Pages

Thursday, May 10, 2012

မဂ္ဂသစ္စာ၏ ဒဿနဋ္ဌအနက် (၃)

    မဂ္ဂသစ္စာဟာ ဒဿနဋ္ဌော သဘောရှိတယ်။ ဒဿနဋ္ဌောဆိုတာ နိဗ္ဗာန်မြင်တဲ့တရားလို့မှတ်ပါ။ နိဗ္ဗာန်ကို ဘယ်အချိန်မြင်မှာလဲ၊ ဒုက္ခဆုံးတဲ့အခါ မြင်လိမ့်မယ်။ ဒုက္ခဘယ်အချိန်ဆုံးမှာတုံး၊ အ၀ိဇ္ဇာနဲ့ တဏှာဆုံး(ချုပ်)တဲ့အခါ ဒုက္ခဆုံးမယ်။ ဒုက္ခဆုံးရင် နိဗ္ဗာန်မြင်မယ်။ ဒီ ၃-ချက်ကို မှတ်ထားပါ။ ဒီတော့ ဒဿနဋ္ဌောမဟောခင် ဒုက္ခဆုံးဖို့ပြပါဦးမယ်။
    ခင်ဗျားတို့ ခန္ဓာမှာ ဒုက္ခတွေရှိတယ်။ အိုစရာဒုက္ခ၊ နာစရာဒုက္ခ၊ သေစရာဒုက္ခတွေရှိတယ်။ မွဲစရာ ကွဲစရာ ဒုက္ခတွေလဲ ရှိတယ်။ မွဲ ကွဲ ဆိုတာ သေတဲ့အခါ ကိုယ့်နောက်မလိုက်လာလို့ မွဲ ကွဲ ဖြစ်ရတယ်။ ဒီ ဒုက္ခတွေနဲ့ စိတ်မချ လက်မချ သောကတွေ ပရိဒေ၀ ဒုက္ခ ဒေါမနဿ ဥပါယာသတွေလဲ ရှိတယ်။ ဒါတွေဟာ ခင်ဗျားသန္တာန်မှာ အပြည့်အစုံရှိတဲ့ ဒုက္ခတွေလို့မှတ်ထား။ ခင်ဗျားတို့ ခန္ဓာမှာ အို နာ သေ အမွဲ အကွဲတွေလဲရှိတယ်။ သောက ဆိုတဲ့ စိုးရိမ်မှု၊ ပရိဒေ၀ဆိုတဲ့ ငိုကြွေးမှုလဲရှိတာပဲ။ အကြောင်းရှိရင် မျက်ရည်ထွက်လာတာပဲ။ ဒုက္ခ ဆိုတဲ့ ကိုယ်၏ဆင်းရဲခြင်း၊ ဒေါမနဿဆိုတဲ့ စိတ်၏ဆင်းရဲခြင်း၊ ဥပါယာသဆိုတဲ့ ပြင်းစွာပူပန်မှု၊ ဒေါသ ဆိုတဲ့ အလိုမကျမှုတွေရှိတယ်။ အဲဒါတွေအားလုံးဟာ ဒုက္ခတွေပါလား၊ ဒုက္ခသစ္စာပါလားလို့ မှတ်ထား။ ဒါကြောင့် သတိပဋ္ဌာန် ပါဠိတော် ပဋိစ္စသမုပ္ပါဒ် တရားတော်မှာ ဧ၀မေတဿ ကေ၀လဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိလို့ ဟောထားတာ (ဧ၀ံ= ဤသို့လျှင်၊ ကေ၀လဿ= ချမ်းသာမဖက်သော၊ ဒုက္ခက္ခန္ဓဿ= ဒုက္ခအစုကြီး၏၊ သမုဒယော= ဖြစ်ကြောင်းသည်၊ ဟောတိ= ဖြစ်၏)။ ဒီတော့ ခန္ဓာကိုယ်ကြီးဟာ အဲဒါတွေစုနေလို့ ခွဲမရတဲ့ ဒုက္ခအစုကြီးလို့မှတ်ထားပါ။
    အဲဒီ ဒုက္ခအစုကြီးဟာ ဘယ်ကဖြစ်လာတယ် ဆိုတာလဲ သိရမယ်။ ဒုက္ခဟာ မိမိပြုတာလား၊ မဟုတ်ဘူး။ သူတပါးပြုတာလား၊ မဟုတ်ဘူး။ အကြောင်းမရှိပဲ အလိုလိုဖြစ်လာတာလား၊ မဟုတ်ဘူး။ ဒီတော့ ဒုက္ခဟာ ဘယ်ကဖြစ်လာတာလဲ။ ပဋိစ္စသမုပ္ပါဒ် ပါဠိတော်ကို ရွတ်ကြည့်၊ အဖြေတွေ့မယ်။ အ၀ိဇ္ဇာပစ္စယာသင်္ခါရာ စသည်ရွတ်လိုက်တော့ အဆုံးမှာ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ (ဒုက္ခအစုကြီး၏ ဖြစ်ကြောင်းတည်း)လို့ တွေ့မယ်။ ဒီပါဠိတော်အရ အဲဒီ ဒုက္ခအစုကြီးဟာ ခင်ဗျားတို့ သန္တာန်မှာရှိတဲ့ အ၀ိဇ္ဇာ သင်္ခါရတွေက စတင်ဖြစ်လာတယ်။ ပုဂ္ဂိုလ်သတ္တ၀ါက လုပ်တာ မဟုတ်ဘူး။ ဓမ္မကလုပ်တာ။ အ၀ိဇ္ဇာသင်္ခါရဆိုတဲ့ ဓမ္မကလုပ်တာလို့ သေသေချာချာမှတ်ထားပါ။ ဒီတော့ ဒီဒုက္ခတွေကို စလုပ်တဲ့ ဓမ္မဟာ အ၀ိဇ္ဇာ (သစ္စာမသိမှု)ပဲ။ ဒုက္ခဟူသရွေ့ဟာ အ၀ိဇ္ဇာအရင်းခံပဲ။ ခင်ဗျားတို့ရဲ့ သစ္စာမသိမှု အ၀ိဇ္ဇာကြောင့် အို နာ သေ မွဲ ကွဲ သောက ပရိဒေ၀ ဒုက္ခ ဒေါမနဿဆိုတဲ့ ဒုက္ခတွေ တွေ့ရတာ။ အဲဒီတော့ ဒုက္ခဟာ အ၀ိဇ္ဇာဆိုတဲ့ ဓမ္မက စတင်ဖြစ်ပေါ်လာတာ ဖြစ်သောကြောင့် မိမိပြုတာလဲ မဟုတ်ဘူးလို့ မှတ်ရမယ်။
    ခင်ဗျားတို့မှာ သစ္စာမသိမှု၊ ဒုက္ခမသိမှု၊ အ၀ိဇ္ဇာဖုံးလွှမ်းထားလို့ ဒုက္ခလို့ မသိတာနဲ့ ဒုက္ခကို တဏှာနဲ့ဆုတောင်းလာခဲ့ကြတယ်။ အ၀ိဇ္ဇာက အဖုံးသမား။ တဏှာက အတောင်းသမား ဖြစ်တယ်။ အ၀ိဇ္ဇာက လူ့ပြည်ဟာကောင်းတယ်ဆိုပြီး အိုဘေး၊ နာဘေး၊ သေဘေးတွေဖုံးပြီး အပျိုအရွယ်ပိုင်းကို ထုတ်ပြလိုက်တယ်။ တပိုင်းကိုပြပြီး တပိုင်းကိုဖုံးထားတယ်။ အ၀ိဇ္ဇာက တောင်ဝှေးထောက် မျက်မှန်တပ်ပြီး သားမုန်း သမီးမုန်း အများမုန်းတဲ့ကိစ္စတွေကို ဖုံးပြီး ငယ်ငယ်ရွယ်ရွယ် ပျိုပျိုရွယ်ရွယ်နဲ့ သွားလာပျော်ရွှင်တဲ့ ကောင်းတဲ့ အပိုင်းကိုပြထားတော့၊ တဏှာကလဲ ဒီပျိုပျိုရွယ်ရွယ်ဖြစ်နေတဲ့ အချိန်လေးကို ကြိုက်တော့တာပဲ။ ဒီတော့ ဒုက္ခကြီးကို အစဉ် လျှောက်တွေးလိုက်တော့ ဒီ အ၀ိဇ္ဇာတဏှာက ပေးတာပဲ၊ စတင်လုပ်ပေးတာပဲ။ ဘယ်ပုဂ္ဂိုလ်သတ္တ၀ါကမှ လုပ်ပေးတာမဟုတ်ဘူး။ ခင်ဗျားတို့ဟာ မသိမှုအ၀ိဇ္ဇာ၊ နှစ်သက်မှုတဏှာတို့ရဲ့ လွှမ်းမိုးမှုကြောင့် ဒုက္ခရောက်ကြောင်း သင်္ခါရ အလုပ်တွေကို ရှောက်လုပ်ကြတာပဲ။ ဒီတော့ သင်္ခါရ အလုပ်တွေလုပ်တော့ ဒုက္ခတွေရတာပေါ့။ အရင်းကျကျပြောရရင် ဒုက္ခဆိုတာ မသိလို့ရတာ။ သိလို့ရှိရင်မရဘူး။
    ဒါဖြင့် ဒုက္ခသိတာက ၀ိဇ္ဇာ၊ ဒုက္ခမသိတာက အ၀ိဇ္ဇာ၊ ဒုက္ခဟာမသိလို့ရတာ။ သိရင်မရဘူး ဆိုတော့ ၀ိဇ္ဇာဖြစ်ရင် မရတော့ဘူး။ အ၀ိဇ္ဇာရှိနေရင်တော့ ရမှာပဲ။ ဒီတော့ ခင်ဗျားတို့ ခန္ဓာကိုယ်ထဲမှာ ခန္ဓာ ၅-ပါးထဲကို ဉာဏ်နဲ့ကြည့်လိုက်လို့ ဖြစ်-ပျက် ဒုက္ခသစ္စာသိသွားတဲ့အခါကျတော့ ၀ိဇ္ဇာ ဖြစ်လာတယ်။ ၀ိဇ္ဇာဖြစ်တယ်။ ၀ိဇ္ဇာဖြစ်ရင် ဒဿနဋ္ဌော နိဗ္ဗာန်ကို မြင်တော့တာပဲ။ ဒီတော့ ဒုက္ခမြင်ရင် နိဗ္ဗာန်မြင်တယ်။ ဒုက္ခမမြင်သေးရင် နိဗ္ဗာကိုမမြင်ဘူး။ ၀ိဇ္ဇာဖြစ်ရင် သစ္စာ ၄-ပါး ၄-ချက်ကို တပြိုင်နက်မြင်ရတယ်။ ဒုက္ခလဲ သူမြင်တာပဲ။ ဒါ ဒုက္ခအစစ်ပဲလို့ ပိုင်းခြားသောအားဖြင့် မြင်တာပဲ။ ဒါ သမုဒယပဲလို့ ပယ်ဖို့ရာလဲမြင်တာပဲ။ ဒါ နိရောဓ= ဒုက္ခချုပ်ရာ နိဗ္ဗာန်ကိုလဲမြင်တာပဲ။ နိဗ္ဗာန်ရောက်ကြောင်း လမ်းကောင်း လမ်းမှန်ကိုလဲ သိလာတာပဲ။ ဒီ သစ္စာ ၄-ချက်ကို တပြိုင်နက်မြင်နိုင်တဲ့ ဒီ ၀ိဇ္ဇာ=ဉာဏ်ဟာ ခန္ဓာငါးပါးရဲ့ ဖြစ်ပျက်ဒုက္ခသစ္စာကို အဖန်ဖန်အထပ်ထပ် ပွားများမှဖြစ်တာ။ နို့မို့ရင် မဖြစ်ဘူး။ ဒါ ပွားများဖို့ဆိုတာကလဲ ဒုက္ခသစ္စာဆိုတာ ဘာဆိုတာ အရင်သိထားမှ ပွားများလို့ရတာ။ ဒါကြောင့် ဘုန်းကြီးက ဒုက္ခ အကြောင်းကို မကြာခဏ ထည့်ထည့်ပြီးဟောနေရတာ။
    ပုထုဇဉ်အကန်း။    ။ သစ္စာမသိမှု အ၀ိဇ္ဇာကြောင့် ဒုက္ခဖြစ်တယ်ဆိုတော့ အ၀ိဇ္ဇာဟာ ဒုက္ခရဲ့လက်သည်ပဲ။ ခင်ဗျားတို့ဟာ ဘ၀များစွာ သံသရာက ဒုက္ခသစ္စာကို ဘယ်တော့မှ မထင်ခဲ့တော့ ဘယ်တုန်းကမှ ၀ိဇ္ဇာမဖြစ်ခဲ့ဘူး။ မဖြစ်တော့ ဒုက္ခကြီးကမထွက်ဘူး။ ပြီးတော့လဲ ဒုက္ခဖြစ်ကြောင်းဟာ သမုဒယသစ္စာပဲလို့လဲ မသိခဲ့ဘူး။ မသိတော့ သမုဒယ=တဏှာကိုပဲ လိုကစားနေခဲ့တာပဲ။ ပြီးတော့ ဒီ ဒုက္ခချုပ်မှ နိရောဓ ဆိုက်မယ်ဆိုတဲ့ နိရောဓကိုလဲ ဘ၀များစွာသံသရာက မတွေးမိခဲ့ကြဘူး။ နိဗ္ဗာန်ရောက်ကြောင်း လမ်းကောင်းလမ်းမှန် မဂ္ဂသစ္စာကိုလဲ ရှာမတွေ့ခဲ့ကြဘူး။ ဒီတော့ ခင်ဗျားတို့ မျက်လုံးဟာ ဘယ်တုန်းကမှ အလင်းရောင်မရခဲ့ကြဘူး။ ဒါကြောင့် ပုထုဇဉ်အကန်းလို့ဆိုတာ။ ဘယ်လောက်ကန်းခဲ့သလဲ။ တသံသရာလုံး ကန်းခဲ့ရတယ်။ ၀ိဇ္ဇာမျက်လုံး ဘယ်တုန်းကမှ မရခဲ့ဘူး။ မရခဲ့တော့ သံသရာထဲမှာ ကျင်းမှန်းမသိ ချိုင့်မှန်းမသိ မီးပုံမှန်းမသိ ကျင်ကြီးပုံမှန်းမသိ ဦးတဲ့ရာ လျှောက်သွားနေတာပဲ။ တခါတလေ ကျင်ကြီးပုံ နွားချေးပုံထဲမှာ နွားချေးပိုးဖြစ်ချင်လဲ ဖြစ်သွားလိုက်တာပဲ။
    နောက်တုန်းက ကန်းခဲ့တော့ လမ်းမှာ တီကောင်တကောင်ဟာ သူ့သတ်စားမယ့် ပုတ်သင် ကြက်တွေဆီကို ဦးတဲ့ရာသွားနေတာပဲ။ ရန်သူရှိတဲ့နေရာမှ အတင်းတိုးဝင်သွားတော့ သေပွဲဝင်ရတယ်။ ဒီကနေ့ ပဋိသန္ဓေနေပြန်တော့ သေပွဲချည်းဝင်တာပဲ။ တော်လောက်ပြီထင်တယ်။ အကန်းပါး မ၀ကြသေးဘူးလား။ ရှေ့ဆက်ပြီး ကန်းချင်သေးသလား၊ ဆင်ကန်းတောတိုး အလုပ်တွေလုပ်ကြဦးမှာလား။ တသံသရာလုံးကန်းခဲ့တာ ဒီ ၀ိဇ္ဇာအလင်း မရခဲ့ကြဘူး။ ဒီအလင်းမြန်မြန်ရအောင် ဒုက္ခကိုမြင်အောင်ကြည့်။ အခုတွေ့ရတဲ့အလင်းကို လက်မလွတ်စေနဲ့။ ပြန်မိုက်သွားရင်ခက်မယ်။ ခင်ဗျားတို့ကတော့ မအားတာနဲ့၊ မလပ်တာနဲ့၊ ကိစ္စမပြီးသေးတာနဲ့၊ ဘာတွေညာတွေ တယူသန်နဲ့ ရှောက်ပြောနေတာပဲ။ ဒီလိုဆင်ခြေတွေ လဲနေတာဖြင့် ဒါ ကန်းဖို့ပဲ။ ကန်းချင်လို့ပဲ။ ဒီနေ့အားမထုတ်ဖြစ်ဘူးဆိုရင် ကန်းရတာ အားမရသေးဘူး။ ကန်းသက်ရှည်ချင်သေးတဲ့အဓိပ္ပာယ်ပဲ။ ကန်းလက်စသတ်ကြပါတော့။ ကဲ ဒါဖြင့် ကန်းလက်စသတ်ချင်ရင် ခင်ဗျားတို့ ခန္ဓာကိုယ် ဖြစ်ပျက်မြင်အောင် အားထုတ်ရမယ်။
    ခင်ဗျားတို့ဟာ အကန်းဘ၀နဲ့ နေရတာဟာ မရေတွက်နိုင်ဘူး။ ဘယ်လောက်ကန်းသလဲဆိုရင် ဒုက္ခရောက်တာမြင်တာကိုပင် ၀မ်းသာနေကြတယ်။ သားတွေ သမီးတွေ ဆွေတွေမျိုးတွေနဲ့ ဒုက္ခရောက်နေကြတာကိုပင် ဒုက္ခလို့ မမြင်ဘူး။ မစဉ်းစားမိဘူး။ တချို့ဆို စီးပွားတွေတက်လို့ အစောင့်အကြပ်တွေနဲ့ သွားလာနေကြတာ ကိုယ့်ကိုယ်မှ စိတ်မချလို့။ အံမယ် ခြောက်လုံးပြူးကြီး ခါးချိတ်ပြီး နေရတာကိုပင် ၀မ်းသာလို့ မဆုံးဘူး။ ဒါ ဒုက္ခနဲ့နေရတာကိုပင် ၀မ်းသာတာ။ ကန်းတာကလဲ မပြောနဲ့တော့ဗျာ။ ဒုက္ခတွေ့လျက်နဲ့ ဒုက္ခမှန်းမသိအောင် ကန်းတယ်။ ဒါ တကယ်ကန်းလို့ ကန်းတယ်ပြောတာ။ ကန်းလက်စ သတ်ကြပါတော့။ ပစ္စည်းချမ်းသာလဲ မရဏမီးရဲ့စားဖတ် ၀ါးဖတ် ဖြစ်မှာပဲ။ မရဏမီးက ဘယ်သူ့မှ ချမ်းသာမပေးဘူး။ ကန်းတဲ့ပုဂ္ဂိုလ်ဆို သေမင်းက အကုန်စားမှာ ၀ါးမှာပဲ။ အဲဒီတော့ ခင်ဗျားတို့ဟာ အသေခံရဲတဲ့ပလူတွေလို ဖြစ်နေတယ်။ ပလူများဟာ တွင်းထဲက လုထွက်ပြီး စားမယ့် သောက်မယ့် သတ္တ၀ါတွေဆီကို သွားကြတယ်။ ပလူများဟာ ကန်းလို့ လုထွက်တာ။ ခင်ဗျားတို့လဲ လောကီအလုပ်တွေကို ပျာပျာသလဲ အလုပ်လုပ်ပြီး ပလူထွက် ထွက်နေတာဟာ သေချင်လို့ပဲ။ မရဏမီးနဲ့ သေမင်းနဲ့ မြန်မြန်တွေ့ချင်လို့ ပျာပျာသလဲ လုပ်နေကြတာ။ နိဗ္ဗာန်ရောက်မယ့် သေမင်းလွတ်မယ့် အလုပ်ကျတော့ မလုပ်ချင်ဘူး။ သေမင်းနဲ့ တွေ့ရမယ့် အလုပ်ကျတော့ ခင်ဗျားတို့က လုများထွက်သေးတယ်။ လောကီအလုပ်ကို သူ့ထက်ငါ လုယက်ထွက်နေတာဖြင့် ပလူထွက် ထွက်တာလို့မှတ်ပေတော့။
    လုပ်တောင် မစားချင်တော့ဘူးလို့များ ဆိုကြမလား၊ အဲ လုပ်မစားရတော့ ဒါ နိဗ္ဗာန်ပဲ။ ဘာမှ မလုပ်ပဲနဲ့ ချမ်းသာနေတာဟာ နိဗ္ဗာန်ပဲ။ ဒီလိုဖြစ်ချင်ပါတယ်ဆိုရင် ဒါ အခု ဘုန်းကြီးပြောတဲ့ ၀ိပဿနာ=၀ိဇ္ဇာ အလုပ်ကိုလုပ်။ ဒုက္ခပိုင်းခြားတဲ့ အလုပ်သာလုပ်နေရင် ဒါ ချမ်းသာအစစ်ရမှာပဲ။ အခုခင်ဗျားတို့ ခန္ဓာကြီးမှာ ပေါ်တဲ့ ဝေဒနာလေးတွေလျှောက်ကြည့်။ ကြည့်တော့ ဝေဒနာဟာ ဖြစ်ပြီး ပျက်သွားတာကို တွေ့ရမယ်။ ခန္ဓာကိုယ်တကိုယ်လုံးမှာ ဒီ ဝေဒနာတွေဟာ အနှံ့အပြားပေါ်နေတာပဲ။ ဒါတွေကိုကြည့်လိုက်ရင် ဖြစ်တာ ပျက်တာတွေကို တွေ့မှာပဲ။ အဲဒါ ၀ိပဿနာဝိဇ္ဇာလေးဖြစ်လာတယ်။ ၀ိပဿနာဝိဇ္ဇာလေးဖြစ်ရင်ပဲ အတော်သက်သာသွားပြီ။ အင်း.. မျက်လုံးလေးတော့ တိမ်သလာနည်းနည်းရှင်းယောင်လေးတော့ရှိပြီ၊ ဒီထက်ရှင်းရင် နိဗ္ဗာန်မြင်လိမ့်မယ်။
    ဒဿနဋ္ဌ။        ။ ဒါဖြင့် ၀ိဇ္ဇာရဲ့ ဒဿနဋ္ဌောကို ရှင်းတော့မယ်။ ဒဿနဋ္ဌောဆိုတာ- အနမတဂ္ဂသံသရာမှာ တခါမှ မမြင်ဘူးခဲ့တဲ့ နိဗ္ဗာန်ကြီးကို ထင်လင်းစွာ မြင်စွမ်းနိုင်သော အနက်သဘော၊ နိဗ္ဗာန်ဟာ ထင်ထင်ရှားရှားမြင်နိုင်တယ်။ ၀ိဇ္ဇာအလင်းသာရရင် မြင်တာပဲ။ ဒါတင်မကသေးဘူး။ ဋီကာများက နိဗ္ဗနဒဿနံ စတုသစ္စဒဿနံဝါ-လို့ ဆိုထားတယ်။ နိဗ္ဗာန်တင်မကသေးဘူး။ သစ္စာ ၄-ပါးကို တပြိုင်နက်မြင်တယ်တဲ့။ ၀ိဇ္ဇာဖြစ်လာရင် နိဗ္ဗာန်ရော သစ္စာ ၄-ပါးပါ မြင်နိုင်တယ်။
    ခင်ဗျားတို့က နောက်တုန်းက သစ္စာ ၄-ပါးကို မသိခဲ့ဘူး၊ အိပ်မက်တောင် မမက်ဖူးဘူး။ ခန္ဓာကြီးဟာ ဒုက္ခသစ္စာပါလား။ ခန္ဓာဖြစ်ကြောင်းဟာ သမုဒယသစ္စာပါလား။ ခန္ဓာ အဆုံးမှာ= ခန္ဓာဆုံးရင် နိဗ္ဗာန်ပါလား။ နိဗ္ဗာန် မြင်နိုင်တာ သမ္မာဒိဋ္ဌိမဂ္ဂင်= သမ္မာဒိဋ္ဌိမျက်လုံးပါလားဆိုတာတွေကို တခုမှ အိပ်မက်တောင်မမက်ဖူးဘူး။ အဲဒီအပြင်ဟာတွေကိုတော့ မက်ဖူးကြတယ်။ သူများပြောသံကြားနဲ့ တခါတလေ အိပ်မက်ထဲ နတ်ပြည်များတောင် ရောက်နေသေးတယ်။ အဲ - နိဗ္ဗာန်တို့ ဒုက္ခသစ္စာတို့ကျတော့ အိပ်မက်ထဲ တခါမှ မမက်ဖူးဘူး။ တသံသရာလုံးမှာ သစ္စာကွယ်နေခဲ့တယ်။ သမ္မာဒိဋ္ဌိမျက်လုံးလဲ ကွယ်ခဲ့တယ်။ ဒါဖြင့် အကန်းဘ၀နဲ့ အချိန်တွေကုန်ခဲ့တယ်ပေါ့။
    ဒီကရှေ့ အကန်းဇတ်သိမ်းပါတော့။ အကန်းဇာတ်သိမ်းရင် ဒဿနဋ္ဌောဆိုတဲ့ မြင်ပုံကလေး ထင်ရှားလာလိမ့်မယ်။ ဒဿနဋ္ဌောဆိုတာ ဒုက္ခသစ္စာမြင်မှု၊ နိရောဓသစ္စာ မြင်မှုကိုဆိုတာ၊ ဗြဟ္မာတွေဟာ အလွန်တန်ခိုးကြီးတယ်။ လူ့ပြည်နဲ့ အောက်ဆုံး ဗြဟ္မာ့ပြည်ဟာ ယူဇနာပေါင်း ၂၂၂၆၀၀၀၀-လောက် ဝေးတယ်။ ဒီလောက်ဝေးတာကို ဗြဟ္မာမျက်လုံးနဲ့ ကြည့်ရင် လူ့ပြည်မှာရှိတာတွေကို ချက်ချင်း မြင်နိုင်တယ်။ ဒီလောက် ထက်မြက်တဲ့ ဗြဟ္မာမျက်လုံးတွေ အကုန်စုပေါင်းပြီးတော့ နိရောဓ=နိဗ္ဗာန်ကိုကြည့်ပါ။ မမြင်ပါဘူး။ အဲဒီ မျက်လုံးတွေထက် သမ္မာဒိဋ္ဌိ မျက်လုံးက ပိုပြီးထက်တယ်။ ဗြဟ္မာတွေ ဘယ်လောက်တန်ခိုးကြီးကြီး ဘယ်လောက်မျက်လုံးကောင်းကောင်း တော်တော်ကြာ ဗြဟ္မာ့ပြည်ကနေ လူ့ပြည်ဆင်းပြီး ၀က်ဖြစ်ချင်လဲ ဖြစ်သေးတယ်။ နောက် ငရဲလဲကျနိုင်တယ်။ ခင်ဗျားတို့လဲ ဗြဟ္မာဖြစ်ခဲ့တာပဲ။ ဗြဟ္မာလူထွက်တွေပဲ။ ဗြဟ္မာ့ပြည်ကနေ အခုလူ့ပြည်ရောက်နေကြတာပဲ။ ရောက်တော့ အခုဖြင့် လောဘဇော ဒေါသဇော မောဟဇောတောထဲမှာ ရောက်နေတယ်။
    ဒီတော့ သာသနာနဲ့ တွေ့ကြုံခိုက်မှာ ဒီဗြဟ္မာ မျက်လုံးထက် ပိုထက်မြက်တဲ့ သမ္မာဒိဋ္ဌိမျက်လုံးကို မလွတ်တမ်း ရအောင်ယူကြပါ။ ဒါ ရထားမှ၊ ရ မထားရင် နောင်ဘ၀ ဘာဖြစ်မယ်ဆိုတာ မသေချာဘူး။ လားရာဂတိ မမြဲဘူး။ ပရမ်းပတာကျဦးမှာပဲ။ တိရစ္ဆာန်လား ငရဲလား ပြိတ္တာလား အကျိုးလား အကန်းလား အရူးလား အ အလား။ ဘယ်ကျမယ်လို့တော့ မဆိုနိုင်ဘူး။ ပရမ်းပတာ ဘေးကတော့ မလွတ်ဘူးဗျ။ ဒီ ဘ၀မှာ ဒဿနဋ္ဌော=နိဗ္ဗာန်မြင်အောင်လုပ်ပါ။ အခုကြည့်သယောင်ယောင်ရှိနေတဲ့ မျက်လုံးဟာ တော်တော်ကြာ (အရင်လို) တိမ်သလာတွေအကုန်ဖုံးသွားမယ်။ ဖုံးရင် ဦးတည့်ရာသွားပြီး သူများ စားဖတ် ၀ါးဖတ် ဖြစ်ရလိမ့်မယ်။
    ဒါကြောင့် ဒဿနဋ္ဌောဟာ သာမညအရေးမဟုတ်ဘူးနော်။ မရရင် ဖြစ်ကို မဖြစ်ဘူး။ ဒဿနဋ္ဌော ဖြစ်တဲ့အခါကျတော့ (ဓမ္မသင်္ဂဏီမှာ) သမ္မတ္တနိယတာဓမ္မာလို့ ဘုရားဟောတယ်။ သမ္မတ္တနိယတဆိုတာ စုတေတဲ့အခါ ဘယ်တော့မှ ပရမ်းပတာ မကျတော့ဘူး။ ဘ၀မြဲသွားပြီ။ ကိုယ်လိုချင်တဲ့ဆီရပြီး မြဲတယ်။ ဒီမှာ သောတာပန်ဖြစ်ရင် ကိုယ်လိုချင်တဲ့ နတ်ပြည်မှတပါး ဘယ်မှမသွားတော့ဘူး။ ဒဿနဋ္ဌောဆိုတဲ့ နိဗ္ဗာန် မမြင်သေးရင် ဖြစ်ရာဘ၀ လားရာဂတိ မမြဲသေးဘူး။ မမြဲတော့ ခင်ဗျားတို့ ဒီဘ၀မှာ လူ၊ နောက်ဘ၀မှာ ဂျိုကြီး ၂-ခုနဲ့ ကျွဲကြီးသွားဖြစ်မယ်။ အစွယ်ငေါငေါကြီးနဲ့ ခွေးလဲဖြစ်မှာပဲ။ ပရမ်းပတာကျမယ့်ဘေးက မလွတ်ဘူး။
    ဒါကြောင့် ဒဿနဋ္ဌော မြင်အောင် ဒီဘ၀လုပ်ရင်လုပ်၊ မလုပ်ရင် ကိုယ်ကျိုးကြီးနည်းပြီ။ ဒီဘ၀ စီးပွားရေး ကြွားရေး ၀ါရေး အရေးကြီးပြီး လူ့အောက်ကျမှာလေး ကြောင့်ကြတဲ့အလုပ်နဲ့ လုပ်နေရင်တော့၊ နောက် လူ့အောက်မကပါဘူး။ ဒယ်အိုး (ငရဲအိုး) ရောက်အောင် ကျပါလိမ့်ဦးမယ်။ သံသရာရေယာဉ်ကြောမှာ မျောကာမြုပ်ကာနဲ့ အမျောသမား၊ အမြုပ်သမား ဖြစ်နေမှာပဲ။
    ဒါဖြင့် ဒဿနဋ္ဌောဖြစ်ဖို့ရာ အင်မတန် အရေးကြီးပါတယ်။ ဒီတော့ ဒဿနဋ္ဌောဖြစ်အောင် ဒီလိုလုပ်ပါ။ ခင်ဗျားတို့ ခန္ဓာကိုယ်မှာ ဝေဒနာ ၃-ပါးဟာ လှည့်ပေါ်နေမှာပဲ၊ ပေါ်လာတိုင်း ဖြစ်ပျက်ရှုပါ။ ဝေဒနာဖြစ်တိုင်း စိတ်ဟာ တခါတည်း ပါတာပဲ။ စိတ်ဖြစ်တိုင်းလဲ ဝေဒနာဟာ အမြဲပါတာပဲ။ ဒီတော့ ခင်ဗျားသန္တာန်နဲ့ (ဟဒယ၀တ္ထု)မှာ လောဘစိတ်(လိုချင်တဲ့စိတ်) ဒေါသစိတ်(မုန်းတီးတဲ့စိတ်) မောဟစိတ်(မသိတွေဝေတဲ့စိတ်) စတဲ့ စိတ်တွေတမျိုးမျိုးဖြစ်ပေါ်နိုင်တယ်။ ဘယ်စိတ်ပေါ်ပေါ်၊ ပေါ်လာတဲ့စိတ်ကို ဖြစ်ပျက်ရှုပါ။ ဒါန သီလမှုတွေပြုတဲ့အထိ ကုသိုလ်စိတ်တွေပေါ်မယ်။ ပေါ်ရင်လဲ ဖြစ်ပျက်ရှုပါ (မရှုရင် ကုသိုလ်ခင်တွယ်တဲ့ တဏှာလာမယ်) ဒီတော့ ဝေဒနာ ၃-ပါးတွင် ဘယ် ဝေဒနာပေါ်ပေါ် ဖြစ်ပျက်ရှု။ ဝေဒနာနုပဿနာ ဖြစ်တယ်။ ကုသိုလ်စိတ်တွေ အကုသိုလ်စိတ်တွေလဲ ဘယ်စိတ်ပေါ်ပေါ်၊ ပေါ်တဲ့စိတ်ကို ဖြစ်ပျက်ရှု။ စိတ္တာနုပဿနာ ဖြစ်တယ်။ ဒီတော့ ဖြစ်ပျက်ရှုလို့ ဖြစ်ပျက်မြင်ရင် ယထာဘူတဉာဏ်ဖြစ်ပြီ။ နောက်ဆက်ရှုလို့ ဖြစ်ပျက်မုန်းလာရင် နိဗ္ဗိဒါဉာဏ်ဖြစ်ပြီ။ နောက် မုန်းလျက်နဲ့ပဲ ပေရှုလို့ ဖြစ်ပျက်ဆုံးသွားရင် မဂ်ဉာဏ် ဖြစ်ပြီ။ မဂ်ဉာဏ်ရရင် ဒဿနဋ္ဌောဖြစ်ပြီး နိဗ္ဗာန်ကိုမြင်ပြီ။ နိဗ္ဗာန်မြင်ရင် အပါယ်လွတ်၍ သုဂတိဘ၀မြဲသွားပြီ။
    ဖြစ်ပျက်ဟာ ဒီရုပ်နာမ်တွေပဲ။ ခန္ဓာတွေပဲ၊ ဒါတွေဟာ ဒုက္ခသစ္စာအစစ်တွေပဲ။ ၃၁-ဘုံအတွင်းရှိ ရုပ်နာမ်တွေဟာ ဒုက္ခသစ္စာချည်းပဲ။ အိုဘေး နာဘေး သေဘေးတွေနဲ့ ရောထွေးနေတာပဲ။ သောက ပရိဒေ၀ ဒုက္ခ ဒေါမနဿမီးတွေနဲ့လဲ လောင်နေတာပဲ။ ဒီတော့ ခန္ဓာရတဲ့ ပုဂ္ဂိုလ်မှာဖြင့် လောင်နေတာပဲလို့မြင်လာမယ်။ မြင်တဲ့အခါကျတော့ အင်း... ဒုက္ခအစစ်ဆိုတာဟာ ဒီခန္ဓာကြီးကိုးလို့ ခင်ဗျားတို့ ပိုင်းခြားသိမြင်လာလိမ့်မယ်။ အဲဒီကျတော့ ဒီခန္ဓာကြီးတော့ဖြင့် မရချင်တော့ပါဘူးဆိုတဲ့ ဉာဏ်အမြင်ပေါ်လာမယ်။ ဒီဉာဏ်ပေါ်လာတဲ့ အခါကျတော့ ဒီ ခန္ဓာငါးပါးဟာ ချုပ်သွားတယ်။ ဒုက္ခချုပ်သွားတယ်။ ဒုက္ခချုပ်သွားတော့ ဒီနေရာမှာ ဒုက္ခသစ္စာ= နိဗ္ဗာန်ကျန်ရစ်တယ် ပေါ်လာတယ်။ အဲ.... ဒုက္ခမရှိတာဟာ နိဗ္ဗာန်ပဲ။ ဒုက္ခမရှိတာကို သိတာဟာ မဂ်ဉာဏ်ပဲ။ မဂ်ဉာဏ်ဖြစ်ရင် မဂ္ဂင် ၅-ပါးက ၈-ပါးဖြစ်လာတယ်။ ၀ိပဿနာ မဂ္ဂင်အလုပ်ဟာ ဒီမဂ်ဉာဏ်အစစ်ရောက်မှ ပြီးဆုံးတယ်။ ကိစ္စပြီးတယ်။ မဂ်ဉာဏ်ရရင် နိဗ္ဗာန်မြင်ပြီး ဒဿနဋ္ဌောဖြစ်ပြီ။ အဲဒီကျမှ စိတ်အေး လက်အေး ဘ၀င်အေးပြီး အေးအေးနေကြပေတော့။ ဒဿနဋ္ဌော မဖြစ်သေးရင် အမျောသမား- အမြုပ်သမားပဲ ဖြစ်မှာပဲ။

မိုးကုတ်ဆရာတော်ဘုရားကြီး၏ သစ္စာအနက် ၁၆-ချက် တရားတော်များမှ

No comments: