Pages

Friday, May 11, 2012

သက်သတ်လွတ်နှင့် ကုသိုလ်စိတ်

 မြတ်စွာဘုရားရှင်က ပဋ္ဌာန်းဒေသနာတော်ကြီးမှာ “အစားအစာကလည်း လူတစ်ယောက်ကို ကုသိုလ်ဖြစ်အောင်၊ သို့မဟုတ် အကုသိုလ်ဖြစ်အောင် ကျေးဇူးပြုနိုင်တယ်”လို့ ဟောကြားတော်မူထားပါတယ်။ “ဥပနိဿယ ပစ္စယော”ဆိုတဲ့ ပဋ္ဌာန်းပစ္စည်းရဲ့ အဖွင့်မှာပါ။ ဥပနိဿယ ပစ္စယသတ္တိ (အားကြီးသောမှီရာ အကြောင်းတရားစွမ်းအင်)နဲ့ ကျေးဇူးပြုနိုင်တယ်လို့ ဆိုလိုပါတယ်။
    အစားအစာတစ်ခုကြောင့် လူတစ်ယောက်မှာ ကုသိုလ်စိတ်လည်း ဖြစ်နိုင်သလို အကုသိုလ်စိတ်လည်း ဖြစ်နိုင်ပါတယ်။ ကုသိုလ်ဖြစ်အောင် နှလုံးသွင်းစားရင် ကုသိုလ်စိတ်ဖြစ်နိုင်ပြီး အကုသိုလ်စိတ်ဖြစ်အောင် နှလုံးသွင်းစားရင် အကုသိုလ်စိတ်ဖြစ်နိုင်ပါတယ်။
    အစားအစာသက်သက်ကြောင့် ကုသိုလ်စိတ်၊ အကုသိုလ်စိတ်ဖြစ်တာ မဟုတ်ပါဘူး။ အစားအစာကို စားသုံးသူရဲ့ နှလုံးသွင်းစိတ်ကြောင့်သာ ကုသိုလ်စိတ်၊ အကုသိုလ်စိတ် ဖြစ်ရတာပါ။
    အစားအစာကတော့ သူ့ချည်းသက်သက် ကုသိုလ်စိတ်ဖြစ်အောင်လည်း မစွမ်းဆောင်နိုင်သလို၊ အကုသိုလ်စိတ် ဖြစ်အောင်လည်း မဖန်းတီးနိုင်ပါဘူး။ သက်သက်လွတ်အစားအစာကို စားလိုက်လို့ အလိုလိုနေရင်း ကုသိုလ်တွေ ရမသွားနိုင်သလို၊ အသားငါးအစားအစာကို စားလိုက်လို့လည်း အလကားနေရင်း အကုသိုလ်တွေ ဖြစ်မသွားနိုင်ပါဘူး။ အစားအစာဟာ အစားအစာပါပဲ။ ကုသိုလ်၊ အကုသိုလ်ဟာ ကုသိုလ်၊ အကုသိုလ်ပါပဲ။ တခြားစီပါ။ တိုက်ရိုက် ပတ်သက်ခြင်းမရှိပါဘူး။
    “အစားအစာက ကုသိုလ်၊ အကုသိုလ်ဖြစ်အောင် ကျေးဇူးပြုနိုင်တယ်” ဆိုတာက အစားအစာကို စားသုံးနေသူရဲ့ စားသုံးနေဆဲမှာဖြစ်နေတဲ့ စိတ်အခြေအနေရယ်၊ အစားအစာကို စားသုံးပြီးနောက် စားသုံးသူမှာ ဖြစ်ပေါ်လာမယ့် ရုပ်ပိုင်းဆိုင်ရာ အကျိုးသက်ရောက်မှုကို အခြေခံတဲ့ နောက်ဆက်တွဲ လုပ်ရပ်တွေရယ်ကို ရည်ရွယ်ပြီးပြောတာပါ။ အစားအစာရွေးချယ်မှုသက်သက်ကြောင့် ကုသိုလ်၊ အကုသိုလ်ဖြစ်တယ်လို့ ပြောတာမဟုတ်ပါဘူး။
    သက်သက်လွတ်ပဲစားစား၊ သက်သက်မလွတ်ပဲစားစား၊ ဘာဝနာတစ်ခုခု ပွားရင်း စားရင် ကုသိုလ်စိတ်ဖြစ်ပြီး ကုသိုလ်ရပါတယ်။ ဘာဝနာတစ်ခုခုပွားရင်း စားနေသူရဲ့ သန္တာန်မှာ စားနေဆဲ အစားအစာနဲ့ ပတ်သက်ပြီး “ကောင်းလိုက်တာ”ဆိုတဲ့ လောဘ၊ “မကောင်းဘူး”ဆိုတဲ့ ဒေါသ ဖြစ်ခွင့်မရတဲ့အတွက် အကုသိုလ်စိတ် ကင်းရှင်းနေပါတယ်။ မိမိပွားတဲ့ ဘာဝနာနဲ့ လိုက်လျောညီထွေတဲ့ ကုသိုလ်စိတ်ဖြစ်နေတဲ့အတွက် အစာစားရင်း ကုသိုလ်ရနေပါတယ်။
    သက်သက်လွတ်ပဲစားစား၊ သက်သက်မလွတ်ပဲ စားစား လောဘ၊ ဒေါသစတဲ့ ကိလေသာတွေနဲ့ စားနေရင် အစာစားရင်း အကုသိုလ်စိတ်တွေဖြစ်ပြီး အကုသိုလ်တရားတွေ တိုးပွားနေပါတယ်။ ကိုယ်စားနေဆဲ အစားအစာနဲ့ ပတ်သက်တဲ့ လောဘ၊ ဒေါသပဲဖြစ်ဖြစ်၊ အစာစားရင်း သူများအကြောင်း၊ တခြားအကြောင်း တွေးလို့ ဖြစ်လာတဲ့ လောဘ၊ ဒေါသပဲဖြစ်ဖြစ်၊ လောဘ၊ ဒေါသမှန်သမျှ အကုသိုလ်တွေချည်းပါပဲ။
    လူတစ်ယောက် သက်သတ်လွတ် အစားအစာတစ်ခုကို စားနေတယ်ဆိုပါစို့။ “ဟယ်..... ၊ အသားတုဟင်းလေးက ရှယ်ပဲ၊ အသားဟင်းအစစ်နဲ့တောင် မလဲနိုင်ဘူး၊ ကောင်းလိုက်တာ” ဆိုရင် သက်သက်လွတ်စားရင်း လောဘကိလေသာနဲ့ အကုသိုလ်စိတ်တွေ ဖြစ်နေပါတယ်။ “ဟွန်း .....၊ ဒီနေ့ သက်သတ်လွတ်စားမှန်း သိရက်သားနဲ့ ဟင်းကို ကောင်းကောင်းချက်မထားဘူး။ တစ်ခါလာ ကန်စွန်းရွက်၊ တစ်ခါလာ ပဲပင်ပေါက်၊ သိပ်စိတ်ညစ်တာပဲ” ဆိုရင် သက်သတ်လွတ်စားရင်း ဒေါသ ကိလေသာနဲ့ အကုသိုလ်စိတ်တွေ ဖြစ်နေပါတယ်။
    “ဟင်း ..... ဟင်း၊ ငါ မို့လို့ သက်သတ်လွတ် စားနိုင်တာ၊ ဟိုကောင်တွေ ဟိုကောင်မတွေ ငါ့လို သက်သတ်လွတ် စားနိုင်တာမဟုတ်ဘူး” ဆိုရင် သက်သတ်လွတ်စားရင်း မာနကိလေသာနဲ့ အကုသိုလ်စိတ်တွေ ဖြစ်နေပါတယ်။ “သက်သတ်လွတ်စားမှ မေတ္တာသမား၊ သက်သတ်လွတ်စားတာ ကုသိုလ်ရတယ်။ ငါတော့ ဒီနေ့ သက်သတ်လွတ်စားလို့ ကုသိုလ်တွေ တော်တော်ရသွားပြီ” ဆိုရင် သက်သတ်လွတ်စားရင်း ဒိဋ္ဌိကိလေသာနဲ့ အကုသိုလ်စိတ်တွေ ဖြစ်နေပါတယ်။
    ဒါက အစားအစာနဲ့ တိုက်ရိုက်ပတ်သက်တဲ့ အကုသိုလ်စိတ်တွေပါ။ သက်သတ်လွတ်အစားအစာကို စားနေရင်း သူများအကြောင်း တွေးပြီး လောဘ၊ ဒေါသ ဖြစ်နေမယ်၊ တခြားအကြောင်းတွေးပြီး ဣဿာ၊ မစ္ဆရိယဖြစ်နေမယ်ဆိုရင်လည်း သက်သတ်လွတ်စားရင်း အကုသိုလ်စိတ်တွေ တိုးပွားနေတာပါပဲ။
    သက်သတ်လွတ်အစားအစာကို စားလိုက်ရုံနဲ့ လူတစ်ယောက်ဟာ အလိုလိုနေရင်း ကုသိုလ်ရမသွားပါဘူး။ ကုသိုလ်စိတ်နဲ့စားမှ ကုသိုလ်ရနိုင်ပါတယ်။ ကုသိုလ်စိတ်ကလည်း သက်သတ်လွတ်အစားအစာကြောင့် မဖြစ်နိုင်ပါဘူး။ ဘာဝနာတစ်ခုခုပွားများခြင်း၊ လောဘ၊ ဒေါသ စတဲ့ ကိလေသာမဖြစ်အောင် နှလုံးသွင်းဆင်ခြင်ခြင်းကြောင့်ပဲ ဖြစ်နိုင်ပါတယ်။
    “သက်သတ်လွတ်စားတဲ့ အလုပ်ဟာ ကုသိုလ်အလုပ်ပဲ”၊ “သက်သတ်လွတ်စားရင် ကုသိုလ်ရတယ်”လို့ ယူဆရင် အဲဒီအယူအဆဟာ မိစ္ဆာဒိဋ္ဌိ(မှားယွင်းတဲ့အမြင်)ပါပဲ။ ဘာလို့လဲဆိုတော့ သက်သတ်လွတ်စားရုံသက်သက်နဲ့ ကုသိုလ်မရနိုင်လို့ပါ။ သက်သတ်လွတ် အစားအစာက စားသုံးသူကို အလိုအလျောက် ကုသိုလ်မပေးနိုင်လို့ပါ။
    သက်သတ်လွတ်အစားအစာ စားရုံနဲ့ ကုသိုလ်ရတယ်ဆိုရင် သက်သတ်လွတ် မစားတဲ့သူတွေ အစာစားပြီး အချိုတည်းတဲ့အနေနဲ့ ငှက်ပျောသီး၊ သရက်သီး စားနေတဲ့အချိန်မှာလည်း ကုသိုလ်ရနေမှာပေါ့။ အရက်သမားတွေ အရက်သောက်နေရင်း အာလူးကြော်၊ မြေပဲလှော် မြည်းနေတဲ့အချိန်မှာလည်း ကုသိုလ်ရနေမှာပေါ့။ အဲဒါတွေအားလုံး သက်သတ်လွတ် အစားအစာတွေပဲ မဟုတ်လား။
    သူငယ်ချင်းငါးယောက် ထမင်းဝိုင်းဖွဲ့စားကြတယ်ဆိုပါစို့။ တစ်ယောက်က သက်သတ်လွတ်သမား၊ ကျန်လေးယောက်က အစုံစားသမား၊ သက်သတ်လွတ်သမားက အသီးအရွက်တွေပဲစားတယ်။ အစုံစားသမားတွေက အသီးအရွက်ရော၊ သားငါးတွေရော စားကြတယ်။ ရောက်တတ်ရာရာ ဟိုအကြောင်းပြော၊ ဒီအကြောင်းပြောရင်း တစ်ယောက်နဲ့ တစ်ယောက် စကြ၊ နောက်ကြနဲ့ တပျော်တပါးစားကြတယ်။
    ဟင်းချင်းတော့ မတူကြဘူး။ စိတ်ဖြစ်နေပုံချင်းတော့ တူကြတယ်။ စကြ၊ နောက်ကြ၊ ပြောကြဆိုကြနဲ့ တပျော်တပါး စားနေကြတာဆိုတော့ သူငယ်ချင်းငါးယောက်လုံး အပျော်စိတ်တွေ၊ လောဘစိတ်တွေ ဖြစ်နေကြတာပေါ့။ ကဲ ...... သက်သတ်လွတ်စားတဲ့ သူငယ်ချင်း ကုသိုလ်ရရောလား။ အစုံစားတဲ့ သူငယ်ချင်းတွေပဲ ကွက်ပြီး အကုသိုလ် ဖြစ်ရာလား။ မဟုတ်ဘူးနော်။ အားလုံး အတူတူပဲ။
    အကုသိုလ်အကြောင်းတွေ ပြောရင်း အကုသိုလ်စိတ်တွေနဲ့ စားရင် သူငယ်ချင်းငါးယောက်လုံး အကုသိုလ် အတူတူဖြစ်ပါတယ်။ ကုသိုလ်အကြောင်းတွေ ပြောရင်း ကုသိုလ်စိတ်တွေနဲ့ စားရင် သူငယ်ချင်းငါးယောက်လုံး ကုသိုလ်အတူတူဖြစ်ပါတယ်။ သက်သတ်လွတ်သမားက အစုံစားသမားတွေထက် ခေါင်းတစ်လုံးပိုမြင့်ပြီး ကုသိုလ်ပို မရသလို၊ အစုံစားသမားတွေကလည်း သက်သတ်လွတ် သမားအောက် ခေါင်းတစ်လုံးပိုနိမ့်ပြီး အကုသိုလ်မဖြစ်နိုင်ပါဘူး။
    အစားအစာမတူပေမယ့် စိတ်ချင်းတူရင် ကုသိုလ်၊ အကုသိုလ် ဖြစ်ပုံချင်းအတူတူပါပဲ။ အစားအစာ တူပေမယ့် စိတ်ချင်းမတူရင် ကုသိုလ်၊ အကုသိုလ်ဖြစ်ပုံချင်း ကွဲပြားပါတယ်။ အစားအစာက အဓိကမကျဘဲ စိတ်က အဓိကကျပါတယ်။ ဘာပဲစားစား၊ ကုသိုလ်စိတ်နဲ့ စားရင် ကုသိုလ်ဖြစ်ပြီး အကုသိုလ်စိတ်နဲ့ စားရင် အကုသိုလ်ဖြစ်ပါတယ်။
    သက်သတ်လွတ်စားရုံနဲ့ ကုသိုလ်မရဘူးဆိုတာကို အမေးအဖြေပုံစံလေးနဲ့ တစ်မျိုးပြောကြည့်ရအောင်ပါ။
မေး။  ။    “သက်သတ်လွတ်စားတာနဲ့ အသားငါးစားတာ၊ ဘာစားတာက ကုသိုလ်ရလဲ”
ဖြေ။  ။    “သက်သတ်လွတ်စားတာက ကုသိုလ်ရတာပေါ့”

မေး။  ။    “ကောင်းပြီ၊ ဒါဆို ထပ်မေးမယ်၊ လိမ္မော်သီးစားတဲ့သူနဲ့ ပန်းသီးစားတဲ့သူ၊ ဘယ်သူ ကုသိုလ်ရလဲ”
ဖြေ။  ။    “ဘယ်သူမှ ကုသိုလ်မရဘူး”
    “ဟင် .....၊ ခုနကပြောတော့ သက်သတ်လွတ်စားတာ ကုသိုလ်ရတယ်ဆို၊ လိမ္မော်သီးရော၊ ပန်းသီးရော သက်သတ်လွတ်တွေပဲ မဟုတ်လား၊ သက်သတ်လွတ်စားတာ ကုသိုလ်ရစတမ်းဆိုရင် လိမ္မော်သီးစားသူရော၊ ပန်းသီးစားသူပါ နှစ်ယောက်လုံး ကုသိုလ်ရနေမှာပေါ့”
    “ဟဲ  ...... ဟဲ ........ ဒါကတော့........”
    “ဒီလောက်ဆို သဘောပေါက်ပါတယ်နော်”
    သက်သတ်လွတ်စားရုံနဲ့ ကုသိုလ်မရနိုင်သလို အသားငါးစားရုံနဲ့လည်း အကုသိုလ် မဖြစ်နိုင်ပါဘူး။ အသားငါးစားရုံနဲ့ အကုသိုလ်ဖြစ်တယ်လို့ ယူဆရင် မြတ်စွာဘုရားရှင်ကိုလည်း အကုသိုလ်စိတ် ဖြစ်သေးတယ်လို့ စွပ်စွဲရာရောက်ပါတယ်။ ဘာလို့လဲဆိုတော့ မြတ်စွာဘုရားရှင်က အသားငါးကို ဘုဉ်းပေးတော်မူလို့ပါပဲ။
    အသားငါးဘုဉ်းပေးပေမယ့် မြတ်စွာဘုရားရဲ့ သန္တာန်မှာ အကုသိုလ်စိတ် လုံးဝမဖြစ်တော့ပါဘူး။ ဘာလို့လဲဆိုတော့ အကုသိုလ်စိတ်ဖြစ်စေနိုင်တဲ့ ကိလေသာတွေကို အရဟတ္တမဂ်နဲ့ အကြွင်းမဲ့ ပယ်သတ်ထားပြီးဖြစ်လို့ပေါ့။
    ဒါကို ထောက်ရှုခြင်းအားဖြင့် “အစားအစာကြောင့် ကုသိုလ်၊ အကုသိုလ်ဖြစ်တာမဟုတ်ဘူး၊ ကိလေသာ ပယ်ခြင်း၊ မပယ်ခြင်းကြောင့်သာ ကုသိုလ်၊ အကုသိုလ် ဖြစ်တာ” ဆိုတာ ထင်ရှားပါတယ်။ ကိလေသာပယ်ဖို့ကိုတော့ မကြိုးစားဘဲ အစားအစာပယ်ဖို့ကိုပဲ ကြိုးစားနေမယ်ဆိုရင်တော့ လမ်းမှားလျှောက်နေတာဖြစ်တဲ့အတွက် စခန်းမှန်၊ ပန်းတိုင်မှန်ကို ဘယ်လိုနည်းနဲ့မှ မရောက်နိုင်တော့ပါဘူး။
    ကုသိုလ်ရတယ်အထင်နဲ့ သက်သတ်လွတ်စားနေသူတွေကို မိုးကုတ်ဆရာတော်ဘုရားကြီးက “အတော်ဝဋ်ကြီးတဲ့သူတွေပဲ”လို့ ကရုဏာသက်တော်မူခဲ့ဖူးသလို၊ ဓမ္မဒူတဆရာတော်ကြီးကလည်း “၀ဋ်ကြွေးရှိလို့ အငတ်ခံနေကြရတာ”လို့ သနားတော်မူခဲ့ဖူးပါတယ်။ သက်သတ်လွတ်စားသူတိုင်းကို ရည်ရွယ်ပြီး မိန့်တော်မူကြတာ မဟုတ်ပါဘူး။ ကုသိုလ်ရတယ်အထင်နဲ့ သက်သတ်လွတ်စားနေကြ သူတွေကိုသာ ရည်ရွယ်ပြီး မိန့်တော်မူကြတာပါ။
ဒကာမျိုးဦးရေ ......
    စာနယ်ဇင်းတွေထဲက အနုပညာရှင်များရဲ့ အင်တာဗျူးအမေးအဖြေတွေမှာပဲ ဖြစ်ဖြစ်၊ ပြင်ပလောကမှာ မိတ်ဆွေအချင်းချင်းတွေ့ဆုံလို့ တစ်ယောက်နဲ့တစ်ယောက် မေးကြပြောကြတဲ့အခါမှာ ပဲဖြစ်ဖြစ်......
    “ဘာသာရေးအနေနဲ့ ဘာတွေလုပ်ဖြစ်လဲ” ဆိုတဲ့ မေးခွန်းကို ......
    “မွေးနေ့တိုင်း သက်သတ်လွတ်စားဖြစ်ပါတယ်”
    “၀ါတွင်းသုံးလတိုင်း သက်သတ်လွတ်စားပါတယ်” လို့ ဖြေကြားတာကို မကြာခဏ ဖတ်ဖူး၊ ကြားဖူးပါတယ်။
    တကယ်တော့ သက်သတ်လွတ်စားတာဟာ ဘာသာရေးအလုပ် မဟုတ်ပါဘူး။ တခြားဘာသာရေးတွေရဲ့ အလုပ်တော့ ဟုတ်ချင် ဟုတ်ပါလိမ့်မယ်။ ထေရ၀ါဒ ဗုဒ္ဓဘာသာရေးရဲ့ အလုပ်ကတော့ လုံးဝ မဟုတ်ပါဘူး။
    ထေရ၀ါဒဗုဒ္ဓဘာသာဝင်တစ်ယောက် လုပ်သင့်လုပ်ထိုက်တဲ့ ကုသိုလ်ရကြောင်း အလုပ်တွေထဲမှာ သက်သတ်လွတ်စားတဲ့အလုပ် လုံးဝ မပါပါဘူး။ “သက်သတ်လွတ် စားတဲ့အလုပ်ဟာ ကုသိုလ်အလုပ်လို့ မြတ်စွာဘုရား ဟောကြားမထားဘူး”လို့ ဆိုလိုပါတယ်။
ထေရ၀ါဒဗုဒ္ဓဘာသာဝင်တစ်ယောက် လုပ်သင့်လုပ်ထိုက်တဲ့ ကုသိုလ်ရကြောင်းအလုပ်တွေက ဆယ်မျိုးရှိပါတယ်။

(၁)    စွန့်ကြဲပေးကမ်း လှူဒါန်းခြင်း ဒါနအလုပ်၊
(၂)    ကိုယ်နှုတ်လွန်ကျူးမှု စောင့်ထိန်းခြင်း သီလအလုပ်၊
(၃)    စိတ်ကောင်းစိတ်မြတ် ပွားထုံးခြင်း ဘာဝနာအလုပ်၊
(၄)    အသက်သိက္ခာဂုဏ်ဝါကြီးသူကို ရိုသေခြင်း အပစာယနအလုပ်၊
(၅)    ကုသိုလ်ကိစ္စကူညီလုပ်ဆောင်ခြင်း ဝေယျာဝစ္စအလုပ်၊
(၆)    ကိုယ့်ကုသိုလ် သူတစ်ပါး မျှဝေခြင်း ပတ္တိဒါနအလုပ်၊
(ရ)    သူတစ်ပါး ကုသိုလ် ကိုယ်ဝမ်းမြောက်ခြင်း ပတ္တာနုမောဒနအလုပ်၊
(၈)    သူတော်ကောင်းတရားနာကြားခြင်း ဓမ္မဿဝနအလုပ်၊
(၉)    သူတော်ကောင်းတရား ဟောပြောခြင်း ဓမ္မဒေသနာအလုပ်နဲ့
(၁၀)    အယူ အမြင်ဖြောင့်မှန်ခြင်း ဒိဋ္ဌိဇုကမ္မအလုပ်တို့ ဖြစ်ပါတယ်။

    အဲဒီအလုပ်ဆယ်မျိုးကို “ပုညကြိယ၀တ္ထုဆယ်ပါး”လို့ ခေါ်ပါတယ်။ “ကုသိုလ်လိုလားသူတိုင်း ပြုသင့်ပြုထိုက်တဲ့ ချမ်းသာစီးပွားတွေရဲ့ တည်ရာဆယ်ပါး”လို့ ဆိုလိုပါတယ်။ လိုရင်းကတော့ “ကုသိုလ်ရကြောင်း အလုပ်ဆယ်မျိုး”ပေါ့။ အဲဒီအလုပ်ဆယ်မျိုးထဲက ဘယ်အလုပ်ကိုပဲ လုပ်လုပ် ကုသိုလ်ရနိုင်ပါတယ်။
    တကယ်လို့ သက်သတ်လွတ်စားတဲ့ အလုပ်ဟာ ကုသိုလ်ရကြောင်းအလုပ်၊ ကုသိုလ်ရစေနိုင်တဲ့အလုပ်ဆိုရင် ပုညကြိယ၀တ္ထုတွေထဲမှာ တစ်ပါးအဖြစ် မြတ်စွာဘုရားထည့်သွင်းဟောကြားတော်မူခဲ့ မှာပါ။ သက်သတ်လွတ်စားရုံနဲ့ ကုသိုလ်မရနိုင်လို့ မြတ်စွာဘုရား ဟောကြားတော်မမူခဲ့တာကို အထူးသတိပြုရပါမယ်။
    တစ်ခတ်တစ်ခါတုန်းက ရဟန္တာလို့ ထင်ရှားကျော်ကြားခဲ့တဲ့ “ဘုန်းတော်ကြီးဦးသီလ” ဟာ သက်သတ်လွတ် ဘုဉ်းပေးတဲ့ ဆရာတော်ကြီးတစ်ပါး ဖြစ်ပါတယ်။ ဘုန်းတော်ကြီးနဲ့ အတူနေပြီး ဘုန်းတော်ကြီးလိုပဲ သက်သတ်လွတ်စားပါမယ်လို့ လျှောက်ထားလာတဲ့ ရဟန်းတော်တစ်ပါးကို ဆရာတော်ကြီးက ......
    “တို့များ သက်သတ်လွတ်စားနေတာကို ကုသိုလ်ဖြစ် ကျင့်နေတယ်လို့များ မထင်လိုက်ပါနဲ့ကွယ်၊ သွားနာသက်သာလို့ စားနေတာပါ။” လို့ ရိုးရိုးရှင်းရှင်း မိန့်ကြားတော်မူခဲ့ဖူးပါတယ်။
    သက်သတ်လွတ် စားခြင်းကို ကုသိုလ်ကျင့်စဉ်တစ်ခု၊ သူတော်ကောင်းကျင့်စဉ်တစ်ခုလို့ မှားယွင်းစွာ ထင်မှတ်ယူဆသွားမှာစိုးလို့ ဆရာတော်ကြီးက ပွင့်ပွင့်လင်းလင်း မိန့်ကြားတော်မူလိုက်တာပါ။
    မှန်ပါတယ်။ သက်သတ်လွတ်စားခြင်းဟာ ကုသိုလ်ကျင့်စဉ်တစ်ခု မဟုတ်သလို သူတော်ကောင်းကျင့်စဉ်တစ်ခုလည်း မဟုတ်ပါဘူး။ သက်သတ်လွတ်စားခြင်းကြောင့် ကုသိုလ်လည်း ရမသွားနိုင်သလို သူတော်ကောင်းလည်း ဖြစ်မသွားနိုင်ပါဘူး။
    အတိတ် သာသနာဝင်မှာရော၊ ပစ္စုပ္ပန် သာသနာဝင်မှာပါ သက်သတ်လွတ်ဘုဉ်းပေးတဲ့ ဆရာတော်ကြီးတွေရှိကြပါတယ်။ သူတို့ဟာ ကုသိုလ်ရတယ် ဆိုတဲ့ ခံယူချက်နဲ့ သက်သတ်လွတ် ဘုဉ်းပေးကြတာ မဟုတ်ပါဘူး။ သူတို့မှာ ဖြစ်ခဲ့တဲ့၊ ဖြစ်နေတဲ့ အနာရောဂါတွေက အသားငါးနဲ့ မတည့်လို့၊ သူတို့ရဲ့ ကျန်းမာရေးက အသီးအရွက်နဲ့မှ အဆင်ပြေလို့ အနာရောဂါနဲ့ ကျန်းမာရေးကို ငဲ့ပြီး သက်သတ်လွတ် ဘုဉ်းပေးတော်မူကြတာပါ။
    လူတစ်ယောက်နဲ့တစ်ယောက် ခန္ဓာကိုယ် သွေးသားတည်ဆောက်ပုံ မတူညီတဲ့အတွက် ခန္ဓာကိုယ်က တောင်းဆိုတဲ့ အာဟာရ လိုအပ်ချက်ချင်းလည်း တစ်ယောက်နဲ့တစ်ယောက် မတူညီကြပါဘူး။ တချို့က အသီးအရွက်လောက်ပဲ စားရုံနဲ့ အာဟာရမျှတပြီး၊ ကျန်းမာကြသလို၊ တချို့ကတော့ အသီးအရွက်ရော၊ အသားငါးပါ အစုံစားမှ အာဟာရ မျှတပြီး ကျန်းမာကြပါတယ်။
    အသီးအရွက်စားရုံနဲ့ ကျန်းမာရေးအဆင်ပြေတဲ့သူတွေက အသီးအရွက်ပဲ စားပြီး “သက်သတ်လွတ်သမား ဘ၀” ခံယူပိုင်ခွင့်ရှိသလို အစုံစားမှ ကျန်းမာရေးအဆင်ပြေတဲ့သူကလည်း အစုံစားပြီး “အစုံစားသမားဘ၀” ခံယူပိုင်ခွင့်ရှိပါတယ်။ လူသားတိုင်းမှာ ကိုယ်စားလိုတဲ့ အစားအစာကို လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့် ရှိပါတယ်။ ကိုယ်ကြိုက်ရာကိုယ် စားတာ လူ့သဘာဝပဲ မဟုတ်လား။
    ဘယ်အစားအစာကိုပဲ ရွေးချယ်ရွေးချယ်၊ အာဟာရ မျှတပြီး အနာရောဂါ ကင်းရှင်းဖို့၊ ကျန်းမာဖို့က အဓိကပါပဲ။ ကျန်းမာမှ အလုပ်လုပ်နိုင်မယ် မဟုတ်လား။ ကျန်းမာတဲ့ ခန္ဓာကိုယ်နဲ့ ကုသိုလ်အလုပ် လုပ်ရင် ကုသိုလ်တရားတိုးပွားပြီး အကုသိုလ်အလုပ် လုပ်ရင် အကုသိုလ်တရားတိုးပွားပါလိမ့်မယ်။ ဒါကို ရည်ရွယ်ပြီးတော့ပဲ မြတ်စွာဘုရားရှင်က “အစားအစာက ကုသိုလ် သို့မဟုတ် အကုသိုလ်ဖြစ်အောင် ကျေးဇူးပြုတယ်”လို့ မိန့်ကြားတော်မူခဲ့တာပါ။ အစားအစာသက်သက်ကြောင့် ကုသိုလ်၊ အကုသိုလ် ဖြစ်တယ်လို့ ဆိုလိုတာမဟုတ်ပါဘူး။
    လူ့စိတ်ဆိုတာကလည်း သိပ်ဆန်းကြယ်ပါတယ်။ (ဆန်းကြယ်လို့လည်း စိတ်လို့ခေါ်တာပါ။ စိတ် = စိတ္တ = ဆန်းကြယ်သောအရာ) တချို့က သက်သတ်လွတ်စားမှ ကုသိုလ်စိတ် မွေးနိုင်ပြီး ကုသိုလ်အလုပ် လုပ်နိုင်ပါတယ်။ ကုသိုလ်စိတ်တိုင်းကိုတော့ မဟုတ်ပါဘူး။ တချို့ ကုသိုလ်စိတ်တွေကိုပါ။
    ရက်အကန့်အသတ်နဲ့ သက်သတ်လွတ်စားနေတဲ့ လူငယ်ဒကာတစ်ယောက်ကို “သက်သတ်လွတ်စားတာ ဘာအကျိုးထူးလဲ”လို့ မေးကြည့်တော့ ......
    “သက်သတ်လွတ်စားတာ ငါးပါးသီလ လုံတယ်၊ ငါ သက်သတ်လွတ်စားနေတယ်ဆိုတဲ့ အသိနဲ့ ခြင်ကအစ မရိုက်ဖြစ်တော့ဘူး၊ စကားကိုလည်း လိမ်ညာပြီး မပြောဖြစ်တော့ဘူး။ အထူးသဖြင့် အရက်၊ ဘီယာ လုံးဝမသောက်ဖြစ်တော့ဘူး။ အသားငါးစားခွင့်မရတော့ အမြည်းမကောင်းတော့လို့၊ ဟဲ ...... ဟဲ .........”
    လို့ ရယ်ရယ်မောမော ပြန်ဖြေခဲ့ပါတယ်။ သူအနေနဲ့ အမြည်းမကောင်းလို့ အရက်၊ ဘီယာ မသောက်ဖြစ်ပေမယ့် အာလူးကြော်၊ မြေပဲလှော်၊ အသားတုကင် စတဲ့ သက်သတ်လွတ် အမြည်းတွေနဲ့ အရက်၊ ဘီယာ သောက်နေကြတဲ့ သက်သတ်လွတ် အရက်သမားတွေလည်း အများကြီးရှိပါတယ်။ သက်သတ်လွတ် စားပြီး ကာမဂုဏ်ဖောက်ပြန်နေတဲ့ ဒုသနသောတွေလည်း ဒုနဲ့ဒေးပါ။
    လူတစ်ယောက်အတွက် သက်သတ်လွတ်စားခြင်းက ငါးပါးသီလ လုံခြုံအောင် စောင့်ထိန်းဖြစ်ဖို့ တွန်းအားပေးပေမယ့် တခြားလူတစ်ယောက်အတွက်တော့ အဲဒီလို ဖြစ်ချင်မှဖြစ်မှာပေါ့။ သက်သတ်လွတ်စားပြီး ငါးပါးသီလ မလုံတဲ့သူတွေ အများကြီးရှိပါတယ်။
    ဘယ်လိုပဲဖြစ်ဖြစ် သက်သတ်လွတ်စားမှ ကုသိုလ်စိတ်မွေးနိုင်ပြီး ကုသိုလ်အလုပ် လုပ်ဖြစ်တဲ့သူတွေအနေနဲ့ ကိုယ်စွမ်းနိုင်သလောက် အချိန်ကန့်သတ်ပြီး သက်သတ်လွတ်စားတာ သဘာဝကျပါတယ်။ (မစားရဘူးလို့ မဆိုပါဘူးကွယ်)။ သက်သတ်လွတ်စားစား၊ မစားစား ကုသိုလ်စိတ် မွေးနိုင်တဲ့သူ၊ ကုသိုလ်အလုပ် လုပ်ဖြစ်တဲ့သူတွေကတော့ “သက်သတ်လွတ်မှ”ရယ်လို့ ရွေးချယ်ချေးများ(ဂျီးများ)နေစရာ မလိုဘဲ ရရာအစားအစာကို အဆင့်သင့်သလို အကုန် စားသုံးနိုင်ပါတယ်။
    ဘုရား၊ ရဟန္တာတွေ၊ သီလ၊ သမာဓိ၊ ပညာနဲ့ ပြည့်စုံတဲ့ သူတော်ကောင်း၊ သူမြတ်လောင်းကြီးတွေ အသားငါး ရှောင်ကြဉ်တော် မမူကြတာကို ကြည့်ခြင်းအားဖြင့် အသားငါးစားရုံသက်သက်နဲ့ အကုသိုလ် မဖြစ်နိုင်ဘူး ဆိုတာ ထင်ရှားပြီးသားပါ။ အသားငါး ရှောင်တာ သူတော်ကောင်းအကျင့်လို့ ယူဆရင် မိစ္ဆာဒိဋ္ဌိဖြစ်ကြောင်း “အာမဂန္ဓသုတ္တန်”မှာ မြတ်စွာဘုရား တိုက်ရိုက်ဟောကြားထားပါတယ်။
    အသားငါး စားရုံသက်သက်နဲ့ အကုသိုလ် မဖြစ်နိုင်ဘူး ဆိုပေမယ့် အဲဒီ အသားငါးက နောက်ခံသမိုင်းကြောင်း မကောင်းဘူးဆိုရင်တော့ စားသုံးသူမှာ အကုသိုလ်ဖြစ်နိုင်ပါတယ်။ “အစွန်းသုံးပါး” မလွတ်တဲ့ အသားငါးကို စားသုံးရင် စားသုံးသူမျာ ပါဏာတိပါတကံထိုက်ပြီး အကုသိုလ်ဖြစ်ပါတယ်။ ရဟန်းတော်များဆိုရင်တော့ ပါဏာတိပါတကံ ထိုက်ရုံမက ဒုက္ကဋ်အာပတ်ပါ သင့်ပါတယ်။
    အစွန်းသုံးပါး ဆိုတာကတော့ “မြင်ခြင်း”၊ “ကြားခြင်း” နဲ့ “ယုံမှားခြင်း” တို့ပါပဲ။ “ဒီအသားငါးဟာ ငါ့အတွက် ရည်စူးပြီး သတ်ထားတာ၊ ငါစားဖို့ ရည်ရွယ်ပြီး သတ်ထားတာ” လို့ မြင်ခဲ့ရင်၊ သို့မဟုတ် ကြားခဲ့ရင်၊ သို့မဟုတ် ယုံမှားသံသယဖြစ်ခဲ့ရင် အဲဒီ အသားငါးဟာ အစွန်းသုံးပါး (တစ်ပါးပါး) မလွတ်တဲ့ အသားငါး ဖြစ်သွားပါပြီ။ လုံးဝ မစားထိုက်တော့ပါဘူး။ စားရင် အကုသိုလ်ဖြစ်ပါတယ်။
    လူဝတ်ကြောင်တွေအနေနဲ့ အစွန်းသုံးပါး လွတ်ရင် ဘယ်အသားငါးကိုမဆို လွတ်လပ်စွာ စားသုံးနိုင်ခွင့် ရှိပေမယ့် ရဟန်းတော်များကတော့ “အသားကြီးဆယ်မျိုး”ကို လုံးဝရှောင်ကြဉ်တော်မူကြရပါတယ်။ မရှောင်ဘဲ စားမိရင် သက်ဆိုင်ရာ အာပတ်သင့်ပြီး အကုသိုလ်ဖြစ်ပါတယ်။
    အသားကြီးဆယ်မျိုးကတော့ “လူ၊ ခွေး၊ မြင်း၊ ဆင်၊ ကျား၊ ကျားသစ်၊ ခြင်္သေ့၊ ၀ံ၊ အောင်း၊ မြွေ”တို့ရဲ့ အသားတွေပါပဲ။ အသားကိုသာ မစားကောင်းတာ မဟုတ်ပါဘူး။ သူတို့ရဲ့ အရိုး၊ အရေ၊ အသွေး၊ အမွှေး ဘာကိုမှ အသုံးမပြုကောင်းပါဘူး။ (ဆင်စွယ်ပုတီး၊ စပါးကြီး သည်းခြေဆေး စသည်တို့ကို ရဟန်းတော်များ လုံးဝ မသုံးကောင်းပါ)။ အသုံးပြုရင် အာပတ်သင့်ပြီး သုံးတိုင်း သုံးတိုင်း အကုသိုလ် တရား တိုးပွားပါတယ်။
    သက်သတ်လွတ်ပဲ စားစား၊ ကြုံရာ ရရာပဲ စားစား၊ အရေးကြီးဆုံးကတော့ စိတ်ကောင်းရှိဖို့၊ သူတော်ကောင်းအလုပ် လုပ်နိုင်ဖို့နဲ့ ဘ၀သံသရာဝဋ်ဆင်းရဲက အပြီးတိုင် လွတ်မြောက်ဖို့ပါပဲ။ “ကြိုက်ရာရွေးစား လူ့ငနွား” မဖြစ်စေဘဲ၊ “သင့်ရာစားသူ လူ့ထက်လူ” ဖြစ်စေဖို့ အဓိကပါပဲ .........

အပ္ပမာဒေန သမ္ပာဒေထ။
အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)
အင်တာဗျူးဂျာနယ်၊ နိုဝင်ဘာ ၇ နှင့် ၁၄၊ ၂၀၀၁။

No comments: