နီဝရဏတရားဆိုတာ မဂ်ဖိုလ်ကို (မရအောင်) ပိတ်ပင်တားဆီး ဖုံးလွမ်းထားတဲ့တရားလို့မှတ်၊ နီဝရဏတရားမှာ “လောဘ၊ ဒေါသ၊ ထိနမိဒ္ဓ၊ ဥဒ္ဓစ္စ ကုက္ကုစ္စ၊ ၀ိစိကိစ္ဆာ”လို့ ၅-ပါးရှိတယ်။ ဒီ နီဝရဏတရားငါးပါးက ၀င်ရောက်နှောင့်ယှက်လို့ရှိရင် ခန္ဓာထဲဉာဏ်စိုက်ရှူသော်ငြားလည်းပဲ၊ ခန္ဓာထဲမှာ ရှိတဲ့ ဖြစ်ပျက်- အနိစ္စသဘောကို မမြင်နိုင်ဘူး။ မမြင်တော့ ခန္ဓာအရှိနဲ့ ဉာဏ်အသိ မကိုက်တော့ မဂ်ဖိုလ်မရနိုင်ဘူး။ မဂ်ဖိုလ်မရတော့ သံသရာတလျှောက်လုံးမှာ တဒိုင်းဒိုင်းပြေးနေရတာပေါ့။ ဒုက္ခစက်ရဟတ်ကြီး ချာချာလည်နေရတာပေါ့၊ ဒါကြောင့် ဒီ နီဝရဏတရား ၅-ပါးကို မိမိဉာဏ်အပေါ် မဖုံးလွှမ်းနိုင်အောင် ဖြစ်ပျက်ရှုပြီး ဖယ်ရှားပစ်မှသာလျှင် ခန္ဓာထဲရှိ ဖြစ်ပျက်အနိစ္စတွေကို မြင်နိုင်ပြီး မဂ်ဖိုလ်နိဗ္ဗာန်ရ၍ မိမိ၏ခန္ဓာ ပဋိစ္စသမုပ္ပါဒ်ကြီးပြတ်လို့ ဒုက္ခခပ်သိမ်း ကင်းငြိမ်းသွားမယ်။
    စိတ်၏သဘော။    ။ စိတ်ဝိညာဏ်ဟာ ၆-မျိုးရှိတယ်။ ဆိုင်ရာဝတ္ထုရုပ်အသီးသီးမှာ မှီပြီးဖြစ်တယ်။ စက္ခုဝိညာဏ်စိတ်က မျက်လုံးမှာ ပေါ်တယ်။ သောတ၀ိညာဏ်စိတ်၊ ဃာန၀ိညာဏ်စိတ်၊ ဇိဝှာဝိညာဏ်စိတ်၊ ကာယ၀ိညာဏ်စိတ်တို့ဟာလဲ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်၊ အသီးသီးမှာပေါ်တယ်။ မနောဝိညာဏ်စိတ်ကတော့ ဟဒယရုပ်ခေါ်တဲ့ နှလုံးသွေးထဲမှာ ပေါ်တယ်။ ဒီစိတ်ဟာ အာရုံနဲ့ဒွါရ တိုက်ဆိုင်တဲ့အခါမှာ ဖျပ်ကနဲဖျပ်ကနဲ ပေါ်ရတယ်။ ဟဒယ၀တ္ထုနှလုံးသွေးဟာ အသစ်အသစ်ဖြစ်ပြီး အမြဲပြောင်းလဲနေတယ်။ နှလုံးသွေးကဖြူနေရင် ကြည်နေရင် ဒီမှာပေါ်တဲ့စိတ်ကလဲ ကြည်လင်နေပြီး ဉာဏ်ပညာကလဲ ထိုးထွင်းသိတော့တာပဲ၊ အကယ်၍ နှလုံးသွေးကနောက်နေရင် ဒီအထဲမှာ ပေါ်တဲ့စိတ်ကလဲ နောက်တောက်တောက်ဖြစ်နေတော့၊ ဉာဏ်က ထိုးထွင်းပြီး မသိနိုင်တော့ဘူး။ ဒီတော့ ခုနကပြောခဲ့တဲ့ နီဝရဏတရားတွေက ၀င်ရောက်နှောက်ယှက်လို့ရှိရင်၊ စိတ်ဟာမကြည်မလင် နောက်တောက်တောက်ဖြစ်ပြီး ဉာဏ်က ထိုးထွင်းမသိနိုင်တော့ဘူး။
    ဒီ နီဝရဏအကြောင်းကို ပဉ္စကနိပါတ် အဂုင်္တ္ထိုရ်ပါဠိတော်မှာလာတဲ့ ၀တ္ထုနဲ့တကွ ရှင်းပြမယ်။ ဘုရားရှင်ဟာ စမ္ပာနဂိုရ်ပြည်မှာ သီတင်းသုံးနေတယ်။ သင်္ဂါရ၀ဆိုတဲ့ သတို့သားတယောက်ဟာ ဘုရားရှင်ဆီလာပြီး တပည့်တော် ပုဏ္ဍ္လားထုံးစံအတိုင်း ဗေဒင်ကျမ်းဂန်တွေ ညညရွတ်ဖတ်သရဇ္ဈာယ်တဲ့အခါ၊ တခါတလေ တလုံးမှသတိမရဘူး။ အကုန်မေ့ကုန်တယ်ဘုရား။ တခါတလေကျပြန်တော့ ရပြီးသားစာတွေအပြင် မရသေးတာတွေတောင် ဉာဏ်ထဲမှာ ထင်လာပါတယ်ဘုရား။ အဲဒါဘာကြောင့်ပါလဲဘုရားလို့ မေးလျှောက်တယ်။ ဒီတော့ဘုရားက ငါရှင်းပြမယ်ကွ ဆိုပြီး ဥပမာကလေးနဲ့ ဒီလို ရှင်းပြလိုက်တယ်။
    (၁) ခွက်တစ်ခုထဲမှာ ကြည်နေတဲ့ရေထည့်လိုက်၊ နောက်ဒီရေထဲကို ဆေးနီ၊ ဆေးဝါ၊ ဆေးပြာတွေ ရော ထည့်လိုက်၊ ရေကို ငြိမ်အောင်ထားပြီး မင်းမျက်နှာဟပ်ကြည့်လိုက်စမ်း၊ မျက်နှာရိပ် ထင်ထင်ရှားရှားမြင်နိုင်ပါမလား။ မမြင်နိုင်ဘူး။ ဒီလိုပဲ နဂိုစိတ် (ဘ၀င်စိတ်)ဟာ ကြည်နေတယ်။ သူ့မှီရာ နှလုံးသွေးဟာလဲ ကြည်နေတယ်။ ဒီနှလုံးသွေးအကြည်ထဲမှာ လောဘစိတ်ကလေး ၀င်လာပေါ်လာ လို့ရှိရင်၊ စိတ်ဟာ နောက်ကျိသွားပြီး သိပြီးသား စာတွေတောင် မမှတ်မိမသိနိုင်တော့ဘူး။ ဒီမှာလဲဝိပဿနာအားထုတ်ရာမှာလဲ ထို့အတူပဲ၊ သားသမီးအတွက် စီးပွားရေးအတွက် လောဘစိတ်ဝင်လာရင် ခန္ဓာထဲမှာ နဂိုကရှိတဲ့ အနိစ္စ၊ ဒုက္ခ၊ အနတ္တ၊ အသုဘ၊ ဒုက္ခသစ္စာအရိပ်တွေကို ဉာဏ်နဲ့ ဆင်ခြင်တဲ့အခါမှာ မသိမမြင်နိုင်တော့ဘူး။ ဒီတော့ ရေထဲမှာရှိတဲ့ ဆေးနီ၊ ဆေးဝါ၊ ဆေးပြာတွေ ဖယ်ပစ်ပြီး ရေငြိမ်အောင်ထားပြီး မျက်နှာဟပ်ကြည့်မှ မျက်နှာရိပ်ကို ထင်ထင်ရှားရှား မြင်နိုင်သလို၊ ဒီပေါ်လာတဲ့ လောဘစိတ်ကို ဖြစ်ပျက်ရှုပြီး ဖယ်ရှားပစ်ရမယ်။ အဲဒါ ဖယ်ရှားပစ်ပြီးမှ မိမိရှုနေတဲ့ မူလကမ္မဋ္ဌာန်းကို ပြန်ကောက်ပြီး ခန္ဓာထဲဉာဏ်စိုက်ကြည့်လိုက်ရင် ခန္ဓာထဲမှာ နဂိုရှိနေတဲ့ အနိစ္စ၊ ဒုက္ခ၊ အနတ္တ၊ အသုဘ၊ ဒုက္ခသစ္စာအရိပ်တွေ တခုခုဟာ ထင်ထင်ရှားရှား မြင်နိုင်တယ်။ ဒီတော့ ခင်ဗျားတို့ ခန္ဓာထဲဉာဏ်စိုက်ပြီး ဖြစ်ပျက်ရှုလို့မမြင်တာဟာ ဒီ လောဘစိတ်က၀င်ရှုပ်လို့ မမြင်ရတာ။ ဒီတော့ လောဘစိတ်ဝင်လာရင် သူ့ကိုအရင် ဖြစ်ပျက်ရှုပြီး ဖယ်ရှားပစ်ပြီးမှ မူလကမ္မဋ္ဌာန်းကို ပြန်ကောက်ပြီးရှုပါ။ ဒါမှဖြစ်ပျက်=အနိစ္စတွေမြင်လာမယ်။
    (၂) ဒုတိယအချက်က ဒေါသပဲ၊ ဒေါသစိတ်ဖြစ်နေရင် နှလုံးသွေးဟာ ပွက်ပွက်ဆူနေတာပဲ၊ ပွက်ပွက်ဆူနေတဲ့ရေနွေးထဲကို မျက်နှာရိပ်ဟပ်ကြည့်ပါ။ ရေကပွက်ပွက်ဆူနေပြီး အခိုးတွေထနေတော့ မျက်နှာရိပ်မမြင်နိုင်ဘူး။ ဒီလိုပဲ ဒေါသစိတ်က၀င်ရှုပ်နေတဲ့အခါ နဂိုရထားတဲ့ စာတွေတောင် အကုန်မေ့သွားရတယ်။ ဒီမှာလဲ ၀ိပဿနာရှုတဲ့နေရာမှာလဲ ဒေါသစိတ်ဖြစ်နေတဲ့အခါ ခန္ဓာကိုယ်ထဲကို ဉာဏ်နဲ့ကြည့်ပါ။ ခန္ဓာမှာရှိတဲ့ အနိစ္စ၊ ဒုက္ခ၊ အနတ္တ၊ အသုဘ၊ ဒုက္ခသစ္စာကြီးကို ဘယ်တော့မှမမြင်နိုင်ဘူး။ ဒေါသဆိုတဲ့ရေဆူပြီး အခိုးထနေတာကိုး။ ဒီတော့ ရေအခိုးငြိမ်အောင် ရေအေးရေငြိမ်အောင်ထားပြီး မျက်နှာရိပ်ဟပ်ပြီးကြည့်တော့ မျက်နှာရိပ်မြင်ရသလို၊ ဒီပေါ်လာတဲ့ဒေါသကို ဖြစ်ပျက်ရှုပြီး အရင်ဖယ်ပစ်ရမယ်။ ဒီလိုဖယ်ရှားပစ်ပြီးမှ မူလကမ္မဋ္ဌာန်းကိုပြန်ကောက်။ ဒီလိုရှုတော့မှ ခန္ဓာထဲမှာရှိတဲ့ ဖြစ်ပျက်အနိစ္စရိပ်တွေကို မြင်လာလိမ့်မယ်။
    (၃) တတိယအချက်က ထိနမိဒ္ဓပဲ။        ။ ထိနမိဒ္ဓဆိုတာ ကိုယ့်စိတ်ကို ကိုယ်မနိုင်တာ၊ ငိုက်မျည်းသွားတာ။ ရေကန်ထဲက ရေပြင်မှာ မှော်တွေဖုံးအုပ်နေတဲ့အခါ၊ မျက်နှာကိုဟပ်ကြည့်ရင် မျက်နှာရိပ်ကိုမမြင်နိုင်ဘူး။ ဒီလိုပဲ၊ ဟဒယ၀တ္ထုနှလုံးသွေးထဲမှာ ထိနမိဒ္ဓ၊ ငိုက်မျည်းတဲ့စိတ်က ၀င်ရောက်နှောင့်ယှက်နေရင် ရပြီးသားစာတွေ မေ့မှာပဲ။ အခု ၀ိပဿနာရှုတဲ့နေရာမှာလဲ ထိနမိဒ္ဓဆိုတဲ့ ငိုက်မျည်းတဲ့စိတ်က ဟဒယ၀တ္ထုနှလုံးသွေးမှာ ၀င်ရောက်ဖုံးလွမ်းနေရင် ဉာဏ်ဝင်ခွင့်မရလို့ ခန္ဓာထဲရှိတဲ့ ဖြစ်ပျက်အနိစ္စတွေ မမြင်နိုင်ဘူး။ ဒီတော့ ဖုံးနေတဲ့ မှော်တွေဖယ်ရှားပစ်ပြီး မျက်နှာရိပ်ဟပ်ကြည့်မှ ထင်ထင်ရှားရှားမြင်ရမယ်။ ဒီမှာလဲ ဉာဏ်ပေါ်မှာဖုံးနေတဲ့ ဒီ ထိနမိဒ္ဓကို အရင်ဖြစ်ပျက်ရှုပြီး ဟဒယ၀တ္ထုနှလုံးသွေးမှ ဖယ်ရှားပစ်ပြီးမှ ရှုနေတဲ့မူလကမ္မဋ္ဌာန်းကို ပြန်ကောက်ပါ။ ဒီတော့ မိမိရှုနေတဲ့ ဖြစ်ပျက်အနိစ္စတွေ ထင်မြင်လာမယ်။
    (၄) စတုတ္ထအချက်က ဥဒ္ဓစ္စ ကုက္ကုစ္စ ဖြစ်တယ်။ ဥဒ္ဓစ္စ ကုက္ကုစ္စဆိုတာ စိတ်ပြန့်လွင့်တာ။ စိတ်မငြိမ်တာ။ ထားရာမှာ မနေတာပဲ။ ရေကန်ထဲကရေဟာ လေတိုက်ခပ်လို့လှုပ်နေတဲ့အခါ မျက်နှာရိပ်ကို ဟပ်ကြည့်ပါ။ မျက်နှာရိပ်ကိုမမြင်ရဘူး။ ဒီမှာလဲ ၀ိပဿနာရှုရာမှာလဲ စိတ်ပြန့်လွင့် လှုပ်ရှားနေတဲ့အခါ ၀ိပဿနာရှုရင် ခန္ဓာထဲရှိတဲ့ အနိစ္စတွေကို မမြင်နိုင်ဘူး။ ရေကို ငြိမ်အောင်လုပ်ပြီး မျက်နှာရိပ်ဟပ်ကြည့်မှ မြင်ရတယ်။ ဒီမှာလဲ ပြန့်လွင့်နေတဲ့စိတ်ကို ဖြစ်ပျက် ရှုပြီးဖယ်ရှားပစ်ပါ။  ပြီးမှ မူလကမ္မဋ္ဌာန်းကို ပြန်ကောက်ပြီးရှုရင် ခန္ဓာထဲရှိတဲ့ ဖြစ်ပျက် အနိစ္စတွေကို မြင်နိုင်တယ်။ ထို့အပြင် ကုက္ကုစ္စဟာ အရေးကြီးလို့ အထူးရှင်းပြပါဦးမယ်။
    ခင်ဗျားတို့ငယ်စဉ်တုန်းက မသိမလိမ္မာလို့ မိုက်ခဲ့တာတွေကို တွေးပြီးပူမနေနဲ့ ကြောက်လန့်မနေနဲ့၊ ငယ်တုန်းကမိုက်ခဲ့တာတွေကို နှလုံးသွင်းနေရင် ဒါ မဂ်တားဖိုလ်တားဖြစ်တယ်။ ငယ်ငယ်တုန်းကစပြီး တောက်လျှောက်လိမ္မာတဲ့ အမျိုးလို့ မရှိပါဘူး။ အနည်းနဲ့ အများ မိုက်မှားခဲ့တဲ့လူတွေများပါတယ်။ ဒါတွေတွေးမနေနဲ့၊ တွေးနေရင် ကုက္ကုစ္စဖြစ်ပြီး ၀ိပဿနာမှာ အနှောင့်အယှက်ဖြစ်တယ်။ ဒီတော့ ကုက္ကုစ္စစိတ်တွေလာရင် ဖြစ်ပျက်ရှုပြီး ဖယ်ရှားပစ်ပါ။ ဘုရားရှင်လက်ထက်က လူဆိုးကြီးတွေ မဂ်ဖိုလ်ရသွားကြတာ ရှိခဲ့သားပဲ၊ ပြီးတော့ သေခါနီးမှာ ကုက္ကုစ္စစိတ်ဖြစ်ရင် တိရစ္ဆာန်ဖြစ်တတ်တယ်။ ပြိတ္တာဖြစ်တတ်တယ်။ ဒါကြောင့် ခင်ဗျားတို့ကို သေနည်း သင်ပေးနေရတာ။ သေခါနီးရင် ကိုယ့်ခန္ဓာကို ဖြစ်ပျက်ရှုပေးပါ။ သားသမီးပစ္စည်းဥစ္စာတွေအတွက် စိတ်မချတာ စွဲလမ်းတာတွေလာရင် ပြိတ္တာနဲ့ တိရစ္ဆာန်ဖြစ်တတ်တယ်။ ဒါကြောင့် ၀ိပဿနာလုပ်တဲ့အခါ ရှေးကဒုစရိုက်မှုတွေကို မတွေးတောပဲ ဖြစ်ပျက်ရှု ဖယ်ရှားပစ်ပြီး မိမိရှုနေတဲ့ မူလကမ္မဋ္ဌာန်းကိုသာ စိုက်စိုက်မတ်မတ် ရှုသွားရမယ်။
    (၅) ပဉ္စမအချက်က ၀ိစိကိစ္ဆာ ဖြစ်တယ်။ ၀ိစိကိစ္ဆာဆိုတာ သံသယရှိတာ၊ ဘုရား၊ တရား၊ သံဃာအပေါ်သံသယရှိမှု၊ မိမိကျင့်နေတဲ့ ၀ိပဿနာအကျင့်ပေါ်မှာ သံသယရှိမှုတွေဟာ မဂ်တားဖိုလ်တားပဲ။ မိမိဉာဏ်မမှီတာတွေကို စဉ်းစားပြီးသံသယဖြစ်နေရင် ဒါအန္တရာယ်တခုပဲ၊ သဒ္ဓါကို ရှေ့သွားပြုပြီး တဖြည်းဖြည်းဉာဏ်နဲ့ ဆင်ခြင်သွားမှာသာ အမှန်ရောက်နိုင်တာ။ ဒီတော့ တွေးတော ယုံမှား သံသယစိတ်တွေ ၀င်လာရင် ဒါကို ဖြစ်ပျက်ရှုပြီး ဖယ်ရှားပစ်ရမယ်။ ဖယ်ရှားပြီးမှ မိမိ ရှုနေတဲ့ မူလကမ္မဋ္ဌာန်းကိုပြန်ကောက်။ ရေကန်ထဲကရေတွေ အနယ်ထနေရင် မျက်နှာရိပ်မထင်နိုင်ဘူး။ အနယ်တွေဖယ်ရှားပစ်မှ မျက်နှာရိပ်ထင်နိုင်တယ်။ ၀ိပဿနာရှုရာမှာလဲ ၀ိစိကိစ္ဆာတွေ ၀င်ရှုပ်လာရင် ခန္ဓာအရှိကို ဉာဏ်မျက်စိကမမြင်နိုင်ဘူး။ ဒီတော့ ဒီဝိစိကိစ္ဆာကိုဖယ်ရှားပစ်မှသာ ခန္ဓာအရှိနဲ့ ဉာဏ်အသိကိုက်မယ်။ ခန္ဓာထဲမှာ ရှိတဲ့ အနိစ္စ၊ ဒုက္ခ၊ အနတ္တတွေကို တွေ့မြင်နိုင်မယ်။
မိုးကုတ်ဆရာတော်ဘုရားကြီး၏ သြ၀ါဒတရားများမှ
No comments:
Post a Comment