Pages
Friday, May 11, 2012
မေတ္တာ
    မေတ္တာဆိုသည်မှာ ဒေါသ၏ဆန့်ကျင်ဘက်ဖြစ်သည်၊ ပုဂ္ဂိုလ် သတ္တ၀ါပညတ်ကို အာရုံပြုကာ “ချမ်းသာပါစေ၊ ဘေးရန်ကင်းပါစေ” စသည်ဖြင့် သတ္တ၀ါတို့၏ ကြီးပွားချမ်းသာမှုကို လိုလား၊ တောင့်တသော အဒေါသ စေတသိက်ကိုပင် “မေတ္တာ”ဟု ခေါ်သည်။
    မေတ္တာကို ချစ်ခြင်းဟု မြန်မာမှု ပြုကြပါသည်။ ထိုချစ်ခြင်းဟူသော ဝေါဟာရသည် -
    ၁။ လင်ချစ် မယားချစ်ဟူသော တဏှာပေမချစ်ခြင်း၊
    ၂။ မိဘ ညီအကိုမောင်နှမချစ် ဟူသော ဂေဟဿိတပေမချစ်ခြင်း၊
    ၃။ သူတစ်ပါး ကြီးပွားချမ်းသာစေလိုမှု ဟူသော မေတ္တာချစ်ခြင်း ဟူ၍ (၃)မျိုးရှိသည်။
    တဏှာပေမနှင့် ဂေဟဿိတပေမသည် ချစ်ခင်တွယ်တာခြင်း ဟူသော လောဘသဘော၊ တဏှာသဘောပါ၍ စင်ကြယ်သော သဘောတရားဟု မဆိုရ။
    မေတ္တာသည်သာလျှင် သူတစ်ပါး၏ ကြီးပွားမှု၊ ချမ်းသာမှုကို လိုလားသော မေတ္တာစစ်ဖြစ်၍ စင်ကြယ်မွန်မြတ်သော သဘောတရားဖြစ်သည်။
    မေတ္တာအယောင်ဆောင် ရာဂ
    မေတ္တာနှင့်စပ်၍ သိမှတ်ဖွယ် ကောင်းသည်ကား “ရာဂတရားသည် မေတ္တာယောင်ဆောင်ကာ လှည့်ပတ်တတ်သည်”ဟူ၍ နေတ္တိအဋ္ဌကထာ၌ မိန့်ဆိုချက်အရ သတ္တ၀ါများအပေါ်မှာ တကယ့်မေတ္တာစစ်မေတ္တာမှန် ပွားလိုသူသည် မေတ္တာယောင်ဆောင်သည့် ရာဂတရားကို မပွားမိကြကုန်ရန် အထူးသတိပြုသင့်ပါသည်။
    အဓိပ္ပာယ်မှာ မုန်းနေသော သူတစ်ယောက်ကို မေတ္တာပွားလိုက်လျှင် မုန်းခြင်းတည်းဟူသော အမျက်ဒေါသစိတ် ပျောက်၍ အကျိုးလိုလားသည့် မေတ္တာတရား သက်ဝင်လာ၏။ ဤသို့ မုန်းခြင်းတည်းဟူသော အမျက်ဒေါသ ပျောက်ငြိမ်းသွားခြင်းသည် မေတ္တာ၏ ပြည့်စုံခြင်းဖြစ်ပေ၏။
    ဤသို့ မေတ္တာစစ်စစ်ဖြစ်ပွားနေရာမှ ထိုသူအပေါ်မှာ တွယ်တာ ချစ်ခင်သောစိတ်ဖြစ်လာလျှင် မေတ္တာအစစ် ပျက်သွားပြီး ရာဂက မေတ္တာယောင်ဆောင်၍ အလှည့်ပတ်ခံရလေပြီဟု ဆိုလိုပါသည်။
    ဤမေတ္တာသည် ပါရမီ (၁၀)ပါး တစ်ပါးအပါအ၀င် ဖြစ်သည့်အတိုင်း ဘုရားအလောင်း သုဝဏ္ဏသာမတို့ကဲ့သို့ မိမိနှင့်တွေ့ကြုံသမျှ သတ္တ၀ါတိုင်း မိမိအပေါ်မှာ ချစ်ခင်၍လာသည့်တိုင်အောင် မေတ္တာပါရမီတရား ပွားများအားထုတ်ရာ၏။
    ဤမေတ္တာတရားသည် ပါရမီ(၁၀)ပါးတွင် တစ်ပါးအပါအ၀င် ဖြစ်ရုံမျှမက ဈာန်အဘိညာဉ် ရကြောင်း သမထ ကမ္မဋ္ဌာန်းပေါင်း (၄၀)တို့တွင်လည်း တစ်ပါးအပါအ၀င်ဖြစ်သည်။
    ထို့ကြောင့် ရှေးရှေးသော ဘုရားအလောင်း သူတော်ကောင်းတို့သည် မေတ္တာကို ပွားများလျက် ထက်မြက် စူးစိုက်ကာ “အပ္ပနာ”ဟု ခေါ်သော ဈာန်အဘိညာဉ်သို့ပင် ပေါက်ရောက်ကြသည်။ မေတ္တာကို အခြေခံကာ ၀ိပဿနာပွားက အရဟတ္တမဂ်သို့ပင် ရောက်ပါသည်။
    မေတ္တာသဟဂတေန -
    မေတ္တာနှင့် တကွဖြစ်သော၊ စေတသာ- စိတ်ဖြင့်၊ သဗ္ဗ ပါဏ ဘူတေသု - အလုံးစုံသော သတ္တ၀ါတို့အပေါ်၌၊ ဖရိတွာ - ပျံ့နှံ့၍၊ ၀ိဟရဏံ- နေထိုင်ခြင်းကို သမာဒိယာမိ- ကောင်းစွာဆောက်တည်ပါ။
မေတ္တာသဟဂတေန စေတသာ သိက္ခာပုဒ်အဓိပ္ပာယ်
    ရှစ်ပါးသီလ၏ ကျင့်ဝတ်သိက္ခာ (၈)ပါးတွင် “မေတ္တာသဟဂတေန စေတသာ” ကျင့်ဝတ်သီလကို ထည့်သွင်းဆောက်တည်က (၉)ပါးသီလဖြစ်ကြောင်း န၀က အဂုင်္တ္တိုရ်ပါဠိတော်၌ တိုက်ရိုက်လာ၏။ သို့သော် မေတ္တာကား “ပါဏာတိပါတ” စသော သိက္ခာပုဒ်များကဲ့သို့ သိက္ခာပုဒ်တစ်ပါး မဟုတ်ချေ။ သူတစ်ပါးအသက်သတ်ခြင်း (ပါဏာတိပါတ)မှ တစ်နေ့လုံး ရှောင်ကြဉ်နေနိုင်သလို မေတ္တာစိတ်ဖြင့် တစ်နေ့လုံး မနေနိုင်သောကြောင့် ဖြစ်သည်။
    သို့သော် မေတ္တာကား အကျိုးများလှသဖြင့် မြတ်စွာဘုရား သက်တော်ထင်ရှား ရှိတော်မူစဉ်ကပင် အချို့ပုဂ္ဂိုလ်များ ဆောက်တည် ကျင့်သုံးကြလေသည်။ မည်သို့ပင်ဖြစ်စေ မေတ္တာဟူသည် ပွားများရသော ဘာဝနာတရားဖြစ်၍ (၈)ပါးသီလ ဆောက်တည်ပြီးနောက် “မေတ္တာသဟဂတေန စေတသာ”ဟု မဆို မဆောက်တည်ဘဲ စွမ်းနိုင်သမျှ မေတ္တာပွားနေက (၉)ပါးသီလ မည်တော့သည်သာဟု အာစရိယ၀ါဒတစ်ရပ်ကို မိန့်ဆိုကြလေသည်။
    ဤစကားမှန်၏၊ “မေတ္တာသဟဂတေန စေတသာ”ဟု သီလဆောက်တည်ပြီးမှ မေတ္တာပွားများသည်ဖြစ်စေ၊ မဆောက်တည်ဘဲ ပွားများသည်ဖြစ်စေ မိမိပွားများမှုနှင့် ထိုက်တန်သလောက် မေတ္တာပွားများခြင်း၏ အကျိုးရရှိမည်သာ ဖြစ်သည်။ ထိုသို့ဆိုသဖြင့် “မေတ္တာသဟဂတေန စေတသာ”ဟု ဆို၍ သီလဆောက်တည်ခြင်းသည် မလို၊ အပို-ဟုကား အပြစ်မမြင်သင့်။ ကုသိုလ်ဆိုင်ရာ ကြံစည်ခြင်း၊ ရွတ်ဆိုခြင်းဖြစ်၍ မနောကံကုသိုလ်၊ ၀စီကံကုသိုလ်များ ရရှိသည်သာ ဖြစ်သည်။
    ခြုံ၍ဆိုရလျှင် ၉-ပါးသီလ ဆောက်တည်ကျင့်သုံး လိုသူသည် (၈)ပါးသီလ ဆောက်တည်ပြီးနောက် “မေတ္တာသဟဂတေန စေတသာ” စသည်ဖြင့် ရွတ်ဆိုဆောက်တည်၍ မေတ္တာပွားနည်း တစ်မျိုးမျိုးကို ပွားများနေပါက (၉)ပါးသီလ ကျင့်ဝတ်သိက္ခာပုဒ်ကို ဆောက်တည်ကျင့်သုံးခြင်းပင်ဖြစ်ကြောင်း မှတ်ယူသင့်ပါသည်။
    မေတ္တာဘာဝနာ
    သူတစ်ပါး ကောင်းစားစေလိုသောစိတ်ကို အဖန်ဖန် အထပ်ထပ်ဖြစ်ပွားအောင် ပြုလုပ်ပေးခြင်း၊ အာရုံပြုခြင်း၊ ပို့လွှတ်ပေးခြင်းသည် မေတ္တာဘာဝနာ မေတ္တာပို့သည်မည်၏။
    သတ္တ၀ါတို့အပေါ်၌ မေတ္တာပွား၍ဖြစ်စေ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာတို့တွင် တစ်ပါးပါး ပွားများ၍ဖြစ်စေ နေခြင်းသည် မြင့်မြတ်သော နေခြင်းဖြစ်၍ ဗြဟ္မ၀ိဟာရ ဟု ခေါ်သည်။ ထိုကဲ့သို့ ပွားများခြင်းသည် မြင့်မြတ်သော အကျင့်ဖြစ်သောကြောင့် ဗြဟ္မစိုရ်ဟု ခေါ်သည်။
    မေတ္တာပွားလျှင် ဦးစွာ မိမိကိုယ်ကို အလျင်ပွားရသည်။ “ငါ ချမ်းသာချင်သကဲ့သို့ အသက်ရှိသော သတ္တ၀ါတိုင်း ချမ်းသာချင်ကြမည်” ဟု ကိုယ်ချင်းစာတရား ဖြစ်ပွားအောင် လုပ်ခြင်းဖြစ်သည်။ မိမိပို့လွှတ်သော မေတ္တာဓာတ်ကို မခံယူနိုင်တော့သဖြင့် သေလွန်ပြီးသူများကို မေတ္တာမပွားရ။
    ဗြဟ္မစိုရ်တရား(၄)ပါး
၁။ မေတ္တာ = သတ္တ၀ါအများ ကြီးပွားချမ်းသာသည်ကို လိုလားချစ်မြတ်နိုးခြင်း။
၂။ ကရုဏာ = ဆင်းရဲသော သတ္တ၀ါများကို မြင်၍ သနားခြင်း၊ ဆင်းရဲမှ ကင်းလွတ်စေလိုခြင်း။
၃။ မုဒိတာ = ပြည့်စုံချမ်းသာသော သူတို့ကို မြင်ရလျှင် ၀မ်းမြောက်ခြင်း။
၎။ ဥပေက္ခာ = သတ္တ၀ါတို့အပေါ်၌ ချစ်ခြင်း၊ မုန်းခြင်းမရှိ မျှမျှတတ ရှုမြင်ခြင်း။
ပါရမီ (၁၀)ပါး၊ အပြား (၃၀)
    ဒါန စသောပါရမီ (၁၀)ပါးကို -
(က) ရိုးရိုးဖြည့်ကျင့်လျှင် ပါရမီ ဟုခေါ်၏။
(ခ) ကိုယ်လက်အင်္ဂါစွန့်၍ ဖြည့်ကျင့်လျှင် ဥပပါရမီ ဟုခေါ်၏။
(ဂ) အသက်ကိုစွန့်၍ ဖြည့်ကျင့်လျှင်မူ ပရမတ္ထပါရမီ ဟုခေါ်၏။
    ပါရမီတစ်ပါးတစ်ပါးလျှင် အနုအရင့် ဖြည့်ကျင့်ပုံ သုံးမျိုးစီကွဲပြားသဖြင့် “ပါရမီ ၁၀-ပါး၊ အပြား-၃၀”ဟု ခေါ်ရသည်။ ဘုရားအလောင်းတော်သည် ထို ပါရမီ ၁၀-ပါး၊ အပြား-၃၀တို့ကို လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်းကြာအောင် ဖြည့်ကျင့်တော်မူခဲ့ရာ ဝေဿန္တရာမင်းဘ၀၌ ပါရမီတော်အားလုံး ပြီးပြည့်စုံခဲ့လေပြီ။
မေတ္တာပါရမီ ဖြည့်ကျင့်တော်မူပုံ
    သူတစ်ဘက်သား ကြီးပွားချမ်းသာစေလိုသော စိတ်ထားသည် မေတ္တာမည်၏။ မေတ္တာစိတ်ထားရှိသူတို့သည် မိမိအပေါ် သူတစ်ပါးက မတော်မတရား ပြုမူ ပြောဆိုစေကာမူ ထိုသူတို့၏ အပြစ်ကို မရှု၊ ထိုသူ၏ ကောင်းကွက်ကိုသာ ရှာကြည့်ကာ သူ့အကျိုးကို ဆောင်ရွက်မြဲ ဆောင်ရွက်ကြလေသည်။
    ဘုရားအလောင်းတော်သည် ဘ၀များစွာ၌ မေတ္တာပါရမီကိုလည်း ဖြည့်ကျင့်ခဲ့သည်။ သုဝဏ္ဏသာမ ရသေ့ဖြစ်စဉ် တောထဲ၌ မျက်မမြင် မိဘနှစ်ပါးကို ပြုစုနေ၏။ ခြင်္သေ့, သစ်, ကျား, သမင်, ဒရယ်, ချေငယ်, စိုင်,ဆတ် စသော သားကောင်များအပေါ်၌ပင် တကယ့်မေတ္တာစိတ်ဖြင့် ချစ်ခင်နေ၏။ မိမိအား သားကောင်မှတ်၍ လေးဖြင့်ပစ်သတ်ခဲ့သော ပီဠိယက္ခမင်းကိုပင် မေတ္တာမပျက်ခဲ့ပေ၊ နောက်ဆုံး မေတ္တာ, သစ္စာကြောင့် မြားဆိပ်လည်းပြေ၊ အသက်လည်း မသေဘဲ မျက်မမြင်မိဘနှစ်ပါးလည်း မျက်စိနှစ်ကွင်း အလင်းရကြလေသည်။
ဥပေက္ခာပါရမီ ဖြည့်ကျင့်တော်မူပုံ
    သူတစ်ဘက်သားအား၊ မုန်းလည်းမမုန်း, ချစ်လည်းမချစ်၊ ဘက်မလိုက် မျှမျှတတ အလယ်အလတ် တည့်မတ်သောစိတ်ထားကို ဥပေက္ခာပြုခြင်း လျစ်လျူရှုခြင်းဟု ခေါ်သည်။ ဘုရားအလောင်းတော်သည် ဘ၀များစွာ ဤ ဥပေက္ခာပါရမီကိုလည်း ဖြည့်ကျင့်ခဲ့သည်၊ လောမဟံသ ခေါ်သော ဘ၀မှာ ထင်ရှားလှလေသည်။
    ဘုရားအလောင်းသည် မိဘတို့ကွယ်လွန်သောအခါ များစွာသော စည်းစိမ်ဥစ္စာတို့ကို စွန့်လွှတ်၍ တောသို့ဝင်လေသည်၊ ရသေ့ပြုလုပ်လိုသော်လည်း ရသေ့ပြုလျှင် လူအများအထင်ကြီး၍ ချီးမွမ်းကြမည်ကို စိုးရွံ့သဖြင့် ရသေ့လည်းမလုပ်ပဲ အ၀တ်တစ်ထည်ဖြင့်သာ လှည့်လည် သွားလာနေခဲ့သည်။
    မိမိအား လေးစားသမှု ပြုမူဆက်ဆံသောနေရာ၌ ကြာကြာမနေ၊ တစ်ရက်လောက်သာနေ၏။ ရွာတစ်ရွာသို့ ရောက်သွားသောအခါ ကလေးသူငယ်များနှင့် သေသောက်ကြူးများက ပြက်ရယ် ပြောင်လှောင်ကြသော်လည်း ဘုရားအလောင်းတော်ကား စိတ်မဆိုး။ သုဿန်၌ လူရိုးကို ခေါင်းအုံးလျက် အိပ်၏။  ကလေးများ ၀ိုင်းအုံလာရောက်ကာ အလောင်းတော်အား တံတွေးဖြင့် ထွေးကြ၊ ကျင်ကြီးကျင်ငယ် စွန့်ချကြကုန်၏။ ဘုရားအလောင်းတော်သည် ထိုသူတို့အပေါ်၌ စိတ်မဆိုး၊ အပြစ်မယူ၊ စိတ်ပျက်အားငယ်ခြင်းမဖြစ်။ တစ်ချို့လည်း ပန်းနံ့သာနှင့် စားကောင်းသောက်ဖွယ်များကို ပေးလှူကြကုန်၏။ ထိုသူတို့အပေါ်၌လည်း ချစ်ခင်တွယ်တာမှုမထား၊ ကောင်းဆိုးနှစ်ဖြာ၌ လျစ်လျူရှုကာ မည်သည့်ဘက်မှ မတိမ်းညွတ်ဘဲ တည့်မတ်သော စိတ်ထား (ဥပေက္ခာ)ဖြင့်သာ နေတော်မူသည်။
မေတ္တာပို့သနည်း
    မိမိမေတ္တာပို့မည့်သူကို ဓာတ်ပုံရိုက်သကဲ့သို့ ခြေဆုံး၊ ခေါင်းဆုံး တစ်ကိုယ်လုံး ထင်မြင်အောင် အာရုံယူလျက်၊ စိတ်ကိုညွတ်လျက် “ချမ်းသာပါစေ၊ ဘေးရန်ကင်းပါစေ”ဟူသော မေတ္တာဘ၀နာစိတ်ကို ထိုသူ့ထံသို့ ရောက်အောင် ပို့လွှတ်ခြင်း၊ ဖြန့်ကြက်ခြင်းကို မေတ္တာပို့သည်ဟု ခေါ်သည်။
    မိမိပို့သသည့် မေတ္တာအစွမ်း ထက်မြက်လိုပါလျှင် အောက်ပါအတိုင်း မေတ္တာဘ၀နာ စီးဖြန်းရမည် -
၁။    ဦးစွာ သီလခံယူပါ။
၂။    တင်ပျဉ်ခွေထိုင်၊ ခါးအလယ်ပိုင်းကိုယ်ကို မတ်မတ်ထားပါ၊ လက်ဝါးနှစ်ဘက်ကို ပက်လက်ထား၍ ထပ်၍ လက်မထိပ်ချင်း ထိထားရမည်၊ ဦးခေါင်းကို မငိုက်စေဘဲ မေတ္တာဘာဝနာ အာရုံသို့ ဦးတည်သော သတိဖြင့် ငြိမ်သက်စွာ ထိုင်ရမည်။
၃။    မိမိမေတ္တာပို့လိုသော ပုဂ္ဂိုလ်သတ္တ၀ါကို မိမိမျက်စိထဲတွင် ထင်မြင်လာအောင် အာရုံယူလျက်၊ စိတ်ညွတ်လျက် ထိုပုဂ္ဂိုလ်အား “ကိုယ်စိတ်နှစ်ဖြာ ချမ်းသာပါစေ၊ ဘေးရန်ကင်းပါစေ” စသည်ဖြင့် မေတ္တာဓာတ်ကို ထပ်တလဲလဲ ဇွဲသန်သန်ဖြင့် တစ်ကြိမ်လျှင် အနည်းဆုံး ၁၅-မိနစ်၊ နာရီဝက်ခန့် ပို့သပွားများရမည်။
၎။    ပုဂ္ဂိုလ် တစ်ဦးဦးကို ပိုင်ပိုင်နိုင်နိုင် မေတ္တာများ ပို့နိုင်လျှင် လူအများစု၊ တစ်ရွာလုံး၊ တစ်နိုင်ငံလုံး၊ တစ်ကမ္ဘာလုံး ခြုံပြီး အာရုံဖြန့်ကာ မေတ္တာဓာတ်ကို ပို့လွှတ်နိုင်အောင် လေ့ကျင့်ယူရသည်။
    အလေ့အကျင့်ရလာသောအခါ အရှေ့ အနောက် တောင် မြောက် ထက်အောက် စသည်ဖြင့် ဖြန့်၍ ပို့ရန်လည်း မခက်တော့ပြီ။
မေတ္တာပို့သမှုအကျိုး
    မေတ္တာပို့သခြင်းသည် ဒါနမှု၊ သီလမှုတို့ထက် အကျိုးကြီးသည်။ (သမထလုပ်ငန်းဖြစ်၍ သမာဓိအားကောင်းမှ မိမိဖြန့်ဖြူးပို့သသည့် မေတ္တာဓာတ်သည် အစွမ်းထက်မည်၊ ထိခိုက်မည်ကို သတိပြုပါ။ လက်နှိပ်ဓာတ်မီး ပမာ ဓာတ်ခဲအား မီးသီးအား ကောင်းသလောက် လင်းသည်။ မှန်ဘီလူးကဲ့သို့ အားကောင်းသလောက် ဆွဲယူနိုင်သည်ဟုလည်း မှတ်ပါ။)
မေတ္တာပို့သမှုအကျိုး (၁၁)ပါး
၁။    ချမ်းသာစွာ အိပ်ရခြင်း၊
၂။    ချမ်းသာစွာ နိုးရခြင်း၊
၃။     မကောင်းအိပ်မက် မမြင်မက်ရခြင်း၊
၎။    လူတို့ ချစ်ခင်နှစ်သက်ခြင်း၊
၅။    နတ်တို့ ချစ်ခင်မြတ်နိုးခြင်း၊
၆။    နတ်တို့ စောင့်ရှောက်ခြင်း၊
၇။    မီး, အဆိပ်, လက်နက် မသင့်နို်င်ခြင်း၊
၈။    စိတ်လျင်မြန်စွာ တည်ကြည်ခြင်း၊
၉။    မျက်နှာ ရုပ်ဆင်း ကြည်လင်ရွှင်ပြခြင်း၊
၁၀။    မတွေဝေဘဲ သေရခြင်း၊
၁၁။    သေသောအခါ ဗြဟ္မာပြည်သို့ လားရခြင်း။
ဆောင်ပုဒ်။        ။ အိပ်,နိုး, ချမ်းသာ၊ ကောင်းစွာအိပ်မက်၊ ချစ်လျက် လူနတ်၊ စောင့်လတ်နတ်များ၊ မီး, ဆိပ်, ဓားတို့၊ ရှောင်ရှားကိုယ်မှာ၊ လျင်စွာစိတ်တည်၊ ရွှင်ကြည်မျက်နှာ၊ သေခါမတွေ၊ လားလေဗြဟ္မာ၊ ဆယ့်တစ်ဖြာသည်၊ မေတ္တာပွားမှု အကျိုးတည်း။
    တစ်နေ့သုံးခါ၊ အိုးတစ်ရာဖြင့်၊ ချက်ကာထမင်း၊ ကျွေးမွေးခြင်းထက်၊ မယွင်းစင်စစ်၊ နို့တစ်ညှစ်စာ၊ ကြိမ်သုံးခါမျှ၊ မေတ္တာပွားများ၊ ကျိုးကြီးမားသည်၊ ဘုရားမြတ်စွာ မိန့်ခွန်းတည်း။
ဗုဒ္ဓဘာသာတရားတော် အခြေခံအဆင့်မှ၊ ဗုဒ္ဓဓမ္မပြဿနာ(၉)မှ၊
No comments: