Pages

Thursday, May 10, 2012

ပုထုဇဉ်နှင့် ဒွန်းစဏ္ဍား

    မဂ္ဂသစ္စာမှာ အဓိပတေယျဋ္ဌသဘောရှိတယ်။ အဓိပတေယျဋ္ဌဆိုတာ မဂ်၏အဓိသီလ အဓိစိတ္တ အဓိပညာ သိက္ခာ ၃-ခု။ ရဟန်းမှုတွင် သူ့ပြင်မရှိ ကြီးဘိတုလတ် အထွတ်အထိပ်ဖြစ်သော သဘောကိုဆိုလိုတယ်။ ဝေဒနာဖြစ်ဖြစ် စိတ်ဖြစ်ဖြစ် ရှုတော့ ဖြစ်ပျက်ဒုက္ခတွေမြင် ဖြစ်ပျက်ဒုက္ခတွေမုန်း ဖြစ်ပျက်ဒုက္ခတွေဆုံးသွားရင် မဂ်ဉာဏ်ပေါ်လာမယ်။ မဂ်ဉာဏ်ပေါ်လာရင် အဓိသီလ၊ အဓိစိတ္တ၊ အဓိပညာဖြစ်တယ်။ အဓိဆိုတာ အကြီးအကဲ လွန်မြင့်မြတ်ခြင်း အဓိပ္ပါယ်ရှိတယ်။ ၀ိပဿနာရှုတုန်းမှာရှိတဲ့ သီလ၊ သမာဓိ(စိတ္တ) ပညာတို့ဟာ သာမည သီလ၊ သမာဓိ၊ ပညာလောက်ပဲရှိသေးတော့ မခိုင်မြဲသေးဘူး။ အလှုပ်မခံဘူး။ စုတေပြီးနောက်လည်း ပျက်စီး သွားနိုင်တယ်။ မဂ်ဉာဏ်ပေါ်တဲ့အခါ ဖြစ်လာတဲ့ သီလ၊ သမာဓိ၊ ပညာကတော့ ထူးကဲမြင့်မြတ် အကြီးအကဲဖြစ်လာတဲ့ အဓိသီလ၊ အဓိစိတ္တ၊ အဓိပညာမျိုး ဖြစ်သောကြောင့် ခိုင်မြဲသွားတယ်။ အလှုပ်ခံနိုင်တယ်။ စုတေပြီးနောက်လည်း ဘယ်တော့မှ မပျက်စီးတော့ဘူး။ ဒီတော့ ပုထုဇဉ်မှာရှိတာက သာမညသီလ သမာဓိ ပညာလောက်ပဲရှိတာ။ အရိယာ ဖြစ်လာတဲ့အခါမှာတော့ ဒါတွေဟာ အဓိသီလ အဓိစိတ္တ(သမာဓိ) အဓိပညာဖြစ်သွားတယ်။
    အဲဒီတော့ အဓိသီလ၊ အဓိစိတ္တ၊ အဓိပညာ ဖြစ်ဖို့ရန်မှာ မဂ်ဉာဏ်ရမှ အရိယာဖြစ်မှဖြစ်တယ်။ မဂ်ဉာဏ်ရဖို့ရန်မှာ နိရောဓနိဗ္ဗာန်မြင်မှ ဖြစ်တာ။ နိရောဓ နိဗ္ဗာန်ချမ်းသာမြင်ဖို့ရန်လည်း ဒုက္ခသစ္စာ= ဆင်းရဲမှုကို သေသေချာချာ သိမြင်မှ ဖြစ်တာ။ ဒီတော့ ဆင်းရဲတာမြင်မှ ချမ်းသာတာ ထင်ရှားလာမယ်။ ဆင်းရဲသာမမြင်ဖူးတဲ့ပုဂ္ဂိုလ်မှာ ချမ်းသာတာမထင်ရှားဘူး။ ချမ်းသာတာမြင်မှလည်း ဆင်းရဲတာဟာ ပိုထင်ရှားမယ်။ “ဒုက္ခမြင်ရင် နိဗ္ဗာန်မြင်တယ်” ဆိုတော့ ပုထုဇဉ်တွေဟာ မိမိတို့ရထားတဲ့ ခန္ဓာ၊ နေရတဲ့ ဘ၀ကို ဒုက္ခကြီးပဲလို့မြင်ဖို့ အရေးကြီးတယ်။ ဒါ မမြင်သေးသရွေ့တော့ တကယ်ချမ်းသာအစစ်ကို လိုချင်မှာ မဟုတ်ဘူး။ ဒါကြောင့် ခင်ဗျားတို့ ဒုက္ခသစ္စာမြင်ဖို့ အရေးအတွက် သုဘရာဇာ=ဒွန်းစဏ္ဍားဘ၀ အကြောင်းနဲ့ အကျယ်တ၀င့် ပြောပြမယ်။

ဒွန်းစဏ္ဍား
    မန္တလေးမှာ ရွာဟိုင်း(ဟိုတုန်းက)သုဿာန်ဆိုတာရှိတယ်။ အဲဒီမှာ သုဘရာဇာ=ဒွန်းစဏ္ဍားတွေရှိတယ်။ သူတို့မှာ ဒီအထဲမှာပဲမွေး၊ သူတို့အဖေအမေတွေလဲ ဒီမှာ အိမ်ထောင်ကျ - ဒီမှာမွေး ဒီမှာ နေဆိုတော့ သူတို့မှာ အထူးကြောက်လန့်တယ်လို့ မရှိဘူး။ ဘာကြောင့်တုံး။ ဒီမွေး ဒီနေလို့ပေါ့။ သူတို့မှာ မသာ=အသုဘလာလို့ရှိရင် ၀မ်းသာတယ်။ အသုဘလာလေ ၀မ်းသာလေပဲ၊ သူတို့အဖို့ ဒါဟာ လာဘ်ကြီးတစ်ခု ဖြစ်နေတယ်။ မြို့ထဲကလူတွေကျတော့ မသာ=အသုဘ ကိုယ့်လမ်းကသွားတာကို မကျေနပ်ဘူး။ နှာခေါင်းရှုံ့ကြတယ်။ ကြောက်ကြလန့်ကြတယ်။ ဒီတော့ အမြင်တစ်မျိုးစီ ဖြစ်နေတာပေါ့။ မြို့ထဲကလူတွေက အမြင်တစ်မျိုး၊ သုဘရာဇာ=ဒွန်းစဏ္ဍားအမြင်ကတစ်မျိုး၊ မြို့ထဲကလူတွေက အသုဘဆိုလို့ရှိရင် မင်္ဂလာမရှိ ရွံစရာကြောက်စရာလို့ သဘောထားကြတယ်။ ဒွန်းစဏ္ဍားတွေမှာတော့ ဒီဟာလာရင် ကူးတို့ခတို့ တွင်းတူးခတို့ လဘက် ကွမ်း ဆေးလိပ်စသည်ရဖို့ ဖြစ်တော့ လာဘ်ရွှင်တဲ့နေ့ပေါ့။ သူတို့တော့ လာဘ်ရွှင်တဲ့နေ့။ ခင်ဗျားတို့က အမင်္ဂလာနေ့။ ဘာများထူခြားနေတုန်းဆိုတော့ မွေးဇာတိထူးခြားနေတယ်။ သူတို့မှာ ဒီအထဲမှာနေ ဒီမြေပုံပေါ်မှာ ကျက်စားကြတာပဲ။ အသုဘမှာ မြင်းဘောင်းတို့ မျက်နှာကျက်တို့ ပါလာရင် သူတို့က အိမ်ဆောက်ဖို့ ကာရံဖို့ ယူငင်ကြတယ်။ ဒီတော့ အသုဘလာလေ သူတို့ဝမ်းသာလေပဲ။ ခင်ဗျားတို့ကတော့ အိမ်ရှေ့လာမဖြတ်နဲ့။ ဟုတ်လား၊ အံမာ ခင်ဗျားတို့ကလဲ သွေးကြီး မွေးကြီးရှိလိုက်တာ။ သူတို့ကတော့ လာဘ်ကြီးဖြစ်နေတယ်။
    အဲဒါဘယ်နှယ့်ကြောင့် လာဘ်ကြီးဖြစ်နေရသတုံး ဆိုတော့ သူတို့က နန်းတော်နဲ့တူတဲ့ ရွှေပြောင်ပြောင်နဲ့ အလွန်ခမ်းနားကြီးကျယ်တဲ့ နေရာမရောက်ဘူးတော့ သူတို့နေရာလေးနဲ့ သူတို့တော့ တလားပျက်တို့ မြင်းဘောင်တို့စသည်နဲ့ ဆောက်ထားတဲ့ အိမ်လေးနဲ့ နေထိုင်ရတော့ သူတို့အချင်းချင်း အိမ်ချင်းပြိုင်ပေါ့ဗျာ။ သူတို့ဟာနဲ့သူတို့တော့ အတင်းတိမ်ကြီး တင်းတိမ်နေတယ်။ ဘာပြုလို့တုံး ဒီအထဲမွေး ဒီအထဲကြီးလို့။ နန်းတော် အိမ်တော်မရောက်ဘူးတော့ ကိုယ့်အိမ်နဲ့ကိုယ် ကျေနပ်နေကြတယ်။ ပျော်နေတာပဲ။ ဒါပေမယ့် သူတို့ဟာ သူဆင်းရဲ အမွဲနော်။ သူတို့အမျိုးနဲ့ သူတို့အရိုးနဲ့ သူတို့ဖြစ်လာတာမို့ သူတို့မင်္ဂလာက တစ်မျိုးဗျာ။ သူတို့မင်္ဂလာက မြို့ထဲကမသာများများ လာလေလေ သူတို့မှာ လာဘ်ရွှင်လေလေ မင်္ဂလာရှိလေလေ အကျိုးပေးသန်လေလေပဲ။ ဒီလိုဖြစ်နေတယ်။ မြို့ထဲကလူတွေကတော့ ဒီမသာတွေမြင်ရလေလေ အမင်္ဂလာ ဖြစ်လေလေ အန္တရာယ်ကင်း ပရိတ်ရွတ်လေပဲ။ သူတို့မှာတော့ ဒါတွေလာနေတဲ့နေ့မှာ အကျိုးပေးသန်တဲ့နေ့ပဲ။ တွင်းတူးတဲ့လူက တွင်းများများတူးရလို့ နှစ်ကျပ်၊ သုံးကျပ်(ဟိုတုန်းက) စသည်ရတယ်ဆိုပြီး ငွေဝင်များတာပေါ့ဗျာ။ သူတို့မှာ ဒီနေရာမှာ ကြောက်တယ်လန့်တယ်လို့ မရှိဘူး။ သူဟာနဲ့သူပျော်နေတာပဲ။ ခင်ဗျားတို့ကတော့ ဒီမသာတွေ လိုက်ပို့နေရတာနဲ့ ကြာတော့ အော်ဂလီဆန် အန်ပြီး ပို့ပဲ မပို့ချင်တော့ဘူး။ မတတ်သာလို့သာပို့နေရတယ်လို့ လာမှာဗျာ။ ဘာကြောင့်။ အမင်္ဂလာ-မသာအသုဘနဲ့ လိုက်နေရလို့။ ခင်ဗျားတို့က နှာခေါင်းရှုံ့လေလေ သူတို့ကတော့ မင်္ဂလာရှိလေလေပဲ။
    ဒီမှာလဲ ၀ိပဿနာရှုနေတာ နိဗ္ဗာန်ဆိုတဲ့ နိရောဓသစ္စာကြီးကို မမြင်ရသေးတော့ ကိုယ့်ခန္ဓာကို အသုဘရယ်လို့ ယူလေ့မရှိဘူး။ ဒုက္ခသစ္စာရယ်လို့ ယူလေ့မရှိဘူး။ ကိုယ့်အိမ်ကိုယ့်ယာကိုလဲ အင်မတန်ကောင်းတဲ့ ခန့်တဲ့အိမ် အင်မတန်ကျက်သရေမင်္ဂလာရှိတဲ့အိမ်လို့ ထင်နေတာလဲ ဒွန်းစဏ္ဍားစိတ်ပေါက်လို့ပေါ့။ ရိပ်မိရဲ့လား။ သူဟာ စင်စစ်တော့ ဒုက္ခ သစ္စာပဲ။ ဒီအထဲမှာ အိမ်ဟာလဲ ဘာတုံးလို့ မေးရင် လောင်တိုက်တလားတွေပေါ့။ ခဏခဏ ဖြစ်ပျက်နေတာ ဒုက္ခသစ္စာမဟုတ်လား။ စားရ သောက်ရတာဒုက္ခသစ္စာ၊ အိမ်သာတို့ကလဲ အသုဘတွေစွန့်ရာ မဟုတ်လား၊ နေထိုင်ကြတဲ့ သားသမီးခန္ဓာတွေကလဲ ဒုက္ခသစ္စာ၊ အသုဘတွေမဟုတ်လား၊ ဒါပေမယ့် နိဗ္ဗာန်မမြင်ဖူးသေးတော့ ကိုယ့်ခန္ဓာကအသုဘ သားသမီးခန္ဓာအသုဘတွေကြည့်ပြီး အတော်ဟုတ်နေတာပဲ။ ဘာပြုလို့ ပျော်မွေ့နေကြတာတုံးဆိုတော့ ခုနက ချမ်းသာတဲ့နိဗ္ဗာန်ကို မမြင်ဖူးသေးတော့ ဒီဒုက္ခသစ္စာဆိုတဲ့ ဒွန်းစဏ္ဍားရွာ ဒွန်းစဏ္ဍားအိမ် ဒွန်းစဏ္ဍားအပြုအမူကိုပင် ပျော်စရာလို့ထင်နေကြတယ်။ ဘယ်နှယ့်ကြောင့် ပျော်ပါလိမ့်။ ဒီထက်ကောင်းတာမမြင်ဘူးသေးလို့၊ ဒီထက်ကောင်းတဲ့ နိရောဓသစ္စာနိဗ္ဗာန်ကို မမြင်ဖူးသေးလို့ပေါ့။ အဲဒါ မမြင်ဘူးသေးတော့ ကိုယ့်ငါးချဉ်ကိုယ်ချဉ် နေကြတာပေါ့။
    ဒါဖြင့် ခင်ဗျားတို့ နေထိုင်ကြတဲ့ တအိမ်လုံးကိုကြည့်ပါ။ ဘယ်အိမ်မှာ မသာ=အသုဘကင်းသတုံး။ မေးကြည့်။ ဘယ်အိမ်မှ မကင်းဘူး။ ဒါဖြင့် အသုဘတွေပဲ။ ဘေးက အကာအရံတွေကလဲ ဒီအသုဘတွေကို ကာရံထားတာပဲမဟုတ်လား။ အ၀တ်တွေ ဘာတွေ ဘယ်လိုပဲအဖိုးတန် တန်ဆာပလာတွေ ၀တ်ထားတာကလဲ ဒါ အသုဘတွေ ဖုံးကြတာပဲ။ အင်း..... နိဗ္ဗာန်မမြင်ဖူးသေးတော့ ကိုယ့်ဟာနဲ့ကိုယ်တော့ အံမယ် ငါက ဒီရွာထဲမှာ တော်တော် ထယ်ထယ်ဝါ၀ါ အိမ်နဲ့နေနိုင်တယ်လို့ ပြိုင်လိုက်ဆိုင်လိုက်သေးတယ်။ ဒါဟာ.... ဒွန်းစဏ္ဍားချင်း ပြိုင်တာပေါ့။ ဒါ နိဗ္ဗာန်မမြင်သေးခင် ဖြစ်နေတဲ့အဖြစ်ကို ပြောနေတာ။ နိဗ္ဗာန်ကို မမြင်သေးခင်သာ ခင်ဗျားတို့ ကိုယ့်ဟာနဲ့ကိုယ် ဟုတ်လှပြီလို့ ထင်နေကြတာ။ ချမ်းသာအစစ်ကို မမြင်ဘူးသေးတော့ ခုနက ဒွန်းစဏ္ဍားကလေးတွေလိုပဲ သူတို့အိမ်ပဲ သူတို့ရွာပဲဆိုပြီး အတော် မင်္ဂလာရှိနေသလို ဖြစ်နေတယ်။ ခင်ဗျားတို့လည်း သေသေချာချာ စဉ်းစားကြည့်တော့ ဘယ်အိမ်မှာပဲကြည့်ကြည့် ထွေးခံတို့ နောက်ဖေးအိုးတို့ အဆင်သင့်ရှိထားကြရတယ်။ ဘာလုပ်ဖို့။ အသုဘဖြစ်တဲ့ပစ္စည်းတွေစွန့်ဖို့။ ဒီပြင် ဘာပြောစရာရှိသေးလဲ။ လက်သုတ်ပ၀ါ၊ မျက်နှာသုတ်ပ၀ါ လက်ကိုင်ပ၀ါတွေထားရတာလဲ အသုဘတွေအတွက် အကုန်ပြင်ဆင်ထားရတဲ့ အဓိပ္ပါယ်ပေါ့။
    သို့သော်လည်း ကိုယ့်အိမ်လေး ကိုယ်ဟာလေးနဲ့ နေရတာကို သြော်...... ဒီလောက်အကျိုးပေးရင် တော်သေးရဲ့ဆိုတော့၊ ဒါ ဒွန်းစဏ္ဍားမျိုး ကျေနပ်ဝမ်းသာနေတာလိုပဲ မဟုတ်လား။ ဒီ အသုဘတွေများလေလေ ၀မ်းသာလေလေပဲ မဟုတ်လား။ သားသမီးတွေနဲ့ မြိုင်မြိုင်ဆိုင်ဆိုင်လေး နေရလေလေ ၀မ်းသာလေလေ မဟုတ်လား။ အံမာလေး သွေးကြီးလိုက်တဲ့ဖြစ်ခြင်း။ မပြောပါနဲ့တော့။ ဘာပြုလို့တုံး။ အသုဘတွေ များလို့တဲ့။ အဲ နိဗ္ဗာန်မမြင်ရသေးခင်တော့ ဒီလိုပဲ ဘ၀င်မြင့်နေတာပေါ့။ ဒီထက်ချမ်းသာတာ မမြင်ဖူးသေးတော့ ကိုယ့်ငါးချဉ် ကိုယ်ချဉ်နေတာပေါ့။ အဲဒီတော့ ခင်ဗျားတို့ ဒီအမြင်မပြောင်းရင် အဖြစ်မှန် မရသေးရင်တော့ ဒွန်းစဏ္ဍားစိတ်ပေါက်ပြီး ဒွန်းစဏ္ဍားအမြင်ပဲ ရှိသေးတယ်။ အခု ကိုယ်ဟာလေးနဲ့ကိုယ် အသုဘတွေနဲ့နေလဲ ကျေနပ်နေတာပဲမဟုတ်လား။ ဆေးရုံပေါ် တက်နေရလဲ ကျေနပ်နေတာပဲ။ ငါက ဆယ့်နှစ်ကျပ်တန်း၊ ဆယ့်သုံးကျပ်တန်း (ခုခေတ်တော့ နှစ်သောင်း၊ သုံးသောင်းပေါ့)တက်နိုင်တယ်ဆိုပြီး အံမယ် ဘ၀င်များ မြင့်နေလိုက်သေးတယ်။ ဒီ အသုဘထားရာ ဋ္ဌာနကြီးမှာ နေရတာကိုပင် ဘ၀င်မြင့်ပြီးနေသေးတယ်။ ခင်ဗျားတို့က ဆယ်နှစ်ကျပ်တန်း၊ ဆယ့်သုံးကျပ်တန်းတက်လို့။ အင်း မမာပေမယ့် တော်သေးရဲ့လို့ လာချင်သေးတယ်။ အဲဒါ ဒွန်းစဏ္ဍားစိတ်ပေါက်ပြီး ဘ၀င်မြင့်နေတာပဲ မဟုတ်လား။ ဒီတော့ နိဗ္ဗာန်မမြင်ရသေးရင် ဒွန်းစဏ္ဍား ဘ၀င်မြင့်နေတာချည်းပဲ။
    ဒါကြောင့် ပဋိသမ္ဘီဒါမဂ်မှာ ဖွင့်ထားတာက ကပဏဇနသဒိသ ဒုက္ခဒဿနေန။ အထီးကျန် လူဆင်းရဲ အမွဲဒွန်းစဏ္ဍားနဲ့ တူတာကိုမြင်သဖြင့် ကုလာဘ ကုလသဒိသ အဓိပတေယျဋ္ဌော ပြန့်ပြောသော အမျိုးနဲ့တူတဲ့ အစိုးရခြင်း လက္ခဏာရှိသော နိဗ္ဗာန်သည် ထင်ရှားဖြစ်လာ၏။ နိဗ္ဗာန်ကို မြင်မှ ဒွန်းစဏ္ဍားအရပ် စွန့်ချင်တဲ့စိတ် ပြောင်းမှာ။ ဒီနေရာက ဟုတ်သေးတယ်လို့ ဖြစ်နေရင် မပြောင်းချင်ပါဘူး။ ဒါကြောင့် ခင်ဗျားတို့ နိဗ္ဗာန်မရတာ ဒါ ဘာပြုလို့တုံးဆိုတော့ ကိုယ့်ဒွန်းစဏ္ဍားရွာကို လွမ်းနေတာကိုး။ မဟုတ်ဘူးလား။ ခင်ဗျားတို့ အသုဘတွေနေတဲ့အရပ်ဟာ ဒွန်းစဏ္ဍားရွာကြီး၊ အသုဘရွာကြီးပဲ မဟုတ်လား။
    ဒီတော့ ကိုယ့်ခန္ဓာ ကိုယ်အသုံးအဆောင်တွေဟာ အကုန် ဒုက္ခသစ္စာချည်းပဲလို့ ဒုက္ခသစ္စာကို ပရိညေယျနဲ့ ပိုင်းခြားသိမှ ဒီဘက်သုခသစ္စာ (နိဗ္ဗာန်)ဘက် ကူးမှာ၊ ဒါလေး သုဘထင်နေသေးရင် ကိုယ့်ကိုယ်လဲသုခ(သုဘ) ထင်နေသေးရင် ဘယ်တော့မှ နိဗ္ဗာန်မကူးဘူး၊ ဘယ်ကူးမလဲ၊ တဏှာကမကုန်ပဲကိုး။ မကုန်တော့ သူ့ အတွေးနဲ့သူဟာ သူ့ ငါးချဉ်သူချဉ်ပြီး သူ့အရေးနဲ့ သူ့အရာနဲ့ ဟုတ်လှပြီထင်နေမှာပေါ့။ အင်း ...... ဟုတ်လှပြီသာထင်ရတာ တော်တော်ကြာကျတော့ ဒုက္ခသစ္စာ=အသုဘသစ္စာ ငေါငေါကြီးပေါ်လာတာပဲ။ ကဲ တစ်ယောက် သေကြည်စမ်း။ ဘယ်သူကများ ဒီဥစ္စာကြီးကို ပူဇော်ထိုက်တယ်လို့ ထားချင်သေးတုံး။ မထားချင်ဘူး။ ဘာဖြစ်လို့တုံး။ အသုဘမို့။ အသုဘမို့ မြန်မြန်လားနှေးနှေးလား၊ မြန်မြန်ပဲ။ သူ့ဘက်ကိုယ်ဘက်ငဲ့ရလို့ ပြောမကောင်းလို့သာ။ အဲဒီတော့ ဒီဟာအသုဘမို့ အသုဘထွက် ထွက်တာပဲ။
    အိမ်နောက်ဖေးမှာ အိမ်သာတွေဘာတွေဟာလဲ အိမ်ပေါ်ကအသုဘအတွက် ထားရတာမဟုတ်လား။ အသုဘတွေမို့ အပြည့်အစုံထားရတယ်။ ခင်ဗျားတို့ဟာ အသုဘတွေဖြစ်လို့ အ၀တ်လဲရတာနဲ့ ရေချိုးရတာနဲ့ ဖီးလိမ်းပြုပြင်ရတာနဲ့ အချိန်တွေကုန်နေတာပဲ။ အ၀တ်အထည်တွေဆိုတာလဲ အသုဘကို ဖုံးဖို့ ရုံဖို့ပဲ။ အိမ်တွေဘာတွေဆောက်ထားတာလဲ မမာတဲ့ ဒုက္ခခန္ဓာကိုယ်ကြီးမှာ ဒုက္ခပိုမရောက်အောင် ကာကွယ်ထားရတဲ့ ဆေးရုံကြီးသဘောပဲ မဟုတ်လား။ အ၀တ်အထည်တွေကလည်း အသုဘဖို့ ပတ်တီးတွေပဲ မဟုတ်လား။ ထမင်း ခဲဘွယ် ဘောဇဉ်တွေကလဲ ဆေးတွေပဲ။ ဒီခန္ဓာကြီးဟာ တစ်နေ့အကြိမ်များစွာ အနာပေါက်လို့ ဆေးမျိုးစုံထားရတယ်။ စားစရာသောက်စရာ ဟူသရွေ့ဟာ ဆေးချည်းပဲ။ ဆေးဆိုတာ လူမမာစားရတာ။ ခင်ဗျားတို့ ခန္ဓာကိုယ်ကြီးဟာ လူမမာမို့ ဒီလောက်ဆေးတွေ ဆောင်ထားရတာပေါ့။ အများကြီးဆောင်ထားရတယ်ဆိုတော့ သာမညလူမမာမဟုတ်ဘူးနော် .... အတော်ကြီးတဲ့ လူမမာပဲ။
    အေး.. ဒါကြောင့် မင်းတို့ဟာ တကယ့် အထီးကျန် လူဆင်းရဲ အမွဲရောဂါသည်၊ နာတာရှည်ဗျ၊ နာတာရှည်ကို မကုရတဲ့နေ့များ ရှိရဲ့လား၊ မရှိဘူးတဲ့။ အင်း .... နာတာရှည်လှချည်လား။ ရှည်ဆို မွေးကတည်းက စကုလာခဲ့ရတာပဲ။ ထမင်းနဲ့ကု၊ ရေနဲ့ကု၊ အ၀တ်နဲ့ကုရတယ်၊ မကုရတဲ့နေ့များရှိရင် ခင်ဗျားတို့ အတော်ထူးတဲ့ ပုဂ္ဂိုလ်ပဲ။ ကိုယ့်ကိုယ်ကို မကုနိုင်ခင်တုန်းက အဖေအမေတွေဝိုင်းကုရတယ်။ ဒါနဲ့ပဲ သူပေးလူပေးနဲ့ တော်တော်လေး လူလားမြောက်လာပြီဆိုတော့ ကိုယ့်ကိုယ်တိုင်ရှာဖွေပြီးကုရတယ်။ အမြဲကုနေရတော့ အားကိုအားကြသေးရဲ့လား။ မအားဘူးတဲ့။ ဘယ်တော့အားမှာလဲ။ ဘယ်တော့မှ မအားဘူးတဲ့။ ဘာပြုလို့ ဒီလောက်မအားရတာတုံး။ ရောဂါသည် နာတာရှည် ဆိုတာ အထီးကျန်ပေါ့ဗျာ။
    ဒါပေမယ့် ခင်ဗျားတို့ကတော့ ဒုက္ခသစ္စာထဲမှာပင် ဒွန်းစဏ္ဍားပျော် - ပျော်နေကြတယ်။ ဒီလိုပြောတာနာသလား။ မနာနဲ့။ ဒီထက်ဆိုးတာပြောလိမ့်ဦးမယ်၊ ဒါကို မနာနဲ့တော့။ တကယ့်ကို ဖြစ်နေတာ။ နိဗ္ဗာန်မမြင်သေးခင်တော့ ကိုယ့်ဟာလေးနဲ့ကိုယ်ဟာ ဟုတ်နေတာပဲ။ ဒွန်းစဏ္ဍားတွေ နန်းတော်အိမ်တော် ရောက်သွားမယ်ဆိုရင် ကိုယ့်ဟာတွေကို အကုန်ကန်ချချင်မှာပဲ။ သူစားနေတဲ့ ပစ္စည်းတွေလဲ ကန်ချမှာပဲ။ ဒွန်းစဏ္ဍားရွာကိုလည်း ပြန်ချင်တော့မှာမဟုတ်ဘူး။ အခုတော့ ကိုယ့်ငါးချဉ်ကိုယ်ချဉ်နေတာပဲ။ ဒါကြောင့်မို့ ခင်ဗျားတို့ ဘုရားရှေ့သွားပြီး ဆွမ်းတော်ပွဲနဲ့ ဖယောင်းတိုင်နဲ့ ဒီဘ၀ကနေ စုတေမနေသေလွန်လို့ရှိရင် နတ်ပြည်ရောက်ရပါလို၏လို့ ဆုတောင်ကြသေးတာပေါ့။ အနာရောဂါတွေ ဆက်ကုပါရစေလို့ ဆုတောင်းတာပဲ မဟုတ်လား။ ဒါ ဆေးရုံပြောင်းချင်တာပေါ့။ နတ်ပြည်ရောက်ချင်တာဟာ ဆေးရုံပြောင်းချင်တာပဲ။ ဒါ ဒုက္ခသစ္စာကို ဟောနေတာ။ အဲဒီ ဒုက္ခသစ္စာကို ဒီလောက်ဆိုးမှန်းမသိသေးရင် နိရောဓသစ္စာကို မျက်မှောက်ပြုဖို့ မျှော်လင့်ချက်မရှိဘူး။ ဒီအတိုင်းသွားနေမှာပဲ။
    ခင်ဗျားတို့နေရတာ စားရတာတွေကို စဉ်းစားကြည့်စမ်း။ စားရတဲ့အစာတွေ ၀တ်ရတဲ့အ၀တ်တွေဟာ မလွှဲသာလို့ စားရ ၀တ်ရ ကိုင်ရတဲ့ ပစ္စည်းတွေချည်းပဲ၊ မစားပဲ မသောက်ပဲ မ၀တ်ပဲသာ ကျန်းမာနေမယ်၊ ဆာလောင်မွတ်သိပ်တဲ့ အနာတွေ မပေါက်ဘူးဆိုရင် ခင်ဗျားတို့ ဒီအ၀တ်တွေ ၀တ်ဖြစ်မှာ မဟုတ်ဘူး။ ဒီအစားတွေ စားဖြစ်မှာ မဟုတ်ဘူး။ အခုတော့ ဒီဆာလောင်တဲ့အနာ၊ အပူနာ၊ အအေးနာတွေပေါက်နေလို့ မလွှဲသာလို့ ဒီအစားတွေစားရ ဒီအ၀တ်တွေဝတ်ရ ခြုံရတာ။ ဒါတွေဟာ စင်စစ်တော့ အသုဘ ပြင်ဆင်မှုချည်းပဲ။ အသုဘ အနာတွေ ကုဖို့ပဲမဟုတ်လား။ ဒါတွေနဲ့ အမြဲကုနေပေမယ့် နာတာရှည်က ပျောက်ရဲ့လား။ မပျောက်ဘူး။ အင်း... နိဗ္ဗာန်ကျမှ ခင်ဗျားတို့ နာတာရှည်ပျောက်မှာ။ ဒီကြားမှာဖြင့် သူလဲ ဝေဒနာသည်၊ ငါလဲဝေဒနာသည်။ အဖေအားကိုးတော့ အဖေလဲ ဝေဒနာသည်ပဲ။ သားလဲ ဝေဒနာသည်ပဲ။ ဘယ်သူက ဘယ်သူ့ကို ကယ်တင်နိုင်သလဲ။ မကယ်တင်နိုင်ဘူး။ ကိုယ်လဲ ဒွန်းစဏ္ဍားအမွဲ။ သူလဲ ဒွန်းစဏ္ဍားအမွဲဆိုတော့ ခွက်ချင်းခုတ်နေဖို့ မလိုဘူး။
    အမေက သားကိုချစ်ပါတယ်ဆိုလဲ မကယ်နိုင်ဘူး။ သားက အမေကို ချစ်ပါတယ်ဆိုလဲ မကယ်နိုင်ဘူး။ လောကွတ်တွေတော့ ပြောကြမှာပေါ့။ အဟုတ်တမ်းကျတော့ သားနဲ့အမေကွဲကြမှာပဲ။ သေကွဲနဲ့ရှင်ကွဲ တကွဲကွဲပေါ့ဗျာ။ အမေလဲ အနှိပ်စက်ခံနေရတဲ့ ဒုက္ခသည်၊ သားလဲ အနှိပ်စက်ခံနေရတဲ့ ဒုက္ခသည်။ အဲဒီတော့ ဘယ်သူက ဘယ်သူ့ကိုမှ ကယ်လို့မရတာကို ထောက်ကြည့်တော့မှ သြော်... ဒီအထဲသာနေလို့ရှိရင် ဒုက္ခက နှုတ်ခမ်းပဲ့ချင်း မီးမှုတ် နေရမှာပဲဆိုတာ ပေါ်လာတာပဲ။ သားလေးချစ်ပါတယ်ဆိုလို့လဲ တော်တော်ကြာ သားက ထော်လော်ကန့်လန့် ဖြစ်တာကတစ်မျိုး။ သေပွဲဝင်တာကတမျိုး။ ရောဂါတွေ စွဲကပ်လာတာကတစ်မျိုး၊ အမေမိဘ ဘာတတ်နိုင်သေးသတုံး၊ မတတ်နိုင်ဘူးတဲ့။ ဘာပြုလို့ အားလုံးဒုက္ခသစ္စာ အသုဘတွေချည်းမို့။ အဲဒီလောကွတ်တွေကို ခင်ဗျားတို့က အဟုတ်ယုံကြည်နေတော့ ဒုက္ခသစ္စာက ကွယ်နေတယ်။ ဒါ ခင်ဗျားတို့ဖြစ်စဉ်၊ အဲဒါ အမေက သားသမီးပြောလဲယုံတာပဲ။ သားသမီးက အမေကို ကနွဲ့ကယနဲ့ ပြောပြန်တော့လဲ ယုံတာပဲ။ သြော် ... ဒုက္ခသစ္စာ မမြင်လို့ယုံတာ။
    ဒါဖြင့် ခင်ဗျားတို့ သစ္စာဆိုတာ စာထဲမှာသာ ဖတ်တတ်တာပေါ့။ ခန္ဓာကိုယ်ထဲမှာ မမြင်ဘူးဆိုတဲ့ အဓိပ္ပါယ်ရောက်နေတာပေါ့။ ဒီအဓိပ္ပါယ် ရောက်နေလို့ပေါ့။ ခင်ဗျားတို့ သစ္စာဉာဏ်လဲမရ၊ ကိစ္စဉာဏ်လဲမရလို့ အခုဒါတွေပြောနေရတာ။ ဒီတော့ ခင်ဗျားတို့ အခြေအနေအားဖြင့် ဒုက္ခသစ္စာတွေကို လွှဲလို့ကိုမရပဲ ကိုယ်တိုင် ခံစားနေရတဲ့ အတွက် ကိုယ်ဖြစ်စဉ်ဟူသရွေ့ အကုန်ဖြုတ်၊ တခုမှအကောင်းမရှိဘူး။ မပါဘူး။ ဒွန်းစဏ္ဍား စိတ်ပေါက်ပြီး ဒွန်းစဏ္ဍား အနေမျိုးနေရ၊ ဒွန်းစဏ္ဍားအစာမျိုးတွေ စားနေရတယ်ဆိုတဲ့ အဓိပ္ပါယ်ပဲ။ ဘာပြုလို့တုံး။ နိဗ္ဗာန်ကျတော့ ဒီအနာတွေ မရှိတော့ဘူး။ သူပေးလူပေးတွေ ယူဖို့မလို့တော့ဘူး။ ဘာပြုလို့တုံးဆိုတော့ သဘာဝကောင်းလို့ပေါ့ဗျာ။ မပြုပြင်ပဲနဲ့ ကောင်းတဲ့ အသင်္ခတကိုး။ အသင်္ခတဆိုတာ မပြုပြင်ပဲနဲ့ ကောင်းနေတာ။ ဒါဖြင့် ခင်ဗျားတို့ ပြုပြင်နေရတာကို ထောက်သဖြင့် သြော် .... သင်္ခါရ ဒုက္ခပါလားဆိုတာ ပေါ်လာတယ်။ ခင်ဗျားတို့ဟာ ဒီသင်္ခါရဒုက္ခကို မသိသေးတော့ နည်းနည်းချဲ့ပေးရဦးမယ်။

သင်္ခါရဒုက္ခ
    ကဲ .... ၀က်သားဟင်း ကြက်သားဟင်း တခုခုစားချင်တယ် ဆိုပါတော့၊ ဈေးသွားပြီး အ၀ယ်ခိုင်းရတာနဲ့၊ ဆား၊ ဆီ နနွင်းတွေနဲ့ လုပ်ကိုင် ချက်ပြုတ်ရတာနဲ့ဆိုတော့ ဒါ သင်္ခါရချည်းပဲ။ ပြီးတော့ ဒီ ပြုပြင်လိုက်တဲ့ဟင်း စားတော့ လျှာပေါ်မှာ သုခလေးပေါ်တယ်။ ၀မ်းထဲလဲ သောမနဿလေးပေါ်တယ်။ ဒီသုခလေးဟာလဲ ကြာရဲ့လား။ မကြာဘူး။ ခဏလေးနဲ့ ပျက်သွားတယ်။ ပျက်သွားတာ့ ဒုက္ခပေါ့ဗျာ။ သုခဝေဒနာ ဒုက္ခတော ဒဋ္ဌဗ္ဗာ (သုခဝေဒနာကို ဒုက္ခအားဖြင့်သိအပ်၏)လို့ ဘုရားကဟောတယ်။ ဒါဖြင့် သင်္ခါရရယ် ဒုက္ခရယ် ဒါပဲရှိတယ်။ သင်္ခါရဆိုတာ ပြုပြင်နေရတာပဲ။ သူလဲ ဒုက္ခတစ်မျိုးပဲ။ ပြုပြင်လို့ ပေါ်လာတဲ့ သုခဝေဒနာလေးကလဲ ပျက်တဲ့ဒုက္ခမှာလမ်းဆုံးတာပဲ။ ဒီတော့ သင်္ခါရနဲ့ ဒုက္ခပေါင်းရင် သင်္ခါရဒုက္ခပဲ။ ခင်ဗျားတို့ အခုနေခဲ့ကြရတာ နှစ်ပေါင်းလည်း များလှပြီ။ ဘာနဲ့အချိန်ကုန်ရတုံး။ သင်္ခါရ ဒုက္ခနဲ့ပဲ အချိန်ကုန်ရတယ်တဲ့။ သုခကို မလာဘူး။ ဒါဖြင့် တသက်လုံးရှာနေတာက သင်္ခါရ၊ နောက်နဲနဲချမ်းသာယောင်လေးပေါ်လာပြီး ပျက်စီးသွားတော့ ဒုက္ခလမ်းဆုံးတယ်။ ဒီတော့ ခင်ဗျားတို့ ခန္ဓာကိုယ်ထဲမှာ သုခကို အပ်ဖျားနဲ့ထောက်(ရှာ)လို့ တထောက်စာမှမရှိ (မတွေ့)ဘူး။ ဘာတွေရှိသလဲ။ ဒုက္ခတွေသာရှိတယ်။ ဘာဒုက္ခလဲ။ သင်္ခါရဒုက္ခ။ နေရတာလဲ ဘာနဲ့နေရသတုံး။ သင်္ခါရဒုက္ခနဲ့သာ နေရတယ်။ သင်္ခါရတွေက မနဲထူမနေရတယ်။ နောက် သုခလေးရမလား အောက်မေ့ခါရှိသေး၊ တခါတည်း ဒုက္ခ၀င်လာတာပဲ။ သက်သာရာများ ပါသေးရဲ့လား။ မပါဘူးတဲ့။ ဒီလိုသင်္ခါရဒုက္ခနဲ့ချည်း အချိန်တွေ ကုန်ရငြားသော်လည်း ဒီသင်္ခါရဒုက္ခကို ခင်ဗျားတို့က သုခထင်နေပြီး ကိုယ့်ဟာကိုယ် အတော်ဟုတ်နေပြီ ထင်နေတာ အဲဒါ ဒွန်းစဏ္ဍားစိတ်ပေါက်လို့ပေါ့။
    အဲဒီဒုက္ခသစ္စာကြီးကို ခင်ဗျားတို့က ရှင်းရှင်းလင်းလင်း ပိုင်ပိုင်နိုင်နိုင်လဲ မမြင်သေး၊ သူ့အပေါ်လဲ အကျိုးအပြစ်တွေ မသိသေးတော့ ခင်ဗျားတို့မှာ သင်္ခါရဒုက္ခကို ကြိုက်နေတယ်။ သင်္ခါရဒုက္ခကို ကြိုက်နေရင် အသင်္ခတသုခ ကို ဘယ်တော့မှမရဘူးမှတ်။ ဒါဖြင့် သင်္ခါရဒုက္ခကို ဒွန်းစဏ္ဍားကြိုက် ကြိုက်နေတယ်။ ကိုယ့်ဟာလေးနဲ့ကိုပဲ အဟုတ်လုပ်ပြီး ပျော်နေတော့ ဒါ ဒွန်းစဏ္ဍားပျော် ပျော်နေတာပေါ့။ အဲဒါ ဒုက္ခသစ္စာကို သုခထင်နေလို့ ပျော်ပျော်နေနိုင်ကြတာ။ စင်စစ်တော့ ပျော်စရာကို တကွက်မှမပါဘူး။ ဒီတော့ ခင်ဗျားတို့ ဘာကြောင့် နိဗ္ဗာန်မရောက်တာဆိုတာ ပေါလောကြီး ပေါ်လာတယ်။ ခင်ဗျားတို့က ဒုက္ခသစ္စာကိုလည်းမမြင် ဒုက္ခသစ္စာကိုလဲ သုခလို့ ထင်နေတာမို့ ဒွန်းစဏ္ဍားပျော် ပျော်နေတာ။ အဲဒါကြောင့် နန်းတော်အိမ်တော်နဲ့တူတဲ့ နိဗ္ဗာန်မရောက်တာ။ ဒါဖြင့် ဒီ ဒွန်းစဏ္ဍားစိတ်မပျောက်သရွေ့ ဘယ်တော့မှ ရှင်ဘုရင်စိတ်ပေါက်မှာ မဟုတ်ဘူး။ ကျွန်စိတ်၊ ကူလီစိတ် ဒွန်းစဏ္ဍားစိတ်ပဲ ပေါက်နေမှာပဲ။
    အဲဒီတော့ အယင်တုန်းက ဒီ သာမည၀ိပဿနာစိတ်တွေ သီလတွေ သမာဓိတွေ ပညာတွေဟာ ဒီ ဒွန်းစဏ္ဍားသဘောကို ကောင်းကောင်းမကျော်နိုင်သေးဘူး။ ဒွန်းစဏ္ဍားစိတ် ပျောက်ပြီး ဒွန်းစဏ္ဍားအထည်ကြီး စွန့်ပစ်အောင် မတတ်နိုင်သေးဘူး။ ဒါသေချာတယ်။ ရှေးကဆောက်တည်ခဲ့တဲ့ သီလ သမာဓိ ပညာတွေဟာ ခင်ဗျားတို့မှာ အထိုက်အလျောက်ရှိပေမယ့် ဒီနိရောဓ နိဗ္ဗာန်ကို မျက်မှောက်ပြုတဲ့သဘော မရောက်သေးဘူး။ မရောက်သေးတော့ သူတို့က ပစ်ချလိုက်ရင် ဒွန်းစဏ္ဍားရွာအထိကျမယ်။ အဲ လူ့ပြည် နတ်ပြည်ဆိုတာ ရွာကြီး ရွာလေးပဲ ကွာမယ်။ ရွာကြီးနဲ့ ရွာလေးပဲ ပြောင်းချင် ပြောင်းမယ်ပေါ့။ နန်းတော်ကြီးဖြစ်တဲ့ နိဗ္ဗာန်ကိုတော့ မရောက်နိုင်ဘူး။ ဘာ့ကြောင့်။ ဒွန်းစဏ္ဍားစိတ် မပျောက်လို့။ ရှင်ဘုရင်စိတ် မပေါက်လို့။ ဒါဖြင့် ဒုက္ခသစ္စာကို ဒုက္ခသစ္စာအစစ်လို့ မသိသရွေးတော့ နိရောဓသစ္စာလာဖို့ရာ ဝေးပါသေးတယ်။ ဒီရှေ့ ဒွန်းစဏ္ဍားစိတ်ပျောက်ပြီး ဒွန်းစဏ္ဍားရွာကို စွန့်ပါ။ ဒါမှ ဘုရင်စိတ်ပေါက်ပြီး နန်းတော်ရောက်မှာ။ ရိုးရာစွန့်ဖို့တော့ တယ်လွယ်မယ် မထင်ဘူး။
    ဒါကြောင့် မိမိတို့အဖြစ်ဟာ အဖြစ်ဆိုးကြီးပါလားလို့ သေချာမှ နိဗ္ဗာန်ကြိုက်မှာ၊ ဒီ အဖြစ်ဆိုးကြီးကိုပင် အင်း ...... ကိုယ့် အကျိုးပေးနဲ့ ကိုယ့်ကံနဲ့ကိုယ် တန်ရုံပဲ၊ လှသလောက်တော့ လှတာပဲနဲ့ ကျေနပ်နေရင်တော့ ကိုယ့်ရွာကို အပျော်ဆုံးပဲ ဟုတ်လား၊ ပျော်နေတော့ ထွက်ပေါက်ရှာမတွေ့တော့ဘူး။ ဒါမှားသလား။ မယုံရင် ကိုယ့်အိမ်ကိုပြန်ကြည့်၊ ပျော်မပျော်၊ သူများအိမ်နေရတာနဲ့ ကိုယ့်အိမ်နေရတာ ဘယ်ကပျော်တုံး။ ကိုယ့်အိမ်မှာပျော်တယ်တဲ့။ ကိုယ်အိမ်ကလဲ တလားပျက်နဲ့ ဆောက်ထားတဲ့ လောင်တိုက်ပဲ၊ ရှိတာကလဲ မသာ အသုဘပစ္စည်းတွေပဲ။ အိမ်မှာရှိတဲ့ ဆန်၊ ဆီ၊ ဆား၊ ငပိ၊ ငါးခြောက် စတဲ့ဟာတွေလဲ ဒီအသုဘခန္ဓာကြီးကို ကုသဖို့ပဲ မဟုတ်လား။ အနာနဲ့ခန္ဓာဟာ မကင်းတာနဲ့ ဆေးကိုအပြတ်ခံလို့ မရဘူးနော်။ မပြတ်ပေမယ့် ကိုယ့်ဆေးနဲ့ကိုယ်တော့ အတော်ကျေနပ်နေတာပဲ။ အနာပေါက်လိုက် ဆေးကုလိုက်၊ အနာပေါက်လိုက် ဆေးကုလိုက်၊ အနာပေါက်လို့ ဆေးကုရ။ ကုလို့ ဒီအနာပျောက်ပြီး ဟိုအနာပေါက်လာပြန်။ ပေါက်တော့ ကုရပြန်၊ အနာတွေကလဲ ၉၆-ပါး တစ်ခုပြီးတစ်ခု လှည့်ပေါက်နေတော့ အနာကင်းတယ်လို့ရှိရဲ့လား။ မရှိဘူး။ ကုလို့ကောပြီးရဲ့လား။ မပြီးဘူး။ အနာတွေ ဆေးကုရတာနဲ့ကို အားတယ်လို့ မရှိကြဘူး။ တသံသရာလုံး ရောဂါနဲ့ မပြတ်တော့ ဆေးနဲ့လဲ မပြတ်ခဲ့ဘူး။ ဒါဖြင့် ၀ဋ်ကောင် အစစ်ပေါ့။
    ဒီလောက်ဆိုးနေတဲ့ဥစ္စာ ကိုယ့်ဟာလေးနဲ့ကိုယ် တင်းတိမ်နေကြတယ်။ ဒါ နန်းတော် အိမ်တော် မရောက်ဖူးလို့ တင်းတိမ်နေတာ။ ဒွန်းစဏ္ဍား စိတ်ပေါက်လို့ တင်းတိမ်နေတာ။ နို့မို့ရင် တင်းတိမ်မနေပါဘူး။ ကဲ ..... ကိုယ့်အဖြစ်ကို ကိုယ်သိပြီလား။ စားရတာ၊ ၀တ်ရတာ၊ နေရတာလဲ ဘာမှ လွမ်းစရာမရှိပါဘူး။ ချမ်းသာတယ်လို့မှ မရှိပဲ။ ဆန်ရှိပေမယ့် ဆီကလိုနေပြန်၊ ဆီရှိပေမယ့် ဆားကလိုနေပြန်၊ အ၀တ်အထည်တွေ ရှိပေမယ့် ရွှေကလိုနေပြန်၊ ရွှေရပြန်တော့ စိန်က လိုနေပြန်။ လိုတာချည်း ဖြစ်နေတယ်။ ဘယ်တော့ ပြည့်စုံမှာလဲ။ မပြည့်စုံဘူးတဲ့။ ဟာ အမွဲချည်းပါလား။ ဘာကြောင့် လိုနေတာတွေ မပြည့်စုံပါလိမ့်။ ဆင်းရဲလွန်းလို့။ ဘယ်တော့များ ဆင်းရဲပျောက်ပြီး ချမ်းသာခြင်းသို့ ရောက်မှာပါလိမ့်။ ချမ်းသာခြင်းမရောက်ပဲနဲ့ သေသွားကြရတာချည်းပဲ။ အဲဒီတော့ ဒီကထွက်မှပဲ ဆင်းရဲလက်စသတ်မှာ၊ ဒါကြောင့် ပဋိသမ္ဘိဒါမဂ်က လာတဲ့အတိုင်း ဒုက္ခသစ္စာများများကြီးပိုင်ဖို့ အရေးကြီးတယ်။ ဒုက္ခအကြောင်း ကောင်းကောင်းပိုင်နိုင်သိတဲ့အခါကျမှ (ဘုရင်စိတ်ပေါက်ပြီး) နန်းတော်အိမ်တော်နဲ့တူတဲ့ နိဗ္ဗာန်ရောက်မှာ။ အဲဒီရောက်မှပဲ ဒုက္ခလက်စသတ်မယ်။
    ဒီလို ဒုက္ခကိုပိုင်းခြားပြီး မသိသေးသရွေ့ ဒွန်းစဏ္ဍားတွေလို ကိုယ့်ရွာနဲ့ ပျော်ကြဦးမှာ။ ဒွန်းစဏ္ဍားလေးတွေ ညအခါ မြေပုံပေါ်မှာ ဇရပ်ပေါ်မှာ လျှောက်သွားပြီး ကျားထိုးရင်း ဆေးလိပ်သောက်ရင်း ဆိုသလို ကစားပြီးပျော်ကြတယ်။ ကိုယ့်ရွာကို ကျက်သရေအရှိဆုံး အပျော်ဆုံးလို့ ထင်ကြတယ်။ ပြီးတော့ ၀င်ငွေအမှန်ဆုံးလို့ ထင်ထားတယ်။ မသေတဲ့လူမှ မရှိပဲကိုး။ အဲဒီကနေပြီး ထိုင်စောင့်နေရုံပဲ။ အဲဒီတော့ ဘယ်မှ မရောက်ဘူးရင် သူတို့ရွာ သူတို့အပျော်ဆုံး ဖြစ်မှာပဲ။ အဲ ..... ခင်ဗျားတို့လဲ နိဗ္ဗာန်မရောက်သေးခင်တော့ ကိုယ့်ရွာကို ပျော်ကြဦးမှာပဲ။ လူ့ပြည်ရောက်လဲ ပျော်မှာပဲ။ နတ်ပြည်ရောက်လဲ ပျော်မှာပဲ။ နတ်ပြည်ရောက်တော့လဲ ဒီ အသုဘခန္ဓာတွေနဲ့ ဒုက္ခရောက်ရမှာပဲ။ ဒါကြောင့် ဒုက္ခသစ္စာ မပိုင်းခြားနိုင်သေးလို့ နိရောဓသစ္စာ မျက်မှောက်မပြုနိုင်သေးတဲ့အတွက် ခင်ဗျားတို့ ၃၁-ဘုံ ဒွန်းစဏ္ဍားရွာကြီးမှာ ဒွန်းစဏ္ဍားပျော် ပျော်နေကြတာ။
    ဒါကြောင့် ဒုက္ခသစ္စာ ပိုင်းခြားမသိပဲနဲ့ နိဗ္ဗာန်မရောက်ဘူး။ ဒုက္ခပိုင်းခြားသိမှ နိဗ္ဗာန်ရောက်မှာ၊ အဲ ... မဂ္ဂင် ၈-ပါးနဲ့ နိဗ္ဗာန်ကို မြင်တော့မှ ၃၁-ဘုံ ဒွန်းစဏ္ဍားရွာကြီးကို မပြန်တော့တဲ့ စိတ် - လာမှာ။ အဲဒီကျမှ မြဲမြံခိုင်ခံ့တဲ့ ဘယ်တော့မှ မပျက်စီးတဲ့ အဓိသီလ၊ အဓိစိတ္တ၊ အဓိပညာ ဖြစ်မှာ။ ဒီအခြေရောက်မှ ဒွန်းစဏ္ဍားရွာကြီးကို မပြန်တော့တဲ့အောင် ရွာအကြောင်း စေ့စေ့စပ်စပ် ကြည့်ပေတော့။ တကယ်သိရင် နိဗ္ဗာန်ရောက်ပြီမှတ်။

မိုးကုတ်ဆရာတော်ဘုရားကြီး၏ သစ္စာအနက် ၁၆-ချက် တရားတော်များမှ

No comments: