Pages

Sunday, May 13, 2012

နိဗ္ဗာန် - ပရိနိဗ္ဗာန်

ပရိနိဗ္ဗာန် ၃-မျိုး။    ။ နိဗ္ဗာန်နှင့် ပရိနိဗ္ဗာန်သည် သဘောတူ၏။ ထို ပရိနိဗ္ဗာန်သည် ကိလေသာတို့၏ ငြိမ်းအေးခြင်းဟူသော ကိလေသပရိနိဗ္ဗာန်၊ ရုပ်ခန္ဓာတော်၏ ငြိမ်းအေးခြင်းဟူသော ခန္ဓပရိနိဗ္ဗာန်၊ ဓာတ်တော်တို့၏ ငြိမ်းအေးခြင်းဟူသော ဓာတုပရိနိဗ္ဗာန် အားဖြင့် ၃-ပါး အပြားရှိ၏။

ကိလေသပရိနိဗ္ဗာန်။    ။ သတ္တ၀ါတိုင်း၌ရှိသော လောဘ၊ ဒေါသ၊ မောဟ စသော ကိလေသာတို့သည် စိတ်ကို ပူလောင်စေကြကုန်၏၊ တဏှာ ရာဂ လောဘမီး၏ ပူလောင်မှုကြောင့် ဆရာမိဘ စသူတို့၏ စကားကိုမျှ နားမထောင်နိုင်ပဲ လုပ်ချင်ရာလုပ်ကြသူတွေ၊ အလိုမကျသော ဒေါသမီးကြောင့် ကိုယ့်ကိုယ်ကိုယ်ပင် သေကြောင်းကြံကြသူတွေကို ကြည့်လျှင် လောဘ၊ ဒေါသမီးတို့ ပူလောင်ပုံမှာ အလွန်ထင်ရှား၏။ ထို့သို့ လောဘမီး ဒေါသမီး အလောင်ခံရခြင်းမှာလည်း မောဟမီးက အကြောင်းအကျိုး မသိမမြင်နိုင်အောင် ဖုံးကွယ်ထားသောကြောင့်ဖြစ်၏။ ဥပမာ- ကလေးငယ်သည် ပူမှန်းမသိသောကြောင့် မီးကိုကိုင်ချင်သကဲ့သို့ (တချို့မှာကိုင်မိသကဲ့သို့)တည်း၊ ဗုဒ္ဓမြတ်စွာသည် အရဟတ္တဖိုလ်ကို ရသောအခါ ထို ကိလေသာ အပူမီးတို့ အလုံးစုံကုန်၍ ငြိမ်းအေးကြလေတော့၏။ ထို့ကြောင့် ( ကိလေသပရိနိဗ္ဗာနံ၊ ဗုဒ္ဓမြတ်စွာ၏ ကိလေသ ပရိနိဗ္ဗာန်သည်၊ ဗောဓိပလ္လင်္ကေ အဟောသိ၊ ဘုရားဖြစ်ရာ မဟာဗောဓိပလ္လင်၌ ဖြစ်ခဲ့ပြီ)ဟု ဉာဏ၀ိဘင်္ဂအဌကထာ(နှာ-၄၁၃-၌) မိန့်သည်။

ခန္ဓပရိနိဗ္ဗာန်။    ။ ရုပ်နာမ် ၂-ရပ်ပေါင်းစပ်၍ တည်နေသော ဤခန္ဓာကိုယ်သည် အေးချမ်း ငြိမ်းသက်ခြင်းမရှိသော အပူတုံးသာဖြစ်၏။ ဇာတိမီး၊ ဇရာမီး၊ မရဏမီးစသော မီးတစ်ဆယ့်တစ်ပါးသည် ဤခန္ဓာကိုယ်၌ တစ်မျိုးပြီးတစ်မျိုး လောင်လျက်ရှိ၏။ ဓမ္မစကြာ ပါဠိတော်၌ လာသော ချစ်သူနှင့်ကွဲရခြင်း၊ မုန်းသူနှင့်တွဲရခြင်း၊ အလိုရှိတာမရခြင်းကြောင့် ဖြစ်ရသော ဒုက္ခများသည်လည်း အပူများပင် ဖြစ်၏။ ထို့ကြောင့် သတ္တ၀ါတိုင်း၏ ခန္ဓာကိုယ်သည် ဒုက္ခအပူ မီးအပူတို့ဖြင့် အမြဲပူ၍နေ၏။
    အခြားသူ၏ခန္ဓာကိုယ်ကို မဆိုထားဘိ၊ ဗုဒ္ဓမြတ်စွာ၏ ခန္ဓာကိုယ်တော်သော်မှလည်း ၀မ်းတော်လားချိန်မှစ၍ အားတော်နည်းပါးရကား ၃-ဂါဝုတ်ခရီး၌ မကြာမကြာ နားတော်မူရခြင်း၊ ရေသောက်တော်မူလိုသောကြောင့် ရေခပ်စေတော်မူရခြင်းအားဖြင့် ခန္ဓာကိုယ်၏ အပူဒဏ်ကို ပင်ပန်းကြီးစွာ ခံတော်မူရပါသေးသည်။ ထို့ကြောင့် ညောင်စောင်းကလေး အပေါ်မှာပင် ဈာန်ပေါင်းများစွာ အကြိမ်ကြိမ်အခါခါ ၀င်စားတော်မူပြီး၍ စတုတ္ထဈန်မှ ထတော်မူသောအခါ ပဋိသန္ဓေနေတော်မူတုန်းကဖြစ်သော မဟာဝိပါက်ပထမစိတ်နှင့်တူသော ဘ၀င်စိတ်ဖြင့် ပရိနိဗ္ဗာန်စံတော်မူခြင်းသည် ရုပ်နာမ်ခန္ဓာဟူသော အပူတုံးကြီး၏ ငြိမ်းအေးခြင်းဟူသော ခန္ဓာပရိနိဗ္ဗာန်ပင် ဖြစ်ပါသည်။ ထို့ကြောင့် - ( ခန္ဓပရိနိဗ္ဗာနံ ကုသိနာရာယံ၊ ခန္ဓပရိနိဗ္ဗာန်သည် ကုသိနာရုံမြို့၌ ဖြစ်ခဲ့ပြီ)ဟု ဉာဏ၀ိဘင်္ဂအဋ္ဌကထာ (နှာ- ၄၁၃၌) မိန့်သည်။

မီးငြိမ်းခြင်း ဥပမာ။    ။ ဤခန္ဓပရိနိဗ္ဗာန် ဖြစ်တော်မူပုံကိုပင် ရည်ရွယ်တော်မူ၍ နိဗ္ဗန္တိ ဓီရာ ယထယံ ပဒီပေါ= ဘုရား ပစ္စေကဗုဒ္ဓါ ရဟန္တာဖြစ်သော ပညာရှိတို့သည် နောက်ဆုံးဝိညာဉ်ဖြစ်သော စုတိစိတ်တော်၏ ချုပ်ခြင်းအားဖြင့် ငြိမ်းအေးတော်မူကြပြီ၊ ဥပမာ- တောက်နေသော ဆီမီးသည် ဆီကုန်သောအခါ ငြိမ်းအေးသကဲ့သို့ဖြစ်သည်၊ ဟု ရတနသုတ်၌ ဗုဒ္ဓမြတ်စွာမိန့်တော်မူ၏။ ဤ မဟာပရိနိဗ္ဗာနသုတ် ပါဠိတော် (နှာ- ၂၁၉)၌လည်း( ‘‘ပဇ္ဇောတေဿဝ နိဗ္ဗာနံ ၀ိမောက္ခော စေတသော အဟု-ပရိနိဗ္ဗာန် စုတိစိတ်တော်၏ လွတ်မြောက်တော်မူခြင်းသည် မီးငြိမ်းပုံနှင့်တူသည်’’)ဟု အရှင်အနုရုဒ္ဓါ မိန့်တော်မူသည်။

ဓာတုပရိနိဗ္ဗာန်။    ။ ဗုဒ္ဓမြတ်စွာ၏ ဓာတ်တော်အားလုံး စုပေါင်း၍ ဓာတ်ပေါင်း ကိုယ်တော်ကို ဓာတ်မီးလောင်ပြီးမှ ငြိမ်းခြင်းကို (ဓာတုပရိနိဗ္ဗာန်)ဟု ခေါ်၏။ ချဲ့ပါဦးမည်။ သာသနာတော် ကိုးကွယ်မည့် လူတစ်ယောက်တစ်လေမျှ မရှိလောက်အောင် သာသနာဆုတ်ယုတ်သောအခါ နေရာဌာနအသီးသီး၌ တည်တော်မူသောဓာတ်တော်များသည် ဘုရားဖြစ်ရာ ဗောဓိပင်၌ စုပေါင်းကာ ရွှေတုံးကြီးကဲ့သို့ဖြစ်၍ ရောင်ခြည်တော်လွှတ်လိမ့်မည်။
    ထိုရောင်ခြည်တော်ကို ဖူးမြင်ရသောအခါ နတ်ဗြဟ္မာတို့သည် ကပျာကယာလာကြပြီးလျှင် အရိုးတော်ရွှေတုံးကြီး၌ တေဇောဓာတ်လောင်နေသည်ကို မြင်ရသောအခါ ‘‘ယခုမှ ဗုဒ္ဓမြတ်စွာ ပရိနိဗ္ဗာန်စံတော်မူတာပဲ’’ဟု ပြောကာပြောကာ အလွန်ဝမ်းနည်းစွာငိုကြွေးကြလေ၏။ အနာဂါမ်, ရဟန္တာ, နတ် ဗြဟ္မာတို့အား ‘‘ဖြစ်လေသမျှ ပျက်ရသည်သာ’’ဟု တရားသဘောကိုတွေးကာ သံဝေဂဉာဏ်ဖြင့် သည်းခံနိုင်ကြပေသည်။

လင်္ကာ။    ။ဓာတ်တော်မွေတော်၊ ကြွင်းပါသော်လည်း၊ ချွတ်ချော်သာသနာ၊ နောင်သောခါဝယ်၊ ရှိန်ဝါပျောက်ကြွေ၊ ကွယ်ပချေသော်၊ ထွေထွေရပ်နယ်၊ ဓာတ်သွယ်သွယ်လည်း၊ ကိုးကွယ်ကြမည့်၊ လူမရှိ၍၊ ဗောဓိပင်မှာ၊ စုပေါင်းကာဖြင့်၊ ရောင်ဝါလွှတ်ပြီး၊ ရွှေတုံးကြီးသို့၊ ဓာတ်မီးလောင်တောက်၊ ကုန်ဆုံးပျောက်က၊ လာရောက်ကြရှာ၊ နတ်ဗြဟ္မာတို့၊ သာသနာဗုဒ္ဓ၊ ယခုမှပင်၊ မုချအတည်၊ ကွယ်ရပြီဟု၊ ငိုမြည်တမ်းတ၊ သံဝေဂဖြင့်၊ မရယူကျုံး၊ ကိုယ်စိတ်ချုံးသည့်၊ နောက်ဆုံး သာသနာ့ပွဲတော်ဘုရား။

နိဗ္ဗာန် ၂-မျိုးမှ တစ်မျိုး နိဗ္ဗာန်
   
    ရဟန္တာအားလုံး၌ ရနိုင်သော ကိလေသပရိနိဗ္ဗာန်၊ ခန္ဓပရိနိဗ္ဗာန် ၂-မျိုးသည် ‘‘သိဝံ ပတ္ထေထ ဘိက္ခဝေ၊ သိဝံ ပတ္ထေတွာ ဒါနံ ဒါတဗ္ဗံ=ဘိက္ခုတို့ ဘေးခပ်သိမ်းတို့၏ အေးငြိမ်းရာ နိဗ္ဗာန်ကို တောင့်တ၍ ဒါနကိုပြုကြလော့၊ သီလကို ဆောက်တည်ကြလော၊ ဘာဝနာကို ပွားစေကြလော’’ ဤသို့ ဗုဒ္ဓမြတ်စွာ တိုက်တွန်းတော်မူအပ်သော နိဗ္ဗာန် မဟုတ်သေးပါ။

    ပြအပ်ခဲ့သော နိဗ္ဗာန် ၂-မျိုးသည် ‘‘ဒုက္ခခပ်သိမ်း အေးငြိမ်းရာဖြစ်သော အသင်္ခတဓာတ် နိဗ္ဗာန်တရားတော်မြတ်ကို လျင်မြန်စွာ မျက်မှောက်ပြုရပါလို၏’’ဟု လူအများ တောင့်တအပ် ဆုတောင်းအပ်သောအသင်္ခတဓာတ် နိဗ္ဗာန်တရားမြတ် မဟုတ်သေးပါ။
    ပြအပ်ခဲ့သော နိဗ္ဗာန် ၂-မျိုးသည် ‘‘ငါဘုရားသည် ယနေ့ညဥ့်၏ နောက်ဆုံးအချိန်၌ ရှေးရှေးဘုရားရှင်တို့ ၀င်အပ်သော အမြိုက်နိဗ္ဗာန်သို့ ၀င်ရတော့မည်’’ဟု ဆင်ခြင်တော်မူသောအခါ ‘‘စိတ်တော်သည် အလွန်ကြည်၏’’ဟု မိန့်တော်မူအပ်သော နိဗ္ဗာန်မဟုတ်သေးပါ။
    ပြအပ်ခဲ့သော နိဗ္ဗာန် ၂-မျိုးသည် ‘‘အနေဇော သန္တိမာရဗ၊္ဘ ယံ ကာလ-မကရီ မုနိ-ငါးဖြာအာရုံ ကာမဂုဏ်၌ တုန်လှုပ်တတ်စွာ တဏှာကင်းပြီးသော အကြင် မုနိထွတ်တင် ဘုရားရှင်သည် ဒုက္ခခပ်သိမ်း အေးငြိမ်းရာနိဗ္ဗာန်ကို ရည်ရွယ်တော်မူ၍ ကွယ်လွန်ချိန်ကို ပြုတော်မူပြီ’’ဟု အရှင်အနုရုဒ္ဓါ မိန့်တော်မူအပ်သော စကားတော်အရ ဘုရားရှင် ရည်ရွယ်တော်မူအပ်သော သန္တိသုခအမတ မဟာနိဗ္ဗာန် မဟုတ်သေးပါ။
    ပြအပ်ခဲ့သော နိဗ္ဗာန် ၂-မျိုးသည် ‘‘နိဗ္ဗာနံ ပန လောကုတ္တရသင်္ခါတံ စတုမဂ္ဂညာဏေန သစ္ဆိကာတဗ္ဗံ မဂ္ဂဖလာနမာရမ္မဏဘူတံ ၀ါနသင်္ခါတာယ တဏှာယ နိက္ခန္တတ္တာ နိဗ္ဗာနန္တိ ပ၀ုစ္စတိ’’ဟု အဘိဓမ္မတ္ထသင်္ဂဟကျမ်း၌ ‘မဂ်ဖိုလ်တို့၏အာရုံဖြစ်သော နိဗ္ဗာန်’ဟုလည်းကောင်း၊ ‘နိဗ္ဗာနံ ပရံမံ သုခံ’ဟု ဓမ္မပဒအဋ္ဌကထာ သုခ၀ဂ် ဧကဥပါသက၀တ္ထု၌ ‘နိဗ္ဗာန်သည် အမြတ်ဆုံး သုခ’ဟုလည်းကောင်း၊ ‘‘အသင်္ခတာ စ ဓာတု’’ဟု ဓမ္မသင်္ဂဏီ ရူပကဏ္ဍဥဒ္ဒေသ၌ ‘‘အသင်္ခတဓာတ်’’ဟု လည်းကောင်း ဟောတော်မူအပ်သောနိဗ္ဗာန် မဟုတ်သေးပါ။
    ပြအပ်ခဲ့သော နိဗ္ဗာန် ၂-မျိုးသည် သစ္စာ ၄-ပါးတွင် နိရောဓသစ္စာအဖြစ်ဖြင့် ပါဝင်သော, သောတာပတ္တိမဂ်ကိုရလျှင်ပင် ၀ိသာခါကဲ့သို့ ၇-နှစ် သမီးအရွယ် သူငယ်မတို့ ထိုက်တန်သမျှ မြင်အပ်သော, တခါမြင်ပြီးလျှင် ဒိဋ္ဌိဝိစိကိစ္ဆာတို့ကင်းကွာရကြောင်းဖြစ်သော, တခါမြင်ဖို့ရန်လည်း ငါးပါးသီလ လုံခြုံမှုအခြေခံရသော နိဗ္ဗာန်မဟုတ်သေးပါ။
    ထို့ကြောင့် ယခုအခါ၌ အကြောင်းတရားတို့ မပြုအပ်သောကြောင့် ‘‘အသင်္ခတဓာတ်’’ဟု အမည်တော်ရသော ဘုရားရှင်သာမက ရဟန္တာဟူသမျှတို့သည် ပရိနိဗ္ဗာန်မ၀င်စံခင်ကာလ၌ မကြာမကြာအာရုံပြု၍နေအပ်သော, ပရိနိဗ္ဗာန်စံတော်မူပြီးနောက်လည်း မပျောက်မပျက် ဆက်လက်၍တည်ရှိရစ်သော, လူအများတို့ ဆုတေတောင်းအပ်သော, ဘုရားရှင်လည်း ဆုတောင်းဖို့ရန် တိုက်တွန်းတော်မူအပ်သော နိဗ္ဗာန်တရားတော်မြတ်ကို ရိုသေလေးမြတ်စွာ ရေးသားပူဇော်ပါမည်။

လူအများတို့ ဆုတောင်းနေသော နိဗ္ဗာန်၏ လက္ခဏ, ရသ, ပစ္စုပဋ္ဌာန်

ရှေးပညာရှိများ ဖွင့်ပြပုံ။    ။ စိတ်, စေတသိက်, ရုပ်, နိဗ္ဗာန်ဟူသော ပရမတ္တတရားတို့သည် ရူပါရုံမှတပါး မျက်စိဖြင့် မြင်ကောင်းသော တရားများ မဟုတ်ကြပါ။ ထိုသို့ မမြင်ကောင်းသော်လည်း ရှေးပညာရှိ အဋ္ဌကထာဆရာတို့သည် မျက်စိဖြင့် မြင်ရသကဲ့သို့ ဉာဏ်ထဲ၌ ထင်မြင်လာအောင် လက္ခဏာအားဖြင့်လည်းကောင်း၊ ကိစ္စရသ, သမ္ပတ္တိရသ, တမျိုးမျိုးအားဖြင့်လည်းကောင်း၊ ဉာဏ်ဖြင့်ရှုစားသော ယောဂီပုဂ္ဂိုလ်, ပညာရှိပုဂ္ဂိုလ်တို့၏ ဉာဏ်အားထင်လာသော အခြင်းအရာအားဖြင့်လည်းကောင်း၊ အနီးဆုံးအကြောင်းဟူသော ပဒဋ္ဌာန်အားဖြင့်လည်းကောင်း ဖွင့်ပြကြပါသည်။ နိဗ္ဗာန်ကိုလည်း ဉာဏ်၌ ထင်မြင်လာအောင် လက္ခဏ, ရသ, ပစ္စုပဋ္ဌာန်အားဖြင့် ဖွင့်ပြရမည်ဖြစ်၍ ထိုသို့မဖွင့်ပြမီ သန္တိလက္ခဏာရှိသော နိဗ္ဗာန်နှင့် တဖက်တလမ်း (ဟိုဘက်ကမ်း ဤဘက်ကမ်းကဲ့သို့) ကွာလှမ်းသောရုပ်နာမ်၏ မငြိမ်မသက် ဖြစ်ပျက်ပုံကို ရှေးဦးစွာ ပြပါမည်။

သင်္ခတဓာတ်။    ။ ရုပ်နာမ်တို့ကို ရှေ့ (နောက်ဆုံးဆယ်လ မြတ်ဗုဒ္ဓ)၌ ပြခဲ့ပြီ၊ ရုပ်နာမ်တို့သည် အ၀ိဇ္ဇာ, တဏှာ, ကံ စသော အကြောင်းတို့က ပြုအပ်သော သင်္ခတဓာတ် (ပြုပြင်အပ်သောဓာတ်) ဖြစ်၏။ ပြု၍ဖြစ်သောအခါ ချက်ချင်းပျက်၏။ ပျက်ပြီးလျှင်လည်း ထပ်၍ဖြစ်၏၊ ဖြစ်လျှင်လည်း ပျက်ပြန်၏၊ ဤသို့ ဖြစ်ပျက် ဖြစ်ပျက် ဆက်၍နေသော အစဉ်သည် လက်ဖြောက်တစ်ချက်တီးခန့် ကာလ၌ ကုဋေသိန်းပေါင်းများစွာ ပင်တည်း၊ (စိတ်, စေတသိက်တို့ တစ်ဆယ့်ခုနစ်ကြိမ်ပျက်ပြီးမှ ရုပ်က တစ်ကြိမ်သာပျက်၏) ဤအချိန်ကလေး၌ ဤမျှလောက်များအောင် ဖြစ်ပျက်နေရသော ရုပ်နာမ်သည် အဘယ်မှာ ငြိမ်သက်အေးမြ၍ သုခဖြစ်နိုင်တော့အံ့နည်း၊ အဖြစ်အပျက်ဒဏ်ကို အမြဲခံနေရသောကြောင့် အမြဲပင် ဒုက္ခဖြစ်၏။ ‘‘ဥဒယဗ္ဗယ ပဋိပီဠနဋ္ဌေနဒုက္ခာ၊ အဖြစ်အပျက်ဒဏ်ကို အမြဲခံနေရသောကြောင့် ရုပ်နာမ်ဟူသမျှ ဒုက္ခချည်းသာ’’။

သန္တိလက္ခဏာ။    ။ ‘‘လက္ခဏာ’’ဟူသည် မှတ်သားကြောင်း အမှတ်အသား၊ မှတ်သားအပ်သော သဘောတည်း၊ လူတစ်ယောက်၌အများနှင့် မတူသော ထူးခြားသော အမှတ်အသားရှိသကဲ့သို့၊ ပရမတ္ထတရား ၄-ပါး၌လည်း၊ တစ်ပါးနှင့်တစ်ပါး မတူအောင် ထူးခြားသော အမှတ်အသား၊ ထူးခြားသော သဘောရှိ၏။ နိဗ္ဗာန်အတွက် ထူးခြားသောလက္ခဏာ (အမှတ်အသား)ကား သန္တိလက္ခဏာတည်း။

သန္တိဖြစ်ပုံ။        ။ ရုပ်, စိတ် စေတသိက် နာမ်တို့သည် ပြအပ်ခဲ့သည့် အတိုင်း အမြဲဖြစ်ပျက်၊ ဖြစ်ပျက်နေရကား ငြိမ်ငြိမ်သက်သက် မရှိကြ၊ အမြဲပူလောင်နေသကဲ့သို့ ငြိမ်းငြိမ်းအေးအေးလည်း မရှိကြ၊ အသင်္ခတဓာတ် နိဗ္ဗာန်တရားမြတ်ကား အဖြစ်မရှိသောကြောင့် အပျက်လည်းမရှိ၊ အဖြစ်အပျက် လှုပ်လှုပ်ရွရွ မရှိသောကြောင့် အလွန်ငြိမ်သက်၏၊ အဖြစ်အပျက် အပူအလောင် မရှိသောကြောင့် အလွန်အေးငြိမ်း၏။ ထိုငြိမ်သက်အေးချမ်းခြင်းသည် နိဗ္ဗာန်၏ ‘‘သန္တိ’’ဟု ခေါ်ရသော ထူးခြားသော လက္ခဏာဖြစ်သည်။

အစ္စုတရသ။    ။ ရုပ်နာမ်ခန္ဓာတို့သည် ရှေးဦးစွာဖြစ်ရ၏။ ဖြစ်ပြီးသောအခါ ပျက်ရခြင်း အားဖြင့် ပင်ကိုယ်သဘောမှ ရွေ့လျောရ၏။ နိဗ္ဗာန်၏ သန္တိသဘောကား ဘယ်အခါမှ မပျောက် မပျက်သောကြောင့် ပင်ကိုယ်သဘောမှ မရွေ့လျောခြင်းဟူသော ထူးသောအရသာရှိ၏။

အနိမိတ္တပစ္စုပဋ္ဌာန်။    ။ ကမ္မဋ္ဌာန်းအားထုတ်သော ယောဂီပုဂ္ဂိုလ်ဖြစ်စေ၊ တရားသဘောကို စဉ်းစားသော ပညာရှင်ဖြစ်စေ ဉာဏ်ဖြင့်ရှုမြင်သောအခါ အမှန်အတိုင်း ထင်လာ၏။ ထိုသို့ထင်လာသည်ကို ‘‘ပစ္စုပဋ္ဌာန်’’ဟု ခေါ်၏။ နိဗ္ဗာန်၏သဘောကို ဉာဏ်ဖြင့် ရှုသောအခါ (စိတ် စေတသိက် ရုပ်တို့မှာ သဘောအထည်ကိုယ် ရှိသကဲ့သို့) ‘‘ အထည်ကိုယ်မရှိသော တရား’’ဟု ဉာဏ်အားဖြင့် ထင်လာသည်၊ နိမိတ္တဓမ္မာ သင်္ခါရာ၊ တေဟိသနိမိတ္တာ သ၀ိဂ္ဂဟာ ၀ိယ ဥပဋ္ဌဟန္တိ၊ အဋ္ဌသာလိနီ လောကုတ္တရကုသိုလ်အဖွင့်၊ အနုဋီကာ။ (နှာ- ၁၂၁)

ပဒဋ္ဌာန်။    ။ နီးကပ်သော အကြောင်းကို ပဒဋ္ဌာန (ပဒဋ္ဌာန်)ဟု ခေါ်၏။ (စိတ်သည် ယှဉ်ဘက်စေတသိက်, မှီရာရုပ်ဟူသော နီးကပ်သော အကြောင်းရှိသကဲ့သို့) နိဗ္ဗာန်မှာ နီးကပ်သောအကြောင်းမရှိ၊ အရိယာတို့ သန္တာန်၌ နိဗ္ဗာန်တရား ပေါ်လာဖို့ရန် ဒါန, သီလ, ဘာဝနာ စသော ဝေးသောအကြောင်းကား များစွာ ရှိရပါသည်။

    သန္တိလက္ခဏံ အစ္စုတ-ရသံ နိဗ္ဗာနအမတံ။
    အနိမိတ္တ ဥပဋ္ဌာနံ၊ ပဒဋ္ဌာနံ န လဗ္ဘတိ။ (၀ိသုဒ္ဓိ၊ ဋ္ဌ၊ ဒု-တွဲ၊ နှာ-၁၂၆။ အဘိ၊ ဋ္ဌ၊ ၂။ ၇၉။)

    ‘‘နိဗ္ဗာနအမတံ၊ အမြိုက်နိဗ္ဗာန်သည်။ သန္တိလက္ခဏံ၊ ငြိမ်သက်အေးငြိမ်းခြင်း လက္ခဏာရှိ၏။ အစ္စုတရသံ၊ ပင်ကိုယ်သဘောမှ မရွေ့လျောခြင်း သမ္ပတ္တိရသ ရှိ၏။ အနိမိတ္တ ဥပဋ္ဌာနံ၊ အထည်ကိုယ်ဟန် ပုံသဏ္ဌာန်မရှိသော တရားဟု ဉာဏ်အား ထင်လာ၏။ ပဒဋ္ဌာနံ၊ နီးစွာသော အကြောင်းကို။ န လဗ္ဘတိ၊ မရအပ်။’’

အမရပူရ မဟာဂန္ဓာရုံဆရာတော်
အရှင်ဇနကာဘိဝံသ၏ (သြ၀ါဒ ကောက်နုတ်ချက်)
အခြေပြုပဋ္ဌာန်းတရားတော်မှ

No comments: