Pages

Wednesday, May 9, 2012

အမဲရိုးကိုက်တဲ့ခွေးလို

အမဲရိုးကိုက်တဲ့ခွေးလို

    သား၊ လင် ခင်ပွန်းနဲ့ ပစ္စည်းတွေခင်တွယ်နေတဲ့ ပုဂ္ဂိုလ်များဟာ “ခွေး အမဲရိုးကိုက်” တာနဲ့တူတယ်။ အမဲရိုးရထားတော့ ခွေးက ကံကောင်းတယ်လို့ထင်တယ်။ အမဲရိုးက ရိုးတွင်းချဉ်ဆီ အနံ့ကလေးနဲ့မို့ အရသာရှိသလိုလိုနဲ့ နောက်ဆုံးပိတ်ကျတော့ ၀ါးရင်းမောလာတာနဲ့ ပစ်ချလိုက်ရတယ်။ ၀ပြီးပြန်ရတာလား၊ အညှီနံ့ကလေးရရုံနဲ့ ပြန်ရတာလားဆိုတော့ အညှီနံ့ကလေးရရုံနဲ့ ရရုံနဲ့ ပြန်ရတာ။ နက်ဖြန်ကျတော့လည်း ဒီအတိုင်းပဲ၊ လာပြီးဝါးရပြန်တယ်။ ၀ါးရတော့လဲ ၀ပြီး ပြန်ရတာ မဟုတ်ပဲ အညှီနံ့ကလေးရရုံနဲ့ ပြန်ရတာပဲ။ ၀ါးရတာနဲ့ အညှီနံ့ကလေးရရုံနဲ့ ပြောပလောက်အောင် ချမ်းသာမှု မရကြပါဘူး။ ထို့အတူပဲ သား လင် ခင်ပွန်း ပစ္စည်းတွေ ခင်တွယ်ကြရတာ တစ်နေ့လည်း ဒီဆိုင်နဲ့ ဒီသားသမီးနဲ့ သွားပြီးဝါးရပြန်တာပဲ၊ နက်ဖြန်သဘက်ကျတော့လည်း သွားပြီးဝါးရပြန်တာပဲ၊ မိုးချုပ်နေ၀င်ကြတော့လည်း ၀သလားဆိုတော့ မ၀ပဲနဲ့ပြန်ခဲ့ရတာပဲ။ နောက်လဲ ဒီသား လင် ခင်ပွန်းများ အတွက် သွားရပြန်တာပဲ။ တစ်နေ့လုံးဝါးနေတော့တာပဲ။ ညနေရောက်လို့ စာရင်းတွက်တော့ ၂၀-ကျပ်၊ ၂၅-ကျပ်၊ ၃၀-ကျပ် အမြတ်ကလေးကျန်မယ်၊ ဒီအညှီနံ့ကလေးခံပြီး ပြန်ခဲ့ရတာပဲ၊ ဘယ်လောက်ကြာကြာ ၀ါးရမှာလဲလို့မေးရင် အို .....သွားတွေသာ ကျိုးစရာအကြောင်းရှိတယ်၊ ၀မှာတော့ မဟုတ်ဘူး။

    အဲဒီတော့ ခင်ဗျားတို့ အရောင်းအ၀ယ်လုပ်ကြတဲ့ ပုဂ္ဂိုလ်ရဲ့ဖြစ်စဉ်က ခွေးအမဲရိုးကိုက်သလိုပဲ။ ကိုက်လို့မောတာနဲ့ အညှီနံ့ကလေးခံရတာနဲ့ မမျှပါဘူး။ အနံ့ကလေးက မဖြစ်လောက်ပါဘူး။ ဒါကို တစ်နေ့လုံးလောက် ၀ါးနေရတယ်။ ဒါကြောင့် ဘုရားရှင်က ငါးပါးအာရုံ ကာမဂုဏ်တွေဟာ သာယာစရာနည်းနည်းကလေးသာရှိတယ်။ ဒုက္ခတွေက သိပ်များတယ်လို့ ဟောထားခဲ့တယ်။ ဒီ နေ့တိုင်းဝါးနေရတဲ့ အမဲရိုးကို စိတ်မပျက်သရွေ့ ခင်ဗျားတို့သွားပြီး ၀ါးနေမှာပဲ။ သေသည့်အထိ ၀ါးနေမှာပဲ။ သေတော့လည်း ၀ရဲ့လားဆိုတော့၊ အို .... မ၀ပဲနဲ့သေရတာ၊ သေပွဲဝင်တော့လည်းမပြီးသေးဘူး။ ရောက်ရာဘ၀မှာလည်း ကိုက်အုံး ၀ါးအုံးမှာပဲ။ ၀ပြီးသေတဲ့သဘောကိုမပါဘူး။ တန်းလန်းနဲ့ပဲ ပစ်ထားခဲ့ရတာပဲ။ အမဲရိုးဟာ သာယာစရာ အညှီနံ့လောက်ပဲရှိသလို၊ ခင်ဗျားတို့မှာလည်း သားသမီး ပစ္စည်းတွေကို ချစ်ခင်တာ သာယာတာက နည်းနည်းလေး၊ သူတို့အတွက် ဒုက္ခခံရတာတွေက အများကြီးပဲလို့ ဘုရားကဟောခဲ့တယ်။

    ဒါ ဘာဟောနေတာလဲဆိုတော့ တဏှာ သတ်ဖို့ ဟောနေတာ၊ ဒီတဏှာက ဘယ်တော့မှ ၀-မှာမဟုတ်ဘူး။ ဒုက္ခပေးလိုက်တာကတော့ နေ့စဉ်နဲ့အမျှပဲ။ ဆိုင်ခင်တဲ့သူကို ဒီဆိုင်က ဒုက္ခပေးတယ်။ သားခင်တဲ့သူကို ဒီသားက ဒုက္ခပေးတယ်၊ မယားခင်တဲ့သူကို ဒီမယားက ဒုက္ခပေးနေတယ်။ ဒါပေမယ့် ခင်ဗျားတို့က အမဲရိုးရတဲ့ခွေးလို ခင်လို့ မ၀၊ ၀ါးလို့ မ၀-ပဲနဲ့ သေရတာပဲ။ ၀-ပြီး သေတယ်လို့မရှိဘူး။ စားချင်ရက်တန်းလန်းနဲ့ပဲ သေသွားရတယ်။ အိုလို့သာ သေသွားရတယ်။ ၀-တော့ မ၀ဘူး။ တဏှာက ဘယ်တော့မှ ၀-ရိုး ထုံးစံမရှိဘူး။ ဒီ သားခင်ရတာတော်ပြီ၊ ဒီ သမီးခင်ရတာတော်ပြီ၊ ဒီ မယားခင်ရတာတော်ပြီ၊ ဒီ စီးပွားရေးလုပ်ရတာ တော်ပြီလို့များ ခင်ဗျားတို့လာကြရဲ့လား။ မလာဘူး။ သြော် ..... နေ့တိုင်း လုပ်နေရတာလဲ မ၀ဘူး။ သေခါနီးကျပြန်တော့လည်း တဏှာနဲ့ခင်လျက် ဥပါဒါန်နဲ့ စွဲလန်းလျက်နဲ့ပဲ သေသွားရတော့ ဘယ်ရောက်သွားမလဲ၊ အပါယ်လေးပါးပဲ ရောက်မယ်။ ဒါ ဘယ်သူ့သတ္တိလဲ မ၀နိုင်တဲ့တဏှာ့သတ္တိပဲ။ ဒီ တဏှာ မသေသရွေ့တော့ဖြင့် အပါယ်လေးပါးက လွတ်ဖို့ရာ အကြောင်းမမြင်ဘူး။ ဒါကြောင့် ၀ိပဿနာလုပ်ကြပါလို့ တိုက်တွန်းတာ။ ၀ိပဿနာလုပ်ကြဆိုတာ ဒါတွေကို စွန့်လွှတ်လိုက်လို့ ပြောတာ။

မြက်မီးရှုး။    ။ နောက်ပြီး ဘုရားရှင်က “မြက်မီးရှုး” ဥပမာနဲ့ ဟောပြန်သေးတယ်။ သားသမီးနဲ့ ပစ္စည်းဥစ္စာတည်းဟူးသော ငါးပါးအာရုံကာမဂုဏ်တွေဟာ မြက်မီးရှုးနဲ့ တူတယ်။ မြက်ခြောက်ကလေးတွေကို ကြိုးနဲ့စုစည်းပြီး အဖျားကို မီးရှို့ပြီး ညအခါလမ်းသွားတာနဲ့ တူတယ်။ လေတိုက်တဲ့ဘက်သွားတော့ လေကလဲတိုက်ပြန်၊ မီးကလည်း လောင်ပြန်ဆိုတော့ ကိုယ့်ဘက်ကိုလောင်မှာသေချာတယ်။ ဒီ မီးကိုလွှတ်ပစ်လိုက်ရင် မလောင်နိုင်ဘူး။ လောင်မှာသိလျက်နဲ့ ဘာကြောင့်မလွှတ်ပစ်နိုင်သလဲ။ ဒီ မီးရှုးကိုခင်တွယ်နေလို့ လွှတ်မပစ်နိုင်ရင် ခင်ဗျားတို့ အလောင်ခံပြီး သေရုံပဲရှိတော့မှာပဲ။ ဒီမီးအလင်းကလေး မရှိရင် မဖြစ်ဘူးဆိုပြီး တအားဆုပ်ကိုင်ထားတာလို ဒီသားသမီး ပစ္စည်းဥစ္စာကိုလဲ မရှိရင်မဖြစ်ဘူးဆိုပြီး ဆုပ်ထားတယ်။ ဘုရားရှင်က ဒါတွေဟာ မီးတွေကွ၊ ဆုပ်ထားတဲ့လူကို လောင်လိမ့်မယ်လို့ဟောတယ်။ ဒီမီးကိုလွှတ်ပစ်ရင်တော့ မလောင်ပါဘူး။ မလွှတ်ပဲနေရင် လောင်မှာပဲ။


    ဒါဖြင့် ဒီမီးကို လွှတ်လိုက်ပါလားဆိုတော့၊ “မလွှတ်ချင်ဘူး၊ ဆုပ်ထားပါရစေတဲ့” ဘာပြုလို့ဆုပ်ထားရသလဲဆိုတော့၊ အပူခံချင်လို့ အလောင်ခံချင်လို့ပေါ့။ လောင်တာတောင် မလွှတ်ချင်သေးဘူး။ သားပူကလည်းလောင်၊ သမီးပူကလည်းလောင်၊ ပစ္စည်းပူကလည်းလောင်၊ အံမယ်လေး-မီးတွေဝိုင်းပြီးလောင်နေပါလား။ ဒီမီးတွေ လောင်နေမှန်းလည်း မသိဘူး။ လောင်မှန်းသိရင် လွှတ်ပစ်လိုက်ပေါ့။ လွှတ်ပစ်လိုက်ရင် မလောင်တော့ဘူး။ ခင်ဗျားတို့ကလည်း လွှတ်ကိုမလွှတ်ဘူး။ အလောင်ခံမိုက်နေကြတယ်။ သူတို့နဲ့ဝေးရင် အေးတယ်ဆိုတဲ့ သဘောကိုမလာဘူး။ သူတို့မခွဲနိုင်ဘူးဆိုတော့ ဒါ ဆုပ်ထားတာပဲ။ ဒါတွေကို ခင်တွယ်လို့ ဆုပ်ထားတာပဲ။ ဒါတွေ ဆုပ်ထားတော့ လောင်တာပေါ့။ သူတို့အတွက် နေ့မအိပ်ရ၊ ညမအိပ်ရ၊ စိုးရိမ်ရ၊ ကြောင့်ကြရ၊ အပူတွေ ၀မ်းထဲလောင်နေတာပဲ။ မီးတွေမို့ လွှတ်ပစ်လိုက်ပါတော့လားဆိုတော့ ဘယ်ပစ်နိုင်ပါမလဲတဲ့။ မင်းတို့ မိုက်ချက်ကတော့လွန်နေပြီ။ ဘုရားက သဗ္ဗညုတဥာဏ်တော်ကြီးနဲ့ ဒီမီးတွေလောင်မယ်၊ လွှတ်ပစ်လိုက်လို့ ပြောပေမယ့် ခင်ဗျားတို့က နားမထောင်ဘူး။ အသေဆုပ်ထားတယ်။ ဘုရားပြောတာကို ကန့်လန့်လုပ်တယ်။ ပြီးတော့ ခင်ဗျားတို့ကပဲ ဘုရားပြောတာကို ကန့်လန့်လုပ်တယ်လို့ ထင်ကြသေးတယ်။ ဘုရားကအမှန်ပြောတာ။ ခင်ဗျားတို့ကသာ ကန့်လန့်လုပ်တာ။

    ခင်ဗျားတို့ ဒီမီးတွေနဲ့ လောင်ပြီးသေတဲ့အခါ၊ အပါယ်သွားရုံပဲ ရှိတော့တယ်။ တချို့များ သေခါနီးမှာ ၀ိညာဉ်မချုပ်နိုင်ဘဲ အမောဆိုက်နေတာတောင်မှ၊ “သားသမီးတွေ၊ ပစ္စည်းတွေ မခင်နဲ့၊ မစွဲလမ်းနဲ့၊ လွှတ်ပစ်လိုက်ပါ”လို့ အနားကပြောတာတောင်မှ မကြားချင်ယောင်ဆောင်ပြီး လွှတ်မှာမဟုတ်ဘူး။ ခင်ဗျားတို့ဟာ “မီး ကိုင်မိနေတာလဲ မသိဘူး၊ လွှတ်ပစ်ရင် အလောင်လွတ်မယ်ဆိုတာလည်း မသိဘူး” မလွှတ်ပဲ သေရင် အပါယ်သွားမယ်ဆိုတာလည်း မသိဘူး။” ဆိုတော့ မသိ သုံးမျိုး လွှမ်းမိုးနေတယ်။ မသိ သုံးမျိုးလွှမ်းနေတဲ့ ပုထုဇဉ်အကန်းတွေဖြစ်နေတယ်။ မီးလောင်ပြီး သေချင်းဆိုးနဲ့သေရင် အပါယ်ရောက်တော့မှာပဲ၊ ဒီတော့ အကန်းလက်စ အမိုက်လက်စ သတ်ကြပါတော့။ ၀ိပဿနာအလုပ်လုပ်ပြီး မိုက်ကန်းမှု လက်စသတ်ကြပါတော့။ ဒီ သားသမီး ပစ္စည်းတွေဟာ ကိုယ်မပိုင်တဲ့ အနတ္တသဘောတွေလို့ ၀ိပဿနာဥာဏ်နဲ့ရှုပေးပါ။ ဒီလိုရှုပေးလို့ အမှန်တကယ်သိလာရင် အဲဒါတွေကို မခင်တော့ဘူး။ ဆုပ်မထားတော့ဘူး။ ဆုပ်မထားရင် မပူမလောင်တော့ဘူး။ မခင်တွယ်တာက “တဏှာ”ချုပ်တာ၊ ဆုပ်မထားတာက “ဥပါဒါန်”ချုပ်တာ၊ အဲ - တဏှာဥပါဒါန်ချုပ်ရင် အပါယ်လေးပါးတံခါးပိတ်သွားတာပဲ။ အဲဒီတော့ ၀ိပဿနာအလုပ်မှတစ်ပါး ခင်ဗျားတိှု့မှာ ကယ်မယ့်သူမရှိဘူးလို့မှတ်၊ ၀ိပဿနာလုပ်လို့ မဂ်ဥာဏ်ရသွားရင် တဏှာ သမုဒယချုပ်တယ်။ သမုဒယချုပ်ရင် ဒုက္ခချုပ်သွားတာပဲ။ ဒုက္ခချုပ်ရင် နိဗ္ဗာန် ရောက်ပြီမှတ်။

မိုးကုတ်ဆရာတော်ဘုရားကြီး ၏ သြ၀ါဒတရားများ
(၁၃၂၀-ခုနှစ်က ယောဂီများအား ဟောကြားသည်)

No comments: