Pages

Thursday, May 10, 2012

ဓာတ် ၆-ပါးကမ္မဋ္ဌာန်း၊ ဆဓာတုဝိဘင်္ဂ

    ဒီနေ့တော့ “ဓာတ် ၆-ပါး ရှုပုံရှုနည်း”ကို ပိုင်းခြားထင်ထင် သိမြင်နိုင်အောင် “ဆဓာတုဝိဘင်္ဂကမ္မဋ္ဌာန်း”ကို အသေးစိတ်ဟောမယ် သေသေချာချာမှတ်ထား၊ ဓာတ် ၆-ပါးဆိုတာ ပထ၀ီ၊ အာပေါ၊ တေဇော၊ ၀ါယော၊ အာကာသ၊ ၀ိညာဏဓာတ်ဆိုတဲ့ ဓာတ် ၆-ပါးပဲ။

    (၁) ပထ၀ီဓာတ်။    ။ ပထ၀ီလို့ ခေါ်တဲ့ မြေဓာတ်က “ဗဟိဒ္ဓ”= အပြင်မြေဓာတ်၊ “အဇ္ဈတ္တ”=အတွင်းမြေဓာတ်လို့ ၂-ပါးရှိတယ်။ (က) ဗဟိဒ္ဓမြေဓာတ်ဆိုတာ တော, တောင်, သစ်ပင်, ကျောင်း, အိမ် တိုက်တာ အစရှိတဲ့ မျက်စိနှင့် မြင်ကောင်းတဲ့ အထည်ဝတ္ထုဟူသမျှကိုခေါ်တယ်။ (ခ) အဇ္ဈတ္တမြေဓာတ်ဆိုတာ သက်ရှိသတ္တ၀ါ သန္တာန်မှာ ဆံပင်, မွေးညှင်း, ခြေသည်း, လက်သည်း, သွား, အရေထူ-အရေပါး, အသား, အကြော, အရိုး, ရိုးတွင်းခြင်ဆီ, အညှို့, နှလုံး, အသည်း, အမြှေး, အဖျဉ်း, အဆုတ်, အူမ, အူသိမ်, အစာသစ်, အစာဟောင်းဆိုတဲ့ ၂၀-သောအစုကိုခေါ်တယ်။ ဒီ ၂၀-အပြင် “ကျောက်ကပ်၊ ကပ်ပယ်အိပ်”ဆိုတဲ့ မြေဓာတ် ၂-ခုလဲ ရှိသေးတယ်။ ဒီမြေဓာတ်တွေဟာလဲ အဆင်း, သဏ္ဌာန်, တည်ရာဌာန တစ်ခုနှင့်တစ်ခု မရောမယှက်တဲ့ အပိုင်းအခြား (ပရိစ္ဆေဒ)ကို ရှေးဦးစွာမှတ်ထားပါ။
    ခင်ဗျားတို့ ရှုမှတ်ဖို့ရာ ဒီလိုလုပ်၊ မင်းရဲ့ ဆံပင်၊ ခြေသည်း လက်သည်းတို့ကို ဉာဏ်နဲ့ယူ၊ လက်တစ်ဖက်မှာထား၊ သင့်တော်ရာ သင်္ချိုင်းမြေပုံပေါ်က မြေကြီးခဲကိုယူ၊ အခြားလက်တစ်ဖက်မှာထား၊ ဒီ အတွင်း, အပြင် မြေဓာတ် ၂-ပါးကို ယှဉ်ထားပြီး ဒီမြေကြီးခဲသည် ငါမဟုတ်, ငါ့ဥစ္စာမဟုတ်၊ ခက်မာခြင်းသဘောရှိတဲ့ မြေဓာတ်ပဲ၊ ဒီဆံပင်, ခြေသည်း လက်သည်းလဲ ငါမဟုတ်, ငါ့ဟာမဟုတ်၊ မြေဓာတ်ပဲ၊ ဘာမှမထူး၊ အတူတူပဲလို့ ကြပ်ကြပ်ရှုပေးပါ။ ဥပမာ- မင်းရဲ့ အဇ္ဈတ္တဓာတ်ဖြစ်တဲ့ ခြေသည်း လက်သည်းကို လှီးဖြတ်သုတ်သင်လိုက်က အပြင်မြေဓာတ်သာ ဖြစ်သွားတယ်။ ဒီမြေကြီးခဲနဲ့ အတူတူသာဖြစ်သွားတော့တယ်။ မင်းတို့ရဲ့ ဘိုးဘွားမှား သေလို့ မြှပ်ထားတဲ့ မြေပုံကို သူတစ်ပါးကလာပြီး တူးရွင်းနဲ့ တူးဆွယူငင်တာကို တားမြစ်လို့ မဖြစ်နိုင်သလို မင်းတို့ဘိုးဘွားများရဲ့ အသားအရေတွေဟာ အဲဒီအချိန်မှာ မြေဓာတ်မို့ မြေပုံတွေရတော့မယ်။ မင်းတို့က “ငါ့အဘိုးအဘွား”ရယ်လို့ ဘာမျှမပြောနိုင်ဘူး၊ မြေဓာတ်ဖြစ်နေပြီမဟုတ်လား။

    (၂) အာပေါဓာတ်။    ။ အာပေါဆိုတဲ့ ရေဓာတ်ဟာလဲ “ဗဟိဒ္ဓ”= အပြင်ရေဓာတ်၊ “အဇ္ဈတ္တ”= အတွင်းရေဓာတ်လို့ ၂-ပါးရှိတယ်။ (က) ဗဟိဒ္ဓ= အပြင်ရေဓာတ် သန္တာန်မှာ သမုဒ္ဒရာရေ, မြစ်, အင်း, အိုင်, ချောင်း, မြောင်းရေ အခိုးအငွေ့မှ တဖြစ်လဲပြီး ကောင်းကင်မှကျလာတဲ့ရေ ပေါင်းဖွဲ့ယိုစီးခြင်းသဘောဖြစ်သော ရေဟူသမျှကို အပြင်ရေဓာတ်လို့ခေါ်တယ်။ (ခ) အဇ္ဈတ္တ= အတွင်းရေဓာတ်သန္တာန်မှာ သက်ရှိသတ္တ၀ါတို့ရဲ့ “သည်းခြေ, သလိပ်, ပြည်, သွေး, ချွေး, အဆီခဲ, မျက်ရည်, အဆီကြည်, တံတွေး, နှပ်, အစေး, ကျင်ငယ်”လို့ ၁၂-ပါးသော ပေါင်းဖွဲ့ယိုစီးခြင်းသဘောရှိတဲ့ အရည်တွေကို အတွင်းရေဓာတ်လို့ ခေါ်တယ်။ ဒီ ၁၂-ပါးအပြင် “သုတ်သွေး၊ နို့ရည်”ဆိုတဲ့ ၂-ပါးလဲ ရှိသေးတယ်။
    သက်ရှိသတ္တ၀ါတွေစွန့်ပစ်လိုက်တဲ့ “ကျင်ငယ်, နှပ်, တံတွေး များဟာ အဇ္ဈတ္တသန္တာန်မှာ ဗဟိဒ္ဓဓာတ်အဖြစ်သို့ ရောက်သွားတယ်။ အဲဒီတော့ မင်းဉာဏ်နဲ့ ယှဉ်ပြီး ခွက်တစ်ခုနဲ့ မြစ်ထဲကရေကိုယူ၊ ပြီးတော့ မင်းတို့စွန့်ပစ်လိုက်တဲ့ ကျင်ငယ်ကို ခွက်တစ်ခုနဲ့ယူ။ ယှဉ်ထားပြီးတော့ သေသေချာချာ စဉ်းစားကြည့်ပါ၊ ကိုင်း.... ထိုပေါင်းဖွဲ့ ယိုစီးခြင်းသဘောရှိတဲ့ ရေဓာတ်နဲ့ အတူတူပဲဆိုတာတွေ့ရမယ်။ ဒီရေသည် “ငါမဟုတ် ငါ့ရေမဟုတ်”လို့ သိရမယ်။

    (၃) တေဇောဓာတ်။    ။ တေဇောဓာတ်ဆိုတာ အပူဓာတ်= မီးဓာတ်ကို ခေါ်တယ်။ ဒီတေဇောဓာတ်မှာလဲ “ဗဟိဒ္ဓ”=အပြင်မီးဓာတ်၊ “အဇ္ဈတ္တ”= အတွင်းမီးဓာတ်လို့ နှစ်ပါးရှိပြန်တယ်။ (က) ဗဟိဒ္ဓ= အပြင်မီးဓာတ်သန္တာန်မှာ ကမ္ဘာဖျက်မီး၊ ငရဲမီး၊ ထမင်းဟင်းချက်တဲ့မီး၊ အပူဓာတ်နဲ့တွေ့ထိ၍ဖြစ်တဲ့မီးတို့ဖြစ်တယ်။ ကမ္ဘာ့အစွန်း၌ သက်ရှိသတ္တ၀ါတို့မနေနိုင်လောက်အောင်အေးတဲ့မီး၊ တောတောင်တွေမှာ ရေတွေအမြဲတမ်းခဲခြင်း၊ ပူခြင်း အေးခြင်းစတဲ့ အပူအအေးဟူသမျှကို ဗဟိဒ္ဓ=အပြင်မီးဓာတ်လို့ ခေါ်တယ်။ (ခ) အဇ္ဈတ္တ= အတွင်းမီးဓာတ်ဆိုတာ သက်ရှိသတ္တ၀ါများမှာ “ဥသ္မာမီး၊ ပါစကမီး၊ သန္တာပနမီး၊ ဒဟမီး၊ ဇီရဏမီး”လို့ ငါးမျိုးရှိတယ်။ ဒီအတွင်း မီးဓာတ် ၅-ပါးဆိုတဲ့ ပူမှု အေးမှုဟူသောသဘော လောင်ပုံကိစ္စ တည်ရာဌာနတို့က ရှေးဦးစွာမှတ်ထားဦး။
    ဥသ္မာမီး- ဆိုတာ တစ်ကိုယ်လုံး၌အတွင်းအပြင်မလပ် လက်နဲ့စမ်းသပ်ရင် နွေးနွေးတွေ့ရတဲ့ ပကတိကိုယ်ငွေ့ကိုခေါ်တယ်။ ဒီပကတိကိုယ်ငွေ့ဆိုတဲ့ ဥသ္မာမီးဟာ ပူတဲ့မီးဖြစ်တယ်။ အရေနဲ့တကွ အရေအတွင်း တစ်ကိုယ်လုံးအနှံ့စွဲပြီး နွေးရုံသာမကလောင်နေတယ်။ ဒီ “ဥသ္မာမီး” လုံးဝချုပ်ငြိမ်းသွားရင် သတ္တ၀ါသေတယ်လို့မှတ်။
    ပါစကမီး- ဆိုတာ အစာအဟာရအမျိုးမျိုးကို နူးနပ်ကျေစေတတ်တဲ့ ၀မ်းမီးလို့ ခေါ်တယ်။ ဒီ ၀မ်းမီးခေါ်တဲ့ ပါစကမီးကလဲ လျှာခင် (ရှခင်)အောက် လည်ချောင်းဝမှစပြီး ဘင် (ဖင်ဝ)တိုင်အောင် တည်ရှိတယ်။ ဒီ မီးဟာ အစာအာဟာရတို့ကို လောင်ချက်စေလျက် အစာသစ်အိမ်မှာ အားကြီးစွာစွဲ၍တည်တယ်။ ဒီ ပါစကမီး လုံးဝချုပ်ငြိမ်းရင်လဲ သတ္တ၀ါသေတယ်လို့မှတ်။
    သန္တာပနမီး- ဆိုတာ ဥသ္မာမီးခေါ် ပကတိကိုယ်ငွေ့ထက် လွန်ကဲပြီးဖြစ်ပေါ်လာတယ်တဲ့၊ “သူငယ်နာပူ၊ မီးယပ်ပူ၊ ဒူလာပူ၊ ဖျားတဲ့အပူ”စတဲ့ အပူနာမျိုး၊ ဣရိယာပုတ်မပြောင်းလဲဘဲနေလို့ ဖြစ်ပေါ်လာတဲ့အပူ၊ နေရှိန် မီးရှိန်သင့်ပြီး ဖြစ်ပေါ်လာတဲ့အပူ၊ သောကပရိဒေ၀အားကြီးလို့ ဖြစ်ပေါ်လာတဲ့အပူ၊ ဒီလိုအပူမျိုးကို “သန္တာပန” မီးလို့မှတ်။
    ဒဟမီး- ဆိုတာ သန္တာပနမီးထက်လွန်ကဲပြီးလူးလဲအော်နေရအောင် အပြင်းအထန် မခံနိုင်အောင် ပူပြီးလောင်တဲ့မီး၊ သေခြင်းသို့ရောက်အောင်ပူပြီးလောင်တဲ့မီး၊ ပကတိအအေးထက် လွန်ကဲစွာအေးပြီး လောင်တဲ့မီး၊ သေခြင်းသို့ရောက်အောင် အေးပြီး လောင်တဲ့မီး၊ ဒီလောင်တဲ့မီးမျိုး များကို “ဒဟမီး”လို့ ခေါ်တယ်။
    ဇီရဏမီး- ဆိုတာ အထက်မီးလေးပါးမှ အလတ်ဖြစ်တဲ့ တကိုယ်လုံးမှာ ရှိရှိသမျှအလုံးစုံ နွေးမှုအေးမှုဆိုတဲ့ “ဥဏှမီး၊ သီတမီး” နွေးတယ်အေးတယ်လို့ပင် မသိနိုင်လောက်အောင်နှံ့နေတဲ့မီး၊ ဒီမီးအားလုံးဟာ မိမိတို့စွဲရာ မြေဓာတ် ရေဓာတ်တို့ကို ငယ်ရွယ်စဉ်ကနဲ့ မတူစေပဲ တနေ့တခြား ရင့်ရော်ဆွေးမြေ့စေတတ်တဲ့ ဆုတ်ယုတ်အိုမင်းစေတတ်တဲ့ သတ္တိရှိလို့ “ဇီရဏမီး”လို့ ခေါ်တယ်။
    ဒီမီးဓာတ် ငါးပါးတို့အကြောင်း, ကိစ္စ, တည်ရာဌာန အခိုက်အတန့်အားဖြင့် ငါးပါးကွဲပြားပြီးနေတယ်။ သဘောတရား တရားကိုယ်မှာ “ပူမှု”ဟူသော “ဥဏှ”မီးနဲ့ “အေးမှု”ဟူသော “သီတမီး” နှစ်ပါးသာရှိတယ်။ ဒါကို ရှေးဦးစွာ မှတ်သား၍ ဉာဏ်တည်းဟူသောလက်ဖြင့် ဗဟိဒ္ဓ= အပြင်မီး၊ မီးခဲကြီးတွေယူပြီး၊ အဇ္ဈတ္တ= ကိုယ်တွင်းက အသဲနှလုံးတည်းဟူသော “ဥဏှ-ဥသ္မာ မီးခဲကြီး”ကိုလဲယူ၊ ဒီ နှစ်မျိုးကို ယှဉ်ထားပြီးနောက်၊ လက်နဲ့ ကိုင်စမ်းရရင် နှစ်မျိုးလုံးပူနေမယ်။ ပူနွေးမှုမှာ အတူတူပဲ၊ ဒီတော့ ဗဟိဒ္ဓ= အပြင်မီးဟာ “ငါမဟုတ်၊ ငါ့ဥစ္စာမဟုတ်၊ ပူခြင်းသဘော၊ လောင်ခြင်းကိစ္စရှိသော မီးဓာတ်ပင်တည်း၊ ထို့အတူ အဇ္ဈတ္တ= အတွင်းမီးဓာတ်လဲ ငါမဟုတ်၊ ငါ့ဥစ္စာမဟုတ်၊ ပူခြင်းသဘော လောင်ခြင်းကိစ္စရှိတဲ့ မီးဓာတ်ပင် ဖြစ်၏။” ဒီလို အပြင်မီးဓာတ်နဲ့ အတွင်းမီးဓာတ်ကို အတွင်းအပြင် မခြားနားပဲ တစ်ထပ်တည်း တူအောင်ယှဉ်ပြီး ကြည့်ရှုပွားများရမယ်။

    (၄) ၀ါယောဓာတ်။    ။ဝါယောဓာတ်ဆိုတာ လေဓာတ်ကို ခေါ်တယ်။ ဒီလေဓာတ်မှာလဲ “ဗဟိဒ္ဓ” =အပြင်လေဓာတ်၊ “အဇ္ဈတ္တ” =အတွင်းလေဓာတ်လို့ နှစ်ပါးရှိတယ်။ (က) ဗဟိဒ္ဓ= အပြင်လေဓာတ်ဆိုတာ အထက်ကောင်းကင်မှာ လွင့်တိုက်နေတဲ့လေ၊ ကမ္ဘာဖျက်လေ၊ ဖိုထိုးတဲ့လေ၊ အစရှိတဲ့ လွင့်ပါးလှုပ်ရှားခြင်းသဘော၊ ထောက်ကန်တောင့်တင်းခြင်း သဘောဟူသမျှကို “အပြင်လေဓာတ်”လို့ ခေါ်တယ်။ (ခ) အဇ္ဈတ္တ= အတွင်းလေဓာတ် ဆိုတာ သက်ရှိသတ္တ၀ါသန္တာန်မှာ ၀င်သက်ထွက်သက်ဆိုတဲ့ အဿာသပဿာသလေ၊ ၀မ်းတွင်းမှ အထက်လှန်ပြီး ပေါက်ရှိရာထွက်တဲ့ ဥဒ္ဓင်္ဂမလေ၊ ၀မ်းတွင်းမှ အောက်စုန်ဆင်းတဲ့ အဓောဂမလေ၊ အတွင်းမှာအောင်းနေတဲ့ ကောဋ္ဌာသယလေ၊ အပြင်ဘက်ဝမ်းခေါင်း ရင်ခေါင်းထဲမှာ အောင်းနေတဲ့ ကုစ္ဆိသယလေ၊ ၀မ်းခေါင်း, ရင်ခေါင်းမှ လွတ်ရာ တစ်ကိုယ်လုံးအနှံ့ အင်္ဂါကြီးငယ်ကို လျှောက်သွားလှည့်လည်နေတဲ့ အင်္ဂမင်္ဂါနုသာရီလေလို့ ၆-ပါးရှိတယ်။ ဒီ ၆-ပါးသော လွင့်ပါးလှုပ်ရှားခြင်းသဘော၊ ထောက်ကန်တောင့်တင်းခြင်း သဘောတွေကို အဇ္ဈတ္တ- အတွင်းလေဓာတ်လို့ ခေါ်တယ်။
    ဒီလေဓာတ်တွေနဲ့ ပတ်သက်ပြီး ရှေ့ ၄-မျိုးကတော့ မင်းတို့ သိပြီးဖြစ်တယ်။ နော် ၂-မျိုးနဲ့ ပတ်သက်ပြီး ဆိုးဝါးပုံကို အကျဉ်းမျှပြောပြမယ်။ “ကုစ္ဆိသယလေ” ပျက်စီးဖောက်ပြန် ထကြွရင် ၀မ်းကို ရင်ကို ဖောက်ပြီးထွက်တတ်တယ်။ အထက်အောက် ခြားနား ထားသော အမှေးလွှာတို့ကို ဆုတ်ဖြတ်ဖောက်ခွဲတတ်တယ်။ ဒီ အခါမှာ သတ္တ၀ါသေရတယ်။ ဒီလေဟာ ဒီလိုဆုတ်ဖြဲ ဖောက်ခွဲတတ်သဖြင့် ဒါးငယ်ဦးချွန်းနဲ့ တူလို့ လေဓါးမြောင်လို့ခေါ်တယ်။ ပြီးတော့ “အင်္ဂမင်္ဂါနုသာရီလေ” ဖျက်ဆီးဖောက်ပြန်ထကြွသောင်းကျန်းရင်၊ မျက်စိကြော, နားကြော, မေးကြော, လည်ပင်းကြော, ကိုယ်ကြော, ခြေထောက်ကြော အစရှိတဲ့ အကြောငယ် အကြောဆက်တို့ကို ဖြတ်လိုက်ရင် ပါးစပ်ရွဲ့ လည်ပင်းစောင်း, ကိုယ်တခြမ်းသေစတဲ့ အလွန်ဆိုးဝါးလေမျိုးကို “လေသင်ဓုန်း”လို့ခေါ်တယ်။
    အလုပ်စခန်းမှာ- နှာခေါင်းဝမှ ၀င်သက်ထွက်သက်လေနဲ့ ဖိုနှုတ်သီးဝမှ ၀င်သက်ထွက်သက်လေကို လက်ဝါးနဲ့ ခံစမ်းကြည့်၊ တိုးဝှေ့ တိုက်လွင့်ခြင်းကိစ္စရှိတဲ့ အဟုန်သဘော၊ လှုပ်ရှားသွားလာခြင်း အတူတူဆိုတာ တွေ့ရလိမ့်မယ်။ ဒီ နှာခေါင်းကထွက်လာတဲ့လေဟာ “ငါမဟုတ်၊ ငါ့ဥစ္စာမဟုတ် တိုးဝှေ့တိုက်ခတ်ခြင်းသဘောဖြစ်တယ်”လို့ သိရမယ်။ ငါ သာဓက တခုပြမယ်။
    ဘုရားရှင်လက်ထက်က နာဂသမလ အမည်ရှိတဲ့ မထေရ်မြတ်တစ်ပါးဟာ မြို့တွင်းကို ဆွမ်းခံဝင်လာတဲ့အခါမှာ လမ်းဆုံတခုမှာ “ရုပ်ရေအတန်ပြေပြစ်လှပတဲ့ ကချေသည်မတစ်ယောက် လူထုပရိသတ်ကြီး စွဲလောက်အောင် ခါး, ရင်, တင်နဲ့ အမျိုးမျိုးလှုပ်ရှား ကပြ အသုံးတော်ခံနေတာ”ကို သွားပြီးတွေ့ရတယ်။ ဒီ အခါမှာ မထေရ်မြတ်က “အင်း.... ရုပ်ရေရူပကာယ ကလဲ လှပပါပေတယ်၊ အက အခုန်ကလဲ ကောင်းပါပေတယ်၊ ဒါကြောင့်မို့လဲ ပုထုဇဉ်အကန်းတွေကို သူ့ရူပါရုံညွတ်ကွင်းနဲ့ အမိဖမ်းနိုင်တာပဲ”လို့ ယောနိသောမနသိကာရ (မှန်ကန်တဲ့နှလုံးသွင်းမှု)ကို ဖြစ်စေပြီး “ဒီချောမောလှပတာဟာ မိန်းမ မဟုတ်, ရုပ်နာမ်ခန္ဓာငါးပါးသာ ဖြစ်တယ်၊ ယခုလို လှုပ်ရှားကခုန်နေတာလဲ အတွင်းက လေဓာတ်, မြေဓာတ်, ရေဓာတ်တို့ လှုပ်ရှား တိုက်လွင့်နေခြင်းသာဖြစ်တယ်။ အတွင်းလေဓာတ်က တွန်းကန် လှုပ်ရှားနေလို့ မျက်လုံး, မျက်တောင်, မေး, လက်, ခြေတွေလှုပ်ရှားမှု ဖြစ်ရတာပဲ။ ဗဟိဒ္ဓ အပြင်လေ တိုက်ခတ်ခြင်းခံရတဲ့အခါ သစ်ပင်များ လှုပ်ရှားသကဲ့သို့ပါတကား”လို့ သတိသမ္ပဇဉ်နဲ့ ယှဉ်ပြီး ခန္ဓာဘက်သို့ ၀ိပဿနာဉာဏ်လှည့်လိုက်တော့ ခဏလေးနဲ့ ရဟန္တာ ဖြစ်သွားတယ်။
    အဲဒီလို အဖြစ်သဘောအပျက်သဘောမသိ၊ ဓာတ်အကြောင်းနားမလည်တဲ့ မင်းတို့အဖို့တော့ အလွန်ကြည့်ကောင်းနေမှပေါ့။ ဒါကြောင့် မင်းတို့ကို ဓာတ် ၆-ပါး၊ ခန္ဓာငါးပါးအကြောင်း ကျကျနန ရှင်းပြောနေတာ၊ ဒါတွေအရေးကြီးတယ်နော်။

    (၅) အာကာသဓာတ်။        ။ အာကာသဓာတ်မှာလဲ ဗဟိဒ္ဓ= အပြင်အာကာသဓာတ်၊ အဇ္ဈတ္တ= အတွင်းအာကာသဓာတ်လို့ ၂-ပါးရှိတယ်။  (က)အပြင်အာကာသဓာတ်ဆိုတာ ရေမြေတို့၏ အောက်မှာရှိတဲ့ အာကာသ၊ ရေမြေတို့အပေါ်မှာရှိတဲ့ အာကာသ၊ ကျောင်း တိုက်တာ အဆောက်အဦးတို့အတွင်း ရေဓာတ် မြေဓာတ်တို့နဲ့ မထိပဲ ရှိတဲ့နေရာအားလုံးကိုလဲ အပြင်အာကာသလို့ ခေါ်တယ်။ (ခ) အတွင်းအာကာသဆိုတာကတော့ နားပေါက်, နှာခေါင်းပေါက်, ပါးစပ်ပေါက် စသော မြေဓာတ်မရှိပဲ ဟင်းလင်းပြင် အပေါက်ဟူသမျှကို အဇ္ဈတ္တ အတွင်းအာကာသလို့ ခေါ်တယ်။ အခေါင်းပေါက်ရှိတဲ့ တောင်ပို့ သစ်ပင်တွေ့တဲ့အခါ ဒါတွေဟာ အပြင်အာကာသတွေပဲ ငါ့ကိုယ်မှာရှိတာနဲ့ အတူတူပဲ၊ အတွင်းအပြင်သာ ကွဲတာပဲလို့ ရှုတတ်ရမယ်။

    ဟင်းအိုးနဲ့ ဓာတ် ၅-ပါး။        ။ မင်းကို ဥပမာတခုပြအုံးမယ်။ ပွက်ပွက်ဆူနေတဲ့ဟင်းအိုးကို ဓာတ် ၅-ပါး ကွဲပြားအောင်ခွဲပြမယ်။ သေသေချာချာမှတ်ထား၊ ဟင်းအိုးအတွင်းက အတုံးတွေ, အဖတ်တွေဟာ မြေဓာတ်လို့မှတ်ထား၊ အရေဟူသမျှကို ရေဓာတ်လို့မှတ်ထား၊ အဲဒီ ဟင်းအိုးထဲကိုနှိုက်ရင် ပူတာလောင်တာကို တွေ့မယ်။ ဒါကို မီးဓာတ်လို့ မှတ်ထား၊ အဖတ်တွေ အရေတွေကို တိုးတက်တိုက်လွင့်နေတဲ့ အဟုန်၊ အပေါ်ကို တရှူးရှူး တရှဲရှဲ တက်နေတဲ့ အခိုးအငွေ့ကို လေဓာတ်လို့မှတ်ထား၊ အိုးနှုတ်ခမ်းဝအတွင်း ဟင်းလင်းလပ်နေတဲ့နေရာကို အာကာသဓာတ်လို့မှတ်ထား။

    ကောင်းပြီး၊ ဒီဟင်းအိုးထဲက အဖတ်ကို ကိုင်ကြည့်ရင် ပူမယ်။ ပူတာအဖတ်မဟုတ်၊ အဖတ်ဟာအပူမဟုတ်၊ အဖတ်ကမြေဓာတ်ပဲ၊ ပူခြင်းသဘောက မီးဓာတ်၊ ဓာတ်ဆိုတာ အရာဝတ္ထု အကောင်အထည်မရှိဘူး။ မီးတောက်ကို လက်နဲ့ကိုင်ဖမ်းကြည့်ပါ။ မင်း သိလိမ့်မယ်။ အရေတွေကို လက်နဲ့နှိုက်ကြည့်၊ ပူရမယ်။ အပူဟာ အရေမဟုတ်၊ အရေဟာ အပူမဟုတ်၊ အရေက ရေဓာတ်၊ ပူခြင်းသဘောက မီးဓာတ်၊ ကိုင်း တရှူးရှူးတရှဲရှဲမြည်နေတဲ့အိုးထဲက အခိုးအငွေ့အဟုန်တွေကို လက်ဝါးခံပြီးထားရင် ပူရမယ်။ ဒီပူတာဟာ အခိုးမဟုတ်၊ အခိုးအဟုန်ဟာ အပူမဟုတ်၊ အခိုးအဟုန်တွေက လေဓာတ်၊ ပူခြင်းသဘောက မီးဓာတ်၊ ဒီ မီးဓာတ်ဟာ မြေဓာတ်၊ ရေဓာတ်၊ လေဓာတ်၊တို့ကို စွဲပြီးလောင်နေတယ်။ ဒါဟာ ပူတဲ့ ဥဏှမီးနဲ့ ယှဉ်တဲ့ ဓာတ် ငါးပါးပဲ၊ အေးတဲ့ သီတမီးနဲ့ ယှဉ်ပြီးဖြစ်တဲ့ ဓာတ်ငါးပါးကတော့ ဘိလပ်ရည်ပုလင်းကို ကြည့်ပေါ့။

    (၆) ၀ိညာဏဓာတ်။    ။ ၀ိညာဏဓာတ်ဆိုတာ အာရုံဆီသို့ ရှေးရှုပြေးသွားတတ်၊ ညွတ်တတ်တဲ့ အနက်သဘောကြောင့် နာမ်လို့ခေါ်တယ်။ စောစောကပြောခဲ့တဲ့ ဓာတ် ၅-ပါးတွေဟာ အပူအအေးစသည်တို့ကြောင့် ဖောက်ပြန်တတ်တဲ့ သဘောရှိလို့ ရုပ်လို့ခေါ်တယ်။ ဒါကြောင့် ဓာတ် ၆-ပါးကို  အကျဉ်းချုံးပြီး “ရုပ်ဓာတ် နာမ်ဓာတ်”လို့ ၂-ပါးပဲခေါ်ရတယ်။ ယခင်က ဓာတ်ငါးပါးဟာ ရုပ်ဓာတ်၊ ဒီရုပ်တွေလှုပ်ရှား ပျက်ပြားခြင်း၊ ကောင်း ဆိုး ဝေဖန်ခံစားခြင်းကို သိမှုက “၀ိညာဏဓာတ်”လို့ ခေါ်တယ်။

    အဲဒီတော့ မင်းတို့ သဘောပေါက်ရဲ့လား၊ မင်းတို့က ဗဟိဒ္ဓ အပြင် ရုပ်ဓာတ် ၅-ပါးကိုတော့ “သူပဲ၊ ငါပဲ၊ ယောက်ျား၊ မိန်းမ မခွဲခြားပဲ” အဇ္ဈတ္တ=အတွင်းဓာတ် ၅-ပါးကိုသာ ယောက်ျား, မိန်းမ, သူ, ငါ, ခွဲခြားပြီး စွဲမှတ်နေကြတာ။ မင်းတို့ရဲ့ အတွင်းဓာတ်တွေဟာ အခုလို တစ်လုံးတည်းတစည်းတည်း ပေါင်းစပ်မနေပဲ၊ အပြင်ဓာတ်တွေလို တကွဲတပြားစီနေမယ်၊ ပိုင်းခြားတတ်မယ်ဆိုရင်၊ ပုဂ္ဂိုလ်, သတ္တ၀ါ, သူ, ငါ, ယောက်ျား, မိန်းမလို့ စွဲထင်နေမှာမဟုတ်ဘူး။ ယောက်ျားမိန်းမဆိုတာ ဓာတ် ၆-ပါးပဲရှိတယ်။ “ပညတ်” အဆိုသာ ယောက်ျားမိန်းမ ခွဲကြတာပါ။ အဟုတ်မရှိ၊ တကယ်မရှိပါဘူး။ အဟုတ်ရှိ တကယ်ရှိတာက တကိုယ်လုံးမှာရှိတဲ့ မာမှု၊ ပျော့မှုဆိုတဲ့ ပထ၀ီဓာတ်၊ ဖွဲ့စည်းမှု ယိုစီးမှုဆိုတဲ့ အာပေါဓာတ်၊ ပူမှု အေးမှုဆိုတဲ့ တေဇောဓာတ်၊ တောင့်တင်းမှု ဖောင်းပွမှု ထောက်ကန်လှုပ်ရှားမှု ဆိုတဲ့ ၀ါယောဓာတ်၊ ရုပ်ကလာပ်တွေအချင်းချင်း မရောစပ်ရအောင် ပိုင်းခြားထားတဲ့ အာကာသဓာတ်၊ သိမှုဆိုတဲ့ ၀ိညာဏဓာတ်၊ ဒီဓာတ် ၆-ပါးသာ ပေါင်းစပ်နေခြင်းဖြစ်တယ်။ သဘောပေါက်ပြီးလား။
    ကဲ.... မင်း အခု “ရုပ် ဓာတ် နာမ် ဓာတ်” ဆိုတာ ကွဲကွဲပြားပြားသိပြီနော်၊ “ဒိဋ္ဌိ”ခွါပုံလဲ ပြပြီးပြီ။ ပဋိစ္စသမုပ္ပါဒ်နည်းနဲ့လဲ ခွဲပြပြီးပြီ။ ဒီတော့ မင်းရဲ့ တာဝန်က အလုပ်လုပ်ဖို့ပဲ ကျန်တော့တယ်။ ကဲ မင်းပြန်ပြီး တရားအားထုတ်ချေတော့။

မိုးကုတ်ဆရာတော်ဘုရားကြီး၏ သြ၀ါဒတရားများမှ
(၁၃၁၉-ခု တော်သလင်းလ၌ “ထေရုပ္ပတ္တိနှင့်ကျင့်စဉ်”ရေးသူ ဦးကျော်သိန်းအား ဟောကြားသော တရား ၃-ပုဒ် မှ)

No comments: