Pages

Friday, May 11, 2012

သင်္ဂဟတရားလေးပါး

    တစ်ပါးသူတို့အား ချီးမြှင့်ခြင်းကို “သင်္ဂဟ”ဟု ခေါ်၏။ ဤသင်္ဂဟတရားထွန်းကားမှ လောကကြီး သာယာငြိမ်းချမ်း၏။ အခြေအနေအားလျော်စွာ သင်္ဂဟတရားတို့ကို ကျင့်သုံးသော ပုဂ္ဂိုလ်တို့သည် ကြီးပွားချမ်းသာကြ၏။ တစ်ဦးနှင့်တစ်ဦး ဆက်ဆံကြရာတွင် ဤသင်္ဂဟတရားများသည် အလွန်အရေးကြီးသော တရားများဖြစ်ကြ၏။ ချီးမြှင့်ခြင်း သင်္ဂဟတရားသည် လေးမျိုးရှိသည်၊ ယင်းတို့မှာ-

၁။    ဒါန = ပေးကမ်းထောက်ပံ့ခြင်းဖြင့် ချီးမြှင့်ခြင်း၊
၂။    ပေယျဝဇ္ဇ = ချစ်ဖွယ်စကား ပြောဆိုခြင်းဖြင့် ချီးမြှင့်ခြင်း၊
၃။    အတ္ထစရိယာ = သူ့အကျိုးပြီးမြောက်အောင် ဆောင်ရွက်ပေးခြင်းဖြင့် ချီးမြှင့်ခြင်း၊
၎။    သမာနတ္တတာ = ကိုယ်နှင့် ထပ်တူ ပြုမူ ဆက်ဆံခြင်းအားဖြင့် ချီးမြှင့်ခြင်း - တို့ဖြစ်သည်။

ဒါန
    ပေးကမ်းထောက်ပံ့ခြင်းဖြင့် ချီးမြှင့်ခြင်းဆိုသည်မှာ ပစ္စည်းလက်ဆောင်ပေး၍ ချီးမြှင့်ခြင်းဖြစ်သည်။

ပေယျဝဇ္ဇ
    ချစ်ဖွယ်စကားပြောဆိုခြင်းဖြင့် ချီးမြှင့်ခြင်းဆိုသည်မှာ လူအများနှင့် ဆက်ဆံပြောဆိုရာတွင် နားဝင်ချိုသာသည့် အခေါ်အဝေါ် အပြောမျိုးဖြစ်သော အဖေ, အမေ, အစ်ကို, အစ်မ, အဒေါ်, ဦးကြီး, ဦးလေး, ညီမလေး, ညီလေး, မောင်လေး စသည်ဖြင့် ခေါ်၍ ခင်ခင်မင်မင် ပြောဆိုခြင်းဖြင့် မိမိနှင့် ရင်းနှီးအောင် ဆက်ဆံခြင်းဖြစ်သည်။

အတ္ထစရိယာ
    သူ့အကျိုးပြီးမြောက်အောင် ဆောင်ရွက်ပေးခြင်းဖြင့် ချီးမြှင့်ခြင်း ဆိုသည်မှာ တစ်ပါးသူ သာမှု, နာမှု, ပြစ်မှု စသော ကိစ္စရပ်များ ကြုံလာလျှင် လက်ဆောင်ပေးဖို့လည်းမလို၊ ချစ်ဖွယ်စကားပြောနေ၍လည်း မပြီးသေး၊ ထိုကိစ္စပြီးစီးအောင် ကူညီဆောင်ရွက်ပေးခြင်းဖြင့် ကူညီချီးမြှင့်ရခြင်းဖြစ်သည်။

သမာနတ္တတာ
    ကိုယ်နှင့်ထပ်တူ ပြုမူဆက်ဆံခြင်းအားဖြင့် ချီးမြှင့်ခြင်းဆိုသည်မှာ အချို့သောသူတို့သည် အမျိုး, ဥစ္စာ, ရာထူး, ဂုဏ်သိန်အားဖြင့် မိမိနှင့် မညီမမျှဖြစ်နေကြသည်။ ထိုသူတို့အား အတူစား, အတူသွား, အတူနေ အတူထိုင်ခြင်းအားဖြင့် တန်းတူထား၍ ဆက်ဆံလိုက်လျှင် အလွန်ဝမ်းမြောက်ကြ၏။ ထိုကဲ့သို့ ဆက်ဆံ မှုမျိုး၊ လိုလားသောသူတို့အား တန်းတူထား၍ ပေါင်းသင်းဆက်ဆံခြင်းဖြစ်သည်။

လင်္ကာ။    ။ ပေးကမ်းချစ်ဖွယ်၊ စကားကြွယ်၍၊ သူ့ဝယ်ကိစ္စ၊ ကြုံတွေ့ကမူ၊ ကြောင့်ကြကြီးစွာ၊ ကူညီကာဖြင့်၊ သွားလာနေမှု၊ တန်းတူပြုသည်၊ ၀တ္ထုသင်္ဂဟ လေးမျိုးတည်း။

ဗုဒ္ဓဘာသာတရားတော် အခြေခံအဆင့်မှ၊

No comments: