Pages

Thursday, May 10, 2012

သမုဒယသစ္စာ၏ နိဒါနဋ္ဌအနက် (၂)

    အခုဟောမယ့်တရားက သမုဒယသစ္စာ၏နိဒါနဋ္ဌ အနက်သဘောပါပဲ။ နိဒါနဋ္ဌော=တဏှာသမုဒယ ကိန်းနေတဲ့ ပုဂ္ဂိုလ်အား ဒုက္ခ၀တ္ထု ဒုက္ခအမှုတွေကို တခုမကျန် တရံမစဲ နားခွင့်မရအောင် အမြဲပေးအပ် ဆောင်နှင်းတတ်သည့် အနက်သဘော။ ဒါ သမုဒယရဲ့သဘောပဲ။ အမေတစ်ယောက်ကိုကြည့်ပါ၊ သူ့သားသမီးနဲ့ စားစရာမရှိတော့ အရောင်းအ၀ယ် သွားရင်းလာရင်းသာ ခွဲရမယ်၊ ခွဲချင်တဲ့စိတ် မရှိဘူး။ ဒီကလေး ကျင်ကြီးကျင်ငယ် ထွက်လာရင် တကျုံးထဲကျုံးချင်တယ်။ နှပ်ကလေး ထွက်လာရင် ညှစ်ပေးချင်တယ်၊ တခါတည်း သူ့အညစ်အကြေးတွေ ဟူသရွေ့ အကုန်လုပ်ချင်တဲ့ ဆန္ဒဟာ မခွဲချင်တဲ့ဆန္ဒပဲ။ ဒုက္ခတွေနဲ့မခွဲချင်တဲ့ဆန္ဒပဲ။ မထားခဲ့ချင်ဘူး။ ၀မ်းရေးက အရေးကြီးလို့ စိတ်လက်မကောင်းပဲနဲ့ ထွက်သွားရတာ။ သူ ပြုရမယ့် ဒုက္ခတွေကို မပြုရလို့ရှိရင် သူမကျေနပ်၊ မိဘတာဝန် မကျေဘူးတဲ့။ ဒါ သမုဒယရဲ့ သတ္တိပဲ။ သမုဒယကလေး ၀မ်းထဲရောက်လာရင်၊ ကိန်းရာပုဂ္ဂိုလ်အား ဒုက္ခ၀တ္ထု၊ ဒုက္ခမှုတွေကိုသာ ပေးမှာပဲ။ ကိန်းရာ ပုဂ္ဂိုလ်ကို သူက အမြဲနှိပ်စက်မှာပဲ။ ဘုရား ရဟန္တာတွေကျတော့ သူမရှိတော့တဲ့အတွက်၊ သူ့ကို ပယ်ထားတဲ့အတွက် ဒုက္ခ၀တ္ထု ဒုက္ခမှုတွေကို မပေးတော့ဘူး။
    သူ့အကြောင်း ကောင်းကောင်းသိရင် မုန်းလာမယ်။ မသိရင်တော့ သူကိုကြည်ညိုနေမှာပဲ။ သူ့ကြောင့်ပဲ နေ့မအား ညမအား၊ သူခိုးဘေး၊ မီးဘေးတွေကြားထဲက အသက်သေခံပြီးတော့ ပစ္စည်းဝင်လုတဲ့အခါလဲ ပါသေးတယ်။ နင်လုပ်တာ မီးလောင်ခံပြီးယူပေါ့။ ရေထဲငုပ်နေလို့ ဘယ်ရမတုံးတဲ့၊ သူကတွန်းတာ။ နင်သေတာ ငါ့တာဝန်မဟုတ်ဘူး။ ခိုင်းတာ ငါ့တာဝန်တဲ့။ သနားတဲ့စိတ် နဲနဲမှ မပါဘူး။ သူက ဂျောက်တွန်းတဲ့တရား သက်သက်ပဲ။ ခင်ဗျားတို့ကတော့ သူမရှိရင် ပျင်းတယ်။ သူရှိရင် ပျော်တယ်တဲ့။ ဒါကြောင့် ဒုက္ခ၀တ္ထု ဒုက္ခမှုတွေဟာ ခင်ဗျားတို့ သည်းခြေကြိုက်ဖြစ်နေတာ။ သမုဒယဟာ ပဟာတဗ္ဗ=ပယ်ရမယ့်တရား။ သူက ဒုက္ခ၀တ္ထု ဒုက္ခမှုတွေ အကုန်ပေးတတ်တဲ့ကိစ္စ ရှိတယ်။ သူ့ကိစ္စကိုသိမှသာ သူ့ကိုပယ်ချင်တဲ့ မဂ်ဉာဏ်လာမှာ။ သူ့ကိစ္စကိုသိမှသာ သူ့ကိုပယ်ချင်တဲ့ မဂ်ဉာဏ်လာမှာ။ သူ့ကိစ္စ မသိရင် မပယ်ချင်ဘူး။ သူ့ကိုမုန်းတီးခြင်း မရှိသေးရင် ဖက်ထားမှာပဲ။ သူ့ကို အဖေါ်လုပ်နေလို့ ခင်ဗျားတို့ မဂ်ဖိုလ်မရတာ။ သမုဒယအဖေါ်မရှိတဲ့အခါ ဉာဏ်ကိုအဖေါ်လုပ်ရမှာ။ အခုတော့ သူမရှိရင် ဒေါသကို အဖေါ်လုပ်နေတယ်။ လောဘဒေါသနဲ့ပဲ အဖေါ်လုပ်နေတယ်။
    သမုဒယတန်ခိုးဟာ သိပ်ကြီးတယ်။ သူက ရော့ ဒုက္ခ၊ ရော့ ဒုက္ခလို့ ပေးနေတာပဲ။ ခင်ဗျားတို့ကလဲ ပေးတာ မယူဘူးဟေ့လို့ တစ်ခါမှ မလာဘူး။ ပေးတာအကုန်ယူတာပဲ။ သူနဲ့ မခွဲနိုင်တော့ သူနဲ့ ပတ်သက်တာ ခံရုံပဲရှိတယ်။ ဒီ မိန်းမနဲ့ မခွဲနိုင်လို့ရှိရင် ဒီ မိန်းမဆွေမျိုးတွေ၊ မိဘမောင်ဖွား တူသားနောင်မယ်တွေ၊ ဒီမိန်းမနဲ့ ပတ်သက်တာတွေ ကြိုးစားပြီး ထောက်ပံ့ပြုစုရစ်ကြပေတော့။ သမုဒယနဲ့ မခွဲနိုင်ရင် သူပေးတဲ့ ဒုက္ခတွေကိုသာ ခါးစည်းခံပေတော့။ သမုဒယဟာ ဒုက္ခ၀တ္ထု ဒုက္ခမှုတွေကို ပေးတတ်တဲ့သတ္တိရှိတယ်။ ခင်ဗျားတို့က ခံယူတတ်တဲ့ သတ္တိရှိနေတယ်။ ခံယူတတ်တဲ့သတ္တိမရှိရင် အအေးသားပဲ။ အခုတော့ ခင်ဗျားတို့က ကျေးတော်မျိုး ကျွန်တော်မျိုး ပီသလိုက်တဲ့ဖြစ်ခြင်း။ ကျွန်ပီသတော့ ဘယ်ဒုက္ခပေးပေး ယူမှာပဲထဲက။ အရောင်းဒုက္ခပေးလဲ ယူ၊ အ၀ယ်ဒုက္ခပေးလဲ ယူ၊ ချက်ပြုတ်ကျွေးမွေးတဲ့ ဒုက္ခလဲယူ၊ အငတ်ခံ အသေခံ ထောင်ကျခံ ရှားကျွေးရတဲ့ ဒုက္ခလဲယူ၊ သူပေးတဲ့ဒုက္ခ မယူတာကို မပါဘူး။
    ဒီ ခန္ဓာကိုယ်ကြီးဟာ ခင်ဗျားတို့ကို သမုဒယကပေးတာပဲ။ မင်းလူ့ပြည်သွားပြီး ဒုက္ခတွေခံလိုက်ဦးကွာတဲ့၊ သူက ခိုင်းလိုက်တယ်။ ဒီတော့ လူ့ပြည်သွားပြီး အမိဝမ်းထဲမှာ ကလေးတစ်ယောက်ကို ၉-လ၊ ၁၀-လ ထောင်ချလိုက်တယ်။ လူ့ပြည်လိုချင်လို့ရတာ။ ၀မ်းထဲမှာ ရေလဲပြတ်ရမယ်။ အစာလဲပြတ်ရမယ်၊ ရေပူသောက် ငရုတ်သီးစားရင် မင်းပူရမယ်။ လောင်ရမယ်၊ မင်းမလှုပ်နိုင်တဲ့ ဒုက္ခကို ငါပေးမယ်။ စာချုပ်နဲ့ပေးမှာ။ လူ့ဒုက္ခဟူသရွေ့ ဘာမှမစိုးရိမ်နဲ့၊ ငါအကုန်ပေးမယ်။ မင်းကိုယ်တိုင် ခံစားရစေ့မယ်။ ၀မ်းထဲမှာ ၉-လကျော်၁၀-လ စားကိုမစားရဘူး၊ ဗိုက်ထဲမှာ မလှုပ်နိုင်အောင် ချုပ်လဲချုပ်ထားသေးတယ်။ ဒူးနှစ်လုံးကြားခေါင်းထားပြိး ခေါင်းပေါ်လက်အုပ်မိုးပြီး ကျုံ့ကျုံ့လေးဆောင့်ကြောင့်ထိုင်နေရတယ်။ ဂုံနီအိတ်နဲ့ ထုပ်ပိုးထားသလို ထုပ်ထားတော့ နဲနဲမှ မလှုပ်နိုင်ဘူး။ ဒါ သမုဒယကပေးတဲ့ ဒုက္ခ ခံနေလိုက်ရတာ။
    ဗိုက်ထဲကထွက်လာတော့လဲ သူပေး လူပေးနဲ့ပဲ နေရတယ်။ အငတ်ထားလဲ ခံနေရတာပဲ။ ရိုက်လဲခံ၊ နေပူထဲ ပစ်ထားလဲခံ၊ သေးတွေချေးတွေထဲ ပစ်ထားလဲ လူးလိမ့်ခံ။ ဟုတ်လား။ တော်တော်ကြာကျတော့ မင်းဟာမင်း ရှာစားဆိုတော့ ပညာတွေသင်ရ၊ အရောင်းအ၀ယ်တွေလုပ်ရ၊ ကိုယ်ပင်ပန်းစိတ်ဆင်းရဲစွာနဲ့ လုပ်စားရတယ်။ နောက်ကျတော့ ယောက်ျားဆိုတာ မိန်းမရှိမှ၊ မိန်းမဆိုတာ ယောက်ျားရှိမှ၊ ဒီလိုမှ သင့်တော်မယ်။ မင်းဒုက္ခနဲသေးတယ်။ ဒုက္ခတွေထပ်ပေးဦးမယ်တဲ့။ သမုဒယကပေးတာ။ ခင်ဗျားတို့ကတော့ ကံကောင်းလို့ အိမ်ထောင်ဖက်ကောင်းရတယ်လို့ ပြုံးလိုက်သေး၊ သူက ဒုက္ခပေးတာလို့ မရိပ်မိဘူး။ အရင် တစ်ဝန်ထမ်း၊ အခုတော့ နှစ်ဝန်ထမ်းဖြစ်လာပြီ။ နောက် တော်တော်ကြာတော့ သားသမီးဝန်တွေပါ ထမ်းရတယ်။ ထမ်းရတာပြုံးလို့ဗျ။ သားဦးလေးများ မွေးလာရင် ပြုံးလိုက်သေး၊ ကိုယ့်သားကိုယ့်မယားဆိုတာ ခင်ရတယ်။ လုပ်ကျွေးရတယ်။ မခင်ရင် မင်းတိရစ္ဆာန်ဖြစ်မှာပေါ့တဲ့။ သမုဒယက ပြောတာ။ ဒီတော့ ကိုယ့်လဲခင် သူ့လဲခင်၊ ကိုယ့်ဒုက္ခ သူ့ဒုက္ခတွေ အကုန်သာကုန်းခံရတော့တာပဲ။ ခံရတာတောင် ပြုံးခံတာ။
    ရှေးဘ၀က တဏှာပေးသမျှကို ဒီဘ၀တဏှာက ချော့ပြီး လက်သာခံ၊ လက်သာခံ၊ ဒုက္ခဟူသရွေ့ မင်းချည်းယူဆိုပြီး ပေးတာပဲ။ ဟို ဘ၀တဏှာက ပေးတဲ့သဘော။ ဒီ ဘ၀တဏှာက လက်ခံတဲ့သဘော။ လက်ခံလို့ပေါ့။ ရောက်ရာဘ၀မှာ ပျော်နိုင်တာ။ ကြက်လို ချေးကျရာ ပျော်တော့တာပဲ။ ရှေးဘ၀က တဏှာအရှင်သခင်က ပေးတာလဲ လက်ခံ၊ ဒီ ဘ၀က တဏှာ အရှင်သခင် ပေးတာလဲလက်ခံတယ်ဆိုတော့ နှစ်ထပ်ကွမ်းကျွန်ကြီးပေါ့။ ဒါ ခင်ဗျားတို့ရဲ့ ဖြစ်စဉ်၊ တဏှာလိမ်ထားတာက ပိလိုက်တာလွန်ရော။ ပေးတုန်းကလဲ ဒုက္ခပေးထား၊ ဒုက္ခမှန်းလဲ မသိရဘူး။ ယူထားတော့လဲ ဒုက္ခယူထား။ ဒုက္ခရမှန်းမသိအောင် မင်းရထားတာ၊ လူ့ဘ၀တော်သေးသဟေ့။ အရတော်သဟေ့။ တကယ့် ဒုက္ခရထားတာကို တော်သေးတယ်လို့ လုပ်ထားတာကိုး။ ဒီတဏှာဟာ ဘယ်လောက်ဆိုးဝါးတဲ့တရားတုံး။ ဆိုးပေမယ့် အဟောအပြောကောင်းတော့၊ သူ့ကို သူတော်ကောင်း မိတ်ကောင်းထင်နေတာ။ ခင်ဗျားတို့က .......။
    နွားတွေ နွားသတ်သမားလက်ထဲရောက်တော့ မရှုမလှသေရတယ်။ နွားရိုးတွေ(အမဲရိုးတွေ) ရန်ကုန်ကို ရထားတွဲတွေပေါ် တင်ထားတာ ဖွေးဖွေးဖြူနေတာပဲ။ အင်္ဂလိပ်လက်ထက်က။ ဒီမှာလဲ သမုဒယ တဏှာ့လက်ချက်ကြောင့် တစ်မြို့လုံး နေ့တိုင်းပို့နေတဲ့မသာတွေဟာ နည်းတာမဟုတ်ဘူး။ ဒါ သမုဒယလက်ချက်ပဲ။ သူ ဆုတောင်းလို့ သူကနေပြီး ဇာတိဘေး၊ ဇာရာဘေး၊ မရဏဘေးတွေပေးတာ။ သမုဒယက နွားသတ်သမားထက်ဆိုးသေးတယ်။ တကမ္ဘာလုံး တစ်နေ့ကို ထောင်နဲ့ချီသတ်နိုင်တယ်။ တစ်မြို့လုံး ဆင်ဖြူကန်သင်္ချိုင်းတို့ ရွာဟိုင်းသင်္ချိုင်းတို့ ပုဏ္ဍ္လားကုန်းသင်္ချိုင်းတို့ သွားကြည့်ကြပေါ့။ ကြည့်ချင်တဲ့သင်္ချိုင်းကြည့်၊ အလောင်းမပြတ်ဘူး။ ဒီ အသေတွေဟာ သမုဒယလက်ချက်ပဲ။ သူ့လက်ချက်ပါလား၊ သူ့ကိုပေါင်းလို့ မတော်ပါလားလို့ မသာပို့ရင်းများ ပေါ်ကြရဲ့လား၊ မပေါ်ပါဘူး။ တစ်မြို့လုံး မပြတ်မစဲ အမြဲသေနေတာတွေ မြင်ရတာတောင်မှ သမုဒယလက်ချက်လို့ မသိဘူး။ ခင်ဗျားတို့က အိုလို့သေတာ၊ အစားမှားလို့သေတာ၊ နာလို့ အပြုစုညံ့လို့သေတာ၊ ဆေးမှားလို့သေတာတဲ့။ သူ့ ကိုမပေါ်ဘူး။ လက်သယ်ကိုမသိဘူး။ အခု လက်သယ်အစစ်ကို ဖမ်းပြတော့မှ သမုဒယဆိုတာ ပေါ်လာတာ။ ဖေါ်မပြောရင် ပေါ်မှာမဟုတ်ဘူး။
    သမုဒယဟာ မပေါင်းသင်းထိုက်တဲ့တရားပဲ။ ဘုန်းကြီးက သမုဒယနဲ့ ခင်ဗျားတို့ မပေါင်းသင်းရရင် အပျင်းဝင်မှာစိုးတယ်။ ပေါင်းသင်းပြန်တော့လဲ ကျွန်ဖြစ်မှာစိုးတယ်။ ဒီကြားထဲ ဟောရတာ ဘယ်လောက်ခက်သတုံး၊ တဏှာမရှိတော့ အရောင်းအ၀ယ် မကောင်းတော့ ပျင်းတယ်။ သားသမီးမရှိတော့ ပျင်းတယ်တဲ့။ ဒီအစားမျိုးတွေ ဖြစ်နေတယ်။ ခင်ဗျားတို့ကို ဘယ်နည်းနဲ့ချွတ်ရ ကယ်ရမယ်ဆိုတာ ဘုရားတောင် မလွယ်ဘူးဗျ။ ခင်ဗျားတို့က တဏှာခိုင်းတာကို ကျွန်ပီပီ သပေါက်ပီပီ လက်ခံနေတာနဲ့ မအားလို့ တရားအားမထုတ်နိုင်ဘူး။ နောက် ဘုရားပွင့်လဲ မအားဘူးထဲကဖြစ်မှာပဲ။ စိတ်သာချ။ ခင်ဗျားတို့ အားမှာမဟုတ်ဘူး။ အရွယ်ကောင်းတုန်းက လောကီကိစ္စတွေလျှောက်လုပ်နေတာနဲ့ ကိစ္စဉာဏ်တွေ မရတော့ဘူး။ အသက်ကြီးပြန်တော့လည်း သတိတွေက ချွတ်ယွင်း မျက်စိကမွဲ နားကထိုင်း ခါးကကိုင်း ဘာမှမတတ်နိုင်တော့ဘူး။ အဲဒီကျတော့ ဘုတ်ထိုင်ထိုင်ပြီး နောက်ဆုတ်ပစ်လိုက်တာပဲ။ ဒီတော့ကိစ္စဉာဏ် (သမုဒယ၏ကိစ္စကိုသိတဲ့ဉာဏ်)ပေါ်ဖို့ အချိန်ကို မပါတော့ဘူး။ အရွယ်ကောင်းတုန်းကတော့ တဏှာခိုင်းတာနဲ့ အချိန်တွေဖြုန်းနေတယ်။ အရွယ်ကောင်းတွေကုန်ပြီဆိုရင် နဲနဲသတိရလာပြီး (တရားအလုပ်) ခိုင်းလို့မဖြစ်ပြီဆိုမှ ကျောင်းရောက်လာတယ်ဆိုတော့ အခုပြောတဲ့ အဓိပ္ပါယ်သိဖို့ရာ အတော်ခဲယဉ်းသွားပြီ။
    ဒီတော့ သမုဒယရဲ့ကိစ္စကိုသိဖို့ (ကိစ္စဉာဏ်ရဖို့) အရေးကြီးတယ်။ သူ့ကိစ္စမသိရင် နိဗ္ဗာန်လိုချင်တဲ့စိတ် မပေါ်ဘူး။ သံသရာခရီးသည် လုပ်နေမှာပဲ။ နိဗ္ဗာန်ရောက်ချင်ရင် တဏှာ (တဏှာ့ကိစ္စ)ကို ထိုးထွင်းသိမှကွတဲ့ ဘုရားက။ သူ့အကြောင်းကောင်းကောင်းသိမှ နိဗ္ဗာန်ကို မြင်နိုင်တယ်တဲ့။ ဒါဖြင့် ခင်ဗျားတို့ နိဗ္ဗာန်မရောက်တာဟာ သူ့အကြောင်းကောင်းကောင်းမသိလို့ပဲမှတ်။ သမုဒယဟာအဆိုးဆုံး။ သူ့ကြောင့် ခင်ဗျားတို့ မသေချင်ဘူး။ လူသေ သေတော့ သေချင်တယ်။ ဘယ်လိုသေသေ အတူတူပါပဲ။ လူသေ သေချင်တယ်။ နတ်သေ သေချင်တယ်ဆိုတော့ သူ့အကြောင်း မသိသေးဘူးပေါ့။ လူသေ သေသေ၊ ခွေးသေ သေသေ၊ သေတာဟာ သူ့လက်ချက်ချည့်ပဲ။ ၃၁-ဘုံအတွင်းမှာ အရိုးတွေဖွေးဖွေးဖြူပြီး တောင်လိုပုံအောင်လုပ်နိုင်တာ သမုဒယပဲ။
    ခင်ဗျားတို့ကို ရှင်တုန်းနှိပ်စက်ပြီး နောက် အသေသတ်တာဟာ သူပဲ။ ရှင်တုန်းတော့ သားဝန် သမီးဝန် မယားဝန်တွေ မနိုင့်တနိုင်နဲ့ သူက ထမ်းခိုင်းတယ်။ခင်ဗျားတို့မှာ သားဝန် သမီးဝန် မယားဝန်တွေနဲ့ ပိပြီးနေတာ။ တစ်ခါတစ်လေ သက်ပြင်းကြီးများချပြီး ညည်းသေးတယ်။ ရှာလိုက်ရတာလဲ အမောဆို့လို့၊ အိမ်ကျတော့ တစ်ပြားမှလဲ အဖတ်မတင်ဘူး။ အခု ညည်းရုံညည်းရသေးတာ။ နောက် သေခြင်းဆိုးနဲ့ သေရဦးမယ်။ အသက်ကြီးလေလေ ၀န်တွေကများလေလေ(မြေးဝန်တွေပါ တိုးလာတယ်)ဆိုတော့ ဇရာကထောင်း၊ အားကမရှိ၊ ဗျာဓိက ထောင်းဆိုတော့၊ သေခြင်းဆိုးနဲ့သေရမှာ သေချာတယ်။ ကားလမ်းပေါ်မှာ သစ်တုံးကြီးတွေ တင်ရုန်းရတဲ့ ကျွဲကြီးတွေ ကားယားကြီးသေသလိုပေါ့ဗျာ။ ဒီတော့ ခင်ဗျားတို့ အမှားတွေဟာ နဲနဲသေးသေး မဟုတ်ဘူးနော်။ ခင်ဗျားတို့ မနိုင်ဝန်တွေ ထမ်းနေရင်တော့ ညည်းပြီးသေရတော့မှာပဲ။
    ဒါ သမုဒယရဲ့သတ္တိပဲ။ သူ့ကိစ္စပဲ။ ဒီတော့ သူဟာ အဆိုးဆုံးရန်သူပဲ။ ဒီရန်သူကြီးကို ခင်ဗျားတို့က မိတ်ဆွေရင်းလိုပေါင်းသင်းနေတယ်။ ဒီမိတ်ဆွေရင်းက ခင်ဗျားတို့ကိုသတ်မှာ။ သူကနှိပ်စက်တာ သတ်တာကျတော့ ခင်ဗျားတို့က ပြုံးခံတယ်။ သူနဲ့ ခွဲရတော့မယ် သူ့ကို သတ်ရမယ်ဆိုတော့ ခင်ဗျားတို့က မျက်ရည်များကျသေးတယ်။ အံမယ်လေး တော်တော်ဖျင်းတဲ့၊ အ,တဲ့လူတွေပါလား။ သမုဒယရဲ့ကိစ္စ ပေါ်အောင် အတော်ကိုပြောနေရတယ်။ သူ့ကိစ္စကိုမသိရင် ကိစ္စဉာဏ်မရင် နိဗ္ဗာန်ဆိုတာ မရနိုင်ဘူး။ ဒီတော့ ဒုက္ခဇာတ်သိမ်းချုပ်ငြိမ်းတဲ့ နိဗ္ဗာန်ကို ရချင်ရင် တဏှာ=သမုဒယကို အ၀င်မခံနဲ့။ သူ့ကိုအသေသတ်။ ၀ိပဿနာရှုကြ, လုပ်ကြပေတော့။ သူ့သတ်နည်းကို သိဖို့အရေးကြီးတယ်။ သူ့ကို မသတ်နဲ့ဦး။ ဝေဒနာဟာ သူ့ရဲ့ ရေသောက်မြစ်ပဲ။ ဝေဒနာရေသောက်မြစ်ရှိလို့ တဏှာအပင်ပေါက်တာ။ ဒီတော့ ဝေဒနာကိုသတ်။ ဝေဒနာသတ်ရင် တဏှာဟာ အလိုလိုသေတယ်။ ဒါကြောင့် ဝေဒနာကို ဖြစ်ပျက်မြင်အောင်ရှု။ မုန်းအောင်ရှု၊ ဆုံးအောင်ရှု၊ ဆုံးရင် နိဗ္ဗာန် ရောက်ပြီမှတ်။

မိုးကုတ်ဆရာတော်ဘုရားကြီး၏ သစ္စာအနက် ၁၆-ချက် တရားတော်များမှ

No comments: