Pages

Friday, May 11, 2012

ပရာဘ၀သုတ်လာကျင့်ဝတ်များ

နိဒါန်း
    အခါတပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် ဇေတ၀န်ကျောင်းတော်၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ နတ်အပေါင်းတို့သည် မြတ်စွာဘုရားထံတော်မှ  မင်္ဂလသုတ်တော်ကို ကြားနာရ၍ မိမိတို့ သိလိုလှသော သတ္တ၀ါတို့၏ ကြီးပွားချမ်းသာကြောင်းများကို သိရှိသွားကြသည်။ ထို့ပြင် သတ္တ၀ါတို့၏ ပျက်စီးဆုတ်ယုတ်ကြောင်းကိုလည်း သိလိုကြပြန်သေးသည်။ ထိုအခါ မြတ်စွာဘုရားထံ ထပ်မံလျှောက်ထားရန် အကြံဖြစ်ပေါ်လာသည် မင်္ဂလသုတ်တော်ကို ကြားနာရပြီး နောက်တစ်နေ့၌ သိကြားမင်း၏ ခိုင်းစေချက်အရ နတ်သားတစ်ပါးက လျှောက်ထားမေးမြန်း၍ ဤပရာဘ၀သုတ်တော်ကို အောက်ပါအတိုင်း မြတ်စွာဘုရား ဟောကြားတော်မူခဲ့သည်။

ဆုတ်ယုတ်ပျက်စီးကြောင်းတရား ၁၂-ပါး

၁။    ဒုစရိုက်တရား ဆယ်ပါးကို ပြုကျင့်ခြင်းသည် ဆုတ်ယုတ်ပျက်စီးခြင်း၏ အကြောင်းဖြစ်၏။

၂။    မိစ္ဆာဒိဋ္ဌိအယူရှိသူများနှင့် သူယုတ်မာတို့ကို ပေါင်းသင်း ဆက်ဆံခြင်း၊ သူတော်ကောင်းတို့နှင့် မပေါင်းသင်း မဆက်ဆံခြင်း၊ မိစ္ဆာဒိဋ္ဌိများနှင့် သူယုတ်မာတို့၏ တရားနှင့်အယူဝါဒများကို နှစ်သက်ခြင်းသည် ဆုတ်ယုတ်ပျက်စီးခြင်း၏ အကြောင်းဖြစ်သည်။

၃။    အလွန်အကျွံအိပ်ခြင်း၊ အပေါင်းအဖော်၌ မွေ့လျော်ပြီး အချိန်ဖြုန်းတီးနေခြင်း၊ ထကြွလုံ့လမရှိခြင်း၊ အလွန်ပျင်းရိခြင်းနှင့် အမျက်ဒေါသကြီးခြင်းသည် ဆုတ်ယုတ်ပျက်စီးခြင်း၏ အကြောင်းဖြစ်သည်။

၎။    ရဟန်းစသော သူတော်စင် အလှူခံများနှင့် သူတောင်းစားတို့ကို ပေးလှူမည်ဟု ဖိတ်ကြားဝန်ခံထားပြီး မလှူဒါန်း မပေးကမ်းခြင်းသည် ဆုတ်ယုတ်ပျက်စီးခြင်း၏ အကြောင်းဖြစ်၏။

၅။    မိဘတို့ကို ကျွေးမွေးပြုစုနိုင်ပါလျက် မကျွေးမွေး မပြုစုခြင်းသည် ဆုတ်ယုတ်ပျက်စီးခြင်း၏ အကြောင်းဖြစ်၏။

၆။    ပစ္စည်းဥစ္စာ ပေါများသူဖြစ်ပါလျက် အခြားသူများကို မလှူဒါန်း၊ မဝေငှဘဲ မိမိတစ်ဦးတည်း သုံးဆောင်ခံစားခြင်းသည် ဆုတ်ယုတ်ပျက်စီးခြင်း၏ အကြောင်းဖြစ်၏။

၇။    မာန်မာန တက်ကြွမောက်မာခြင်းသည် ဆုတ်ယုတ်ပျက်စီးခြင်း၏ အကြောင်းဖြစ်၏။

၈။    ကာမဂုဏ် အပျော်အပါးလိုက်စားခြင်း၊ အရက်သေစာ မူးယစ်ဆေးဝါး သောက်စားမှီဝဲခြင်းနှင့် လောင်းကစားခြင်းသည် ဆုတ်ယုတ်ပျက်စီးခြင်း၏ အကြောင်းဖြစ်၏။

၉။    ပြည့်တန်ဆာမနှင့် သူတစ်ပါးမယားတို့၌ ပြစ်မှားလွန်ကျူးခြင်းသည် ဆုတ်ယုတ်ပျက်စီးခြင်း၏ အကြောင်းဖြစ်၏။

၁၀။    အသက်ကြီး အရွယ်လွန်သူဖြစ်ပါလျက် ငယ်ရွယ်သူ အမျိုးသမီးနှင့် အိမ်ထောင်ပြုခြင်းသည် ဆုတ်ယုတ် ပျက်စီးခြင်း၏ အကြောင်းဖြစ်၏။

၁၁။    အ၀တ်အစား မက်မောလွန်းသူ၊ အသုံးအစွဲ မတတ်သူကို အကြီးအကဲအရာ၌ ခန့်ထားခြင်းသည် ဆုတ်ယုတ်ပျက်စီးခြင်း၏ အကြောင်းဖြစ်၏။

၁၂။    မိမိနှင့် မတန်သောအရာကို အလိုရှိခြင်းသည် ဆုတ်ယုတ်ပျက်စီးခြင်း၏ အကြောင်းဖြစ်၏။

နိဂုံး
    ဤသို့ မြတ်စွာဘုရား ဟောကြားတော်မူသော ဆုတ်ယုတ်ပျက်စီးကြောင်းတရားတို့ကို ရှုဆင်ခြင်၍ ရှောင်ကြဉ်လိုက်နာသူသည် ယခုဘ၀တွင် ကြီးပွားချမ်းသာရသည့်အပြင် နောက်ဘ၀တွင်လည်း နတ်ပြည်လောကမှာ ဖြစ်ရပါသည်။

ဗုဒ္ဓဘာသာတရားတော် အခြေခံအဆင့်မှ၊

No comments: