Pages

Thursday, May 10, 2012

တဏှာ သမုဒယ၏ အကောက်သွားပုံ

    မဂ္ဂသစ္စာမှာ ဟေတွဋ္ဌသဘောရှိတယ်။ ဟေတွဋ္ဌဆိုတာ နိဗ္ဗာန်သို့ မကွေ့မထောက် ဖြောင့်ဖြောင့်သွားတဲ့ ခရီးမှန် ခရီးဖြောင့်လို့ အဓိပ္ပာယ်ရှိတယ်။ မဂ်တရားဟာ မအိုမသေ အမြဲနေတဲ့ နိဗ္ဗာန်သို့ ...... မကွေ့မထောက် ဖြောင့်ဖြောင့်သွားတဲ့တရားပဲ။ တဏှာသမုဒယလမ်းကတော့ ခရီးမှားခရီးကောက်ဖြစ်တယ်။ ဘယ်လောက်မှား၍ ဘယ်လောက်ကောက်သလဲဆိုရင် အအိုရောက်အောင်မှားတယ်။ ကောက်တယ်။ အနာရောက်အောင်မှားတယ်။ ကောက်တယ်။ အသေရောက်အောင်မှားတယ်။ ကောက်တယ်။ ခရီးမှန်ခရီးဖြောင့်ကို ပြောမယ်ဆိုရင် ခရီးမှားခရီးကောက်ကို ရှေးဦးစွာသိမှ ခရီးမှန်ခရီးဖြောင့်ကိုမြင်မယ်။
    ဒီတော့ တဏှာ=သမုဒယခရီးဟာ မမှန်ဆုံး မဖြောင့်ဆုံး အကောက်ဆုံးပဲ။ တဏှာ=သမုဒယက ဘယ်လောက်ကောက်ကျစ်သလဲဆိုရင် ဒီနေရာနဲ့ဒီခြံ၊ ဒီမှာမွေး၊ ဒီမှာနေဆိုပြီး ထွက်ရပ်လမ်းမရှိအောင် ပိတ်ပင်ဆီးတား ကန့်ကွက်ထားလိုက်တယ်။ ၃၁-ဘုံမှာဖြင့် ခင်ဗျားတို့ဟာ ကိုယ့်အိမ်၊ ကိုယ့်ယာနဲ့ပဲ ပျော်ကြတယ်။ သူများအိမ်မှာ မပျော်ကြဘူး၊ ကိုယ့်အိမ် ကိုယ့်ယာ ကိုယ်အားထုတ်ပြီးတော့၊ မရှိ ရှိတဲ့ငွေနဲ့ ကြံဖန်ဆောက်ပြီး နည်းအမျိုးမျိုးနဲ့ခြယ်သပြီး နေကြတယ်။ ဒါကို ထောက်လိုက်တော့ ဒီနေရာဟာ မင်းမှာ စိတ်ချမ်းသာ ကိုယ်ချမ်းသာဖြစ်တဲ့ နေရာဆိုပြီး တဏှာက ချော့ထားလိုက်တယ်။ စိတ်ချမ်းသာ ကိုယ်ချမ်းသာတွေဟာ ဖြစ်ပြီးပျက်သောကြောင့် ဒုက္ခသစ္စာပဲ။ အဲဒီဒုက္ခကိုပင်လျှင် ခင်ဗျားတို့မှာ ကိုယ့်အိမ် ကိုယ့်ယာနေရတော့ စိတ်ချမ်းသာ ကိုယ်ချမ်းသာရှိတယ်လို့ သမုဒယကချော့ထားတယ်။ ကိုယ့်အလုပ်ကိုယ့်ရာထူးကလေးနဲ့ ကျေနပ်ပြီး မစွန့်နိုင်တာ ဒီထက် ရာထူး တိုးတက်ချင်တာတွေကလဲ သမုဒယက ကောက်ကျစ်ထားတာပဲ။
    ဒါဒုက္ခသိမ်းတဲ့အလုပ်လား၊ ဒုက္ခပွားတဲ့အလုပ်လားဆိုတော့ ဒုက္ခပွားတဲ့အလုပ်ပဲ။ ဒုက္ခပွားတဲ့အလုပ်ကိုပင် သမုဒယသစ္စာက ဒီဂုဏ်ထူးရာထူးနဲ့ဆိုရင် လောကကြီးမှာ နိဗ္ဗာန်ပေါ့ကွာ။ မင်း အင်မတန်အကြောင်းညီညွတ် နေတာပဲဆိုပြီး ဒီဒုက္ခသစ္စာထဲက မထွက်နိုင်အောင် ပိုပြီးဒုက္ခရောက်တာကိုပင် ကြိုက်နေအောင် ချော့ပြီးထားတာဟာ ဘယ်သူတုံး။ သမုဒယသစ္စာပဲ။ ကောက်ကျစ်လိုက်တာကတော့ ခင်ဗျားတို့ ထွက်ခွင့်ကို မရဘူးမဟုတ်လား။ အိမ်ထောင်ကျတယ်ဆိုရင်ပဲ ယောက်ျားလုပ်တဲ့လူက ဇနီး၏ဒုက္ခကို သူကိုယ်တိုင်ထမ်းရတော့မယ် ဆိုတာကိုပင်၊ ဒါဟာဆင်းရဲဖို့မဟုတ်ဘူး ချမ်းသာဖို့အတွက် အကူအညီရတာ။ လက်ဆေးပြီးထမင်းစားလိုက်ရုံ ဖန်တီးပေးတာလို့ ခင်ဗျားတို့ကို လှည့်ပတ်ပြောတာလဲ သမုဒယသစ္စာပဲ။ ဟင် ...စင်စစ်တော့ ရှာရဖွေရတာက အရင်လူပျိုတုန်းက တစ်ယောက်တည်းစာ၊ အခုအိမ်ထောင်ကျတော့ နှစ်ယောက်စာဆိုတော့ ရှာဖွေနေရာမှာ ဒုက္ခတိုးတာအမှန်ပဲ။ ဒါပေမယ့် သမုဒယသစ္စာက မင်းအရင်တုန်းကဆို ဟိုဆိုင်စားရ၊ ဒီဆိုင်စားရနဲ့ ဒုက္ခရောက်ရတယ်။ အခုတော့ မင်းဣနြေ္ဒရရနဲ့(ဇိမ်ကျကျနဲ့) စားရလို့ ချမ်းသာပါပေါ့လားဆိုပြီး ခုနင်က ရုန်းထားတာတွေ အကုန်ပျောက်အောင် တခါတည်းချော့ထားလိုက်တယ်။ ဒါပေမယ့် စဉ်းစားကြည့်စမ်း၊ အရင်ကထက်ပိုပြီး ချမ်းသာသွားသလား၊ ဆင်းရဲသွားသလား၊ အရင်ကထက်ပိုရှာရတော့ တိုးပြီးဆင်းရဲသွားတာအမှန်ပဲ။
    ခင်ဗျားတို့ အိမ်စုတ်တဲကုပ်နဲ့ နေရတာတောင် သူက ကိုယ်အိမ်ကို ရွှေအိမ်ရွှေနန်းကြီးထင်အောင်၊ မာနတက်အောင် လုပ်လိုက်သေးတယ်။ သူကချော့ထားတော့ ခင်ဗျားတို့ကလဲ ရွှေအိမ်ရွှေနန်းကြီးလို့ကို စိတ်ထဲမှာ ထင်ကြတယ်။ အင်း ..... သေခြင်းသေလဲ ဒီအိမ်မှာ သေပါရစေတော့၊ နေခြင်းနေလဲ ဒီအိမ်မှာနေပါရစေတော့၊ နောင်ဘ၀ပြန်ဖြစ်တောင်မှ ဒီမှာဖြစ်ပါရစေဆိုတော့၊ ဒီနေရာပဲကျေနပ်နေကြတယ် မဟုတ်လား၊ တကယ်တော့ ဒီနေရာမှ အကြီးအကျယ်ဒုက္ခပေးတဲ့နေရာ၊ သူများအိမ်သွားရင် တံမြက်စီးမလှည်းရဘူး။ အညစ်အကြေးတွေ မသုတ်သင်ရဘူး။ ကိုယ့်အိမ်မှာတော့ တံမြက်လှည်း အမှိုက်ကျုံး၊ အိမ်သာဆေးစသည်တွေကို မနားမနေလုပ်ရတယ်။ ဒီဒုက္ခရောက်မယ့် နေရာကို ရွှေအိမ်ရွှေနန်းထင်အောင် ဘယ်သူလုပ်တာတုံး၊ သမုဒယသစ္စာ။ မင်းဟာလေနဲ့မင်းကွာ ကြက်လိုပဲ ချီးကျရာ ပျော်ကွလို့ရောက်ရာဘ၀ ရောက်ရာအရပ်မှာ ပျော်နေအောင်ချော့ထားတာလဲ သမုဒယသစ္စာပဲ။
    ခင်ဗျားတို့ တစ်သံသရာလုံး သူ့နေရာနှင့်သူ မထွက်ဖြစ်အောင်၊ ဒီနေရာကသွား၊ ဒီနေရာမှာနေပြီး အပါယ်လေးပါးသွား၊ နတ်ရွာသုဂတိသွားလို့ ရောက်ရာမှာ လောင်တိုက်ရှိတဲ့နေရာမှာနေပြီး ထိုနေရာကိုပင် ရွှေအိမ်ရွှေနန်းထင်အောင် သူကချော့မော့ထားတယ်။ ချော့ထားတော့ ခင်ဗျားတို့မှာ ဘုရားဖူးသွားမှာလည်း ဒီရွှေအိမ်ရွှေနန်းကို ပစ်ထားခဲ့ရမှာ ခက်တာနဲ့ မသွားဖြစ်ဘူး။ တရားနာသွားလဲ မသွားဖြစ်ဘူး။ ကိုယ့်ရွှေအိမ်ရွှေနန်း လူလုကုန်မှာစိုးလို့ စိတ်မချတာနဲ့ မသွားဖြစ်တော့၊ ဘုရားပွင့်တာတောင်မှ ရွှေအိမ်ရွှေနန်းခင်လို့ ဘုရားကျောင်းမရောက်ကြတာတွေ တစ်ပုံကြီးရှိတယ်။ ဘယ်သူကနှိပ်စက်တာလဲ၊ သမုဒယက။ သူက ဘယ်လိုများပြောထားတုံး။ မင်းတို့နေတာဟာ မင်းတို့အကျိုးပေးနဲ့မင်းတို့ သိပ်နေရာကျတာပဲ။ ရှာမှရှား၊ မင်းတို့အဆင့်အတန်းနဲ့ မင်းတို့ကြည့်မယ်ဆို ဘယ်လောက်များ ကျက်သရေမင်္ဂလာရှိသတုံးတဲ့။ ခင်ဗျားတို့ ကိုယ့်အိမ်ကို ရွှေအိမ်ရွှေနန်းထင်လို့ စိတ်မချပြီး မစွန့်နိုင်တာနဲ့ ဘုရားဖူး တရားနာမသွားဖြစ်တာ။ သမုဒယက ဒီလိုချော့ထားပြီး နိဗ္ဗာန်ရောက်မယ့်လမ်းကို မသွားဖြစ်အောင် ကန့်ကွက်ထားတယ်။
    ဒါတွေဟာ သမုဒယရဲ့ ကောက်ကျစ်ထားပုံတွေနော်၊ လူတွေ စုတိနဲ့ ပဋိသန္ဓေ စပ်ပြီးနေတာဟာ သူ့အကြိုက်ပဲ။ လွတ်ထွက်သွားမှာကျတော့ သူက သဘောမတူဘူး။ ဒါဖြင့် အကောင်းဟူသရွေ့ သူကသဘောမတူဘူး၊ အဆိုးဟူသရွေ့တော့ သူက လုပ်ပေးလိမ့်မယ်။ လောကီအလုပ် လုပ်ချင်တာဟူသရွေ့တော့ သူ အားပေးတယ်။ လောကုတ္တရာမဂ်အလုပ်ကျရင် အကြောင်းပြပြီး ကန့်ကွက်တယ်။ ဒါ သမုဒယရဲ့သတ္တိ၊ ဒီတော့ ထွက်ရပ်လမ်းဟူသရွေ့ကို သူက ကန့်ကွက်တယ်။ မြုပ်လမ်း မျောလမ်း ဟူသရွေ့တော့ သူကအားပေးတယ်။ အခု ဘုန်းကြီးက ဖေါ်ပြောတော့မှ သူကိုး သူကိုးလို့ လက်ညှိုးထိုးဖော် ရလာတယ်။ မင်းနဲ့ ငါ သေခန်းရှင်ခန်း ဖြတ်ကြစို့ဆိုတော့၊ ခင်ဗျားတို့က ပါးစပ်ကို မဟရဲဘူး။ ဘာပြုလို့ ခင်ဗျားတို့က ငယ်ကြောက်ဖြစ်နေလို့။ သူက ဒီအတိုင်းသွားဆိုရင် ခင်ဗျားတို့က ဆိုက်ဆိုက်သွားတာပဲ၊ သူက ပြန်ခဲ့ဆိုရင်လဲ ဆိုက်ဆိုက်လာတာပဲဆိုတော့ ဒါ ငယ်ကြောက်ဖြစ်နေလို့ပေါ့။ ဘုရားဟောထားတာလေး ပြောပြဦးမယ်။

မျောက်နှဲစေး
    မျောက်သားစားလိုတဲ့ မုဆိုးက မျောက်ထောင်တဲ့ ညောင်စေးတွေ ဘာတွေချက်ပြီး သစ်ကိုင်းပေါ်မှာ သုတ်လိမ်းပြီးချထားတယ် (ဒီအစေးကို မျောက်နှဲစေးလို့ခေါ်တယ်။) မျောက်က ဒီသစ်ကိုင်းပေါ်မှာ လျှောက်ပြီးလာတယ်၊ လာတော့ ညာဘက်လက်နဲ့ ညောင်စေးကိုင်မိတဲ့အခါ ညာဘက်လက်ခွာမရအောင် ကပ်ငြိသွားတယ်။ တစ်ခါ ဘယ်လက်တွန်းပြီး ခွာပြန်တာ့ ဘယ်လက်ပါငြိတာပဲ။ နောက် ...... ညာခြေနဲ့ကန်ပြီးရုန်းပြန်တော့ ဒီအတိုင်းပဲကပ်နေတာပဲ။ တစ်ခါ ဘယ်ခြေနဲ့ကန်ရုန်းပြန်တော့လဲ ကပ်သွားတာပဲ။ နောက် ....သူက ခေါင်းနဲ့ အားပြုပြန်တော့ ခေါင်းပါကပ်သွားတယ်။ ဒီတော့ မျောက်ဟာ ခြေလက်ခေါင်း ၅-ခုစလုံး တွဲနေတာနဲ့ မှီရာ တည်ရာမရှိတော့ဘူး။ မရှိတော့ တစ်ခါတည်းအောက်ကျတာပဲ။ ကျတော့ မုဆိုးကလုပ်ချင်သလို လုပ်ရုံပဲရှိတော့တယ်။

ခန္ဓာနဲ့ တဏှာ
    ထို့အတူပဲ သမုဒယသစ္စာဆိုတဲ့ တဏှာတရားဟာလဲ ခင်ဗျားတို့ ခန္ဓာငါးပါးစလုံးမှာရှိတယ်။ ဒီ ခန္ဓာငါးပါးဟာ အစေးထောင်ထားတဲ့ နေရာချည်းပဲ။ ရူပက္ခန္ဓာကြည်လိုက်ပြန်လဲ အင်း..... သူဝဖို့ လှဖို့ကိုပဲ ကျွေးရမှာဆိုတော့ ဒါ ကိုယ့်ကိုယ်လို့မှတ်ပြီး သူတို့နဲ့လဲခင်နေတာပဲ။ ခင်တော့ ရူပက္ခန္ဓာကလဲ တဏှာတည်းဟူသောအစေးနဲ့ ကပ်လျက်ပဲရှိတယ်။ ဝေဒနာက္ခန္ဓာနဲ့ဆိုတော့ ခင်ဗျားတို့က ချမ်းသာကို အလိုရှိတယ်မဟုတ်လား၊ အလိုရှိနေတော့ ချမ်းသာကို မစွန့်နိုင်ဘူး။ မစွန့်နိုင်တော့ ချမ်းသာနဲ့ ကပ်ငြိနေတာပေါ့။ သညာက္ခန္ဓာကလဲ ကိုယ်နှစ်သက်တဲ့ ပစ္စည်းတွေကို သေသေချာချာ မှတ်သားထားတယ်။ ဒါကို အရေးတယူပြုတယ်။ အလွန်နှစ်သက်စရာလို့ထင်နေအောင် သူက လုပ်ထားတယ်။ အဲဒီ သညာ=အမှတ်အသားကလေးနဲ့ပဲ တွေးပြီးကျေနပ်နေတယ်။ သညာနဲ့ကပ်နေတာပေါ့။ သင်္ခါရက္ခန္ဓာဆိုတဲ့ စေတနာ။ ၀ိညာဏက္ခန္ဓာဆိုတဲ့ စိတ်ကလေး။ ဒီ စိတ်စေတနာတွေနဲ့လဲ ခင်ဗျားတို့ကပ်နေတာပဲ။ ကျုပ် စိတ်စေတနာမျိုး မြို့ထဲရှောက်ရှာကြည့် မတွေ့ဘူး၊ အထင်မလွဲနဲ့ စသည်ဖြင့် ကိုယ့်ဟာကို အမွှန်းတင်နေတယ်ဆိုတော့ စိတ်စေတနာမှာ ခင်တွယ်ကပ်ငြိနေတာပဲ။ ဒီတော့ ခင်ဗျားတို့ဟာ ဒီခန္ဓာငါးပါးစလုံးမှာ ကပ်ငြိနေတော့ မျောက်လိုဖြစ်နေပြီပေါ့။
    ဒီခန္ဓာငါးပါးနဲ့ ဒီတဏှာ အစေးနဲ့တွဲလျက်ဖြစ်နေတော့၊ ဒီ ခန္ဓာငါးပါး ရုပ်နာမ်ဓမ္မဟာ ဘယ်မှာထွက်ပေါက် ကျွတ်ပေါက်ဆိုတာ ဖြစ်နိုင်တော့မလဲ။ ဒီ ခန္ဓာငါးပါးမှာ တဏှာအစေးပါတယ်။ သုတ်လိမ်းထားတယ်။ ဒီတော့ ခင်ဗျားတို့ ဒီခန္ဓာငါးပါးမှာ ကပ်ငြိနေပြီ ငြိနေပြီပဲ။ အခုကပ်ငြိနေတာက သိပ်ကိစ္စမရှိသေးဘူး။ သေခါနီးကျမှ ပိုဆိုးမယ်။ ငါတော့ဖြင့် မနေလို့ သေရတော့မယ်။ မသေချင်ပဲ သေရတော့မယ်ဆိုတော့ သေခါနီးမှာ လက်ရှိခန္ဓာငါးပါးကို တခါတည်း မခွဲချင်အောင်ကပ်ငြိနေတယ်။ တဏှာနဲ့ကပ်ငြိနေကြတယ်။ ဥပါဒါန်နဲ့ကပ်ငြိနေကြတယ်။ ဒီ ခန္ဓာငါးပါး ဒုက္ခသစ္စာကြီးနဲ့ ခွဲရတော့မယ်ဆိုရင် မျက်ရည်ကြီးငယ်ကျကြတယ်။ ဘုရား ရဟန္တာတွေကျတော့ ဒီ ခန္ဓာဝန်ကြီး ဒုက္ခသစ္စာကြီးကို စွန့်ရတော့မယ်ဆိုရင် ပြုံးကြတယ်။ ခင်ဗျားတို့ကတော့ ငိုကြ ရွဲ့ကြ မဲ့ကြတယ်။ သြော် ..... ခင်ဗျားတို့က တယ်...... ဒုက္ခ သိပ်ကြိုက်ကြတာပဲ။ ယီးတီးယားတား မဟုတ်ဘူးနော် ဒါ သေကြည့်မှ သိမယ်။
    သေကြည့်တော့မှ ဒီ ခန္ဓာငါးပါးကို ဘယ်အထိခင်သတုံးဆိုရင် လုံးဝကို မခွဲပါရစေနဲ့ဆိုတာ လာတာပဲ။ ဒါ တဏှာ အစေးနဲ့ ရုပ်နာမ်ဓမ္မနဲ့ ကပ်နေလို့လာတာ။ ခင်ဗျားတို့ ဒါနဲ့ဒါ ကပ်ငြိပြီး မစွန့်ချင် မခွဲချင်ပဲနဲ့ သေရတယ်ဆိုတော့ ငြိပြီးသေကြတာပဲ။ အဲ ...... ငြိပြီးသေရင် အောက်(ဒုဂ္ဂတိ)ပဲရှိတယ်။ အထက် (သုဂတိ)မပါဘူး။ မျောက်နှဲစေးနဲ့ ကပ်ငြိနေတဲ့ မျောက်ဟာ အောက်ကိုပဲကျတယ်။ အထက်ပျံမတက်ဘူး။ ခင်ဗျားတို့လဲ အပါယ်လေးပါးဆိုတဲ့ အောက်ပဲကျမှာပဲ။ ဒီ ခန္ဓာငါးပါးနဲ့ ငြိနေရင် အောက်ကျမှာပဲ။ ငြိနေတာကိုး။ ငြိတော့ ဘယ်ဟာမှ မရုန်းနိုင်တော့ဘူး။ ဒီတော့ ခန္ဓာငါးပါး ရုပ်နာမ်ဓမ္မနဲ့ တဏှာနဲ့ ကပ်ငြိနေတာက ဖြုတ်လို့ ဖြေလို့ကို မရဘူးနော်။ မရတော့ အောက်လမ်း သွားဖို့ သေချာတာပဲ။ အဲ ဒုက္ခသစ္စာမှန်းသိတဲ့ အရိယာပုဂ္ဂိုလ်တွေကတော့ သြော် ... ဒုက္ခ၀န်ကြီး မထမ်းရတော့ဘူး။ ကျွတ်ပြီလွတ်ပြီဆိုပြီး ပြုံးကြတယ်။ ခင်ဗျားတို့ကတော့ ဒါကြီးနဲ့ခွဲရတော့မယ်ဆို ..... မဲ့ကြတယ်။ မဲ့ရင်းမတ်တတ်နဲ့ သေသွားတာပဲ။ ဒါ သမုဒယ သတ္တိနော်။ ပုထုဇဉ်တွေ သေတာကို သေသေချာချာကြည့်၊ ပြုံးသေသလား၊ မဲ့သေသလား၊ မဲ့ပြီးသေကြတယ်။ ဒီ ဒုက္ခသစ္စာကြီးကို ဒုက္ခသစ္စာမှန်းသိပြီး ခွဲရတာ ၀မ်းသာတဲ့ အခြေအနေရောက်မှ ပြုံးတဲ့ဘက်ဖြစ်မယ်။ နို့မို့ယင် မဲ့သေရွဲ့သေပဲဖြစ်မယ်။
    မျောက်ဟာ ခြေ လက် ခေါင်း ငါးဘက်စလုံး ငြိပြီးသေတော့ အောက်မုဆိုး၏ စားဖတ် ၀ါးဖတ် ဖြစ်ရတယ်။ ဒီမှာလဲ ခင်ဗျားတို့ဟာ ခန္ဓာငါးပါးကို ဒုက္ခသစ္စာမှန်းမသိတော့ ဒါကြီးနဲ့ တဏှာနဲ့ ငြိတွယ်ရင်းမတ်တတ်နဲ့ သေတော့ အောက်ကျရမှာပဲ။ အောက်သွားရမှာပဲ။ ကောင်းပြီ။ အောက်သွားအထက်သွားဆိုတာ ဘယ်ဟာအဓိကလဲဆိုတော့ ဒုက္ခသစ္စာသိမှုနဲ့ မသိမှုဟာ အဓိကပဲ။ ခန္ဓာငါးပါးကို ခင်မှုနဲ့ မခင်မှုဟာ အဓိကပဲ။ ဒုက္ခသစ္စာမသိရင် ခန္ဓာငါးပါးကိုခင်ရင် ဒါ အောက်သွားမှာပဲ။ ဒုက္ခသစ္စာသိရင် ခန္ဓာငါးပါးကိုမခင်ရင် ဒါအထက်သွားမှာပဲ။ အဲ ခင်ဗျားတို့ ခင်တာကတော့ ခန္ဓာငါးပါးကို မကဘူး။ ကိုယ့် ခန္ဓာငါးပါးတင်မကဘူး။ မယားရဲ့ ခန္ဓာငါးပါး၊ သားရဲ့ ခန္ဓာငါးပါး၊ သမီးရဲ့ ခန္ဓာငါးပါး၊ ဆွေမျိုးရဲ့ ခန္ဓာငါးပါးဆိုတော့ အို ..... ရေကို မရေနိုင်အောင်များနေတယ်။ ဒါတွေ အကုန်ငြိနေတော့၊ ငြိချက်က မျောက်ထက်ဆိုးနေတယ်။ မျောက်က ငါးခုဆိုရင် ကုန်ပြီ။ ခင်ဗျားတို့ ငြိချက်က မရေမတွက်နိုင်ဘူး။ (ရီမနေနဲ့ သေခါနီးမှ သိမယ်)
    ဒါ ခင်ဗျားတို့ရဲ့ အဖြစ်ဆိုးတွေ။ ဒါကြောင့် ဘုရားကဟောတယ်။ လူသေရင် အပါယ်လေးပါးဟာ မင်းတို့ အမြဲနေတဲ့အိမ်ကွ။ လူ့ပြည် နတ်ပြည်ဆိုတာ ခဏအလည်လာတာတဲ့။ မဟောသင့်ဘူးလား၊ ဟောသင့်တာပေါ့။ ခင်ဗျားတို့ ခန္ဓာငါးပါးနဲ့ ခင်မှုနဲ့ဟာ ငြိကပ်နေတော့၊ ငြိ - ငြိပြီး အောက်ချည်းကျတာပဲ။ ခန္ဓာငါးပါး၊ အဲ ခန္ဓာတွေ အများကြီးခင်မင်ရက်နဲ့ သေသွားတော့ အကုန်လုံးချည်ပြီး တုပ်ပြီးသား ကျသွားတာပဲ။ တဏှာ=အစေးတွေနဲ့ အကုန်ကပ်ငြိပြီး ကျသွားတာကိုး။ သေတဲ့ လူတွေကြည့်လိုက်တော့ ဒီ အစေးနဲ့ကပ်ငြိပြီး မျောက်ကျ ကျတာချည်း များတယ်၊ (ခွေးကျ ကျတယ်လို့လဲ ဆိုချင်ဆိုပေါ့)။ များဆို အထက်တစ်ယောက်မှ မသွားဘူး။ အောက်ချည်း သွားနေကြတာပဲ။ အောက်ချည်းကျမှာပေါ့။ ငြိတာက မျောက်ထက်များနေ ဆိုးနေတာကိုး။ ပိုဆိုးတော့ ခင်ဗျားတို့မှာ အောက်ကိုလုံးလျက်ကြီး ကျတာပေါ့။ လက်ကလဲ လှမ်းမဆွဲနိုင်တော့ အောက်ကို တောက်လျှောက် ကျသွားတာပဲ။ ဒါ တဏှသမုဒယက တွန်းချတာ။ တဏှာက ဖမ်းပြီးချည်တုပ်ပြီး ချောက်ထဲတွန်းချတော့ ခင်ဗျားတို့(အပါယ်)ချောက်ကြီးထဲ ထိုးကျတာပဲ။ တဏှာသမုဒယဆိုးပုံ ပေါ်ပြီလား။
    ဒါကြောင့် ဘုရားက ၀ိသတ္တိကာလို့ ဟောတယ်။ ၀ိသတ္တိကာဆိုတာ ခန္ဓာငါးပါး ကာမဂုဏ်များ၌ ကပ်ငြိနေတဲ့တဏှာကို ဆိုတာ။ တဏှာလောဘက တွေ့တော့ငြိတာပဲ။ ဒီအိမ်နေလို့ရှိရင် ဒီအိမ်နဲ့ဒီခန္ဓာငြိတာပဲ။ ငြိရာမှာလဲ နေရာမရွေးဘူး။ မရွေးတော့ ဘယ်နေရာရောက်ရောက် သူကငြိတာပဲ။ ငြိတော့ သူက ထွက်ရပ်လမ်းကို အခွင့်မပြုဘူး။ ဘုရားရှေ့သွားပြီးရှိခိုးဆုတောင်းတာကြည့်။ သူခန္ဓာကိုယ်၏ ကျန်းမာမှု ချမ်းသာမှု။ သူ့ ခန္ဓာ၏ နောင်ကောင်းစားမှုတွေပဲ တောင်းတာ။ တောင်းတော့ ဒါ တဏှာနဲ့ကပ်ငြိနေတာပဲ။ တဏှာနဲ့ ကပ်ငြိနေတာကများတယ်။ ဒုက္ခ၀ဋ်မှ ကျွတ်လိုလို့ ဘုရားရှိခိုးတဲ့လူက ရှာမှရှားဗျ။ ကိုယ့်ခန္ဓာကို ဒုက္ခသစ္စာလို့မသိပဲနဲ့၊ မသိလို့ခင်တာနဲ့ ဘုရားဆီသွားပြီး ရှိခိုးတဲ့ပုဂ္ဂိုလ်ကများတယ်။  ဒုက္ခသစ္စာသိပြီး ဒုက္ခ၀ဋ်မှ ကျွတ်လိုတဲ့သဘောနဲ့ ရှိခိုးတဲ့ပုဂ္ဂိုလ်ဟာ ရှာမှရှားမယ်။ ဒုက္ခ၀ဋ်မှ မကျွတ်ချင်ပဲ၊ ဒုက္ခ၀ဋ်နဲ့ နောက်တစ်ဖန်မခွဲဖို့ ရှိခိုးတာကများတယ်။ ဒီတော့ ခင်ဗျားတို့လုပ်ပုံတွေဟာ တဏှာဦးစီးနေတာပဲ။ နေရာတိုင်းမှာ ဒီသမုဒယ-တဏှာပဲ ၀င်ရှုပ်နေတာ။ သူဝင်ရှုပ်တာနဲ့ ခင်ဗျားတို့မှာ ၃၁-ဘုံအတွင်း ၀ဋ်ဆင်းရဲထဲမှာ လှည့်လည်သွားနေရပြီး ဒုက္ခချုပ်ရာ နိဗ္ဗာန်သို့ ဦးမလှည့်ပဲဖြစ်နေတာ။
    ကဲ ..... သမုဒယသစ္စာ၏ အကောက်သွားပုံကို ဟောပြီး မဂ္ဂသစ္စာ၏ အဖြောင့်သွားပုံကို ဆက်လက်၍ ဟောပြောပေးပါ့မယ်။

မိုးကုတ်ဆရာတော်ဘုရားကြီး၏ သစ္စာအနက် ၁၆-ချက် တရားတော်များမှ

No comments: