Pages

Friday, May 11, 2012

ခန္ဓာငါးပါးနှင့် ပပဉ္စတရားသုံးပါး

    ခန္ဓာငါးပါးသည် ခန္ဓာငါးပါးချည်း သန့်သန့် ပကတိသဘောဝမှာ ဖြူစင်သန့်ရှင်း အပြစ်ကင်း၏။ သို့သော် ပုထုဇဉ်တို့ သန္တာန်ဝယ် “ဥပါဒါနာ ဂေါစရော ခန္ဓာ.....” ဟူသည်နှင့် အညီ ဥပါဒါန်အာရုံတို့၏ ကျက်စားရာအဖြစ်ဖြင့် တဏှာ၊ မာန၊ ဒိဋ္ဌိ တည်းဟူသော ပပဉ္စတရားသုံးပါး၏ ပူးခြင်း၊ ကပ်ခြင်း၊ နှိပ်စက်ခြင်း ခံကြရ၏။
    တဏှာ = တရားကိုယ်ကား လောဘစေတသိက်တည်း။ အာရုံ အရပ်ရပ်တိုင်း၌ လိုချင်နှစ်သက် တပ်မက်တွယ်တာ ကပ်ငြိခြင်းသဘောရှိ၏။
    မာန= မာနစေတသိက်လျှင် တရားကိုယ်ရှိ၏။ မိမိကိုယ်ကို ငါသိ၊ ငါတတ်၊ ငါသာမြတ်ဟူ၍ မှန်ကင်းကဲ့သို့ ထောင်လွှား တက်ကြွခြင်း သဘောရှိ၏။
    ဒိဋ္ဌိ= တရားကိုယ်အားဖြင့် ဒိဋ္ဌိစေတသိက်တည်း။ ပရမတ္တအားဖြင့် ထင်ရှားရှိသော ရုပ်၊ နာမ်၊ ခန္ဓာတို့၌ ပုဂ္ဂလ၊ သတ္တ၊ အတ္တ၊ ဇီဝ ရှိသည် ဟုတ်သည်ဟူသော အယူမှားကို ဖြစ်စေ၏။ အမှန်တရားကို အမှားထင်၊ အမှားတရားကို အမှန်ထင်လျက် အသိ၊ အမြင်၊ အယူအားဖြင့် မှားစေတတ်သော သဘောရှိ၏။
    အဆိုပါ တရားသုံးပါးသည် သံသရာကို မကျယ် ကျယ်အောင် ချဲ့ထွင်တတ်သည် ဖြစ်သောကြောင့် ပပဉ္စတရားသုံးပါးဟု ခေါ်ဆိုခြင်းဖြစ်၏။ ပပဉ္စတရား ပူးမိ ကပ်မိသည်ခဏမှစ၍ မူလက ဖြူဆွသော ခန္ဓာငါးပါးသည် ဥပါဒါနာက္ခန္ဓာ အမည်ဖြင့် ခန္ဓာဆိုး၊ ခန္ဓာညစ်၊ ခန္ဓာမူး၊ ခန္ဓာရူး၊ ခန္ဓာမိုက် ဖြစ်ရလေတော့၏။ ဤကိုရည်၍ .....
    “ခွေးတောက်မြစ်ယှက်၊ စပ်ရောဖက်က၊
    သရက်ပင်မင်း၊ သီးချိုကင်းသို့ ......”ဟု ပညာရှိတို့ စပ်ထုံးပြုကြ၏။
    တဏှာသုံးတန် - ကာမတဏှာ၊ ဘ၀တဏှာ၊ ၀ိဘ၀တဏှာ ဤသုံးဖြာသည် တဏှာသုံးတန်ဖြစ်၏။ (၀ါ) တဏှာသုံးပါးဖြစ်၏။
၁။    ကာမတဏှာ = ရူပါရုံ အစရှိသော ငါးဖြာအာရုံ ကာမဂုဏ်၌ နှစ်သက်တွယ်တာ ကပ်ငြိခြင်း။
၂။    ဘ၀တဏှာ = သဿတဒိဋ္ဌိနှင့် ယှဉ်၏၊ ဘ၀သစ်ကို ဆက်ကာဆက်ကာဖြစ်လို ရလိုမှု အယူကို နှစ်သက်တွယ်တာကပ်ငြိခြင်း။
၃။    ၀ိဘ၀တဏှာ = ဥစ္ဆေဒဒိဋ္ဌိနှင့်ယှဉ်၏။ ဘ၀ပြတ်သည် ဟူသော အယူကို နှစ်သက်ခြင်း။
    ကာမသာဒ၏ အစွမ်းအားဖြင့် ငါးဖြာအာရုံ ကာမဂုဏ်တို့၌ နှစ်သက်တွယ်တာ ကပ်ငြိမှုကြောင့် မိမိတို့ အလိုရှိအပ်သည်ကို တောင်းယူ ချေးငှား၍လည်းကောင်း၊ လိမ်လည် လှည့်ဖြား၍လည်းကောင်း၊ ခိုးဝှက်၍လည်းကောင်း၊ လုယက်တိုက်ခိုက်၍လည်းကောင်း၊ နှိပ်စက်ညှင်းဆဲသတ်ဖြတ်၍လည်းကောင်း မရလျှင် ရသည့်နည်းဖြင့် ယူ၏။ ထို အကုသိုလ်တို့၏ အကျိုးဆက်ဖြင့် ဖြစ်ရာဘ၀, သံသရာ အဆက်ဆက် ဒုက္ခဆိုး အမျိုးမျိုး ကြုံဆုံကြရ၏။
    သဿတဒိဋ္ဌိနှင့် ယှဉ်သော ဘ၀သစ်ကို ရလိုရောက်လိုမှုကြောင့် လာလတံသော အနာဂါတ်ဘ၀များအတွက် ဘ၀ကောင်းရာ၊ ငါကောင်းရာ၊ ရည်ရွယ်ချက်ဖြင့် ကုသိုလ်တရားများ ကြိုးစားအားထုတ်၏။ ယင်း ရည်ရွယ်ချက်သည် သဿတစွန်း နင်းသည်ဖြစ်၍ မဂ်ဖိုလ်ကို မရကောင်းပါ။
    ဥစ္ဆေဒဒိဋ္ဌိနှင့် ယှဉ်သော ဘ၀ပြတ်, ဇာတိပြတ် သေဆုံးလောင်တုံးဟူသော အယူကို နှစ်သက်ယုံကြည်သည်ဖြစ်ကလည်း၊ ဥစ္ဆေဒစွန်း နင်းသည်ဖြစ်၍ မဂ်ဖိုလ်ကို မရကောင်းပါ။ မဂ်ဥာဏ် ဖိုလ်ဥာဏ် မရသမျှလည်း သံသရာဝဋ်ဖြင့် မကျွတ်ပါ။ သံသရာချဲ့မည်သာဖြစ်၏။
    ထို့ကြောင့် သဿတ, ဥစ္ဆေဒ, အယူမှားတရား အစွန်းနှစ်ပါးမှ လွတ်သော မဇ္ဈိမပဋိပဒါ အလယ်လမ်းမှ ဖြောင့်တန်းစွာ သွားနိုင်မှသာလျှင်၊ မဂ်ဥာဏ် ဖိုလ်ဥာဏ် ရလျက် သံသရာဝဋ်မှ ကျွတ်လွတ်ပါသည်။ ထိုလမ်းစဉ်ကား သမ္မာဒိဋ္ဌိ အစရှိသော မဂ္ဂင်တရားကိုယ်ရှစ်ပါး ကျင့်စဉ်တည်း။
    မာန = စိတ္တဇ၀ါယောလျှင် အကြောင်းရင်းရှိသော မာန စေတသိက်တည်း။ မိမိကိုယ်ကို ငါသာလျှင် တတ်၏၊ မြတ်၏ဟု မောက်မော် တက်ကြွ ထောင်လွှားတတ်သော သဘောရှိ၏။ အရာရာတွင် သည်းခံခြင်း တရားမရှိ၊ စပ်စပ်ထိမခံ၊ ကြက်ခေါင်းဆိတ်မခံ၊ ငါနှင့်ငါသာ နှိုင်းစရာဟူသော အနေဖြင့် မိမိကိုယ်ကို နှိမ်ချခြင်း အလျှင်းမရှိ။
    စင်စစ် မာနတရားဟူသည်၊ ဂုဏ်ကျေးဇူး၏ အညစ်အကြေးအပြစ်ဘေးးသာ ဖြစ်ရကား၊ မာနတရားလက်ခံမိသူသည် အညစ်အကြေး အပြစ်ဘေးကို လက်ခံထားခြင်းပင် ဖြစ်၏။ ထို့အပြင် မာနတရားသည် သူတော်ကောင်းဖြစ်လိုသူကို သူတော်ကောင်း မဖြစ်အောင်၊ ဂုဏ်ရှိသူကို ဂုဏ်ပျက်အောင် နှောက်ယှက်ဖျက်ဆီး တတ်ချေ၏။

မာန် (၂)မျိုး

၁။    ယထာဝမာန် = ဟုတ်မှန်သည့်အတိုင်း တက်သောမာန်။
၂။    အယထာဝမာန် = မဟုတ်မမှန်ပဲ တက်သောမာန်။
    ပစ္စည်းဥစ္စာ အမှန်တကယ် ကြွယ်ဝချမ်းသာသဖြင့်လည်းကောင်း၊ လောကီ အတတ်ပညာဆိုင်ရာတို့၌ အမှန်တကယ် သိနားလည်တတ်ကျွမ်းသဖြင့် လည်းကောင်း၊ အဆင်း ရူပကာယ တကယ်ပင် တင့်တယ် သဖြင့်လည်းကောင်း၊  တက်ကြွသော မာန်သည် ယထာဝမာန်။
    ပစ္စည်းဂုဏ်သိရ် အရှိန်အ၀ါညှိုးမှိန် ဆင်းရဲသူ ဖြစ်ပါမူလည်း ဒင်းတို့ကို ငါက ဘာလို့ အရေးစိုက်ရမှာလဲ စသည့် မာန်မျိုးသည် အယထာဝမာန်တည်း။
ထို့အပြင် -
    သေ၀ိတမာန် = မှီဝဲကောင်းသောမာန်
    အသေ၀ိတမာန် = မမှီဝဲကောင်းသောမာန်၊ ဟူ၍ နှစ်မျိုးရှိပြန်၏။
    သေ၀ိတမာန်မှာ၊ တစ်ပါးသူတို့၏ စီးပွားမပျက်ပြား မဆုတ်ယုတ်စေပဲ၊ မိမိအကျိုး ပွားတိုးစေကြောင်း ထားရှိသော မာန် ဖြစ်၏။
    အသေ၀ိတမာန်မှာ မိမိအကျိုးစီးပွား မဖြစ်ထွန်းသည်သာမက တစ်ပါးသူတို့ အကျိုးစီးပွား ပျက်ပြားဆုတ်ယုတ်စေရန်အကြောင်း၊ မကောင်းသော ကြံစီမှုဖြင့် အာဃာတ ထားသော မာန် ဖြစ်၏။
    “နေသေးသပ၊ ခြုံထဲက၊ ချိုသွေးသပ တမြမြ”
    “ပျံလေသည့် ငှက်ခါး၊ နားခါမှသိမည်”
    “ခွေးရူးကောင်းစား၊ တမွန်းတည့်ပေါ့”
    “တစ်နေ့နေ့ တစ်ချိန်ချိန် ငါ့အကြောင်းသိစေမယ်၊ အဆင်းတွန်းချမယ်” ဟူသော မာန်မျိုးသည် လုံးဝမမှီဝဲအပ်၊ မမှီဝဲကောင်းသော အသေ၀ိတ မာန်မျိုးသာဖြစ်ချေ၏။
    မာနတရားရှေ့ထား၍ အစစအရာရာ မဆင်မခြင်ပြုမူသည်များကြောင့် ဘ၀အဆက်ဆက်၊ မကောင်းကျိုးကိုသာ ပေးတတ်ရာသောကြောင့် သံသရာချဲ့ထွင် တတ်သော တရားအစစ်ဖြစ်ပေသည်။
    ယင်း တက်ကြွထောင်လွှား သည်းမခံအားသော မာန်ကြောင့်၊ ရိုက်နှက်ထောင်း ထု၊ နှိပ်စက်ကလူ ညှင်းဆဲမှု ခံရခြင်းမှအစ အချုပ်,ထောင်တန်း၊ လက်ထိပ်၊ ကြိုးချည်၊ စက်တိုင်တက်ရခြင်းတို့အဆုံး ပ၀တ္တိတစ်ဘ၀လုံး ဆုံးရှုံးနစ်နာရ၏။ သေသည်၏ အခြားမဲ့၌ လည်း အပါယ်လေးပါးသို့ လားရောက်ရ၏။
    ဒိဋ္ဌိ = ဘုရားအစရှိသော အရိယာအပေါင်း သူတော်ကောင်းတို့သည် ကောင်းစွာ ထုတ်ဖေါ်ဟောကြားတော်မူအပ်သော ပရမတ္တဓမ္မတို့၌ ဖေါက်ပြန်မှားယွင်းစွာ သိတတ် မြင်တတ်သော ဒိဋ္ဌိ စေတသိက်တည်း။
    ဒိဋ္ဌိသည် ခန္ဓာငါးပါးကို နှိပ်စက်ရာ၌ တဏှာ၊ မာနတို့ထက် လက်စွမ်းထက်၏။ တစ်ဘ၀ နှစ်ဘ၀မျှလောက်သာ နှိပ်စက်သည်မဟုတ်၊ ဘ၀အဆက်ဆက် နှိပ်စက်၏။ သံသရာဝဋ်မှ မကျွတ်မလွတ်နိုင်အောင် နှိပ်စက်၏။ ပရမတ်အားဖြင့် ထင်ရှားရှိသော ရူပက္ခန္ဓာ စသည်တို့၌ ပုဂ္ဂိုလ်ရှိ၊ သတ္တ၀ါရှိ၊ အတ္တကောင်ရှိ၊ အသက်လိပ်ပြာရှိသည်ဟူသော အယူမှားတရားကိုဖြစ်စေ၏။ ထိုအယူကို သက္ကာယဒိဋ္ဌိ အယူဟု ခေါ်ဆိုရ၏။
    သက္ကာယဒိဋ္ဌိ အယူမဖြူစင်ပဲနှင့် သေလျှင် အပါယ်လေးပါးသို့သာလျှင် ကျစေ ရောက်စေတတ်ပါသည်။ အကြင်ရွေ့မျှ ကာလပတ်လုံး သမ္မာဒိဋ္ဌိဥာဏ် အမြင်မှန်ကို မရသေး၊ ထိုရွေ့မျှ ကာလပတ်လုံး အပါယ်ဘေးမှ စိတ် မအေးရသေးပါ။
    ဘ၀သုံးထပ်၊ ဘုံသုံးရပ်ဝယ်၊ ဆုံလည်သည့်နွား၊ ရဟတ်ချားသို့ မရပ်မတည် ပတ်ပတ်လည်လျက် ဘ၀သစ်ငုတ်, သံသရာသစ်ငုတ်သဖွယ်၊ အနည်းငယ်မျှ၊ မပြုတ်နိုင် မလှုပ်နိုင်အောင် ဖြစ်ရလေတော့သတည်း။

ပခုက္ကူ ၀ိပဿနာသင်တန်း အရည်စစ်စာတမ်းမှ

No comments: