Pages

Friday, May 11, 2012

မေတ္တာနှင့် ယှဉ်သောစိတ်

မေတ္တာဆိုတာ သူတစ်ပါးအကျိုးကိုလိုလားခြင်းပဲ။
တစ်ခါတစ်လေ နက်နက်နဲနဲ ခံစားလိုက်ရမှ
အဲဒီအကြောင်းကို သေသေချာချာ သိရတော့တာ .....

    ကျွန်တော်ကိုယ် ကျွန်တော် မေတ္တာနှင့်ပတ်သက်၍ အတန်အသင့် သဘောပေါက်နေပြီဟု မူလက လက်ခံထားခဲ့ပါသည်။ သို့သော် ယခု ကျွန်တော်ပြောပြမည့် ဖြစ်စဉ်ကလေးတွင် ကျွန်တော်ကိုယ်တိုင်ပါဝင်ပတ်သက်နေမိချိန်၌ ကျွန်တော်သည် မေတ္တာအကြောင်းကို အပေါ်ယံမျှသာ သဘောပေါက်နေသေးသည်ကို  စစ်ဆေးတွေ့ရှိရလေသည်။ သည်ဖြစ်စဉ်လေး အဆုံးသတ်ချိန်သို့ ရောက်သောအခါကျမှ ကျွန်တော်သည် မေတ္တာနှင် ပတ်သက်၍ ထဲထဲဝင်ဝင် နက်နက်ရှိုင်းရှိုင်း သဘောပေါက်သွားခဲ့ပြီဟု ၀န်ခံချင်ပါတော့သည်။
    ဘယ်ကနေ ဘယ်လိုရောက်လာမှန်းမသိသော ခွေးလေခွေးလွင့်တစ်ကောင်သည် ကျွန်တော်တို့အိမ်နား မကြာခဏ ရောက်လာတတ်သည်။ အိမ်နားမှာ ရစ်ဝဲရစ်ဝဲနှင့်။ အမှိုက်ပုံးထဲ ပစ်ထည့်ထားသော စားကြွင်းစားကျန်များကို လူအလစ်မှာ အမှိုက်ပုံးကို လှဲချကာ ရှာဖွေစားသောက်တတ်သည်။ သူ့ခမျာ စားသာ စားနေရသည် နောက်ကျောက မလုံ။ ခြေသံကြားသည်နှင့် ၀ုန်းခနဲ ထွက်ပြေးတတ်သည်။ တစ်ခါတစ်ခါ အာသာငမ်းငမ်းစားသောက်ချိန်၌ သူ့နောက်မှ လူတစ်ယောက် ရုတ်တရက်ရောက်လာလျှင် လန့်ဟောင်တတ်သေးသည်။ သမီးဖြစ်သူက တိရစ္ဆာန် ချစ်တတ်သဖြင့် စားကြွင်း စားကျန်တွေ စနစ်တကျ ပုံကျွေးသည်။ သို့နှင့် နောက်ပိုင်းတွင် သူသည် အိမ်နားမှ မခွာတော့။ နောက်တော့ ခွေးလေခွေးလွင့်တို့ သဘာဝအတိုင်း သူ့မှာ ကိုယ်ဝန်ရှိလာသည်။ သည်တော့မှ မြင်ရတစ်ချက်၊ မမြင်ရတစ်ချက်နှင့် ထိုခွေးလေခွေးလွင့်သည် ခွေးမကြီးဖြစ်မှန်းသိရတော့သည်။
    မိုးတွင်းကာလ၏ တစ်ခုသောညနေတွင် ထိုခွေးမကြီးမှ ခွေးကလေး ငါးကောင်ပေါက်လာသည်။ ကျွန်တော်တို့အိမ်က ခြေတံတို သစ်သားအိမ်ဖြစ်သဖြင့် အိမ်အောက်တွင် မြေကွက်လပ်ကြီးရှိနေသည်။ အမိုးလုံသည်။ ပစ္စည်းအဟောင်းတွေ စုပုံကာရံထားသည့် အလယ်တွင် မွေးဖွားခဲ့သဖြင့် ခွေးပေါက်စတွေခမျာ နွေးထွေးလုံခြုံနေသည်။ ခွေးမကြီးသည် သူ့ကလေးတွေကို အလွန်ဂရုစိုက်သည်။ အလွန်ချစ်ရှာသည်။ ကျွန်တော်တို့က ခွေးပေါက်စလေးတွေ နို့စို့နေသဖြင့် ခွေးမကြီးကို ဂရုတစိုက် ထမင်းကျွေးရသည်။ သည်လိုနှင့် ခွေးကလေးတွေ ကြီးထွားလာသည်။ ခွေးမကြီး၏နို့ကို တစ်ပြုံတစ်ခဲကြီး ၀ိုင်းစို့နေသည် မြင်ကွင်းမှာ ပီတိဖြစ်စရာ။ ကျွန်တော်တို့ အိမ်သားတွေက ပီတိဖြစ်၍ ကြည့်နေသော်လည်း ခွေးမကြီးက ပြန်ဟောင်တတ်သည်။ သူ့ကလေးတွေကို ကိုင်မည်စိုး၍ ထင်သည်။
    သည်လိုနှင့် ခွေးပေါက်စလေးတွေ မျက်စိမဖွင့်မီမှာပင် စမ်းတ၀ါးဝါးလျှောက်သွားတော့ မြောင်းထဲပြုတ်ကျတတ်ပြန်သည်။ ထိုအခါ ခွေးမကြီးက ၀ပ်တွား၍ မြောင်းထဲကျနေသော ခွေးပေါက်စ၏ ကုပ်ကို ပါးစပ်ဖြင့် ကိုက်၍ ခဲရာခဲဆစ် မ ချီသည်။ ပြုတ်ကျသွားလျှင် သူကပင် ပြန်ဟောင်နေတတ်သေးသည်။ ကျွန်တော်က မိခင်မေတ္တာသဘောပေါ်လွင်စေသည့် ပြကွက်အဖြစ် မှတ်တမ်းတင်နိုင်ရန် ဓာတ်ပုံသွားရိုက်သည်။ ဓာတ်ပုံဆလိုက်မီးပွင့်သောအခါ ခွေးမကြီးအလန့်တကြား ထဟောင်တော့သည်။ သည်လိုနှင့် ခွေးကလေးတွေ မျက်စိပွင့်လာသည်။ သွားနိုင် လာနိုင်လာသည်။ ထမင်းစားနိုင်လာသည်။ သူတို့ကို ဆန်ကြမ်းတွေ ပြုတ်ကျွေးရသည်။ မနက်(၂)လုံး၊ ည(၂)လုံးကုန်သည်။ ခွေးပေါက်ကလေးတွေက စားနိုင်သည်။ သူ့အမေ နို့လည်းမလွှတ်သေး။ အလုအယက်စို့ကြသည်။ သည်ကြားထဲ ခွေးမကြီးက အခြားတစ်နေရာတွင် လှည့်လည် စားသောက်ခဲ့ပြီး ပြန်အန်ကျွေးတတ်သေးသည်။ ကျွန်တော်မှာ ခွေးမကြီး အန်ကျွေး၍ အငမ်းမရစားသောက်နေသော ခွေးပေါက်ကလေးများကို ကြည့်ရင်းမှ ခွေးမကြီး၏ မေတ္တာကြီးမားပုံကို အသိအမှတ်ပြုရသည်။
    နှစ်လ၊ သုံးလအတွင်း ခွေးကလေးတွေ အစားမှန်၊ အနေမှန်ဖြင့် ကြီးထွားလာကြသောအခါ ၀၀တိုတိုကလးတွေဖြစ်လာကြပေပြီ။ လူအလစ်မှာ အိမ်ပေါ်ထိတက်လာတတ်သည်။ အိမ်ပေါ်ရောက်မှပင် သေးပန်းသွားတတ်သေးသည်။ တစ်ခါတစ်ခါ သူတို့အန်ဖတ်တွေ ကျုံးရသည်။ ပြီးတော့ ခွေးကလေးတွေက ၀၀တောင့်တောင့်တင်းတင်း ဖြစ်လာတော့ ကိုက်ချင်လာသည်။ အိမ်ကသားက ခွေးငယ်ကလေးတွေနှင့် အမြဲဆော့တတ်သည်။ ခွေးတွေကို ကိုင်တတ်သည်။ ခွေးတွေကလည်း ကလေးအချင်းချင်းဆိုတော့ အသားကုန်ဆော့သည်။ ခွေးနှင့် ကလေးဆော့ရင်းမှ သားငယ်ကို ခုန်ထိုးဟပ်သဖြင့် သားငယ်၏နှာခေါင်းနားမှာ ပွန်းပဲ့သွားရသည်။ ကျွန်တော်မှာခွေးတို့၏ ကရိကထကို စခံရပေပြီ။ ကူးစက်ရောဂါဖြစ်မှာစိုးရသည်။ ခွေးတွေကို တစ်နေရာသို့ သွားပစ်ရန် စီစဉ်ရသည်။ သည် အစီအစဉ်ကို စတင်စိတ်ကူးသူမှာ ကျွန်တော့် အိမ်ရှင်မ။
    ကျွန်တော် ရုံးတက်နေစဉ်မှာပင် ကျွန်တော် တပည့်လေးကို ခေါ်၍ ခွေးသုံးကောင်ကို တစ်နေရာသွားပို့လိုက်သည်။ ခွေးမကြီးက သူ့သားတွေ မစုံသဖြင့် အော်တော့သည်။ ကျွန်တော့် အိမ်ရှင်မ စိတ်မကောင်းဖြစ်ရပြီ။ သို့နှင့် သွားပို့ထားသောနေရာမှ ပြန်ခေါ်လာပေးသောအခါ ခွေးမကြီးအသံတိတ်သွားသည်။ ဒုတိယမ္ပိ အစီအစဉ်ဆွဲသူမှာ ကျွန်တော်ဖြစ်သည်။ တစ်နေ့နံနက်အိပ်ရာမှ အထတွင် ခွေးကလေးတွေအားလုံး အိပ်ပျော်နေကြသည်။ သို့သော် သူတို့၏ အန်ဖတ်တွေ၊ မစင်တွေက နေရာအနှံပြန့်ကြဲလို့။ မသတီစရာ။ လှေကားအဆင်းအတက်မှာရော၊ အောက်ကြမ်းပြင်မှာရော ပြည့်လို့။ ကျွန်တော့်မှာ မျက်နှာမသစ်မီ သူတို့အညစ်အကြေးကို အရင်ဆေးကြောရသည်။ သူတို့ကိုလည်း နှင်ထုတ်ရသည်။ သည်လိုနှင်ထုတ်နေရုံနှင့် မပြီး။ ကျွန်တော် အိမ်ရှင်မလုပ်သလို အားလုံးကို အပြီးတိုင် တစ်နေရာ ပို့ရမည်ဟု ဆုံးဖြတ်ချက်ချမိသည်။
    သို့နှင့် နံနက်လင်းတော့ တပည့်တွေ ခေါ်ရသည်။ မနေ့ကလို ခွေးတွေခွဲထုတ်၍တော့မဖြစ်။ ခွေးမကြီးအပါအ၀င် တစ်မိသားစုလုံး တစ်ပါတည်းစုပေါင်း၍ တစ်နေရာသို့ သွားလွှင့်ပစ်ရန်ဖြစ်သည်။ မိသားစုတကွဲတပြားဖြစ်ရေးကိုတော့ ကျွန်တော် မလိုလားပါ။ သို့သော် ခွေးဖမ်းပွဲတွင် (၄)ကောင်သာမိသည်။ ခွေးငယ်လေးတစ်ကောင် ဘယ်ချောင်မှာ ကပ်နေမှန်းမသိတော့။ ခွေးမကြီးကတော့ သူ့ကလေးတွေ ဖမ်းစဉ် မာန်စောင်ရန်ထောင် ဟောင်နေသေးသော်လည်း သူ့ကိုဖမ်းသည့်အခါ ထွက်ပြေးတော့သည်။ ၀ိုင်းပတ်ပိတ်ဆို့ဖမ်းသော်လည်း ဘယ်လိုမှ မမိ။ သို့နှင့် ဖမ်းမိပြီးသား ခွေးလေးကောင်ကို  ကားဖြင့်တင်ကာ ခပ်ဝေးဝေးတစ်နေရာ၊ လူနေအိမ်နှင့် မနီးမဝေးတစ်နေရာသို့ သွားလွှင့်ပစ်ခဲ့ရသည်။ သည့်နောက်မှ မယောင်မလည်နှင့် ရောက်လာသော လက်ကျန်ခွေးလေးတစ်ကောင်ကို ဖမ်းမိ၍ အခြားတစ်နေရာ သွားလွှင့်ပစ်ရသည်။ ခွေးမကြီး ဖမ်းမိရန် ဒုတိယအကြိမ် ကြိုးစားသော်လည်း မအောင်မြင်။ ခွေးမကြီးသည် လှည့်ပတ်ပြေးနေတော့သည်။
    သို့သော်လည်း ခွေးကလေးတွေ ရှင်းသွားသဖြင့် အိမ်မှာ တိတ်ဆိတ်သွားတော့သည်။ သားငယ်ကို ခွေးကိုက်မှာ မပူရတော့။ ခွေးတွေထံမှ ကူးစက်ရောဂါရမှာကို မပူရတော့။ ကျွန်တော်လည်း ခွေးအညစ်ကြေးတွေ မကျုံးရတော့။ ခွေးတွေလည်း အိမ်ပေါ်တက် မစင်စွန့်မှာ မပူရတော့။ သူတို့အနံ့အသက်တွေလည်း မရှုရတော့။ ထို့ကြောင့် ကျွန်တော့် စိတ်ထဲမှာ ယခုမှ ရှင်းသွားပြီဟု ယုံကြည်ကာ အမောပြေသွားတော့သည်၊ အမှိုက်ရှင်းသလိုပါပဲ။ အခုမှ ရှင်းရှင်းလင်းလင်း။ သို့သော် ......
    ပြဿနာက ယခုမှ စပါပြီ၊ သားသမီးငါးယောက်စလုံးနှင့် ခွဲခွာရသော ခွေးမကြီးသည် တစ်ညလုံး အော်ပါတော့သည်။ နှင်ထုတ်သော်လည်းမရ။ မောင်းထုတ်သော်လည်း ခဏ။ ဖမ်းလို့လည်း အဖမ်းမခံ။ သည်လိုနှင့် ရှောင်သွားလိုက်။ အိမ်အောက် ပြန်ရောက်လာလိုက်၊ အော်လိုက်၊ အသံပျောက်သွားလိုက်။
    ထိုည ကျွန်တော် အိပ်ပျော်နေစဉ် ည ၂ နာရီလောက်မှာ ကျွန်တော်ခေါင်းရင်း၌ ခွေးမကြီးလာအော်သဖြင့် ကျွန်တော် လန့်နိုးသွားရသည်။ အားလုံးအိပ်ပျော်ချိန်၊ ည၏တိတ်ဆိတ်မှုတို့ မင်းမူနေချိန် ဖြစ်သဖြင့် ခွေးမကြီး၏ အသံသည် သီးသီးခြားခြားကြီးထွက်ပ်ါလာသည်။ သည်လိုအသံမျိုးကို ကျွန်တော် တစ်ခါမျှ မကြားခဲ့ဘူး။ ခွေးမကြီး၏ အသံသည်  ဆွဲဆွဲငင်ငင်အသံရှည်။ သို့သော် ဆွေးဆွေးမြည့်မြည့်၊ လိုဏ်ခေါင်းသံပါနေသည်။ တကယ့်ကို ကြေကွဲစရာ။ သည်အသံရှည်ကြီးကို ခွေးမကြီးက အထပ်ထပ်အော်နေသည်။ သူ့အသံထဲတွင် သူပြောချင်သော ဘာသာစကားတွေ ရှိရပေလိမ့်မည်။
    “ကျွန်မ ကလေးတွေကို ပြန်ခေါ်ပေးပါ၊ ကလေးတွေ မရှိရင် ကျွန်မ မနေတတ်လွန်းလို့ပါ၊ ကလေးတွေက စိတ်ချရသေးတာ မဟုတ်ဘူး။ အခုနေ ဘယ်နားမှာ ဘယ်လိုနေကြမလဲ၊ ကျွန်မကလေးတွေ စားသာ စားနိုင်သာ နို့မပြတ်သေးပါဘူး။ ကျွန်မ နို့တွေစို့တုန်းပါပဲ။ အခု ကျွန်မ နို့တွေ တင်းနေပြီ။ ကလေးတွေ ဘယ်နားမှာလဲ ဟင်.... ဘယ်နေရာရောက်ရောက် ကျွန်မရင်ခွင်လောက် နွေးထွေးမှာ မဟုတ်ပါဘူးရှင်”
    ကျွန်တော်သည် အိပ်ရာထဲမှနေ၍ ခွေးမကြီးခံစားချက် အပြည့်ပါသော အသံလှိုင်းအနိမ့်အမြင့်ထဲတွင် သည်သို့သော် တင်ပြချက်အဓိပ္ပါယ်များ ပါနေမလားဟု တွေးဆနေမိပါသည်။ ဖြစ်နိုင်ပါသည်။ သည်အဓိပ္ပါယ်ပါပဲ။ မပြောတတ်၍သာရှိမည်။ သည်သဘောဖြစ်လိမ့်မည်။ ကျွန်တော် ဆက်၍အိပ်မရတော့။ အိပ်ရာမှ ထရသည်။ မျက်နှာသစ်သည်။ ရေအိမ်ဝင်သည်။ ရင်ထဲမှာ ၀မ်းနည်းရသည်။ ကျွန်တော် မတရားမှု တစ်ခုပြုမိပေပြီ။ သည်နေ့ အိပ်ရာမှ နိုးထခြင်းသည် မငြိမ်းချမ်းသောစိတ်ဖြင့် ထရခြင်းပါပေ။ မငြိမ်းချမ်းသောစိတ် ကြီးစိုးနေသဖြင့် ကျွန်တော့်ရင်မှာ ပူလောင်ရသည်။ ခေါင်းထဲမှာရှုပ်ထွေးနေသည်။ နောက်ကျိနေသည်။ ကြည်လင်မှုမရှိ။ ဘုရားခန်းထဲ ၀င်သော်လည်း စိတ်ကမပါ့တပါ။ ကျွန်တော်မှာ ဖြေရှင်းပေးရမည့် ၀တ္တရားတစ်ခုရှိနေသေးသည်။ ဒါကို ပြေလည်အောင် ဖြေရှင်းမပေးပါဘဲနှင့် ကျွန်တော် တရားထိုင်၍ ရမည်မဟုတ်မှန်း ကိုယ့်ကိုယ်ကို သိနေသည်။
    ဘုရားရှိခိုးပြီး မေတ္တာပို့သောအခါ .....
    “အရှေ့အရပ်၌ ရှိကြကုန်သော အနန္တစကြ၀ဠာ အနန္တသတ္တ၀ါတို့ ......
    ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ။
    ဒေါသခပ်သိမ်း ငြိမ်းကြပါစေ။
    ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ။
    နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ။
    ထိုသို့ ရွတ်နေစဉ်မှာပင် ခွေးမကြီး၏ အသံရှည်ရှည်ကြီး ပေါ်ထွက်လာပြန်တော့သည်။ ကျွန်တော် တုန်လှုပ်သွားမိသည်။ ကျန်သော အရပ်ကိုးမျက်နှာ ဆက်၍ မေတ္တာဆက်မပို့နိုင်တော့။ ကျွန်တော်သည် မေတ္တာဆိုသည်ကို စကားလုံးဖြင့်သာရွတ်ဆိုနေသူတစ်ယောက်ဖြစ်နေပါပေါ့လား။ အနန္တစကြ၀ဠာ အနန္တသတ္တ၀ါဆိုသည်မှာ များလွန်းလှပါသည်။ ကျွန်တော့်မှာ အိမ်မွေးတိရစ္ဆာန်ဖြစ်သည့် ခွေးမကြီးနှင့် ခွေးကလေးငါးကောင်မျှကိုပင် ဘေးရန်ခပ်သိမ်းငြိမ်းအောင် မလုပ်ပေးမိခဲ့။ ဆင်းရဲခပ်သိမ်းငြိမ်းဖို့ မဆောင်ရွက်ပေးမိခဲ့။ နှလုံးစိတ်ဝမ်းအေးချမ်းဖို့ မကူညီပေးမိခဲ့။ ကျွန်တော်နေ့စဉ်နှင့်အမျှ ရွတ်ဆိုနေသည်မှာ မေတ္တာနှင့်ပတ်သက်သော စကားလုံး။ သို့သော် ကျွန်တော်ပြုကျင့်ခဲ့သည်မှာ ထိုစကားလုံးတို့နှင့် ဆန့်ကျင်ဘက်အလုပ်။ ကျွန်တော့်စိတ်မှာလည်း မေတ္တာနှင့် ဖီလာဆန့်ကျင်နေသောစိတ်။
    ကျွန်တော် တရားထိုင်၍ မရတော့။ ခွေးမကြီးက ဆက်လက်အော်မြည်နေဆဲ။ ကျွန်တော် ဆုံးဖြတ်ချက်ချလိုက်ပါသည်။ မနေ့ကစွန့်ပစ်ထားသောနေရာမှ ခွေးကလေးတွေ သွားပြန်ရှာ၍ ခေါ်ရ
မည်။ သူတို့ မိသားစုတွေ အတူတကွနေစေ့မည်။ ကိုယ်နှင့်ပတ်သက်လာမှပဲ သူတို့၏ ၀တ္တရားများကို အတတ်နိုင်ဆုံး၊ စိတ်အရှည်ဆုံးသည်းခံ၍ ဆောင်ရွက်ပေးတော့မည်။ ခွေးမကြီး၏ အသံလှိုင်းသည် ကျွန်တော်ကို သည်စိတ်တွေ ဖြစ်ပေါ်ရန် ဆုံးမလိုက်သလိုပင်။ သည်အချိန်ဆို ခွေးကလေးတွေ ဘယ်လိုနေ၊ ဘယ်လိုစားလို့ ဘယ်လိုအိပ်ကြမည်မသိ။ ကားများကြိတ်ကုန်ပြီလား။ သူများတွေ ရိုက်သတ်လိုက်ပြီလား။ ယခုမှပင် ကျွန်တော်သည် ခွေးကလေးတွေအတွက် ပူတတ်လာသည်။ မနက်သုံးနာရီ အိပ်ရာကနိုးနေသော်လည်း ရှုပ်ထွေးသော အတွေးတွေကြောင့် တရားမထိုင်ဖြစ်တော့ဘဲ မိုးလင်းသည်ထိ ထိုင်စောင့်နေရတော့သည်။
    မိုးလင်းသည်နှင့် တပည့်တွေခေါ်ကာ မနေ့က ခွေးတွေစွန့်ပစ်ထားသောနေရာသို့  သွားရှာရသည်။ တော်ပါသေးရဲ့။ ခွေးတွေက မနေ့ကလွှတ်ထားသည့်နေရာမှာပင်။ ချုံထဲမှာဝပ်လို့၊ ပုန်းနေလို့။ သူတို့ခမျာ ကြောက်နေရှာသည်။ အသားတွေတုန်နေသည်။ ထွက်ပြေးသဖြင့် လူအုပ်နှင့် မနည်းဝိုင်းဖမ်းရသည်။ သည့်နောက် ကားဖြင့် တင်ခေါ်ခဲ့ရသည်။
    အိမ်ကိုရောက်တော့ နောက်တစ်ကောင်ပါ ရောက်နှင့်နေပြီဖြစ်သောကြောင့် သူတို့မောင်နှမတွေ စုံလင်သွားတော့သည်။ ခွေးမကြီးလည်းရောက်လာသည်။ တစ်ညတာ ခွဲခွာခဲ့ရသော သူတို့အမေကို နမ်းကြရှုံ့ကြ၊ နို့ပြေးစို့ကြနှင့် ပျော်ရွှင်မြူးထူးနေကြသည်။ တစ်ညလုံး ထမင်းမစားရသဖြင့် ခွေးကလေးတွေကို ထမင်းကျွေးရသည်။ အလုအယက်စားနေပုံကို ကြည့်၍ ပီတိဖြစ်ရသည်။ ခွေးမကြီးသည် ယခုမှ စိတ်အေးသွားပုံရပါသည်။ သူတို့ မိသားစု ပျော်ပျော်ရွှင်ရွှင် ဆော့ပြေးနေသည်ကို မြင်ရတော့မှ ကျွန်တော်တို့ မိသားစုလည်း စိတ်ပေါ့ပါးလွတ်လပ်သွားရတော့သည်။
    “မေတ္တာဆိုတာ သူတစ်ပါးအကျိုးကို လိုလားခြင်းပဲ”
    “တစ်ခါတလေ နက်နက်နဲနဲခံစားလိုက်ရမှ အဲဒီအကြောင်းကို သေသေချာချာသိရတော့တာ”
    ဆရာတော်ဦးဇောတိက ဆုံးမခဲ့ဖူးသော စကားအချို့ကို ကျွန်တော်ပြန်သတိရနေမိပါသည်။ ကျွန်တော်သည် ကိုယ့်အကျိုး၊ ကိုယ့်သားသမီး အကျိုးနှင့် ယှဉ်လာသောအခါ သူတစ်ပါးနှင့် သူတစ်ပါး၏ သားသမီးအကျိုးကို ကိုယ့်အကျိုးနှင့် တန်းတူထား မကြည့်နိုင်သေးပါလားဟု ကိုယ့်ကိုယ်ကို သဘောပေါက်လာသည်။ တစ်ဆက်တည်းမှာပင် “ဒေ၀ဒတ်နှင့် သားတော်ရာဟုလာကို” တစ်တန်းတည်း မေတ္တာထားနိုင်သော၊ သတ္တ၀ါအားလုံးအပေါ် တန်းတူရည်တူ မေတ္တာထားနိုင်သော ဘုရားရှင်၏ အနှိုင်းမဲ့မေတ္တာစိတ်၊ မဟာကရုဏာစိတ်ကို နက်ရှိုင်းစွာ သဘောပေါက်မိရသည်။
    တကယ်တော့ လူဖြစ်စေ၊ တိရစ္ဆာန်ဖြစ်စေ၊ မိခင်မေတ္တာစိတ်ဆိုသော သဘောသဘာဝမှာ မယုတ်မလျော့ အတူတူသာဖြစ်ပါသည်။
    သည့်နောက် အရာမှန်သမျှ အကြောင်းကိစ္စမှန်သမျှတွင် ထားရှိရမည့် စိတ်သဘောထားတို့တွင် အမြဲတစေ “မေတ္တာနှင့်ယှဉ်သောစိတ်” ရှိနေဖို့ ကျွန်တော်ကိုယ် ကျွန်တော် ကြီးစွာ သတိထားရပါဦးမည်။
    တစ်နည်းအားဖြင့် ဤဖြစ်စဉ် ဖြစ်ရပ်တွင် ကျွန်တော်ပါဝင် ပတ်သက်မှုနှင့် ကျွန်တော့်စိတ်ကို လွှမ်းမိုးစေခဲ့သော ခွေးမကြီး၏ စကားလုံးမဲ့ အသံရှည်ရှည်ကြီးသည် “မေတ္တာ”နှင့် ပတ်သက်၍ ကျွန်တော့်အတွက် ကြီးစွာသော ဓမ္မသင်ခန်းစာ ရရှိစေခဲ့သည်ဟု ကျွန်တော် နှလုံးသွင်း ဆင်ခြင်နေမိပါတော့သည်။

(မြသန်းစံ ၏ လာခြင်းကောင်းသောဧည့်သည် စာစု မှ)

No comments: