Pages
Friday, May 11, 2012
ခန္ဓာမရှုအမှုမငြိမ်း
    တရားရှာကိုယ်မှာတွေ့ ဟူသောစကားရှိ၏။ ထိုစကားအရ တရားသည် မိမိခန္ဓာ၌သာရှိ၏။ တရားသည် အခြားတစ်ပါးသော ဌာနတို့၌မရှိ။ ဂူထဲ လှိုဏ်ထဲ တောထဲ တောင်ထဲ ကျောင်းထဲ စသည်တို့၌မရှိ။ ထို့ကြောင့် တရားရှာလျှင် မိမိခန္ဓာ၌ရှာမှသာလျှင် တရားတွေ့နိုင်မည် ဖြစ်ပါသည်။
    ပုထုဇဉ် သုံးဘုံသူ သုံးဘုံသားမှန်သမျှ တစ်သံသရာလုံးမှ အထင်အမြင် အသိအယူတွေ လွဲခဲ့၏။ ထိုအလွဲအမှားတွေကို ဘုရားရှင်က အမှန်မြင်အောင် ပြင်ပေး၏။ ပြင်ပေးသဖြင့် အမှန်ရောက်က တရားပေါက်၏။ တရားရောက်၏။ တရားရ၏ ဆိုရ၏။
    အမှန်မရောက်လျှင် မိမိတို့တွင် ဆံပင်မွေးညှင်း ခေါင်း လက် ကိုယ် ခြေ အရေအကြော တကယ်ရှိသည်၊ လူပဲ ပုဂ္ဂိုလ် သတ္တ၀ါပဲ အသက်လိပ်ပြာပဲ ယောက်ျား မိန်းမပဲ အထည် ကိုယ်ဒြပ်နှင့်ပဲဟု တစ်သံသရာလုံး မှတ်ခဲ့၏။ တလွဲတည်းလွဲခဲ့၏။ ထို့ကြောင့် သံသရာဝဋ်မှ မလွတ်နိုင်ကြခြင်းဖြစ်၏။
    အမှားတွေ အကုန်ပျောက်ပြီး အမှန်ရောက်လျှင် သံသရာဝဋ်မှ လွတ်ကြမည်။ ငါကောင် သူကောင် ပုဂ္ဂိုလ်ကောင် သတ္တ၀ါကောင် အယူအစွဲဖြင့် ဘ၀စဉ်ဆက် အသစ်အသစ်ကို နှစ်သက်ခုံမင် နောက်ထပ်လိုချင်သောအနေ၊ မြတ်နိုးသောအနေ ဆက်ကာ ဆက်ကာ ဖြစ်လိုနေသော စိတ်ဓာတ်တွေ ကုန်ဆုံးသွားအောင် သတ္တ၀ါတို့နှစ်သက်သလို မဟုတ်သော ထိုအကောင်ကြီးကို ဘုရားရှင်ကိုယ်တော်မြတ်က အပြစ်သုံးမျိုးပြပြီး ဝေဖန်ချ၏။
    ချစ်စရာလည်းမဟုတ်၊ မြတ်နိုးစရာလည်းမဟုတ်၊ တွယ်တာစရာလည်းမဟုတ်၊ ဆက်ကာဆက်ကာလိုချင်စရာလည်းမဟုတ်ကြောင်း ကောင်းကောင်းသိအောင် ကိုယ်တောမြတ်
က ပြပေး၏။ ခန္ဓာအပြစ်တွေကိုမြင်မှ သိမှ နောက်ထပ်ခန္ဓာအသစ်တွေ မဖြစ်ချင်မှ ခန္ဓာငါးပါးဒုက္ခတရားကြီး အဖြစ်ရပ်ကြမည်။ သို့မှလည်း ချမ်းသာအမှန် မြတ်နိဗ္ဗာန်သို့ ရောက်ကြရကြမည် ဖြစ်သည်။
    ထို့အပြင် ဘုရားရှင်က ချစ်သားတို့ စွဲလန်းနှစ်သက်နေသော ဤခန္ဓာကြီးသည် သင်တို့ထင်သလို မြဲနေသော နိစ္စတရားမျိုးမဟုတ်၊ ချမ်းသာသော သုခတရားမျိုးလည်းမဟုတ်၊ အာဏာတန်ခိုးအစိုးရသော အတ္တတရားမျိုးလည်းမဟုတ်ဟု အပြစ်နှင့်တကွ ထောက်ပြပါသည်။
    အနိစ္စ၊ ဒုက္ခ၊ အနတ္တတည်းဟူသော ၀ိပဿနာ ကုသိုလ်သည် သာသနာထင်ရှားရှိခိုက်သာလျှင် အားထုတ်နိုင်ပါသည်။ သာသနာကွယ်ပသောခေတ်တွင် သေချင်အောင် အားထုတ်လိုသော်လည်း မည်သို့မျှ မဖြစ်နိုင်ပါ။ ယခုအခါသည် ၀ိပဿနာတရားအားထုတ်ရန် အခွင့်ကောင်း အခါကောင်းဖြစ်ပါသည်။ အလွန့်အလွန်ကြုံခဲသော အခွင့်ကောင်းကြီးဖြစ်ပါသည်။
    ဒါန၊ သီလ၊ သမထ ကုသိုလ်တရားများကို သာသနာတွင်း သာသနာပ နှစ်ဋ္ဌာနစလုံး ပြုလုပ်နိုင်သော အခွင့်ရှိပါသည်။ ယင်းအတွက် စိုးရိမ်ကြောင့်ကြရန်မရှိ၊ အတိတ်ဘ၀ပေါင်း များစွာမှလည်း ပြုခဲ့ပေါင်းများခဲ့ပြီ။ အမှန်တကယ်ကြောင့်ကြဖွယ်သည် ၀ိပဿနာကုသိုလ်ပြုရေးသာ ဖြစ်ပါသည်။ အချိန်အခါ အခွင့်ကာလ ငဲ့ရသော လမ်းစဉ်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ အရေးကြီးဆုံးကို ရှေ့တန်းထား ဆောင်ရွက်ကြရပါမည်။
    ခန္ဓာမရှုက အမှုမငြိမ်းပါ။ အမှုဆိုသည်ကား၊ သံသရာ့ဝဋ်အတွင်းမှမလွတ်ကင်းခြင်း အမှုကြီးပါတည်း။ ခန္ဓာငါးပါးကို လက္ခဏာယာဉ်တရားသုံးပါးဖြင့် တင်၍ ဆင်ခြင်ရှုပွားခြင်းဖြင့် ဒုက္ခခပ်သိမ်းမှ လွတ်ငြိမ်းမည်၊ မရှုပွားက သံသရာဝဋ်မှ မကျွတ်မလွတ်နိုင်၊ မကျွတ်မလွတ်ခြင်းသည်ပင်လျှင်၊ အမှုကြီးတစ်ခုဖြစ်ပါသည်။ ထို့ကြောင့် ခန္ဓာမရှု အမှုမငြိမ်းဟု ဆိုခြင်းဖြစ်ပါသည်။
    အနိစ္စတစ်လုံးကိုဖြစ်စေ၊ ဒုက္ခတစ်လုံးကိုဖြစ်စေ၊ အနတ္တတစ်လုံးကိုဖြစ်စေ၊ တတ်စွမ်းနိုင်သမျှ ရှုမှတ်ပွားများပါ၊ ထို့ထက်အလွန် တက်နိုင်ပါလျှင် သုံးလုံးစလုံး ပွားများနိုင်သည်ဖြစ်က ပိုအကျိုးရှိ၏။
    အနိစ္စသညာ ဘိက္ခဝေ ဘာဝိတာ ဗဟုလိကတာ၊
    မဟပ္ဖလာ ဟောတိ မဟာနိသံသာ အမတောဂတာ၊
    အမတပရိယောသာနာ၊ ဟု ဟောတော်မူသည်။
    ဘိက္ခဝေ ချစ်သားတို့၊ အနိစ္စသညာ၊ ခန္ဓာငါးပါးကို အနိစ္စဟူ၍ (၀ါ) အနိစ္စဟူသော သညာဖြင့်။ ပွားများသည်ရှိသော် ဗဟုလိကတာ၊ ကြိမ်ဖန်များစွာ ပွားများသည်ရှိသော်။ မဟပ္ဖ လာ၊ များသောအကျိုးရှိသည်။ ဟောတိ၊ ဖြစ်၏။ မဟာနိသံသာ၊ များသောအာနိသင်ရှိသည်။ ဟောတိ၊ ဖြစ်၏။ အမတောဂတာ၊ နိဗ္ဗာန်တိုင်အောင် ရောက်စေနိုင်၏။ အမတပရိယောသာနာ၊ နိဗ္ဗာန်လျှင် အဆုံးရှိ၏။
    လမ်းကုန်တန်းကုန် ပို့ဆောင်ထားပါသည်။ ထို့ထက်အလွန် လားရောက်ရန်မရှိတော့ပါ။ နိဗ္ဗာန်သို့ တိုက်ရိုက်ပို့ထားသော တရားအစစ်ဖြစ်ပါသည်။ လောကသံသရာ နှစ်ဖြာအကျိုး ကွန့်ဖြိုးစေသော တရားဖြစ်ပါသည်။
    ဘာဝိတာဆိုသည်မှာ၊ တစ်ခါတစ်ရံပွားများခြင်း၊
    ဗဟုလိကတာဆိုသည်မှာ ကြိမ်ဖန်များစွာ ပွားများခြင်း ဖြစ်ပါသည်။
    ဘာဝိတာအနေဖြင့်လည်း ပွားများပါ၊ ဗဟုလိကတာ အနေဖြင့်လည်း တိုးပို ပွားများပါ။ အလွန်အကျိုးများသည်၊ နေရာကောင်း၊ ချောင်ကောင်း ရွေးချယ်ရန်မလိုပါ။ လူသံတိတ်ဆိတ် တောရိပ်ညောင်စောင်း၊ သင်္ခမ်းကျောင်းလည်း မလိုပါ။
    သုညာဂါရေ၊ လူသံတိတ်ဆိတ်၊ တောရိပ်ညောင်စောင်း၊ သင်္ခမ်းကျောင်း၌ အဘိရမာဘိ၊ မွေ့လျော်အံ့။ သုညာဂါရဟူသည်၊ လူသူမနီးသည့် တောကြီး တောင်ကြီးအတွင်းရှိ ကျောင်းကိုဆိုလိုသည်မဟုတ်ပါ။ ငါးဖြာအာရုံ ကာမဂုဏ်တရားတို့ ဆိတ်ညံသော နေရာမှန်လျှင် သုညာဂါရချည်းဖြစ်၏။
    ထို့အကြောင်းနှင့် စပ်၍ အဋ္ဌကထာဖွင့်ဆိုချက်သည် မှတ်ဖွယ်ကောင်း၏။ ပရိသတ်တစ်ကောင်နှင့် ပရိသတ် တစ်ထောင် ပမာဆောင်ပြပါသည်။
    ပရိသတ်တစ်ကောင်တည်းဖြစ်ပါမူလည်း၊ ၀ိတက်သုံးပါးနှင့် နေလျှင်၊ ပရိသတ်တစ်ထောင်နှင့် ဆက်ဆံနေသည်နှင့်မခြားပါ။ ပရိသတ်တစ်ထောင်အတွင်းနေစေကာမူ ခန္ဓာငါးပါးအပေါ် လက္ခဏာယာဉ်သုံးပါး တစ်ပါးပါးဖြင့် ဆင်ခြင်ပွားများနေပါလျှင် ပရိသတ်တစ်ကောင်တည်း နေသည်နှင့် တူပါသည်။ အဘယ်ကြောင့်ဆိုသော် ၀ိတက် သုံးပါး ငြိစွန်းမှုမရှိသောကြောင့် ဖြစ်၏။
