မိလိန္ဒမင်းကြီးက ရှင်နာဂသိန်ကို၊ “အနိစ္စ, ဒုက္ခ, အနတ္တ ဆိုတဲ့တရားကို ဘယ်လိုများ ၀ိပဿနာ ရှုရပါသလဲ”လို့ မေးလျှောက်တယ်။ ရှင်နာဂသိန်က ဒီလိုပြောလိုက်တယ်။ မင်းကြီး၊ ကျား, ခြင်္သေ့, သစ်တို့ဟာ သားသမင်တွေကို ဖမ်းတဲ့အခါ သူတို့ပြေးရာကို လိုက်ဖမ်းလို့ အလွယ်တကူ မရဘူး။ စောင့်ဖမ်းမှ ချောင်းဖမ်းမှ အလွယ်တကူနဲ့ ရနိုင်တယ်။ အဲဒီလိုပဲ ယောဂီပုဂ္ဂိုလ်ဟာ ပေါ်လာတဲ့ အာရုံတွေနောက်ကို လိုက်မနေရဘူး။ ပေါ်လာတာကလေးကို အနိစ္စ၊ ဒုက္ခ၊ အနတ္တ မိအောင် စောင့်ပြီးကြည့်ရမယ်။ စိတ်ပေါ်တိုင်း ဖြစ်ပျက်ကိုသာရှုပါ။ စိတ်ပြေးတိုင်း လိုက်ဖမ်းနေဖို့မလိုဘူး။ စောင့်ပြီး ပေါ်တာကို ကြည့်၊ ဖြစ်ပျက်ကိုသာ ရှုပါ။ သတိကလေးနဲ့ ချောင်းပြီးဖမ်းရမယ်လို့ ဟောလိုက်တယ်။ အဲဒီတော့ ခင်ဗျားတို့ သန္တာန်မှာ နာမ်တရားပေါ်ပေါ်, ရုပ်တရားပေါ်ပေါ်, ဝေဒနာပေါ်ပေါ် ပေါ်တာကို ချောင်းဖမ်းပေတော့။ ဒါကြောင့် ယောဂီများဟာ အောင်းလဲအောင်း ချောင်းလဲချောင်း ဆိုတဲ့ စကားလို မိမိတို့အိမ်မှာပဲဖြစ်ဖြစ် ဆိတ်ငြိမ်တဲ့နေရာ ဆိတ်ငြိမ်တဲ့ အချိန်ကို ရွေးချယ်ပြီး အားထုတ်ပါ။ ဆိတ်ငြိမ်တဲ့နေရာကတော့ တောပါပဲ။ ဒီလို ဆိတ်ငြိမ်တဲ့နေရာမှာနေပြီး သားကောင်နဲ့တူတဲ့ စိတ်အမျိုးမျိုးပေါ်လာတာကိုမိအောင် သတိနဲ့ စောင့်ပြီး မိအောင်ဖမ်းပါ။
အဲဒီတော့ ၀ိပဿနာအားထုတ်တဲ့နေရာမှာ “ပုန်းအောင်းမှုနဲ့ ချောင်းမြောင်းမှု” ဒီ ၂-ခုကို စွဲကိုင်ထားပါ။ ပုန်းအောင်မှုအတွက် ဆိတ်ငြိမ်ရာကိုရှာပါ။ ထိုင်ပါ၊ ထိုင်ပြီးတော့ သတိ၊ သမာဓိနဲ့ ချောင်းမြောင်းပြီး ပေါ်လာတာဟူသမျှကို ပညာနဲ့မိအောင်ဖြစ်ပျက်ရှုပါ။ ဒီတော့ဆိတ်ငြိမ်တဲ့နေရာမှာ အောင်းပြီးပေါ်လာတဲ့ရုပ်နာမ် (သားကောင်)ကို သတိသမာဓိနဲ့ ချောင်းပြီး ပညာနဲ့ အနိစ္စ၊ ဒုက္ခ၊ အနတ္တ မိအောင်ဖမ်းပါ။ ရှုတဲ့အခါမှာ ပထ၀ီ၊ အာပေါ၊ တေဇော၊ ၀ါယော၊ အာကာသ၊ ၀ိညာဏဆိုတဲ့ ဓါတ် ၆-ပါးကို ရှုနိုင်တယ်။ ဓာတ်ဆိုတာ သူ့သဘောနဲ့ သူဆောင်ပြီး ဖြစ်ပျက်နေကြတာပဲ။ ဒီ ဓာတ်တွေ ဖြစ်ပျက် နေကြတာကို သိလိုက်ရင် ၀ိပဿနာဉာဏ်က မဂ်ဉာဏ်ကို ရနိုင်တယ်။ ဒုက္ခသစ္စာကို တကယ်မြင်ရင် နိဗ္ဗာန်ရတော့တာပဲ။ ဒါကြောင့် ဓာတ် ၆-ပါးကို ရှုကြပါ။ ၀ိညာဏဓာတ်ဆိုတဲ့ စိတ်ပေါ်တိုင်းဖြစ်ပျက်ရှုပါ။ ဓာတ် ၆-ပါးကို ကြိုက်ရာရှုပါ။ သို့မဟုတ် ဝေဒနာ တွေကိုလဲ ပေါ်ရာရှုပါ။ ဒါမှမဟုတ် မျက်လုံးနဲ့ အဆင်း၊ နားနဲ့အသံ၊ လျှာနဲ့ အရသာ၊ ကိုယ်နဲ့ အထိအတွေ့၊ စိတ်နဲ့ အာရုံတွေ့တာ တွေဟာ ဖဿ ပေါ်တာပဲ။ ဒီ ဖဿဟာ အကြောင်းတိုက်ဆိုင်လို့ ပေါ်လာပြီး ချုပ်ပျောက်သွားတာပဲလို့ သိနေပါ။
ဒီလိုသိလိုက်တော့၊ သြော်.... “ဒီ တရားတွေဟာ သူ့အကြောင်းနဲ့သူ။ သူ့သဘောနဲ့သူ ဖြစ်ပေါ်ပြီး ပျောက်ပျက်သွားပါကလား၊ အစိုးမရတဲ့ အနတ္တတရားတွေပါကလား” ဆိုတာသိတော့ အနတ္တဉာဏ် ရလာတော့တာပဲ။ အနတ္တဉာဏ်ရရင် နိဗ္ဗာန်ရောက်တော့တာပဲ၊ ဥပမာ- ခန္ဓာကိုယ်မှာ ဝေဒနာပေါ်တယ်။ ဒီဝေဒနာဟာ သူ့သဘောနဲ့သူ၊ အကြောင်းတိုက်ဆိုင်လို့ ပေါ်လာတာပဲ။ ဖြစ်ပြီးပျက်သွားတာပဲလို့ သိပေးပါ။ ဒီလို ဝေဒနာသဘောကို မသိပဲ ငါနာတယ်၊ ငါဖျားတယ်လို့ ငါစွဲ စွဲနေရင် တဏှာလိုက်နေမယ်။ တဏှာလိုက်ရင် ဥပါဒါန်၊ ကံတွေလိုက်ပြီး သံသရာလည်တော့တာပဲ၊ ဒီတော့ ဝေဒနာပေါ်တိုင်း ဖြစ်ပျက်ရှု၊ သူ့သဘောအတိုင်း အကြောင်းတိုက်ဆိုင်လို့ ပေါ်လာတာပဲ။ ဒါ “ဓာတ်သဘောပဲ၊ ငါမဟုတ်ဘူး၊ ငါနဲ့ မဆိုင်ဘူးလို့” သိရင် ဝေဒနာ နောက်က တဏှာမလိုက်တော့ဘူး။ တဏှာချုပ်သွားတယ်။ တဏှာချုပ်ရင် ဥပါဒါန်၊ ကံတွေချုပ်တော့၊ နိဗ္ဗာန်ရောက်တော့တာပဲ၊ ဒီတော့ ဝေဒနာနောက်က တဏှာမလိုက်အောင် ဝေဒနာကို ဖြစ်ပျက်ရှု၊ ဝေဒနာ ဖြစ်ပျက်မြင်ရင် တဏှာချုပ်တယ်။ အဲ...... တဏှာချုပ်ရင် နိဗ္ဗာန်ရတာပဲ။
မိုးကုတ်ဆရာတော်ဘုရားကြီး၏ သြ၀ါဒတရားများမှ
(၁၃၁၇-ခု၊ တော်သလင်းလပြည့်နေ့၌ ဟောကြားသည်)
No comments:
Post a Comment