Pages
Friday, May 11, 2012
ဓမ္မဒိန္နာထေရီ
    “ပဒုမုတ္တရ မြတ်စွာဘုရား ပွင့်တော်မူသောကာလ၊ ဟံသာဝတီပြည်ဝယ် သူကြွယ်တစ်ဦးတွင် အစေခံမတစ်ယောက်ရှိလေသည်။ ထိုအစေခံမသည် မိမိအိမ်သို့ဆွမ်းလာရပ်သော အဂ္ဂသာဝက သုဇာတာထေရ်မြတ်အား ဆွမ်းကွမ်းမပြတ် လှူဒါန်းဆက်ကပ်လေ့ရှိသည်။
    တစ်ရံသောကာလ၌ ထိုစေခံမသည် မြတ်စွားဘုရား၏ တရားသဘင်သို့သွားရောက်ကာ တရားတော်ကို နာယူသောအခါ သံဃာတော်တို့အလယ်ဝယ် ပညာကြီးကျယ်သော ဘိက္ခုနီမ တစ်ပါးအား မြတ်စွာဘုရားက ဧတဒဂ်ရထား၍ ချီးမြှောက်တော်မူသည်ကို မြင်ရ၏။ အစေခံမသည်လည်း ထိုအရှင်မကဲ့သို့ ဖြစ်ချင်သော ဆန္ဒ ပြင်းပြစွာ ဖြစ်သဖြင့် မိမိကိုးကွယ်သော အရှင်သုဇာတာထေရ်အား အကျိုးကြောင်းလျှောက်ထားကာ ဘုရားအမှုးရှိသော သံဃာတော်တို့အား တတ်စွမ်းနိုင်သမျှသော အလှူကိုပြုကာ “ဤကုသိုလ်အကျိုးအားကြောင့် နောင်ပွင့်လတ္တံသော မြတ်စွာဘုရား၏ သာသနာဝယ် မဟာပညာဧတဒဂ်ရသော ဘိက္ခုနီမ ဖြစ်ရပါလိုသော”ဟု ဆုတောင်းခဲ့လေ၏။
    ထိုအမျိုးသမီးသည် အသက်တိုင်းနေ၍ စုတေသော် နတ်ပြည် လူ့ပြည်တို့၌ လူးလားစုန်ဆန်ကာ ဖုဿမြတ်စွာဘုရား ပွင့်တော်မူသောကာလ၌ ဘုရားညီတော်ဖြစ်သော မင်းသားသုံးပါးတို့၏ အစေအပါး တရားသူကြီး၏ မယား ဖြစ်လာပေ၏။ တရားသူကြီး မယားသည် ဒါနသီလ၌ ၀ါသနာထုံ၏။ ပစ္စည်းတစ်စုံတစ်ရာကို အလိုရှိ၍ “တစ်ခုပေးပါ”ဟု လာရောက် တောင်းခံသူရှိလျှင် နှစ်ခု သုံးခုပေးလေ့ရှိ၏။
    တစ်ခုသော ၀ါတွင်းကာလ၌ အရှင်သခင်မင်းသားသုံးပါးသည် ဆယ်ပါးသီလ ဆောက်တည်ကာ ဖန်ရည်စွန်းသော အ၀တ်ကိုဝတ်လျက်နေကြ၏။ တရားသူကြီး မယားသည် သီလဆောက်တည်သော ထိုမင်းသားတို့အား လည်းကောင်း၊ ဘုရားအမှူးပြုသော သံဃာတော် နှစ်သောင်းအားလည်းကောင်း လိုလေသေးမရှိရအောင် ၀ါတွင်းသုံးလပတ်လုံး လုပ်ကျွေးပြုစုရသည်။ ဤသို့သော စေတနာဖြင့် တရားသူကြီးမယားသည် ဒါနသီလကို လွန်စွာအားထုတ်လျက် အသက်အတိုင်းနေပြီးနောက် စုတေခဲ့ရာ နတ်ရွာ လူ့ရွာတို့၌ ကျင်လည်နေခဲ့ရပေသည်။
    ထိုတရားသူကြီးမယားသည် ကဿပမြတ်စွာဘုရား ထင်ရှားဖြစ်တော်မူသော ကာလ၌ ဗာရာဏသီပြည်ဝယ် ကိကီမငးကြီး၏ သမီးခုနစ်ယောက်တို့တွင် သုဓမ္မာ ဖြစ်လာလေသည်။ အစ်မ ညီမတို့နှင့် အတူတကွ ဘုရားအမှူးရှိသော သံဃာတော်အရှင်မြတ်တို့အား ကျောင်းအာရာမ် ရေတွင်း ရေကန်တို့ ဆောက်လုပ် လှူဒါန်းခဲ့၏။ နှစ်ပေါင်းနှစ်သောင်း ကာလပတ်လုံးလည်း မြတ်သောအကျင့်ကို ကျင့်သုံး ဆောက်တည်ပေ၏။
    သုဓမ္မာ မင်းသမီးသည် ထိုဘ၀မှ စုတေလေသော် တာဝတိံသာနတ်ပည်၌ သိကြားမင်း၏ မိဖုရားအဖြစ် အကြိမ်ငါးဆယ်၊ သူဌေးသူကြွယ် ပဒေသရာဇ် ဧကရာဇ်မင်းတို့၏ မိဖုရားကြီးအဖြစ် အကြိမ်များစွာဖြစ်၍ ငါတို့ ဘုရားပွင့်တော်မူသောအခါ ရာဇဂြိုလ်ပြည်ဝယ် ဥစ္စာကြွယ်ဝသော သူဌေး၏ သမီးဖြစ်လာကာ ဓမ္မဒိန္ဒာဟု အမည်ရှိလေသည်။
    ဓမ္မဒိန္ဒာသည် အရွယ်သို့ရောက်သောအခါ ဗိမ္ဗိသာရမင်းကြီး၏ သူငယ်ချင်းကျောင်းနေဖက်ဖြစ်သော ၀ိသာခသူဌေးသားနှင့်အကြောင်းဆက်၍ ပေါင်းဖက်မိကြလေသည်။ မြတ်စွာဘုရား ရာဇဂြိုလ် ပြည်သို့ ကြွလာတော်မူစ ကတည်းက ဗိမ္ဗိသာရ မင်းကြီးနှင့်အတူ တရားတော်ကိုနာရသဖြင့် ၀ိသာခသည် သောတာပန် တည်ခဲ့ပေသည်။
    ထိုနောက် ကာလရှည်လျား၍ တစ်ပါးသောအခါ၍ တရားတော်ကိုနာရပြန်လျှင် သကဒါဂါမ် ဖြစ်လေသည်။ ထိုနောက် တစ်ဖန်တရားတော်ကို နာရပြန်သောအခါဝယ် အနာဂါမ် ဖြစ်ပြန်လေသည်။
    အနာဂါမ်တည်ပြီးသော ၀ိသာခသူကြွယ်သည် မြတ်စွာဘုရားထံတော်မှ ပြန်လာသောအခါ ပုထုဇဉ်ဖြစ်သော ရှေးအခါကကဲ့သို့ တောင်မြောက်ကိုမကြည့်ရှု။ ပြုံးခြင်း ရယ်ခြင်းလည်းမရှိ။ ပကတိ ဣနြေ္ဒဖြင့် အိမ်သို့ပြန်လာ၏။
    သူကြွယ်မ ဓမ္မဒိန္ဒာသည်လည်း ခြင်္သေ့ခံ လေသာပြတင်းကို ဖွင့်၍ လမ်းဘက်ကြည့်မျှော်သောအခါ ၀ိသာခသူကြွယ်၏ သွားပုံ လာပုံ အမူအရာ ရှေးကနှင့်မတူသည်ကို မြင်၍ အဘယ်သို့သော အကြောင်းကြောင့် လာပုံ သွားပုံ အမူအရာ ထူးခြားစွာ ဖြစ်လေသနည်းဟု အကြံဖြစ်ကာ လှေကားဦးသို့ဆင်းလျက် မယားကောင်းတို့ ပြုမြဲဝတ်အတိုင်း ခရီးဦးကြိုဆိုလေသည်။
    သို့သော် ၀ိသာခ ဥပါသကာသည် ခါတိုင်းကဲ့သို့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ ပြုံးရွှင်ရယ်မောစွာ ထမင်းစားသည့်အကျင့်ကို စွန့်လျက် ယောဂ၀စရကမ္မဋ္ဌာန်းဝင် ရဟန်းကဲ့သို့ တစ်ယောက်တည်းသာလျှင် ထမင်းကိုငုံ့၍ စားနေချေသည်။ ဓမ္မဒိန္ဒာသည်လည်း မိမိကိုလည်း စကားမပြော၊ ထမင်းကိုလည်း တစ်ယောက်တည်း ငြိမ်သက်စွာစားသောလင်အား အကဲခတ်ကာ မည်သို့သော အကြောင်းပေနည်းဟု အကြောင်းရှာမရဘဲ ရှိလေသည်။
    သို့ကြောင့် ညချိန်စက်ခန်းဆောင်ဝင်သောခါကျမှ မေးမြန်းစုံစမ်းတော့မည်ဟု စိတ်ကူးနေရတော့သည်။ သို့ရာတွင် ၀ိသာခသည် စေခံများကိုခေါ်ငင်ကာ အခန်းလွတ်တစ်ခုကို ရှင်းခိုင်းသည်။ အိမ်ရာညောင်စောင်းများကို ပြင်ဆင်ခိုင်းသည်။ စောင်၊ ခေါင်းအုံးနှင့် တင်းထိမ်များ ကာရံသောအခါ ဓမ္မဒိန္ဒာနှင့် အတူ မအိပ်စက်ကြောင်းလည်း ထင်ရှားလေပြီ။
    ဓမ္မဒိန္ဒာမှာကား ရင်ထဲတွင် မီးတောက်စပြုလေသည်။ သို့သော် ပါရမီ ဓာတ်ခံနှင့် ပညာသတိရှိသောမိန်းမ ဖြစ်သည့်အတွက် အခြားတစ်ပါးသော မိန်းမကိုတည်း တောင့်တသလော၊ တစ်စုံတစ်ယောက်ကပင် အထင်လွဲအောင်ကုန်းတိုက်လိုက်သလော၊ ငါ့တွင်ပင် အပြစ်တစ်စုံတစ်ရာ ရှိလေသလော၊ စသည်ဖြင့်တွေးတောရင်း ခင်ပွန်းသည်အား အကဲခတ်နေခဲ့လေသည်။
    နှစ်ရက်သုံးရက်ကြသော်လည်း ၀ိသာခသည် ဓမ္မဒိန္ဒာအား မလိုလားခြင်း ညူစူခြင်းမပြပေ။ အေးဆေးတိတ်ဆိတ်စွာသာ နေထိုင်မြဲနေထိုင်သည်။ ဓမ္မဒိန္ဒာမှာ မည်သည့်ကြောင်းဟူသည်ကို စဉ်းစား တွေးတော၍ မရသဖြင့် ညချမ်းအခါတွင် ၀ိသာခ၏ အခန်းသို့ဝင်ရောက်ကာ မေးမြန်းစုံစမ်းရလေတော့သည်။
    “အရှင့်သား၊ ကျွန်တော်မတွင် အပြစ်တစ်စုံတစ်ရာရှိ၍ စကားမပြောခြင်းပေလော။
    “မဟုတ်ပေ ဓမ္မဒိန္ဒာ”
    “သို့တည်းမဟုတ်၊ သူတစ်ပါးတို့ ကုန်းစကားပြောဆိုထား၍ ဖြစ်ပါသလား။
    “မဟုတ်ပါ ဓမ္မဒိန္ဒာ”
    “အခြားတစ်ပါးသော မိန်းမကို အလိုရှိ၍လော”
    “သာ၍ပင် မဟုတ်သေးသည် ဓမ္မဒိန္ဒာ”
    “ဤသို့ ဖြစ်ပေသည် ဓမ္မဒိန္ဒာ။ ငါသည် မြတ်စွာဘုရား၏တရားတော်ကို နာကြားရသဖြင့် “လောကုတ္တရာ တရားထူးကို ”ရပေသည်။ ထိုလောကုတ္တရာ တရားအထူးကို ရသောသူသည် ရှေးအခါများကဲ့သို့ တဏှာသန္တ၀ ဖြင့် ရွှင်ပြမြူးထူးခြင်း မပြုလိုတော့ပြီ။ အကယ်၍ သင်အလိုရှိမူ သင့်၌ပါသော ကုဋေလေးဆယ်၊ ငါ၌ပါသော ကုဋေလေးဆယ်၊ ဤ ကုဋေရှစ်ဆယ်ကို သိမ်းယူအုပ်ချုပ်၍ ငါ၏ အမိကဲ့သို့ ဖြစ်စေ၊ နှမကဲ့သို့ဖြစ်စေ နေပေတော့။ ငါမူကား သင်ကျွေးမွေးသော ထမင်းတစ်လုပ်တစ်ဆုပ်ဖြင့်သာ ရောင့်ရဲတင်းတိမ်နေတော့မည်။
    ထိုမှ တစ်ဖန် ၀ိသာခသည် ဓမ္မဒိန္ဒာ နှစ်သက်စေမည့် အခြားနည်းလမ်းများကိုလည်း ဆက်လက်ပြောပြသေး၏။
    “ဤကဲ့သို့ မနေလိုလျှင်လည်း၊ ဤပစ္စည်းတွေကို အကုန်လုံးယူ၍ သင့်မိဘအိမ်သို့ ပြန်ပေတော့။ အကယ်၍ ကြင်သူအသစ်ကို မရှာလိုလျှင်လည်း သင့်ကို နှမကဲ့သို့ ဖြစ်စေ၊ သမီးကဲ့သို့ဖြစ်စေ၊ ငါထားပါမည်။
    သာမာန်ယောက်ျား သာမာန်လူတို့သည် ဤစကားမျိုးပြောလေ့မရှိကြချေ။ ၎င်း၏ခင်ပွန်းသည် အမှန်ပင် သူပြောသည့်အတိုင်း တရားထူးရဟန်တူသည်ဟုတွေး၍ ဓမ္မဒိန္ဒာသည် စူးစမ်းမေးမြန်းခြင်း ပြု၏။
    “အရှင့်သား၊ ဤလောကုတ္တရာတရားကို ယောက်ျားတို့သာ သိနိုင်မြင်နိုင်သလော၊ မိန်းမတွေကော မသိနိုင် မမြင်နိုင်သလော။”
    “ဤ သို့မဟုတ်ပေ ဓမ္မဒိန္ဒာ၊ ထိုတရားကို ကျင့်ကြံအားထုတ်လျှင် မည်သူမဆို လောကုတ္တရာ တရားအမွေကို သိမြင်ခံစားနိုင်၏”
    “ထိုသို့ဖြစ်လျှင် သူတစ်ပါးထွေးပစ်သော တံတွေးပေါက်ကို ကျွန်ုပ် ကောက်မမျိုခြင်ပါ၊ ကျွန်ုပ်အား ရဟန်းပြုခွင့် ပေးစေလိုပါသည်။
    “ကောင်းပြီ ဓမ္မဒိန္ဒာ၊ ငါ ခွင့်ပြုသည်။ သင် စိတ်မ၀င်စားဘူးထင်၍ မတိုက်တွန်းဘဲ နေခဲ့မိသည်။”
    သာမဏေရီ ဓမ္မဒိန္ဒာမှာ ဘုရင်နှင့် သိကျွမ်းဝင်သဖြင့် မိတ်သင်္ဂဟ ပေါများသည်။ ထို့ကြောင့် ဆွေမျိုးသားချင်းသာမက များပြားလှသော မိတ်ဆွေများကလည်း လှူဒါန်းကြရာ လာဘ်လာဘ သက္ကာရ ပေါများလှသည်။ သို့သော် ဤအရာများသည် ဓမ္မဒိန္ဒာအား အနှောက်အယှက်ဖြစ်သည်။ တရားအားထုတ်၍ မရပေ။
    ထိုအခါ ဓမ္မဒိန္ဒာသည် တရားပြသောဆရာ၊ သင့်မသင့် တော်မတော် ညွှန်ကြားဆုံးမသော ဆရာတို့ထံ ချဉ်းကပ်၍ အနှောင့်အယှက်ကင်းသော တောကျောင်းသို့ သွား၍ တရားအားထုတ်လိုကြောင်း လျှောက်ကြားလေသည်။ ဆရာတို့လည်း ကြီးကျယ်ထင်ရှားသော လူ့ဘ၀မှလာသော တပည့်မအား မတားမြစ်နိုင်ဘဲ အလိုလိုက်ကြရလေသည်။ ဆရာကောင်းတပည့်ဖြစ်ခြင်း ”အဘိနီဟာရဗျာဒိတ်ရ” မိန်းမမြတ်ဖြစ်ခြင်းတို့ကြောင့် လေးငါးရက်မျှပင် အနာဂါမိဖိုလ်သို့ ရောက်လေ၏။
    ထိုမှတစ်ဖန် ဆက်လက်၍ ၀ိပဿနာတရားကို အားထုတ်ပြန်ရာ မကြာမြင့်မီပင် ရဟန္တာအဖြစ်သို့ရောက်လေ၏။ ထိုအခါ ဆရာသမားဖြစ်သော ထေရီအရှင်မများနှင့် အခြံအရံဘိက္ခုနီများ အနေအစား ဆင်းရဲသည်ကို ငဲ့ညှာ၍ နေရင်းကျောင်းတော်သို့ ပြန်လာခဲ့လေ၏။ ထိုသတင်းကို ကြားသော် ၀ိသာခသည် “ဓမ္မဒိန္ဒာဟာ သာသနာ့ဘောင်မှာ မပျော်မွေ့လို့များ ပြန်လာသလား” ဟု တွေးလျက် စုံစမ်းရန် ဘိက္ခုနီကျောင်းသို့ လာခဲ့၏။
    “ကျောင်းသို့ရောက်လျင် ရှိခိုး၍ သင့်ရာနေရာတွင် ထိုင်ပြီးလျင် သာသနာတော်တွင် ပျော်ရဲ့လားမေးလျှင် မကောင်းသဖြင့် ဤသို့ မေးလျှောက်၏။
    “အရှင်မ၊ ဘယ်ဟာကို သက္ကယလို့ မြတ်ုရား ဟောတော်မူပါသလဲ”
    “ဤ ဥပါဒါနက္ခန္ဓာ ငါးပါးတို့ကိုပင် သက္ကာယလို့ မြတ်ဘုရားဟောတော်မူပေတယ်။ အဲဒါတွေကတော့ ရူပုပါဒါနက္ခန္ဓာ၊ ဝေဒနုပါဒါနက္ခန္ဓာ၊ သညုပါဒါနက္ခန္ဓာ၊ သင်္ခါရုပါဒါနက္ခန္ဓာ၊ ၀ိညာနုပါဒါနက္ခန္ဓာတို့ပဲ ဖြစ်ပြီးတော့ အဲဒီ ဥပါဒါနက္ခန္ဓာ ငါးပါးကိုပဲ သက္ကာယရယ်လို့ မြတ်စွာဘုရားဟော်တော်မူတယ်။”
    “ကောင်းပါပြီအရှင်မ၊ ဘယ်တရားကို သက္ကာယ သမုဒယလို့ မြတ်စွာဘုရားဟောကြားပါသလဲ။”
    “နောင်ဘ၀ကို ဖြစ်စေတတ်တဲ့ ဟိုဘုံ ဒီဘုံ ဟိုဘ၀ ဒီဘ၀ကို တပ်မက်နှစ်သက်တာဟာ သက္ကာယ သမုဒယပဲ ငါ့ရှင် ၀ိသာခ”
    “ဟုတ်ပြီ။ သက္ကာယနိရောဓော- သက္ကာယနိရောဓာလို့ ဆိုကြပါတယ်။ မြတ်စွာဘုရားဟာ ဘယ်တရားကို သက္ကာယနိရောဓလို့ ဟောတော်မူပါသလဲ”
    “တဏှာလွတ်ကင်းပြီး ဘာမှဖြစ်ပေါ်မလာဘဲ တဏှာအာလယ ကင်းငြိမ်းတဲ့နိဗ္ဗာန်ကို သက္ကာယနိရောဓလို့ ခေါ်တယ်။
    “သက္ကာယနိရောဓ ဂါမိနီပဋိပဒါဆိုတာ သက္ကာယမဖြစ်တဲ့နိဗ္ဗာန်ကို ရောက်တဲ့အကျင့်လို့ဆိုပါတယ်။ ဘယ်တရားဟာ သက္ကာယ မဖြစ်တဲ့ နိဗ္ဗာန်ရောက်ကြောင်း အကျင့်လို့ မြတ်စွာဘုရား ဟောပါသလဲအရှင်မ။”
    “ငါ့ရှင် ၀ိသာခ၊ မဂ္ဂင်ရှစ်ပါးဖြစ်တဲ့ သမ္မာဒိဋ္ဌိ၊ သမ္မာသင်္ကပ္ပ၊ သမ္မာဝါစာ၊ သမ္မာကမ္မန္တ၊ သမ္မာအာဇီဝ၊ သမ္မာဝါယာမ၊ သမ္မာသတိ၊ သမ္မာသမာဓိတို့ကို သက္ကာယမဖြစ်တဲ့ နိဗ္ဗာန်ရောက်ကြောင်း အကျင့်လို့ မြတ်စွာဘုရားဟောတော်မူပါတယ်”
    “အရှင်မ ဘုရား၊ ဥပါဒါန်လို့ ဆိုရာမှာ အဲဒီ ဥပါဒါနက္ခန္ဓာ ငါးပါကိုပဲ ဥပါဒါန်လို့ ဆိုလိုတာပါလား။ ဒါမှမဟုတ် ဥပါဒါနက္ခန္ဓာအပြင် အခြား ဥပါဒါန်လို့ ဆိုချင်ပါသလား”
    “အဲဒီ ဥပါဒါနက္ခန္ဓာငါးပါးကို ဥပါဒါန်လို့မဆိုဘူး။ ဒါပေမဲ့ အဲဒီ ဥပါဒါနက္ခန္ဓာငါးပါးကို ဖယ်ပြီးတော့လဲ ဥပါဒါန်လို့ မဆိုဘူး။ ငါ့ရှင် ၀ိသာခ၊ ဥပါဒါနက္ခန္ဓာ ငါးပါးမှာ တပ်မက်တာ၊ စွဲလမ်းတာ၊ တွယ်တာ တာ၊ ခင်မင်တာ၊ တဏှာဖြစ်တာကို ဥပါဒါန်လို့ ဆိုပေတယ်။”
    “သက္ကာယ ဒိဋ္ဌိဟာ ဘယ်လိုဖြစ်ပါသလဲ အရှင်မဘုရား”
    “ ဒီလောကမှာ အရိယသစ္စာကို မသိမမြင်တဲ့ ပုထုဇဉ်ရုပ်ကို ကိုယ်လို့ ယုံကြည်တယ်၊ ရုပ်ရှိတဲ့ကိုယ်၊ ကိုယ်မှာ ရုပ်ရှိတယ်၊ ရုပ်မှာ ကိုယ်ရှိတယ်လို့ ယုံကြည်ကြတယ်၊ ဝေဒနာကို ကိုယ်၊ ဝေဒနာရှိတဲ့ကိုယ်၊ ကိုယ်မှာဝေဒနာရှိတယ်၊ ဝေဒနာမှာကိုယ် ရှိတယ်။ သညာကို ကိုယ်၊ သညာရှိတဲ့ ကိုယ်၊ ကိုယ်မှာသညာ ရှိတယ်၊ သညာမှာ ကိုယ်ရှိတယ်။ သင်္ခါရကို ကိုယ်၊ သင်္ခါရရှိတဲ့ကိုယ်၊ ကိုယ်မှာ သင်္ခါရရှိတယ်။ သင်္ခါရမှာ ကိုယ်ရှိတယ်။ ၀ိညာဉ်ကို ကိုယ်၊ ၀ိညာဉ်ရှိတဲ့ကိုယ်၊ ကိုယ်မှာ ၀ိညာဉ်ရှိတယ်၊ ၀ိညာဉ်မှာ ကိုယ်ရှိတယ်လို့ အယူရှိတယ်။ အဲဒီလို အယူရှိတာဟာ သက္ကာယဒိဋ္ဌိပဲ။
    “ကောင်းလှပါပြီ အရှင်မဘုရား၊ အဲဒီလိုဆိုရင် ဘယ်လို အခြင်းအရာနဲ့ အယူရှိမှ သက္ကာယ မဖြစ်ပါသလဲ။”
    “ငါ့ရှင် ၀ိသာခ ....
    “ရုပ်ဟာ ကိုယ်မဟုတ်ဘူး။ ရုပ်ရှိတဲ့ကိုယ်မဟုတ်၊ ကိုယ်မှာ ရုပ်မရှိ၊ ရုပ်မှာ ကိုယ်မရှိပေဘူး။”
    “ဝေဒနာဟာ ကိုယ် မဟုတ်ဘူး၊ ဝေဒနာရှိတဲ့ ကိုယ် မဟုတ်ဘူး၊ ကိုယ်မှာ ဝေဒနာ မရှိဘူး၊ ဝေဒနာမှာလည်း ကိုယ်မရှိပေဘူး။”
    “သညာဟာ ကိုယ် မဟုတ်ဘူး၊ သညာရှိတဲ့ ကိုယ်လဲ မဟုတ်ဘူး၊ ကိုယ်မှာ သညာမရှိဘူး၊ သညာမှာလည်း ကိုယ်မရှိပေဘူး။”
    “သင်္ခါရတွေဟာ ကိုယ်မဟုတ်ဘူး၊ သင်္ခါရရှိတဲ့ ကိုယ်လဲ မဟုတ်ဘူး၊ ကိုယ်မှာ သင်္ခါရလဲ မရှိဘူး၊ သင်္ခါရမှာလဲ ကိုယ် မရှိပေဘူး”
    “စိတ်ဝိညာဉ်ဟာလဲ ကိုယ်မဟုတ်၊ စိတ်ဝိညာဉ်ရှိတဲ့ ကိုယ်မဟုတ်၊ ကိုယ်မှာလဲ စိတ်ဝိညာဉ် မရှိဘူး၊ စိတ်ဝိညာဉ်မှာလဲ ကိုယ် မရှိပေဘူး။”
    “အဲဒီလို အယူရှိတဲ့ ယုံကြည်တဲ့ အခြင်းအရာရှိရင် သက္ကာယ ဒိဋ္ဌိ မဖြစ်ပါ။”
    ၀ိသာခ သည် ထိုမှတစ်ဖန် ဆက်လက်၍မေးလျှောကပြန်သည်။
    “မဂ္ဂင် ရှစ်ပါးဟာ “သင်္ခတ” တရားလား၊ ဒါမှမဟုတ် ”အသင်္ခတ” တရားပါလား”
    “မဂ္ဂင်ရှစ်ပါးဟာ “သင်္ခတ” တရားပေပဲ”
    “အရှင်မဘုရား၊ အဲဒီ မဂ္ဂင်ရှစ်ပါးနဲ့ အစုသုံးပါးကို ပေါင်းသင့်ပါသလား၊ သို့မဟုတ် အစုသုံးပါးနဲ့ မဂ္ဂင်ရှစ်ပါးကို ပေါင်းသင့်ပါသလား။”
    “ငါ့ရှင် ၀ိသာခ၊ မဂ္ဂင်ရှစ်ပါးနဲ့ အစုသုံးပါးကို မပေါင်းရ၊ အစုသုံးပါးနဲ့သာ မဂ္ဂင်ရှစ်ပါးကို ပေါင်းရတယ်။”
    “ငါ့ရှင် ၀ိသာခ .....
    “သမ္မာဝါစာ၊ သမ္မာကမ္မန္တ၊ သမ္မာအာဇီဝ တို့ကို သီလအစုနဲ့ပေါင်းရမယ်”
    “သမ္မာဝါယမ၊ သမ္မာသတိ၊ သမ္မာသမာဓိ တို့ကို သမာဓိအစုနဲ့ ပေါင်းရမယ်”
    “သမ္မာဒိဋ္ဌိ၊ သမ္မာသင်္က္ကပ္ပတို့ကတော့ ပညာအစုမှာ ပေါင်းရမယ်”
    “ဘယ်တရားဟာ သမာဓိပါလဲ အရှင်မဘုရား၊ ဘယ်တရားဟာ သမာဓိ နိမိတ်ပါလဲ။ ပြီးတော့ သမာဓိ ပရိက္ခရာဆိုတာ ဘယ်တရားပါလဲ”
    “ဧကဂ္ဂတာစေတသိက်ဟာ သမာဓိ။ သတိပဋ္ဌာန် လေးပါးဟာ သမာဓိနိမိတ် ဖြစ်တယ်။ သမာဓိ ပရိက္ခရာဆိုတာ သမ္မပ္ပဓာန်လေးပါးပေပဲ။ အဲဒီ သမာဓိ၊ သမာဓိနိမိတ်၊ သမာဓိ ပရိက္ခရာတို့ကို များများပွါးများတဲ့ အလုပ်ဟာ သမာဓိ ဘာဝနာ ဖြစ်ပေတယ်။”
    “သင်္ခါရ ဘယ်လောက်ရှိသလဲ အရှင်မ”
    “ကာယ သင်္ခါရ၊ ၀စီ သင်္ခါရ၊ စိတ္တ သင်္ခါရ ဆိုပြီး သုံးပါးရှိတယ် ၀ိသာခ”
    “အရှင်မ ဘုရား၊ ဘယ်တရားဟာ ကာယ သင်္ခါရပါလဲ။ ဘယ်တရားတွေဟာ ၀စီ သင်္ခါရ၊ စိတ္တ သင်္ခါရတွေပါလဲ”
    “ထွက်သက် ၀င်သက်ဟာ ကာယ သင်္ခါရပေပဲ။ ၀ိတက်ဝိစာရဟာ ၀စီသင်္ခါရပဲ။ သညာရယ် ဝေဒနာရယ်ကို စိတ္တ သင်္ခါရ ခေါ်တယ်။”
    “ထွက်သက် ၀င်သက်ကိုဘာပြုလို့ ကာယသင်္ခါရ ဆိုရပါသလဲ၊ ၀ိတက်ဝိစာရကိုကော ဘာကြောင့် ၀စီသင်္ခါရ ဆိုရပါသလဲ၊ သညာကို ဝေဒနာကို စိတ္တ သင်္ခါရ ဆိုတာဟာကော ဘာပြုလို့ပါလဲ။”
    “ထွက်သက် ၀င်သက်ဟာ ကိုယ်နဲ့ စပ်ဆိုင်တယ် ၀ိသာခ၊ ဒါကြောင့် ကာယသင်္ခါရလို့ ဆိုတာဖြစ်တယ်။ ပထမ ကြံစည်တယ်၊ စူးစမ်းတယ်၊ ပြီးတော့မှ စကားကို မြွက်ဆိုတယ်။ ဒါကြောင့် ၀ိတက်ဝိစာရတို့ကို ၀စီသင်္ခါရလို့ ဆိုတယ်။ သညာတို့ ဝေဒနာတို့ဟာ စိတ်နဲ့ စပ်ဆိုင်တယ်၊ ဒါကြောင့် သညာဝေဒနာကို စိတ္တသင်္ခါရဆိုတာပဲ ၀ိသာခ”
    “အရှင်မ ဘုရား၊ နိရောဓ သမာပတ်ဟာ ဘယ်လိုဖြစ်ပါသလဲ”
    “ငါ့ရှင် ၀ိသာခ ......
    “ နိရောဓ သမာပတ်ဝင်စားတဲ့ ရဟန်းဟာ နိရောဓသမာပတ်ကို ငါ ၀င်စားမယ်၊ နိရောဓ သမာပတ်ကို ငါ ၀င်စားနေတယ်၊ နိရောဓသမာပတ်ကို ငါ ၀င်စားပြီးပြီ ဆိုတာတွေ မရှိဘဲ နိရောဓ သမာပတ်ကို ရောက်ဖို့ စိတ်ကို ပွားများပြီး ဖြစ်နေလေ့ရှိတယ်။”
    “နိရောဓ သမာပတ်ဝင်စားတဲ့ ရဟန်းမှာ ကာယ သင်္ခါရ၊ ၀စီသင်္ခါရ၊ စိတ္တ သင်္ခါရတွေထဲက ဘယ်တရားဟာ ဦးဆုံးချုပ်ငြိမ်းပါသလဲ ဘုရား”
    “နိရောဓ သမာပတ် ၀င်စားတော်မူတဲ့ ရဟန်းဟာ ၀စီသင်္ခါရ ဦးဆုံးချုပ်ငြိမ်းတယ်၊ နောက် ကာယသင်္ခါရ၊ စိတ္တသင်္ခါရတို့ အစဉ်လိုက်ချုပ်ငြိမ်းတယ် ၀ိသာခ”
    “အရှင်မ ဘုရား၊ နိရောဓသမာပတ်မှ ဘယ်လိုထပါသလဲဘုရား”
    “ငါဟာ နိရောဓ သမာပတ်မှ ထမယ်၊ ထနေတယ်၊ ထပြီးပြီဆိုတာတွေမရှိဘဲ နိရောဓ သမာပတ်မှ ထဖို့ စိတ်ကို ပွားများပြီး ဖြစ်နေတယ်”
    “နိရောဓ သမာပတ်မှ ထရတဲ့ ရဟန်းဟာ ကာယသင်္ခါရ၊ ၀စီသင်္ခါရ၊ စိတ္တသင်္ခါရတွေထဲက ဘယ်တရားဟာ ဦးဆုံးဖြစ်ပါသလဲ အရှင်မဘုရား”
    “ဦးဆုံး စိတ္တသင်္ခါရ ဖြစ်တယ်၊ အဲဒီနောက် ကာယသင်္ခါရ၊ နောက် ၀စီသင်္ခါရ ဖြစ်ကြပေတယ်”
    “အရှင်မဘုရား နိရောဓသမာပတ်က ထတော်မူတဲ့ ရဟန်းဟာ ဖဿ ဘယ်လောက်ကို တွေ့ရပါသလဲ ဘုရား”
    “သုညတ ဖဿ၊ အနိမိတ္တ ဖဿ၊ အပ္ပဏိဟိတ ဖဿ၊ အဲဒီ ဖဿသုံးပါးကိုတွေ့တယ် ငါ့ရှင်ဝိသာခ”
    “နိရောဓ သမာပတ်က ထတော်မူတဲ့ ရဟန်းဟာ ဘာကိုညွတ်ကိုင်းတဲ့ စိတ် ဖြစ်ပါသလဲ ဘုရား”
    “ငါ့ရှင် ၀ိသာခ၊ နိရောဓ သမာပတ်မှ ထတဲ့ရဟန်းဟာ “ေ၀၀ိက”ကို ညွတ်ကိုင်းတဲ့ စိတ် ရှိပေတယ်”
    “ဝေဒနာ ဘယ်လောက်ရှိပါသလဲ”
    “သုခဝေဒနာ၊ ဒုက္ခဝေဒနာ၊ ဥပေက္ခာဝေဒနာ ဆိုပြီး သုံးမျိုးရှိတယ်”
    “ဘယ်ဟာကို သုခ ဝေဒနာခေါ်ပါသလဲ၊ ဒုက္ခဝေဒနာ၊ ဥပေက္ခာဝေဒနာ ဆိုတာကကော ဘယ်ဟာတွေပါလဲ အရှင်မဘုရား”
    “ငါရှင် ၀ိသာခ .......
    “ကိုယ်မှာ စိတ်မှာ ချမ်းသာတာ သက်သာတာဟာ သုခဝေဒနာ၊ ကိုယ်မှာ စိတ်မှာ ဆင်းရဲတာ မသက်သာတာဟာ ဒုက္ခဝေဒနာ၊ ကိုယ်မှာ စိတ်မှာ သက်သာတာလဲမဟုတ်၊ မသက်တာသာလဲ မဟုတ်၊ အဲဒီလိုဖြစ်တာဟာ ဥပေက္ခာ ဝေဒနာဖြစ်ပေတယ်။”
    “သုခဝေဒနာဟာ ဘယ်လိုချမ်းသာသလဲ၊ ဘယ်လို ဆင်းရဲသလဲ၊ ဒုက္ခဝေဒနာဟာ ဘယ်လိုဖြစ်ရင် ချမ်းသာပြီး၊ ဘယ်လိုဖြစ်ရင် ဆင်းရဲပါသလဲ၊ ဥပေက္ခာဝေဒနာဟာကော ဆင်းရဲချမ်းသာ ဘယ်လိုဖြစ်ပါသလဲ။”
    “သုခဝေဒနာ တည်ရှိနေရင် ချမ်းသာတယ်။ ပျောက်ပြယ်သွားရင် ဆင်းရဲတယ်။ ဒုက္ခဝေဒနာဟာ တည်ရှိနေရင် ဆင်းရဲပြီး ပျောက်သွားရင် ချမ်းသာတယ်။ ဥပေက္ခာဝေဒနာဟာ သိရင် ချမ်းသာပြီး မသိရင် ဆင်းရဲတယ်။”
    “အရှင်မဘုရား၊ သုခဝေဒနာမှာ ဘယ် အနုသယ ကိန်းအောင်းပါသလဲ။ ဒုက္ခဝေဒနာနဲ့ ဥပေက္ခာဝေဒနာတို့မှာကော ဘယ် အနုသယ ကိန်းပါသလဲ”
    “သုခဝေဒနာမှာ ရာဂါနုသယ ကိန်းတယ်။ ဒုက္ခဝေဒနာမှာ ပဋိဃာနုသယ ကိန်းတယ်။ ဥပေက္ခာဝေဒနာမှာ အ၀ိဇ္ဇာနုသယ ကိန်းတယ် ငါ့ရှင် ၀ိသာခ”
    “သုခဝေဒနာ အကုန်လုံးမှာ ရာဂါနုသယ ကိန်းပါသလား အရှင်မဘုရား၊ ဒုက္ခဝေဒနာ အကုန်လုံးမှာ ပဋိဃာနုသယ ကိန်းပါသလား၊ ဥပေက္ခာဝေဒနာအားလုံးမှာ အ၀ိဇ္ဖာနုသယ ကိန်းပါသလား”
    “ငါ့ရှင် ၀ိသာခ ......
    “အလုံးစုံသော သုခဝေဒနာ၌ ရာဂါနုသယမကိန်း၊ အလုံးစုံသော ဒုက္ခဝေဒနာ၌ပဋိဃာနုသယမကိန်း၊ အလုံးစုံသော ဒုက္ခဝေဒနာ၌ အ၀ိဇ္ဇာနုသယမကိန်း၊ အချို့သောဝေဒနာ၌သာလျှင် အနုသယ ကိန်း၏။”
    “သုခဝေဒနာမှာ ဘယ်တရားဟာ ပယ်အပ်တဲ့ ပဟာတဗ္ဗတရားပါလဲ။ ဒုက္ခဝေဒနာ၊ ဥပေက္ခာဝေဒနာတို့မှာကော ပယ်အပ်တဲ့ ပဟာတဗ္ဗဟာ ဘယ်ဟာတွေပါလဲ”
    “သုခဝေဒနာမှာ ရောဂါနုသယဟာ ပယ်အပ်တဲ့ ပဟာတဗ္ဗပဲ။ ဒုက္ခဝေဒနာမှာ ပဋိဃာနုသယဟာ ပယ်အပ်တဲ့ ပဟာတဗ္ဗ ဖြစ်တယ်၊ ဥပေက္ခာဝေဒနာမှာ ပယ်အပ်တဲ့ ပဟာတဗ္ဗဟာ အ၀ိဇ္ဇာနုသယပေပဲ။”
    “အရှင်မ ဘုရား၊ သုခဝေဒနာအကုန်လုံးမှာ ရာဂါအနုသယကို ပယ်ရမှာလား၊ ဒုက္ခဝေဒနာ အကုန်လုံးမှာ ပဋိဃာနုသယကို ပယ်ရမှာလား၊ ဥပေက္ခာဝေဒနာအားလုံးမှာ အ၀ိဇ္ဇာနုသယကို ပယ်ရမှာလား”
    “မဟုတ်ပေ၊ ငါ့ရှင် ၀ိသာခ ......
    “ဝေဒနာအားလုံးက အနုသယကို မပယ်ရ၊ အနုသယဟာ ဝေဒနာအားလုံးမှာ မကိန်းပေဘူး”
    “ငါ့ရှင် ၀ိသာခ .....
    “ဤ သာသနာတော်၌ အကြင်ရဟန်းသည်  ပထမဈာန်ကို ၀င်စား၍နေ၏။ ထို ပထမဈာန် ၀င်စားနေသော ရဟန်းအား ရာဂကိုမပယ်စွန့်သော်လည်း ရာဂနုသယသည် မကိန်း။”
    “ငါ့ရှင် ၀ိသာခ .....
    “အကြင် ရဟန်းသည် ကမ္မဋ္ဌာန်းကို အားထုတ်၍ မဂ်ဖိုလ်ကို မရနိုင်သောကြောင့် ငါဟာ ဘယ်အခါများမှ မဂ်ဖိုလ်ကို ရပါမလဲဟူ၍ မဂ်ဖိုလ်တရားတို့၌ ချစ်ခြင်းဖြစ်စေသော ရဟန်းအား ချစ်ခြင်းတည်းဟူသောအကြောင်းကြောင့် ဒေါမနဿဖြစ်၏။ ထိုရဟန်းအား ပဋိဃကို မပယ်စွန့်သော်လည်း ထိုရဟန်း၌ ပဋိဃာနုသယ မကိန်းချေ။”
    “ငါ့ရှင် ၀ိသာခ ....
    “အကြင်ရဟန်းသည် စတုတ္ထဈာန် ၀င်စားနေ၏။ ထို ရဟန်းသည် အ၀ိဇ္ဇာကို မပယ်စွန့်သော်လည်း အ၀ိဇ္ဇာအနုသယ မကိန်း”
    “အရှင်မ ဘုရား၊ သုခဝေဒနာမှာ ဘယ်အရာဟာ ပဋိဘာဂ ဖြစ်ပါသလဲ”
    “သုခဝေဒနာမှာ ဒုက္ခဝေဒနာဟာ ပဋိဘာဂဖြစ်တယ်။”
    “ဒုက္ခဝေဒနာမှာ ဘယ်အရာဟာ ပဋိဘာဂဖြစ်ပါသလဲ အရှင်မ”
    “ဒုက္ခဝေဒနာမှာ သုခဝေဒနာဟာ ပဋိဘာဂဖြစ်ပါတယ်”
    “အရှင်မဘုရား၊ ဥပေက္ခာဝေဒနာမှာ ဘယ်အရာဟာ ပဋိဘာဂဖြစ်ပါသလဲ”
    “ဥပေက္ခာဝေဒနာမှာ အ၀ိဇ္ဇာဟာ ပဋိဘာဂ ဖြစ်တယ်။”
    “အ၀ိဇ္ဇာမှာ ဘယ်အရာဟာ ပဋိဘာဂ ဖြစ်ပါသလဲ ဘုရား”
    “အ၀ိဇ္ဇာ၌ ၀ိဇ္ဇာသည် ပဋိဘာဂ ဖြစ်တယ်”
    “၀ိဇ္ဇာမှာ ဘယ်အရာဟာ ပဋိဘာဂ ဖြစ်ပါသလဲ အရှင်မဘုရား”
    “၀ိဇ္ဇာမှာ ၀ိမုတ္တိဟာ ပဋိဘာဂ ဖြစ်တယ် ငါ့ရှင်”
    “အရှင်မဘုရား၊ ၀ိမုတ္တိမှာ ဘယ်အရာဟာ ပဋိဘာဂ ဖြစ်ပါသလဲ”
    “ငါ့ရှင် ၀ိသာခ၊ ၀ိမုတ္တိမှာ နိဗ္ဗာန်ဟာ ပဋိဘာဂ ဖြစ်ပေတယ်”
    “အို အရှင်မ၊ နိဗ္ဗာန်မှာ ဘယ်အရာဟာ ပဋိဘာဂ ဖြစ်ပါသလဲ ဘုရား”
    “ငါ့ရှင် ၀ိသာခ၊ သင့်ရဲ့အမေးဟာ လွန်သွားပြီ။ မြတ်စွာဘုရားရဲ့ သာသနာတော်မှာ ဗြဟ္မစရိယအကျင့်ဟာ နိဗ္ဗာန်မှာ ဆုံးတယ်၊ ငါ့ရှင်ဝိသာခ၊ သင်အလိုရှိသေးတယ်ဆိုရင် မြတ်စွာဘုရား ကို မေးလျှောက်ပေတော့။  မြတ်စွာဘုရားဖြေတော်မူတဲ့အတိုင်း မှတ်သားကျင့်ဆောင်ခြင်းပြုလေ။”
    ၀ိသာခ အနာဂါမ်သည် သာဓုခေါ်ကာ ၀မ်းမြောက်ဝမ်းသာ ရှိခိုးလျက် ထွက်လာကာ မြတ်စွာဘုရားကျောင်းတော်သို့လာခဲ့၍ ဓမ္မဒိန္နာနှင့် မေးမြန်းဖြေဆိုပုံများကို လျှောက်ထားလေသည်။”
    “၀ိသာခ ဥပါသကာ .....
    “ဓမ္မဒိန္နာဘိက္ခုနီသည် ကြီးသောပညာရှိ၏။ ငါဘုရားအား ထိုပုစ္ဆာကို မေးလျှောက်အံ့၊ ငါဘုရားသည်လည်း ထိုကဲ့သို့ပင် ဖြေဆိုအံ့။ ဓမ္မဒိန္နာဘိက္ခုနီ ဖြေဆိုသည့်အတိုင်းသာလျှင် မှတ်ဆောင်လေလော့” ဟု မြတ်စွာဘုရားသည် မိန့်တော်မူ၏။ ဓမ္မဒိန္နာ ရဟန္တာမသည် ဓမ္မကထိက တရားဟောကောင်းသော ဘိက္ခုနီရဟန်းမပေါင်းတို့တွင် အလွန်ကဲဆုံးဟူ၍ မြတ်စွာဘုရားသည် ဓမ္မကထိက ဧတဒဂ်အရာ၌ ထားတော်မူလေသတည်း။
(ဦးသိန်းဇံ ၏ အမျိုးသမီး ရဟန္တာများ ကောက်နူတ်ဖေါ်ပြသည်)
No comments: