Pages

Friday, May 11, 2012

နို့နှစ်လုံးဖိုးကျေပါတယ်

အရှင်ဘုရား .....
    မြတ်စွာဘုရားရှင်ဟာ မိခင်ကျေးဇူးကို နို့တစ်လုံးဖိုးပဲကျေအောင်ဆပ်နိုင်ခဲ့တယ်ဆိုတာ မှန်ပါသလား။
မောင်မိုးကျော်သူ၊ ရန်ကုန်မြို့။

ဒကာမိုးကျော်သူရေ .......
    ဦးဇင်းတို့ လူဝတ်ကြောင်ဘ၀ ငယ်ငယ်တုန်းက တက္ကသိုလ်အေးမောင်ရဲ့ “ဘယ်ပန်းချီရေးလို့မမီ” သီချင်းကို အရူးအမူး စွဲလမ်းခဲ့ဖူးပါတယ်။
    အဲဒီသီချင်းများ ရေဒီယိုက မလာလိုက်နဲ့ အသက်ရှုဖို့မေ့သွားမတတ် ရှိရှိသမျှ သမာဓိတွေကို သီချင်းဆီ စုပြုံပို့ပြီး နှစ်နှစ်ခြိက်ခြိုက် နားထောင်တော့တာပါပဲ။ ငယ်ဘ၀ရဲ့ တသသသီချင်းတွေထဲမှာ အဲဒီသီချင်းလည်း ထိပ်ဆုံးကပါတာပေါ့။ မိဘမေတ္တာနှင့်ပတ်သက်တဲ့ သီချင်းဆိုရင် ကလေးတိုင်း ကြိုက်ကြတာပဲ မဟုတ်လား။
    မိဘမေတ္တာ ဖွဲ့ဆိုတဲ့ သီချင်းတွေ၊ ဇာတ်လမ်းတွေဟာ သားသမီးတွေကို မိဘမေတ္တာနားလည်းစိတ်၊ မိဘကျေးဇူးဆပ်လိုစိတ် ထက်သန်လာအောင် လှုံ့ဆော်တဲ့နေရာမှာ စာပေထက်တောင် ပိုပြီးထိရောက်ပါတယ်။ အနုပညာရသပါတဲ့အတွက် သားသမီးတွေရဲ့ရင်ထဲကို စွဲစွဲနစ်နစ် ၀င်ရောက်သွားလို့ပါ။ အဲဒီအတွက် သက်ဆိုင်ရာအနုပညာရှင်များကို အထူးကျေးဇူးတင်မိပါတယ်။
    ဒါပေမဲ့ ကိုယ်ဖန်တီးလိုက်တဲ့ မိဘမေတ္တာဖွဲ့ အနုပညာ ပစ္စည်းထဲမှာ မှားယွင်းတဲ့အချက်အလက်တွေ လွဲချော်တဲ့ အတွေးအခေါ်တွေ ပါနေရင်တော့၊ အဲဒီအချက်အလက် အဲဒီအတွေးအခေါ်ကို အမှန်လို့ သတ်မှတ်သွားသူတွေရဲ့ အသိမှား၊ အမှတ်မှားမှုဟာ ကိုယ်ပေးလိုက်တဲ့ အကုသိုလ်အစိုင်အခဲကြီးဖြစ်နေတာမို့ ကိုယ်လည်းအကုသိုလ်ရှယ်ယာ ဝေစုခွဲပြီးသား ဖြစ်သွားပါတယ်။
    မိဘမေတ္တာအကြောင်း ရေးကြ၊ ဖွဲ့ကြပြီဆိုရင် ဗုဒ္ဓစာပေ (ပဋိကတ်တော်)ထဲက အဆုံးအမတွေ၊ အချက်အလက်တွေကို အများဆုံး ကိုးကားထားကြတာ တွေ့ရပါတယ်။ ဗုဒ္ဓစာပေနဲ့ မိဘမေတ္တာ၊ မိဘမေတ္တာနဲ့ ဗုဒ္ဓစာပေ ခွဲခြားလို့တောင် မရပါဘူး။ “မိဘကျေးဇူး သိရမယ်၊ ဆပ်ရမယ်၊”လို့ ပြောလိုက်ရင်ကို “ဒါ ဘာသာရေးအဆုံးအမ၊ ဒါ ဗုဒ္ဓလမ်းညွှန်ချက်” လို့တောင် သတ်မှတ်နားလည်းလိုက်ကြတဲ့ အထိပါပဲ။
    ဗုဒ္ဓစာပေကို မှီငြမ်းတဲ့ မိဘမေတ္တာဖွဲ့တွေမှာ “မြတ်စွာဘုရားရှင်တောင်မှ မိခင်ကျေးဇူးကို နို့တစ်လုံးဖိုးပဲ ကျေအောင်ဆပ်နိုင်ခဲ့တယ်” ဆိုတဲ့အချက်ကို တွေ့ရတော့ သိပ်ကို အံ့သြမိပါတယ်။
    ပဋိကတ်တော်မှာမပါတဲ့ အကြောင်းအရာတစ်ခုကို ပါသလိုလို ရေးသားပြောဆိုတာဟာ အရမ်းအရမ်းကို အပြစ်ကြီးပါတယ်။ “နို့တစ်လုံးဖိုးပဲ ကျေတယ်” ဆိုတဲ့ အချက်ကို မြတ်စွာဘုရားရှင် ကိုယ်တော်တိုင်လည်း ဟောကြားတော်မမူခဲ့သလို အဋ္ဌကထာဆရာ၊ ဋီကာဆရာတွေကလည်း ဖွင့်ဆိုတော်မမူခဲ့ကြပါဘူး။
    သားသမီတွေအပေါ်မှာ မိခင်ကျေးဇူးကြီးမားတာမှန်ပါတယ်။ ဒါပေမဲ့ မိခင်ကို အမွှန်းတင်ချင်လွန်းတာနဲ့ မြတ်စွာဘုရားရှင်ကို ပုတ်ခတ်စော်ကားသလို ဖြစ်သွားတာကတော့ လုံးဝ မသင့်တော်ပါဘူး။ “ဘုရားတောင်မှ မိခင်ကျေးဇူး နို့တစ်လုံးဖိုးပဲ ကျေတယ်”လို့ ပြောတဲ့သူဟာ ဘုရားကိုလည်း စော်ကားရာရောက်သလို တရားကိုလည်းဖျက်ဆီးရာ ရောက်ပါတယ်။ “သာသနာဖျက်တဲ့သူ” လို့တောင် ပွင့်ပွင့်လင်းလင်း ပြောနိုင်တဲ့အထိ အကုသိုလ်ကြီးပါတယ်။
    မြတ်စွာဘုရားရှင်ဟာ မိခင်ကျေးဇူးကို နို့နှစ်လုံးဖိုး ကျေအောင်ဆပ်နိုင်ခဲ့ပါတယ်။ မြတ်စွားဘုရားရှင်မှာ မိခင်အပေါ် နို့ဖိုးကြွေး လုံးဝမကျန်တော့ပါဘူး” ဆိုတဲ့ မိန့်ဆိုရေးသားချက် ပဋိကတ်တော် (ထေရ၀ါဒစစ်စစ် ဗုဒ္ဓစာပေ)မှာ အခိုင်အမာ အထင်အရှားရှိပါတယ်။
    ပါဠိတော်မူရင်းကတော့ “ဗန္ဓနာရက္ခနေ မယှံ၊ အနဏော တွံ မဟာမုနေ”ပါ။ ( စာမျက်နှာအညွှန်းနဲ့ ပါဠိအနက်ကို ဆောင်းပါးအဆုံးမှာ ဖေါ်ပြပေးထားပါတယ်)
    မိထွေးတော်ဂေါတမီ ထေရီမကြီး ပရိနိဗ္ဗာန်ဝင်စံခါနီး (သေလွန်ခါနီး) မှာ မြတ်စွာဘုရားရှင်ကို စကားတော်တော်များများ လျှောက်ထားသွားခဲ့ပါတယ်။ အဲဒီ လျှောက်ထားချက်များစွာထဲက တစ်ခုကတော့ မြတ်စွာဘုရားရှင်ရဲ့ “နို့ဖိုးကြွေး”နဲ့ ပတ်သက်နေပါတယ်။ လျှောက်ထားပုံက ဒီလိုပါ။
    “မြတ်စွာဘုရား ....၊ အရှင်ဘုရားကို တပည့်တော်က လောကနို့ရည် တိုက်ကျွေးပြီး အရှင်ဘုရားရဲ့ ရှုပကာယ ကြီးထွားလာအောင် မွေးမြူခဲ့ရတဲ့အတွက် တပည့်တော်ဟာ အရှင်ဘုရားရဲ့ မယ်တော်ကြီး(မိခင်) ဖြစ်ပါတယ်”
    “တပည့်တော်ကို အရှင်ဘုရားက ဓမ္မနို့ရည် တိုက်ကျွေးပြီး တပည့်တော်ရဲ့ ဓမ္မကာယ (တရားကိုယ်ထည်) ကြီးထွားလာအောင် မွေးမြူခဲ့ရတဲ့အတွက် အရှင်ဘုရားဟာ တပည့်တော်ရဲ့ ခမည်းတော်(ဖခင်) ဖြစ်ပါတယ်။”
    “တပည့်တော်တိုက်ကျွေးခဲ့တဲ့ လောကနို့ရည်က ဆာလောင်မွတ်သိပ်ခြင်းကို တဒင်္ဂတစ်ခဏပဲ ငြိမ်းအေးပြေပျောက်စေနိုင်ပါတယ်။ အရှင်ဘုရားတိုက်ကျွေးခဲ့တဲ့ ဓမ္မနို့ရည်ကတော့ ဆာလောင်မွတ်သိပ်ခြင်းကို အမြဲထာဝရငြိမ်းအေးပြေပျောက်စေပါတယ်”
    “မြတ်စွာဘုရား ......၊ အရှင်ဘုရားဟာ တပည့်တော်ကို ကိလေသာ အနှောင်အဖွဲ့အားလုံးမှ လွတ်မြောက်အောင် စောင့်ရှောက် ကယ်တင်နိုင်ခဲ့တဲ့အတွက်ကြောင့် တပည့်တော်အပေါ်မှာ အရှင်ဘုရား နို့ဖိုးကြွေး လုံးဝမကျန်တော့ပါ။ မယ်တော်ကျေးဇူးကို နို့နှစ်လုံးဖိုး ကျေအောင်ဆပ်နိုင်ခဲ့ပြီးပါပြီဘုရား” ( အကျယ်ကို- အမျိုးသမီး ရဟန္တာများ၊ မိထွေးတော် ဂေါတမီ တွင် ရှု့)
    ဒကာမိုးကျော်သူ ရေ ......
    မိထွေးတော်ဂေါတမီ ထေရီမကြီးရဲ့ “နို့ဖို့ကြွေးရှင်းတမ်း” လျှောက်ထားချက်ကို မြတ်စွာဘုရားရှင်က ငြင်းဆန်ခြင်း လုံးဝမပြုဘဲ လက်ခံတော်မူခဲ့တဲ့အတွက် အဲဒီလျှောက်ထားချက်သည်ပင်လျှင် မြတ်စွာဘုရားရှင်ရဲ့ မိန့်ကြားတော်မူချက်ပါပဲ။
    တကယ်လို့သာ နို့ဖိုးကြွေးမကျေဘူးဆိုရင် “ ဟဲ့ ... မိထွေးတော် ဂေါတမီ၊ သင်လျှောက်ထားတာ မှားနေတယ်၊ မိခင် ကျေးဇူးကို ငါဘုရား နို့နှစ်လုံးဖိုးလုံးကျေအောင်မဆပ်နိုင်ဘူးကွဲ့၊ နို့တစ်လုံးဖိုးပဲ ကျေအောင်ဆပ်နိုင်တယ်။” လို့ မြတ်စွာဘုရားရှင်က စကားပြင်ပြောမှာပေါ့။ အခုတော့ အဲဒီလို စကားပြင်ပြောခဲ့တာမှ မဟုတ်ဘဲ။ ဆိတ်ဆိတ်နေပြီး၊ လက်ခံတော်မူခဲ့တာပါ။
    ဆာလောင်မွတ်သိပ်ခြင်းဆိုတာ “တဏှာ”ပါ။ “လောကနို့ရည်”က နို့ဆာတဲ့ တဏှာကိုပဲ ပယ်ဖျောက်ပေးနိုင်တယ်။ (ဒါတောင်မှ တဒင်္ဂပါ။ အချိန်တန်တော့ ပြန်ဆာလာတာပါပဲ)။ တခြားဆာတဲ့ တဏှာတွေကိုတော့ ပယ်ဖျောက်မပေးနိုင်ပါဘူး။ နို့စို့အရွယ်မှာတောင် ဟိုလူ့မြင်ချင်၊ ဒီလူ့မြင်ချင်၊ ဟိုဟာစားချင်၊ ဒီဟာသောက်ချင်နဲ့ ဆာလောင်မွတ်သိပ်မှုမျိုးစုံ (လိုချင် နှစ်သက် တပ်မက် သာယာမှုမျိုးစုံ) တိုးပွားနေပါတယ်။
    နို့ပြတ်သွားပြီဆိုတာနဲ့ တစ်ရက်ထက်တစ်ရက်၊ တစ်လထက်တစ်လ၊ တစ်နှစ်ထက်တစ်နှစ် ဆာလောင်မှု တဏှာတွေ တိုးတိုးလာပါတယ်။ အဲဒီလို တိုးလာအောင်လည်း မိခင်ကိုယ်တိုင်ကပဲ သင်ကြားပေးတာပါ။ “သားသား ဒီမုန့်လေးကောင်းတယ်နော်၊ မီးမီး ဒီ အရုပ်လေးက လှတယ်နော်” ဆိုတာမျိုးတွေက အစပြုလို့ပေါ့။
    အသက်ကြီးလေ၊ အဆာတိုးလေနဲ့ တဏှာကြီးကြီးလာလိုက်တာ “နွားကြီးလေ၊ ချိုရှည်လေ” ဖြစ်တော့တာပါပဲ။ အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အထိအတွေ့၊ အာရုံငါးပါးကာမဂုဏ်တရားတွေကို ဆာလောင်မွတ်သိပ်တဲ့တဏှာကို “လောကနို့ရည်” လို့ခေါ်တဲ့ “မိခင်နို့ရည်” က ဘယ်လိုနည်းနဲ့မှ ပယ်ဖျောက်မပေးနိုင်ပါဘူး။  “သတိပေးချက် -(မိခင်ကျေးဇူး ရှုထောင့်နှင့် ရောထွေးမပစ်ပါနှင့်)”
    “သစ္စာလေးပါးမြတ်တရား” ဆိုတဲ့ “ဓမ္မနို့ရည်”ကတော့ ဆာလောင်မွတ်သိပ်မှု တဏှာအားလုံးကို အကြွင်းမဲ့ ပယ်ဖျောက်ပေးနိုင်ပါတယ်။ သစ္စာလေးပါးကို အရဟတ္တမဂ်နဲ့ ထိုးထွင်းသိမြင်ပြီးလို့ ရဟန္တာဖြစ်သွားပြီးဆိုရင် ဘယ်အရာကိုမှ ဆာလောင်မွတ်သိပ်မှု မရှိတော့ပါဘူး။ အာရုံအားလုံး၊ ဘ၀အားလုံး ဘာကိုမှ သာယာနှစ်သက် တပ်မက်တွယ်တာမှု မရှိတော့တဲ့အတွက် တဏှာအဆာ ဓာတ်အားလုံး အပြီးတိုင် ချုပ်ငြိမ်းပြေပျောက်သွားပါပြီ။
    ရဟန္တာအဆင့်ထိ မရောက်တောင်မှ သစ္စာတရားကို သူ့အဆင့်နဲ့သူ သိတဲ့သူဟာ သူ့အတိုင်းတာနဲ့သူတော့ တဏှာအဆာဓာတ် လျော့ပါးသက်သာလာပါတယ်။
    ပုထုဇဉ်အဆင့်ကို ကျော်လွန်ပြီး အောက်ထစ်ဆုံး သောတာပန်အရိယာအဆင့်ကို ရောက်သွားတယ်ဆိုရင်ဘဲ သိပ်မကြာလှတော့တဲ့ တစ်ချိန်မှာ ရဟန္တာဖြစ်ဖို့ သေချာသွားပြီ ဖြစ်တဲ့အတွက် မိခင်ကို သောတာပန်ဖြစ်အောင် “ဓမ္မနို့ရည်” တိုက်ကျွေးပေးတဲ့ သူတော်ကောင်းပုဂ္ဂိုလ်ဟာ မိခင်ကျေးဇူးကို နို့နှစ်လုံးဖိုးကျေအောင် ဆပ်ပြီးသား ဖြစ်တော့တာပါပဲ။
    မြတ်စွာဘုရားရှင်ဟာ မိခင်နို့ ခုနစ်ရက် တိုက်ကျွေးခဲ့တဲ့ မယ်တော်ရင်း “မဟာမာယာဒေ၀ီ”ကနေ ဘ၀ပြောင်းသွားတဲ့ “သန္တုဿိတနတ်သား”ကို ၀ါတွင်းသုံးလပတ်လုံး အဘိဓမ္မာတရား (သုတ္တန်ကြားညှပ်) ဟောကြားပေးခြင်းအားဖြင့် သောတာပန်ဖြစ်သွားအောင် “ဓမ္မနို့ရည်” တိုက်ကျွေးခဲ့ပါတယ်။ မယ်တော်နတ်ရွာစံပြီးနောက် နို့မပြတ်မချင်း မိမိရဲ့ နို့ချိုကိုတိုက်ကျွေးခဲ့တဲ့ မိထွေးတော် မဟာပဇာပတိ ဂေါတမီထေရီမကြီးကိုတော့ ရဟန္တာဖြစ်တဲ့အထိ “ဓမ္မနို့ရည်” တိုက်ကျွေးခဲ့ပါတယ်။
    မယ်တော်ရင်းအနေနဲ့ သောတာပန်သာဖြစ်သေးတဲ့အတွက် တဏှာအဆာဓာတ်တွေ လုံးဝ မပြေပျောက်သေးပေမယ့် သိပ်မကြာလှတော့တဲ့ တစ်ချိန်မှာတော့ တဏှာအဆာဓာတ် လုံးဝပြေပျောက်တဲ့ ရဟန္တာဖြစ်ဖို့ သေချာသွားပါပြီ။ အဲဒီအတွက် မြတ်စွာဘုရားရှင်မှာ နို့တစ်စက်ဖိုးမှ အကြွေးမကျန်တော့ပါဘူး။ နို့ဖိုးကြွေးအားလုံးကျေသွားပါပြီ။ နို့နှစ်လုံးဖိုးလုံး ကျေးဇူးဆပ်ပြီးပါပြီ။
    နှစ်နဲ့ချီပြီး နို့စို့ခဲ့ရတဲ့ မိထွေးတော်ဂေါတမီအပေါ်မှာတောင် နို့ဖိုးကြွေးမကျန်တော့ဘူး ဆိုမှတော့ ခုနစ်ရက်ပဲ နို့စို့ခဲ့ရတဲ့ မယ်တော်မာယာအပေါ်မှာ နို့ဖိုးအကြွေး တစ်စက်ဖိုးမှ မကျန်တော့ဘူးဆိုတာ ယုံမှားသံသယဖြစ်စရာ မရှိပါဘူး။ နို့နှစ်လုံးဖိုးလုံး ကျေပါတယ်။
    “မြတ်စွာဘုရားတောင်မှ မိခင်ကျေးဇူးကို နို့တစ်လုံးဖိုးပဲ ကျေအောင် ဆပ်နိုင်ခဲ့ပါတယ်” ဆိုတဲ့စကားဟာ တက်တက်စင်အောင် လွဲမှားတဲ့ လုပ်ကြံစကားသာဖြစ်ပါတယ်။ ဘယ်ပိဋိကတ်တော်၊ ဘယ်ဗုဒ္ဓစာပေမှာမှ မပါပါဘူး။
    ပိဋကတ်ကျွမ်းကျင်တဲ့ ဘယ်ဆရာတော်ကိုမဆို မေးမြန်းကြည့်နိုင်ပါတယ်။ ၀ိဇ္ဇာလိုလို၊ ဘိုးတော်လိုလို ဖိုသီဖတ်သီဘုန်းကြီးတွေကိုတော့ သွားမမေးနဲ့ပေါ့။ သူတို့ကတော့ တစ်ဆင့်ကြား အစဉ်အလာစကားကိုပဲ အမှန်လို့ သတ်မှတ်ပြီး ဟုတ်တယ်လို့ ခေါင်းညိတ်ကြမှာလေ။ ပိဋကတ်ဆိုတဲ့နေရာမှာလည်း ထေရ၀ါဒစစ်စစ် ပိဋကတ်တွေကိုသာ ဆိုလိုပါတယ်။
    “နို့တစ်လုံးပဲကျေတယ်” ဆိုတာတို့၊ သားရွှေအိုး ထမ်းလာတာ မြင်ချင်တယ်၊ ဆိုတာတို့ အဲဒီလို စသည့် ပိဋကတ်တော်မှာ မလာတဲ့ အချက်အလက် အလွဲအမှားတွေ လူထုကြား စိမ့်ဝင်ပျံ့နှံ့နေတာရဲ့ အဓိကတရားခံက ဇာတ်သမားတွေနဲ့ ကွက်စိပ်ဆရာတွေပဲလို့ ရှေးဆရာတော်ကြီးတွေက မိန့်ဆိုတော်မူခဲ့ကြပါတယ်။
    ကိုယ်ဖန်တီးတဲ့ အနုပညာကို ပရိသတ် စိတ်ဝင်စားအောင် သိုင်းဝိုင်းချဲ့ထွင် မွမ်းမံဖွဲ့နွဲ့ရင်းနဲ့ လက်လွန် နှုတ်လွန်ဖြစ်ပြီး ပဋိကတ်တော်လာ အမှန်တရားတွေကို တမင်မရည်ရွယ်ပေမယ့် ဖျက်ဆီးလိုက်သလိုဖြစ်သွားပါတယ်။ “ဇာတ်သမားသေရင် ပဟာသငရဲရောက်တယ်” ဆိုတဲ့ ဗုဒ္ဓစကားတော်ရဲ့ အကြောင်းပြချက်တွေထဲမှာ ဇာတ်စာရေးသူတွေရဲ့ အချက်အလက်လွဲမှားအောင် ဖန်တီးမှုလည်း တစ်ခုအပါအ၀င်ဖြစ်မှာ သေချာပါတယ်။ (ဇာတ်စာအားလုံးကို မဆိုလိုပါ)
    “ပဋိကတ်တော်ကို ဇာတ်ဆရာ၊ ကွက်စိပ်ဆရာတွေ ဖျက်တယ်” ဆိုတဲ့စကား မှန်မမှန် သိချင်တာနဲ့ ဟိုတလောက ရေဒီယိုကလွှင့်တဲ့ ရွှေမန်း ရဲ့ ဗုဒ္ဓ၀င်လေးတော်တင်ခန်းကို တစ်ဝက်တစ်ပျက်ကနေ ခဏဖွင့် နားထောင်ကြည့်လိုက်တော့ .... လား......လား။ မယ်တော်မာယာကနေ ဘ၀ပြောင်းသွားတဲ့ နတ်ကို မင်းသမီးတစ်ဦးက “မယ်မယ်ဘုရား၊ မယ်မယ်ဘုရား” ချင်း မိုးမွှန်ပြီး နတ်သမီးတစ်ပါးအဖြစ်နဲ့ တင်ဆက်သွားတာကို ကြားလိုက်ရပါရောလား။
    တကယ်ဆို ဗုဒ္ဓဘာသာဝင်တိုင်းသိတဲ့ “မယ်တော်မိနတ်သား” ဆိုတဲ့ စကားစုလေးကို ကြည့်လိုက်ရင်ကိုပဲ မယ်တော်မာယာဟာ နတ်သမီး ဖြစ်သွားတာမဟုတ်ဘူး။ နတ်သားဖြစ်သွားတာဆိုတာ အလွယ်တကူ သိနိုင်ပါတယ်။
    ဇာတ်သမားတွေရဲ့ လက်ချက်ကြောင့် ဖုန်းကညာတစ်ပါး လုံးရာက ပြားသွားရပါ့ပေါ့လား သန္တုဿိတ နတ်သားကြီးရေ .........။

နို့ဖိုးကျေနိုင်ကြပါစေ။

အညွှန်း။  ။ထေရီအပဒါနပါဠိတော်၊ စာမျက်နှာ ၂၀၉၊ ဂါထာ ၁၃၃။
    ပါဠိအနက်။ မဟာမုနေ - မြတ်စွာဘုရား၊ တွံ - အရှင်မြတ်ဘုရားသည်၊ မယှံ - ဘုရားတပည့်တော်အား၊ ဗန္ဓနာရက္ခနေ - ကိလေသာ အနှောင်အဖွဲ့မှ လွတ်မြောက်အောင် စောင့်ရှောက်ခြင်းကြောင့်၊ မယှံ -ဘုရားတပည့်တော်၏ အပေါ်၌၊ အနဏော - နို့ဖိုးကြွေးကင်းသူသည်၊ ၀ါ - နို့နှစ်လုံးဖိုးကျေအောင် မိခင်ကျေးဇူးဆပ်ပြီး သူသည်၊ အသိ - ဖြစ်တော်မူပါပေ၏။

အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)
(အင်တာဗျူးဂျာနယ်၊ စက်တင်ဘာ(၁၈)၊ ၂၀၀၂။)

No comments: