စေတသိက်ဟူသည် စိတ်ကိုမှီတွယ်၍ စိတ်ကိုခြယ်လှယ်သော သဘောဖြစ်သည်။ စိတ်သည် တစ်စုံတစ်ခုကို သိခြင်းမျှသာဖြစ်၍ စိတ်ချည်းသက်သက်ဖြင့် အကောင်းအဆိုး အမျိုးမျိုး မကွဲပြားသေးချေ။ စေတသိက်အမျိုးမျိုးနှင့် ပေါင်းစပ်ခြယ်လှယ်ခြင်းခံရမှသာ စိတ်သည် အကောင်းအဆိုး အမျိုးမျိုး ကွဲပြားလာရခြင်းဖြစ်သည်။ ရေတွင် ဆေးနီ၊ ဆေးဝါ၊ ဆေးပြာ အရောင်များ ပေါင်းစပ်ခြယ်လှယ်လိုက်လျှင် မူလအရောင် ပျောက်၍ ရေနီ၊ ရေ၀ါ၊ ရေပြာ ပြောင်းလဲသွားသကဲ့သို့ ဖြစ်သည်။
စေတသိက် (၅၂)ပါး
(က) သဗ္ဗစိတ္တသာဓာရဏစေတသိက် (၇)ပါး
၁။ ဖဿ = တွေ့ထိခြင်း။
၂။ ဝေဒနာ = ခံစားခြင်း။
၃။ သညာ = မှတ်သားခြင်း။
၎။ စေတနာ = နိုးဆော်တိုက်တွန်းခြင်း။
၅။ ဧကဂ္ဂ = တည်ကြည်ခြင်း။
၆။ ဇီဝိတိနြေ္ဒ = စောင့်ရှောက်ခြင်း၊ အစိုးရခြင်း။
၇။ မနသိကာရ = နှလုံးသွင်းခြင်း။
စိတ်ဖြင့်တိုင်းပါဝင်သောကြောင့် သဗ္ဗစိတ္တသာဓာရဏစေတသိက်ဟု ခေါ်သည်။
(ခ) ပကိဏ်းစေတသိက် (၆)ပါး
၁။ ၀ိတက္က = ကြံစည်ခြင်း။
၂။ ၀ိစာရ = အထပ်ထပ်သုံးသပ်ခြင်း။
၃။ အဓိမောက္ခ = ဆုံးဖြတ်ခြင်း။
၎။ ၀ီရိယ = အားထုတ်ခြင်း။
၅။ ပီတိ = နှစ်သက်သဘောကျခြင်း။
၆။ ဆန္ဒ = ပြုလိုခြင်း၊ ရလိုခြင်း။
ကောင်းသော စိတ်အချို့၊ မကောင်းသောစိတ်အချို့ နှစ်မျိုးလုံး၌ ပါဝင်သောကြောင့် ပကိဏ်းစေတသိက်ဟု ခေါ်သည်။
သဗ္ဗစိတ္တသာဓာရဏ စေတသိက်(၇)ပါး၊ ပကိဏ်းစေတသိက်(၆)ပါး၊ ပေါင်း ၁၃-ပါးသော စေတသိက်တို့ကို ကောင်းမှု၊ မကောင်းမှု ပြုရာ၌ ပါဝင်သောကြောင့် အညသမာန်း စေတသိက်ဟုခေါ်သည်။
(ဂ) မကောင်းပြုရာ၌ ပါဝင်သော အကုသိုလ်စေတသိက် ၁၄-ပါး
၁။ မောဟ = မသိတတ်ခြင်း။
၂။ အဟိရိက =မရှက်ခြင်း။
၃။ အနောတ္တပ္ပ = မကြောက်လန့်ခြင်း
၎။ ဥဒ္ဒစ္စ = စိတ်ပျံ့လွင့်ခြင်း။
၅။ လောဘ = လိုချင်တပ်မက်ခြင်း။
၆။ ဒိဋ္ဌိ = မှားမှားယွင်းယွင်းသိမြင်ခြင်း။
၇။ မာန = ထောင်လွှားခြင်း။
၈။ ဒေါသ = ကြမ်းတမ်းခြင်း။
၉။ ဣဿာ = ငြူစူခြင်း၊ မနာလိုခြင်း။
၁၀။ မစ္ဆရိယ = သူတစ်ပါးအား မရစေလို ၀န်တိုခြင်း။
၁၁။ ကုက္ကုစ္စ = နောင်တတစ်ဖန် ပူပန်ခြင်း။
၁၂။ ထိန = ထုံထိုင်းခြင်း။
၁၃။ မိဒ္ဓ = မှုံမှိုင်းခြင်း။
၁၄။ ၀ိစိကိစ္ဆာ = ယုံမှားခြင်း
(ဃ) ကောင်းမှုပြုရာ၌ ပါဝင်သော သောဘဏစေတသိက် ၂၅-ပါး
(a) ကောင်းမှုပြုတိုင်းပါဝင်သော သောဘဏသာဓာရဏစေတသိက် ၁၉-ပါး
၁။ သဒ္ဒါ = ယုံကြည်ခြင်း။
၂။ သတိ = အောက်မေ့အမှတ်ရခြင်း။
၃။ ဟိရီ = ရှက်ခြင်း။
၎။ သြတ္တပ္ပ = ကြောက်လန့်ခြင်း။
၅။ အလောဘ = မလိုချင်ခြင်း။
၆။ အဒေါသ = အကြမ်းတမ်းခြင်း။
၇။ တတြမဇ္ဈတ္တတာ = စေတသိက်တို့ကို အညီအမျှထားခြင်း။
၈။ ကာယပဿဒ္ဓိ = စေတသိက်ငြိမ်းချမ်းခြင်း။
၉။ စိတ္တပဿဒ္ဓိ = စိတ်ငြိမ်းချမ်း။
၁၀။ ကာယလဟုတာ = စေတသိက်ပေါ့ပါးခြင်း။
၁၁။ စိတ္တလဟုတာ = စိတ်ပေါ့ပါးခြင်း။
၁၂။ ကာယမုဒုတာ = စေတသိက်နူးညံ့ခြင်း။
၁၃။ စိတ္တမုဒုတာ = စိတ်နူးညံ့ခြင်း။
၁၄။ ကာယကမ္မညတာ = စေတသိက်၏ခံ့ညားခြင်း။
၁၅။ စိတ္တကမ္မညတာ = စိတ်၏ခံ့ညားခြင်း။
၁၆။ ကာယပါဂုညတာ = စေတသိက်တို့ကျန်းမာခြင်း။
၁၇။ စိတ္တပါဂုညတာ = စိတ်ကျန်းမာခြင်း။
၁၈။ ကာယုဇုတာ = စေတသိက်ဖြောင့်မတ်ခြင်း။
၁၉။ စိတ္တုဇုကာ = စိတ်ဖြောင့်မတ်ခြင်း။
ဤစေတသိက် ၁၉-ပါးလုံးကို ကောင်းမှုပြုတိုင်း ပါဝင်သောကြောင့် သောဘဏဓာရဏစေတသိက် ဟုခေါ်သည်။
(b) ၀ိရတီစေတသိက် ၃-ပါး
၁။ သမ္မာဝါစာ = အသက်မွေးမှုမပါဘဲ ၀စီဒုစရိုက် ၄-ပါးမှ ရှောင်ကြဉ်ခြင်း။
၂။ သမ္မာကမ္မန္တ = အသက်မွေးမှုမပါပဲ ကာယဒုစရိုက် ၃-ပါးမှ ရှေင်ကြဉ်ခြင်း။
၃။ သမ္မာအာဇီဝ = အသက်မွေးမှုအတွက် ၀စီဒုစရိုက် (၄)ပါး၊ ကာယဒုစရိုက် (၃)ပါးမှ ရှောင်ကြဉ်ခြင်း။
ဤစေတသိက် (၃)ပါးလုံးကို မကောင်းမှုမှ ရှောင်ကြဉ်သောကြောင့် ၀ိရတီစေတသိက် ဟုခေါ်သည်။
(c) အပ္ပမညာစေတသိက် ၂-ပါး
၁။ ကရုဏာ = ဆင်းရဲဒုက္ခရောက်သူများကို ကယ်တင် ကူညီလိုခြင်း။
၂။ မုဒိတာ = ချမ်းသာသူများကို မြင်ရ ကြားရသောအခါ ၀မ်းမြောက်ခြင်း။
ဤစေတသိက် (၂)ပါးလုံးကို အတိုင်းအတာမရှိသော သတ္တ၀ါများကို အာရုံပြု၍ ဖြစ်သောကြောင့် အပ္ပမညာစေတသိက် ဟု ခေါ်သည်။
(d) ပညာစေတသိက် ၁-ပါး
ပညိနြေ္ဒ = ကောင်းမှု၊ မကောင်းမှုကို အမှန်အတိုင်း ခွဲခြား သိမြင်ခြင်းဖြစ်သည်။
ထင်ရှားသော စေတသိက်များ
စေတနာ
ကောင်းမှု မကောင်းမှုတို့ကို လုပ်ဖြစ်အောင် တိုက်တွန်းခြင်းသဘောသည် စေတနာမည်၏။ စေတနာအားကောင်းလျှင် စိတ်ထက်သန်သည်။ စေတနာအားနည်းလျှင် စိတ်ပျော့ညံ့သည်။ ကောင်းမှု၊ မကောင်းမှု ပြုလုပ်ရာ၌ ပဓာန အကြောင်းတရားဖြစ်၍ စေတနာကို “ကံ”ဟုလည်း ခေါ်သည်။
ဝီရိယ
အားထုတ်ခြင်းသဘောသည် ၀ီရိယ မည်၏။ အလုပ်ကိစ္စဟူသမျှတို့ကို အောင်မြင်အောင် ဆောင်ရွက်ရာ၌ လုံ့လရှိခြင်း၊ မတွန့်မဆုတ်ခြင်းတို့သည် ၀ီရိယပင် ဖြစ်သည်။ ဤစေတသိက်သတ္တိမပါပဲ ကြီးကျယ်သော လုပ်ငန်းဆောင်တာများကို ပြီးဆုံးပြီးမြောက်အောင် မဆောင်ရွက်နိုင်။
ဆန္ဒ
ကောင်း၊ မကောင်း တစ်စုံတစ်ခု ပြလုပ်လိုမှုသည် ဆန္ဒမည်၏။ ဤစေတသိက် သတ္တိမပါပဲနှင့် ကြီးကျယ်သော လုပ်ငန်းကြီးများကို စတင်၍ မဆောင်ရွက်နိုင်။
မောဟ
အမှန်အတိုင်း မသိခြင်း၊ အမှန်ကို အမှား၊ အမှားကို အမှန်ဟု သိခြင်းသဘောသည် မောဟမည်၏။ ကုသိုလ်၊ အကုသိုလ်တို့ကို ခွဲခြား မသိခြင်း၊ ရုပ်, နာမ်တရား၊ သစ္စာတရား စသည်တို့၏ သဘောမှန်ကို မသိခြင်း စသည်သည် မောဟ ဖြစ်သည်။
အဟိရိက
မကောင်းမှု ပြုလုပ်ရန် မရှက်ခြင်းသဘောသည် အဟိရိက မည်၏။ အဟိရိက သဘောထားရှိသူတို့ကား မကောင်းမှု ပြုရဲသည်ကိုပင် ဂုဏ်ယူဖွယ် မှတ်ထင်တတ်ကြလေသည်။
အနောတ္တပ္ပ
မကောင်းမှုပြုလုပ်ရန် မကြောက်လန့်ခြင်းသဘောသည် အနောတ္တပ္ပ မည်၏။ ဆိုးကျိုးများကို ကြောက်ဖွယ်ဟု မမြင်၍ ရဲရဲတင်းတင်း ပြုလုပ်ဝံ့ခြင်းသည် အနောတ္တပ္ပသဘောပင်ဖြစ်သည်။
လောဘ
မိမိအတွက် ကာမဂုဏ်အာရုံတို့ကို လိုချင်တပ်မက်မှုသဘောသည် လောဘမည်၏။ လောဘသည် ရလေ လိုလေ အိုတစ္ဆေ သဘောဖြစ်ပြီး မည်သည့်အခါမျှ ရောင့်ရဲတင်းတိမ်မှုမရှိချေ။ နိဗ္ဗာန်ကို လိုချင်မှု၊ တရားကို လိုချင်မှု၊ စာပေတတ်ချင်မှု၊ ဆင်းရဲသူများကို ပေးကမ်းလိုမှု စသည်တို့ကား လောဘမဟုတ်၊ ဆန္ဒသာဖြစ်သည်။
မာယာ
မိမိမှာရှိသော အပြစ်များကို ဖုံးကွယ်လှည့်စားခြင်းသည် မာယာမည်၏။ မာယာသည် လောဘတစ်မျိုးပင် ဖြစ်သည်။
သာေ႒ယ်
မိမိမှာ မရှိသောဂုဏ်ကို ရှိဟန်ဆောင်တတ်သော သဘောသည် သာဋ္ဌေယျမည်၏။ သာဋ္ဌေယျသည်လည်း လောဘတစ်မျိုးပင် ဖြစ်သည်။
ဒိဋ္ဌိ (မိစ္ဆာဒိဋ္ဌိ)
“ကောင်းမှုလုပ်လည်း ကောင်းမှုမဖြစ်၊ မကောင်းမှုလုပ်လည်း မကောင်းမှုမဖြစ်”ဟု ကံ, ကံ၏ အကျိုးကို မယုံကြည်ခြင်းသည် ဒိဋ္ဌိမည်၏။
ဒေါသ
ခက်ထန်ကြမ်းတမ်းခြင်းသဘောသည် ဒေါသမည်၏။ စိတ်ညစ်နွမ်းမှု၊ စိတ်ပျက်မှု၊ စိတ်မချမ်းသာမှု၊ ကြောက်ရွံ့မှု၊ စိတ်ဆိုးမှု၊ စိတ်ကောက်မှု စသည်တို့သည်လည်း ဒေါသ၏ သဘောဖြစ်သည်။
ဣဿာ
ငြူစူခြင်း၊ မနာလိုခြင်းသဘောသည် ဣဿာ မည်၏။ သူတစ်ပါးလှကြောင်း၊ ဥစ္စာပေါကြောင်း စသော ဂုဏ်သတင်းစကား ပြောကြားလာလျှင် နားမထောင်လိုခြင်း၊ ကဲ့ရဲ့ခြင်း၊ မကျေနပ်ခြင်းသည် ဣဿာသဘောများပင် ဖြစ်သည်။
မစ္ဆရိယ
ဝန်တိုခြင်းသဘောသည် မစ္ဆရိယ မည်၏။ မိမိပစ္စည်းကို ဖြစ်စေ၊ သူတစ်ပါးပစ္စည်းကို ဖြစ်စေ၊ မိမိ ရာထူးစည်းစိမ် အာဏာများကို ဖြစ်စေ အခြားသူတို့အား မရစေလိုသော သဘောသည် မစ္ဆရိယသဘောဖြစ်သည်။
သဒ္ဓါ
ဘုရား၊ တရား၊ သံဃာနှင့် ကံ, ကံ၏ အကျိုးတို့ကို ယုံကြည်ခြင်း သဘောသည် သဒ္ဓါမည်၏။
သတိ
ကုသိုလ်ကောင်းမှုဆိုင်ရာများကို အောက်မေ့ခြင်း၊ အမှတ်ရနေခြင်း သဘောသည် သတိမည်၏။
ဟီရီ၊ သြတ္တပ္ပ
မကောင်းမှုပြုလုပ်ရန် ရှက်ခြင်းသည် ဟိရီမည်၏။ မကောင်းမှုပြုလုပ်ရန် ကြောက်လန့်ခြင်းသည် သြတ္တပ္ပမည်၏။ ဤတရားနှစ်ပါးကို ကမ္ဘာစောင့်တရား (လောကစောင့်တရား)ဟု ခေါ်လေသည်။ ဤကမ္ဘာစောင့်တရား နှစ်မျိုးရှိထားမှ ကိုယ်ကျင့်သီလ တည်နိုင်သည်။
အလောဘ
မလိုချင်၊ မတပ်မက်ခြင်း သဘောသည် အလောဘ မည်၏။ မိမိပစ္စည်း ဥစ္စာကို စွန့်လွှတ်၍ လှူဒါန်း ပေးကမ်းခြင်း သဘောသည် အလောဘသဘောဖြစ်သည်။
အဒေါသ
မကြမ်းတမ်းခြင်း၊ စိတ်မဆိုးခြင်း၊ ခွင့်လွင့်ခြင်း သဘောသည် အဒေါသမည်၏။ သတ္တ၀ါတို့အား ကြီးပွားချမ်းသာစေလိုသော မေတ္တာဟူသည် ဤအဒေါသပင်ဖြစ်သည်။
အမောဟ(သမ္မာဒိဋ္ဌိ)
အမှန်ကို အမှန်အတိုင်း၊ အမှားကို အမှားအတိုင်း ထိုးထွင်းသိမြင်ခြင်းသဘောသည် အမောဟမည်၏။
ပညိနြေ္ဒ(ပညာ) စေတသိက် ဟူသည် ဤအမောဟပင် ဖြစ်သည်။
ဗုဒ္ဓဘာသာတရားတော် အခြေခံအဆင့်မှ
No comments:
Post a Comment