင်းကို နောက်တစ်မျိုးထပ်ပြောအုံးမယ်။ အပေါက် ၆-ပေါက်ရှိတဲ့ တောင်ပို့ကြီးထဲမှာရှိနေတဲ့ ဖွတ်တစ်ကောင်ကို အမိဖမ်းချင်ရင် အပေါက်ငါးပေါက်ကို လုံအောင်ပိတ်၊ ကျန်တဲ့အပေါက်ကနေပြီး စောင့်ဖမ်းရင် ဒီဖွတ်ကိုမိသလို မင်းရဲ့ မျက်စိ, နား, နှာခေါင်း, လျှာ, ကိုယ်ဆိုတဲ့ ဒွါရ ငါးပေါက်ကိုပိတ်ပြီး ကျန်တဲ့မနောဆိုတဲ့အပေါက်က စောင့်ဖမ်းရင် မင်းရဲ့ ဖွတ်နဲ့တူတဲ့စိတ်ကို မိရောပေါ့။ ကဲ... ကဲ.... မင်း သမာဓိကို ကောင်းကောင်းရအောင် ထပ်ပြီး အားထုတ်ချေဦး။
    (နောက်တစ်နေ့ရောက်တော့) မင်း မနေ့က သမာဓိကောင်းကောင်းရရဲ့လား။ (ထိနမိဒ္ဓ၀င်လို့ သမာဓိခပ်ကျဲကျဲပဲ ရတယ်ဘုရား)။ တယ်....ရှော်တာကိုး။ အဲဒါ မင်း ၀ီရိယလွန်လို့ပဲ၊ ၀ီရိယလွန်တော့လဲ ထိနမိဒ္ဓ၀င်တာပဲ။ အဲဒီအချိန်မှာ မင်းထိုင်တဲ့ ဣရိယာပုတ်ကိုဖျက်ပြီး လမ်းလျှောက်ရင်း အားထုတ်ရတယ်။ မင်း မြဲမြဲမှတ်ထား၊ သတိသာလွန်တယ်လို့မရှိတာ။ သဒ္ဓါ၊ ပညာ၊ သမာဓိ၊ ၀ီရိယဆိုတာကို ညီတူတပြိုင်တည်းလွှတ်ရတယ်။ တပြိုင်တည်း တညီတည်းဖြစ်အောင် အားမထုတ်နိုင်ရင် ဥဒ္ဓစ္စ(စိတ်ပျံ့လွင့်မှု)ဖြစ်ဖြစ်၊ ထိနမိဒ္ဓ(စိတ်ထိုင်းမှိုင်းမှု)ဖြစ်ဖြစ် တခုခုတော့ဝင်မှာပဲ။ (အခုအားထုတ်ခိုင်းတာက) သမထသက်သက် သမာဓိရရုံခိုင်းတာ။ ၀ိပဿနာ မရောစေနဲ့ဦး။ သဒ္ဓါ၊ ပညာ၊ သမာဓိ၊ ၀ီရိယတို့ကိုအပိုအလိုမရှိ၊ မလျော့မတင်း စောင်းကြိုးညှင်းဆိုသလို အားထုတ်ရမယ်။ မင်းက တခါမှအားမထုတ်ဘူးလို့ ငါက ဒါလောက် အချိန်အကုန်ခံပြီး ပြောပြနေရတာ၊ ဒီ အာနာပါန ၀င်လေထွက်လေ ရှူရှိုက်ပြီး အားထုတ်တာ ဘာခက်တာလိုက်လို့၊ ကဲ အကျင့်ရအောင်သွားအားထုတ်စမ်း၊ သမာဓိကောင်းကောင်းရမှ ငါ့ဆီလာခဲ့။
    (၂-နာရီလောက် အားထုတ်ပြီးလာတော့) မင်း သမာဓိကောင်းကောင်းရပြီလား၊ (ရပါပြီဘုရား)။ မင်းက သမာဓိကောင်းကောင်းရတယ်တာပြောတာ၊ မင်းရဲ့ ရုပ်လက္ခဏာက သမာဓိကောင်းကောင်းရတဲ့ လက္ခဏာမဟုတ်သေးဘူး။ သမာဓိရတဲ့ လက္ခဏာက သမာဓိကောင်းကောင်းရတဲ့ လက္ခဏာနဲ့ မရသေးတဲ့ လက္ခဏာဟာ အပုံကြီးခြားနားတယ် ဆိုတာ နောက်တော့ ငါပြောပြမယ်။ မင်း အခု ထမင်းစား ရေချိုး နောက် ခန္ဓာဝန်ကို ပြည့်စုံအောင် ဆောင်ရွက်၊ တရားထိုင်ချိန်ကျမှ အခင်းကြီး, အခင်းလေးတွေ မပေါ်စေနဲ့၊ ဒီကိစ္စတွေဟာ အများကြီး အနှောင့်အယှက် ဖြစ်တယ်။ ကဲ ဒါတွေပြည့်စုံအောင်လုပ်ပြီး အားထုတ်ချေ။
    (၂-နာရီလောက် အားထုတ်ပြီး ပြန်လာတော့) မင်း သမာဓိ ကောင်းကောင်းရပြီလား၊ (ရပါပြီဘုရား)၊ အေး... ဒါလောက်ဆိုရင် တော်လောက်ပြီ၊ ဒီတစ်ခါ ၀ိပဿနာရှုရမယ်။ ရှေးဦးစွာ သမာဓိကောင်းကောင်း ထူထောင်ရမယ်။ နောက် ၀ိပဿနာဘက်ပြောင်းပြီးရှုရမယ်။ ၀ိပဿနာဆိုတာက ပညာလမ်းကို စိတ်ညွတ်ပြီး ရုပ်နာမ်လက္ခဏာ ဖြစ်ပေါ်လာတာတွေကို ဆင်ခြင်တာပါပဲ။ ယခုလက်ရှိ ခန္ဓာကြီးဟာ ပဋိသန္ဓေကစပြီး သေသည့်တိုင်အောင် မပြတ်မစဲ, ထပ်တလဲလဲ ဖြစ်ပျက်နေကြတယ်။ အနိစ္စ, ဒုက္ခ, အနတ္တ၊ လက္ခဏာရေး ၃-ပါးတို့သာ မုချဧကန် ဖြစ်ပျက်နေကြပါတကားလို့ သိမြင်ရတယ်။ ရုပ်နာမ်နှစ်ပါးတို့ကား မမြဲ, ဆင်းရဲ, ငါလဲမဟုတ်။ ရုပ်နာမ်တွေဟာ “အနတ္တ”ဟု ထင်မြင်မှု များလာတဲ့အခါ ဖြစ်လိုက်ချုပ်လိုက်နဲ့ ချုပ်ချယ်နေကြတာကို တွေ့မြင်တဲ့အခါ၊ ဥဒယဗ္ဗယဉာဏ် ရောက်တယ်လို့ သိရမယ်။ နားလည်ပြီလား။ တရားမထိုင်ခင်က အသိဉာဏ်နဲ့ ဒီလိုမရှင်းရင် ခရီးရောက်မှာမဟုတ်ဘူး။ အဲဒီတော့ ဒိဋ္ဌိ ၀ိစိကိစ္ဆာကို ထပ်ပြီးပယ်ပေးရဦးမယ်။ မင်း သောတာပန်ဖြစ်ချင်ရင် “ဒိဋ္ဌိဝိစိကိစ္ဆာ”ကို အရင်ပယ်ရမယ်။
    ဒိဋ္ဌိနဲ့ဝိစိကိစ္ဆာ။    ။ ဒိဋ္ဌိ၊ ၀ိစိကိစ္ဆာဆိုတာ ဘယ်မှာကပ်နေသလဲ၊ “ဒိဋ္ဌိ၊ ၀ိစိကိစ္ဆာ”ဆိုတာ ခန္ဓာငါးပါးမှာကပ်နေတယ်။ အဲဒီတော့ ဒိဋ္ဌိ, ၀ိစိကိစ္ဆာကပ်နေတဲ့ ခန္ဓာငါးပါးက ဘယ်ကဖြစ်လာတာလဲ၊ ဘယ်လိုလုပ်ပြီး ဖြစ် ပျက် နေတာလဲဆိုတာ သိထားရမယ်။ ဒါ မသိလို့ရှိရင် ဒီကပ်နေတဲ့ “ဒိဋ္ဌိ, ၀ိစိကိစ္ဆာ”ဟာ ဘယ်လိုနည်းနဲ့မှ မခွာနိုင်ဘူး။ မပယ်နိုင်ဘူး၊ အဲဒီတော့ ခန္ဓာငါးပါးဟာ ဘာတွေလဲဆိုတာ ဆရာသမားပြောတာကြားဖူးလို့ သိပြီထား၊ ဒီခန္ဓာရဲ့ ဖြစ်ကြောင်း ချုပ်ကြောင်းကို မသိခဲ့လို့ရှိရင် “ဒိဋ္ဌိ”ကပ်ဦးမှာပဲ။ အဲဒါကြောင့် ခန္ဓာငါးပါးအကြောင်း သိချင်လို့ရှိရင် ပဋိစ္စသမုပ္ပါဒ်ကို အရင်သိအောင်လုပ်ရမယ်။ ကဲ... ငါ့အခန်းထဲက ပဋိစ္စသမုပ္ပါဒ် ပုံစံကဒ်ပြားကို သွားယူချေ။ ပဋိစ္စသမုပ္ပါဒ်က စာထဲမှာပါတဲ့ ပဋိစ္စသမုပ္ပါဒ်ကတမျိုး၊ ခန္ဓာကြီးထဲမှာအခု ဖြစ်ပျက်နေတဲ့ ပဋိစ္စသမုပ္ပါဒ်က တမျိုးလို့ ၂-မျိုးရှိတယ်။ စာထဲပါတဲ့ ပဋိစ္စသမုပ္ပါဒ် နားလည်ရုံလောက်နဲ့တော့ မင်းခရီးမပေါက်ဘူး။ မင်းခန္ဓာကြီးထဲမှာ ဖြစ်ပေါ်နေတဲ့ ပဋိစ္စသမုပ္ပါဒ်ကို နားလည်မှ သဘောပေါက်မယ်။
    ဒါကြောင့် ခန္ဓာငါးပါး၏ ဖြစ်ကြောင်းချုပ်ကြောင်းကို ပြမယ်။ “အ၀ိဇ္ဇာပစ္စယာသင်္ခါရာ”ပုံစံလဲ ကြည့်။ မင်းတို့ ဟိုအတိတ်ဘ၀ကလုပ်ခဲ့တဲ့ အ၀ိဇ္ဇာသင်္ခါရတွေကြောင့် “သင်္ခါရပစ္စယာဝိညာဏံ”၊ ဒီဘ၀မှာ ဒီခန္ဓာကြီး ဖြစ်လာရတယ်။ (အ၀ိဇ္ဇာ၊ သင်္ခါရက)လွန်ပြီး အတိတ်ပဋိစ္စသမုပ္ပါဒ်မို့ မင်းတို့နဲ့ မဆိုင်တော့ဘူး။ နောက်ဖြစ်မယ့် အနာဂတ်ပဋိစ္စသမုပ္ပါဒ်လဲ မရောက်သေးလို့ မင်းနဲ့မဆိုင်ဘူး။ အရေးကြီးတာက အခု ပစ္စုပ္ပန် ပဋိစ္စသမုပ္ပါဒ်ကို နားလည်ဖို့ပဲ။ “ဒိဋ္ဌိ, ၀ိစိကိစ္ဆာ”က ဒီခန္ဓာငါးပါးမှာကပ်နေတာ၊ “ဒါဘယ်သူ့ဆံပင်လဲ”ဆိုရင် “ငါ့ဆံပင်”လို့ မင်းဖြေမှာပဲ။ ဆံပင်ဆိုတဲ့ ရူပက္ခန္ဓာမှာ ငါ သွားခိုတယ်။ “ငါလက်ဖက်ရည်သောက်လို့ကောင်းလိုက်တာ”ဆိုရင် ဝေဒနာက္ခန္ဓာမှာ ငါ သွားခိုတယ်။ “ငါ မှတ်ထားတယ်”ဆိုရင် သညာက္ခန္ဓာ ငါ သွားခိုတယ်။ “ငါ ယက္ကန်းခတ်တာမျိုး ရှာမှရှား”ဆိုတော့ သင်္ခါရက္ခန္ဓာမှာ ငါ သွားခိုတယ်။ “ငါ့စိတ် မစမ်းနဲ့”ဆိုတော့ ၀ိညာဏက္ခန္ဓာမှာ ငါသွားခိုတယ်။ ဒါဖြင့် ခန္ဓာငါးပါးဟာ “ဒိဋ္ဌိ”ခိုကပ်စရာ ဌာနကြီးပဲ၊ ဒီတော့ ခန္ဓာနဲ့ “ဒိဋ္ဌိ, ၀ိစိကိစ္ဆာ” ခွာရလိမ့်မယ်။ စာအနေကတော့ ရုပ်နာမ်ကွဲရင် “ဒိဋ္ဌိ, ၀ိစိကိစ္ဆာ”ကွာတယ်လို့ ရေးကြလိမ့်မယ်။ တဆင့်ကျန်နေသေးတယ်။ ပဋိစ္စသမုပ္ပါဒ်ဖြစ်ကြောင်းကိုလဲ နားလည်မှ၊ ပဋိစ္စသမုပ္ပါဒ်ချုပ်ကြောင်းကိုလဲ နားလည်မှ၊ “ဒိဋ္ဌိ, ၀ိစိကိစ္ဆာ”ကွာမယ်။ မသိရင်တော့ “ဒိဋ္ဌိ, ၀ိစိကိစ္ဆာ” ကပ်နေမှာပဲ။
    ဒီတော့ မင်းအလုပ်ခွင်ဝင်ရမဲ့ ပဋိစ္စသမုပ္ပါဒ်က ပစ္စုပ္ပန် ပဋိစ္စသမုပ္ပါဒ်ပဲ၊ ဒီနေ့တစ်နေ့လုံးဖြစ်တဲ့ ပဋိစ္စသမုပ္ပါဒ်ကို ဆိုလိုတာမဟုတ်ဘူး။ ခုမြင်တဲ့အခိုက်၊ ကြားတဲ့အခိုက်မှာပေါ်တဲ့ ပဋိစ္စသမုပ္ပါဒ်ကို ခုတရားထိုင်မဲ့ အချိန်မှာ ပစ္စုပ္ပန်တည့်တည့်ရှုဖို့အရေးကြီးတယ်။ မင်း အသက်ဘယ်လောက်ရှိပြီလဲ၊ (၄၀-ပါ ဘုရား)၊ အေး....အသက်၄၀-သာဆိုတယ်၊ ငယ်ငယ်တုန်းကလဲ ကိုယ့်ကိုယ်ကို ဒီရုပ်ရေပဲ။ ခုကြီးလာတော့လည်း ဒီရုပ်ရေပဲ။ ရုပ်မကျဘူးလို့ မင်းထင်မှတ်နေလို့ရှိရင် ဒါ “သဿတဒိဋ္ဌိ”ဖြစ်တယ်။ ဒီလိုဆက်ပြီးတည်တယ်လို့ မယူရဘူး။ တခါ- “ငါ ပိုက်ဆံများများ ရမယ်ဆိုရင် ဘာမဆို လုပ်ရဲတယ်၊ သေရဲတယ်။ သေရင်ပြီးတာပဲ” ဆိုလို့ရှိရင် ဒါ “ဥစ္ဆေဒဒိဋ္ဌိ”ဖြစ်တယ်။ ဒီလိုလဲ အပြတ်မယူရဘူး။ ကဲ.... ဒီလောက်ဆိုတော်လောက်ပြီ၊ မင်း.... ဆိတ်ငြိမ်တဲ့နေရာသွားပြီး အလုပ်ထိုင်ပါ။ သမထကိုတော့ သမာဓိ ကောင်းကောင်းရအောင်အားထုတ်ပေါ့။ ခန္ဓာကိုယ်တည့်တည့်(တဲ့တဲ့)ထိုင်ပါ။ (ရှူလေ) ၀င်လိုက်တာလဲသိ။ ထွက်လေ ထွက်သွားတာလဲသိ၊ သမာဓိအားကောင်းလာလိမ့်မယ်။ အဲဒီအချိန်မှာ ၀ီရိယကိုလဲ အလျှော့မပေးရဘူး။ သတိနဲ့ ပညာကိုလဲ တပါတည်းကပ်လိုက်ပါ။ ခန္ဓာကိုယ်ကြီးဟာ ဖောက်ပြန်ပြီး ဝေဒနာတွေပေါ်လာလိမ့်မယ်။ ပေါ်လာတာတွေကို သိလိုက်ပါ။ ဒီလိုသိနေတဲ့ကြားက အသံတခုခုကြားလိုက်ရင်လဲ “ကြားလိုက်ပြန်ပြီ”လို့ သိလိုက်၊ နားလည်ပြီလား။ ကဲ... သွားထိုင်ချေ။

မိုးကုတ်ဆရာတော်ဘုရားကြီး၏ သြ၀ါဒတရားများမှ
(၁၃၁၉-ခု တော်သလင်းလ၌ “ထေရုပ္ပတ္တိနှင့် ကျင့်စဉ်”ရေးသူ ဦးကျော်သိန်း အား ဟောကြားသော တရား ၃-ပုဒ်မှ)

No comments: