Pages

Monday, May 14, 2012

သင်လူတစ်ယောက်ဖြစ်ပြီလား

    သာသနာတော်သက္ကရာဇ် ၃၈၁ ခုနှစ်ခန့်က ဒုဋ္ဌဂါမဏိမင်းကြီးသည် ဗုဒ္ဓသာသနာတော်ကို ဖျက်ဆီးနေကြသော ကြေးကုလားမင်း ပေါင်း(၃၂)ဦး၊ နောက်လိုက်စစ်သည်ပေါင်း (၂၁၈၇၀၀)ကျော်တို့ကို တိုက်ပွဲကြီး (၂၉)ကြိမ် ဆင်နွဲပြီး နှစ်နှစ်ကျော်ကြာအောင် ရှင်းလင်းခဲ့ရသည်။ သာသနာ့ရန်သူများ ရှင်းလင်းပြီးဖြစ်သော်လည်း ဒုဋ္ဌဂါမဏိမင်းကြီးသည် မင်းစည်းစိမ်ကို ချမ်းသာစွာ မခံစားနိုင်ဘဲ မအိပ်နိုင်မစားနိုင်ဖြစ်ကာ စိတ်ဆင်းရဲကြီး ဆင်းရဲနေရရှာသည်။
    အကြောင်းကာ ကြေးကုလားများကို သိန်းနှင့်ချီပြီးသတ်ခဲ့ရသော အကုသိုလ်များကို တွေးမိနေသောကြောင့်ပါတည်း။ ထိုအခါ ပီယဂုင်္ကျွန်းတွင် သီတင်းသုံးနေထိုင်သော ရဟန္တာရှစ်ပါး ကြွလာပြီးလျှင် -
    ဒကာတော်မင်းကြီး ကြေးကုလားတို့ကို သတ်ခဲ့သော အကုသိုလ်သည် သင်မင်းကြီးအား နတ်ပြည်မရောက်အောင် မဂ်ဖိုလ်မရအောင် မတားနိုင်ပါ။ သေသူ လူနှစ်သိန်းကျော်တို့တွင် လူတစ်ယောက်နှင့် တစ်ခြမ်းကိုသာ သတ်ဖြတ်မိရာ ရောက်ပေသည်။
    အဘယ်ကြောင့်ဆိုသော် ကြွင်းသောလူတို့သည်ကား အယူမှားသည့် မိစ္ဆာဒိဋ္ဌိများ၊ သီလမရှိသော ဒုဿီလများဖြစ်ကြသောကြောင့် နွား၊ ကျွဲ၊ ဆိတ်သိုးစသော တိရစ္ဆာန်အဆင့်သာရှိသောသူများဖြစ်ကြသည်။ ထိုသို့ဖြေရှင်းပေးလိုက်သောကြောင့် ယုံမှားသံသယနှင့် ကုက္ကုစ္စများ ကင်းသွားကာ ကျန်းမာချမ်းသာစွာနှင့် သာသနာပြုသွားခဲ့ပါသည်။ သက်တန်းစေ့၍ နတ်ရွာစံသော် အရိမေတ္တေယျ ဘုရားအလောင်းနတ်သားရှိသည့် တုသိတာနတ်ဘုံသို့ ရောက်ခဲ့ရသည်။ ထိုနတ်ဘုံသည် လူအသက်နှင့်တွက်လျှင် ငါးဆယ်ခုနှစ်ကုဋေနှင့် အနှစ်ခြောက်သန်း အသက်ရှည်ပေသည်။ (မဟာဝင်ကျမ်း)

အနှစ်ချုပ်သင်ခန်းစာ

    ဤသာဓကကို ထောက်ဆသောအားဖြင့် သရဏဂုံတည်ရုံနှင့် လူတစ်ယောက်ဟု မခေါ်နိုင်သေး၊ သရဏဂုံနှင့် ငါးပါးသီလနှစ်မျိုးလုံးပြည့်စုံမှ လူတစ်ယောက်ဖြစ်ကြောင်း သိရပေသည်။ ထို့ကြောင့် သရဏဂုံ တည်ရရုံနှင့် အားရတင်းတိမ်မနေဘဲ ငါးပါးသီလကိုပါ စောင့်ထိန်းသင့်ကြောင်း ပထမအချက်အနေနှင့် တိုက်တွန်းချင်ပေသည်။

မေတ္တာရှင်(ရွှေပြည်သာ) ၏ သီလအစွမ်း မှ

No comments: