Pages

Friday, May 11, 2012

အနေကန် (၉)ပါး နှင့် ဧကန် (၉)ပါး

    ပထ၀ီ, အာပေါ, တေဇော, ၀ါယော, ၀ဏ္ဏ, ဂန္ဓ, ရသာ, သြဇာ ဟုဆိုအပ်သော အ၀ိနိဗ္ဘောဂ ရုပ်(၈)ပါး။
    အာကာသ ပရိစ္ဆေဒရုပ် (၁)ပါး။
    ပေါင်း = ဤ(၉)ပါးသည် အနေကန်ရုပ် ကိုးပါးခေါ်ဆိုရ၏။ “နဧကံ အနေကံ” ဟူသည့် ၀စနတ္တ အရ၊ ဧကံ၊ တစ်ခုတည်းသော အကြောင်းသည်။ န, မဟုတ်။ အနေကံ၊ တစ်ခုတည်းသော အကြောင်းသည် မဟုတ်။
    အနေကန်ရုပ်ကိုးပါးသည် ကံ, စိတ်, ဥတု, အာဟာရ တည်းဟူသော စတုသမုဋ္ဌာနိက ရုပ်လေးပါးတွင် တစ်ပါးပါးဖြင့် ဖြစ်တတ်သောကြောင့် အနေကန်ရုပ်ဟု ခေါ်ဆိုခြင်းဖြစ်၏။
    စက္ခုပသာဒ၊ သောတပသာဒ၊ ဃာနပသာဒ၊ ဇိဝှာပသာဒ၊ ကာယပသာဒ ဟုဆိုအပ်သော ပသာဒရုပ် (၅)ပါး။
    ယောက်ျား ဟု သိကြောင်းဖြစ်သော ပုမ္ဘာဝရုပ် (၁)ပါး။
    မိန်းမဟု သိကြောင်းဖြစ်သော ဣတ္ထိဘာဝရုပ် (၁)ပါး။
    အသက်ကို မပျက်စီးအောင် စောင့်စည်းတတ်သော ဇီဝိတရုပ် (၁)ပါး။
    ဟဒယ ၀တ္ထုရုပ် (၁)ပါး။
    ပေါင်း = ဤ (၉)ပါးသော ရုပ်တို့သည် ဧကန်ရုပ်များဖြစ်၏။ ထိုဧကန်ရုပ်ကိုးပါးသည် အတိတ်ကံ တစ်ပါးတည်းကြောင့် ဖြစ်ပေါ်ရရှိသော ရုပ်တရားများ ဖြစ်သောကြောင့် ဧကန်ရုပ်ဟု ခေါ်ဆိုခြင်းဖြစ်၏။
    အနေကန်ရုပ်(၉)ပါးနှင့် ဧကန်ရုပ်(၉)ပါး ပေါင်းသော် ရုပ်(၁၈)ပါးဖြစ်၏။ ထို (၁၈)ပါးသော ရုပ်တရားများသည် ဇာတိဟု ဆိုအပ်သော ပဋိသန္ဓေဥပါဒ်ခဏ၌ တစ်ပြိုင်နက် ဖြစ်ပေါ်လာကြ၏။
    ထို (၁၈)ပါးသော ရုပ်တရားများကို သမ္မသနရုပ်ဟု ခေါ်သည်။ သ, လက္ခဏာ ရုပ်လည်းခေါ်သည်။
    သမ္မသနရုပ်ခေါ်ခြင်းမှာ မဂ်ဉာဏ်ဖိုလ်ဉာဏ် အကျိုးငှာ၊ ထို (၁၈)ပါးသော ရုပ်တရားများကို ၀ိပဿနာဉာဏ် (၁၀)ပါးဖြင့် ပွားများရာဖြစ်သောကြောင့် သမ္မသနရုပ်ဟု ခေါ်ဆိုခြင်းဖြစ်သည်။
    သ, လက္ခဏာရုပ်ခေါ်ခြင်းမှာ ထို (၁၈)ပါးသော ရုပ်တရားများကို အနိစ္စ အစရှိသော လက္ခဏာယာဉ်သုံးပါးဖြင့် ပွားများ အားထုတ်ရာဖြစ်သောကြောင့် သ, လက္ခဏာရုပ်ဟု ခေါ်ခြင်းဖြစ်၏။
    ဘုရားရှင်ကိုယ်တော်မြတ်ဟောကြားအပ်သော ရုပ်တရား (၂၈)ပါးတွင် ဆိုအပ်ခဲ့သော ရုပ်(၁၈)ပါးသည်သာလျှင် ၀ိပဿနာ အရာ၌ ပဓာန ကျ၏။ ထို့ကြောင့် အဆိုပါ (၁၈)ပါးသော ရုပ်တရားများကို ပြတ်သားရန် အထူးလိုအပ်ပေ၏။
    ထို (၁၈)ပါးအား သာလျှင် မှီ၍ဖြစ်ရသော -
၁။    ကာယ၀ိညတ် = ကိုယ်အမူအရာ
၂။    ၀စီဝိညတ် = နှုတ်အမူအရာ
၃။    သဒ္ဒရုပ် = ဥတုနှင့် စိတ်တို့ကြောင့်ဖြစ်သောအသံရုပ်
၎။    လဟုတာ = ပေါ့ပါးသောရုပ်
၅။    မုဒုတာ = နူးညံ့သောရုပ်
၆။    ကမ္မညတာ = အမှု၌ခန့်အပ်သောရုပ်
၇။    ဥပစယ = (၁၈)ပါးသောရုပ်တရားတို့၏ဖြစ်စ
၈။    သန္တတိ =  (၁၈)ပါးသောရုပ်တရားတို့၏ ဖြစ်စဉ်
၉။    ဇရတာ =  (၁၈)ပါးသောရုပ်တရားတို့၏ ရင့်ရော်ခြင်း
၁၀။    အ နိစ္စတာ =  (၁၈)ပါးသောရုပ်တရားတို့၏ ပျက်စီးခြင်း
    ဤ (၁၀)ပါးသော ရုပ်တရားများသည်ကား အမူအရာ ဗျာပါရမျှသာဖြစ်၍ ၀ိပဿနာအရာ၌ အဓိကအရေးကြီးသော ရုပ်များ မဟုတ်ကုန်၊ ၎င်းရုပ်များ မသိငြားလည်း တာဝန်မရှိလှ။
    ထို့ကြောင့် မဂ်ဉာဏ်ဖိုလ်ဉာဏ် အမှန်ရစေနိုင်သော (၁၈)ပါးသော ရုပ်တရားများအား သာလျှင် ပိုင်းခြားပြတ်သားစွာ တတ်သိ လိမ္မာစေပြီး နှလုံးသွင်း ပွားများရာ၏။
    (၁၈)ပါးသော ရုပ်တရားတို့၌ အတုံး, အလုံး, အခဲ, အထည်ဒြပ်သဏ္ဍာန်ကင်းဆိတ်သည် အဖြစ်ဖြင့် ပညတ်လွတ်ကင်း သန့်ရှင်းသော ၀ိပဿနာဉာဏ် အမြင်မှန်အဖြစ်ဖြင့် ပရမတ်ပေါ်တည့်တည့် ဆိုက်သည်ဖြစ်က “ရူပ ပရိစ္ဆေဒ” ဉာဏ်ကို ရသည်မည်၏။ ထိုဉာဏ်သည် မဂ်ဖိုလ်စခန်းလှမ်းရာ၌ ဉာဏ်လေးဆူရှိသည့်အနက် ရှေးဦးမဆွ ပထမဆုံးသော ဉာဏ်ဖြစ်သည်။
    ရူပ ပရိစ္ဆေဒဉာဏ်လျှင် ဘုရားရှင်ကိုယ်တော်မြတ်၏ သာသနာအတွင်းလူဟု ခေါ်ဆိုအပ်သော “သာသနိက” ပုဂ္ဂိုလ်မည်၏။ ဘုရားရှင်၏ရင်နှစ်သည်းချာ သားရတနာ သမီးရတနာ အဖြစ်သို့ စာရင်းဝင်၏။ မဂ်ဉာဏ် ဖိုလ်ဉာဏ် ရကြောင်း အကျင့်ကောင်း၌ တည်သည်၏အဖြစ်ကြောင့် “မဂ္ဂပဋိပ္ပန္န” ပုဂ္ဂိုလ်ဟုလည်း ခေါ်ဆိုရ၏။
    ဤသို့ အဖိုးမဖြတ်နိုင်သော အကျိုးအမြတ်များသည်ကား ဘုရားရှင်ကိုယ်တော်မြတ်၏ သာသနာ အစစ်တည်းဟူသော ရုပ်, နာမ် တရားတို့၌ ပရမတ်အမြင် ရှိကုန်သူတို့၌သာလျှင် ရနိုင်ကောင်းပါ၏။ ပရမတ်အမြင် ရရှိနိုင်ကြပါစေ။

ပခုက္ကူ ၀ိပဿနာသင်တန်း အရည်စစ်စာတမ်းမှ

No comments: