Pages

Thursday, May 10, 2012

ခန္ဓာငါးပါးနှင့် သက္ကာယဒိဋ္ဌိ

    သွားမှု, ရပ်မှု, ထိုင်မှု, လျောင်းမှု ပြုပြင်ပြောင်းလဲတာတွေဟာ ရူပက္ခန္ဓာ။ ကောင်းမကောင်း ခံစားတတ်တဲ့ ဝေဒနာက ဝေဒနာက္ခန္ဓာ။ ဖြူတယ်နီတယ် မဲတယ်လို့ မှတ်ထားတဲ့ သညာက သညာက္ခန္ဓာ။ သွားဖို့ လာဖို့ နေထိုင်ဖို့ စေ့ဆော်နေတဲ့ စေတနာက သင်္ခါရက္ခန္ဓာ။ အာရုံဓမ္မတွေကို သိတဲ့ စိတ်ဝိညာဏ်က ၀ိညာဏ်ဏက္ခန္ဓာလို့ ခန္ဓာငါးပါးရှိတယ်။ ဒီ ခန္ဓာငါးပါးကို ခန္ဓာငါးပါးပဲလို့ မှတ်ရမယ်။ ဒါတွေကို ငါ, ငါ့ဥစ္စာလို့ မှတ်ထင်ထားတဲ့သဘောက လာပြီဆိုမှဖြင့် ခင်ဗျားတို့ ဒုက္ခ, ဒေါမနဿ, သောက, ပရိဒေ၀တွေလိုက်လာမယ်၊ မနေ့က သက္ကာယဖြစ်ပုံ ပျက်ပုံကိုပြတယ်။ ဒီနေ့တော့ သက္ကာယဒိဋ္ဌိ ချုပ်ပုံကို တမျိုးပြပါမယ်။
    ရုပ်။    ။ ခင်ဗျားတို့ ခန္ဓာကိုယ်မှာ ရုပ်တရားကြီးရှိတယ်။ မျက်လုံးရုပ်ရှိတယ်။ မျက်လုံးဟာ ရုပ်တရား၊ ကံကြောင့်ဖြစ်တဲ့ ရုပ်ဖြစ်တယ်။ ကံကလုပ်ထားသောကြောင့် ဒီမျက်လုံးဟာ ကံကပိုင်တယ်။ ခင်ဗျားတို့ပိုင်တာ မဟုတ်ဘူး။ ဒီတော့ ခင်ဗျားတို့က ကြားက၀င်ပြီး ဒါ ငါ့မျက်လုံး ငါပဲလို့ သွားမလုပ်လိုက်နဲ့၊ သွားလုပ်လိုက်ရင် သူများပစ္စည်းကို ကိုယ့်ပစ္စည်းရယ်လို့ အထင်မှတ်မှားခြင်းပဲ။ ဒီလို အထင်မှတ်မှားရင် အတ္တဆိုတဲ့ သက္ကာယဒိဋ္ဌိဖြစ်တယ်။ အထင်မှတ်မှားတော့ စက္ခုရုပ်က အနိစ္စတရားမို့ အနိစ္စရောက်သွား ပျက်စီးသွားတဲ့အခါမှာ ငါ့မှ ဖြစ်ရလေခြင်းဆိုတော့ သောက, ပရိဒေ၀, ဒုက္ခ, ဒေါမနဿတွေ လိုက်လာတယ်။ ဒါတွေဟာ အစွဲမှားလို့ ဖြစ်တာ။ နဂိုက မျက်လုံးဟာ ကံကလုပ်ထားတာ။ ကံက ပြုပြင်ထားတာ။ ကံကဖြစ်လာတဲ့ ကမ္မဇရုပ်ပဲ။ ဒီတော့ကံကြောင့်ဖြစ်လာတဲ့ မျက်လုံးကို ငါပဲ ငါပိုင်တဲ့ဥစ္စာပဲလို့ မထင်ကြနဲ့၊ မစွဲကြနဲ့၊ ခင်ဗျားတို့ ဥစ္စာမဟုတ်ဘူး။
    ဝေဒနာ။    ။ ဝေဒနာဆိုတာ ဥပမာ- ကိုယ်နဲ့အပူနဲ့တွေ့ရင် ပူတဲ့ဝေဒနာပေါ်တယ်။ ဒုက္ခဝေဒနာပေါ်တယ်။ ပူတဲ့အခါ အေးတဲ့လေတိုက်လိုက်ရင် ချမ်းသာတယ်ဆိုတဲ့ သုခဝေဒနာပေါ်တယ်။ ၀မ်းသာစရာတွေ့ရင် ၀မ်းသာတယ်။ သောမနဿဝေဒနာဖြစ်တယ်။ ၀မ်းနည်းစရာနဲ့တွေ့ရင် ၀မ်းနည်းတယ်။ ဒေါမနဿဖြစ်တယ်။ ဒါဖြင့် ၀မ်နည်းတဲ့ ၀မ်းသာတဲ့ သဘောလေးဟာ ရှေးကအရင်ကပေါ်တာ မဟုတ်ဘူး။ ဒွါရနဲ့ အာရုံဆိုတဲ့အကြောင်းတရား တိုက်ဆိုင်လို့ အခုမှ ပေါ်လာတာဖြစ်တယ်။ ဒါဖြင့် ဝေဒနာကို တိုက်ဆိုင်တဲ့ အကြောင်းတရား ၂-ခုကသာ ပိုင်တယ်ပေါ့။ ဒီတော့ ဒီဝေဒနာကို ငါပဲ ငါ့ဥစ္စာပဲလို့ မလုပ်ပါနဲ့။ ဝေဒနာဟာ ခင်ဗျားတို့ပိုင်တဲ့ ဥစ္စာမဟုတ်ဘူး။
    သညာ။    ။ မှတ်ထားတဲ့ သညာလေးတွေဟာလဲ ခင်ဗျားတို့ မှတ်လိုက် မေ့လိုက်၊ မှတ်လိုက် ပျောက်လိုက် ဖြစ်နေတယ် မဟုတ်လား။ သညာဟာ ပေါ်လာလိုက် ပျောက်သွားလိုက်ဖြစ်တော့ ဒါ အနိစ္စတရားလေးပဲ။ အနိစ္စတရားဖြစ်လို့ အနိစ္စမမြဲတဲ့သဘောကို ပြတာပဲ။ ဒီ မှတ်ထားတဲ့ သညာလေးဟာ မမြဲဘူး။ အာရုံ- ဒွါရဆိုတဲ့ အကြောင်းတရား ၂-ပါးတိုက်ဆိုင်လို့ ပေါ်လာတာ။ ဒီတော့ သညာလေးဟာ အကြောင်း ၂-ပါးကပဲ ပိုင်ဆိုင်တာပေါ့။ ခင်ဗျားတို့ပိုင်ဆိုင်တာ မဟုတ်ဘူး။ မဟုတ်တော့ ငါ ငါ့ဥစ္စာလို့ သွားမလုပ်ပါနဲ့။
    စေတနာ။    ။ စေတနာလဲ ထို့အတူပဲ။ စေတနာဆိုတာ လှူဒါန်းချင်တယ်၊ ပေးကမ်းချင်တယ်၊ သွားချင်လာချင်တယ်ဆိုတဲ့ စေတနာတွေဟာ သွားစရာရှိတဲ့ အာရုံကြောင့် ပေါ်လာတာ။ ဒီလို အာရုံကြောင့် ပေါ်လာတဲ့စေတနာကို ငါစေတနာကောင်းတယ်ဆိုပြီး ငါ့ဟာ ငါပဲလို့ ကြားက၀င်ပြီး မစွဲပါနဲ့။ ကြားက၀င်စွဲမှုကြောင့် သက္ကာယဒိဋ္ဌိဖြစ်တယ်။
    စိတ်။    ။ စိတ်ကိုလဲ ငါ့စိတ်လို့ မထင်လိုက်ပါနဲ့။ ငါ့စိတ်ဆိုတာ ရှိကိုမရှိဘူး။ ထမင်းနဲ့ တွေ့မှ ထမင်းစားချင်တဲ့စိတ်ပေါ်တယ်။ မုန်းစရာနဲ့တွေ့မှ မုန်းစိတ်ပေါ်တယ်။ ခင်စရာလူနဲ့ တွေ့မှ ခင်စိတ်ပေါ်တယ်။ မုန်းစရာ ခင်စရာဆိုတဲ့ အာရုံနဲ့တွေ့မှ စိတ်ကပေါ်တာ။ ဒီတော့ စိတ်ကို ငါပဲ ငါ့ဥစ္စာပဲလို့ မစွဲပါနဲ့။ စွဲရင် သက္ကာယဒိဋ္ဌိဖြစ်တယ်။
    ရုပ်ကို ငါပဲ ငါ့ဥစ္စာပဲလို့မထင်နဲ့၊ မိမိကိုယ်ကျတော့ ငါပဲလို့ထင်ကြတယ်။ အဲဒါကို အတ္တလို့ခေါ်တယ်။ မိမိရဲ့ သားသမီးတွေ ပစ္စည်းတွေကျတော့ ငါ့ဥစ္စာပဲလို့ ထင်ကြတယ်။ ဒီလို အတ္တ အတ္တနိယနဲ့ပတ်သက်ပြီး ငါ ငါ့ဥစ္စာလုပ်ရင် သက္ကာယဒိဋ္ဌိ ဖြစ်တယ်။
    သညာဆိုတဲ့ နာမ်ဓမ္မလေးကို ငါမှတ်ထားတာ၊ ငါ့သညာ ငါ့ဥစ္စာလို့ မဆိုပါနဲ့။ သညာဟာ သညာပဲ၊ ငါလဲမဟုတ်ဘူး။ ငါ့ဥစ္စာလဲ မဟုတ်ဘူး။
    စေတနာဟာ စေတနာပဲ။ နာမ်ဓမ္မသက်သက်ပဲ၊ သင်္ခါရက္ခန္ဓာပဲ။ ငါ ငါ့ဥစ္စာမဟုတ်ဘူး။ ငါ ငါ့ဥစ္စာလို့ သွားမစွဲနဲ့။ ပြီးတော့ စိတ်ကလေးတခု ဘယ်စိတ်ပေါ်ပေါ် ငါ့စိတ်ဆိုတာမျိုး မသုံးလိုက်ပါနဲ့။ စိတ်ကို ငါထင်ရင် ငါ့စိတ်ထင်ရင် ဒါသက္ကာယဒိဋ္ဌိဖြစ်သွားတယ်။
    ဒီ ခန္ဓာငါးပါးကို ချုံးလိုက်ရင် ရုပ်ခန္ဓာ၊ နာမ်ခန္ဓာလို့ ၂-မျိုးပဲရှိတယ်။ ရုပ်နာမ်ပဲရှိတယ်။ ရုပ်ဆိုတာ ကံ, စိတ်, ဥတု, အာဟာရဆိုတဲ့ အကြောင်းတရား လေးပါးက ဖြစ်လာတာ။ နာမ်ဆိုတာ အာရုံနဲ့ ဒွါရဆိုတဲ့ အကြောင်းတရား ၂-ပါးကြောင့်ဖြစ်လာတာ။ ဒီတော့ ဒီရုပ်နာမ်တွေဟာ အကြောင်းတရားတွေက ပြုပြင်စီမံလုပ်ထားလို့ ဖြစ်လာတာ။ အကြောင်းတိုက်ဆိုင်ဖြစ်လာရင် ရုပ်နာမ်တွေဖြစ်လာတယ်။ အကြောင်းတရားမရှိရင် ရုပ်နာမ်တွေဟာ မဖြစ်နိုင်ဘူး။ အကြောင်းတရားချုပ်ရင် ဒီရုပ်နာမ်တွေဟာ ပျောက်သွားတာပဲ။ ဒီတော့ ဒီရုပ်နာမ်ဓမ္မတွေဟာ အနိစ္စတွေ၊ ဒုက္ခတွေ၊ အနတ္တတွေပဲ။ အနိစ္စက အနိစ္စသဘောပြတယ်။ ဒုက္ခက ဒုက္ခသဘောပြတယ်။ အနတ္တက အနတ္တသဘောပြတယ်။ သူတို့သဘော သူတို့ပြကြမှာပဲ။ ဘုရားက သဗ္ဗေသင်္ခါရာ အနိစ္စာ၊ ဒုက္ခာ၊ အနတ္တာလို့ ဟောထားတာပဲ။ ဒီတော့ သူ့သဘောနဲ့သူ၊ သူ့သဘောအတိုင်း သူဖြစ်နေတဲ့ ရုပ်နာမ်ဓမ္မတွေကို ငါ ငါ့ဥစ္စာလို့ ထင်မှတ်ရင် ဒါ ၀ိပ္ပလ္လာသပဲ။ ၀ိပ္ပလ္လာသဆိုတာ ဖောက်ပြန်တာ၊ မှားတာ။ အမှတ်မှား, အသိမှား, အယူမှားဆိုတာ ၀ိပ္ပလ္လာသလို့ ခေါ်တယ်။ ဒီဝိပ္ပလ္လာသဖြစ်ရင် သက္ကာယဒိဋ္ဌိဖြစ်တော့တာပဲ။
    ဒီခန္ဓာငါးပါး ရုပ်နာမ်တရားတွေဟာ အနိစ္စဖြစ်ပျက်ချည်းပဲ။ ဒါတွေကို ခင်ဗျားတို့က အမှတ်မှားကြီးနဲ့ ငါ ငါ့ဥစ္စာလုပ်နေကြတယ်။ ငါဆိုတာက မိမိကိုယ်ကိုပြောတာ၊ အတ္တ ကို ပြောတာ။ ငါ့ဥစ္စာဆိုတာက မိမိ၏ သားမယား မိမိ၏ပစ္စည်းတွေကို ပြောတာ။ ဒါကို အတ္တနိယ လို့ခေါ်တယ်။ ငါဆို တစ်ပဲ။ ငါ့ဥစ္စာဆို နှစ်ပဲ။ ခင်ဗျားတို့က မိမိခန္ဓာ၊ သားသမီးခန္ဓာ၊ မိမိပစ္စည်းတွေကို အမှတ်မှားကြီးနဲ့ ငါ ငါ့ဥစ္စာလို့ တစ်, နှစ် ရေးနေကြတယ်။ ဒီလို ၁, ၂တွေ ရေးတော့ အဲဒီ အနိစ္စတရားတွေက အနိစ္စသဘောလဲပြပါရော၊ ခင်ဗျားတို့ ကိုယ်ဆင်းရဲ စိတ်ဆင်းရဲတွေဖြစ်ပြီး ငိုပွဲဆင်ကြတာပဲ။ ဖြစ်မှ ဖြစ်ရလေခြင်း ကိုယ်ကျိုးနည်းပေါ့ လက်မောင်းကြီးပြုတ်ပေါ့ စသည်ဖြင့် ငိုကြတယ်။ မျက်ရည်ကျကြတယ်။ ရင်ထုကြတယ်။ မြေလူးကြတယ်။ ဘာဖြစ်လို့တုံး၊ ငါ ငါ့ဥစ္စာလို့ အမှတ်မှားလို့၊ ၁, ၂ အရေးမှားလို့။
    ဒီတော့ မိမိခန္ဓာအပေါ်မှာ ငါထင်တယ်။ မလုပ်နဲ့ (၁-မရေးနဲ့)၊ သားသမီးတွေအပေါ်မှာ ငါ့ဥစ္စာမလုပ်နဲ့ ပစ္စည်းတွေကိုလဲ ငါ့ဥစ္စာမလုပ်နဲ့ (၂-မရေးနဲ့)၊ ဒါတွေဟာ ဖြစ်ပျက် အနိစ္စတွေပဲ။ သုညတွေပဲ။ အနတ္တ=ကိုယ်ပိုင်တာမဟုတ်ဘူး။ ဒီလို သုည ရေးလိုက်ပါ။ သုည ရေးတတ်ရင် ရေးနိုင်ရင် မျက်ရည်မကျဘူး။ ဒီတော့ ငါ ငါ့ဥစ္စာဆိုတဲ့ ၁၊ ၂ အစွဲကို ဖြုတ်ပါ။ ငါလဲဖြုတ်၊ ငါ့ဥစ္စာလဲဖြုတ်၊ ဒါတွေဟာ သူတို့သဘောအတိုင်း အနတ္တ (အစိုးမရမှု)ချည်း ပြနေမှာ။ နဂိုကတည်းက ငါ ငါ့ဥစ္စာနဲ့ မဆိုင်ပါလား။ ငါ ငါ့ဥစ္စာမှ ဆိတ်သုဉ်းပါလားဆိုတဲ့ သုညချည်းရေးလိုက်ပါ။ သုညချည်းရေးလိုက်ရင် မျက်ရည်မကျတော့ဘူး။
    ခင်ပွန်းသည်က မိမိကိုယ်ကို ငါ၊ ဇနီးကိုတော့ ငါ့ဥစ္စာ။ ဇနီးသည်ကလဲ ထို့အတူပဲ ခင်ဗျားတို့က ကိုယ့်ကိုယ်ကို ငါလုပ် (၁-ရေး)၊ ကိုယ့်သားမယား ပစ္စည်းဥစ္စာတွေကို ငါ့ဥစ္စာလုပ် (၂-ရေး) ဒီလို ဂဏန်းအရေးမှားထားတော့၊ အဲဒါတွေက သူ့သဘောအတိုင်း အနိစ္စသဘော၊ အနတ္တသဘောတွေလဲပြပါရော။ ခင်ဗျားတို့က ဖြစ်မှဖြစ်ရလေခြင်းလို့ အော်ကြငိုကြတာပဲ။ ဒါ ကိုယ့် အတတ်နဲ့ကိုယ်စူးတာ၊ ဒါကြောင့် သုဿန်များ တယောက်ပျက်စီးလို့ ၀ိုင်းပြီးကျီးလိုအာပြီး ငိုကြ ယိုကြ ရင်ထု မြေလူး အနှိပ်သည်တွေနဲ့ နေကြတာတွေဟာ သနားစရာမဟုတ်ဘူးဗျ။ ဘာပြုလို့တုံးဆိုတော့ ဒါ သူ့အတတ်နဲ့ သူစူးနေတာဖြစ်လို့ တဘက်က ခင်ဗျားတို့ကြည့်နေရက်သလားဆိုတော့ ခင်ဗျားတို့ကလဲ ကပျာကရာပျာကြမှာပဲ။ ခင်ဗျားတို့ကလည်း ၁-၂ ရေးတဲ့အထဲက ဖြစ်နေတော့ အိမ်ရှေ့ပူအိမ်နောက်မချမ်းသာ ဆိုသလို ကူသွားမှာပဲ။ ဒီတော့ ခင်ဗျားတို့ အမွေခံလွဲပြီပေါ့။ ဟိုကအပူရတာ ခင်ဗျားတို့က အပူခံနေတယ်။ အဲဒီ အပူစွဲ စွဲတာဟာ နဂိုက အမှတ် လွဲလို့။ ဂဏန်းအရေးလွဲလို့ ဖြစ်လာတာ။ ရိပ်မိပလား။ အဲဒါတွေဟာ အနိစ္စတွေ၊ သုညတွေမို့ ဖြစ်ပျက်နေတာပဲလို့ သုညရေးလိုက်ရင် အပူငြိမ်းတာပဲ။ သူတို့ကလဲ သုည၊ ကိုယ်ကလည်း သုညရေးထားတော့ ကိုက်နေတာပေါ့။ ဒါကြောင့် သုညရေးနိုင်ရင် အနတ္တဉာဏ် ကောင်းကောင်းရပါတယ်။
    ခင်ဗျားတို့က ကိုယ့်သားသမီးကလေးတွေ၊ ကိုယ့်ပစ္စည်းကလေးတွေနဲ့ စိတ်ကူးယဉ်ပြီး ပျော်နေကြတာပဲ။ ကိုယ့်ရှိတဲ့ ပစ္စည်းကလေးတွေကို တိုးပြီး ရှိတာကလေးနဲ့ ရင်းလိုက်လို့ရှိရင် အိုတောင် ကုန်နိုင်စရာမရှိဘူး။ ဒီလို စိတ်ကူလေးနဲ့ ပျော်နေတယ်။ ငါ့သား ငါ့သမီးတွေ နောင်အားကိုးရမှာ၊ အထောက်ပံ့ရမှာ မျှော်လင့်ပြီး ပျော်နေလိုက်သေးတယ်။ နောက်ကျတော့ ဒီဇာတ်ထုပ်ပေါ်တာပဲ။ အရင်က အားကိုးခဲ့တာ အခုတော့ ကိုယ်ကျိုးကြီးနည်းပေါ့လို့ လာတော့တာပဲ။ နောက်ဆုံးပိတ် အနိစ္စမို့ အနိစ္စပြပြီး၊ အထင်နဲ့အမြင် တက်တက်စင် လွဲတော့ ခဲလေသမျှသဲရေကျဖြစ်ပါပေါ့ဆိုပြီး အော်ကြတာပဲ။ အဲဒါ အူရွှင်လို့အော်ရတာ။ နဂိုက အူမရွှင်ရင် ဒီလိုဖြစ်မှာ မဟုတ်ဘူး။
    ခင်ဗျားတို့လူကြီးတွေ ဘယ်သူကမှ ရိုက်လို့ငိုတာမဟုတ်ဘူး။ ကိုယ့်အမှတ်လွဲလို့ ငိုတာချည်းပဲ။ လူကြီးတွေ စိတ်မချမ်းသာ လက်မချမ်းသာ မစားနိုင် မသောက်နိုင် ဖြစ်ရတာတွေဟာ နဂိုက အမှတ်မှားလို့၊ ကိုယ်က မသွားနိုင်မလာနိုင် ဖျားလို့ နာလို့ ရှိရင်လဲ ကိုယ့်အတွက်နဲ့ကိုယ်ပဲ စိတ်မချမ်းသာဘူး။ ကိုယ့်သားသမီးတွေ မကျန်းမာ မချမ်းသရင်လဲ ကိုယ်ပဲ မချမ်းမသာဖြစ်ရတာပဲ။ ဒါ အမှတ်မှားလို့၊ ၁- ၂ အရေးမှားလို့ ငိုရတာ၊ စိတ်ဆင်းရဲတာ။ နဂိုက သုညရေးထားလို့ရှိရင် ကိုယ်ဆင်းရဲ စိတ်ဆင်းရဲမဖြစ်တော့ဘူး။ မျက်နှာမကြည် မသာဖြစ်နေပြီဆိုရင် တစ် နှစ် နှိပ်စက်ပြီလို့မှတ်၊ ရွာထဲမြို့ထဲမှာ လူတွေ မျက်နှာမကြည်မသာ နေကြထိုင်ကြ စားမ၀င် အိပ်မပျော်ဖြစ်ကြတယ်။ ဘယ်သူမှ အလိုကျမှုဆိုတာ မရှိဘူး။ သူ့အချိုးနဲ့သူတော့ စိတ်ဆင်းရဲစရာ ပါတာချည်းပဲ။ ဒီလိုဖြစ်နေကြတာဟာ တစ် နှစ် နှိပ်စက်လို့မှတ်။
    ကိုယ့်အတွက်လဲ ကိုယ်ပူရတာပဲကွ။ ကိုယ့်သားမယား ကိုယ့်ပစ္စည်းတွေအတွက်လဲ ကိုယ်ပူရတာပဲကွ။ မပူတတ်ဘူးဆိုတဲ့လူ တိရစ္ဆာန်မို့ကွတဲ့။ ဟုတ်လား....... ခင်ဗျားတို့က ပြောင်းပြန် ပြောသေးတယ်။ သုညရေးနိုင်တဲ့လူက တိရစ္ဆာန်ဖြစ်သွားရတယ်။ သားမှန်း သမီးမှန်းမသိလို့တဲ့။ သုညရေးနိုင်တဲ့လူက နည်းနည်း၊ တစ် နှစ် ရေးနိုင်တဲ့လူက များများဆိုတော့၊ မဲခွဲတော့ နိုင်သွားတာပေါ့။ ဘယ်သွားသွား မသာအိမ်သွားသွား၊ မသာအိမ်သွားတယ်ဆို မျက်နှာသေနဲ့သွားရတယ်။ မျက်ရည်ကျအောင် ကြက်သွန်တောင် ဆောင်သွားရသတဲ့။ သူများကငိုရင် ခင်ဗျားတို့ကပါ ၀ိုင်းပြီးငိုကြရတာပဲ။ မျက်ရည်မကျရင် မသာနှယ် ခြောက်ကပ်ကပ်ကြီးလို့တောင် ပြောကြသေးတယ်။ ခင်ဗျားတို့ ဘယ်လောက်ရူးတယ်ဆိုတာ စဉ်းစားကြည့်။ ရပ်ထဲရွာထဲ အရူးတွေဟာ များတော့ သူတို့က လူကောင်းဖြစ်ပြီး မရူးတဲ့လူက (သုညရေးတဲ့လူက) အရူးကြီး ဖြစ်ရရှာတယ်။ ရပ်ထဲရွာထဲ နေရတာ မလွယ်ဘူးဗျ။
    ခင်ဗျားတို့ ဘ၀များစွာသံသရာက ကိုယ့်အတွကနဲ့ ကိုယ့်သားမယား ကိုယ့်ပစ္စည်းအတွက်နဲ့ ငိုခဲ့ရလို့ မျက်ရည်ကျရတာတွေဟာ သမုဒ္ဒရာလေးစင်းထဲရှိ ရေတွေထက် များသေးတယ်တဲ့။ ဘုရားကဟောတယ်၊ ရှေးဘ၀များစွာကလဲ ငိုခဲ့ရပြီ။ ယခုဘ၀မှာလဲ ငိုဆဲပဲ။ နောင်ဘ၀မှာလဲ ငိုရဦးမှာပဲ။ ဒီ ၃-ချက်ဟာ အမှတ်မှားတဲ့ တစ်, နှစ် အရေးလွဲတဲ့ ခင်ဗျားတို့ ကိုယ်ပိုင်ပစ္စည်းချည့်မှတ်ပေတော့။ ကဲ .... အခု အငိုတိတ်ကြပါတော့။ အငိုတိတ်အောင်ဆို သုညရေးရမယ်။ ဒီသုညဟာ မျက်ရည်သိမ်းတဲ့တရားပဲ။ ဒီဘ၀မှာလဲ မျက်ရည်သိမ်း။ နောင်ဘ၀မှာလဲ မျက်ရည်သိမ်းမယ်။
    ဒီတော့ မျက်ရည်သိမ်းချင်ရင် သုညရေးနိုင်အောင် ကြိုးစားပါ။ အိမ်မှာရေးနိုင်ဖို့ အရေးကြီးတယ်။ အိမ်ကျ သားထင် သမီးထင် ငါ့ပစ္စည်းထင်တော့မယ်ဆိုရင် ဟေ့.... အရူးမထနဲ့ တစ်, နှစ်မရေးနဲ့၊ ရေးရင် မင်း ငိုရလိမ့်ဦးမယ်လို့  ကိုယ့်ကိုယ်ကို ဆုံးမပါ။ သူတစ်ပါးဆုံးမရတာလွယ်တယ်။ ကိုယ့်ကိုယ်ကို ဆုံးမရတာ အခက်ဆုံးကွတဲ့ ဘုရားကဟောတယ်။ ဘုရားကတော့ ခန္ဓာငါးပါးအပေါ်မှာ သုညရေးနိုင်တဲ့ပုဂ္ဂိုလ်ကို အလွန်ချီးမွမ်းတယ်။ သုညရေးနိုင်တဲ့ ပုဂ္ဂိုလ်ဟာ မျက်ရည်သိမ်းပြီး နိဗ္ဗာန်ရောက်မှာပဲ။ သုညမရေးနိုင်တဲ့ ပုဂ္ဂိုလ်ကတော့ မျက်ရည်နဲ့ အပါယ်လေးပါးပေါ့။ ခင်ဗျားတို့က နိဗ္ဗာန်လဲ ရောက်ချင်တယ်ဆိုသေး၊ သုညရေးပါဆိုတော့ လက်ကိုတုန်နေတာပဲ။ အထွေးဆုံးကလေးကို သုညရေးပါဆိုရင် လက်ကိုတုန်နေတာပဲ။ သုညရေးဖို့တုန်နေရင် ဘယ်တော့မှ နိဗ္ဗာန်ရောက်မှာ မဟုတ်ဘူးမှတ်။

မိုးကုတ်ဆရာတော်ဘုရားကြီး၏ သစ္စာအနက် ၁၆-ချက် တရားတော်များမှ

1 comment:

Unknown said...

သာဓုသာဓုသာဓု