Pages

Thursday, May 10, 2012

“မြင်၊ ကြား၊ နံ၊ စား၊ ထိ၊ သိ” တိုင်း ဖြစ်ပျက်ရှု

    ရခဲလှတဲ့ “ဒုလ္လဘတရား ၅-ပါး”မှာ ဘ၀တိုင်း ဘ၀တိုင်းမှာ သဒ္ဓါတရားပြည့်စုံမှု ရှိချင်မှရှိမယ်။ ဒါကြောင့် ယခုအခါ သဒ္ဓါတရားနဲ့ ပြည့်စုံတုန်း မြန်မြန်မဂ်ဉာဏ် ရအောင်လုပ်ပါ။ သေမှာကိုကြောက်ရင် မဂ်ဉာဏ်ကို ရအောင်ယူ၊ မဂ်ဉာဏ်ကိုရရင် သေမင်း မမြင်နိုင်တော့ဘူး။ သေမင်း ရှာမတွေ့နိုင်တော့ဘူး။ ဒါကြောင့် ၀ိပဿနာအလုပ်ကို မလုပ်ပဲ နေနေရင် “နင်သေချင်လို့လား”လို့ ကိုယ့်ကိုယ်ကိုပြန်မေးပါ။ မသေချင်ရင် ခန္ဓာငါးပါးအပေါ်မှာ ပေါ်တိုင်းပေါ်တိုင်း ဖြစ်ဒုက္ခ၊ ပျက်ဒုက္ခကိုသာ ရှုပေတော့။ ဘုန်းကြီးတရားကိုတော့ ကုသိုလ်ရချင်ရုံနဲ့ မနာကြနဲ့၊ နိဗ္ဗာန်ရောက်အောင်လုပ်ကြဖို့ တရားဟောပေးနေတာ၊ ရအောင်လုပ်ကြပါ။ ၀ိပဿနာရဲ့ အကျိုးကျေးဇူးများပုံကို ပြောပြရဦးမယ်။
    ဘုရားရှင်လက်ထက်က ဘိက္ခူနီမ ငါးရာက သွန်သင်ဆုံးမပါဦးဘုရားလို့ လျှောက်ထားတာနဲ့၊ ရှင်နန္ဒက ဟောကြားဆုံးမတယ်။ သူဟောကြားဆုံးမတဲ့တရားကတော့၊ “ကိုယ်ရယ်၊ လေရယ်၊ နေရယ်”  ဒီ သုံးခုရှိနေမှ “ဖဿ”ဆိုတဲ့ တွေ့ထိမှု ဖြစ်ပေါ်လာတယ်။ အခံဓာတ်၊ အဖိဓာတ်၊ အထိဓာတ်လို့ ခေါ်တယ်။ ဒီ ၃-မျိုးကြောင့် အပေါ်ဓာတ်ပေါ်လာတယ်။ ဒီပေါ်လာတဲ့ အပေါ်ဓာတ်ဟာ အကြောင်း ၃-မျိုးကြောင့်ပေါ်လာတာ၊ ဝေဒနာပေါ်လာတာဟာ အကြောင်းကြောင့်ပေါ်တာ။ ရေ၊ မြေ၊ လေ၊ နေတို့နဲ့ လွတ်အောင်မနေနိုင်တော့ဘူး၊ ၎င်းတို့နဲ့တွေ့ရင် “ဝေဒနာ” ပေါ်ရမယ်။ “မွှေးတယ်, နံတယ်, အေးတယ်, ပူတယ်”ဆိုတာ ဝေဒနာတွေပဲ၊ ခန္ဓာကိုယ်ထဲက ဖြစ်ပေါ်လာတဲ့ “ကာယ, ဖောဋ္ဌဗ္ဗ, ဖဿ, ဝေဒနာ (ကိုယ်၊ တွေ့ထိဖွယ်၊ တွေ့ထိမှု၊ ခံစားရမှု) ပေါ်တိုင်း ဖြစ်ပျက်ရှုပေး”လို့ ရှင်နန္ဒက ဟောလိုက်တယ်။ ဥပမာပြုရရင်- မီးထွန်းတဲ့အခါ “ဆီ၊ မီးစာ၊ မီးတောက်” ဒီ ၃-ခုပေါင်းမှ အလင်းရောင်ထွက်လာတာလိုပဲ၊ ဝေဒနာဟာ မမြဲတဲ့အနိစ္စ၊ ဆင်းရဲတဲ့ဒုက္ခ၊ အစိုးမရတဲ့ အနတ္တ တရားတွေပဲလို့ ဝေဒနာပေါ်တိုင်း ဖြစ်ပျက်ကိုသာ ရှုကြပေတော့။
    စိတ်တမျိုးတမျိုးပေါ်တိုင်းလဲ ဖြစ်ပျက်ရှု၊ ရုပ်ကလေး တမျိုးတမျိုး ပြောင်းလဲတိုင်းလဲ ဖြစ်ပျက်ရှုပါ၊ ခင်ဗျားတို့ အဘိုးအဘွားတွေ ဘယ်ရောက်ကုန်သလဲလို့မေးရင် အနိစ္စရောက်ကုန်ပြီလို့ ပြောကြပါမယ်။ ခင်ဗျားတို့လဲ အနိစ္စတွေက မွေးခဲ့လို့ အနိစ္စတွေပဲ၊ ခင်ဗျားတို့က မွေးမယ့်ကလေးတွေလဲ အနိစ္စပဲ၊ သူတို့ကတဆင့် မွေးမှာလဲ အနိစ္စချည်းပဲ၊ ဒါကြောင့် မြင်၊ ကြား၊ နံ၊ စား၊ ထိ၊ သိတိုင်း ဖြစ်ပျက်ရှုပါ၊ ဖြစ်တာလဲဒုက္ခ၊ ပျက်တာလဲဒုက္ခလို့ မြင်အောင်ရှုပါလို့ ရှင်နန္ဒက ဟောပြတော့ ဘိက္ခူနီမ(ရဟန်းမ) ငါးရာဟာ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာတွေ အသီးသီး ဖြစ်ကုန်ကြတယ်။ ဒါကြောင့် ဝေဒနာရှုရင် တဏှာကုန်တယ်၊ တဏှာကုန်ရင် နိဗ္ဗာန်ရောက်တော့တာပါပဲ။
    ရှုပုံရှုနည်းချည့် ဟောနေပါတယ်။ ရှုပုံရှုနည်း နားလည်တဲ့ လူတွေများပြီ။ ဒီ “ဖဿဝေဒနာ” တို့ဟာ ရောနေတော့၊ တခုရှုရင် အကုန်ပါတော့တာပဲ၊ ၀ိပဿနာအရာမှာ စိတ်ပေါ်ပေါ်၊ ဝေဒနာပေါ်ပေါ် ဖြစ်တာနဲ့ ပျက်တာလို့သာ ရှုပေးဖို့လိုပါတယ်။ ကိုယ်ပေါ်မှာ “သုခ”ပေါ်ပေါ် “ဒုက္ခ”ပေါ်ပေါ် ဖြစ်တာနဲ့ပျက်တာပဲ ပေါ်တာပါ။ ၀ိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ၊ စိတ်စေတသိက်ရုပ်တွေကိုလဲ ပေါ်လာတိုင်း ပေါ်လာတိုင်းသာ စောင့်ရှုပါ၊ ရှုရင် ရွံစရာ မုန်းစရာတွေပါကလားလို့ ငြီးငွေ့တဲ့စိတ်တွေ ပေါ်လာတော့တာပါပဲ။ ဖြစ်ပျက်ကိုသာ ရှုဖန်များလာရင် ဉာဏ်တွေ အဆင့်ဆင့် ရင့်သန်လာပြီး ဒီခန္ဓာကြီးကို မလိုချင်တော့ဘူး၊ ရွံမုန်းလာပြီး ခန္ဓာရဲ့ လွတ်ရာလွတ်ကြောင်းကို သူကြံစည်တော့တာပဲ။ ဒါဟာ ဒုက္ခပိုင်းခြားသိတဲ့ဉာဏ်ပဲ၊ ဖြစ်ဖြစ်သမျှဟာ ဒုက္ခတွေချည့်ဖြစ်နေလို့ ဖြစ်ပျက်ကိုသာရှု၊ ဖြစ်ပျက်မှတပါး ဘာမျှမရှိဘူး၊ ဖြစ်ပေါ်ပြီး ပျက်တာချည်းပဲ၊ ဒါကြောင့် ဖြစ်ဒုက္ခ ပျက်ဒုက္ခသာရှုကြ။ သတိ, ပညာနှင့် ရုပ်ပျက်, နာမ်ပျက်တို့ကို ကြည့်ရှုနေလို့  ဖောက်ပြန်ပျက်စီးပြီး နေတာပါကလားလို့ သိလာပြီး ဒုက္ခသစ္စာကို ပိုင်းခြားသိလာရင် မဂ်ဉဏ်ပေါ်လာတော့တာပဲ။
    ဘုရားသခင်က ဟောတယ်၊ ၀ိပဿနာမရှုသော သူဟာ အပါယ်ငရဲဘေးတွေနဲ့တွေ့ရမယ်။ သေခါနီး သား, သမီး, လင်မယား, ပစ္စည်းခင်တွယ်တာတွေကြောင့် အပါယ်ဘေးနဲ့ နီးလွန်းလှတယ်။ ဒါကြောင့် ၀ိပဿနာဉာဏ်က မဂ်ဉာဏ်ကို ရအောင်ရောက်အောင် လုပ်ကြရမယ်။ ၀ိပဿနာဉာဏ်က မဂ်ဉာဏ်ကူးမှ အပါယ်ငရဲဘေးမှလွတ်ကြမယ်။ သောတာပန်များဟာ သေရမှာ မကြောက်ကြတော့ဘူး၊ အပါယ်ငရဲဆိုတဲ့ အောက်သံသရာဘေး မကျရောက်တော့လို့ မကြောက်ကြတာ၊ မဂ်ဉာဏ်ရောက်မှ ဒီဘေးကလွန်ပြီး (လွတ်ပြီး) လားရာဂတိမြဲမယ်။ ဘုရားတောင်မှ တရားကျင့်မှ ဘုရားဖြစ်ရတယ်။ ဘုရားတောင် တရားကို ပူဇော်ကိုးကွယ်သေးတယ်။ ရှေးတုန်းက တက္ကသိုလ်ပြည့်ရှင် “ပက္ကုသာတိ” မင်းကြီးဟာ ဤတရား ရတနာကို “ရတနာအမှန်ဧကန်ဖြစ်ကြောင်း” သိသဖြင့် ထီးနန်းကို စွန့်ပြီး တက္ကသိုလ်ကခွာ၍ ဘုရားရှင်ထံ အရောက်သွားရန်ရည်မှန်းပြီး ၁၉၂-ယူဇနာဝေးတဲ့ ခရီးခဲကြီးကို ထီးမဆောင်း ဖိနပ်မစီးပဲ ဇွဲကြီးစွာဖြင့် ဒုက္ခအမျိုးမျိုးခံလျက် သွားလေရာ ရာဇဂြိုဟ်ပြည်၌ ဘုရားရှင်ထံမှောက်ရောက်ပြီး တရားနာယူကျင့်သုံးတာနဲ့ ကျွတ်တမ်းဝင်သွားတယ်။ ဒီတော့ အဲဒီ “ပက္ကုသာတိမင်းကြီး”ကို နှလုံးမူပြီး မင်းတို့ ကြိုးစားကြပါလို့ သတိပေးပါတယ်။
    အဲဒီ “ပက္ကုသာတိ” မင်းကို ဟောတဲ့ တရားကတော့ “ပထ၀ီဓာတ်၊ အာပေါဓာတ်၊ တေဇောဓာတ်၊ ၀ါယောဓာတ်၊ အာကာသဓာတ်၊ ၀ိညာဏဓာတ်”လို့  ဓာတ်ခြောက်ပါးရှိတယ်။ ဓာတ်ဆိုတာ သူ့သဘောသူလုပ်၊ သူ့သဘောသူဆောင်တာပဲ။ လူတို့ရဲ့သဘောကို မလိုက်ဘူး။ သတ္တ၀ါဆိုတာ ဒီ ဓာတ် ၆-ပါး အစုအဝေးကြီးပဲ၊ ဒီ ဓာတ်  ၆-ပါးဟာ သူ့သဘောအတိုင်း ဖြစ်ပေါ်လာပြီး ပျက်သွားတာပဲ၊ သူ့သဘော သူဆောင်တာပဲ၊ ဒီလို ဓာတ် ၆-ပါးရဲ့ ဖြစ်ပျက် သဘောကို မြင်အောင်ရှု၊ “သတ္တ၀ါဆိုတာ ဓာတ်ကောင်၊ ဓာတ်စု၊ ဓာတ်ခဲပါလား၊ သူ့သဘော သူဆောင်နေတာပါလား၊ မိမိ အလို မလိုက်ပါကလား၊ အစိုးမရပါကလား၊ အနတ္တတရားပါကလား”လို့ ဓာတ်တွေရဲ့ ဖောက်ပြန် ပျက်စီး ယိုယွင်း ပျက်စီးနေပုံကို အထပ်ထပ် ဆင်ခြင် မပြတ်မလပ်ထင်မြင်လျှင် ပက္ကုသာတိမင်းကြီးလို မဂ်ဖိုလ်ကို ရက်တိုတိုနဲ့ ရမှာမို့၊ ဓာတ် ၆-ပါးကိုသာ ဖြစ်ပျက်ရှုကြပေတော့ ဒကာ.... ဒကာမတို့။

မိုးကုတ်ဆရာတော်ဘုရားကြီး၏ သြ၀ါဒတရားများမှ
(၁၃၁၇-ခု၊ တော်သလင်းလဆန်း ၁၄-ရက်နေ့၌ ဟောကြားသည်)

No comments: