Pages

Wednesday, May 9, 2012

ဒုက္ခသစ္စာ၏ သန္တာပဋ္ဌအနက် (၃)

    သစ္စာအနက် ၁၆ ချက်ဟာ သိရမယ့်ကိစ္စ ပွားများရမယ့်ကိစ္စရယ်လို့ ကိစ္စ ၂ ခုရှိပါတယ်။ သန္တာပဋ္ဌ = ခန္ဓာကိုယ်ကြီးရထားတာဟာ မီးလောင်စာကြီးရထားတာပဲ။ ဒီမီးက သာမညမီးမဟုတ်ပါဘူး တဲ့။ ဒီ ခန္ဓာကြီးထဲမှာ တထောင့်ငါးရာ ကိလေသာမီးတွေ အောင်းနေတယ်။ တထောင့်ငါးရာ ကိလေသာမီးတွေဟာ မဂ်နဲ့ မပယ်ရသေးသရွေ့ အောင်းနေမှာပဲ။ အောင်းနေတော့ ရုပ်နာမ်ခန္ဓာတွေဟာ မီးစာတွေပဲ။ ၁၅၀၀ = ကိလေသာက မီး၊ ခန္ဓာကြီးကလောင်စာ၊ မီးနဲ့လောင်စာနဲ့ တွဲနေတာပဲ။ မီးက သူတော်ကောင်းဆိုရင် မလောင်ဘူး။
    ခင်ဗျားတို့ ချမ်းချမ်းသာသာ နေရအောင်ဆိုပြီး အိမ်ဆောက်ကြ တိုက်ဆောက်ကြတယ်။ အခြံအရံတွေနဲ့ နေကြ ထိုင်ကြတယ်။ ဒါပေမယ့် ကိလေသာမီးလောင်လို့ အိမ်မှာနေနိုင်ကြရဲ့လား။ မနေရဘူး။ ကိုယ့်အိမ်ကထွက်ပြေးနေရတာ၊ ဟိုသွား ဒီသွား ငွေရှာရတယ်။ ဟိုဈေးစုံစမ်းရေးထွက်ရ။ ဟိုမှာ ရစရာကိစ္စနဲ့သွားရ၊ ဒါ လောဘမီးလောင်လို့ ပြေးနေရတာ။ ဒီ ခန္ဓာကြီးဟာ လမ်းမှာလဲ လောင်ရင်း သွားတာပဲ။ လမ်းမှာ ကားနဲ့တိုက်မိမလား။ စက်ဘီးနဲ့ တိုက်မိမလား။ ခွေးကိုက်ခံရမလား။ ဒါတွေကြောင့်ကြတဲ့ ဒေါသမီး လောင်လျက်နဲ့ သွားနေရတာ။ အိမ်ကထွက်တုန်းက လောဘမီးနဲ့၊ လမ်းကျတော့ အန္တရာယ်တွေ့တော့ ဒေါသမီးနဲ့၊ ဒီလိုလောင်ပြီး ကိုယ့်အလုပ်ခွင် ကိုယ်ရစရာရှိတဲ့ဆီ သွားနေရသဖြင့် ဒီအိမ်ဆောက်ပြီး အိမ်မှာမနေရတာ ထွက်ပြေးနေရတာဟာ မီးလောင်လို့၊ အိမ်ဆောက်ပြီး အိမ်မှာနေရတဲ့ ပုဂ္ဂိုလ် အတော်ပဲရှားတယ်။ ခြေလျင်သွားနေရင် နှေးမှာစိုးလို့ စက်ဘီးနဲ့သွားရ၊ စက်ဘီးနဲ့ နှေးမှာစိုးလို့ ကားနဲ့သွားရ၊ တစ်ခါ ကားနဲ့ နှေးတယ်ဆိုပြီး လေယာဉ်ပျံနဲ့တောင် အပြေးအလွှား သွားကြရတယ်။ ဒါ ကိလေသာမီးက လောင်လွန်းလို့ အမြန်ပြေးကြရတာ။ တခါ လေယာဉ်ပျံ မြန်လှပြီအောက်မေ့နေတာ၊ကိလေသာမီးကတအားလောင်တော့ လေယာဉ်ပျံတောင် နှေးသွားတယ်။ အိမ်တိုင်းအိမ်တိုင်းမှာ နေ့တိုင်း ထွက်ထွက်နေကြတာဟာ နေ့တိုင်းမီးလောင်နေလို့မှတ်၊ ဘယ်အိမ်သွားကြည့် ကြည့် နေ့တိုင်းမီးလောင်နေတာပဲ တွေ့ရမယ်။
    အခု ဘုရားဟောတဲ့ သစ္စာတရားတွေ နာနေတာဟာ ထိုက်တန်ပါရမီရှိလို့ပဲ။ ဒါပေမယ့် ပါရမီပြည့်မယ်ကြံရင်း လောင်ရင်း ဖြစ်နေတော့ ဘယ်တော့မှ ပြည့်မှာမဟုတ်ဘူး။ မီးက ခန္ဓာကိုယ်တွင် လောင်တာမဟုတ်ဘူး။ သူတော်ကောင်းရတနာပါတောင် လောင်ပစ်တာ။ သစ္စာမသိတုန်းကဆိုရင် လောင်မှန်းလဲမသိဘူး။ လောင်တာလဲအမှန်ပဲ။ ဒီတော့ ခင်ဗျားတို့ ပါလာတဲ့အရင်းတွေ(ပါရမီကုသိုလ်တွေ) အကုန်ရှုံးပေါ့။ ခန္ဓာလဲရှုံး သူတော်ကောင်း ရတနာတွေလဲ ရှုံးပေါ့။ ဘာကြောင့် အရှုံးကြီးရှုံးရပါလိမ့်။ သစ္စာသိတဲ့ ဉာဏ်မလာလို့။ သစ္စာသိတဲ့ဉာဏ်သာ ဒီခန္ဓာမှာ ကိန်းနေတယ်ဆိုရင် ကိလေသာ ၀င်ခွင့်မရပါဘူး။ ၀င်ခွင့်မရရင် မလောင်နိုင်ဘူး။ ကိလေသာကသာ ထွက်ပြေးရတော့တယ်။ မဂ်က အနိုင်ရသွားတော့တယ်။ ဒါကြောင့် မဂ်ဉာဏ်သည် ၁၅၀၀ ကိလေသာမီးတွေကို အကုန်လောင်ပြီး အနိုင်ယူနိုင်တယ်။ ဒါ ဒုက္ခသစ္စာပဲကွလို့ ဉာဏ်ဆုံးဖြတ်ချက်ချ။ ဖြစ်ဒုက္ခ၊ ပျက်ဒုက္ခမှတစ်ပါး ခန္ဓာကိုယ်ထဲမှာ ဘာမှမရှိဘူး။ ဒီဒုက္ခ ၂ခုစလုံး ဘယ်ဒုက္ခမှ မကြိုက်နိုင်ဘူး။ ဒုက္ခမှန်းသိပြီလို့ ဒုက္ခကိုပိုင်းခြားလိုက်ပါ။ သံယုတ်ပါဠိတော်မှာ ဒုက္ခပိုင်းခြားပုံ ဒီလိုလာတယ်။ ဒုက္ခဖြစ်၍ ဒုက္ခပျက်တာမှ တစ်ပါး မင်းတို့ခန္ဓာထဲမှာ ဘာမျှမရှိဘူးတဲ့။
    ဒုက္ခကို ကြိုက်နေတာကတော့ ၀ိပ္ပလ္လာသ (အသိအမြင်ဖေါက်ပြန်မှု)ကြောင့်ပဲ။ ၀ိပ္ပလ္လာသသတ္တိရှိလို့ တဏှာကကြိုက်တာ။ ရှေးကတဏှာကြိုက်လို့ အခုမကြိုက်အောင် သစ္စာတရား အနာခိုင်းနေတာ။ ဒါ ဒုက္ခသစ္စာလို့ ပိုင်းခြားသိကြပါ။ ခင်ဗျားသန္တာန်မှာ ရုပ်နာမ်ပဲရှိတယ်။ ရုပ်ကလဲ ဖြစ်ပြီးပျက်တာပဲ။ နာမ်ကလဲ ဖြစ်ပြီးပျက်တာပဲ။ ဖြစ်ပျက် ၂-ခုလုံး ဖြစ်တာလဲဒုက္ခပဲ၊ ပျက်တာလဲ ဒုက္ခပဲ၊ နာမ်ကလဲ ဒုက္ခပဲ။ ရုပ်ကလဲ ဒုက္ခပဲ။ ဘာဝေတဗ္ဗ(မဂ်)နဲ့ ပွားကြည့်လိုက်တော့ ခန္ဓာကိုယ်ထဲမှာ ဖြစ်ပြီးပျက်သွားတာမှတစ်ပါး၊ ဖြစ်ဒုက္ခပျက်ဒုက္ခမှတစ်ပါး ဘာမှ မရှိဘူးလို့ တွေ့ရမယ်။ ဖြစ်ပျက်ပဲ တွေ့မယ်။ ဒီလိုဖြစ်ပျက်တွေ (မြင်) လာရင် ရုပ်နာမ် ၂ခုတွင် တစ်ခုခုကိုပဲ လိုက်ပြီး ရှုလိုက်၊ ရုပ်နာမ် ၂-ခုက အချင်းချင်း မှီနေတာဖြစ်တော့ တစ်ခုပျက်တာမြင်ရင် ကျန်တစ်ခု ပါသွားတာပဲ။ ဒီတော့ ဖြစ်ပျက်ကို မြင်အောင်ကြည့်၊ ဆက်ကြည့်၊ ဆက်ရှု့၊ ဖြစ်ပျက် မုန်းလာအောင်ကြည့်၊ ရှု။ ဖြစ်ပျက်မုန်းလာလို့ ဒီဒုက္ခသစ္စာကြီးတော့ မလိုချင်တော့ပါဘူးဆိုရင် ဒုက္ခသစ္စာချုပ်ပြီး သမုဒယသစ္စာလဲ ချုပ်ပြီ။ ဒီ ၂-ခု ချုပ်သွားရင် နိရောဓ= နိဗ္ဗာန်ကိုမြင့်တော့တာပဲ။ ဖြစ်ပျက်ဆုံးရင် နိဗ္ဗာန်ရောက်ပြီ။ ခန္ဓာအဆုံးမှာ နိဗ္ဗာန်ရှိတယ်။

မိုးကုတ်ဆရာတော်ဘုရားကြီး၏ သစ္စာအနက် ၁၆-ချက် တရားတော်များမှ

No comments: