Pages
Wednesday, May 9, 2012
သားတစ်ရတဲ့ ကျီးလို
    စီးပွားရှာလို့ ပစ္စည်းဥစ္စာပြည့်စုံနေတဲ့ ပုဂ္ဂိုလ်ဟာ ဘာနဲ့တူသလဲဆိုရင်၊ ကျီးတစ်ကောင် အမဲသားတစ်ရတာနဲ့ တူတယ်လို့ ဘုရားကဟောတယ်။ ကျီးကန်းတစ်ကောင်ဟာ သားတစ် တစ်ခုရထားတယ်။ ဒီ သားတစ်ကို ဟိုကျီးကလည်းစားချင်၊ ဒီကျီးကလည်းစားချင်တော့၊ အမဲသားတစ်ရထားတဲ့ ကျီးနောက်ကို အကုန်ပြုံလိုက်ကြပြီး ထိုးကြ၊ ဆိတ်ကြ၊ လုကြတယ်။ ဒီကျီးဟာ နဂိုကအထိုးမခံရဘူး။ အခုသားတစ်ရမှ အထိုးခံရတာ၊ ပါးစပ်ထဲကသားတစ် ပြုတ်ကျလာအောင် နာကျင်လာအောင် နှုတ်သီးနဲ့ ထိုးဆိတ်လိုက် အတောင်နဲ့ရိုက်လိုက်နဲ့ လုယက်ကြတယ်။ ဒါ သားတစ်ကြောင့် အထိုး အဆိတ်ခံရတာ။ သားတစ်ကိုလွှတ်လိုက်တော့ ဒီကျီးအထိုးမခံရတော့ဘူး။ ဒီကျီးကို မထိုးတော့ဘဲ ဒီသားတစ်ရသွားတဲ့ နောက်ကျီးကိုပဲ တခြားကျီးတွေက လိုက်ပြီး ထိုးကြ ဆိတ်ကြပြန်တာပဲ။
    ခင်ဗျားတို့လည်း ဒီလိုဘဲ။ ကိုယ့်ကိုယ်ကို ခင်နေတာဟာ သားတစ်ချီထားတာပဲ။ ပစ္စည်းဥစ္စာတွေ ခင်တွယ်နေတာဟာလည်း သားတစ်ချီထားတာပဲ။ သားလင်ခင်ပွန်းနဲ့ တိုက်တာတွေ ခင်နေတာလဲ သားတစ်ကိုချီထားတာပဲ။ ဒါတွေ ချီထားတော့ အစိုးရက “ပေးပါအိမ်ခွန်၊ ပေးပါအမြတ်တော်ကြေး”ဆိုတော့ ဒါ အထိုးခံရတာပဲ။ သူခိုးဓားပြကလဲ ချောင်းပြီး လစ်ရင် လူသတ်ပစ္စည်းယူမယ်ဆိုတာတွေလဲ လာမှာပဲ။ ဒါ ခင်ဗျားတို့က မလွှတ်နိုင်ရင် သေမှာပဲ။ ခင်ဗျားတို့က ကိုယ်ရထားတာကို ကိုက်ထားတော့ ၀ိုင်းပြီး ထိုးဆိတ်ခံကြရမှာပဲ။ ခင်ဗျားတို့က အထိုးခံရတဲ့ဘက်ကချည်းပဲ နေကြရတယ်။ ဘာဖြစ်လို့၊ သားတစ်နဲ့တူတဲ့ ပစ္စည်းတွေကို ကိုက်ထားလို့၊ “ငါ့ဟာ၊ ငါ့ဟာနဲ့”၊ ငါ့ဟာတော့ အထိမခံနိုင်ဘူးဆိုပြီး တအားကိုက်ထားကြတယ်။ ဒီတော့ မင်း၊ ခိုးသူ၊ ရန်သူမျိုးငါးပါး၊ အမွေလိုချင်တဲ့လူတွေက လာလာပြီး ထိုးကြဆိတ်ကြတော့ ခင်ဗျားတို့ စိတ်မချမ်းမသာတာတွေများရတယ်။ ဘာကြောင့်တုံးဆိုတော့ ချီထားလို့ပေါ့။
    ခင်ဗျားတို့ကုန်သည်တွေ ဆိုင်ကလေးကြီးလာတော့ ဟိုကမလို၊ ဒီကမလိုနဲ့ ထိုးဆိတ်ခံကြရတယ်။ မနာလိုသူတွေက အစိုးရဆီသွားပြီး တို့ကြ ရှို့ကြတယ်။ ခင်ဗျားတို့က ချီထားတော့ အထိုးအဆိတ်ခံရတာပေါ့။ ဒါဖြင့် လွှတ်ပစ်လိုက်ပါလား။ လွှတ်ပစ်လိုက်ရင် ဘယ်ဆိုင်နီးချင်းကမှ မျက်စောင်းထိုးတော့မှာ မဟုတ်ဘူး။ ခင်ဗျားတို့က ဒါကြီး ချီထားပြီး “ကိုယ်က လူတလုံး သူတလုံး လုပ်နေတာ”လို့ ထင်နေသေးတယ်။ လူပုံအလယ်မှာ ဆိုင်ကြီးကနားကြီး ပိုင်ရှင်ကြီးအနေနဲ့နေရတာ ဂုဏ်ရှိတယ်လို့ထင်နေကြတယ်။ အထိုးခံရတာလဲလွန်နေပြီ၊ အမျိုးမျိုးအဖုံဖုံ အညှင်းခံရတာလဲ မနည်းဘူး။ ဒါတွေကို မလွှတ်ဘဲ ကိုက်ထားတော့ ဘယ်နေ့များ စိတ်ချမ်းသာ လက်ချမ်းသာနဲ့ အသက်မှန်မှန် ရှုရတဲ့နေ့များရှိသတုံးဆိုတော့ တစ်နေ့မှမရှိဘူး။ ဟိုကြောက်ရ ဒီလန့်ရ စိုးရိမ်ကြောင့်ကြ ဗျာပါရတွေနဲ့ပဲ နေကြရတယ်။ ဒါတွေဟာ ကိုယ်ရှာထားတဲ့ ပစ္စည်းတွေကို မလွှတ်လို့ပဲ။ သားတစ်ရတဲ့ကျီး ၀ိုင်းပြီးအထိုးအဆိတ်ခံနေရသလိုပဲ။
    ဒါကြောင့် ငါးပါးအာရုံကာမဂုဏ်ဆိုတဲ့ ပစ္စည်းတွေကို ခင်ဗျားတို့ သိမ်းပိုက်ထားတာ ကျီးကန်းသားတစ်ရတာနဲ့ အတူတူပဲ။ “ဆွေမျိုးတွေကလည်း သူတို့ဆိုင်ကြီး ကနားကြီးနဲ့ နေတာတောင်မှ ဒို့ဘက်ကို တစ်ပြားတစ်ချပ်မှ မကျပါဘူး”ဆိုပြီး ထိုးလိုက်သေးတာပဲ။ ကိုယ်နဲ့ တန်းတူတွေကလည်း “ဒီကောင်ဘယ်တော့ပြုတ်ပါ့မလဲ” ဆိုပြီးတော့ ထိုးဆိတ်နေတာပဲ။ ဘယ်အချိန်မှ အထိုးအဆိတ်က မလွတ်ဘူးနော်။ ဒါကြောင့် ဘုရားရှင်က “ခန္ဓာရှိရင် ဒီပစ္စည်းတွေလည်းရှိရမယ်၊ ဒီပစ္စည်းတွေရှိရင် ဒီလိုအထိုးခံရမယ်”လို့ ဟောထားတာ။ ခင်ဗျားတို့ကလည်း ဒါတွေလွတ်ပစ်ရင် ချမ်းသာမယ်ဆိုတာမသိတော့ ဒီအထုပ်ကြီးတွေပဲ ချီပြီး ပြေးနေကြတယ်။ စစ်အတွင်းကများဆိုရင် ပြေးလိုက်ရတာ ဘယ်ဆီ ချီသွားရမတုံးဆိုပြီးတော့ အင်းဝဘက်များ ချီပြေးလိုက်သေးတယ်။ ခင်ဗျားတို့က ပါးကိုမပါးဘူး။ ဒါတွေရှိမှ ချမ်းသာတယ်ဆိုတဲ့ အကြံမွဲဉာဏ်မွဲကလည်း လာသေးတယ်။ ဒါတွေမရှိမှ ချမ်းသာတာ၊ ဒါတွေမရှိတော့ အိမ်အပြင်ထွက် လေညှင်းခံပြီး အိပ်လိုက်၊ ဘာမှမဖြစ်ဘူး။ အခုတော့ အခန်းတွေ တံခါးတွေ အထပ်ထပ်လုံအောင်ပိတ်ပြီး ခြင်ထောင်ထဲ ချွေးတဒီးဒီးနဲ့နေရာတာ ချမ်းသာရဲ့လား။ မချမ်းသာပါဘူး။
    မချမ်းသာပေမဲ့ တဏှာကချော့ထားတော့ ခင်ဗျားတို့က ချမ်းသာတယ်လို့ ထင်နေကြတယ်။ တဏှာက “ရွှေရှိမှ ချမ်းသာတယ်၊ ငွေရှိမှ ချမ်းသာတယ်”လို့ပြောတော့ ခင်ဗျားတို့ကလည်း ယုံတာပဲ။ တချို့များ အငတ်ခံပြီး ရှာဖွေကြတယ်။ ဒါ တဏှာက အငတ်ခိုင်းတာပဲ။ စစ်အတွင်းက နောက်ကနေပြီး ဗုံးတွေလဲကြဲရက်၊ စစ်ကလဲတိုက်ရက်၊ ကိုယ်ကလည်းသားတစ်ကြီးကို မလွတ်နိုင်လို့ချီရက်။ အံမာလေး အရူးကြလိုက်တဲ့ဖြစ်ခြင်း၊ ဗုံးကြဲမဲ့လေယဉ်ပျံတွေလာတယ်ဆိုရင် ကိုယ့်ကိုယ်ကိုတောင် ဂရုမစိုက်နိုင်ဘူး။ ပစ္စည်းထားတဲ့နေရာကိုပဲ လွတ်မှလွတ်ပါမလားဆိုပြီး ကြောင့်ကြပူ စိုးရိမ်ပူ သောကပူ ဗျာပါပူတွေ အကုန်လာတော့တာပဲ။ ဒီအပူတွေဟာ ဒီသားတစ်(ဥစ္စာထုပ်)ကြီး ကိုက်ထားလို့ရတာ။ သူ့လွတ်လိုက်ရင်တော့ အေးသွားမယ်။ အေးချင်လို့ရှိရင် သူ့ကိုလွတ်ပစ်ရမယ်။ ကိုက်မထားရဘူး။ ခင်ဗျားတို့ကတော့ ကိုက်ထားမှ အေးတယ်လို့ ထင်နေတယ်။ ကိုက်ထားရင် အများရဲ့အထိုးအဆိတ်ခံရမယ်။ ခင်ဗျားတို့ စားရမယ့် အချိန်နဲ့ အထိုးအဆိတ်ခံရတဲ့အချိန် ဘယ်အချိန်ကများသလဲဆိုရင် အထိုးအဆိတ်ခံရတဲ့ အချိန်က များတယ်။
    နောက်ဆုံးပိတ် ဒီပစ္စည်းတွေကိုမလွှတ်ပဲ မစွန့်ပဲ ခင်တွယ်စွဲလမ်းပြီးသေသွားရင် အပါယ်လေးပါးကျအောင် တွန်းပို့လိုက်ဦးမယ်။ စွဲလမ်းပြီးသေတဲ့ ပုဂ္ဂိုလ်ဟာ အပါယ်ကျတာများတယ်။ ဒါတွေကို စွန့်ပစ်လိုက်ပြီး ခင်တွယ်စွဲလမ်းမှုမရှိတဲ့ ပုဂ္ဂိုလ်ကျတော့ နေတော့လဲ အနေကောင်း၊ သေတော့လဲ သုဂတိရောက်ရလို့ အသေကောင်းဖြစ်တယ်။ “စွန့်ပစ်”ဆိုတာ သူတစ်ပါးကိုဝေပစ်လိုက်ရမှာလားဆိုတော့ ဒီလိုလဲလုပ်ဖို့ မလိုပါဘူး။ “ဉာဏ်နဲ့သာ ငါ့ကိုယ်မဟုတ်၊ ငါ့ဥစ္စာမဟုတ်”လို့ သိပြီး မခင်တွယ်ရင် စွန့်လွှတ်တာမည်တယ်။ ဒါတွေဟာ မမြဲတဲ့ အနိစ္စတွေပဲ။ မပိုင်တဲ အနတ္တတွေပဲလို့ မဂ်ဉာဏ်နဲ့မြင်အောင်ကြည့်၊ အနိစ္စမြင်အောင် ကိုယ့်ခန္ဓာကိုယ်လည်းကြည့်။ ပစ္စည်းတွေကိုလည်း ကြည့်ရမယ်။ ကြည့်လို့ အနိစ္စမြင်လာတဲ့ အခါကျတော့ “သြော် .... ငါ့ခန္ဓာနဲ့တကွ ပစ္စည်းတွေဟာမမြဲပါကလား”ဆိုပြီး အရင်ကလို မခင်တော့ဘူး မတွယ်တာတော့ဘူး။ မမြဲမှန်းသိတော့ လိုချင်တပ်မက်မှုလဲ မရှိတော့ဘူး။ ရန်သူမှန်းသိတော့ မကပ်ချင်တော့ဘူး။ ဒါကြောင့် ဒီခန္ဓာနဲ့ ပစ္စည်းတွေကို ၀ိပဿနာရှုပေးလို့ပြောတာ။ ၀ိပဿနာမရှုလို့ အနိစ္စမထင်ပဲ နိစ္စထင်နေတော့ “တဏှာ”နဲ့ ချီထားကိုက်ထားတာပေါ့။
    ကိုက်ထားဆို ပါးစပ်ထဲကလွှတ်ကိုမလွှတ်တာ။ တချို့များ အငတ်ခံပြီး စီးပွားရှာကြတယ်။ ဒါ ခင်တဲ့တဏှာက အငတ်ခိုင်းတာ။ အငိုခိုင်းတာလဲ သူက အငိုခိုင်းတာပဲ။ အပြုံးခိုင်းတာလဲ သူကအပြုံးခိုင်းတာပဲ။ “မြတ်ရင်ပြုံး၊ ရှုံးရင်ငိုပေါ့” ဟုတ်လား။ ဒါ အရူးပြုံး ပြုံးတာ၊ အကောင်းပြုံးတာ မဟုတ်ဘူး။ စက္ကူက စိန်ကလေးဖြစ်လာရင် ပြုံးပြီ။ ကားကလေးဖြစ်လာရင် ပြုံးပြီ၊ အရောင်းအ၀ယ်မဖြစ်၊ စီးပွားပျက်လာတော့ မဲ့ပြီ။ ငိုပြီ။ ဒီတော့ ခင်ဗျားတို့ဟာ “တဏှာ”က ပြုံးဆိုပြုံးလိုက်ရပြီ၊ မဲ့ဆိုမဲ့လိုက်ရပြီ။ ဒါဖြင့် ခင်ဗျားတို့ဟာ အရူးပြုံးနဲ့ အရူးမဲ့ ဒီ နှစ်မျိုးပဲရှိတယ်။ ဒီ “ပြုံး-မဲ့” ဇာတ်ကြီးပဲ ခင်းနေကြတယ်။ မလွှတ်နိုင်လို့ ဒီဇာတ်ကြီးခင်းနေရတာ၊ လွှတ်လိုက်ရင် ဒီဇာတ်ကြီးသိမ်းတာပဲ။ ဒီတော့ ဉာဏ်နဲ့ စွန့်လွှတ်ရမယ်။ ၀ိပဿနာဉာဏ်နဲ့ “ဒါတွေဟာ အနိစ္စတရားတွေပဲ”။ ငါ့ကိုယ်၊ ငါ့ဟာ၊ ငါ့ဥစ္စာ မဟုတ်ဆိုတဲ့ အနတ္တတွေပဲလို့ ခန္ဓာက ပစ္စည်းတွေက ပြောတဲ့အတိုင်း မြင်အောင်ကြည့်ရမယ်။ ဒီလိုဉာဏ်ကမြင်လာရင် ဒါတွေကို ခင်တွယ်စွဲလမ်းချင်တဲ့သဘော ချီကိုက်ထားချင်တဲ့သဘောမရှိဘူး။ ဒါဖြင့် ဉာဏ်ဝင်လိုက်ရုံပဲရှိတာပဲ။
    ခင်ဗျားတို့ကလဲ ဒီရောက်အောင် ဉာဏ်ကမလှည့်နိုင်ကြဘူး။ မလှည့်နိုင်တော့ မိမိခန္ဓာနဲ့ ပစ္စည်းတွေကို “တဏှာဥပါဒါန်”နဲ့ ခင်တွယ်စွဲလမ်းပြီး တခါတည်း မလွှတ်ပဲ ကိုက်ထားမျိုထားတော့တာပဲ။ ဒီလိုခင်တွယ်စွဲလမ်းရင်းနဲ့ပဲ သေသွားမယ်ဆိုရင် အပါယ်ရောက်ရတယ်ဆိုတော့ နေတုန်းကလည်းအနေဆိုး၊ သေတော့လည်းအသေဆိုးပဲ။ “အနေဆိုးသေဆိုးဟာ” ခင်ဗျားတို့ကိုယ်ပိုင်ပစ္စည်းမှတ်။ အဲဒါ ဉာဏ်မ၀င်ရင် ဒီအတိုင်းသွားမယ်။ ဉာဏ်ဝင်လိုက်ရင် သိပ်ပြီးအဖိုးတန်မှာပဲ။ “ဒါတွေဟာ အနိစ္စတွေပဲ ဒုက္ခတွေပဲ အနတ္တတွေပဲ”လို့ တခုခုမြင်အောင်ရှုပေးပါ။ ရှုလိုက်ရင် ခင်ဗျားတို့ ဉာဏ်ထဲမှာ “ငါလည်းမဟုတ်ပါလား၊ ငါ့ဥစ္စာလည်းမဟုတ်ပါလား၊ အနိစ္စ၊ ဒုက္ခ၊ အနတ္တတွေပဲလို့” သိလာမယ်။ ဒီလိုသိလာရင် “ပစ္စည်းတွေ အခိုးခံရလည်း၊ မတုန်လှုပ်တော့ဘူး။” ဟာ အခုမှ အထိုးအဆိတ် လွတ်ပြီးချမ်းသာရသွားတာပဲ။
မိုးကုတ်ဆရာတော်ဘုရားကြီး ၏ သြ၀ါဒတရားများ
No comments: