Pages

Thursday, May 10, 2012

သမုဒယသစ္စာ၏ ပလိဗောဓဋ္ဌအနက် (၄)

    ခန္ဓာငါးပါးကိုခင်လို့ ငါ ငါ့ဥစ္စာဆိုတာ လာတာ။ တဏှာသမုဒယရှိလို့လာတာ၊ (သမုဒယ)ဟာ သက္ကာယဒိဋ္ဌိနဲ့အတူတကွ ဖြစ်ဖက်ပဲ။ ဒီတော့လောဘရှိရင် သက္ကာယဒိဋ္ဌိဖြစ်တာပဲ။ လောဘသတ်လိုက်လို့ရှိရင် သက္ကာယဒိဋ္ဌိ အကုန်ပြုတ်တာပဲ။ ဒီတော့ တဏှာ=လောဘဟာ အဆိုးဆုံး ကြောက်စရာအကောင်းဆုံးတရားပဲ။ အခု သမုဒယ၏ ပလိဗောဓဋ္ဌ အနက်သဘောကို ဟောရမယ်။ ပလိဗောဓဋ္ဌဆိုတာက သမုဒယဆိုတဲ့လောဘဟာ ထွက်ရပ်လမ်းမကြီး မဂ်ခရီးကို တားဆီးနှောက်ယှက် ကန့်ကွက်တတ်တဲ့သဘောပဲ။ ထွက်ရပ်လမ်းဟူသရွေ့ကို ကန့်ကွက်တယ်။ မဂ်ဖိုလ်ကို ကန့်ကွက်တယ်ဆိုပါတော့။ သမုဒယက သံသရာဆိုတဲ့ လူ့ဘုံနတ်ဘုံ ဗြဟ္မာ့ဘုံထဲမှာ ခင်ဗျားတို့ အိုဘေး နာဘေးကြီးထမ်းပြီး လှည့်လည်နေတာကို ကြိုက်တယ်။ သံသရာအပြင်ဘက် ထွက်သွားမှာတော့ သူကကြောက်တယ်။ ခင်ဗျားတို့ သံသရာကြီးထဲမှာ ဒုက္ခပင်လယ်ဝေနေလေ သူကကြိုက်လေပဲ။
    နောင်ဘ၀ပေါများဖို့ အလှူလေးပေးနော်။ အသက်ရှည်ဖို့ သီလလေးဆောက်တည်နော်-တဲ့။ နောင်ဘ၀ ကောင်းစားဖို့တော့ သမုဒယကတိုက်တွန်းတယ်။ နိဗ္ဗာန်ရောက်ကြောင်းတော့ သူကအလုပ်မခိုင်းဘူး။ ဒီတော့ မင်းတို့ ၀၀စားပြီး သေခြင်းဆိုး သေကြကွလို့ပြောတာနဲ့ အတူတူပဲ။ ဗုဒ္ဓဘာသာထုံးစံအတိုင်း ပေးကြလှူကြလို့ရှိရင် တခါတည်း နောင်ဘ၀တောင့်တတဲ့ သဘောကလေးကပါလာတယ်၊ နောင်ဘ၀ထပ်နှစ်သက်တာဟာ သမုဒယတဏှာပဲ။ သူက နောင်ဘ၀ကို တောင့်တခိုင်းတယ်။ ဘ၀ဆုံးသံသရာကိုတော့ အသွားမခိုင်းဘူး။ ဘ၀ဆုံးရာနိဗ္ဗာန်ကိုတော့ ကန့်ကွက်တယ်။ ၃၁-ဘုံအတွင်းမှာ လှည့်လည်နေဖို့အတွက် ဘ၀ကောင်းစားရေး လုပ်ပေါ့တဲ့။ တဏှာက၀ဋ်လည်အောင်သာ အလုပ်ခိုင်းတာ။ ၀ဋ်မှ ထွက်အောင်တော့ အလုပ်မခိုင်းဘူး။
    ဘာကလေးလှူလှူ အန္တရာယ်ကင်း ဘေးရှင်းဖို့ဆိုတော့ ဒီ ခန္ဓာကြီးခင်လို့လာတာ။ ဒီ ခန္ဓာကို ခင်မင်မှုနဲ့ လုပ်တဲ့။ ဒီ ခန္ဓာလွတ်ငြိမ်းတဲ့ နိဗ္ဗာန်ဆီသွားဖို့တော့ မလုပ်နဲ့တဲ့။ သမုဒယကပြောတာ။ ခင်ဗျားတို့မှာ တဏှာအခြယ်အလှယ်ခံနေရတော့။ ကုသိုလ်ပြုရင် သုဂတိရောက်ချင်တဲ့စိတ်က အရင်လာတာ။ နိဗ္ဗာန်ရောက်ချင်တဲ့ စိတ်တော့မလာဘူး။ အခုတို့စားနေရတာဟာ နောင်ဘ၀က ဒီလိုပြုခဲ့လို့-ဟုတ်လား။ ဒီတော့ အဟောင်းစား မဖြစ်ရအောင် အသစ်ကိုလဲမျိုးကြဲ၊ နောင်ဘ၀ စားသောက်ရအောင်ဆိုတာ ပါပြီးသား ဖြစ်နေတယ်။ နိဗ္ဗာန်တော့မပါဘူး။ နောင်ဘ၀ စားဖို့သာပါတယ်။ အဲဒီလို နောင်ဘ၀များစွာစားဖို့ကို သူက ကန့်သတ်လိုက်သဖြင့် နိဗ္ဗန်ဆီကို မရောက်တော့ဘူး။ ဘ၀အကြိမ်ကြိမ် သူက စားချင်သောက်ချင်တယ်။ ကြီးပွားချင်တယ်၊ သူဌေးသူကြွယ်ဖြစ်ချင်တယ်၊ ဒါ သမုဒယသတ္တိပဲ။ ခင်ဗျားတို့ ဘယ်ကုသိုလ်လုပ်လုပ် သူမပါတာ အတော်နည်းတယ်။
    ဒီ ဘ၀ သားသမီးနည်းလို့ နောင်ဘ၀ကျလို့ရှိရင် ခြွေရံများအောင် အိမ်နီးချင်းလဲထည့်ဟ လာသေးတာပဲ။ ကိုယ်လည်းကြိုးစားပြီးများများထည့်။ အိမ်နီးနားချင်းလဲ များများထည့်ပစေ။ ဒါမှ နောင်ဘ၀ တို့အခြွေအရံများမယ်တဲ့။ ပစ္စည်းလဲပေါ အခြွေအရံလဲပေါချင်တဲ့ သဘောပေါ့၊ နိဗ္ဗာန်တော့ မပါဘူး။ ဒီတော့ အလှူကြီးတစ်လှူသာ ပြီးသွားတယ်၊ ၀ဋ်မှ ထွက်အောင် လှူတဲ့အလှူ တော်တော်ရှားတယ်။
    ဓမ္မပဒပါဠိတော်မှာ တဏှာဟာ အမိနဲ့တူတယ်။ အ၀ိဇ္ဇာက အဖနဲ့တူတယ်လို့ ဟောထားတယ်။ တဏှာကအချော့ကောင်းလို့ သားသမီးများပျော်အောင် ချော့နိုင်တဲ့ အမိနဲ့တူတယ်တဲ့။ တဏှာကလဲ အင်မတန်အချော့ကောင်းတယ်။ ခင်ဗျားတို့ သန္တာန်မှာရှိတဲ့ မိခင်ကြီးက တဏှာသမုဒယပဲ။ သမုဒယက ကျောင်းကန်ဘုရား သွားတော့မယ်ဆိုရင် ရက်ရှည်ကလေးစောင့်နိုင်မှ သွားပါ့လားတဲ့၊ ချော့ထားတယ်။ မသွားနဲ့လို့တော့ မဆိုဘူး။ သွားပါလို့လဲ မဆိုဘူး။ ရက်ရှည်စောင့်နိုင်မှ သွားပါတဲ့။ ဒီ နောက်ပိုင်းကလေးလုံတော့ သာမကောင်းဘူးလားတဲ့။ နောက်ပိုင်းကလဲ ဘယ်တော့မှမလုံဘူး။ နောက်ပိုင်းစိတ်ချရမှ သွားတာပေါ့တဲ့။ နောက်ပိုင်းကလဲ ဘယ်တော့မှ စိတ်မချရဘူး၊ မချရတော့သွားဖြစ်သေးရဲ့လား။ မသွားဖြစ်တော့ဘူး။ ဒီတော့ ကျောင်းနဲ့ဝေး။ ဘုရားနဲ့ဝေး။ တရားနဲ့ဝေး။ အလုပ်တရားတွေနဲ့ ဝေးတာသည် သမုဒယလက်ချက်ပဲ။ ဒီလိုချော့ထားလိုက်တော့ ခင်ဗျားတို့ကလဲ ပျော့သွားတာပဲ။
    ချော့ထားတာမှ ဟောဒီကုန်တွေ ခေတ်စားနေတယ်။ ဒီကုန်တွေ ဒီအချိန်ပဲ တွင်ကျယ်နေတယ်။ ဒါလေးပြီးမှ သွားတာပေါ့တဲ့။ ရောင်းကောင်းပြန်တော့ ကောင်းလို့ဆိုင်းပါဦး၊ အရောင်းအ၀ယ်ပျက်နေတော့လဲ နေရာမကျသေးလို့ ဆိုင်းပါဦး။ အကြောင်းမညီညွတ်လို့ ကြွေးတင်တော့ ဒီကြွေးလေးကျေမှတဲ့၊ ဒီလိုချော့ထားတာ။ ထွက်ရပ်လမ်းကိုမပါဘူး။ ဒီနေရာမှာ ၀န်ပိပြီး၊ ပိပြားပြီးသေလို့ရှိရင် သူ့အကြိုက်ပဲ။ တရားအားထုတ်ဖို့ ထွက်သွားမှာတော့ သူကစိုးရိမ်တယ်။
    ပိတ်ပင်တာက သမုဒယ။ ပိတ်ပင်လို့ရရှိတာက ဒုက္ခမျိုးစုံ ဖြစ်နေတယ်။ ခင်ဗျားတို့ အခုရထားတဲ့ ဒုက္ခမျိုးစုံဟာ သမုဒယက လာတာချည်းပဲ။ သမုဒယဟာ ဒုက္ခမျိုးစုံရဲ့ လက်သည်ပဲ၊ ဒီတော့ လက်သည်အကြောင်းကို ကောင်းကောင်းသိမှ ဒုက္ခမှထွက်ချင်မှာ။ မသိရင်ထွက်ချင်မှာ မဟုတ်ဘူး။ ဒါဖြင့် လက်ရှိ ဒုက္ခမျိုးစုံမှ ထွက်မြောက်ချင်ရင် ဒုက္ခရဲ့အကြောင်း လက်သည်ကို သတ်လိုက်ပေါ့။ အကြောင်းသမုဒယ၊ (တဏှာ)ကို ဖြစ်ပျက်ရှုပေး။ ရှုပေးလို့ သမုဒယချုပ်ရင် အကျိုးဖြစ်တဲ့ ဒုက္ခမျိုးစုံဟာ မလာတော့ဘူး။ သမုဒယမလာတော့ ဒုက္ခချုပ်တာပဲ။ ဒုက္ခချုပ်ရင် နိဗ္ဗာန်ရောက်တာပဲ။ ဒီတော့ တဏှာ=လောဘ (သမုဒယ) လာတိုင်းလာတိုင်း ဖြစ်ပျက်သာနာနာရှုကြတော့။ တနည်းအားဖြင့် - ဒီတဏှာဟာ သုခဝေဒနာကလာတာ ဖြစ်သောကြောင့် တဏှာမလာခင်မှာ သုခဝေဒနာကို ဖြစ်ပျက်ရှုပေး၊ ဝေဒနာဝိပဿနာကို ဖိပြီးရှု၊ ရှုတဲ့ဝေဒနာမလာရင် တဏှာဟာ အလိုလိုချုပ်သွားတာပဲ။ တဏှာချုပ်ရင် ဒုက္ခလဲ အလိုလိုချုပ်သွားတာပဲ။ ဒီတော့ ၀ဋ်ဒုက္ခမှ လွတ်ချင်ရင်၊ နိဗ္ဗာန်ရောက်ချင်ရင် ဝေဒနာပေါ်တိုင်း ဖြစ်ပျက်ရှုပေတော့။

မိုးကုတ်ဆရာတော်ဘုရားကြီး၏ သစ္စာအနက် ၁၆-ချက် တရားတော်များမှ

No comments: