Pages
Thursday, May 10, 2012
သင်္ခတသဘော
    နိဗ္ဗာန်သည် အသင်္ခတဋ္ဌ သဘောရှိတယ်။ အသင်္ခတဋ္ဌဆိုတာ နည်းနည်းမှ ပြုပြင်ပြီးထားတဲ့ တရားမဟုတ်၊ အဖန်ဖန် ပြုပြင်ခြင်းမရှိတဲ့သဘော ဖြစ်တယ်။ ဒါကြောင့် နိဗ္ဗာန်ဟာ အဖန်ဖန် ပြုပြင်ခြင်း မရှိသောကြောင့် ပကတိ ခိုင်မြဲတဲ့တရားလို့ မှတ်။ အသင်္ခတ သဘောကို ရှင်းရရင် သင်္ခတသဘောကို အရင်ပြောရမယ်။
    သင်္ခတသဘောသည် အသင်္ခတနဲ့ ဆန့်ကျင်ဘက်၊ အသင်္ခတနဲ့လုံးဝမတူတဲ့တရားပဲ။ သင်္ခတတရားတွေဆိုတာ ခန္ဓာငါးပါး ရုပ်နာမ်တွေ ဘုံတွေပဲ။ ဒါဟာ ပြုပြင်ထားလို့ ဖြစ်လာကြတဲ့ အရာတွေဖြစ်သောကြောင့် ပျက်စီးတဲ့ သဘောရှိတယ်လို့မှတ်။ ခန္ဓာငါးပါး ရုပ်နာမ်တရားတွေ လူ နတ် ဗြဟ္မာ သတ္တ၀ါတွေ လူ့ဘုံ နတ်ဘုံ ဗြဟ္မာ့ဘုံတွေဟာ တောတောင်ရေမြေတွေဟာသင်္ခတတရားတွေ ပြုပြင်တုန်းပဲ ခေတ္တတည်တံ့နိုင်တဲ့တရားတွေပဲ။ ပြုပြင်တတ်တဲ့ ပြုပြင်စီမံပေးတဲ့ အကြောင်းတရားတွေရဲ့ သတ္တိအရှိန်အစော် အာနုဘော်ကုန်လို့ရှိရင် ပျက်သွားကြရတယ်။ အပျက်မှာ လမ်းဆုံးတယ်ပေါ့။ ခန္ဓာငါပါး ရုပ်နာမ်ဆိုတဲ့ သင်္ခတတရားတွေဟာ ဘယ်မှာပဲဖြစ်ဖြစ် (လူ့ပြည်ဖြစ်ဖြစ် နတ်ပြည်ဖြစ်ဖြစ် ဗြဟ္မာ့ပြည်ဖြစ်ဖြစ်) ကံ၊ စိတ်၊ ဥတု၊ အာဟာရ ဆိုတဲ့ အကြောင်းတရားလေးပါးနဲ့ ပြုပြင်ထားတာဖြစ်သောကြောင့်ပြုပြင်တဲ့ သဘောသတ္တိ ကုန်ဆုံးတာနဲ့ တပြိုင်နက် ပျက်စီးကြတာချည်းပဲ။
    ခင်ဗျားတို့ ဒါနမှု သီလမှု သမထအလုပ်ဆိုတဲ့ လူနတ်ဗြဟ္မာပြည် ရောက်ကြောင်း အလုပ်တွေ လုပ်ကြတယ်ဆိုပါစို့။ သူ့နည်းသူ ပြုပြင်လိုက်တော့၊ သူ့အကြောင်းရှိသလောက် အကျိုးတော့ပေးတာပေါ့။ ဒါပေမယ့်အကြောင်းတရားတွေရဲ့ အရှိန်အစော်အာနုဘော်တွေ ကုန်တဲ့အခါကျတော့ လူနတ်ဗြဟ္မာဆိုတဲ့ အကျိုးတရားတွေဟာ ပျက်စီးသွားကြတာပဲ။ ပြုပြင်လို့ရထားတဲ့ ဖြစ်လာတဲ့ တရားဟူသရွေ့ဟာ ခိုင်မြဲတယ်မရှိဘူး။ မပြုပြင်ပဲနဲ့ ရတဲ့နေရာဖြစ်သော အသင်္ခတနိဗ္ဗာန်ကမှ အမြဲတည်တံ့ခိုင်မြဲတာ။
    ခင်ဗျားတို့ဟာ သင်္ခတအကျိုးတရားတွေအတွက် သင်္ခတအကြောင်းတွေကိုပဲ အားထုတ်နေတယ်။ သင်္ခတအကြောင်းတွေအားထုတ်တော့ သင်္ခတ အကျိုးတွေပဲရမှာပဲ။ သင်္ခတ= ပျက်ကြောင်းတရားတွေ လုပ်တော့ သင်္ခတ= ပျက်ကျိုးတွေပဲ ရမှာပဲ။ အကြောင်းတရား (၄)ပါးရဲ့ သတ္တိအရှိန်ကုန်သွားရင် ခင်ဗျားတို့ ရထားတဲ့ ခန္ဓာငါးပါးဟာ ပျက်သွားမှာပဲ။ ပျက်သွားလို့ တစ်ခါ အကြောင်းတရား ၄-ပါးနဲ့ ကြိုးစားကြပြန်တယ်။ ကြိုးစားပြန်တော့ သင်္ခတအကျိုး ပေါ်ပြန်တာပဲ။ တခါ ဒီအကြောင်းရဲ့သတ္တိကုန်ပြန်တော့ သင်္ခတအကျိုးတွေဟာ ပျက်ပြန်တာပဲ။ ဒီတော့ ခင်ဗျားတို့ဟာ ပျက်မှုနဲ့ ပြုပြင်မှုပဲ လုပ်နေတာပဲ။ ဒါတွေလုပ်နေရင် ဘယ်တော့မှ ပြီးမှာမဟုတ်ဘူး။ ပြုပြင်လိုက်- ပျက်လိုက် တခါ ပြုပြင်လိုက် ပျက်လိုက်။ ဒီလိုပဲ လှည့်ပတ်သွားနေမှာပဲ။ ဒီတော့ ခင်ဗျားတို့ဟာ မပြီးတဲ့အလုပ်ကိုပဲ ထပ်ခါတလဲလဲ လုပ်နေတာပဲဆိုရင် မလွဲဘူးပေါ့။
    ခင်ဗျားတို့ အခုရထားတဲ့ ရုပ်နာမ်ခန္ဓာကြီးဟာ သင်္ခတတရားပဲ။ နောက်ဘ၀က ကံကပြုထားလို့ ပေါ်လာတာ။ ဒီဘ၀ကျတော့ စိတ်၊ ဥတု၊ အာဟာရက ပြုပြင်ထားတယ်။ နောင်ဘ၀ကျတော့ ဒီဘ၀ကလုပ်တဲ့ ကံကနေပြီးလုပ်လိမ့်မယ်။ ကံကနေပြီးလုပ်တော့ ကမ္မဇရုပ်တွေ စိတ္တဇရုပ်တွေ ဆက်ဖြစ်လာတယ်။ အပြင်ဘက်က အာဟာရ၊ ဥတုတွေကလဲ ထောက်ပံ့ပေးကြတယ်။ ဒီ တရားလေးပါးနဲ့ ပြုလုပ်တည်ထောင်ထားတာဖြစ်သောကြောင့် ဒီ ရုပ်နာမ်ခန္ဓာကြီးဟာ သင်္ခတတရားပဲ။ ကံကုန်ရင်လည်း ဗြုံးကနဲပျက်မယ်။ စိတ်ကုန်ပြန်ရင်လဲ ပျက်မယ်။ ဥတုကုန်ရင်လဲ ပျက်မယ်။ အာဟာရကုန်ရင်လဲ ပျက်မယ်။ ဘာဖြစ်လို့ ပျက်-သင်္ခတတရားဖြစ်လို့။ သူများပြုပြင်လို့ ပေါ်နေတဲ့ သင်္ခတတရား ဖြစ်သောကြောင့်၊ ပြုပြင်တဲ့တရား ကုန်သွားရင် ခင်ဗျားတို့ ဘုံးကနဲ လဲသေမှာ။ ဒီတော့ ခင်ဗျားတို့ဟာ ကံ။ စိတ်၊ ဥတု၊ အာဟာရတို့ရဲ့ စီမံသလို ခံနေရတာပေါ့။ ဒါတွေကို မသိတော့ ပျော်နေကြတာပဲ။ မသိပျော် ပျော်နေကြတယ်။ အကြောင်းတရား ၄-ပါးက ဖြစ်ဆိုဖြစ်၊ ပျက်ဆိုပျက်၊ သေဆိုသေ၊ မီးလောင်သေဆို သေ၊ ထမင်းငတ်သေဆို သေ၊ ဆိုတော့ ခင်ဗျားတို့ဟာ ခင်ဗျားတို့ ခန္ဓာဟာ အကြောင်းတရား ၄-ပါးရဲ့ စီမံသလိုခံနေရတဲ့ သင်္ခတ(သင်္ခါရ)တရားတွေပဲ။
    သင်္ခတတရားဆိုတာ ဒုက္ခသစ္စာပဲ။ ခန္ဓာငါးပါးဟာ အဖန်ဖန် ပြုပြင်ရတဲ့ ဒုက္ခသစ္စာဖြစ်လို့ ဒုက္ခရောက်ရင်း ပြန်အစားထိုးရင်း ဒီလို အဖန်ဖန်ပြုပြင် နေရတော့ အားလပ်ခွင့်ကိုမရှိဘူး။ ဒုက္ခသစ္စာအလုပ်က အမြဲဒုက္ခရောက်နေတာပဲ။ အဖန်ဖန်အားထုတ်နေရတာ အမြဲဒုက္ခ ရောက်နေတာပေါ့။ အဖန်ဖန်အားထုတ်ရ မထုတ်ရ ကိုယ့်ကိုယ်ကိုပဲချိန်ကြည့်။ ဒီနေ့ မနက်စာစားပြီး ညစာ မစားတော့ဘူးကွဆိုတဲ့ရက်ဟာ အင်မတန်နည်းတယ်။ ညတိုင်းပါ စားတဲ့ရက်ကများတယ်။ ဒီနေ့တော့ ၂-ထပ်စလုံးစားပြီးပြီ။ ၂-ထပ်စလုံး ခိုမယ် မစားတော့ဘူးလို့ နေလို့ရရဲ့လား။ မရဘူး။ ခန္ဓာကိုယ်ကြီးဟာ အရင် ပြုပြင်ထားတဲ့ အရှိန်အစော်ကုန်သွားလို့ ဆာလောင်မွတ်သိပ်တဲ့ ဝေဒနာရလာတယ်။ အဲဒီတော့ ခန္ဓာက ငါ့ကိုပြုပြင်ဦး။ နောက်ထပ် ၂-ထပ်ကျွေးဦးလို့လာတာပဲ။ သန်ဘက်ခါကျတော့လဲ ၂-ထပ် ကျွေးရတာပဲ။ ဘာပြုလို့ ဒီလောက်ပြုပြင်နေရတာတုန်း။ အို ...... ပြုပြင်မှ တော်ရုံကျတဲ့ ခန္ဓာငါးပါးဖြစ်လို့၊ ခင်ဗျားတို့ခန္ဓာဟာ ပြုပြင်နိုင်မှ တော်ရုံကျတာ။ မီးဖိုနဲ့ ထင်းကော ပြတ်ရဲ့လား။ မပြတ်ဘူး။ ဒယ်အိုးနဲ့ ဖိုခနောက်ကော ပြတ်ရဲ့လား။ မပြတ်ဘူး။ သေရာတောင် ယူသွားရဦးမှာလား။ ယူသွားရတယ်။ ဟိုဘ၀ရောက်လဲ ဒီလိုပဲမပြတ်ရဘူး။ လူတခါပြန်ဖြစ်ရင် ဒီပြုပြင်မှုတွေလုပ်ရမှာပဲ။ နတ်ပြည်ရောက်ရင် ကောင်းပါရဲ့ဆိုတော့ နတ်ပြည်လဲ ဒီလိုပဲ စောင့်ရှောက်ပြုပြင်ရမှာပဲ။ ဒီတော့ ဘယ်ခန္ဓာဖြစ်ဖြစ် ခန္ဓာဟူသရွေ့ဟာ သင်္ခတခန္ဓာ ဒုက္ခသစ္စာ ဆိုတော့ အမြဲတမ်း ပြုပြင်နေရပြီး ပျက်စီးခြင်းမှာပဲ ဆုံးသွားတာပဲ။
    လူ့ပြည်မှာ အပျက်များလှတယ်။ နတ်ပြည်သွားပြီး အပျက်ပြင်ဦးမှပဲဆိုရင် ဒါ ၀ပ်ရှော့ပြောင်းတာနဲ့ အတူတူပဲ။ နတ်ပြည်ရောက်လဲ ၀ပ်ရှော့ပြန်အပ်ရတာပဲ။ ခန္ဓာက အမြဲတမ်းချက်နေတော့ အမြဲတမ်းပဲ ၀ပ်ရှော့ ပြောင်းနေရတာပေါ့။ ခင်ဗျားတို့ ဟိုဆုတောင်း ဒီဆုတောင်းဆိုတာ ပျက်လို့ပြင်ဖို့ တောင်းတာပေါ့။ လူ့ပြည်မှာတွင်ပဲ ဒီခန္ဓာကြီးကို ကျွေးမွေးပြုပြင်ပေးဖို့အတွက် လုပ်ငန်းတွေ အမျိုးမျိုးထူထောင်ရတယ်ဆိုတော့ ဒါ ၀ပ်ရှော့အပ်နေရတာပဲ။
    ဒီ ခန္ဓာကြီး ပြင်နေရတဲ့အတွက် အားတယ်လို့ရှိသေးရဲ့လား။ အငြိမ်ကော နေရရဲ့လား။ ဒီခန္ဓာကြီးကို ၀ပ်ရှော့ပြောင်းအပ်ပြီး ပြင်နေရတာဖြင့် ၃၁-ဘုံမှာ ခင်ဗျားတို့ ခြေရာထပ်နေပြီ။ မပျင်းကြသေးဘူးလား။ မမောကြသေးဘူးလား။ သစ္စာမသိသရွေ့တော့ ဒီအတိုင်းချည်း မှတ်ပေတော့။ ဘယ်ဝပ်ရှော့ကြိုက်သတုံး။ ၀ပ်ရှော့တစ်ခုက ခဏပဲ ပြင်ပေးနိုင်တာ။ ကြာကြာခံအောင် လုပ်မပေးနိုင်ဘူး။
    ဒီ ခန္ဓာကြီးပြုပြင်ရတဲ့ သင်္ခတတရားတွေဟာ နည်းတာတွေမဟုတ်ဘူး။ တချို့ သင်္ခတတရားက ပြုပြင်ပေးတယ်။ တချို့ သင်္ခတတရားက အပြုပြင်ခံရတယ်။ ပြုပြင်တတ်တဲ့ တရားလဲဖြစ်ပြီး (ပြုပြင်ပေးပြီး) ပျက်တတ်သောကြောင့် သူလဲ သင်္ခတတရားပဲ။ အပြုပြင်ခံရတဲ့တရားလဲ ဖြစ်ပြီးပျက်ရသောကြောင့် (ပြုပြင်ပေးတုန်း တည်တံ့ပြီး၊ ပြုပြင်တဲ့တရားပျက်ရင် ပျက်ရသောကြောင့်) သူလဲ သင်္ခတတရားပဲ။ ဒီတော့ သင်္ခတ ၂-ခုစလုံး ဖြစ်ပျက်ချည်းဖြစ်သောကြောင့်၊ သြော်..... နှုတ်ခမ်းပဲ့ချင်း မီးမှုတ်နေတာပါလား။ သင်္ခတဆိုတာ ခဏခဏ ပြင်လိုက်ပျက်လိုက်၊ ပြင်လိုက်ပျက်လိုက်နဲ့ စင်စစ်တော့ ဒုက္ခချည်းရောက်နေတာပါလား။ ဒါဖြင့် သင်္ခတရား= သင်္ခတနယ် မကောင်းကြောင်း ကောင်းကောင်းသိမှ မအို မသေ အမြဲနေတဲ့ နိဗ္ဗာန်ဆိုတဲ့ အသင်္ခတနိဗ္ဗာန် ကောင်းတာကို ဉာဏ်ထဲထင်လာမယ်။
    သင်္ခတဒုက္ခဖြစ်တဲ့ ဒီ ခန္ဓာကိုယ်ကြီးဟာ အမျိုးမျိုးအဖုံဖုံ အမြဲပြုင်ပြင်တယ်။ ခင်ဗျားတို့ ဒီလာတော့ ဒီခန္ဓာကြီးကို ထမင်းလဲကျွေးလာခဲ့ရတာပဲ။ ခြုံထည်အမျိုးမျိုးနဲ့ ပူဇော်ခဲ့ရတယ်။ လမ်းကျပြန်တော့လဲ ကားနဲ့ ဟိုဟာဒီဟာနဲ့ တိုက်မိမှာစိုးလို့ မျက်လုံးနဲ့ ဟိုကြည့်ဒီကြည့်ပြီး ဒုက္ခခံ စောင့်ရှောက်လာခဲ့ရတယ်။ သူ့အတွက် ဘယ်လောက် ကြောင့်ကြစိုက်ရသလဲဆိုတာ လမ်းမှာ ခင်ဗျားတို့ မရိပ်မိဘူး။ သင်္ခတခန္ဓာရှိနေရင် ဘယ်တော့မှ ဘေးအန္တရာယ် ကင်းမယ်မဟုတ်ဘူး။ သူ့မှာ ဝေဒနာတွေဟာ အမျိုးမျိုးပေါ်တယ်။ ကျင်ကြီး ကျင်ငယ်ကိစ္စ၊ ထမင်းကျွေး၊ ရေတိုက်ရတဲ့ကိစ္စ၊ အို တစ်ခါတည်း အနာမျိုးစုံအတွက် ပြုပြင်ပေးလိုက်ရတာ ရှုပ်နေတာပဲ။ ဘယ်အချိန်မှ မနားရ မအားရဘူး။ မပြုပြင်ပဲသာ ထားလိုက်လို့ရှိရင် ခင်ဗျားတို့ကို ဠင်းတတွေတောင် ၀ဲလောက်ပါရဲ့။ ဒီလောက်တောင် ပြုပြင်ပေးရတယ်။ အိပ်ရာထဲ မျက်လုံးမှိတ်နေတာတောင်မှ မအားရဘူး။ ခန္ဓာကြီး စောင်းလိုက် လှိမ့်လိုက် စောင်ဆွဲခြုံပေးလိုက်နဲ့ အမျိုးမျိုးလုပ်ပေးရတာ အားတယ်ကိုမရှိဘူး ခွေးနာ လောက်ကိုက်၊ ခွေးနာ အယားဖျောက်တာက အားသေးတယ်။ ခင်ဗျားတို့မှာ အနာမျိုးစုံပေါက်လို့ ပြုပြင်ပေးရတာ အားတယ်လို့မရှိဘူး။ ခွေးနာက ဟိုကိစ္စ ဒီကိစ္စရှိတာ မဟုတ်ဘူး။ ခင်ဗျားတို့မှာတော့ သာရေး နာရေး လူမှုရေးကိစ္စတွေနဲ့ မအားလပ်အောင် ရှုပ်နေတာပဲ။ ဘာပြုလို့ ဒီလောက်တောင် အားလပ်ခွင့်မရသတုံးဆိုတော့ သင်္ခတဒုက္ခ  သစ္စာကြီးရထားလို့၊ ဒီဘ၀ကိုက အလုပ်ပေါင်းကနည်းသလား၊ အနှိပ်သည်ရှာရ၊ အ၀တ်ရှာ အစာရေစာ ရှာရ။ အနာတွေကုဖို့ ဆေးတွေဆောင်ထားရတာနဲ့ အလုပ်တွေရှုပ်နေတာပဲ။ ဒီအထဲ နောက်ဘ၀အတွက် ပေးကမ်းစွန့်ကြဲမှုစတဲ့ အလုပ်တွေ ကြိုလုပ်နေရသေးတယ်။ ဒီတော့ ဒီသင်္ခတခန္ဓာကြီးဟာ သူ့ခင်တဲ့ ပုဂ္ဂိုလ်ကို အမြဲနှိပ်စက်နေတာပဲ။ ဒီ ခန္ဓာကြီးမရှိမှ အေးမှာပဲ။
    ခင်ဗျားတို့ဟာ ပျက်စီးတတ်တဲ့ သင်္ခတတရားဆိုတဲ့ ဒုက္ခ- သစ္စာကို မသိလို့သာ၊ လူကောင်, နတ်ကောင်, ဗြဟ္မာကောင်ဆိုတဲ့ သင်္ခတတရားဆိုတဲ့ ဒုက္ခသစ္စာကို မသိလို့သာ သင်္ခတတရားတွေကို ရအောင်အားထုတ်ယူနေကြတာ။ သင်္ခတ ဒုက္ခသစ္စာကိုသိရင် ခင်ဗျားတို့ ဒီ သင်္ခတတရားကို နောက်ထပ်တည်ထောင်ကြမှာ မဟုတ်ဘူး။ ဒုက္ခသစ္စာမသိလို့ တည်ထောင်ကြတာပဲ။ သင်္ခတတရားဆိုတာ ဖြစ်ပြီးပျက်တာပဲ။ မွေးပြီး သေတာပဲ။ မွေးသေပဲ။ အသင်္ခတဟာ မွေးလဲ မမွေးဘူး။ သေလဲ မသေဘူး။ အဖြစ်လဲ မရှိဘူး။ အပျက်လဲ မရှိဘူး။ သဘာဝအားဖြင့် ခိုင်ခံ့တည်မြဲနေတယ်။ ဒီတော့ အသင်္ခတဓာတ် နိဗ္ဗာန်ရောက်ကြောင်း အလုပ်မှတစ်ပါး ကျန်တဲ့ သင်္ခတအလုပ်ကတော့ လုပ်ချင်တာလုပ် ပျက်ဖို့ လုပ်တာချည်းပဲ။ ဘယ်လောက်နဲ့ ရင်နှီးလုပ်ပေမယ့် ပျက်မှာပဲ။ ဒုက္ခခံလုပ်ခဲ့ရပြီး ပျက်သွားတယ်ဆိုတော့ ခဲလေသမျှသဲရေကျ ဆိုတဲ့ အလုပ်မျိုးပေါ့။ ဘာ့ကြောင့် ဒီအလုပ်မျိုး လုပ်နေရသတုံး။ သစ္စာ မသိလို့ပေါ့။
    သင်္ခတနဲ့ အသင်္ခတ, ဒုက္ခသစ္စာနဲ့ သုခသစ္စာ ကွဲကွဲပြားပြား မသိသရွေ့ ခင်ဗျားတို့ဟာ သင်္ခတနယ် (အပျက်နယ်)ထဲက လွတ်မှာမဟုတ်ဘူး။ သင်္ခတဆိုတာ အပျက်ပါနေတော့ ဒုက္ခသစ္စာပေါ့။ အသင်္ခတဆိုတဲ့ နိဗ္ဗာန်ဟာ အပျက်မပါတော့ သုခသစ္စာပေါ့။ ခင်ဗျားတို့က ဒီသစ္စာ ၂-ပါးလဲ မကွဲဘူး။ တစ်ပါးချင်းလဲ မသိဘူး။ သင်္ခတကို ဒုက္ခသစ္စာလို့ မသိတော့ ဆင်ကန်းတောတိုးသလို မဟုတ်တဲ့ သင်္ခတတရားပဲ ကြိုးစားနေတာပဲ။ အသင်္ခတဘက် သွားရမှန်းမသိလို့ မသွား။ သင်္ခတကို ဒုက္ခသစ္စာမှန်းမသိလို့ သင်္ခတဘက်ချည်းသွားနေတော့ ခင်ဗျားတို့မှာ မပြီးနိုင်မဆုံးနိုင်တဲ့ သင်္ခတအလုပ်တွေချည်း လုပ်နေတော့တာပဲ။ ဒါကြောင့် သင်္ခတဆိုတဲ့ ဒုက္ခသစ္စာ၊ အသင်္ခတဆိုတဲ့ သုခသစ္စာ၊ ဒီသစ္စာ ၂-ပါးအကြောင်း ကောင်းကောင်းသိဖို့ အရေးကြီးတယ်။ သိတော့မှ သင်္ခတဒုက္ခသစ္စာကြီးကို ရွံမုန်းပြီး မလိုချင်တော့ပဲ အသင်္ခတ သုခသစ္စာ ကောင်းကောင်းသိပြီး ကြိုက်လာမယ်။
    အခုအသင်္ခတကောင်းပုံ၊ ရအောင်လုပ်ပုံကို ဆက်၍ကြည့်ကြဦးစို့။
မိုးကုတ်ဆရာတော်ဘုရားကြီး၏ သစ္စာအနက် ၁၆-ချက် တရားတော်များမှ
No comments: