Pages

Friday, May 11, 2012

လှည့်စားလိမ်ညာ တဏှာ အ၀ိဇ္ဇာ

    ဘ၀သံသရာမှာ ကုသိုလ်နဲ့ အကုသိုလ် ဘယ်အမှုကို အများဆုံး ပြုခဲ့သလဲလို့မေးရင် အကုသိုလ်အမှုကိုသာ အများဆုံးပြုခဲ့ပါတယ်လို့ ဖြေရမှာပါပဲ။ ဒါဖြင့် သည်ဘ၀မှာရောလို့ ထပ်ဆင့်မေးပြန်ရင်လည်း အကုသိုလ်အမှုဘက်က အနိုင်ရဦးမှာပါပဲ။
    ဘာဖြစ်လို့လဲဆိုတော့ အချိန်တိုင်းမှာ မောဟဆိုတဲ့ အ၀ိဇ္ဇာပေါ်မှာ စိတ်ကို အထိုင်ချခိုင်းထားတာကိုး။
    အမှားကို အမှန်လို့ထင်၊ အမှန်ကို လုံးဝမသိတဲ့ “မောဟ”ဟာ “ပမာဒ”ဆိုတဲ့ မေ့လျော့ခြင်း ရေစီးကြောင်းပေါ်မှာ အသိမဲ့မျောပါ နေတော့တာ။
    သစ္စာတရားကို မသိခြင်းဆိုတဲ့ အ၀ိဇ္ဇာကို ထွေးပိုက်ထားသရွေ့ အကုသိုလ်အမှုကို အလွယ်တကူ ကျူးလွန်နေတယ်လို့ ဆိုရတော့မှာပါပဲ။ ဒါပေမယ့် စိတ်သန္တာန်ထဲက မောဟ သို့မဟုတ် အ၀ိဇ္ဇာဓာတ်ခံဟာ ကိုယ့်ကိုယ်ကို အကုသိုလ် အမှုကို အချိန်တိုင်းမှာ ကျူးလွန်နေမိပါပေါ့လားလို့ မသိအောင် ဖုံးဖိပေးထားပါတယ်။
    မူရင်းဓာတ်ခံ မောဟကို ခြေစုံနင်းရင်နဲ့ ပုထုဇဉ်တွေဟာ တစ်ခါတစ်ခါ စိတ်လိုလက်ရရှိခိုက်မှာ ကုသိုလ်အမှုတွေ ဆောင်ရွက်ဖြစ်တတ်ကြပါတယ်။
    ဒါပေမယ့် သစ္စာလေးပါးကို ခွဲခွဲခြားခြား နားလည်မထားတော့ နိရောဓသစ္စာဘက်ဆီ စိတ်ညွှတ် ဦးလှည့်ဖို့နေနေသာသာ ကိုယ်ရထားတဲ့ ခန္ဓာငါးပါး ဒုက္ခသစ္စာတရားကိုပဲ ပြန်ဆုတောင်းကြပါတော့တယ်။
    “နတ်ဖြစ်ပါစေ၊ လူဖြစ်ပါစေ၊ နောင်ဘ၀ သည်ထက်ကောင်းစားပါစေ၊ နောင်ဘ၀သည်ထက် ချမ်းသာပါစေ” စသဖြင့်ပေါ့။ ဒါဟာ ဘာလဲဆိုတော့ သမုဒယသစ္စာအပေါ်မှာ ခင်တွယ်အားကြီးတဲ့ တဏှာကြောင့်ပါပဲ။ တစ်ဖက်မှာလည်း ဘုရားရှင် ညွှန်ပြခဲ့တဲ့ မဂ္ဂသစ္စာကို ထဲထဲဝင်ဝင် မသိသေးတာလည်း ပါတာပေါ့လေ။ မဂ္ဂသစ္စာကို နားလည်ဖို့ရာ မဂ္ဂင်ရှစ်ပါးအကျင့်မြတ်ကို ကိုယ်တိုင်အားထုတ်ဖြစ်ဖို့ လိုပါတယ်။
    သစ္စာလေးပါးကို ထုံးလိုခြေ ရေလိုနှောက်၊ ထိုးဖေါက်မွှေနှောက်ချောက်ချား သတိထားကြည့်လေမှသစ္စာဆိုတဲ့ အမှန်တရားအပေါ်မှာ သိမြင်ဉာဏ်ရှင်းနိုင်ပါလိမ့်မယ်။ ဒီတော့မှ ကိုယ်ဟာ သမုဒယ သစ္စာကြောင့် ဖြစ်လာခဲ့တာ။ သမုဒယသစ္စာကိုပဲ အာရုံပြုခဲ့တော့ ရလာတာက ခန္ဓာငါးပါး ဒုက္ခသစ္စာ၊ ဟော.... ရလာတဲ့ ဒုက္ခသစ္စာနေရာမှာ ဘုရားရှင် မိန့်မှာခဲ့တဲ့ မဂ္ဂသစ္စာကို အစားထိုးကုစားဖို့ရာ အကြားအမြင်မရှိ၊ သတိအသိ မ၀င်မိလေတော့ ဒုက္ခသစ္စာချုပ်ငြိမ်းမယ့် နိရောဓသစ္စာဘက်ဆီကို ဦးမတည်မိဘူးပေါ့။
    နဂိုဒုံးရင်းဖြစ်တဲ့ သမုဒယသစ္စာကိုပဲ အဖေါ်ကောင်းကြီးထင်ပြီး လှမ်းကိုင်ဖမ်းဆွဲထားပြန်လေတော့ နောင်ရလာမှာ ကလည်း ဒုက္ခသစ္စာပဲ ဖြစ်နေတော့တာပေါ့။ ဒါကြောင့်မို့ ကဋိစ္စသမုပ္ပါဒ်စက်ဝိုင်းထဲမှာ သမုဒယပြီး ဒုက္ခ၊ ဒုက္ခပြီးသမုဒယနဲ့ သစ္စာတရားနှစ်ပါးနဲ့ပဲ လည်ချင်တိုင်းလည်နေတော့တာ။ ဘီစီ-၅၈၈ ခုနှစ်၊ အရှေ့မဇ္ဈိ​မ​ဒေ​သ​မှာ ဘုရားရှင် ပွင့်ထွန်းပေါ်ပေါက်လာတော့မှပဲ တရားဦးဒေသနာ ဓမ္မစကြာရဲ့ အနှစ်ချုပ်အာနိသင်ဖြစ်တဲ့ သစ္စာလေးပါးကို သိခွင့်ရတော့တာ။ ဒီတော့မှ မဂ္ဂသစ္စာဆိုတဲ့ အကျင့်တရားတို့၊ နိရောဓသစ္စာဆိုတဲ့ မျက်မှောက်ပြုအပ်ရာ ဒုက္ခခပ်သိမ်း ချုပ်ငြိမ်းခြင်း တရားတို့ကို သံသရာထဲမှာ လည်ချင်တိုင်းလည်နေကြတဲ့ သတ္တ၀ါတွေ သိခွင့်ရတော့တာ။ ဒါတောင်မှ သတ္တ၀ါအနန္တနဲ့ နှိုင်းယှဉ်ရင် အရေအတွက် နည်းလွန်းလှပါတယ်လေ။
    ဘုရားရှင်လက်ထက်မှာ ကျွတ်တမ်းဝင်သွားတဲ့ ၂၄-အသင်္ချေ ဗိုလ်ခြေတစ်သိန်းဆိုတာ စကြ၀ဠာအနန္တမှာရှိတဲ့ သတ္တ၀ါအနန္တထက်စာရင် ဘာမျှမပြောပလောက်ပါဘူး။ ဒါကြောင့်မို့ ဘုရားရှင်က ယူဇနာနှစ်သိန်းလေးသောင်းရှိတဲ့ မဟာပထ၀ီမြေထုကြီးနဲ့ လက်သည်းခွံပေါ်က မြေမှုန့်ကလေးတွေရဲ့ အရေအတွက်နဲ့ နှိုင်းယှဉ်ပြီး အရှင်အာနန္ဒာကိုပြောခဲ့တာပေါ့။
    “ငါ ဘုရား၏ တရားတော်ကို နှစ်သက်လိုလားကြသူတွေဟာ ဟောဒီလက်သည်းခွံပေါ်က မြေမှုန့်ကလေးလောက်ပဲ ရှိပါတယ် ညီတော်အာနန္ဒာ၊ ငါဘုရား၏ တရားတော်၌ သက်ဝင်ယုံကြည်မှု မရှိသူတွေကတော့ ယူဇနာနှစ်သိန်းလေးသောင်းထုရှိတဲ့ ဟောဒီ မဟာပထ၀ီ မြေကြီးပေါ်က မြေမှုန့်တွေလောက်များပြားလှပါတယ်”တဲ့။
    ဒီတော့ကာ မောဟဆိုတဲ့ အ၀ိဇ္ဇာရဲ့ ဆွဲအားဟာ ဘယ်လောက် အားကောင်းထားသလဲဆိုတာ တွက်ဆကြည့်လို့ရပါတယ်။ သံသရာအစ- မောဟအ၀ိဇ္ဇာကလို့တောင် ဘုရားရှင်က ပဋိစ္စသမုပ္ပါဒ်ဒေသနာနဲ့ ထောက်ပြခဲ့ရတာ။ မောဟ အ၀ိဇ္ဇာနဲ့ စထားလေတော့ သင်္ခါရဆိုတဲ့ ကာယ၊ ၀စီ၊ မနောတွေနဲ့ ချီတက်မိတဲ့အခါ လိုချင်မှု တဏှာက အရိပ်အဖြစ်တောက်လျှောက်ပါလာတော့တာပါပဲ။
    ဒါကြောင့် မူလနှစ်ဖြာအဖြစ် အ၀ိဇ္ဇာနဲ့ တဏှာကို သတ်မှတ်လိုက်ရတော့တာပေါ့။
    လိုချင်မှုဆိုတဲ့ တဏှာဟာ သာမန်လူတွေမှ မဟုတ်ပါဘူး။ ဗျာဒိတ်ရပြီးတဲ့ ဘုရားအလောင်းတော်ရဲ့ စိတ်သန္တာန်ကိုလည်း စိုးမိုးအနိုင်ယူနိုင်ခဲ့တာပါ။ ဒီနေရာမှာ ဂေါတမ မြတ်စွာဘုရားအလောင်းတော်ရဲ့ တစ်ခုသောဘ၀ကို သာဓကပြချင်မိပါရဲ့။ ဘုရားအလောင်းတော်ဟာ တစ်ခုသောဘ၀မှာ စမ္ပာမြစ်အနီးမှာ ဆင်းရဲသားတစ်ဦးအဖြစ် နေထိုင်ခဲ့စဉ်က “စမ္ပေယျ”ဆိုတဲ့ နဂါးမင်းကို အမြဲတမ်း တွေ့ခဲ့ရပါတယ်။ အဲဒီအခါ စမ္ပေယျနဂါးမင်းရဲ့ စည်းစိမ်ခံစားပုံတွေကို တွေ့မြင်အားကျလေတော့ နဂါးမင်းဖြစ်ဖို့အတွက် ဒါန၊ သီလ ကုသိုလ်တွေကို ပြုတော့တာပါပဲ။ နဂါးမင်းဖြစ်ရင်တော့ ဆင်းရဲသားဘ၀က လွတ်မယ်ဆိုတဲ့ အတွေးနဲ့ပေါ့။ ဒါနဲ့ပဲ နဂါးမင်းဖြစ်ဖို့ အာရုံညွှတ်ဆုတောင်းပြီး ကုသိုလ်ကောင်းမှုတွေ ပြုခဲ့လေတော့ သေတဲ့အခါ နဂါးမင်းဖြစ်သွားတော့တာပါပဲ။ အဲဒီအချိန်ကျမှ စိမ်းရွှေရွှေအနံ့နဲ့ မသတီစရာ အတ္တဘောခန္ဓာကြီးရလေတော့ နဂါးမင်းဘ၀ကို ရွံရှာစက်ဆုပ်သွားတော့တယ်။ အဲဒီတော့မှ လူကနေ နဂါးဖြစ်ခဲ့တဲ့ ဘ၀ကို နောင်တရမိလေရဲ့။ ဒါပေမယ့် ကာလက လွန်ခဲ့ပြီလေ။
    ဒါနဲ့ပဲ ကိုယ့်ကိုယ်ကို သေကြောင်းကြံဖို့ ကြံစည်မိတာပေါ့။ ဒီအချိန်မှာ သုမနာဆိုတဲ့ နဂါးမလေးက နတ်အသွင်ဖန်ဆင်းပြီး အဖေါ်များကို နှိုးဆော်ပြီးကခုန်ပြတဲ့အခါ နဂါးမင်း ဘ၀ရောက်နေတဲ့ ဘုရားအလောင်းလည်း မေ့လျော့ပြီး ပျော်ပါးခဲ့တော့တယ်။
    ဒါဟာ “တဏှာဆိုတာ ရောက်ရာဘ၀၊ ရောက်ရာ အာရုံမှာ နှစ်သက်ပျောမွေ့လေ့ရှိတယ်” ဆိုတဲ့ သဘောပါပဲ။
    ဒီသဘောကို သက်သေပြတဲ့အနေနဲ့ ဘုရားရှင်ဟာ ကိုယ့် အတိတ်ဇာတ်ကြောင်းကို ပြန်လှန်ပြောပြပြီး ဝေနေယျတွေကို သံဝေဂရစေဖို့နဲ့ တဏှာရဲ့သတ္တိကို မြင်နိုင်အောင် ဆုံးမခဲ့တဲ့ တရားတစ်ပုဒ်ပါပဲ။ ဒီတော့ကာ တဏှာနဲ့ အ၀ိဇ္ဇာ မပေါင်းမိရလေအောင် အ၀ိဇ္ဇာနေရာမှာ ၀ိဇ္ဇာဆိုတဲ့ သတိတရား အသိဉာဏ်ကို အစားထိုးဖြစ်ဖို့ အရေးကြီးလှပါတယ်။
    ဒါကြောင့် မဂ္ဂင်ရှစ်ပါးအကျင့်မြတ်တရားဟာ သတ္တ၀ါတိုင်းအတွက် မရှိမဖြစ် ရှိသင့်တဲ့တရား၊ မလုပ်မဖြစ် လုပ်သင့်တဲ့တရား၊ အားမထုတ်လို့မဖြစ် အားထုတ်သင့်တဲ့ တရားပါလားလို့ အလေးအနက် နှလုံးသွင်းတတ်ဖို့ လိုပါတယ်။
    အ၀ိဇ္ဇာဓာတ်ခံရှိရင် တဏှာ လောဘဆိုတာ လာပေါင်းဖို့ အလွယ်လေး။
    စိတ်သန္တာန်မှာ ၀ိဇ္ဇာအသိဉာဏ်ဦးထားရင်တော့ တဏှာလောဘ ၀င်မလာနိုင်တော့ဘူးပေါ့။ ဒါကို သတိရှိဖို့ အပ္ပမာဒတရားကို လက်ကိုင်ထားနိုင်ဖို့အတွက် အတွေးတစ်စကို ရေးပြလိုက်ရတာပါ။

မြသန်းစံ  (၆-၁၁-၀၄)
မခံစားရခြင်း၏ ချမ်းသာ စာစုမှ

No comments: