Pages

Thursday, May 10, 2012

တရားအားထုတ်ရာ၌ ရှေးဦးမှတ်ဖွယ် (၂)

    (နှစ်နာရီလောက်ထိုင်ပြီး ပြန်လာတော့) မင်း သမာဓိကောင်းကောင်း ရရဲ့လား၊ (ရပါတယ်ဘုရား အလင်းရောင်လဲ မြင်ရပါတယ်ဘုရား)၊ အို..... ဒါတွေဂရုမစိုက်ပါနဲ့၊ ဒီလိုသမာဓိရလာရင် ပညတ် နိမိတ်အာရုံအမျိုးမျိုး၊ ပရမတ်နိမိတ်အာရုံ အမျိုးမျိုးတွေ မြင်မယ်၊ ဒါတွေကို ဆက်မလိုက်နဲ့၊ မင်း ဝေဒနာကောတွေ့ရဲ့လား၊ (တွေ့ပါတယ်၊ ကြာကြာဖိထိုင်တော့ ထုံကျင်ကိုက်ခဲလာပါတယ်ဘုရား)၊ အဲဒါကို ဆက်လိုက်သလား (လိုက်ပါတယ်ဘုရား)၊ မင်း ဝေဒနာကို တမင်တကာ လုပ်ယူသလို ဖြစ်နေတယ်။ ထိုင်နည်း လိုသေးတယ်။ ထိုင်တဲ့အခါ တင်ပလ္လင်ခွေထိုင်ပါ။ ခါးကို ဖြောင့်ဖြောင့်မတ်မတ်ထား၊ ရှေ့လဲမငိုက်နဲ့၊ ဘေးလဲမစောင်းနဲ့၊ ခေါင်းလဲ ဘယ်ဘက်မှ မစောင်းပါနဲ့၊ မင်းရဲ့ခါးအထက်ပိုင်းကိုယ်ကြီးဟာ ရှေ့နောက် ဘေး ယိမ်းယိုင်နေရင်၊ အရိုးအဆစ်တွေ အဆက်ချင်းတည့်တည့် (တဲ့တဲ့) မနေတဲ့အတွက် မကြာခင် နာလာလိမ့်မယ်။ ဝေဒနာကိုတွေ့ဖို့ရာထားဦး၊ သမာဓိကိုရအောင်တောင် မထိုင်နိုင်ပဲ နေရမှာစိုးရတယ်။ ခါးအောက်ပိုင်းကလည်း သိပ်တင်းကြပ်ပြီး ခြေထောက်ချင်း ဖိမထားရဘူး။ ဖိထားလို့ရှိရင် သွေးလွှတ်ကြောသွေးပြန်ကြော ကိုက်ခဲလာမယ်။ ဒီတော့ ထိုင်နည်းမမှန်ရင် ဝေဒနာကိုတမင်လုပ်ပြီး ယူရာကျမယ်။ ဒီအချက်တွေဟာ မင်းတို့လို တရားထိုင်စ ယောဂီတွေအတွက် အရေးကြီးတယ်။
    ယောဂီများဟာ မိမိတို့ကြိုက်တဲ့ ဣရိယာပုတ်နဲ့ အားထုတ်နိုင်တယ်။ ဒါပေမဲ့ ထိုင်ခြင်းဣရိယာပုတ်ဖြင့် အားထုတ်တာက စိတ်တည်ငြိမ်မှု “သမာဓိ” ရလွယ်လို့ ပိုကောင်းတယ်။ ၀င်သက်ထွက်သက်ကို မှန်မှန်ရှူရှိုက်ရမယ်။ သိပ်ပြင်းပြင်းထန်ထန် မြန်မြန်ဆန်ဆန် ရှူရှိုက်လို့ရှိရင်၊ ကိုယ့်ကိုယ်ကို ညှဉ်းဆဲရာကျမယ်။ မင်း အခု (၀င်သက်) ရှူလိုက်တဲ့အခါ၊ လေထဲမှာရှိတဲ့ တေဇောဓာတ်ဟာ  အဆုတ်မှာရှိတဲ့ လေအိတ်က လေများစွာ ရှိတဲ့နေရာ ရောက်တဲ့အခါ ခန္ဓာကိုယ်အတွက် အပူခွန်အား (တေဇောဓာတ်) ရရှိတယ်။ ဒါကြောင့် အဆုတ်ရောက်အောင် အသက်ရှူလိုက်တဲ့အခါတိုင်း အဆုတ်ဟာ ကျယ်ပြန့်သွားနိုင်အောင် ခန္ဓာကိုယ်အထက်ပိုင်းကို တရားထိုင်တဲ့အခါ တည့်တည့်မတ်မတ်ထားရမယ်။ အဲဒီလိုထားရင် အဆုတ်လေအိတ်ကလေးတွေ လေပြည့်နေမယ်။ လေပြည့်နေမှ မိမိခန္ဓာကိုယ်ကြီးကို နာရီများစွာ တရားထိုင်နိုင်မယ်။ အဆုတ်ကို လေအပြည့်မသွင်းနိုင်ရင် မောပန်းလာမယ်။ ဒီအချက်ဟာ တရားထိုင်တဲ့ ယောဂီများအတွက် အရေးကြီးတယ်။ မင်းတို့ ၀င်လေကို တခါပြင်းပြင်းရှူလိုက်ရင် နှလုံးဟာ  ၄-ကြိမ်လှုပ်ရှားရမယ်။ ညှစ်ထုတ်ရမယ်။ တမိနစ်မှာ ၁၆-ကြိမ်မှ ၁၈-ကြိမ်အထိ အသက်ရှူရှိုက်ရတယ်။ နှလုံးကတော့ ၆၄-မှ ၇၂-အထိ လှုပ်ရှား ညှစ်ထုတ်ရတော့ အသက် (လေ)ကို မြန်မြန်ပြင်းပြင်းရှူလိုက်ရင် နှလုံးဟာ ဘယ်လောက်အလုပ်များပြီး ပင်ပန်းမလဲ၊ တရားမရပဲ ရောဂါရဖို့သေချာတယ်။
    အဆုတ်ရဲ့အင်အားနဲ့ ယူဆောင်လာတဲ့ တေဇောဓာတ်က အစာအိမ်၊ အူသိမ်၊ အူငယ်များကို ပြုပြင်ပေးလိုက်တော့ အစာအဟာရကြေညက်ပြီး ခန္ဓာကိုယ်တခုလုံးကို ထောက်ပံ့ပေးတယ်။ ဒီအပြင် ဒီ သွေးဟာ ခန္ဓာကိုယ်အစိတ်အပိုင်းအသီးသီးမှ ဘေးဖြစ်စေတဲ့ အညစ်အကြေးအဆိပ်အတောက် အပျက်အစီးများကို  သက်ဆိုင်ရာအစိတ်အပိုင်းများမှတဆင့် ချေး, အခိုး, အငွေ့, ကျင်ငယ်အဖြစ်ဖြင့် အပြင်ထုတ်ပေးတယ်။ အဆုတ်မှတဆင့်  အဆိတ်အတောက်နဲ့ မကောင်းတဲ့အခိုးအငွေ့များပါလာတဲ့လေကို ထွက်သက်လေဖြင့် ထုတ်ပစ်တယ်။ သွေးဟာ နှလုံးခုန်ခြင်းအားဖြင့် သွေးကြောထဲမှ ဖြစ်လိုက်ပျက်လိုက်နဲ့ လည်ပတ်ပြီး မကောင်းတဲ့သွေးညိုသွေးပုပ်တွေကို နှလုံးထဲက အဆုတ်ထဲ တွန်းထုတ်လိုက်တော့ မကောင်းတဲ့သွေးမှာ (တေဇောဓာတ်) အသစ်တစ်ဖန်နှလုံးထဲမှ သွေးနီအကောင်း ပြန်လည်ရရှိတယ်။ အဲဒီကတဖန် မကောင်းတဲ့အညစ်အကြေး အဆိပ်အတောက် အပျက်အစီးများကို ချွေး, ကျင်ငယ်, အငွေ့, အသက်ဖြင့် ပြန်ထုတ်ပြီး တပတ်လည်နေလို့ ငါတို့ မင်းတို့ အသက်ရှင်နေတယ်လို့ ခေါ်ရတာပဲ။ ဒို့ရဲ့ နှလုံးဟာ လက်သီးဆုပ်ပမာဏရှိတယ်။ အတွင်းမှာ အခေါင်းကြီးရှိတယ်။ ဒီအခေါင်းကြီးအတွင်းမှာ တဆုပ်စာလောက် (အသစ်အသစ်ဖြစ်နေတဲ့) နှလုံးသွေးနီ (တေဇော)ဟာ ရှိနေတယ်။ အဲဒီကောင်းတဲ့သွေးကို အသက်တစ်ခါရှူရင် တကိုယ်လုံးနှံ့အောင် ၄-ကြိမ်ညှစ်ပို့ရတယ်။ နှလုံးသားကို ဖြူချောပါးလှပ်တဲ့ အမှေးလွှာနဲ့ ဖုံးအုပ်ထားတယ်။ ဒီနှလုံးသားရဲ့ ညာဘက်ခန်းကတော့ မကောင်းတဲ့သွေးညိုတွေကို အဆုတ်ထဲတွန်းပို့ပေးတယ်။
    အဲဒီ လက်တဆုပ်စာရှိတဲ့ နှလုံးသွေးကို “ဟဒယ၀တ္ထုရုပ်”က မှီနေတယ်။ ဒီဟဒယ၀တ္ထုရုပ်ကို မနောဓာတ်၊ မနောဝိညာဏဓာတ် စိတ်၊ စေတသိက်တို့က မှီတည်နေတယ်။ ဒီမနောဝိညာဏဓာတ်စိတ်တွေက စေခိုင်းရာကို ဒီရုပ်တွေက လိုက်လိုက်လုပ်နေရတာပဲ၊ “အထည်ကိုယ်မရှိတဲ့စိတ်ဟာ နှလုံးတည်းဟူသော လိုဏ်ဂူထဲမှာ ကိန်းနေတယ်”လို့ ဘုရားက ဓမ္မပဒပါဠိတော်မှာ ဟောတယ်။ စိတ်, စေတသိက်တို့ရဲ့ အစွမ်းအာနုဘော်ကြောင့် နှလုံးဗူးအတွင်းရှိ တဆုပ်စာမျှရှိတဲ့ နှလုံးသွေးဟာ အဆင်းအမျိုးမျိုးပေါ်လာရတယ်။ (၁) ရာဂ အားကြီးစွာ ဖြစ်ပေါ်လာတဲ့အခါ၊ ဟင်းသပြဒါးရေလို နီနီရဲရဲ ဖြစ်ပေါ်လာတယ်။ (၂) ဒေါသ အားကြီးစွာ ဖြစ်ပေါ်လာတဲ့အခါ မဲပုပ်ပုပ် ဖြစ်ပေါ်လာတယ်။ (၃) မောဟ အားကြီးတဲ့အခါ အမဲသားဆေးရေနီလို နီကျဲကျဲဖြစ်လာတယ်။ (၄) ၀ိတက်အားကြီးတဲ့အခါ၊ ပဲပိဇတ်ပြုပ်ရေလို နီနောက်နောက်ဖြစ်လာတယ်။ (၅) သဒ္ဓါ အားကြီးစွာဖြစ်ပေါ်လာတဲ့အခါ၊ ၀ါဖြော့ဖြော့နေရာမှာ အ၀ါရင့်ဖြစ်လာတယ်။ (၆) ပညာအားကြီးစွာ ဖြစ်ပေါ်လာတဲ့အခါ၊ ဆွတ်ဆွတ်ဖြူရာမှ မှန်ကဲ့သို့ ကြည်လင်လာပြီး ပတ္တမြားလုံးလို အလင်းရောင်တွေ တောက်ပလာတယ်။ (စရိုက် ၆-ပါးအလိုက် သွေးအရောင်ပြောင်းလဲပုံကို ကောင်းကောင်းမှတ်ထားပါ)။
    ဒီနှလုံးက ညှစ်လွှတ်လိုက်တော့ ဗဟိုသွေးကြောက တကိုယ်လုံးပျံ့နှံ့သွားတော့ ဒေါသဖြစ်နေတဲ့လူဟာ မဲပုပ်ပုပ်သွေးများ တကိုယ်လုံးပျံ့နှံ့သွားတယ်။ အသားတွေလဲ ဒေါသဖြစ်လွန်းတော့ နီပြီး တုန်လာတာတွေ့ရတယ်။ အေး.... နောက်တော့ ညိုပုပ်လာပြီး မကောင်းတဲ့ပြစ်မှုမျိုးစုံ ကျူးလွန်တဲ့အထိ ဖြစ်လာတာပေါ့။ ဘုရားရဟန္တာများကျတော့ နှလုံးသွေးဟာ အထူးကြည်လင်လို့  ကိုယ်ရောင်ကိုယ်ဝါတွေဟာ တကိုယ်လုံးတောက်ပလာပြီး ရောင်ခြည်တော်လွှတ်တဲ့အထိ ဖြစ်ပေါ်လာရတယ်။ ရူးသွားတာလဲ ဒီ နှလုံးသွေးပဲကွ။ ကြောက်အားကြီးရင်လဲ ဒီနှလုံးသွေးက အေးပြီး ပြစ်ချွဲလာတော့ တကိုယ်လုံးအေးစက်လာတယ်။ အအေးလွန်လို့ ပြစ်ချွဲလာပြီး နှလုံးသွေးရပ်သွားတော့ သေရတာပေါ့။ ဒီနှလုံးသွေး ထွက်ရာ ၀င်ရာ အ၀မှာ အဆို့ရှင် လိပ်ပြာတောင်ကလေး ၂-ခုရှိတယ်။ စိတ်, စိတ္တဇ, ဥတုဇလေကြောင့် ဒီလိပ်ပြာတောင်နှစ်ခုဟာ အချက်ကျကျ ခတ်ပေးလိုက်လို့ ဒီသွေးတွေဟာ ဒိတ်, ဒိတ်, ဒိတ်, ဒိတ်နဲ့ အချက်ကျကျ တကိုယ်လုံးပျံ့နှံ့နေတာပေါ့။ ဒီ စိတ်ဟာ နှလုံးသွေးကိုမှီတယ်၊ ဒီ နှလုံးသွေးဖောက်ရင် စိတ်လည်း ဖောက်ပြန်လာတယ်။ ဒါ သေသေချာချာမှတ်ထားနော်။
    ကောင်းပြီ၊ လည်ပင်းသွေးကြော ၂-ခုကို ဖိနှိပ်ထားလိုက်ရင် နှလုံးသွေးကြောနဲ့ တဆက်တည်းဖြစ်နေတော့ သွေးဖောက်ပြန်ပြီး ဘ၀င်ကျ မေ့သွားတတ်တယ်။ အေး... ဒါကြောင့် တရားထိုင်ချိန်မှာ လည်ပင်းကို ရှေ့နောက်ဝဲယာ စောင်းငဲ့နေရင် အချိန်ကြာမြင့်တော့ ထိုင်းမှိုင်း တွေဝေမေ့မြောနေတတ်တယ်။ ဒါဟာ တရားအားထုတ်တဲ့ယောဂီတွေ ကြပ်ကြပ်သတိထားဖို့လို့တယ်လို့ အမြဲသတိပေးနေရတာပေါ့။ မင်းက တခါမှအားမထုတ်ဘူးတော့ ခန္ဓာကိုယ်ကြီးကို ဓာတ်သဘောနဲ့ ဘယ်လို့ဖွဲ့စည်းနေတယ်ဆိုတာ ရှင်းအောင် ပြောရတာ။ ကဲ...... ဒါလောက်ပဲပြောမယ်။ မင်းလဲ သွားပြီး တရားအားထုတ်ချေတော့။

မိုးကုတ်ဆရာတော်ဘုရားကြီး၏ သြ၀ါဒတရားများမှ
(၁၃၁၉-ခု တော်သလင်းလ၌ “ထေရုပ္ပတ္တိနှင့် ကျင့်စဉ်”ရေးသူ ဦးကျော်သိန်း အား ဟောကြားသော တရား ၃-ပုဒ်မှ)

No comments: