Pages

Thursday, May 10, 2012

နိရောဓသစ္စာ၏ အမတဋ္ဌအနက် (၄)

    နိဗ္ဗာန်ဟာ အမတဋ္ဌသဘောရှိတယ်။ အမတဋ္ဌဆိုတာ မအို၊ မနာ၊ မသေ အမြဲနေတဲ့သဘောကိုဆိုတာပဲ။ ခန္ဓာကြီးကတော့ အမြဲပဲ အိုလိုက်၊ နာလိုက်၊ သေလိုက် ဖြစ်နေတာပဲ။ ဒီတော့ ခင်ဗျားတို့ နေတဲ့ နေရာဟာ အို၊ နာ၊ သေ အမြဲရှိနေတဲ့ နေရာပဲ။ ဒီဘ၀မှာလဲ အို, နာ, သေ၊ နောက်ဘ၀ ရောက်ပြန်တော့လဲ အို, နာ, သေ၊ ဟိုဘ၀ကူးပြန်တော့လဲ အို, နာ, သေ။ သြော်..... နိဗ္ဗာန်နဲ့ ခင်ဗျားတို့နေတဲ့ နေရာနဲ့တော့ အတော်ကွာခြားနေပါလား။ ခင်ဗျားတို့က နိဗ္ဗာန်အကြောင်းလဲ ကောင်းကောင်းသဘောမကျ၊ နိဗ္ဗာန်ရောက်ကြောင်း လမ်းကောင်းလဲမစီမံတတ်သောကြောင့် သွားတော့သွားနေတာပဲ၊ သွားတော့ ဘယ်ရောက်, အိုလမ်း, နာလမ်း, သေလမ်းသာ ရောက်နေတယ်။ မအိုချင်လို့၊ မနာချင်လို့၊ မသေချင်လို့၊ ဆေးဝါးတွေနဲ့ကု၊ ပရိတ်တွေ မန္တန်တွေနဲ့ ကာကွယ် စောင့်ရှောက်ကြသော်လဲ၊ ခန္ဓာကိုယ်ကြီးက အိုတတ်၊ နာတတ်၊ သေတတ်တဲ့ အမျိုးဆိုတော့ ဘယ့်နှယ်မှ မတတ်နိုင်ဘူး။ ခန္ဓာကိုယ်ကြီးဟာ သင်္ချိုင်းကို အမြဲမျက်စောင်းထိုးနေတာပဲ၊ နတ်ပြည်ရောက်လဲ, ဗြဟ္မာပြည်ရောက်လဲ သင်္ချိုင်းကို မျက်စောင်းထိုးပြီးနေတာပဲ။
    ခင်ဗျားတို့ ခန္ဓာအကြောင်း ကောင်းကောင်းမသိလို့ ဒီခန္ဓာကြီးကို လိုချင်နေတာ။ ဆုတောင်းယူနေတာ။ ခန္ဓာအကြောင်း ကောင်းကောင်းမသိရင် ခန္ဓာကို လိုချင်နေရင် ခင်ဗျားတို့ ဘယ်တော့မှ နိဗ္ဗာန်ကိုလိုချင်မှာမဟုတ်ဘူး။ ခန္ဓာကြီးအကြောင်း ခင်ဗျားတို့ ကောင်းကောင်းသိရင် ဒီခန္ဓာကြီးကို လိုချင်မှာမဟုတ်ဘူး။ ဒီတော့ ခန္ဓာကြီးအကြောင်း ခင်ဗျားတို့ ကောင်းကောင်းသိမှ နိဗ္ဗာန်ကိုလိုချင်မှာ။ နိဗ္ဗာန်ကတော့ မအို မသေအမြဲနေတဲ့နေရာပဲ။ ပဋိသမ္ဘီဒါမဂ်အဋ္ဌကထာဆရာက ခန္ဓာကိုယ်အဆိပ်ပင်ကြီးဟာ သူ့အဆိပ်နဲ့ သူ သေတဲ့သဘောကိုမြင်သဖြင့် မအို မသေ အမြဲနေတဲ့ နိဗ္ဗာန်ကို ဉာဏ်၌ထင်မြင် လိုချင်လာ၏ဟု ဆိုထားတယ်။ ဒီတော့ မအို-မသေ အမြဲနေတဲ့ နိဗ္ဗာန်ကို သဘောကျဖို့ လိုချင်လာဖို့ရာ ခန္ဓာကြီးအကြောင်း ကောင်းကောင်းသိရမယ်။
    ဒီခန္ဓာကြီးဟာ အဆိပ်ပင်ကြီးပဲ။ သူ့မှာ ဇရာ, ဗျာဓိ, မရဏ= အို နာ သေဆိုတဲ့ အဆိပ်တွေ မွေးကထဲက တခါတည်းပါလာတယ်။ ယူလာတယ်။ ဒီတော့ သူ့အဆိပ်နဲ့ သူသေမှာပဲ။ ခန္ဓာကိုယ်ကြီးဟာ ဘယ်တော့မှ ဆုတောင်းမပြည့်တဲ့ ခန္ဓာကြီး။ မအိုပါရစေနဲ့၊ မနာပါရစေနဲ့၊ မသေပါရစေနဲ့လို့ ဆုတောင်းလို့ရရဲ့လား။ မရဘူးနော်။ သူယူလာတဲ့ အိုနာ အဆိပ်နဲ့ သူသေရမှာပဲ။ အသက်ထွက်ရမှာပဲ။ ဒီခန္ဓာအဆိပ်ပင်ကြီးဟာ အိုဖို့ရာလဲ သူ့အဆိပ်နဲ့သူ၊ နာဖို့ရာလဲ သူ့အဆိပ်နဲ့သူ၊ သေဖို့ရာလဲ သူ့အဆိပ်နဲ့သူ တခါတည်း ပါလာတာပဲ။ ဒါကြောင့် ဒီခန္ဓာကြီး ရတဲ့ပုဂ္ဂိုလ်အပေါင်းဟာ ဘယ်နည်းနဲ့မှ ချမ်းသာလိမ့်မယ် ဘေးကင်းလိမ့်မယ်မဟုတ်ဘူး။ ဆင်းရဲတွင်းမှာ အိုပွဲ, နာပွဲ, သေပွဲနဲ့ပဲ ဇာတ်သိမ်းရမယ်။ ဒီခန္ဓာကြီးဟာ သူ့အဆိပ်နဲ့သူ သေရတာ။ နေရာမရွေးဘူးနော်။ နတ်ပြည်ရောက်လဲ သေမှာပဲ။ ဗြဟ္မာပြည်ရောက်လဲ သေမှပဲ။ လူ့ပြည်, နတ်ပြည်, ဗြဟ္မာပြည်မှာ အကြိမ်ကြိမ်ခံစားရ၍လို့ ဆုတောင်းရင် ဒါကိုယ့်အဆိပ်နဲ့ကိုယ် အဖန်ဖန်သေရ၍ဆိုတဲ့ အဓိပ္ပါယ်ပဲ။ ဒီတော့ သစ္စာမသိသေးရင် ဒီခန္ဓာကြီးကို ဆုတောင်းယူကြမှာပဲ။
    ခန္ဓာကြီးမှာ အိုနာသေဟာ တခါတည်း ပါနေတော့ သူဟာ ဒုက္ခသစ္စာအစစ်ပဲ။ ခန္ဓာကြီးရှိသရွေ့ ဒုက္ခရောက်နေမှာပဲ။ ဒုက္ခသစ္စာဆိုတာ ဆင်းရဲတာအမှန်။ ခန္ဓာရတဲ့ပုဂ္ဂိုလ်ဖြင့် မဆင်းရဲတဲ့ ပုဂ္ဂိုလ်ရယ်လို့ မရှိဘူးနော်။ တော်တော်ကြာ အိုရပြန်ပြီ၊ နာရပြန်ပြီ၊ သေရပြန်ပြီ။ နောက်တစ်ခါရပြန်လဲ အိုရ-နာရ သေရပြန်တာပဲ။ နောင်ဘ၀များစွာ အကြိမ်ကြိမ်ရပြန်တော့လဲ အိုရ-နာရ-သေရမှာပဲ။ ဒီလို ခန္ဓာကြီးကို ခင်ဗျားတို့ကြိုက်နေတာကဖြင့် စုံလုံးကန်း လို့ပဲ။ သေသွားတဲ့ မိဘ၊ ဆွေမျိုး၊ မိတ်ဆွေတွေကို သုဿန်သို့ အကြိမ်ကြိမ်လိုက်ပို့ခဲ့ ပြီးငြားသော်လဲ၊ ဒီဘ၀ ငါသေရဦးမယ်ဆိုတာလဲ မမြင်။ နောက် ဘ၀ရောက်လဲ သေရဦးမယ်ဆိုတာလဲ မမြင်ဘူးဆိုတော့ နှစ်ဖက် စုံလုံးကန်းတာပဲ။ ခန္ဓာဒုက္ခသစ္စာကြီးကို လွယ်ထားရပါလျက် ဒုက္ခသစ္စာမှန်းမသိတာလဲ ကြောင်တောင်ကန်း လို့ မသိတာပဲ။ မနာကြနဲ့။ ဒါ ခင်ဗျားတို့ဖြစ်စဉ်ပဲ။ ခန္ဓာကြီးဟာ အို-နာ-သေ တခါတည်း ကပ်ပါလာတော့၊ မအို, မနာ, မသေအောင် ပရိတ်တွေရွတ် ကာကွယ်သော်လဲ မရဘူး။ မိုးကြိုးပစ်တာကို ထန်းလျက်နဲ့ကာလို့ မရဘူးနော်။
    အဆိပ်သီးနဲ့ ငှက်။    ။ ဟိမ၀န္တာတောမှာ ၁၂-ရာသီပွင့်ပြီး ၁၂-ရာသီသီးတဲ့ အဆိပ်တောကြီး တခုရှိတယ်။ ဒီတော ရောက်သွားတဲ့ သတ္တ၀ါတွေဟာ ဒီအဆိပ်သီးရဲ့ အနံသာရှုရှိုက်မိလို့ရှိရင် မစားပဲမနေနိုင်လောက်အောင်ကို မွှေးကြိုင်တယ်။ အဆင်း၊ အနံ့ အရသာ သိပ်ကောင်းတယ်။ စားမိလို့ ၀မ်းထဲရောက်ရင်တော့ သေတာပဲ။ ဒီအပင်အောက်သွားကြည့်ရင်  ငှက်ရိုးတွေ သားကောင်ရိုးတွေ ပုံနေတာပဲ။ နောက် အတောင်စုံပြီး ပျံလာကြတဲ့ငှက်တေါကလဲ ဒီအနံ့ရပြီး စားချင်စိတ်ပေါက်လာပြန်တာပဲ။ သူတို့မိဘအရိုးတွေ သစ်ပင်အောက်မှာမြင်ပေမယ့် သြော်... သူတို့သာသေတာ ဒို့မသေဘူးဆိုပြီး စားပြန်တော့ သေကြပြန်တာပဲ။ နောက် အကောင်တွေလာလဲ စားသေတာပဲ။ ဒီတော့ အရိုးပေါ် အရိုးထပ်သေကြတယ်တဲ့။
    ဒီတော့ တိရစ္ဆာန်လေးတွေ တယ်မိုက်တာပဲလို့ မဆိုထိုက်ဘူးလား။ ဆိုထိုက်တယ်။ သေတဲ့မိဘအရိုးတွေ မြင်လျက်သားနဲ့ အသီးရဲ့အနံ့ မခံနိုင်တာနဲ့ စားပြီးတော့သေကြတယ်။ အရိုးပေါ် အရိုးထပ် သေပွဲဝင်ကြတယ်။ ခင်ဗျားတို့လဲ ဒီတိရစ္ဆာန်တွေနဲ့ ဘာထူးသေးသလဲ၊ ခင်ဗျားတို့လဲ ကိုယ့်အဖေအမေတွေ အဖိုးအဖွားတွေဟာ ချမ်းသာမှု သုခဝေဒနာကို ကြိုက်လို့ သူ့နောက် လိုက်ပြီး စီးပွားရေးတွေ နေ့မအား ညမအားလုပ်ကိုင်ကြတယ်။ အဲဒါ သုခဝေဒနာအဆိပ်သီးကို ရှာကြတာပဲ။ သုခဝေဒနာကို စားရင်းမတ်တတ်နဲ့ပဲ အို-နာ-သေ သွားကြရတယ်။ သွားကြလို့ ခင်ဗျားတို့ကိုယ်တိုင် သုဿန်ပို့ခဲ့ကြရပြီမဟုတ်လား။ ဒီအဆိပ်သီးစားရင် ဒီအဆိပ်သီးက သတ်တာနဲ့ သေမှာပဲ။ သေကြလို့ မိဘဘိုးဘွားတွေရဲ့ အရိုးတွေတောင်လိုပုံရတယ်။ ဒါပေမယ့် ခင်ဗျားတို့က သူတို့သာ ဒီအသီးစားပြီးသေတာ။ ဒို့စားရင်မသေဘူးဆိုပြီး ဒီဝေဒနာအဆိပ်သီးကို ရှောက်ရှာပြီးစားကြတော့ သေခြင်းဆိုးနဲ့သေကြတော့တာပဲ။ သေတော့ အရင် အရိုးတွေပေါ် ခင်ဗျားတို့ အရိုးတွေ ထပ်ပြန်တာပဲ။ နောက် ခင်ဗျားတို့အမျိုးဟာ အဆိပ်စားတဲ့အမျိုး သေခြင်းဆိုးသေတဲ့အမျိုးလို့ ဆိုထိုက်တာပေါ့။ အံမာလေး ...... တိရစ္ဆာန်တွေထက် မိုက်သေးပါကလား။ ဒါကြောင့် ခင်ဗျားတို့ ဒုက္ခသစ္စာမသိသရွေ့ အဆိပ်စားကြဦးမှာပဲ။ စားပြီး သေခြင်းဆိုးနဲ့ သေကြဦးမှာပဲ။
    သူသတ်သမားဝေဒနာ။        ။ သံယုတ်ပါဋ္ဌိတော်မှာ ဘုရားက ဝေဒနာမာရော= ဝေဒနာဟာ သူသတ်သမား လို့ ဟောထားတယ်။ ဝေဒနာ ၆-မျိုးရှိတယ်။ မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ် စိတ်တို့ကြောင့် ဖြစ်ပေါ်လာတဲ့ဝေဒနာဟာ ၆-မျိုးရှိတယ်။ ဝေဒနာ ၆-ပါးဟာ သူသတ်သမား ၆-ယောက်တဲ့။ ဟုတ်ရဲ့လား။ ဒီဝေဒနာကို စားရင်း သေကြတာပဲ။ ဒီ ဝေဒနာကို လိုချင်၊ ရချင်လို့၊ မျက်စိချမ်းသာချင်လို့၊ နားချမ်းသာချင်လို့၊ နှာခေါင်းချမ်းသာချင်လို့၊ လျှာချမ်းသာချင်လို့၊ လိုက်ရှာကြတယ်။ အဲဒါ အဆိပ်ရှာကြတာ။ သူသတ်သမား ရှာကြတာ။ တချို့ဆို ရှာရင်းမတ်တတ်နဲ့သေတယ်။ တချို့တော့ မျိုရင်းသေတယ်။ တချို့ အနံ့ သင့်ပြီးသေတယ်။ ခုနက တိရစ္ဆာန်တွေကတော့ တိရစ္ဆာန်မို့ မသိလို့ စားပြီးသေတယ်။ ခင်ဗျားတို့မှာ လူလို့တော့ ဆိုင်းဘုတ်ဆွဲထားပါရဲ့။ ဒါပေမယ့် စားပုံသောက်ပုံတွေကတော့ တိရစ္ဆာန် စားပုံသောက်ပုံနဲ့ အတူတူပါပဲ။ နှုတ်သီးနဲ့ ပါးစပ်ပဲ ကွာတာပဲ။ ၃၁-ဘုံ လျှောက်ကြည့်။ ဒီဝေဒနာသတ်တာနဲ့ သေကြတာချည်းပဲ။ ဒီခန္ဓာအဆိပ်ပင်က သီးတဲ့ ဝေဒနာအဆိပ်သီးတွေ စားမိတာနဲ့ သေကြတာပဲ။
    ခင်ဗျားတို့က သုခကြိုက်တွေ ဖြစ်နေတော့ သုခကိုပဲ ရှောက်ရှာတာပဲ။ ရှာပြီးတော့ စားတဲ့လူကို သုခကသတ်တာပဲ။ ခင်ဗျားတို့ကလဲ (သုခ) ဝေဒနာ ၆-မျိုးကိုချည်း လိုက်ရှာနေကြတာပဲ။ ဒီ သတ်မယ့်လူမတွေ့သေးလို့ရှိရင် ဒီနေ့ စိတ်မချမ်းမသာ ဖြစ်ကြတယ်။ သတ်မယ့်လူတွေ့မှ ချမ်းသာတယ်တဲ့။ ဘယ်လောက်မျက်စိလည်နေသလဲ။ ခင်ဗျားတို့ မသိတာကတော့ဖြင့် ဟောတဲ့ပုဂ္ဂိုလ်တောင် သံဝေဂရလာတယ်။ ခင်ဗျားတို့က ထူလွန်း အ,လွန်းလို့ ပြောတဲ့ပုဂ္ဂိုလ်တောင် မပြောချင်လောက်အောင် ဖြစ်လာတယ်။ ခင်ဗျားတို့မှာ မျက်စိချမ်းသာမှု၊ နားချမ်းသာမှု၊ နှာခေါင်းချမ်းသာမှု၊ လျှာချမ်းသာမှု၊ ကိုယ်ချမ်းသာမှု၊ စိတ်ချမ်းသာမှုမရရင် စိတ်ဆင်းရဲပြီး နေထိုင် မကောင်းတောင် ဖြစ်လာကြတယ်။ ဘာပြုလို့။ သတ်မယ့်လူ မလာလို့။ အဲဒီကျအောင် ဉာဏ်ရောက်ထားတော့မှ သြော်.... ခန္ဓာ ၅-ပါး အဆိပ်ပင်ကြီးက ဒီအဆိပ်သီးတွေ သီးနေသရွေ့ ဒီအသီးတွေစားနေသရွေ့ ဘယ်ဘုံရောက်ရောက် သေခြင်းဆိုး သေမှာချည်းပဲလို့ မြင်လာမယ်။ မြင်လာမှ ဒီ ခန္ဓာကြီးကို မကြိုက်တော့မှာ။ မကြိုက်ရင် မသေရာရှာတော့မယ်။ အမတ= မသေရာနိဗ္ဗာန်ဘက်သို့ လှည့်လာမယ်။ သဘောကျလာမယ်။ အခုတော့ ခင်ဗျားတို့ဟာ ခန္ဓာအဆိပ်ပင်ကြီးကထွက်လာတဲ့ ဝေဒနာ= အဆိပ်သီးကို သားစဉ်မြေးဆက်စားစားပြီး သေသေလာခဲ့ကြတာဖြစ်တော့ ဒီအမျိုးဟာ အဆိပ်စား သေတဲ့အမျိုးပေါ့။ မင်းမျိုးလား သူဌေးမျိုးလားလို့ စဉ်းစားမနေပါနဲ့တော့။ ကိုယ့်အမျိုးကိုယ် သိပြီလား။ ခင်ဗျားတို့ သေချင်ကြသလား။ မသေချင်ဘူးတဲ့။ မသေချင်တာတော့အမှန်ပဲ။ ဒါပေမယ့် ကိုယ်လည်ပင်းကိုယ် ကြိုးတပ်လာတာကတော့ ဖြုတ်မရပဲဖြစ်နေတယ်။ သေရမှာတော့ ဧကန်ပဲ။
    အခုလို ခန္ဓာရဲ့သဘောကို သိလာတော့မှ မသေရာဘက်ကို နဲနဲကလေးညွတ်လာသလို ရှိလာတယ်။ ကဲ နောင်မသေချင်ရင်တော့ မသေရာရှာကြရမယ်။ တကယ်ရှာရင် တကယ်တွေ့မှာပဲ။ အဲဒါရှာချင်ရင် ခန္ဓာကြီးကို မခင်နဲ့၊ သမုဒယချုပ်ပြီး ခင်ဗျားတို့ (၁) ဖြစ်ပျက်မြင်အောင်ကြည့်၊ (၂) ဖြစ်ပျက်မုန်းအောင်ကြည့် (၃) ဖြစ်ပျက်ဆုံးအောင်ကြည့်လို့ရှိရင် ခန္ဓာကြီးရဲ့ သေတတ်တဲ့သဘောကို ကောင်းကောင်းကြီးသိလာမယ်။ ဒါသိပြီးတော့၊ သေတတ်တဲ့ သေတတ်တာကြီးကိုဖြင့် မကြိုက်တော့ပါဘူးလို့သာ မဂ်ဉာဏ်ပေါ်အောင် ကြည့်လိုက်။ မလိုချင်တဲ့အထိရောက်အောင်ရှုလိုက်။ ဒီလိုရှုလိုက်လို့ တကယ့်ကိုမလိုချင်တော့ဘူးဆိုရင် မသေရာအမှန် မြတ်နိဗ္ဗာန်ဟာ တခါတည်းပေါ်လာတယ်။ မသေရာကို ခုကတည်းက တွေ့အောင်ရှာထားပါ။ သေမှတော့ မတွေ့နိုင်ဘူး။ ဒယ်အိုး (ငရဲထဲ)ရောက်ရင် သွားပြီ။
    မသေရာရှာနည်းကတော့ ပြောနေကျအတိုင်းပဲ။ ဒီ ဝေဒနာသာ ဖြစ်ပျက်မြင်အောင် ရှုပါ။ ဒွါရ ၆-ပါးအရ ဝေဒနာ အသီးသီးမှာ ၆-မျိုးပြားသော်လဲ၊ စင်စစ်တော့ ဝေဒနာဟာ သုခ၊ ဒုက္ခ၊ ဥပေက္ခာလို့ ၃-မျိုးတည်းပါပဲ။ အဲဒီဝေဒနာ ၃-မျိုး (တမျိုးမျိုး)ကို ရှုလိုက်ပြီဆိုမှဖြင့် ဝေဒနာ ၃-မျိုးဖြစ်ပျက်က အနိစ္စ၊ ရှုတာက မဂ္ဂ ဖြစ်တယ်။ ရှုတော့ တဏှာမလာတော့ဘူး။ ဒီဝေဒနာဟာ နဂိုတုန်းက ဝေဒနာအဖြစ်နဲ့ နေရင်သာ အဆိပ်ဖြစ်တာ။ အခုဖြစ်ပျက်ရှုလိုက်တော့ အဆိပ်မဖြစ်တော့ဘူး။ အနိစ္စဖြစ်သွားတယ်။ အဆိပ်မဖြစ်ရင် သူဟာ အို-နာ-သေ လက်နက် ၃-မျိုးနဲ့ ဒီရှုတဲ့ပုဂ္ဂိုလ်ကို သတ်မယ့်အလုပ် မလုပ်နိုင်တော့ဘူး။ မလုပ်နိုင်အောင် မဂ်က တားထားတယ်။ ဒီလို ဖြစ်ပျက်-မဂ် ရှုတဲ့ အလုပ်ကိုမှ မသေရာကို တွေ့မှာ ရောက်မှာ။
    ဒီဝေဒနာ ၃-ခု ဖြစ်ပျက်တာဒုက္ခသစ္စာ၊ သိတာက မဂ္ဂသစ္စာ၊ မဂ္ဂသစ္စာပေါ်လာရင် သူက ဒုက္ခတင်သိတာမဟုတ်ဘူး။ သူ့ကိစ္စက နိရောဓ(နိဗ္ဗာန်)လဲ မြင်တယ်။ သမုဒယ (တဏှာ)ကိုလဲ သတ်တယ်။ သစ္စာ ၄-ချက်ကို တပြိုင်နက်သိတယ်။ ဒါဖြင့် အလုပ်လုပ်မှမြင်မှာ၊ အလုပ်လုပ်တဲ့အခါ၊ ဒုက္ခသစ္စာကိုဖြစ်ပျက် ရှုမှုကြိုးစားကြပါ။ ရှုလို့ ဒုက္ခသစ္စာအဖန်ဖန် သေတာကြီးမြင်မှတာ အမတဋ္ဌောဆိုတာကို သဘောကျမယ်။ ဒီတော့ ဝေဒနာကိုဖြစ်ပျက် နာနာရှု၊ ရှုရင် ကိုယ်ကဝေဒနာကို သတ်ပစ်တာပဲ။ မရှုရင် ဝေဒနာက ကိုယ့်ကိုယ်ကို သတ်မယ်။ ဒီတော့ ဝေဒနာနဲ့စစ်ထိုးဖို့ ခါးတောင်းကြိုက်ကြ။ ဝေဒနာပေါ်လာတိုင်း ဖြစ်ပျက်ရှုရမယ်။ ဝေဒနာသာ သူသတ်သမား မဟုတ်သေးဘူး။ ခန္ဓာငါးပါးစလုံး လူသတ်သမားချည်းပဲတဲ့၊ ခန္ဓာငါးပါးဟာ သူသတ်သမားချည်းဖြစ်တော့ သူတို့မရှိမှ အသေလွတ်မှာပဲ။ သူတို့ရှိနေရင် သေဦးမှာပဲ။ ဒီတော့ ခန္ဓာငါးပါးထဲက ဘယ်ခန္ဓာဖြစ်ဖြစ် ကြိုက်ရာကို ဖြစ်ပျက်ရှုနိုင်တယ်။ သူသတ်သမားကို ကိုယ်က ပြန်သတ် တယ်ပေါ့။သတ်တော့ ခန္ဓာနောက်က တဏှာ စတဲ့အဖော်တွေလဲ သေသွားတာပဲ။ အဲဒါ မဂ်နဲ့သတ်တာ။ ရှေ့ကဖြစ်ပျက်- နောက်ကမဂ်ဆိုရင် ဒါ သတ်ပြီးသားပဲ။ မဂ်နဲ့သတ်လိုက်တော့ ခန္ဓာငါးပါးဆိုတဲ့ ဒုက္ခသစ္စာ အသေဓာတ်တွေ ကုန်ဆုံးသွားပြီ၊အသေဓာတ် နေရာမှာ မသေဓာတ် အစားထိုးလာတယ်။ ဒါဆို မသေရာနိဗ္ဗာန်သို့ ရောက်ပြီမှတ်။

မိုးကုတ်ဆရာတော်ဘုရားကြီး၏ သစ္စာအနက် ၁၆-ချက် တရားတော်များမှ

No comments: