နိဗ္ဗာန်ဟာ အသင်္ခတဋ္ဌသဘောရှိတယ်။ အသင်္ခတဋ္ဌဆိုတာ အကြောင်းတရားများက ပြုပြင်လို့ဖြစ်လာရတဲ့ တရားမဟုတ်၊ အဖန်ဖန် ပြုပြင်ခြင်းမရှိပဲ ပကတိသဘောအားဖြင့် ခိုင်ခံ့တည်မြဲတဲ့သဘောကို ဆိုလိုတယ်။ ဒီတော့ အသင်္ခတဟာ သင်္ခတနဲ့ လုံးဝဆန့်ကျင်ဘက်ဖြစ်တဲ့ တရားပဲ။ သင်္ခတကို သဘောကျနားလည်မှ အသင်္ခတသဘောကိုနားလည်မယ်။ သင်္ခတသဘောကို နားလည်ဖို့ဟာလဲ သညာသိနဲ့ ဉာဏ်သိလို့ ၂-မျိုးရှိတယ်။ သညာသိကတော့ ဟောတာ ပြောတာကို နားထောင်ပြီး နားလည်ရင် ရပါတယ်။ ဉာဏ်သိကျတော့ ၀ိပဿနာအလုပ်လုပ်မှပဲ ကောင်းကောင်းရမယ်။ ဒီတော့ သင်္ခတသဘောကို သေသေချာချာ သိမြင်အောင် ၀ိပဿနာ ဖြစ်ပျက်အလုပ်ကို အားထုတ်ရမယ်။
သင်္ခတနားလည်မှ အသင်္ခတရှင်းမယ်တဲ့၊ သင်္ခတဘူတ ဒုက္ခဒဿနေန အသင်္ခတဋ္ဌော လို့ ဘုရားကဟောထားတယ်။ သင်္ခတဖြစ်တဲ့ ဒုက္ခသစ္စာ မြင်မှသာလျှင် မပြုပြင်ရပဲနဲ့ တည်တံ့သော အသင်္ခတ= နိဗ္ဗာန်ဟာ ဉာဏ်ထဲမှာ ထင်ရှားလာမယ်တဲ့။ ဒါကြောင့် ရှေ့ပိုင်းက ဖြစ်ပျက် (အနိစ္စ) ရှုလို့၊ ဖြစ်ပျက်ကိုမုန်းမှသာ ဖြစ်ပျက်မရှိတဲ့ နိဗ္ဗာန်ကို ကြိုက်လာမယ်။ ဖြစ်ပျက်ရှုရင် သင်္ခတတရား၏ အခြင်းအရာအလုံးစုံကို အကုန်သိမယ်။ ခန္ဓာငါးပါး ရုပ်နာမ်တရားဆိုတဲ့ သင်္ခတတရား၏ ဒုက္ခသဘောကို ထင်းထင်းကြီးသိရတော့မှ၊ သင်္ခတရဲ့အဆုံးတွင် အသင်္ခတဓာတ် ဒုက္ခချုပ်ရာ နိဗ္ဗာန်ရှိတယ်ဆိုတာ ဉာဏ်ထဲထင်မြင်လာလိမ့်မယ်။ ဒါကြောင့် သင်္ခတဒုက္ခရဲ့ ဖြစ်ပျက်သဘောကို မြင်အောင်ကြည့်။ မြင်ဖန်များရင် မုန်းလာမယ်။ ငြီးငွေ့လာမယ်။ မုန်းလျက်နဲ့ပဲ ဆက်လက်ရှုလို့ ဖြစ်ပျက်အဆုံးကို မြင်လာရင် အသင်္ခတ= နိဗ္ဗာန်ကို တွေ့မှာပဲ။ ဒီတော့ ဒီ သင်္ခတဒုက္ခသစ္စာကို ဆုံးအောင်ကြည့် နိဗ္ဗာန်ကိုမြင်ရမယ်။
အသင်္ခတတရားကို သင်္ခတတရားရဲ့ပြောင်းပြန်ပဲလို့ အချုပ်မှတ်ထား။ အသင်္ခတအကြောင်း နားလည်ချင်ရင် သင်္ခတအကြောင်းနားလည်အောင်လုပ်။ သင်္ခတအကြောင်းနားလည်ဖို့ရာ ဖြစ်ပျက်ဝိပဿနာ အလုပ်လုပ်ရမယ်။ အသင်္ခတနိဗ္ဗာန်ကို မဂ္ဂင်လမ်းနဲ့ သွားရမယ်။ ခန္ဓာငါးပါး သင်္ခတတရား၏ဖြစ်ပျက်ကို မဂ္ဂင်နဲ့ရှုရမယ်။ မဂ္ဂင်ကလဲ သင်္ခတဖြစ်သောကြောင့် သူလဲ ဖြစ်ပျက်ပဲ။ ဒါကြောင့် မဂ္ဂင်ရှုတဲ့အခါ ရှေ့က ခန္ဓာငါးပါး ဖြစ်ပျက်- နောက်ကမဂ် လို့ ပြောတာ။ ခန္ဓာငါးပါး ဖြစ်ပျက်က ရှေ့ကျရမယ်။ ဒီ မဂ္ဂင်တရားက နောက်ကျရမယ်။ နောက်က မဂ္ဂင်က အစားထိုးရမယ်။ အစားထိုးဝင်ရမယ်။ ဒီလိုချည်း ခဏခဏ အစားထိုးသောကြောင့် မဂ္ဂင်လဲ သင်္ခတတရားပဲ။ ဒီတော့ ၀ိပဿနာရှုတယ်ဆိုတာ ရှေ့က ခန္ဓာငါးပါး သင်္ခတတရား၏ ဖြစ်ပျက်ကို နောက် မဂ္ဂင်ငါးပါး သင်္ခတတရားနဲ့ ကြည့်ကြည့်သွားရတာပဲ (အစားထိုးသွားရတာ)လို့မှတ်။
ဒီလို ရှေ့ကဖြစ်ပျက် နောက်ကမဂ္ဂင်နဲ့ကြည့်ဖန် အစားထိုးဖန် များလာတော့ နောက်ဆုံး ဖြစ်ပျက်တွေမမြင်တော့ပဲ ခန္ဓာငါးပါး ဖြစ်ပျက်တွေ အကုန်ချုပ်သွားတဲ့ အခါကျတော့၊ မဂ္ဂင်က နိဗ္ဗာန်ဟာ ဟိုဟာပဲလို့ လက်ညိုးထိုးပြီး ပို့ပေးတာပဲ။ (၀ိပဿနာရှုတဲ့အခါ မဂ္ဂင် ငါးပါးနဲ့ ရှုရတယ်။ ဖြစ်ပျက်ဆုံးသွားတော့ မဂ္ဂင်ငါးပါးက ရှစ်ပါးဖြစ်သွားပြီ၊ အဲဒီ မဂ္ဂင် ရှစ်ပါးကမှ နိဗ္ဗာန်ကိုမြင်တာ) မဂ္ဂင်က နိဗ္ဗာန်ကို အရောက်သွားတယ်လို့ မထင်နဲ့။ ထင်ရင် သင်္ခတနဲ့ အသင်္ခတရောသွားမယ်၊ မဂ္ဂင်က ဒဿနဋ္ဌောလို့ဆိုသောကြောင့် မဂ္ဂင်အားထုတ်တဲ့ ပုဂ္ဂိုလ်တွေကို သူက ဟိုဟာ နိဗ္ဗာန်ပဲလို့ ပြောတာပဲ။ ဒီတော့ မဂ္ဂင် (၈-ပါး)ဟာ နိဗ္ဗာန်ကို ညွှန်ပြနိုင်တဲ့ သတ္တိရှိတယ်။ မြင်နိုင်တဲ့ သတ္တိရှိတယ်။ နိဗ္ဗာန်ကိုလည်း မြင်ပါရော မဂ္ဂင်က တစ်ခါတည်း ကိလေသာတွေကို ပယ်သတ်ပစ်တာပဲ။ နိဗ္ဗာန်မြင်လို့ ကိလေသာကို ပယ်သတ်နိုင်တာ။ မမြင်ရင် မသတ်နိုင်ဘူး။ ဒီတော့ (၁) ကိလေသာတွေကို ပယ်သတ်တာလဲ မဂ္ဂင်ပဲ။ (၂) နိဗ္ဗာန်ကို မြင်တာလဲ မဂ္ဂင်ပဲ။ ပြီးတော့ (၃) သင်္ခတ= ဒုက္ခသစ္စာကို ကောင်းကောင်းသိတာလဲ မဂ္ဂင်ပဲလို့ မှတ်ပါ။
အသင်္ခတဖြစ်တဲ့ နိဗ္ဗာန်ကို ဘာနဲ့ကြည့်မှမြင်မတုံး။ မဂ်နဲ့ ကြည့်မှပဲ မြင်ရမယ်။ မဂ်တောင် ၅-ပါးနဲ့ကြည့်ရင် မရဘူး။ ၅-ပါးနဲ့ ကြည့်ရင် သင်္ခတပဲမြင်မယ်။ ၈-ပါးနဲ့ ကြည့်မှ အသင်္ခတကို မြင်မယ်။ ဒီတော့ ရုပ်နာမ် သင်္ခတကို မဂ်သင်္ခတနဲ့ မြင်ပြီးမှသာ အသင်္ခတကူးမှာပဲ။ နဂိုက ခင်ဗျားတို့ ခန္ဓာ ၅-ပါး ရုပ်နာမ်တရားကို သင်္ခတရယ်လို့ မသိဘူး။ ဆရာသမားကောင်း ဆည်းကပ်ပြီး နည်းရလို့ ၀ိပဿနာဉာဏ်နဲ့ ကြည့်လိုက်တော့မှ သင်္ခတလို့သိတာ။ ခန္ဓာ ၅-ပါး ဒုက္ခသစ္စာ။ အသင်္ခတ တရားကို မဂ္ဂသစ္စာ။ သင်္ခတတရားနဲ့ကြည့်မှ မြင်တာ။ ခန္ဓာ ၅-ပါး သင်္ခတဆုံးသွားတော့မှ ဒီ မဂ် (၈-ပါး) ဖြစ်ပြီး အသင်္ခတ= နိဗ္ဗာန်ကိုမြင်တာ။ ဒီတော့ မဂ္ဂသစ္စာသည် သင်္ခတတရားဖြစ်ပါလျက်နဲ့ အသင်္ခတတရားနဲ့ ဘယ်လိုဆက်သွယ်သတုံး။ သူက နိဗ္ဗာန်ကို ဇနကသဘောနဲ့ဖြစ်စေတာလားဆိုတော့ မဟုတ်ဘူး။ ဥပတ္ထမ္ဘက သဘောနဲ့ ထောက်ပံ့တာလားလို့မေးရင်လဲ မဟုတ်ဘူးလို့ ဖြေရမယ်။ ဒါဖြင့် မဂ္ဂင်က ဘာလုပ်သတုံးလို့ မေးရင် ဒီမဂ္ဂင်ဟာ ဒဿနကိစ္စ (မြင်မှုကိစ္စ)နဲ့ ဆောင်ရွက်တယ်။ မဂ္ဂင်မှာ သမ္မာသင်္ကပ္ပဆိုတဲ့ မျက်မှန်၊ သမ္မာဒိဋ္ဌိဆိုတဲ့ မျက်လုံးပါတယ်။ ၀ိပဿနာအလုပ် လုပ်တဲ့ ပုဂ္ဂိုလ်ဟာ ဒီမျက်မှန်၊ ဒီမျက်လုံးနဲ့ လှမ်းကြည့်ရင် မြင်မယ်၊ ဒီတော့ မဂ္ဂင်ဟာ နိဗ္ဗာန်သို့ပို့ပေးခြင်းလဲ မလုပ်ဘူး။ နိဗ္ဗာန်ကို ဖြစ်အောင်လဲ မလုပ်ဘူး။ နိဗ္ဗာန်ပျက်စီးမှာစိုးလို့ ထောက်ပံ့ပေးနေတာလဲ မလုပ်ဘူး။ သူက အဝေးကလှမ်းမြင်တဲ့ ကိစ္စပဲ လုပ်တယ်။ မြင်မှုကိစ္စပဲ ရှိတယ်။
ဒါ လူတိုင်း မမြင်နိုင်ဘူး။ သင်္ခတနဲ့ အသင်္ခတ ကွဲကွဲပြားပြား သိတဲ့ပုဂ္ဂိုလ်မှ (၁) ရှေးဦးစွာ သင်္ခတ= ဖြစ်ပျက်သဘောကို အဖန်ဖန် သိမြင်အောင်လုပ်လို့၊ (၂) နောက် ဒီသင်္ခတကို မနှစ်သက် မလိုချင် မုန်းတီးခြင်း ငြီးငွေ့လာအောင်လုပ်လို့၊ (၃) သင်္ခတတရားတွေဟာ ဒုက္ခသစ္စာပဲလို့ ပိုင်းခြားသိမြင်မှသာလျှင် အသင်္ခတနိဗ္ဗာန်ကို မြင်မယ်။ သင်္ခတကို ရှင်းလင်းနိုင်တဲ့ ပုဂ္ဂိုလ်မှ အသင်္ခတကို မြင်နိုင်တာ။ ဒီတော့ သင်္ခတကို ရှင်းလင်းတဲ့အလုပ်မှာ ၀ိပဿနာဉာဏ်ကို ရှေ့ထားပါ။ သင်္ခတကို သင်္ခတမှန်းသိပြီး မင်း သင်္ခတနယ်မှာ ငါမနေချင်ဘူးဆိုတဲ့ ဉာဏ်ရအောင် မုန်းအောင် ရှုပေးရမယ်။ ဒါဖြင့် သင်္ခတနဲ့ ကင်း၍လဲ= သင်္ခတဒုက္ခသစ္စာကို ပိုင်းခြားပြီး မသိမြင်ပဲနဲ့လဲပဲ၊ အသင်္ခတ= နိဗ္ဗာန်= နိရောဓသစ္စာကို မရောက်နိုင်ဘူး။ မမြင်နိုင်ဘူး၊ မျက်မှောက် မပြုနိုင်ဘူး။ ဒီတော့ နိဗ္ဗာန်ဟာ အသင်္ခတ= ဘယ်သူမှ ဘယ်အကြောင်းတရားကမှ မပြုပြင်ပဲနဲ့ သဘာဝဓမ္မအားဖြင့် ခိုင်မြဲနေတဲ့သဘောပဲ။ နိဗ္ဗာန်ဟာ ဘယ်အကြောင်းတရားနဲ့မှ ဆက်သွယ်မှုမရှိတော့ ပျက်စရာလဲမရှိဘူး။ မဂ္ဂသစ္စာကတော့ အကြောင်းတရားတွေနဲ့ ဆက်သွယ်နေတော့ ဖြစ်ပျက်သဘောရှိတယ်။ ဖြစ်ပျက်ရှိတော့ သူလဲ ဒုက္ခသစ္စာပဲ။
မဂ္ဂသစ္စာရဲ့ ထူးခြားချက်က သူက သင်္ခတဒုက္ခသစ္စာကိုလဲ မြင်တယ်။ မြင်တော့ ဒီ ဒုက္ခသစ္စာ သင်္ခတကို မလိုချင်လို့ ချုပ်သွားတဲ့အခါမှာ အသင်္ခတ= နိဗ္ဗာန်ကိုလဲ လှမ်းမြင်တယ်။ မြင်တယ်ဆိုတာ အာရုံပြုတာ၊ မျက်မှောက်ပြုတာပဲ။ ၀ိပဿနာ မဂ္ဂင် ၅-ပါးက သင်္ခတဒုက္ခသစ္စာပဲမြင်တယ်။ ဒီ မဂ္ဂင်က လောကုတ္တရာ မဂ္ဂင် ၈-ပါး ဖြစ်သွားမှ နိဗ္ဗာန်ကို မြင်တာ။ ဒုက္ခချုပ်ငြိမ်း (နိရောဓ) အေးငြိမ်းချမ်းသာ (သန္တိသုခ)တဲ့၊ အသင်္ခတနိဗ္ဗာန်ကို မြင်တာနဲ့ တပြိုင်နက် ဒီ မဂ္ဂင် ၈-ပါးဟာ နိဗ္ဗာန်အားကိုးနဲ့ တခါတည်း ကိလေသာတွေကို သတ်ပစ်နိုင်တယ်။ ဒီတော့ နိဗ္ဗာန်မမြင်ပဲနဲ့ ကိလေသာကို အမြစ်ပြတ်အောင် မသတ်နိုင်ဘူး။
ဒါကြောင့် ခင်ဗျားတို့ အသင်္ခတ= နိဗ္ဗာန် ရောက်ချင်ရင် သင်္ခတ= ဖြစ်ပျက်= ဒုက္ခသစ္စာကို ကြပ်ကြပ်ရှုပေး၊ (၁) သင်္ခတကို ဖြစ်ပျက်မြင်အောင်ရှု၊ (၂) သင်္ခတကို ဖြစ်ပျက်မုန်းအောင်ရှု၊ (၃) သင်္ခတတရား ဖြစ်ပျက်ဆုံးအောင်ရှု။ သင်္ခတတရားဆုံးမှ အသင်္ခတတရားလာမယ်၊ သင်္ခတတရားမဆုံးရင် အသင်္ခတတရား မလာဘူး။ ဒီတော့ သင်္ခတဆုံးအောင် မဂ္ဂင်နဲ့ကြည့်ပြီးမှ အသင်္ခတကိုတွေ့မှာ။ ဒါကြောင့် ဝေဒနာ ၃-ပါးထဲက တခုခုကို ဖြစ်ပျက်မြင်အောင် ကြည့်ပါ။ ဒါလောက်နဲ့ မပြီးသေးဘူး။ ဒါက သင်္ခတလမ်း အကုန်မသိဘူး။ သင်္ခတဆိုတာ ဖြစ်ပျက်ပဲ။ ဒါနဲ့ အတူနေရတယ် ဆိုတာလောက်သာ သိသေးတာ။ ဒါကို မမုန်းသေးဘူး၊ ဒါကြောင့် ဖြစ်ပျက် သင်္ခတတရားကို မုန်းအောင် ရှုပေးဦး။ မုန်းလျက် ငြီးငွေ့လျက်နဲ့ပဲ ပေရှု၊ ပေရှုပြီး တခါရှေ့တက်ဦး။ သင်္ခတဆုံးအောင် ကြည့်ပေးရမယ်။ ဖြစ်ပျက်တွေ ပျောက်အောင် ကြည့်ရမယ်။ ဖြစ်ပျက်တွေဆုံးရင် အသင်္ခတလာမယ်။ လာတော့ သင်္ခတအဆုံးမှာ အသင်္ခတရှိတယ်။ သင်္ခတနေရာမှာ အသင်္ခတအစားထိုးပေါ်လာတယ်။ ဒီလိုပေါ်လာတော့ မဂ်က အသင်္ခတကို မြင်တော့တာပဲ။ အာရုံပြု= မျက်မှောက်ပြုတော့တာပဲ။ အသင်္ခတနိဗ္ဗာန်မြင်တာကိုပင် နိဗ္ဗာန်ရောက်တယ်လို့ ခေါ်ကြတယ်။ ဒီမဂ္ဂင်က နိဗ္ဗာန်ကို မြင်တာပဲရှိတယ်။ နိဗ္ဗာန်ကို ဖြစ်စေတာလဲ မဟုတ်။ ထောက်ပံ့ပေးတာလဲမဟုတ်။ ဒါကြောင့် နိဗ္ဗာန်ဟာ အသင်္ခတ= ဘယ်တရားကမှ မပြုပြင်ပဲနဲ့၊ သဘာဝအားဖြင့် ခိုင်ခံ့တည်မြဲတဲ့ တရားပဲလို့ခေါ်ရတယ်။
မိုးကုတ်ဆရာတော်ဘုရားကြီး၏ သစ္စာအနက် ၁၆-ချက် တရားတော်များမှ
No comments:
Post a Comment