၁။ ကာမ၀ိတက်
    ရူပါရုံ၊ သဒ္ဓါရုံ စသော ငါးဖြာအာရုံ ကာမဂုဏ်အကြောင်း ကာမဂုဏ်မှုတို့အတွက် လောဘနှင့် မကင်းသော ကြံစည်ခြင်းများကို ကာမ၀ိတက်ဟုခေါ်၏။
၂။ ဗျာပါဒ၀ိတက်
    သူတစ်ပါးကို ပျက်စီးစေလိုသော သေစေလိုသော ဒေါသနှင့် ယှဉ်သော အကြံအစည်ကို ဗျာပါဒ၀ိတက် ခေါ်၏။
၃။ ၀ိဟိံသာဝိတက်
    သူတစ်ပါးကို ညှင်းဆဲနှိပ်စက်လိုခြင်း၊ ဒေါသနှင့်ယှဉ်၍ ရိုက်ပုတ်သတ်ဖြတ်ရန်နှင့် ဆင်းရဲဒုက္ခရောက်ရန် ကြံစည်ခြင်းများကို ၀ိဟိံသာဝိတက် ခေါ်၏။
    လက္ခဏာရေးသုံးပါး၊ လက္ခဏာကား၊ မှတ်ကြောင်းမှတ်စရာလက္ခဏာ၊ ထိုမှတ်စရာသုံးပါးဖြင့် မှတ်အပ်သော လက္ခဏ၀န္တခန္ဓာငါးပါး တရားကိုယ်တရားသားကို ရှုမှတ်ရန်ဖြစ်၏။
    ထို့ကြောင့် အနိစ္စ၊ ဒုက္ခ၊ အနတ္တ ဤသုံးပါးသည် လက္ခဏာမည်၏။ ခန္ဓာငါးပါးတရားသည် မှတ်အပ်သော လက္ခဏ ၀န္တမည်၏။
    လက္ခဏာနှင့် လက္ခဏ၀န္တ ကွဲပြားအောင် ခွဲခြားမှတ်သားပါ။ အနိစ္စ အမြဲမရှိ။ ဒုက္ခ ဆင်းရဲခြင်း၊ အနတ္တ ငါ၏ကိုယ်မဟုတ်ဟု ဆင်ခြင်သည်ဖြစ်က၊ လက္ခဏာပေါ်၌သာ ထင်နေသည်ဖြစ်၍ လက္ခဏ၀န္တခေါ် တရားကိုယ် တရားသားပေါ် မရောက်တော့ပါ။
    အနိစ္စ၊ ဒုက္ခ၊ အနတ္တ လက္ခဏာသုံးပါးဖြင့် ခန္ဓာငါးပါးတည်းဟူသော လက္ခဏာဝန္တ တရားကိုယ် တရားသားကို ရှုမှတ်ပါလျှင် မမြဲသောသဘော၊ ဆင်းရဲသောသဘော၊ အစိုးမရအလိုမလိုက် အနှစ်သာရ ရှာမရသော သဘောတရား အပြစ်သုံးပါးနှင့်တကွ ပြတ်သားထင်ရှားစွာ သိလာ မြင်လာ၏။
    ထို့ကြောင့် ခန္ဓာငါးပါးသည်၊ လိုချင်စရာမဟုတ်၊ နှစ်သက်စရာမဟုတ်၊ မြတ်နိုးစရာမဟုတ်၊ ထိုခန္ဓာရှိနေသမျှ ဒုက္ခပဲဟု မြင်သောအခါ၊ ခန္ဓာငါးပါးကို ရွံလာ၏။ မုန်းလာ၏။ စိတ်ပျက်လာ၏။ ကပ်ငြိခြင်းကင်းလာ၏။ နောက်ထပ်တစ်ဖန်လိုချင်သော စိတ်ဓာတ်တွေ ကုန်ခန်း၏။ ထို့ကြောင့်လည်း နောက်တစ်ဖန် ခန္ဓာသစ်ဖြစ်ရာဖြစ်ကြောင်း အလုပ်များကို မလုပ်တော့ပေ။ တရားစစ် တရားမှန်ကို ဤတွင် လာတွေ့၏။
    ယခင်က၊ ထိုသို့ မသိမမြင်ခဲ့သောကြောင့်၊ ခန္ဓာသစ်တွေ မဖြစ်ဖြစ်အောင် အားသွန်ခွန်စိုက် နှစ်နှစ်ခြိုက်ခြိုက် ခန္ဓာပင် စိုက်ပျိုး၏။ ခန္ဓာမျိုးစေ့တွေ ချခဲ့၏။ ယနေ့ကျအောင်ဖြစ်၏။ မသိပါက နောက်နောင်လည်း ခန္ဓာမျိုးစေ့တွေ ချဦးမည်သာဖြစ်၏။
    ခန္ဓာမျိုးစေ့ချသည်ဆိုခြင်းမှာ အခြားမဟုတ်၊ ၀ဋ်သုံးပါးအတွင်းလည်စေတတ်သော ဖြစ်စေတတ်သော (တစ်နည်း) နောင်အခါ၌ ပဋိသန္ဓေအသစ်ကို ဆက်ကာဆက်ကာ ဖြစ်စေတတ်သော၊ ကုသိုလ်ကံနှင့် အကုသိုလ်ကံတရား ထိုနှစ်ပါးကို ကြိုးစားမယုတ် ပြုလုပ်အားထုတ်ခြင်းသည် ခန္ဓာမျိုးစေ့ချခြင်းပင် ဖြစ်၏။
    ယခု ရုပ်နာမ်ခန္ဓာတို့အပေါ်၌ နှစ်သက်မှု ခင်တွယ်မှုမရှိ၊ ခန္ဓာသစ် မဖြစ်ချင်သော အသိဉာဏ်မျိုးရသောအခါ ဒုက္ခခပ်သိမ်း ကင်းငြိမ်းခြင်း သုခစစ် သုခမှန် မြတ်နိဗ္ဗာန်ကို အနုမာန မျက်မှန်းဆ၍ ယောဂါဝဓရ ပုဂ္ဂိုလ်၏ ဉာဏ်ဝ၌ မြင်လာ၏။ ထို ဉာဏ်မျိုးကို သန္တိပဒဉာဏ်ခေါ်ပါ၏။ နိဗ္ဗာန်ကို ကွက်ကျော်လှမ်း၍ အာရုံပြုနိုင်၏။
    ထို့ကြောင့် ခန္ဓာပင်စိုက်ပျိုး၍ ခန္ဓာမျိုးစေ့ချသော အလုပ်များ အားလုံးကုန်ပြုတ်၏ ချုပ်၏။ ဘုရားရှင်ကိုယ်တော်မြတ် (၃၁)ဘုံ အကုန်ခြုံလျက် ဟောသွားတော်မူသော ဒေသနာ၏ လိုရင်းပဓာနအချက်သည် ဤသည်ပင်ဖြစ်ပါသည်။
    မိမိတို့ သန္တာန်၌ ဖြစ်နေသော ရုပ်နာမ်အပေါ်တွင် အထင်အမြင် လွဲမှားနေသမျှတို့ကို သိအောင် မြင်အောင် ပြသွားသော တရားတို့ကို အမှန်အကန် သိကြလျှင် နိဗ္ဗာန်နှင့် မဝေး တော့ပါ။
    ဘုရားရှင်ကိုယ်တော်မြတ်က သုံးဘုံသူ သုံးဘုံသားတို့ သံသရာဝဋ်အတွင်းမှ လွတ်ကင်းအောင် ကယ်မတော်မူသည့်အရာတွင် အနိစ္စ၊ ဒုက္ခ၊ အနတ္တ လက္ခဏာရေးသုံးပါး အမှူးထား၍ ဟောကြားသော ဒေသနာဖြစ်ပါ၏။ ထိုတရားသုံးပါးကို သွားရင်း လာရင်း၊ နေရင်း၊ ထိုင်ရင်း၊ အိပ်ရင်း၊ လျောင်းရင်း စသည့်အခိုက်အတန့်တို့၌ နှလုံးသွင်း ဆင်ခြင်နိုင်ပါ၏။ အလွန်လည်း လွယ်ကူပါ၏။ ဤသို့ပြုကာမျှဖြင့် မဂ်ဉာဏ် ဖိုလ်ဉာဏ် ရနိုင်ပါမည်လားဟု မေးလျှင် ရ၏ဟု ဘုရားကိုယ်တော်မြတ် ဟောကြားတော်မူပါသည်။
    ယဿ သဒ္ဓါစ ဗလ၀တီ တဿ အာရဒ္ဓါ ၀ိပဿကာ
    တိဋ္ဌန္တဿ ဂစ္ဆန္တဿ ဘုဉ္ဇန္တဿ ခါဒန္တဿ နိပ္ပဇ္ဇန္တဿ
    မဂ္ဂ ဖလ ပဋိဝေဓောနာမ နဟောတီတိ နတ္ထိ။ (၀ိသုဒ္ဓိမဂ် ဋ္ဌကထာ)
    ယဿ၊ အကြင်ပုဂ္ဂိုလ်အား။ သဒ္ဓါစ၊ တရား၌ ယုံကြည်သော သဒ္ဓါတရားသည်။ ဗလ၀တီ၊ အားရှိသည်။ ဟောတိ၊ ဖြစ်၏။ အာရဒ္ဓါ ၀ိပဿကာ၊ ၀ိပဿနာတည်းဟူသော ရုပ် နာမ် ခန္ဓာ၌ အနိစ္စ ဒုက္ခ အနတ္တဟူ၍ အမြဲမပြတ် အားထုတ်ခြင်းရှိသည်၊ ဟောတိ၊ ဖြစ်၏။ တဿ၊ ထိုပုဂ္ဂိုလ်အား။ တိဋ္ဌန္တဿစ၊ ရပ်နေစဉ်၌လည်းကောင်း။ ဂစ္ဆန္တဿစ၊ သွားနေစဉ်၌လည်းကောင်း။ ဘုဉ္ဇန္တဿစ၊ စားနေစဉ်၌လည်းကောင်း။ ခါဒန္တဿစ၊ ခဲနေစဉ်၌လည်းကောင်း။ နိပ္ပဇ္ဇန္တဿစ၊ လျောင်းနေစဉ်၌လည်းကောင်း။ မဂ္ဂဖလပဋိဝေဓောနာမ၊ မဂ်ဉာဏ် ဖိုလ်ဉာဏ်ကို ထိုးထွင်း၍ သိခြင်းမည်သည်။ နဟောတိ၊ မဖြစ်ဟူ၍။ နိတ္ထိ၊ မရှိ။ ဟောတိဧ၀၊ ဖြစ်သည်သာလျှင်တည်း။ (ဧ၀အကျိုး ရှိစနိုး ထည့်ရိုး ဧ၀ဟူ)
    မဂ်ဉာဏ် ဖိုလ်ဉာဏ် ရလိုပါက တရား၌ ယုံကြည်မှုအပြည့်အ၀ရှိပါ။ ဘုရားရှင်၏ တရားတော်မှန်က လွဲမှားသည် မရှိကောင်းပါ။ မိမိတို့ အဇ္ဈတ္တသန္တာန်၌ ဖြစ်ပျက်နေသော ရုပ်အစဉ် နာမ်အစဉ် ခန္ဓာအစဉ်တို့သည် မျက်တောင်တစ်ခတ် ကာလအတွင်း သိန်းသန်း ကုဋေ မရေမတွက်နိုင်အောင် လျင်မြန်သော ဖြစ်ခြင်းဖြင့် ဖြစ်၍၊ လျင်မြန်သော ပျက်ခြင်းဖြင့် ပျက်နေသော သဘောတို့ကို နှလုံးသွင်း ဆင်ခြင်ပွားများပါလေ။
ပခုက္ကူ ၀ိပဿနာသင်တန်း၊ အရည်စစ်စာတမ်း(ဒု)
No comments: