Pages

Saturday, May 12, 2012

“ကာယာနုပဿနာ”

ပဏာမပဋိညာဉ်

ရိပဝေါ ၀ိဇယီ တဿ၊ သတ္တာနံ ဒုက္ခဟေတဝေါ။
ဉာဏာဝုဓေန မဂ္ဂေန၊ ဇိတမာရဿ မေ နမော။   ။

    ယော ဘဂ၀ါ-အကြင် မြတ်စွာဘုရားသည်၊ သတ္တာနံ- သတ္တ၀ါတို့၏၊ ဒုက္ခဟေတဝေါ-ဆင်းရဲခြင်း၏အကြောင်း ဖြစ်ကုန်သော၊ ရိပဝေါ- လောဘစသောကိလောသာ ရန်သူတို့ကို၊ ဉာဏာဝုဓေန- ဉာဏ်လက်နက်ဖြစ်သော၊ မဂ္ဂေန- အရဟတ္တမဂ်ဉာဏ်ဖြင့်၊ ၀ိဇယီ-အခွင့်ပိုင်ပိုင် အောင်နိုင်တော်မူလေပြီ၊ ဇိတမာရဿ-အောင်နိုင်ပြီးသော ကိလေသာမာရ် စသည်ရှိတော်မူသော၊ တဿဘဂ၀တော- ထိုမြတ်စွာဘုရားအား၊ မေ-ငါ၏၊ နမော-ရှိခိုးခြင်းသည်၊ အတ္ထု- ဖြစ်ပါစေသတည်း။

ကာယနှင့် အနုပဿနာ ရှင်းပြခြင်း

    ယခုရေးလတ္တံသော တရားစာကို “ကာယာနုပဿနာ”ဟု ပညတ်အားဖြင့် အမည်ပေးလိုက်၏။ ကာယာနုပဿနာ ဟူ၍ အမည်တပ်လိုက်ခြင်းဖြင့် ကာယကို ရှုပွားရမည်အဖြစ်ကို သိကြရာသည်။ ကာယ-ဟူသည် အပေါင်းကို ဆိုသည်။ အဘယ်အပေါင်းနည်းဟူမူ -
(၁) ရူပကာယ-ရုပ်အပေါင်း
(၂) နာမကာယ-နာမ်အပေါင်း တို့ကို ဆိုခြင်းဖြစ်သည်။

    ရူပကာယ-ရုပ်အပေါင်းသည်လည်း နှစ်မျိုးရှိသည်။ ဆံပင်, မွေးညှင်း စသောရုပ်တို့၏ အပေါင်းကိုလည်း ရူပကာယဆိုသည်။ အတိတ်ရုပ်, အနာဂတ်ရုပ်, ပစ္စုပ္ပန်ရုပ် စသော တစ်ဆယ့်တစ်မျိုးသော ရုပ်တို့၏အပေါင်းကိုလည်း ရူပကာယ ဆိုသည်။ (ရူပက္ခန္ဓာဟုလည်း ဆိုသည်)။ ဤသို့ဖြင့် ရူပကာယနှစ်မျိုးရှိလေသည်။ ဤနှစ်မျိုးသော ရူပကာယတို့တွင် ယခု ပထမပြဆိုလိုသော ရူပကာယမှာမူကား ဆံပင်, မွေးညှင်း စသော ကောဋ္ဌာသတို့၏အပေါင်းဖြစ်သော ရူပကာယကို ပြဆိုလိုခြင်းဖြစ်သည်။ ဒုတိယ ရူပကာယကိုမူ နောက်၌ပြဆိုပေမည်။

    ကာယာနုပဿနာ ဟူသော ပုဒ်ကို အစိတ်စိတ်ခွဲလျှင် ကာယ+အနု+ပဿနာ ဟူ၍ သုံးပုဒ်ဖြစ်သည်။
    ကာယ-ရုပ်အပေါင်း၌၊ တနည်း- ရုပ်အပေါင်းကို၊ အနု- အဖန်ဖန် အထပ်ထပ် အကြိမ်ကြိမ်၊ ပဿနာ- ဉာဏ်ဖြင့်ရှုကြည့်ခြင်း၊ ကာယာနုပဿနာ- ရုပ်အပေါင်း၌, ရုပ်ပေါင်းကို အဖန်ဖန် အထပ်ထပ် အကြိမ်ကြိမ် ဉာဏ်ဖြင့် ရှုကြည့်ခြင်း။

    မိမိ၏ အဇ္ဈတ္တရုပ်အပေါင်း၌၊ တစ်နည်း- ရုပ်အပေါင်းကို ဆံပင်, မွေးညှင်း စသော ကောဋ္ဌာသ ရုပ်အပေါင်းအစုမျှသာ ဖြစ်သည်ဟု ဉာဏ်မျက်စိဖြင့်မြင်အောင် အဖန်ဖန် ရှုကြည့်မှုကို ကာယာနုပဿနာကမ္မဋ္ဌာန်း အားထုတ်သည်ဟုဆိုရသည်။ သူ တစ်ပါး၏ ဗဟိဒ္ဓ ရုပ်ပေါင်းကိုလည်း ဤသို့ပင် ရှုရမည်။ သို့သော် မိမိ အဇ္ဈတ္တရုပ်ကို မြင်မှ ဗဟိဒ္ဓရုပ်အပေါင်းကို  ပဓာနအားဖြင့် ရှုရမည်။ အဇ္ဈတ္တရုပ်ကိုမြင်မှ ဗဟိဒ္ဓရုပ်ကို မြင်လွယ်ပေမည်။

အနုပဿနာသည်လည်း -
(၁) ကာယာနုပဿနာ
(၂) ဝေဒနာနုပဿနာ
(၃) စိတ္တာနုပဿနာ
(၄) ဓမ္မာနုပဿနာ

ဟူ၍လေးပါးရှိရာ ဤတရားစာ၌ ကာယာနုပဿနာကို ပဓာနပြု၍ ပြဆိုမည်ဖြစ်သည်။ အဘယ့်ကြောင့် ကာယာနုပဿနာကို ပဓာနပြု၍ ပြဆိုလိုသနည်းဟူမူ- ဝေဒနာနုပဿနာ, စိတ္တာနုပဿနာ, ဓမ္မာနုပဿနာ တို့သည် ရှေးရှေးကာလ ရှေးရှေးဘ၀တို့က အထုံဝါသနာ အလေ့အလာရှိခဲ့သဖြင့် ၀ိပဿနာဉာဏ်ရင့်ခဲ့သော ပုဂ္ဂိုလ်တို့၏ဉာဏ်ဖြင့်သာလျှင် ရှုမြင်ခြင်းငှာခန့်သော ရှုမြင်မှု၌ လျင်မြန်စွာ သိရှိနိုင်သော တရားသဘောတို့ ဖြစ်သည်။ ပကတိ ပသာဒမျက်စိဖြင့် မမြင်ကောင်း၊ ဉာဏစက္ခုဖြင့်သာ မြင်ကောင်းသော တရားတို့ဖြစ်သည်။ ကာယာနုပဿနာမှာမူကား ပါရမီဉာဏ် အနုအရင့်ရှိသော ပုဂ္ဂိုလ်နှစ်မျိုးလုံးပင် သင့်လျော်သော တရားဖြစ်သောကြောင့် ဤတရားစာ၌ ကာယာနုပဿနာကိုသာလျှင် ပဓာနအားဖြင့် ပြဆိုခြင်းဖြစ်ပေသည်။ ဝေဒနာနုပဿနာ စသည်တို့ကိုလည်း အထိုက်အလျောက် ပြဦးမည်ပင်ဖြစ်သည်။

မိမိ၏ ပစ္စုပ္ပန်ကာယ၌သာ ရှုသင့်ခြင်း

န ဣတော ဒူရေ ဘ၀ိတဗ္ဗံ၊ ဘ၀ဂ္ဂံ ကိံ ကရိဿတိ။
ပစ္စုပ္ပန္နမှိ ဝေါဟာရေ၊ သကေ ကာယမှိ ၀ိန္ဒထ။    ။

    ဣတော- ဤမိမိကိုယ်မှ၊ ဒူရေ- ဝေးသော တစ်ပါးသောကိုယ်၌၊ နဘ၀ိတဗ္ဗံ- ၀ိပဿနာဉာဏ် မဖြစ်သင့်၊ ၀ါ- မရှုသင့်၊ ဘ၀ဂ္ဂံ- အထက်ဘ၀ဂ် ဘုံသည်၊ ကိံ ကရိဿတိ- အဘယ်ပြုအံနည်း၊ ပစ္စုပ္ပန္နမှိ ဝေါဟာရေ- မျက်မှောက် ပစ္စုပ္ပန်ဖြစ်သော၊ သကေကာယမှိ- မိမိကိုယ်၌၊ ၀ိန္ဒထ- သဘာဝကျကျ အမှန်ရအောင် သိရှိကြလေကုန်လော့။

    ကာယာကာယာနုပဿနာ ကမ္မဋ္ဌာန်းအလုပ်ကို အားထုတ်လိုသော ယောဂီသည် မိမိကိုယ်ဟု ဆိုအပ်သော ရုပ်အစုအပေါင်းမှ တစ်ပါး အခြားသောရုပ်တို့ကို  ရှုရမည်မဟုတ်၊ မိမိ၏ ပစ္စုပ္ပန် မျက်မှောက်ဖြစ်သော ရုပ်အပေါင်း၌သာလျှင် ရှုပါဟုဆိုသည်။ မိမိ၏ အဇ္ဈတ္တရုပ်ကို ရှု၍ အလေ့အလာရကာ သဘာဝကိုမြင်သလောက် မြင်သော်မှ အခြားသော ဗဟိဒ္ဓရုပ်ကို မိမိရုပ်နှင့်မခြား သဘောအားဖြင့် အလားတူဖြစ်သည်ဟု ရှုသင့်သည်။

ပစ္စုပ္ပန်တည့်တည့်ကျရန် မခဲယဉ်း

    ပစ္စုပ္ပန်ဖြစ်သောရုပ်ကို ရှုရမည်ဆိုသဖြင့် ပစ္စုပ္ပန်တည့်တည့်ကျအောင် အချို့ပုဂ္ဂိုလ်တို့သည် တော်တော်ခဲခဲယဉ်းယဉ်း ကြံကြံစည်စည် ပင်ပင်ပန်းပန်း ပြောဟောရေးသား နေကြသည်ကို တွေ့ရသည်။ ပစ္စုပ္ပန်တည့်တည့်မိအောင် ရှုရမည် စသည်ဖြင့် အရေးတကြီး ပြောဆိုနေကြသည်ကိုလည်း သိရသည်။ သို့သော် ပစ္စုပ္ပန်ကျစေရန်မှာ ထိုမျှလောက် ခဲယဉ်းနေသည်ကား မဟုတ်ချေ။ မိမိ၏ အဇ္ဈတ္တရုပ်အပေါင်းကိုပင် ရှုသည်ဖြစ်စေ, ဗဟိဒ္ဓရုပ်အပေါင်းကိုရှုသည်ဖြစ်စေ ပစ္စုပ္ပန်ဖြစ်ဆဲဖြစ်သော ရုပ်တို့ကိုသာလျှင် ရှုမြင်လျက်ရှိနေခြင်း ဖြစ်ပေသည်။ တပင်တပန်း အထူးတလည် ပစ္စုပ္ပန်ကို ရှာဖွေအားထုတ်၍ ပစ္စုပ္ပန်တည့်တည့်ကျအောင် ပစ္စုပ္ပန်တည့်တည့်ဖြစ်အောင် အားထုတ်နေရသည်မဟုတ်ပေ။ အဘယ်ကြောင့်နည်းဟူမူ အတိတ်ဖြစ်သောရုပ်တို့သည် ချုပ်ငြိမ်းကြလေကုန်ပြီဖြစ်၍ ထင်ရှားမရှိကြတော့ချေ။ အနာဂတ်ဖြစ်သော ရုပ်တို့သည်လည်း မဖြစ်ပေါ်ကြသေးပေ။ ယောဂီသည် ရှုမြင်နေရသော ရုပ်တို့သည် ဥပါဒ်ဆဲ, ဥပါဒ်ဆဲဖြစ်သော ပစ္စုပ္ပန်ရုပ်တို့သာလျှင် ဖြစ်ကုန်၏။ သို့ကြောင့် ရုပ်အပေါင်း ရုပ်အစုကို ရှုသောယောဂီသည် ပစ္စုပ္ပန်တည့်တည့်ဖြစ်သော ရုပ်ကို ရှုမိစေရန် ကြောင့်ကြစိုက်၍ အားထုတ်ပြုလုပ်နေရသည်မဟုတ်။ အသစ်အသစ် ဥပါဒ်အနေဖြင့် အဆက်ဆက် ဖြစ်ပေါ်ဆဲဖြစ်သော ရုပ်အစုအပေါင်းကိုသာလျှင် ရှုမြင်လျက်သား ရှိနေသည်ကို သိရှိပါလေ။

ကာယသဘောသိမြင်မှ ဒုက္ခကုန်ဆုံးမည်
   
ကာယံ ဣမံ ၀ိဇာနာထ၊ ပရိဇာနာထ ပုနပုနံ။
ကာယေ သဘာဝံ ဒိသွာန၊ ဒုက္ခဿန္တံ ကရိဿထ။    ။

    ဣမံကာယံ - ဤရူပကာယကို၊ ၀ါ- ဤရုပ်အစုပေါင်းကို၊ ၀ိဇာနာထ- ဉာတပရိညာဖြင့် သိအောင်ပြုကြကုန်လော့၊ ပုနပုနံ - အဖန်ဖန်၊ ပရိဇာနာထ- တီရဏပရိညာဖြင့် သိကြကုန်လော့၊ ကာယေ- ရူပကာယ၌၊ ၀ါ၊ ရုပ်အစုပေါင်း၌၊ သဘာဝံ- ဖောက်ပြန်ပျက်စီးတတ်သော ရုပ်၏သဘောကို၊ ဒိသွာန- ပဟာနပရိညာဖြင့် မြင်သည်ရှိသော်၊ ၀ါ- မြင်သောကြောင့်၊ ဒုက္ခဿန္တံ- ဒုက္ခဿအန္တံ- ဆင်းရဲ၏ ကုန်ဆုံးရာဖြစ်သော နိဗ္ဗာန်ကို၊ ၀ါ- ဆင်းရဲ၏ ကုန်ဆုံးခြင်းကို၊ ကရိဿထ- ပြုနိုင်ကြပေကုန်အံ့သတည်း။

    နောက်က ပြဆိုခဲ့သည်အတိုင်း နိဗ္ဗာန်ရောက်ကြောင်းတရားကို အားထုတ်လိုသော ယောဂီသည် မိမိအားထုတ်ရမည့်တရားကို ဝေးဝေးလံလံသွား၍၊ ၀ါ- အဝေးသို့ ဉာဏ်ကိုစေလွှတ်၍ အခြား၌ ရှာဖွေနေရန်မဟုတ်၊ ပစ္စုပ္ပန်ဖြစ်အောင်လည်း ကြောင့်ကြစိုက်နေရန်မဟုတ်၊ မိမိကိုယ်ပေါ်မှာသာ ရှုပါလေ၊ ကြည့်ပါလေ၊ ဆင်ခြင်ပါလေ၊ အဖန်ဖန် အထပ်ထပ် အကြိမ်ကြိမ် ပွားများပါလေ၊ မိမိကိုယ်၏ ပင်ကို သဘောတရားကိုမြင်လျှင် ဆင်းရဲဒုက္ခ ကုန်ဆုံးရာ နိဗ္ဗာန်ကို မြင်ပါလိမ့်မည်, ရရှိပါလိမ့်မည်ဟု ဟောတော်မူသော ဒေသနာတော်ဖြစ်သည်။

    ဤဒေသနာတော်သည် ပါဒအားဖြင့် လေးပါဒ၊ အက္ခရာ အရေအတွက်အားဖြင့် ၃၃-လုံးမျှသာ ဖြစ်သော်လည်း အလွန်လေးနက်၍ အဓိပ္ပါယ်ပါဝင်ကာ တန်ဖိုးရှိလှပေသည်။
အဓိပ္ပါယ်လေးနက်ပုံမှာ -

(၁)    ကာယံ ဣမံ ၀ိဇာနာထ - ဟူသော ပထမပါဒဖြင့် ကိုယ်ဟု  ပညတ်အားဖြင့် အသုံးပြုကာ ပြောဆိုနေသော ဤကိုယ်သည် ရုပ်အပေါင်း အစုအမျှသာဖြစ်သည်ဟု ရုပ်ကို ပိုင်းခြားညွှန်ပြသော ရူပပရိစ္ဆေဒဉာဏ်, ညာတပရိညာ, သစ္စဉာဏ်ကို ပြဆိုသည်။

(၂)    ပရိဇာနာထ ပုနပုနံ- ဟူသော ဒုတိယပါဒဖြင့် ဉာတပရိညာဖြင့်သိမြင်ပြီးသော ရုပ်အပေါင်းအစုကို အနိစ္စ စသော လက္ခဏာတင်၍ မမြဲ, ဆင်းရဲ, အစိုးမရ - အတ္တမဟုတ်ဟူ၍ အဖန်ဖန်ဆင်ခြင်ပွားများသော သမ္မသနဉာဏ်, တီရဏပရိညာ, ကိစ္စဉာဏ်ကိုပြဆိုသည်။

(၃)    ကာယေ သဘာဝံ ဒိသွာန- ဟူသော တတိယပါဒဖြင့် တီရဏပရိညာဉာဏ်ဖြင့် ဆင်ခြင်ပွားများဖန်များသောအခါ ရုပ်တရား၏ ဖောက်ပြန်မှု, ပျက်စီးမှု, မမြဲမှု, အနှစ်အသားမရှိမှု, ကိုယ်ပိုင်ရုပ် မဟုတ်မှု စသည်တို့ကို  ဉာဏ်ဖြင့်မြင်ခြင်းကြောင့်, ထို ရုပ်၌လိုချင်ခြင်း, နှစ်သက်တပ်မက်ခြင်း, တွယ်တာခြင်း ကင်းသော အာဒီန၀ဉာဏ် စသည်နှင့်တကွ ပဟာနပရိညာ, ကတဉာဏ်ကို ပြဆိုသည်။

(၄)    ဒုက္ခဿန္တံ ကရိဿထ- ဖြင့် နိရောဓသစ္စာကို မျက်မှောက်ပြုသည်ကို ပြဆိုသည်။

    သို့ဖြစ်ပါ၍ ဤဒေသနာဂါထာသည် ပရိညာသုံးပါးကိုလည်း ပြဆိုရာရောက်သည်။ သစ္စဉာဏ်, ကိစ္စဉာဏ်, ကတဉာဏ် သုံးပါးကိုလည်း ပြဆိုရာရောက်သည်။ သို့ကြောင့် ဤဒေသနာတော်သည် အလွန်လေးနက်သော အဓိပ္ပါယ်ပါဝင်သော ဒေသနာဂါထာဖြစ်သည်ဟု ဆိုခဲ့သည်။

    ဤဒေသနာတော်အလာ ကာယဟူသောပုဒ်အရ ရူပကာယ, နာမကာယ, နှစ်ပါးရှိသည်တွင် ရူပကာယနှင့်စပ်သော ဆင်ခြင်ပွားများနည်းကို ပထမပြဆိုမည်။ ထိုရူပကာယသည်လည်း ပထမက ခွဲခြားပြဆိုခဲ့သည့်အတိုင်း ကောဋ္ဌာသအစုအဝေးဖြစ်သောရူပကာယ, အတိတ်, အနာဂတ်, ပစ္စုပ္ပန် စသော ရုပ်အပေါင်းဟူသော ရူပကာယအားဖြင့် နှစ်ပါးရှိသည်တွင် ကောဋ္ဌာသအစုအပေါင်းဖြစ်သော ရူပကာယကိုပြဆိုမည်ဖြစ်သည်။ ကောဋ္ဌာသအစုအပေါင်းဖြစ်သော ရူပကာယကိုပြဆိုလျှင် မြတ်စွာဘုရားကိုယ်တော်တိုင် ဟောကြားတော်မူအပ်သော “ကာယ၀ိစ္ဆိန္ဒနိက” သုတ်ကို ထုတ်ဆောင်ပြရမူကား ဓမ္မဿဝန စာကြည့်ပုဂ္ဂိုလ်တို့၌ သာ၍ရှင်းလင်း နားလည်သဖြင့် နည်းလမ်းရယူနိုင်ပေရာသည်ဟု ယုံကြည်၍ “ကာယ၀ိစ္ဆိန္ဒနိက” သုတ်ကို ထုတ်ဆောင်ပြမည် ဖြစ်သည်။

ကာယ၀ိစ္ဆိန္ဒနိကသုတ်

သတ္တ၀ါမလှုပ်-ရုပ်သာလှုပ်ခြင်း

၁။    စရံ ၀ါ ယဒိ ၀ါ တိဋ္ဌံ၊ နိသိန္နော ဥဒ ၀ါ သယံ။
    သမိဉ္ဇေတိ ပသာရေတိ၊ ဧသာကာယဿ ဣဉ္ဇနာ။    ။

    စရံဝါ- သွားစဉ်၌မူလည်း၊ သမိဉ္ဇေတိ- ဒူးကိုကွေး၏။ ယဒိ- ထိုမျှ၊ ပသာရေတိ- ဒူးကိုဆန့်၏။ ဧသာ သမိဉ္ဇန ပသာရဏာ-ဤသို့ ကွေးခြင်း ဆန့်ခြင်းသည်၊ စိတ္တကြိယ၀ါယော ဓာတုဝိပ္ဖါရ၀သေန- သွားလိုသောစိတ်သည် ပြုအပ်သော ၀ါယောဓာတ် ပျံ့နှံ့ခြင်းတည်းဟူသော ဣရိယာပုတ်ခိုင်ခြင်း၏ အစွမ်းဖြင့်၊ ကာယဿ- အင်္ဂါကြီးငယ်ဟူသော ရုပ်အစုအပေါင်း၏၊ ဣဉ္ဇနာ- လှုပ်ရှားခြင်းသည်၊ ဟောတိ- ဖြစ်၏။ သတ္တဿ- မိန်းမ, ယောက်ျားစသော သတ္တ ပညတ်၏၊ ဣဉ္ဇနာ- လှုပ်ရှားခြင်းသည်၊ န-မဟုတ်။

    ဥဒ- ထိုမှတစ်ပါး၊ တိဋ္ဌံ- တိဋ္ဌန္တောဝါ- ရပ်နေစဉ်မူလည်း၊ သမိဉ္ဇေတိ- ကွေး၏။ ယဒိ- ထိုမျှ၊ ပသာရေတိ- ဆန့်၏၊ ဧသာသမိဉ္ဇနပသာရဏာ- ဤသို့ ကွေးခြင်း ဆန့်ခြင်းသည်၊ စိတ္တကြိယ၀ါယော ဓာတုဝိပ္ဖါရ၀သေန- ရပ်လိုသောစိတ်သည် ပြုအပ်သော ၀ါယောဓာတ် ပျံနှံ့ခြင်းတည်းဟူသော ဣရိယာပုတ်ခိုင်ခြင်း၏ အစွမ်းဖြင့်၊ ကာယဿ- ရုပ်အစုအပေါင်း၏၊ ဣဉ္ဇနာ- လှုပ်ရှားခြင်းသည်၊ ဟောတိ- ဖြစ်၏။ သတ္တဿ- မိန်းမ, ယောက်ျား စသော သတ္တပညတ်၏၊ ဣဉ္ဇနာ- လှုပ်ရှားခြင်းသည်၊ နေ၀ဟောတိ- မဟုတ်သည်သာလျှင်တည်း။

    ဥဒ- ထိုမှတစ်ပါး၊ နိသိန္နောဝါ- ထိုင်စဉ်မူလည်း၊ သမိဉ္ဇေတိ- ကိုယ်ကို ကွေး၏၊ ယဒိ- ထိုမျှ၊ ပသာရေတိ- ဆန့်၏၊ ဧသော သမိဉ္ဇနပသာရဏာ- ဤသို့ ကွေးခြင်း ဆန့်ခြင်းသည်၊ စိတ္တကြိယ၀ါယော ဓာတုဝိပ္ဖါရ၀သေန- ထိုင်လိုသောစိတ်သည် ပြုအပ်သော ၀ါယောဓာတ်ပျံ့နှံ့ခြင်းတည်းဟူသော ဣရိယာပုတ်ခိုင်ခြင်း၏ အစွမ်းဖြင့်၊ ကာယဿ- ရုပ်အပေါင်းအစု၏၊ ဣဉ္ဇနာ- လှုပ်ရှားခြင်းသည်၊ ဟောတိ- ဖြစ်၏။ သတ္တဿ- မိန်းမ, ယောက်ျား စသော သတ္တပညတ်၏၊ ဣဉ္ဇနာ- လှုပ်ရှားခြင်းသည်၊ နေ၀ဟောတိ- မဟုတ်သည်သာလျှင်တည်း။

    ဥဒ- ထိုမှ တစ်ပါး၊ သယံ- သယန္တောဝါ- အိပ်စဉ်မူလည်း၊ သမိဉ္ဇေတိ- ကိုယ်ကိုကွေး၏၊ ယဒိ- ထိုမျှ၊ ပသာရေတိ- ဆန့်၏၊ ဧသာ သမိဉ္ဇနပသာရဏာ- ဤသို့ ကွေးခြင်း ဆန့်ခြင်းသည်၊ စိတ္တကြိယ၀ါယော ဓာတုဝိပ္ဖါရ၀သေန- အိပ်လိုသောစိတ်သည် ပြုအပ်သော ၀ါယောဓာတ် ပျံ့နှံ့ခြင်းတည်းဟူသော ဣရိယာပုတ်ခိုင်ခြင်း၏ အစွမ်းဖြင့်၊ ကာယဿ- ရုပ်အပေါင်းအစု၏၊ ဣဉ္ဇနာ- လှုပ်ရှားခြင်းသည်၊ ဟောတိ- ဖြစ်၏၊ သတ္တဿ- မိန်းမ, ယောက်ျား စသော သတ္တပညတ်၏၊ ဣဉ္ဇနာ- လှုပ်ရှားခြင်းသည်၊ နေ၀ဟောတိ- မဟုတ်သည်သာလျှင်တည်း။

စိတ္တဇ၀ါယောက ရုပ်ကိုလှုပ်စေခြင်း

    တစ်စုံတစ်ယောက်သော ပုဂ္ဂိုလ်သည် လမ်းလျှောက်သွားစဉ် အခိုက်အတန့်၌ ရူပကာယဟူသော ဤရုပ်အပေါင်းသည် ကွေးကာဆန့်ကာဖြင့်သွားသော အခြင်းအရာဖြစ်ပေါ်ခြင်းသည်  သွားလိုသော စိတ်ကြောင့်ဖြစ်သော စိတ္တဇ၀ါယောဓာတ် တွန်းကန်မှုကြောင့် ဤရုပ်အပေါင်း ရုပ်အစုကြီးသည် လှုပ်ရှားခြင်း, သွားခြင်း ဖြစ်သည်။ ရုပ်အပေါင်းအစုအပေါ်၌ ပညတ်အားဖြင့် ခေါ်ဝေါ်သုံးစွဲနေသော မိန်းမ, ယောက်ျား, ပုဂ္ဂိုလ်, သတ္တ၀ါ သွားခြင်းမဟုတ်၊ လှုပ်ရှားသွားလာသော ကိုယ်အင်္ဂါအစိတ်အပိုင်းတစ်ခုစီကို စိစစ်ကြည့်ပါ။ ဦးခေါင်းလည်း မိန်းမ, ယောက်ျား မဟုတ်၊ ၃၂-ပါးသော ကောဋ္ဌာသ အစုအပေါင်းမျှသာ ဖြစ်သည်။ နောက်၌လည်း ကောဋ္ဌာသ အစိတ်အစိတ်ဖြင့် ခွဲခြား၍ ဟောတော်မူလတ္တံ့ ဖြစ်သည်။

    သွားနေသော အခိုက်အတန့်နည်းတူ ရပ်နေသော အခိုက်အတန့်, ထိုင်နေသော အခိုက်အတန့်, အိပ်နေသော အခိုက်အတန့်တို့၌ ကွေးခြင်း, ဆန့်ခြင်း, လှုပ်ရှားခြင်းသည် ရပ်လိုသောစိတ်, ထိုင်လိုသောစိတ်, အိပ်လိုသောစိတ်ကြောင့်ဖြစ်သော စိတ္တဇ၀ါယောဓာတ် တွန်းကန်မှုကြောင့် ရပ်ခြင်း, ထိုင်ခြင်း, အိပ်ခြင်းဟူသော ဣရိယာပုတ်ပြောင်းလွဲခြင်းဖြင့် ရုပ်အပေါင်းအစုကြီးသည် ရပ်, ထိုင်, အိပ်သည်ဟု ဆိုရသည်။ မိန်းမဟူသော ပညတ်, ယောက်ျားဟူသော ပညတ်အနေဖြင့် ရပ်သည်, ထိုင်သည်, အိပ်သည်, လှုပ်ရှားသည်ဟု မဆိုရ။ ပရမတ္တဖြစ်သော ရုပ်အစုကြီး လှုပ်ရှားခြင်းမျှသာဖြစ်သည် ဟူ၍ ဟောတော်မူခြင်း ဖြစ်သည်။

မိန်းမယောက်ျားက ပညတ်၊ ရုပ်-နာမ်က ပရမတ်

    ဤဂါထာဒေသနာတော်၌ လှုပ်ရှားလိုသောစိတ်သည် ၀ိညာဏက္ခန္ဓာဖြစ်သည်။ ထိုစိတ်နှင့်ယှဉ်သော ဝေဒနာသည် ဝေဒနာက္ခန္ဓာဖြစ်သည်။ သညာသည် သညာက္ခန္ဓာဖြစ်သည်။ ဖဿ, စေတနာ စသော စေတသိက်တို့သည် သင်္ခါရက္ခန္ဓာ ဖြစ်သည်။ စိတ်ကြောင့်ဖြစ်သော ၀ါယောဓာတ်နှင့်တကွ ကောဋ္ဌာသရုပ်အစုအပေါင်းသည် ရူပက္ခန္ဓာ ဖြစ်သည်။ သွား, ရပ်, ထိုင်, အိပ် စသည်ဖြင့် လှုပ်ရှားနေသော ကိုယ်ကို ခွဲခြား၍ကြည့်လျှင် ဤခန္ဓာငါးပါးသာရှိသည်။ မိန်းမ, ယောက်ျား မရှိ။ ရုပ်, နာမ် အားဖြင့် ၂-ပါးသာရှိသည်။ မိန်းမ, ယောက်ျား မရှိ။ ပရမတ္တဖြစ်သော ရုပ်နာမ်အပေါင်း၌ အမည်နာမပညတ်အားဖြင့် တင်စား၍ ယောက်ျား, မိန်းမ, ပုဂ္ဂိုလ်, သတ္တ၀ါဟူ၍ ခေါ်ယူသုံးစွဲခြင်းသာလျှင်ဖြစ်သည်ဟူ၍ ပညတ်နှင့် ပရမတ်ကို ခွဲခြား၍ ဟောတော်မူခြင်း ဖြစ်သည်။ မိန်းမ, ယောက်ျား ဟူသည်ကား အမည်နာမပညတ်၊ ရုပ်နာမ်တရား အစုအပေါင်းကား ပရမတ္တ- ဤသို့မှတ်ပါ။

    ဤသည်ကား “ကာယ၀ိစ္ဆိန္ဒနိက” သုတ်၌ အစအဦးဖြစ်သော ဂါထာဒေသနာတော်တည်း၊ ကာယ၀ိစ္ဆိန္ဒနိက၏ အဓိပ္ပါယ်မှာ ကိုယ်၌တပ်မက်တွယ်တာနှစ်သက်သော တဏှာရာဂကို ပယ်ဖြတ်ခြင်း၌ စွမ်းနိုင်သောသုတ်ဟု ဆိုလိုသည်။ ဤသုတ်ကို အကြိမ်ကြိမ်လေ့လာသော ယောဂီသည် မိမိ၏ရူပကာယ၌ ငါ၏ ရုပ်သည် လှပသည်, တင့်တယ်သည်, ချောမောသည်, ပြေပြစ်သည်, ရှုချင်ဖွယ်ရှိသည်, ပြည့်ဖြိုးသည်, ဖြူစင်သည် စသည်ဖြင့် တပ်မက်ခြင်း, တွယ်တာခြင်း, ယုယခြင်း, နှစ်သက်ခြင်း, သာယာခြင်းတို့ဖြင့် စွဲလမ်းသောတဏှာလောဘကို ပယ်သတ်နိုင်သဖြင့် ဇာတိ, ဇရာ, မရဏ စသော ဒုက္ခတို့၏ ငြိမ်းရာချုပ်ရာဖြစ်သော နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်မည်ဖြစ်သောကြောင့် “ကာယ၀ိစ္ဆိန္ဒနိက” သုတ်ကို အလေးဂရုပြုကာ နှလုံးသွင်းထိုက်လှပေသည်။

ဤသုတ်ကို နှစ်ဌာန၌ ဟောတော်မူခြင်း

    ကာယ၀ိစ္ဆိန္ဒနိကသုတ်ကို မြတ်စွာဘုရားသည် အကြောင်းမဲ့ ဟောတော်မူသည်ကား မဟုတ်ချေ။ အကြောင်းအားလျော်စွာ ဟောတော်မူသည် ဖြစ်သောကြောင့် ဤသုတ်၏ အကြောင်း အတ္ထုပ္ပတ္တိနိဒါန်းကို ကြိုတင်ကာ သိသင့်ကြသည်ဖြစ်၍ နိဒါန်းကို ထုတ်ဆောင်ပြဦးအံ့။

    ဤကာယ၀ိစ္ဆိန္ဒနိကသုတ်ကို မြတ်စွားဘုရားသည် ဌာနအားဖြင့် နှစ်ဌာနတို့၌ ဟောတော်မူသည်။ တစ်ဌာနကား သာဝတ္ထိမြို့ ဖြစ်သည်။ နောက်တစ်ဌာနကား ရာဇဂြိုလ်မြို့ ဖြစ်သည်။

(၁)  သာဝတ္ထိမြို့၌ ဇနပဒကလျာဏီ နန္ဒာထေရီကို အကြောင်းပြု၍ ဟောတော်မူသည်။
(၂)  ရာဇဂြိုလ်မြို့၌ အညတရ ရဟန်းတစ်ပါးကို အကြောင်းပြု၍ ဟောတော်မူသည်။

နန္ဒာမင်းသမီး ၃-ဦး ရဟန်းပြုခြင်း

သာဝတ္ထိမြို့၌ ဟောတော်မူခြင်း

    မြတ်စွာဘုရားသည် ဒေသစာရီကြွချီတော်မူရာ အစဉ်အတိုင်းအားဖြင့် ကပိလ၀တ် နေပြည်တော်သို့ရောက်၍ သာကီဝင်မင်းတို့ကို ဟောပြောဆုံးမတော်မူပြီးလျှင် နန္ဒာမင်းသား စသည်တို့ကို ရဟန်းပြုတော်မူစေပြီးကာလ မာတုဂါမတို့အား ရဟန်းအဖြစ်ကို ခွင့်ပြုတော်မူလေသော် အရှင်အာနန္ဒာ၏ နှမတော် နန္ဒာခေမက သာကီဝင်မင်းသမီး၊ အဘိရူပနန္ဒာ၊ ဇနပဒကလျာဏီနန္ဒာ ဟူသော နန္ဒာအမည်ရှိ မင်းသမီးသုံးယောက်တို့သည် မြတ်စွာဘုရားထံ ရဟန်းပြုကြကုန်၏။ ထိုမင်းသမီးတို့ ရဟန်းပြုသောအခါ မြတ်စွာဘုရားသည် သာဝတ္ထိမြို့၌ သီတင်းသုံးတော်မူသည်။

    ထိုမင်းသမီး သုံးယောက်တို့တွင် အဘိရူပနန္ဒာသည် လွန်စွာအဆင်းလှသောကြောင့် အဘိရူပနန္ဒာဟု အမည်တွင်၏။ ဇနပဒကလျာဏီနန္ဒာမူကား အဆင်းအားဖြင့် မိမိနှင့်တူသောသူကို မမြင်ဟု ဆိုသည်။ ထိုမင်းသမီး ဘိက္ခုနီနှစ်ယောက်တို့သည် မိမိတို့၏ ရုပ် ရူပကာယ အဆင်းလှပခြင်း၌ ယစ်ကြသောကြောင့် မြတ်စွာဘုရားထံတော်သို့ မသွားကြကုန်။ မြတ်စွာဘုရားကို မဖူးကြ။ တရားတော်ကိုလည်း သွားရောက်မနာကြကုန်။ အဘယ်ကြောင့်နည်းဟူမူ မြတ်စွာဘုရားသည် အဆင်းလှခြင်းကို ကဲ့ရဲ့တော်မူသည်။ များစွာသောအကြောင်းတို့ဖြင့် အဆင်း၏ အပြစ်ကို ပြောဟောတော်မူသည်။ သို့ဖြစ်ပါ၍ အဆင်း၌တပ်မက်မူးယစ်ခြင်း သဘောရှိသော ဤမင်းသမီး ဘိက္ခုနီနှစ်ယောက်တို့သည် မြတ်စွာဘုရားထံတော်သို့ ဖူးမြော်ရန်၊ တရားနာရန် မသွားကြခြင်းဖြစ်သည်။

    ယင်းသို့ဖြစ်လျက် အဘယ်ကြောင့် ရဟန်းပြုကြသနည်းဟူမူ အဘိရူပနန္ဒာသည် မင်းသားတစ်ဦးနှင့် လက်ထပ်ထိမ်းမြားသောနေ့၌ လင်ဖြစ်သောမင်းသားသည် သေလွန်လေသည်။ ထိုအခါ မိဘတို့က အဘိရူပနန္ဒာ အလိုမတူဘဲ အဘိရူပနန္ဒာကို ရဟန်းပြုစေသောကြောင့် ရဟန်းအဖြစ်သို့ရောက်ခြင်းဖြစ်သည်။ ဇနပဒကလျာဏီနန္ဒာမူကား အရှင်နန္ဒထေရ် အရဟတ္တဖိုလ်ရောက်လေသော် ဇနပဒကလျာဏီ၌ အာသာဆန္ဒပြတ်သည်ဖြစ်၍တစ်ကြောင်း၊ အရှင်နန္ဒထေရ်၏မယ်တော် မဟာမဇာပတိဂေါတမီနှင့် အခြားဆွေတော်မျိုးတော်တို့ ရဟန်းပြုကြကုန်သည်ဖြစ်ရာ ဆွေမျိုးတို့နှင့်ကင်း၍ အိမ်၌နေခြင်းသည် မပျော်ပိုက် စိတ်သက်သာရာ မရသောကြောင့်တစ်ကြောင်း ရဟန်းပြုခြင်းဖြစ်သည်။ သို့ဖြစ်၍ အဘိရူပနန္ဒာနှင့် ဇနပဒကလျာဏီနန္ဒာတို့သည် သဒ္ဓါပဗ္ဗဇိတတို့ မဟုတ်ကြဟုဆိုသည်။

အလှည့်ကျ တရားနာရခြင်း

    မြတ်စွာဘုရားသည် မဟာကရုဏာသမာပတ္တိဉာဏ်တော်ဖြင့် ဝေနေယျတို့ကို ရှုာကြည့်တော်မူရာ အဘိရူပနန္ဒာ, ဇနပဒကလျာဏီနန္ဒာစသော ရဟန်းမိန်းမတို့သည် ဉာဏ်ရင့်ကျက်သည်ကို သိမြင်တော်မူသဖြင့် ရဟန်းမိန်းမအားလုံးတို့သည် ငါဘုရားထံတော်၌ အဆုံးအမသြ၀ါဒ ခံယူခြင်းငှာ အစဉ်အတိုင်းအလှည့်ကျလာရောက်ကြရမည်၊ လာစေကြရမည်ဟု မဟာပဇာပတိ ဂေါတမီထေရီအား မိန့်တော်မူသည်။ အဘိရူပနန္ဒာနှင့် ဇနပဒကလျာဏီနန္ဒာတို့သည် တရားနာယူရန်, သြ၀ါဒခံယူရန် မိမိတို့အလှည့်ရောက်သော်လည်း မိမိကိုယ်တိုင် မသွားကြဘဲ သူတစ်ပါးစေလွှတ်ကြကုန်၏။ မြတ်စွာဘုရား သိရှိတော်မူသဖြင့် မိမိအလှည့်ရောက်သောသူသည် ကိုယ်စား သူတစ်ပါးကို စေလွှတ်ခြင်းမပြုကြရ၊ ကိုယ်တိုင်လာကြရမည်ဟု ထပ်မံမိန့်ကြားတော်မူလေသည်။

အဘိရူပနန္ဒာ ရဟန္တာမ ဖြစ်ခြင်း

    ယင်းသို့မိန့်ကြားတော်မူသည်ဖြစ်၍ အခါတစ်ပါး၌ အဘိရူပနန္ဒာသည် သြ၀ါဒတရားနာယူရန် မြတ်စွာဘုရားထံသို့ ကိုယ်တိုင် လိုက်သွားလေသသည်။
    မြတ်စွာဘုရားသည် အဘိရူပနန္ဒာကို ဖန်ဆင်းအပ်သော နတ်သမီး အဆင်းသဏ္ဌာန်ဖြင့် ထိတ်လန့်စေပြီးကာလ -
    အဋ္ဌီနံ နဂရံ ကတံ၊ မံသ လောဟိတ လေပနံ။
    ယတ္ထ ဇရာ စ မစ္စု စ၊ မာနော မက္ခော စ သြဟိတော။
   
    နန္ဒေ- နန္ဒာ၊ ကဋ္ဌာနိ- သစ်သားတို့ကို၊ ဥဿာပေတွာ- စိုက်ထူ၍၊ ၀လ္လိဗဒ္ဓံ- ကြိမ်နွယ်ဖြင့် ဖွဲ့အပ်သော၊ မတ္တိကာလေပနံ- မြေစိုင်ဖြင့် လိမ်းကျံအပ်သော၊ နဂရံ- ကောက်ပဲထည့်စရာ ပကတိသော အိမ်ကို၊ ကရောန္တိယထာ- ပြုလုပ်ကြကုန်သကဲ့သို့၊ တထာ- ပမာပုံမူ ထို့အတူ၊ အဋ္ဌီနံ- သုံးရာသော အရိုးတို့ကို၊ ဥဿာပေတွာ- စိုက်ထူ၍၊ နှာရုဝိနဒ္ဓံ- သုံးရာသောကြောတို့ဖြင့် ဖွဲ့ယှက်ရစ်ပတ်အပ်သော၊ မံသလောဟိတလေပနံ- ကိုးရာသောသားတစ်, တစ်ပြည်မျှလောက်သော သွေးတို့ဖြင့် လိမ်းကျံအပ်သော၊ နဂရံ- ရူပကာယလ ခန္ဓာကိုယ်တည်းဟူသောအိမ်ကို ၊ ကတံ- ပြုအပ်၏။ ယတ္ထ- အကြင်အိမ်၌၊ ဇရာစ- ဆိုးရွားဟောင်းမြင်း အိုမင်းမှည့်ပျော် ရင့်ရော်ခြင်းလည်းကောင်း၊ မစ္စုစ- စုတေပျက်ကြွေ သေလွန်ခြင်းလည်းကောင်း၊ မာနောစ- မာန်တကြွားကြွား ငါတကားဟု ထောင်လွှားခြင်းလည်းကောင်း၊ မက္ခောစ- ကောင်းစွာပြုသောသူ့ကျေးဇူးကို ချေခြင်းလည်းကောင်း၊ ဣတိ- ဤသို့၊ ဧ၀ရူပေါ- ဤသို့သဘောရှိသော၊ အာဗာဓော- ဇရာမစ္စုတည်းဟူသော ကိုယ်၏ အနာဟူသော ကျင်နာခြင်းကို၊ သြဟိတော- ထည့်သွင်းသိုလှောင်အပ်သတည်း။ ဤဓမ္မပဒလာ ဒေသနာတော်ဖြင့်လည်းကောင်း။

(က) အာတုရံ အသုစိံ ပုတိံ၊ ပဿ နန္ဒေ သမုဿယံ၊ ဥဂ္ဃရန္တံ ပဂ္ဃရန္တံ ၊ ဗာလာနံ အဘိပတ္ထိတံ။
( ခ) အနိမိတ္တဉ္စ ဘာဝေဟိ၊ မာနနုသယ-မုဇ္ဇဟ။ တတော မာနာ-ဘိသမယာ၊ ဥပသန္တာ စရိဿတိ။

    (က) နန္ဒေ-နန္ဒာ၊ အာတုရံ- ကျဉ်နာသော၊ အသုစိံ- မစင်ကြယ်သော၊ ပုတိံ- ပုပ်သိုးသော၊ ဥဂ္ဃရန္တံ- အထက်သို့ လျှံတက်ယိုစီးသော၊ ပဂ္ဃရန္တံ- အောက်သို့သက်၍ ယိုထွက်သော၊ သမုဿယံ- ကိုယ်ကို၊ ပဿ- ရှုစမ်းလေလော့၊ နံသမုဿယံ- ကျဉ်နာခြင်း စသည်ရှိသော ထိုကိုယ်ကို၊ ဗာလာ-ဗာလေဟိ- အမြင်မှောက်မှား ပုထုဇဉ် လူမိုက်များတို့သည်၊ အဘိပတ္ထိတံ- လွန်စွာတောင့်တအပ်၏။

    ( ခ) အနိမိတ္တဉ္စ- နိစ္စနိမိတ် စသည်မှကင်းသော အနိစ္စာနုပဿနာကိုလည်း၊ ဘာဝေဟိ- ပွားစေလော့၊ မာနနုသယံ- ကိုယ်သန္တာန်၌ကိန်းသော အဆင်းစသည်၌ ယစ်ခြင်းမာန်ကို၊ ဥဇ္ဇဟ- ပယ်စွန့်လေလော့၊ တတော မာနာဘိသမယာ- ထိုအနိစ္စာနုပဿနာကို ပွားစေခြင်း, မာန်ကိုပယ်ခြင်းကြောင့်၊ ဥပသန္တာ- ကိလေသာငြိမ်းသည်ဖြစ်၍၊ တွံ- သင်သည်၊ စရိဿတိ- နေရပေတ္တံ့။

    ဤထေရီအပဒါန်လာ ဒေသနာတို့ဖြင့်လည်းကောင်း ဟောတော်မူသည်ဖြစ်၍ အဘိရူပနန္ဒာထေရီသည် အစဉ်အတိုင်း အရဟတ္တဖိုလ်သို့ ဆိုက်ရောက်တော်မူလေပြီ။
    ဤပြဆိုအပ်ပြီးသော တရားအစဉ်ဖြင့် အဘိရူပနန္ဒာထေရီ ရဟန္တာမ အဖြစ်သို့ရောက်သော အတ္ထုပ္ပတ္တိတည်း။

ဇနပဒကလျာဏီ နန္ဒာထေရီအကြောင်း

    သာဝတ္ထိမြို့သူမြို့သားတို့သည် ဇေတ၀န်ကျောင်းတော်သို့ သွားကြကာ နံနက်ခင်း၌ သံဃာတော်များအား ဆွမ်းခဲဖွယ်ဘောဇဉ်တို့ကို ကပ်လှူကြခြင်း, ဥပုသ်သီလဆောက်တည်ခြင်းတို့ကို ပြုကြပြီးနောက် ညနေချမ်းအချိန်၌ ပန်းနံ့သာစသည်တို့ကို ယူဆောင်၍ ဇေတ၀န်ကျောင်းတော်သို့ တရားနာရန်သွားကြကုန်၏။ တရားစကားကြားနာကြပြီးကာလ မြတ်စွာဘုရားကို ဖူးမြော်ကန့်တော့၍ မြို့တွင်းပြန်ကြစဉ် မြတ်စွာဘုရား၏ ဂုဏ်တော်၊ ကျေးဇူးတော်တို့ကို ၀မ်းသာအားရ အချင်းချင်း ပြောဆိုကြကာ သွားကြကုန်၏။ ဘိက္ခုနီမတို့သည်လည်း မြတ်စွာဘုရားကို ဖူးမြော်ခြင်း၊ တရားနာယူခြင်း ပြုကြပြီး၍ ဘိက္ခုနီကျောင်းသို့ ပြန်ရောက်ကြလျှင် မြတ်စွာဘုရား၏ ရူပကာယတော်မှစ၍ ကျေးဇူးတော် ဂုဏ်တော်တို့ကို အချင်းချင်း ပြောကြားကြကုန်၏။

မြတ်စွာဘုရားကို ကြည်ညိုခြင်း ၄-မျိုး

    မြတ်စွာဘုရားကို ကြည်ညိုမြတ်နိုးသူတို့သည် အမျိုးစားအားဖြင့် လေးမျိုးရှိ၏။ ထိုလေးမျိုးတို့ အသီးသီး ကြည်ညိုပုံကို မှတ်သားသင့်ပေသည်။ လေးမျိုးဟူသည်မှာ -

(၁) လက္ခဏာတော်ကြီးငယ်, ခြောက်သွယ်သောရောင်ခြည်တော်တို့ဖြင့် ကျက်သရေပြည့်ကြွယ် သပ္ပာယ်သော ရူပကာယတော်ကို ဖူးမြော်ရ၍ ကြည်ညိုသောသူတစ်မျိုး။
(၂) မြတ်စွာဘုရားသည် အလောင်းတော်အဖြစ်နှင့် ပါရမီတော်တို့ကိုဖြည့်စဉ် ထိုထိုဘ၀၊ ထိုထိုဇတ်တော်တို့ကို ဟောကြားတော်မူသည်ကို မှီ၍ဖြစ်သော ကျေးဇူးသတင်း၊ ကျော်စောခြင်းကိုလည်းကောင်း၊ သန့်ရှင်းသော အသံတော်, သာယာသော အသံတော်, သိလွယ်တော် အသံတော်, ကြားနာချင်ဖွယ်ရှိသော အသံတော်, ဖရိုဖရဲ မကြဲသော အသံတော်, စည်းလုံးသော အသံတော်, နက်ရှိုင်းသော အသံတော်, ပဲ့တင်ထပ်သော အသံတော်ဟူ၍ အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသော အသံတော်ကို ကြားနားရခြင်းကိုလည်းကောင်း အကြောင်းပြု၍ ကြည်ညိုသောသူတစ်မျိုး။
(၃) ပံသုကူလ ဓုတင်ဆောင်ခြင်း အစရှိသော ခေါင်းပါးသောအကျင့်သိက္ခာတော်ကို အကြောင်းပြု၍ ကြည်ညိုသောသူတစ်မျိုး။
(၄) သီလဂုဏ်တော်, သမာဓိဂုဏ်တော်, ပညာဂုဏ်တော် စသော ဓမ္မဂုဏ်တော်ကို  အကြောင်းပြု၍ ကြည်ညိုသောသူတစ်မျိုး။

    ဤသို့အားဖြင့် မြတ်စွာဘုရားကို ကြည်ညိုသောသူတို့သည် လေးမျိုးရှိကုန်၏။ မြတ်စွာဘုရားကို ကြည်ညိုသူတို့တွင် -

(၁) လက္ခဏာတော်ကြီးငယ်တို့ဖြင့် ဖူးမျှော်၍မငြီးအောင် တင့်တယ်သပ္ပာယ်တော်မူသော ရူပကာယတော်ကို အာရုံပြု၍ ကြည်ညိုသောသူတို့သည် သုံးပုံမှာ နှစ်ပုံရှိသည်ဟုဆိုသည်။
(၂) တရားဟောပြောတော်မူရာ၌ အသံတော်ကို အာရုံပြု၍ ကြည်ညိုကြသောသူတို့သည်ကား ငါးပုံမှာ လေးပုံရှိသည်ဟုဆိုသည်။
(၃) ဓုတင်ဆောက်ခြင်း အစရှိသော ခေါင်းပါးသောအကျင့်ကို အာရုံပြု၍ ကြည်ညိုကြသောသူတို့သည်ကား ဆယ်ပုံမှာ ကိုးပုံရှိသည်ဟု ဆိုသည်။
(၄) သီလ, သမာဓိ, ပညာ စသော ဂုဏ်တော်တို့ကို အာရုံပြု၍ ကြည်ညိုကြသောသူတို့သည်ကား  အပုံတစ်ထောင်မှာ တစ်ပုံသာရှိသည်ဟုဆိုသည်။

နန္ဒာထေရီ တရားနာလာခြင်း

    မြတ်စွာဘုရားကျောင်းတော်မှာ မြတ်စွာဘုရား၏ တရားစကားတော်များကို ကောင်းမွန်စွာကြားနာပြီးကာလ ပြန်လာကြသော ဥပါသကာ, ဥပါသိကာမများထံမှလည်းကောင်း၊ တရားနာပြန်ဘိက္ခုနီမများထံမှ လည်းကောင်း၊ မြတ်စွာဘုရား၏ အဖုံဖုံ အစုံစုံသော ဂုဏ်တော်တို့နှင့် စပ်သော သတင်းစကားတို့ကို ကြားသိရသော ဇနပဒကလျာဏီ နန္ဒာထေရီသည် ဤသို့ အကြံဖြစ်လေသည်။ (ဤမှနောက်၌ ဇနပဒကလျာဏီနန္ဒာကို  နန္ဒာထေရီဟူ၍ ရေးသားသုံးစွဲသွားမည်။) အဘယ်သို့ဖြစ်သနည်းဟူမူ ဤသူဤသူတို့သည် ငါ၏မောင်တော်ဖြစ်သော မြတ်စွာဘုရား၏ ဂုဏ်တော် ကျေးဇူးတော်တို့ကို  ခံတွင်းမဆန့် အံ့သြချီးကျူးပြောဆိုကြသည်။ မြတ်စွာဘုရားသည် တစ်နေ့ပတ်လုံး ရုပ်ရည်အဆင်းလှပခြင်း၏ အပြစ်ကို ဆိုချင်ဆိုစေ၊ ငါသည် အဖေါ်ဘိက္ခုနီမတို့နှင့် အတူသွား၍ မိမိကိုယ်ကို မပြဘဲ မောင်တော်မြတ်စွာဘုရားကို ဖူးမြော်ကာ တရားတော်ကိုနာယူမည်ဟု အကြံဖြစ်၍ အဖေါ်ဘိက္ခုနီတို့အား မိမိတရားနာလိုက်မည်ဖြစ်ကြောင်းကို ပြောကြားလေသည်။ အဖေါ်ဘိက္ခုနီတို့က “ဤနန္ဒာထေရီသည် ယခင်က တရားနာမလိုက်စဖူး၊ ကြာမြင့်စွာနေ၍ ယနေ့မှတရားနာလိုက်၍ မြတ်စွာဘုရားထံ ဆည်းကပ်လို၏။ ယနေ့ နန္ဒာထေရီကို အကြောင်းပြု၍ မြတ်စွာဘုရားသည် ဆန်းကြယ်သော တရားစကားတော်ကို ဟောတော်မူရာသည်”ဟု ၀မ်းမြောက်ဝမ်းသာ ဖြစ်ကြလျက် နန္ဒာထေရီကို အတူခေါ်ကာ မြတ်စွာဘုရားထံသို့ တရားနာယူရန် သွားကြကုန်၏။

    နန္ဒာထေရီကမူကား ဘိက္ခုနီကျောင်းမှ ထွက်သည်ကစ၍ ငါသည် မောင်တော်ဘုရား၏ တရားတော်ကိုပင် ကြားနာသော်လည်း ငါ့ကိုယ်ကိုသော်ကားမပြအံ့ဟု နှလုံးသွင်းကာသွား၏။ မြတ်စွာဘုရားသည် ယနေ့ နန္ဒာထေရီသည် ငါ့ထံသို့ တရားနာလာပေလိမ့်မည်။ နန္ဒာထေရီအား အဘယ်တရား ဒေသနာသည် လျောက်ပတ်လေသနည်းဟု ဆင်ခြင်တော်မူလျှင် နန္ဒာထေရီသည်ကား အဆင်း၌ အလေးပြုသူဖြစ်သည်။ မိမိကိုယ်အဆင်း၌ လွန်မင်းစွာ တပ်မက်ခြင်း, ချစ်ခြင်း ရှိသူဖြစ်သည်။ သို့ကြောင့် ဆူးတစ်ခုဖြင့် ဆူးတစ်ခုကို ထွင်သကဲ့သို့ အဆင်းဖြင့်သာလျှင် သူ၏အဆင်း၌ တပ်မက်ခြင်း, ယစ်ခြင်းကို ပယ်မှုသည် လျောက်ပတ်သင့်မြတ်ပေသည်ဟု ဆင်ခြင်တော်မူလေသည်။

နိမ္မိတ သတို့သမီးဖေါက်ပြန်ပုံပြခြင်း

    နန္ဒာထေရီ ဘုရားကျောင်းတော်သို့ရောက်၍ မြတ်စွာဘုရားရှေ့တော်ပရိသတ်အတွင်းသို့ ၀င်ရောက်သောအခါ အသက် ၁၆-နှစ်ရွယ်ဖြင့် အလွန်လှပတင့်တယ် ရှုမောဖွယ်ရှိသော သတို့သမီးကို ခပ်သိမ်းသောအဆင်တန်ဆာတို့ဖြင့် ဆင်ယင်ကာ မြတ်စွာဘုရားကို ယပ်လေခတ်၍နေဟန် ဖန်ဆင်း၍ပြတော်မူသည်။ နိမ္မိတဖြစ်သော သတို့သမီးကို မြတ်စွာဘုရားနှင့် နန္ဒာထေရီသာလျှင် မြင်ကြရသည်။ နန္ဒာထေရီသည် ဘိက္ခုနီတို့အကြား နောက်ပါးကနေလျက် မြတ်စွာဘုရားအား ခြေတော်ဖျားမှ ဆံတော်ဖျားတိုင်အောင် ဖူးမြော်ကြည်ညိုသောအခါ မြတ်စွာဘုရားသည် ဖန်ဆင်းတော်မူအပ်သော နိမ္မိတဖြစ်သော လှပတင့်တယ်ရှုချင်စဖွယ်ရှိသော သတို့မီးကိုမြင်၍ မိမိကိုယ်ကို ပြန်လည်ကြည့်လေသော် ရွှေဟင်္သာအနီး၌ ကျီးကန်းမနှင့် အလားတမူတူလျက်ရှိသော မိမိကိုယ်ကိုမြင်၍ နိမ္မိတဖြစ်သော သတို့သမီး၏ အဆင်းအာရုံ၌ အလွန်အမင်း ပြင်းပြစွာ သာယာတပ်မက်ခြင်း ဖြစ်လေသည်။

    နန္ဒာထေရီသည် ထိုသတို့သမီး၏ ရူပါရုံ၌ ပြင်းပြစွာ သာယာနှစ်သက်တပ်မက်သည်ကို မြတ်စွာဘုရား သိရှိတော်မူသောကာလ တရားဟောတော်မူစဉ်၌ပင် ထိုသတို့သမီးကို ၁၆-နှစ် အရွယ်မှလွန်စေ၍ အသက် ၂၀-အရွယ်ဖြစ်စေကာ ပြတော်မူ၏။ နန္ဒာထေရီသည် သတို့သမီး၏ ရူပါရုံကိုကြည့်ရှုလျက် ယခင်အဆင်းရူပါရုံနှင့် မတူလေပြီဟု နှလုံးသွင်း၍ ပြင်းပြစွာ တပ်မက်ခြင်းလျော့ကာ စိတ်ပြောင်းလဲသွား၏။ မြတ်စွာဘုရားသည်လည်း နိမ္မိတရုပ်ကို အသက် ၂၀-ရွယ်မှသည် တစ်ကြိမ် သားဖွားပြီးသောအရွယ်, မိန်းမလတ် အရွယ်, မိန်းမကြီးအရွယ်အားဖြင့် အစဉ်အတိုင်း အိုရုပ်အိုရည် တဖြည်းဖြည်း ပြောင်းလဲလာသည်နှင့်အမျှ ထိုရူပါရုံ၌ တပ်မက်တွယ်တာ နှစ်သက်သာယာခြင်းသည်လည်း အားနည်းလျော့ပါး၍ လာလေသည်။

နန္ဒာထေရီ ကာယာနုပဿနာရှုမြင်ခြင်း

    နိမ္မိတဖြစ်သော မိန်းမရုပ်သည် အိုမင်းခြင်း, သွားကျိုးဆံဖြူခြင်း, ဒယိမ်းဒယိုင်, ခနော်ခနဲ့ရှိခြင်း, အိမ်အမိုးအခြင်ရနယ်ကဲ့သို့ အသားအရေကျ၍ နံရိုးကျဲကျဲရှိခြင်း, ထို့နောက် တုန်တုန်ရီရီဖြင့် တောင်ဝှေးကိုင်စွဲကာ လှုပ်ရှားခြင်းတို့ကို မြင်သောအခါ၌ကား ထို ရူပါရုံ၌တပ်မက်သော ဆန္ဒအာသာ အလွန့်အလွန် နည်းပါးသွားလေတော့သည်။ ထိုအချိန်၌ မြတ်စွာဘုရားသည် နိမ္မိတဖြစ်သော မိန်းမရုပ်ကို ရောဂါသည်းထန်စွာခံစားသောပုံ, တောင်ဝှေးကိုပစ်ကာ မြေ၌လဲလျောင်း၍ မသက်မသာ သည်းတွားမြည်တမ်းရသောပုံ, မိမိ၏ကျင်ငယ်ထဲ၌ လူးလဲနေရသော ပုံသဏ္ဌာန်တို့ကို ဆက်ကာဆက်ကာ ပြတော်မူသည်။ နန္ဒာထေရီသည်လည်း ထိုရူပါရုံ၌ တပ်မက်နှစ်သက်ခြင်း, တဏှာလောဘနှင့် ယှဉ်သောစိတ်သည် ခေါင်းပါးသည်ထက် ခေါင်းပါး၍ လာလေတော့သည်။

    ထို့နောက် မြတ်စွာဘုရားသည် နိမ္မိတမိန်းမရုပ်ကို  သေလွန်သောပုံ, ဖူးဖူးရောင်သောကိုယ်ရှိသောပုံ, ခန္ဓာကိုယ်၏ အမာဝ ကိုးပေါက်တို့မှ သွေးပုပ်ပြည်ပုပ်တွေ ယိုစီးလျက် ပိုးလောက်တွေ တဖွားဖွားကျ၍ ကျီး, စွန်, လင်းတတို့ လုယက်ကိုက်ခဲကြသောပုံတို့ကို ပြတော်မူသည်။ နန္ဒာထေရီသည် ဤသို့ ဆင်ခြင်မိလေသည်။ အဘယ်သို့ ဆင်ခြင်မိသနည်းဟူမူ ဤမိန်းမသည် ဤနေရာဌာန ငါ၏မျက်မှောက်၌ပင်လျှင် အိုခြင်း, နာခြင်း, သေခြင်းသို့ ရောက်လေသည်။ ဤ မိန်းမကဲ့သို့ပင်လျှင် ငါ၏ ခန္ဓာကိုယ်သည်လည်း အိုခြင်း, နာခြင်း, သေခြင်း သဘောသို့ ဧကန်မလွဲ ရောက်ရပေဦးအံ့ဟူ၍ ဆင်ခြင်ကာ မိမိကိုယ်ကို အနိစ္စဟုရှု၏။ ဒုက္ခဟုရှု၏။ အစိုးမရ အနှစ်သာရမရှိ အနတ္တဟု ရှု၏။ ဘုံသုံပါး၌ သုံးပါးသောဘ၀တို့ကို အလျှံပြောင်ပြောင် တောက်လောင်၍နေသော အိမ်ကြီးကဲ့သို့ ဉာဏ်၌ထင်လာ၏။ ခန္ဓာကိုယ်ကြီးကိုလည်း လည်ပင်း၌ဆွဲအပ်သော အကောင်ပုပ်ကဲ့သို့ ထင်မြင်၏။ ကာယာနုပဿနာကမ္မဋ္ဌာန်း အာရုံသို့ ပြေးဝင်သောစိတ် ဖြစ်ပေါ်လာ၏။

နန္ဒာထေရီ တရားထူးရစေသောဂါထာ

    နန္ဒာထေရီ၏ မိမိရူပကာယ၌ အနိစ္စဟုရှုမြင်သည်ကို မြတ်စွာဘုရားသိရှိသောမူသောအခါ နန္ဒာထေရီသည် မိမိကိုယ်တိုင် မိမိ၏ ကိုးကွယ်ရာကို ပြုခြင်းငှာ စွမ်းဆောင်နိုင်ပါမည်လောဟု ဆင်ခြင်တော်မူလျှင် မိမိဘာသာအလျောက်မူကား မစွမ်းဆောင်နိုင်ပေ။ အပဖြစ်သော ငါဘုရားအထံတော်မှ အထောက်အပင့်ရသော်မှသာလျှင် လောကုတ္တရာဘက်သို့ တက်လှမ်းနိုင်မည်ဟု သိရှိတော်မူသဖြင့် နန္ဒာထေရီအား လျောက်ပတ်သော တရားဒေသနာတော်ကို ဟောတော်မူခြင်းငှာ -

(က) အာတုရံ အသုစိံ ပုတိံ၊ ပဿ နန္ဒေ သမုဿယံ။ ဥဂ္ဃရန္တံ၊ ဗာလာနံ အဘိပတ္ထိတံ။   ။
(ခ ) ယထာ ဣဒံ တထော ဧတံ၊ ယထာ ဧတံ တထာ ဣဒံ။
ဓာတုသော သုညတော ပဿ၊ မာ လောကံ ပုနရာဂမိ။
ဘဝေ ဆန္ဒံ ၀ိရာဇေတွာ၊ ဥပသန္တာ စရိဿတိ။    ။
ဟူ၍ ဟောတော်မူသည်။

ဒေသနာဂါထာ အဓိပ္ပါယ်

    နန္ဒာ- ရောဂါ အမျိုးမျိုးတို့ဖြင့် နှိပ်စက်အပ်သည်ဖြစ်၍ ကျဉ်နာသော သဘောရှိသော ကိုယ်ကိုရှုစမ်းလော့။ ကျင်ကြီးကျင်ငယ်တို့ဖြင့် မသန့်မရှင်း မစင်ကြယ်သောကိုယ်ကို ရှုစမ်းလော့။ သွေး, ပြည်, တံတွေး, ချွဲ, နှပ် စသည်တို့ဖြင့် ပုပ်သိုးသောကိုယ်ကို ရှုစမ်းလော့။ အပုပ်ရည် အဖတ်တို့သည် မျက်စိ, နား, နှာခေါင်း, ခံတွင်းတို့မှ လျှံထွက်ယိုစီးလျက်ရှိသောကိုယ်ကို ကျင်ကြီးကျင်ငယ်လမ်းတို့သည် ကျင်ကြီးကျင်ငယ် စသော အညစ်အကြေးတို့သည် ယိုကျလျက်ရှိသောကိုယ်ကို အန္ဓပုထုဇဉ် လူမိုက်တို့သည် ကျောက်မျက်ရတနာတို့ကဲ့သို့လည်းကောင်း, စန္ဒကူးနံ့သာတို့ကဲ့သို့လည်းကောင်း မှတ်ထင်ကြ၍ အမြင်မှားလျက် အလွန်လိုလားတောင့်တကြပေသည်။

    နန္ဒာ- သင်၏ ရူပကာယရုပ်ခန္ဓာသည် မမြဲသောသဘောရှိသကဲ့သို့၊ ရောဂါအပေါင်းနှိပ်စက်၍ ကျဉ်နာခြင်းသဘောရှိသကဲ့သို့၊ ထို့နည်းတူစွာပင်လျှင် သင်ရှုမြင်အပ်သော ဗဟိဒ္ဓဖြစ်သော ရူပကာယရုပ်ခန္ဓာဟူသမျှသည်လည်း  မမြဲခြင်းသဘောရှိကုန်၏။ ကျင်နာခြင်းသဘောရှိကုန်၏။ သင်ရှုမြင်အပ်သော အပဖြစ်သော ဗဟိဒ္ဓရုပ်ခန္ဓာသည် အစဉ်အတိုင်း အပျိုရွယ်, တစ်သားမွေးပြီးအရွယ်, မိန်းမလတ်အရွယ်, မိန်းမကြီးအရွယ် စသည်ဖြင့် ပျိုနုသောရုပ်ကို စွန့်ကာစွန့်ကာ အိုမင်းရင့်ရော်ခြင်း, နာခြင်း, သေခြင်း၏ အစွမ်းဖြင့် ဖူးဖူးရောင်ခြင်း, သွေးပုပ်ပြည်ပုပ်တို့ ပေါက်ပြဲယိုထွက်ခြင်း, ပိုးလောက်တို့ တဖွားဖွားကျခြင်း, အိမ်ခွေး, မြေခွေး, ကျီး, စွန်, လင်းတတို့ လုယက်ဆိတ်ဆွဲ ကိုက်ခဲစားသောက်ခြင်းသဘောသို့ ရောက်သကဲ့သို့, ထို့အတူ အဇ္ဈတ္တဖြစ်သော သင်၏ ရုပ်ခန္ဓာသည်လည်း ပျိုပျစ်နုနယ်သောအရွယ်ကို အစဉ်အတိုင်းစွန့်လျက် ရင့်ရော်အိုမင်းခြင်း, ရောဂါနှပ်စက်၍ ကျင်နာခြင်း, ဇီဝိတိနြေ္ဒချုပ်၍ ဖူးဖူးရောင်ခြင်း၊ သွေးပုပ်ပြည်ပုပ်တို့ ပေါက်ပြဲယိုထွက်ခြင်း၊ ပိုးလောက်ကျခြင်း၊ ခွေး၊ မြေခွေး၊ ကျီး၊ စွန်၊ လင်းတ စသည်တို့ လုယက်ဆိတ်ဆွဲ ကိုက်ခဲစားသောက်ခြင်းသဘောသို့ ရောက်ရပေလိမ့်မည်ဟု ဆင်ခြင်လေတော့။

    အဇ္ဈတ္တဖြစ်သော သင်၏ကိုယ်ကို ပထ၀ီဓာတ် စသောဓာတ်အားဖြင့်လည်း ရှုပါလော့။ ဓာတ်လေးပါး ပရမတ္တ ရုပ်အစုအဝေးမျှသာဖြစ်၍ ငါ့ကိုယ်ပဲ ငါ၏ဥစ္စာပဲဟူ၍ သဘာဝအားဖြင့် ပြဆိုရန်မရှိ။ အတ္တ, အတ္တနိယ သဘောမှ ဆိတ်သော အခြင်းအရာအားဖြင့်လည်း ရှုပါလော့။

    သင်၏ကိုယ်သည် ဓာတ်လေးပါး အစုမျှသာဖြစ်၍ အတ္တ, အတ္တနိယမှ ဆိတ်သုဉ်းသကဲ့သို့ သင်သည် ရှုမြင်အပ်သော ဗဟိဒ္ဓ ရုပ်စုသည်လည်း ဓာတ်လေးပါး အစုအဝေးမျှသာဖြစ်၍ ဘယ်သူ့ကိုယ်ပဲ, ဘယ်ဝါကိုယ်ပဲ, ဘယ်သူ့ဥစ္စာပဲ စသည်ဖြင့်ပြဆိုရန် သဘာဝအားဖြင့်မရှိ။ အတ္တ, အတ္တနိယမှ ဆိတ်သုဉ်းသည်သာတည်းဟု သိပါလော့။

    ကာမုပါဒါန်, ဒိဋ္ဌုပါဒါန်, သီလဗ္ဗတုပါဒါန်, အတ္တ၀ါဒုပါဒါန်တည်းဟူသော ဥပါဒါန်လေးပါးတို့၏ အာရုံဖြစ်သော၊ ၀ါ- လောဘ, ဒိဋ္ဌိတို့၏ အာရုံဖြစ်သော ခန္ဓာလောကသို့ တစ်ဖန် မပြန်လိုပါနှင့်။ ကာမဘ၀, ရူပဘ၀, အရူပဘ၀တို့၌ လိုလားနှစ်သက်ခြင်း ဆန္ဒရာဂကိုပယ်သတ်၍၊ ၀ါ- ကင်းပစေ၍ ကင်းသောကြောင့် သင့်သန္တာန်၌ ဒုက္ခဖြစ်ကြောင်း ကိလေသာတို့ ငြိမ်းအေးသည်ဖြစ်၍ ချမ်းသာစွာနေရပေလတ္တံ့ဟု ဟောတော်မူသည်။

    ဤဂါထာဒေသနာတော်ကို ဟောတော်မူပြီးသည့်အဆုံး၌ နန္ဒာထေရီသည် သောတာပတ္တိဖိုလ်သို့ ရောက်လေသည်။ ထို့နောက် နန္ဒာထေရီ အထက်မဂ်ဖိုလ်သို့ ရောက်စေခြင်းငှာ ၀ိပဿနာကမ္မဋ္ဌာန်းတရားကို ဆက်လက် ဟောကြားတော်မူလိုသည်ဖြစ်၍ ဤ ကာယ၀ိစ္ဆိန္ဒနိကသုတ်ကို နှစ်ဌာန၌ ဟောတော်မူသည်ဆိုခဲ့ရာ ဤ၌ နန္ဒာထေရီကို အကြောင်းပြု၍ သာဝတ္ထိမြို့တွင် ဟောတော်မူခြင်း ဖြစ်သည်။

သီရိမာအား စွဲလမ်းသောရဟန်းကို အကြောင်းပြု၍
ရာဇဂြိုလ်မြို့၌ ဤသုတ်ကို ဟောပြန်ခြင်း

    ရာဇဂြိုဟ်မြို့၌ သာလ၀တီ အမည်ရှိသော ပြည့်တန်ဆာမ၏သမီး၊ ဆရာဇီဝက၏နှမ ပြည့်တန်ဆာမ သီရိမာသည် မြတ်စွာဘုရား၏တရားတော်ကို ကြားနာရသည်ဖြစ်၍ သောတာပန်အဖြစ်သို့ ရောက်လေသည်။ သောတာပန်ဖြစ်သည်မှစ၍ တစ်နေ့တစ်နေ့လျှင် တစ်ဆယ်တန်တစ်ဆယ်တန်ဖြစ်သော ဆွမ်းကို ရဟန်းတော်ရှစ်ပါးတို့အား နေ့စဉ်နိစ္စဘတ်ဝတ်ပြု၍ ကပ်လှူခဲ့လေသည်။

    ထိုအခါ ရဟန်းတော်တစ်ပါးသည် သီရိမာ၏ ဆွမ်းကို အလှူခံယူကာ ဘုဉ်းပေးပြီးကာလ ရာဇဂြိုဟ်မြို့မှ သုံးယူဇနာဝေးသော ကျောင်းတစ်ကျောင်းသို့သွားရာ ညနေချမ်းအချိန်၌  အာဝါသိက ရဟန်းတော်တို့က “ငါ့ရှင်၊ ယနေ့ ဘယ်အရပ်၌ ဆွမ်းခံဘုဉ်းပေးပြီး ကြွလာခဲ့ပါသလဲ”ဟု မေးသဖြင့် “သီရိမာ ဥပါသိကာမအိမ်က ဆွမ်းကိုခံယူကာ ဘုဉ်းပေးခဲ့ကြောင်း, ဆွမ်း, ဆွမ်းဟင်းများ ကောင်းမွန်ကြောင်း, တစ်ပါးအလှူခံယူခဲ့သောဆွမ်းသည် ၃-၄-ပါး စားလောက်ကြောင်း၊ သီရိမာ၏ဆွမ်းကို အလှူခံယူရသည်ထက် သီရိမာကို မြင်ရခြင်းက သာ၍အားရကျေနပ်ဖွယ်ကောင်းကြောင်း”တို့ကို ပြောပြသောအခါ ရဟန်းတစ်ပါးသည် သီရိမာကို မမြင်ရသေးမီကပင် ပြောသံကြားနှင့် တပ်မက်မြတ်နိုးခြင်းဖြစ်ကာ သီရိမာကို ကြည့်ရှုလို မြင်လိုသည်ဖြစ်၍ ရာဇဂြိုဟ်မြို့ ဝေဠုဝန်ကျောင်းတော်သို့ သွား၏။ သီရိမာ အိမ်သို့ ဆွမ်းခံအလှည့်ကျသောနေ့၌ ဆွမ်းခံလိုက်ခွင့်ရလေ၏။

    ထိုရဟန်း သီရိမာ အိမ်သို့ ဆွမ်းခံသွားသောနေ့၌ သီရိမာသည် မကျန်းမာသည်ဖြစ်၍ အိပ်ရာထဲ၌ လဲလျောင်းနေ၏။ ထို့ကြောင့် သီရိမာသည် ၀တ်ဆင်မြဲဖြစ်သော  အဆင်တန်ဆာတို့ကို မ၀တ်မဆင်မူ၍ သာမာန်အ၀တ်အထည်မျှဖြင့် အိပ်လျက်နေလေသည်။ အခြွေအရံမိန်းမတို့ကသာ သံဃာတော်တို့၏ သပိတ်တို့ကိုယူ၍ ပထမ၌ ယာဂုကိုကပ်ကြ၏။ ထို့နောက် ခဲဖွယ်ကိုကပ်၏။ ထို့နောက်မှ သပိတ်၌ ဆွမ်း, ဆွမ်းဟင်းများကို ပြည့်အောင်ထည့်လောင်းစေပြီးလျှင် မိမိကိုယ်တိုင် ရှိခိုးကန်တော့လို၍ အခြွေအရံများကို ဖေးမစေလျက် အိပ်ရာမှ တုန်တုန်ရီရီနှင့်ထကာ သံဃာတော်များကို ရှိခိုးကန်တော့၍ ကပ်လှူလေသည်။

    တောကျောင်းကြွလာပြီး သီရိမာ၏ဆွမ်းကို အလှူခံသော ရဟန်းသည် သီရိမာကိုမြင်လျှင် အ၀တ်အစား အဆင်တန်ဆာ အထူးတလည် ၀တ်စားဆင်ယင်မှု မရှိဘဲလျက်ပင် ဤမျှလောက် လှပတင့်တယ်ပါသေးလျှင် အဆင်တန်ဆာတို့ဖြင့် ၀တ်စားဆင်ယင်လျက် ကျန်းမာစွာရှိပါမူကား အဘယ်မျှလောက် ရှုချင့်စဖွယ် လှပတင့်တယ်ပေလိမ့်မည်နည်းဟု စိတ်၌အကြံဖြစ်မိသည်ဟူ၏။ ထိုအခါ ထိုရဟန်းသန္တာန်၌ သံသရာတစ်လျှောက်က ကိန်းအောင်းလာခဲ့သော ကိလေသာသည် သီရိမာတည်းဟူသော ရူပါရုံကို အကြောင်းပြု၍ ဟုန်းခနဲထကြွဖြစ်ပေါ်လာလေတော့သည်။
    (ဤကဲ့သို့သောအကြောင်းကို ရည်ရွယ်၍ ရဟန်းတော်များသည် ဆွမ်းခံရင်း ငှက်မသင့်စေနှင့်ဟု မိန့်တော်မူကြသည်။ အသုဘကမ္မဋ္ဌာန်း လက်လွတ်သော အပြစ်ပေတည်း။)

    ထိုရဟန်းသည် ကမ္မဋ္ဌာန်းလက်လွတ်ကာ အ၀ိဇ္ဇာနှင့် တဏှာဒဏ်ကို ပြင်းစွာခံယူရသည်ဖြစ်၍ ဆွမ်းမစားနိုင်တော့ဘဲ သပိတ်ကို ခုတင်အောက်ထိုးလိုက်ပြီးလျှင် သင်္ကန်းကို ဦးခေါင်းခြုံကာ အိပ်လေတော့သည်။ ထို့နေ့မှာပင် ညနေဘက်၌ သီရိမာသည် သေဆုံးခြင်းသို့ ရောက်လေသည်။ ဗိမ္ဗိသာရမင်းသည် သီရိမာ သေဆုံးကြောင်းကို မြတ်စွာဘုရားအား လျှောက်ထား၏။ မြတ်စွာဘုရားက သီရိမာ ရုပ်ကလာပ်ကို မီးသဂြိုလ်ခြင်း မပြုစေနှင့်။ သုဿန်၌ ခွေး, ကျီး, လင်းတတို့ မစားအောင် စောင့်ရှောက်ထားစေဟု ဗိမ္ဗိသာရမင်းကြီးထံ မိန့်ကြားတော်မူလိုက်၏။

သီရိမာ အသုဘရှုရန် ရောက်လာကြခြင်း

    လေးရက်မြောက်သောနေ့၌ သီရိမာ၏ကိုယ်သည် ညိုမည်းလျက် ဖူးဖူးရောင်ကာ ၉-ပါးသော အမာဝတို့မှ သွေးပုပ်ပြည်ပုပ်တွေ ယိုစီးလျက်ရှိကုန်၏။ တစ်ကိုယ်လုံးသည် ကွဲအက်ပေါက်ပြဲကာ မြင်မကောင်း ရှုမကောင်း အပုပ်နံ့တဟောင်းဟောင်းထွက်လျက်ရှိ၏။ ထိုအချိန်၌ ဗိမ္ဗိသာရမင်းကြီးသည် မြို့တွင်းသို့ မောင်းကြေးနင်း တီးခတ်ကြေညာစေ၏။ “အိမ်စောင့်ကလေးသူငယ်များကိုသာ အိမ်စောင့်ချန်ထား၍ သီရိမာကို ကြည့်ရှုကြရန် သုဿန်သို့လာကြရမည်။ မလာသူကို ငွေရှစ်ကျပ် ဒဏ်ထားမည်”ဟု ကြေညာစေ၏။ မြတ်စွာဘုရားအမှူးရှိသော သံဃာတော်များကိုလည်း “သီရိမာ၏ အသုဘကိုရှုရန် ကြွတော်မူပါ”ဟု ပင့်လျှောက်စေ၏။

    မြတ်စွာဘုရားသည် ရဟန်းတော်တို့အား သီရိမာ၏ အသုဘကိုရှုရန် သွားကြကုန်အံ့ဟု ပြောကြားစေတော်မူ၏။ သီရိမာအာရုံကြောင့် ဆွမ်းမစားဘဲ သင်္ကန်းခြုံကာ အိပ်နေသောရဟန်းသည်  သီရိမာကို ကြည့်ရှုရန် သွားကြကုန်အံ့ဟူသော စကားကိုကြားလျှင် လေးရက်ဆွမ်းမစားရသဖြင့် ဆာလောင်လျှက်ရှိသော်လည်း ရုတ်ချည်းထကာ သိုးနေသောဆွမ်းကိုသွန်, သပိတ်ကိုဆေးကြော၍ သပိတ်အိတ်၌ ထည့်ပြီးကာလ အဖေါ်ရဟန်းတော်များနှင့်အတူ လိုက်လေ၏။ မြတ်စွာဘုရားသည် ရဟန်းအပေါင်းခြံရံလျက် သီရိမာအလောင်း၏တစ်ဖက်၌ ရပ်တည်တော်မူ၏။ ဘက္ခုနီသံဃာများ, မင်းပရိသတ်, ဥပါသကာ ဥပါသိကာတို့သည်လည်း အခြားတစ်ဖက်၌ နေကြကုန်၏။

    ထိုအခါ မြတ်စွာဘုရားသည် ဗိမ္ဗိသာရမင်းကြီးကို “မင်းကြီး ဤသူကောင်သည် အဘယ်သူဖြစ်သနည်း”ဟု မေးတော်မူ၏။ အရှင်ဘုရား “ဤသူကောင်သည် ဇီဝက၏နှမ သီရိမာ ဖြစ်ပါသည်” ဟုလျှောက်၏။ “မင်းကြီး သီရိမာ ဖြစ်ဘိမူ ငွေတစ်ထောင်ပေး၍ သီရိမာကို ယူကြကုန်ဟု မြို့တွင်းသို့ စည်လည်ကြွေးကြော်စေလော့”ဟု မိန့်တော်မူ၏။ ဗိမ္ဗိသာရမင်းကြီးသည် မြတ်စွာဘုရားမိန့်တော်မူသည့် အတိုင်း စည်လည်ကြွေးကြော်စေ၏။ တစ်ယောက်တလေမျှ သီရိမာကို ယူလိုသူမပေါ်ချေ။ တန်ဖိုးလျှော့၍ ကြွေးကြော်စေသော်လည်း ယူလိုသူမထွက်ပေ။ တစ်ပဲနှစ်ပြားထိ လျှော့၍ပေးသော်လည်း ယူလိုသူ အလျင်းမထွက်ချေ။ အခမဲ့ပေးတော်မူပြန်သော်လည်း မည်သူမျှ မယူကြကုန်။

သီရိမာ အသုဘကောင်ပြ၍ တရားဟောခြင်း

    အခမဲ့ပေးသည့်တိုင်အောင် သီရိမာကို ယူလိုသူမရှိပါကြောင်းကို မြတ်စွာဘုရားအား လျှောက်ထားသောအခါ မြတ်စွာဘုရားသည် ဤသို့မိန့်တော်မူ၏။ “ရဟန်းတို့ .... ကြည့်ကြစမ်းလော့၊ ယခင်က လူအပေါင်းသည် နှစ်သက်မြတ်နိုးသော ဤသီရိမာကို ဤရာဇဂြိုလ်မြို့၌ပင်လျှင် တစ်နေ့အတွက် ပြုစုလုပ်ကျွေးဖို့ရန် ငွေတစ်ထောင်ပေးမှသာလျှင် ရကြကုန်၏။ ယခုအခါ၌မူကား အခမဲ့အလကား ပေးသည်ကိုပင် ယူမည့်သူ ယူလိုသူမရှိဖြစ်ချေသည်။ ဤကဲ့သို့ ချစ်ခင်နှစ်သက် စုံမက်ဖွယ် လှပတင့်တယ်ပါသည်ဟုဆိုရသော ရူပကာယ- ရုပ်အစုသည် ကုန်ခြင်း, ပျက်ခြင်း, ဖောက်ပြန်ခြင်း, ပုပ်သိုးခြင်းသို့ ရောက်ရပေသည်။ ရဟန်းတို့ ..... နာကျင်သောသဘောရှိသော အတ္တဘောကို ရှုကြလော့” ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောတော်မူသည်။

    ပဿ စိတ္တကတံ ဗိမ္ဗံ၊ အရုကာယံ သမုဿိတံ။
    အာတုရံ ဗဟုသင်္ကပ္ပံ၊ ယဿ နတ္ထိ ဓုဝံ ဌိတိ။   ။

    ဘိက္ခဝေ- ရဟန်းတို့၊ စိတ္တကတံ- အ၀တ်တန်ဆာ ပန်းနံ့သာ စသည်တို့ဖြင့် ဆန်းကြယ်စွာ ပြုပြင်ဆင်ယင်အပ်သော၊ ဗိမ္ဗံ- ရှည်သင့်သောအရာ၌ရှည်ခြင်း စသော အင်္ဂါကြီးငယ်တို့ဖြင့်တည်သော အတ္တဘောဟုဆိုအပ်သော၊ သမုဿိတံ- သုံးရာသောအရိုးတို့ဖြင့် စိုက်ဆောက်အပ်သော၊ အာတုရံ- အချင်းခပ်သိမ်း ကျဉ်နာသော၊ ဗဟုသင်္ကပ္ပံ- လူအပေါင်းသည် သုဘ အနေတင့်တယ်လှပသော အခြင်းအရာဖြင့် များစွာကြံစည်အပ်သော၊ အရုကာရံ- ကိုးပါးသော အ၀၏အစွမ်းအားဖြင့် အမာ(အနာ)ဖြစ်၍ ဖြစ်သောကိုယ်ကို၊ ပဿ- ရှုစမ်းကြလော့၊ ယဿ- အကြင်ကိုယ်၏၊ ဓုဝံ- အမြဲ၊ ဌိတိ- တည်ခြင်းသည်၊ နတ္ထိ- မရှိပါတကား။

    ဤဂါထာ ဒေသနာနှင့်တကွ “ကာယ၀ိစ္ဆိန္ဒနိက”သုတ်ကို ရဟန်းတို့အား ဆုံးမခြင်းငှာ ဟောတော်မူလေသည်။

အရေအသားဖုံးနေ၍ အသုဘ မထင်မြင်

၂။    အဋ္ဌိနှာရူဟိ သံယုတ္တော၊ တစမံသာဝလေပနော။
    ဆ၀ိယာ ကာယော ပဋိစ္ဆန္နော၊ ယထာဘူတံ န ဒိဿတိ။   ။

    အဋ္ဌိနှာရူဟိ- သုံးရာသောအရိုး, အရိုးကိုဖွဲ့သော ကိုးရာသောအကြော, အရသာကိုဆောင်သော ခုနစ်ရာသောအကြောတို့နှင့်၊ သံယုတ္တော- ဖွဲ့ယှက်အပ်သော၊ တစမံသာဝလေပနော- အဆင်းအားဖြင့်ဖြူသော ထူသောအတွင်းရေ, ကိုးရာသောသားတစ်တို့ဖြင့် လိမ်းကျံအပ်သော၊ ဆ၀ိယာ- ပါးသောအပေါ်ရေဖြင့်၊ ပဋိစ္ဆန္နော- ဖုံးလွှမ်းအပ်သော၊ ကာယော- ကိုယ်သည်၊ တိဏပဋိစ္ဆန္နံ- မြက်ဖြင့် ဖုံးလွှမ်းအပ်သော၊ ဂူထံ- မစင်သည်၊ ယထာဘူတံ- ဟုတ်မှန်တိုင်း၊ နဒိဿတိဝိယ- မထင်သကဲ့သို့၊ ယထာဘူတံ- အသုဘအခြင်းအရာဖြင့် ဟုတ်မှန်သည့်အတိုင်း၊ န ဒိဿတိ- မထင်ချေ။

    ပကတိ ရုပ်ကောင်ကြီးသည် အရိုး, အကြော, အသား, အသွေးတို့ဖြင့် တွယ်ကပ်လိမ်းကျံ ဖွဲ့ယှက်အပ်လျက် အရေထူ အရေပါးတွေ အပေါ်ရံက ဖုံးကွယ်အုပ်ဆိုင်း ထားသည်ဖြစ်၍ အတွင်း၌ရှိသော ရွံရှာဖွယ်၊ စက်ဆုပ်ဖွယ်, နှလုံးနာဖွယ်, မနှစ်သက်ဖွယ်ဖြစ်သော အသုဘသဘောကို ဟုတ်မှန်သောအတိုင်း မထင်မမြင်ကြသောကြောင့် အပေါ်ရံကိုသာ ကြည့်မြင်ကြလျက် ပုထုဇဉ်သတ္တ၀ါတို့သည် တွယ်တာနှစ်သက် တပ်မက်စွဲလမ်းနေကြသည်ဟု ဟောတော်မူခြင်းဖြစ်သည်။

အူမ စသည့် စက်ဆုပ်ဖွယ်တို့ဖြင့် ပြည့်နေခြင်း

၃။    အန္တပူရော ဒရပူရော၊ ယကနပေဠဿ ၀တ္ထိနော။
    ဟဒယဿ ပပ္ဖါသဿ၊ ၀က္ကဿ ပိဟကဿ စ။   ။

    ဆ၀ိယာ- အပေါ်ရေဖြင့်၊ ပဋိစ္ဆန္နော- ဖုံးလွှမ်းအပ်သော၊ ကာယော- ကိုယ်သည်၊ စန္ဒနာဒိပူရော- စန္ဒကူးနံ့သာ စသည်ဖြင့် ပြည့်သည်၊ နဟောတိ- မဟုတ်၊ အထခေါ- စင်စစ်တမူကား၊ ပရမာသူစိ- အလွန်အမင်း မစင်ကြယ်သော၊ ဒုက္ကန္ဓော- မကောင်းသောအနံ့ရှိသော၊ ဇေဂုစ္ဆော- စက်ဆုပ်ဖွယ်ရှိသော၊ ပဋိကူလော- ရွံရှာဖွယ်ရှိသော၊ နိဿီရိကဒဿနော- အသရေမထင် အမြင်မကောင်းသော၊ အန္တပူရော- သွေးဖြင့်ပြည့်သောကျင်း၌ အရေကိုဆုတ်၍ ထည့်အပ်သော မြွေအခွေကဲ့သို့ လည်ချောင်းမှ ၀စ္စမဂ်တိုင်အောင် ကိုယ်တွင်း၌တည်သော ၂၁-ပတ်ခွေ၍နေသော ဖြူသောအဆင်းရှိသော အူမဖြင့် ပြည့်၏။   ။ ဥဒပူရော- အစွန်းနှစ်ဖက်ကိုကိုင်၍ ညှစ်အပ်သော စိုသောအ၀တ်၏ အလယ်အဖုကဲ့သို့ ၂၁-ပတ်ခွေသော အူမ၏ အလယ်အဖုဟုဆိုအပ်သော ၃၂-ပါးသော ပိုးမျိုးတို့၏တည်ရာ အစာသစ်အိမ်၌ တည်သော ခွေးစားကျင်း၌ အံဖတ်ကဲ့သို့သော မျိုအပ်သော အစာသစ်ဖြင့်ပြည့်၏။    ။ ယကနပေဠဿ- သားမြတ်နှစ်ခုတို့၏ အတွင်း၌ လက်ယာနံပါးကိုမှီ၍တည်လျက် ကသစ်ရွက်နှင့် သဏ္ဌာန်တူသော ဖျော့တော့တော့ နီသောအဆင်းရှိသော အသည်းဖြင့်၊ ပူရော- ပြည့်၏။   ။ ၀တ္ထိနော- တံစီးတွင်း၌ မှောက်ခုံဖြစ်သော အ၀ကျဉ်းသော အိုးတွင်း၌၀င်သော တံစီးရည်ကဲ့သို့ စည်ပေါင်းအတွင်း၌တည်သော ပဲကြီးပြာရည်အဆင်းရှိသော ကျင်ငယ်ဖြင့်၊ ပူရော- ပြည့်၏။   ။ ဟဒယဿ- သားမြတ်နှစ်ခုတို့၏အလယ် ကိုယ်အတွင်း ရင်ချိုင့်နှစ်ခုတို့၏အကြား၌ တွဲလျားဦးစောက်တည်သော အပေါ်ဖတ်ကိုခွာ၍ ပစ်အပ်သော ပဒုမ္မာကြာငုံတမျှ အပကားပြေပြစ်သန့်ရှင်း အတွင်းကား သပွတ်ခါးအူသဖွယ် အလယ်၌ ပုန်းညက်စေ့လောက်သော အတွင်း၌ စရိုက်နှင့်အညီ အရောင်ထင်သော မနောဓာတ်, မနောဝိညာဏဓာတ်တို့၏မှီရာ ဟဒယ၀တ္ထုရုပ်တည်သော တစ်လက်ဖက်မျှလောက်သော နှလုံးသွေးရှိသော နှလုံးခွံသားဖြင့်၊ ပူရော- ပြည့်၏။  ။ပပ္ဖါသဿ- အညှို့နှလုံးကို ဖုံး၍တည်လျက် မုံ့ယှက်ပြတ်သဏ္ဌာန် နီသောအဆင်းရှိသော ၃၂-ခုသော အသားလွှာတည်းဟူသော ကုလားအုံးဆောင်းထပ်ဆိုအပ်သော အဆုတ်ဖြင့်၊ ပူရော- ပြည့်၏။  ။ဝက္ကဿ- ရေမျိုမှသက်သော အကြော၏အဆုံး နှလုံးသားကို ခြံရံ၍တည်လျက် သရက်သီးပြွတ်နှင့် သဏ္ဌာန်တူသော စဉ်းငယ်နီသော အဆင်းရှိသော အသားစိုင်နှစ်ခုဟု ဆိုအပ်သော အညှို့ဖြင့်၊ ပူရော- ပြည့်၏။  ။ဝိဟကဿစ- နှလုံးသား၏ လက်ဝဲနံပါး၌ တည်လျက် လက်ခုနစ်သစ်ခန့်မျှ နွားလျှာဖျားသဏ္ဌာန် ညိုသောအဆင်းရှိသော ၀မ်းလျာသရက်ရွက်ဟုဆိုအပ်သော အသားဖြင့်၊ ပူရော- ပြည့်၏။

    ဤဂါထာ၏ အဓိပ္ပာယ်မှာ အနက်အတိုင်းပင် ပေါ်လွင်ထင်ရှားလေပြီ၊ နိုင်ငံကျော် ဆရာတော်ကြီး ဦးဗုဓ် ရေးသားခဲ့သော နိဿယအနက်ဖြစ်သည်။ ရူပကာယ ခန္ဓာကိုယ်အတွင်း၌ စန္ဒကူးနံ့သာ စသော မွှေးကြိုင်သန့်ရှင်းကောင်းမွန်သော အရာဝတ္ထုများ ရှိသည်မဟုတ်။ အူမကြီး, အစာသစ်အိမ်, အသည်း, ကျင်ငယ်, နှလုံးသားအခွံ, အဆုတ်, အညှို့,သရက်ရွက်တည်းဟူသော စက်ဆုတ်ရွံရှာဖွယ် တို့ဖြင့်သာ ပြည့်သောကိုယ်ဖြစ်သည်ဟု ဟောတော်မူသည်။

နှပ် စသည့် စက်ဆုပ်ဖွယ်တို့ဖြင့် ပြည့်နေခြင်း

(၄)    သိင်္ဃာနိကာယ ခေဠဿ၊ သေဒဿ စ မေဒဿ စ။
    လောဟိတဿ လသိကာယ၊ ပိတ္တဿ စ ၀သာယ စ။  ။

    သိင်္ဃာနိကာယ- ဦးနှောက်မှ ယိုစီးသော အာပေါဓာတ်တည်းဟူသော နှပ်ဖြင့်၊ ပုရော-ပြည့်၏။ ခေဠဿ- အာပေါဓာတ်တည်းဟုသော တံတွေးဖြင့်၊ ပူရော- ပြည့်၏။ သေဒဿစ- မွှေးညှင်းပေါက်တို့မှထွက်သော ချွေးဖြင့်လည်း၊ ပူရော- ပြည့်၏။ မေဒဿစ- ၀ါသောအဆင်းရှိသော အဆီခဲဖြင့်လည်း၊ ပူရော- ပြည့်၏။ လောဟိတဿစ- သွေးတို့ဖြင့်လည်း၊ ပူရော-ပြည့်၏။ လသိကာယစ- အစေးဖြင့်လည်း၊ ပူရော- ပြည့်၏။ ပိတ္တဿစ- ဗဒ္ဓသည်းခြေ, အဗဒ္ဓသည်းခြေ ၂-မျိုးဖြင့်လည်း၊ ပူရော-ပြည့်၏။ ၀သာယစ-အုန်းဆီအဆင်းနှင့်တူသော ဆီကြည်ဖြင့်လည်း၊ ပူရော- ပြည့်၏။

    ရူပကာယ- ရုပ်ခန္ဓာအိမ်ကြီးအတွင်း၌ အူမ, အစာသစ်အိမ် စသည်တို့သာ ရှိသည်မဟုတ်သေးချေ။ နှပ်, တံတွေး, ချွေး, အဆီခဲ, သွေး, အစေး, သည်းခြေ, ဆီကြည်တို့သည်လည်း ရှိုကုန်၏။ ပြည့်ကုန်၏ဟု ဟောတော်မူသည်။

    လေးခုမြောက်သော ဒေသနာဂါထာတော်ဖြင့် ကိုယ်တွင်း၌တည်သော စက်ဆုပ်ရွံရှာဖွယ် ကောဋ္ဌာသ သရုပ်အစုတို့ကို ပြတော်မူပြီးနောက် ကိုယ်တွင်းမှ ပြင်ပသို့ ထွက်ကျယိုစီးသော ရွံရှာဖွယ်တို့ကို  ညွှန်ပြတော်မူလိုသည်ဖြစ်၍ ငါးခုမြောက်, ခြောက်ခုမြောက် ဂါထာတို့ကို ဆက်လက်၍ ဟောတော်မူသည်။

အမာဝ ၉-ပေါက်မှ စက်ဆုပ်ဖွယ် ယိုစီးနေခြင်း

(၅)    အထဿ န၀သောတေဟိ၊ အသုစိ သ၀တိ သဗ္ဗဒါ။
    အက္ခိမှာ အက္ခိဂူထကော၊ ကဏ္ဍ္လမှာ ကဏ္ဍ္လဂူထကော။  ။
(၆)    သိင်္ဃာနိကာ စ နာသတော၊ မုခေန ၀မတိ ဧကဒါ။
    ပိတ္တံ သေမှဉ္စ ၀မတိ၊ ကာယမှာ သေဒဇလ္လိကာ။   ။

    အထ- ထိုမှတစ်ပါး၊ အဿကာယဿ- ဤကိုယ်၏၊ န၀သောတေဟိ- မျက်စိစသော ကိုးပါးသောအ၀တို့မှ၊ အသုစိ- မသန့်ရှင်း မစင်ကြယ်သော အရာဝတ္ထုသည်၊ သဗ္ဗဒါ- အချင်းခပ်သိမ်း၊ သ၀တိ- ယိုစီး၏။ ကိံ သ၀တိ- အဘယ်သို့ ယိုစီးသနည်း၊ အက္ခိမှာ- မျက်စိပေါက်နှစ်ဖက်မှ၊ အက္ခိဂူထသော- မျက်ဝတ်မျက်ချေးသည်၊ သ၀တိ- ယိုထွက်၏။ ကဏ္ဍ္လမှာ- နားပေါက်နှစ်ဖက်မှ၊ ကဏ္ဍ္လဂူထကော- နဖာချေးသည်၊ သ၀တိ- ယိုထွက်၏။

    သိင်္ဃာနိကာစ- နှပ်သည်မူကား၊ ဧကဒါ- ရံခါ၊ နာသဘော- နှာခေါင်းပေါက်မှ၊ သ၀တိ- ယိုကျ၏။ ဧကဒါ- ရံခါ၊ မုခေန- ခံတွင်းဖြင့်၊ ၀မတိ- ယိုထွက်၏။ ပိတ္တံစ- ဗဒ္ဓသည်းခြေ၊ အဗဒ္ဓသည်းခြေသည် လည်းကောင်း၊ သေမှဉ္စ- သလိပ်သည်လည်းကောင်း၊ ဧကဒါ- ရံခါ၊ မုခေန- ခံတွင်းပေါက်ဖြင့်၊ ၀မတိ- ယိုထွက်၏။ ကာယမှာ တစ်ကိုယ်လုံမှ၊ သေဒဇလ္လိကာ- ချွေးဆားမြူ အညစ်အကြေးသည်၊ ဧကဒါ- ရံခါ၊ ၀မတိ- ယိုထွက်၏။

    ကိုးပါးသော အမာဝ ဟူသောအပေါက်တို့မှ ရွံရှာစက်ဆုပ်ဖွယ်ရှိသော နှပ်, မျက်ချေး, စသော အရာဝတ္ထုတို့သည် အခါခပ်သိမ်းယိုစီးထွက်ကျသည်ဟု သင်္ချာကို ထုတ်ပြတော်မူပြီးနောက် သရုပ်သင်္ချေကိုကား မျက်စိပေါက်-၂၊ နားပေါက်-၂၊ နှာခေါင်းပေါက်-၂၊  ခံတွင်းပါးစပ်ပေါက်-၁၊ အားဖြင့် ဒွါရ ခုနစ်ပေါက်ကိုသာ ပြတော်မူသည်။ ကျင်ကြီးပေါက် ကျင်ငယ်ပေါက်တို့ကို သရုပ်အားဖြင့် ထုတ်တော်မမူပေ။ ယင်းတို့ ကျင်ကြီး, ကျင်ငယ်ပေါက်တို့ကို သရုပ်အားဖြင့် မထုတ်ခြင်းသည်၊ မြတ်စွာဘုရားသည် ဟောတော်မူသင့်သောကာလနှင့် ပရိတ်သတ်ကို သိတော်မူသည်ဖြစ်၍ ဒွါရ ၂-ပါးကို ခြွင်းချန်ကာ မဟောခြင်း ဖြစ်သည်။ သို့သော် ပရိယာယ်အားဖြင့်ကား “ကာယမှာသေဒဇလ္လိကာ”ဟူ၍  တစ်ကိုယ်လုံးမှ ချွေး စသော အညစ်အကြေးတို့ ထွက်ကျယိုစီးသည်ကို သိမ်းသွင်း၍ ဟောတော်မူသည်ဟု အဋ္ဌကထာ၌ ရှင်းလင်းပြဆိုသည်။

    ကိုးပါးသောအမာဝတို့မှ မျက်ချေးစသော အညစ်အကြေးတို့ ထွက်ကျယိုစီးသည်မှာ ထမင်းချက်သောအခါ ဆန်မှဖြစ်သော အညစ်အကြေး, ရေမှဖြစ်သော အညစ်အကြေးတို့သည် အမြှပ်တကွရော၍ အိုးဝသို့တက်ကာ ထမင်းအိုးမျက်နှာဝကို လိမ်းကျံ၍ အပြင်အပသို့ လျှောကျဘိသကဲ့သို့၊ ထို့အတူ လူတို့ စားသောက်အပ်သော အစားအစာကို ကမ္မဇတေဇောဓာတ်မီးဖြင့် ချက်အပ်သည် ဖြစ်၍ ထိုအစာ၏ အညစ်အကြေးတို့သည် မျက်စိစသော အပေါက်ရှိရာသို့တက်ပြီးလျှင် မျက်ဝတ် မျက်ချေး အဖြစ်ဖြင့် အပြင်ပသို့ ယိုကျစီးဆင်းသည်ကို ပြဆိုဟောကြားတော်မူပြီးကာလ လောကလူတို့၌ ကိုယ်အင်္ဂါအစိတ်အပိုင်းတို့တွင် အမြတ်ဆုံးအဖြစ်ဖြင့်ထားသော ဦးခေါင်းအတွင်း၌ပင်လျှင် နှစ်သက်မြတ်နိုးဖွယ်ရာ, လိုချင်တောင့်တဖွယ်ရာ ၀တ္ထုပစ္စည်းဟူ၍မရှိ။  ထိုဦးခေါင်းအတွင်း၌ အနှစ်သာရဟူ၍ မရှိသည်ကို ဟောပြတော်မူခြင်းငှာ ခုနစ်ခုမြောက်ဂါထာကို ဟောတော်မူသည်။

အ၀ိဇ္ဇာ ဖုံးအုပ်နေ၍ အသုဘ မထင်မြင်

(၇)    အထသ သုသိရံ သီသံ၊ မတ္ထလုင်္ဂဿ ပူရိတံ။
    သုဘတော မညတိ ဗာလော၊ အ၀ိဇ္ဇာယ ပုရက္ခတော။  ။

    အထ- ထိုမှတစ်ပါး၊ အဿကာယဿ- ထိုကိုယ်၏၊ သုသိရံ- အခေါင်းရှိသော၊ သီသံ- ဦးခေါင်းသည်၊ မတ္ထလုင်္ဂဿ-မုံ့ညက်စိုင်အတူ ဖြူသောဦးနှေက်ဖြင့်၊ ပူရိတံ- ပြည့်၏။ ဗာလော- ပုထုဇဉ်လူမိုက်သည်၊ နံကာယံ- အပုပ်အတိပြည့်သော ထိုကိုယ်ကို၊ သုဘသော- တင့်တယ်သောအားဖြင့်၊ ၀ါ- ငါကိုယ်သည် လှပတင့်တယ်ပေ၏ ဟူ၍ မညတိ- တဏှာ, မာန, ဒိဋ္ဌိဖြင့် မှတ်ထင်အောက်မေ့၏။ ကသ္မာ- အဘယ်ကြောင့်နည်းဟူမူကား၊ အ၀ိဇ္ဇာယ- အသုဘ စသည်ကို ဖုံးလွှမ်းတတ်သော အ၀ိဇ္ဇာဖြင့်၊ ပုရက္ခတော- ပုရက္ခတတ္တာ- ဖုံးလွှမ်းပိတ်ပင်အပ်သောကြောင့်တည်း။

    ခုနစ်ဂါထာတိုင်အောင်သော ဒေသနာတော်ဖြင့် သက်ရှိ သ၀ိညာဏက အသုဘဖြစ်ပုံကို ဟောပြတော်မူပြီး၍ ယခုအခါ သက်မဲ့ အ၀ိညာဏကဖြစ်သော အသုဘဖြစ်ပုံကို ပြတော်မူလိုသော မြတ်စွာဘုရားသည် (၈)အမှတ်ဂါထာဒေသနာတော်ကို ဆက်၍ဟောတော်မူသည်။

သေပြီးကာလ စွန့်ပစ်ခံရ ကိုယ်ကာယ

(၈)    ယဒါ စသော မတော သေတိ၊ ဥဒ္ဓုမာတော ၀ိနီလကော။
    အပ၀ိဋ္ဌော သုသာနသ္မိံ၊ နပေက္ခာ ဟောန္တိ ဉာတယော။  ။

    ယဒါစ- အကြင်အခါ၌ကား၊ သောကာယော- ထိုကိုယ်သည်၊ အာယုဥသ္မာဝိညာဏာပကမေန- ရုပ်နာမ်ဇီဝိတ, ကမ္မဇတေဇော, ၀ိညာဏ်တို့ ကင်းသဖြင့်၊ မတော- သေသည်ဖြစ်၍၊ ဥဒ္ဓုမာတော- ဖူးဖူးရောင်လျက်၊ ၀ိနီလကော- ညိုမည်းသောအဆင်းရှိသည်ဖြစ်၍၊ သုသာနသ္မိံ- သုသာန်အရပ်၌၊ အပ၀ိဋ္ဌော- စွန့်ပစ်အပ်သည်ဖြစ်၍၊ သေတိ- အိပ်၏။ တဒါ- ထိုအခါ၌၊ ဉာတယော- မသေမီ အသက်ရှင်စဉ် အခါက ချစ်လှပါသည်ဆိုသော ဆွေမျိုးတို့သည်၊ အနပေက္ခာ- အချစ်ပျက်၍ ငဲ့ကွက်ခြင်း ကင်းကြကုန်သည်၊ ဟောန္တိ- ဖြစ်ကြပေကုန်တော့သတည်း။

    ဤဒေသနာဂါထာ၌ မတော- ဟူသောပုဒ်ဖြင့် မမြဲသော အနိစ္စသဘောကိုပြ၏။ သေတိ- ဖြင့် သူသေကောင်၌ အားထုတ်ခြင်းသည် ကင်းသည်၏ အဖြစ်ကိုပြ၏။ ထို နှစ်ပုဒ်ဖြင့် အသက်ရှင်ခြင်း၌ မာန်ထောင်ခြင်းဟူသော ယစ်ခြင်း၌ ပယ်ခြင်းကို ယှဉ်စေ၏။

    ဥဒ္ဓုမာတော- ဟူသောပုဒ်ဖြင့် ရုပ်သဏ္ဌာန် ပျက်စီးခြင်းကိုပြ၏။ ၀ိနီလကော- ပုဒ်ဖြင့် အရေအဆင်း ပျက်စီးခြင်းကိုပြ၏။ ထိုနှစ်ပုဒ်ဖြင့်- အဆင်း၌ မာန်ယစ်ခြင်းကို ပယ်သဖြင့် ကိုယ်အဆင်းကို အကြောင်းပြု၍ဖြစ်သော မာန်ကိုပယ်ခြင်း၌ ယှဉ်စေ၏။

    အပ၀ိဋ္ဌော- ဟူသောပုဒ်ဖြင့် သူသေကောင်၌ ယူချင်စဖွယ် မရှိသည်၏ အဖြစ်ကိုပြ၏။ သုသာနသ္မိံ- ပုဒ်ဖြင့် အိမ်အတွင်း၌ သိုမှီးသိမ်းဆည်းထားခြင်းငှာ မထိုက်။ စက်ဆုပ်ရွံရှာဖွယ်၏ အဖြစ်ကိုပြ၏။ ထိုနှစ်ပုဒ်ဖြင့် ငါ့ကိုယ်ဟူသောစွဲလမ်းခြင်း, တင့်တယ်သည်ဟူသော သုဘအမှတ်သညာကို ပယ်ခြင်း၌ ယှဉ်စေ၏။

    အနပက္ခော ဟောန္တိဉာတယော- ဖြင့် အသက်ရှင်စဉ်အခါက မိမိကို ချစ်ခင်မြတ်နိုးကုန်သော ဆွေမျိုးဉာတိတို့၏ ချစ်ခင်မြတ်နိုးခြင်း မရှိတော့သည်ကို ပြ၏။ ယင်းသို့ပြသဖြင့် အသက်ရှင်စဉ်အခါက ဆွေမျိုးဉာတိ, မိတ်ဆွေသင်္ဂဟ တည်းဟူသော အခြံအရံ ပရိတ်သတ်ဖြင့် မာန်ယစ်ထောင်လွှားခြင်း၌ ယစ်ခြင်းကိုပယ်ခြင်း၌ ယှဉ်စေ၏။

    ဤဂါထာဒေသနာတော်ဖြင့် ငါအသက်ရှင်နေသည်၊ ငါအသက်ရှည်သည် စသည်ဖြင့် ဇီဝိတမဒမာန် တက်ခြင်းကို ပယ်တော်မူစေသည်။ အဆင်းစပ်သော ၀ဏ္ဌ္လမဒမာန်တက်ခြင်းကိုလည်း ပယ်တော်မူစေသည်။ လှပတင့်တယ်သည်ဟူသော သုဘပညာကိုလည်း ပယ်တော်မူစေသည်။ အခြွေအရံပရိတ်သတ်ကို အကြောင်းပြု၍ အသိုင်းအ၀ိုင်း မာန်တက်ခြင်းကိုလည်း ပယ်တော်မူစေသည်။

    မြတ်စွာဘုရား ဟောကြားတော်မူသော တရားတော်ကို ရိုသေလေးစားစွာ ကြားနာသောပုဂ္ဂိုလ်ဖြစ်လျှင် ဟောတော်မူသောတရားတော်ကို အစဉ်လိုက်လျက် ဉာဏ်ယှဉ်ကာ နာယူခြင်းဖြင့် ဉာဏ်အဆင့်ဆင့်တက်၊ ဤအဇ္ဈတ္တဖြစ်သော မိမိကိုယ်၌လည်းကောင်း, ဗဟိဒ္ဓဖြစ်သော သူတစ်ပါးကိုယ်၌လည်းကောင်း ကိုယ်၏သဘောမှန်အတိုင်းမြင်၍ ကိုယ်ဟူသော လောကကြီး၌ တစ်စတစ်စ ငြီးငွေ့ကာ စက်ဆုပ်ရွံရှာမုန်းတီး၍ တပ်မက်ခြင်း တဏှာလောဘခေါင်းပါးအားနည်းလျက် သံဝေဂဉာဏ် ဖြစ်လာကြပေလိမ့်မည်။ နိဗ္ဗိန္ဒဉာဏ်တွေ ဖြစ်ပေါ်လာကြပေလိမ့်မည်မှာ မလွဲနိုင်ဟု ဆိုအပ်ပေသည်။

    (၈)အမှတ်ဂါထာ ဒေသနာတော်ဖြင့် အကောင်မပျက်သေးသော အ၀ိညာဏက သက်မဲ့အသုဘ အခြင်းအရာကိုပြတော်မူပြီး၍ ယခုအခါ၌ အကောင်ပျက်ပြီးသော အသုဘအ၀ိညာဏက အခြင်းအရာကို ပြတော်မူလိုသည်ဖြစ်၍ ကိုးခုမြောက်သောဂါထာ ဒေသနာတော်ကို ဆက်လက်ဟောတော်မူသည်။

သေပြီးသည့်နောက် ပိုးလောက်အစာ ကိုယ်ခန္ဓာ

(၉)    ခါဒန္တိနံ သုဝါဏာစ၊ သိင်္ဂါလာ စ ဓင်္ကာ ကိမီ။
    ကာကာ ဂိဇ္ဈာ စ ခါဒန္တိ၊ ယေ စညေ သန္တိ ပါဏိနော။   ။

    နံ ကာယံ- သုသာန်၌ ပစ်အပ်သော ထိုသူသေကောင်ကို၊ သုဝါဏာစ- အိမ်ခွေးတို့သည်လည်းကောင်း၊ သိင်္ဂါလာစ- မြေခွေးတို့သည်လည်းကောင်း၊ ဓင်္ကာစ- ဘုံမတီးငှက်တို့သည်လည်းကောင်း၊ ကိမီစ- ပိုးလောက်တို့သည်လည်းကောင်း၊ ခါဒန္တိ- ကိုက်ခဲစားသောက်ကြကုန်၏။ ကာကာစ- ကျီးတို့သည်လည်းကောင်း၊ ဂိဇ္ဈာစ- လင်းတတို့သည်လည်းကောင်း၊ ခါဒန္တိ- ကိုက်ခဲစားသောက်ကြကုန်၏။ အညေ- ပြဆိုအပ်ခဲ့ပြီးသည်မှ တစ်ပါး၊ ကုန်သော၊ ယေစဟဏိနော- အသားစားသော သစ်, ကျား, သိမ်း, စွန် စသော အကြင်သတ္တ၀ါတို့သည်၊ သန္တိ- ရှိကုန်၏။ တေစပါဏိနော- ထိုသတ္တ၀ါတို့သည်လည်း၊ ခါဒန္တိ- ကိုက်ခဲစားသောက်ကြကုန်၏။

    စရံဝါ ယဒိဝါတိဋ္ဌံ- စသော အစဦး ဂါထာဒေသနာတော်ဖြင့် သုညတကမ္မဋ္ဌာန်းကို ဟောပြတော်မူသည်။ အဌိနာရူဟိ သံယုတ္တော- စသော ဒေသနာတော်ဖြင့် သ၀ိညာဏက အသုဘကမ္မဋ္ဌာန်းကို ဟောပြတော်မူသည်။ ယဒါစသော မတောသေတိ- စသော ဒေသနာတော်ဖြင့်  အ၀ိညာဏက အသုဘကမ္မဋ္ဌာန်းကို ဟောပြတော်မူသည်။ ထို့နောက် ဤသို့ပင် နိစ္စ, သုဘ, သုခ, အတ္တ အဖြစ်မှ ဆိတ်သုဉ်းကာ စင်စစ် အသုဘမျှသာ ဖြစ်သောကိုယ်၌ အ၀ိဇ္ဇာဖုံးလွှမ်းအပ်သော သူမိုက်သည်  သုဘဟူ၍မှတ်ထင်အောက်မေ့ဘိ၏ဟု သူမိုက်ဖြစ်ခြင်းကို ပြခဲ့၏။ ယခုအခါ နိစ္စ, သုခ, သုဘ, အတ္တမှ ဆိတ်သော သ၀ိညာဏက, အ၀ိညာဏက သက်ရှိသက်မဲ့ အသုဘဖြစ်သော ရူပကာယရုပ်ကောင်ကြီး၌ ပညာရှိပုဂ္ဂိုလ်၏ ဉာဏ်အမြင်ရှိခြင်းကို အရင်းပြုသဖြင့် ၀ိဝဋ္ဋကို၊ ၀ါ သံသရာဝဋ်ကင်းသည်ကို ဟောပြတော်မူခြင်းငှာ သုတွာန- စသည်ဖြင့် ဆက်လက်မိန့်ကြားတော်မူသည်။

ဤသုတ်ကို နာကြား၍ ၀ိပဿနာပွားလျှင် အမှန်ကိုမြင်

(၁၀)    သုတွာန ဗုဒ္ဓ၀စနံ၊ ဘိက္ခု ပညာဏ၀ါ ဣဓ။
    သော ခေါ နံပရိဇာနာတိ၊ ယထာဘူတဉ္စိ ပဿတိ။   ။

    ဣဓ- ဤငါဘုရား သာသနာတော်၌၊ ဗုဒ္ဓ၀စနံ- မြတ်စွာဘုရား၏စကားတော်ဖြစ်သော ကာယ၀ိစ္ဆိန္ဒနိကသုတ် ဒေသနာတော်ကို၊ သုတွာန- ကြားနာရသည်ဖြစ်၍၊ ပညာဏ၀ါ- အနိစ္စ စသည်၌ဖြစ်သော ၀ိပဿနာ ပညာရှိသော၊ သောဘိက္ခု- ထိုရဟန်းသည်၊ နံ ကာယံ- သုညတ စသည်အပြားရှိသော ထိုကိုယ်ကို၊ ပရိဇာနာတိ- ဉာတ, တီရဏ, ပဟာန ပရိညာဟူသော ပရိညာသုံးပါးတို့ဖြင့်ပိုင်းခြား၍ သိ၏။ ကသ္မာ-အဘယ်ကြောင့် ပရိညာသုံးပါးတို့ဖြင့် ပိုင်းခြား၍ သိသနည်းဟူမူကား၊ နံ ကာယံ- သုညတ စသည်အပြားရှိသော ထိုကိုယ်ကို၊ ယထာဘူတံ- ဟုတ်မှန်သောအတိုင်း၊ ဟိ-ယသ္မာ- အကြင်ကြောင့်၊ ပဿတိ- သိမြင်၏။ တသ္မာ- ထို့ကြောင့်၊ ပရိဇာနာတိ- ပရိညာသုံးပါးတို့ဖြင့် ပိုင်းခြား၍သိ၏။

    မိန်းမ, ယောက်ျား စသည်ဖြင့် ပညတ်တင်စား၍ အထင်မှတ်မှားနေကြသော ဤရူပကာယသည် စင်စစ်အားဖြင့် ဆံပင်, မွေးညှင်း, အရိုး, အကြော, အသား, အသွေး စသော ရုပ်အစု အသုဘတို့ပါတကားဟု ပညာမျက်စိဖြင့် ကြည့်ရှုသော ယောဂီသည် ဉာတပရိညာဖြင့် သိမြင်သည်မည်၏။

    ထိုအရုပ်အစု အသုဘဖြစ်သော ကိုယ်သည် အမှန်အားဖြင့် မမြဲသောဘေးကြောင့် ဆင်းရဲသောသဘော, အလိုသို့မပါ မပိုင်မနိုင်သော အနတ္တသဘော ရှိသော ပရမတ္တ ရုပ်တရားတို့ပါတကားဟု ရှုမြင်သော ယောဂီသည် တီရဏပရိညာဖြင့် မြင်သည်မည်၏။

    တီရဏပရိညာဖြင့် အနိစ္စ, ဒုက္ခ, အနတ္တ သဘောမြင်အောင် ရှုသည်ရှိသော် ယင်းရုပ်အစု အသုဘကိုယ်ကောင်၌ တပ်မက်နှစ်သက် တွယ်တာခြင်း သဘောရှိသော ဆန္ဒရာဂကို အရိယာမဂ်ဉာဏ်ဖြင့် ပယ်သတ်အပ်သော ယောဂီသည်၊ ၀ါ- အရိယာသည် ပဟာနပရိညာဖြင့် သိမြင်သည်မည်၏။ အရိယာအမြင်ဖြင့် မမြင်သေးသော ယောဂီသည်လည်း တဒင်္ဂအားဖြင့် ပဟာနပရိညာဉာဏ်အမြင်ဖြင့် သိမြင်သည်မည်၏။

ဉာဏ်သုံးပါးဖြင့် မြင်ခြင်း

    တစ်နည်းအားဖြင့် အသုဘစင်စစ်ဖြစ်သော အရိုး, အကြော, အသား အပေါင်းအစုဖြစ်သော ကိုယ်ကို မှန်ကန်သောအတိုင်း၊ အရိုး, အကြော, အသား စသော ပရမတ္တ ရုပ်အစုမျှသာ ဖြစ်ပါတကားဟု မြင်သော ယောဂီသည် သစ္စဉာဏ်ဖြင့် မြင်သည်မည်၏။

    ကောဋ္ဌာသတို့၏ အစုအပေါင်းဖြစ်သော ဤကိုယ်သည် မမြဲသောသဘော၊ ဆင်းရဲခြင်းသဘော၊ အနှစ်အသားဟူ၍ မရှိသောသဘော ရှိပါတကားဟု ဆင်ခြင်သော၊ ၀ါ- မြင်သော ယောဂီသည် ကိစ္စဉာဏ်ဖြင့် မြင်သည်မည်၏။

    ကောဋ္ဌာသရုပ် အပေါင်းအစုဖြစ်သောကိုယ်၌ လက္ခဏာသုံးပါးတင်၍ ဆင်ခြင်ပွားများသောအခါ ထိုကိုယ်၌ တပ်မက်တွယ်တာခြင်း အာသာတဏှာကင်းသော ယောဂီသည် ကတဉာဏ်ဖြင့် မြင်သည်မည်၏။

    ဤကဲ့သို့ ပရိညာသုံးပါး, ဉာဏ်သုံးပါးတို့ဖြင့် မြင်ရန်မှာ မြတ်စွာဘုရားထံတော်မှ လမ်းညွှန်နည်းပြ တရားစကားတော်ကို ကြားနာရမှုမရှိပါက လူတိုင်း၌ ထင်ရှားရှိ, ထင်ရှားမြင်တွေ့နေသော ရုပ်ကိုယ်ကြီးပင်ဖြစ်လျက် ပရိညာသုံးပါးဖြင့် အလိုအလျောက် မိမိဘာသာသိမြင်နိုင်ကြမည် မဟုတ်သောကြောင့် သုတွာန ဗုဒ္ဓ၀စနံ- ဟူသော ဂါထာဒေသနာတော်ကို ဟောတော်မူလေသည်။

    သုတွာန ဗုဒ္ဓ၀စနံ၊ ဘိက္ခု ပညာဏ၀ါ ဣဓ- ဟူသော ဂါထာ၌ တရားနာပရိသတ်ကို ဘိက္ခုဟူ၍ သုံးစွဲတော်မူခြင်းသည် ပရိတ်သတ်လေးပါးတွင် ရဟန်းတော်သည် မြတ်သောပရိသတ် ဖြစ်သောကြောင့်လည်းကောင်း၊ မြတ်စွာဘုရားနှင့် နီးကပ်သော တပည့်သားဖြစ်သောကြောင့်လည်းကောင်း၊ ဘိက္ခုဟူ၍ သုံးစွဲတော်မူခြင်း ဖြစ်သည်။

    တစ်နည်းမှာ သံသရာမှ လွတ်ရေးကို  ရှေးရှု၍ ကမ္မဋ္ဌာန်းတရားကို အားထုတ်သော ယောဂီသည် ဘိက္ခုမည်သင့်သောကြောင့်လည်းကောင်း၊ ဘိက္ခုဟူ၍ခေါ်ကာ သုံးစွဲကာ ဟောတော်မူခြင်း ဖြစ်သည်။ အဋ္ဌကထာဆရာ၏အလိုအားဖြင့် ကာယ၀စ္ဆိန္ဒနိကသုတ်ဒေသနာတော်ကို နန္ဒာထေရီကိုလည်းကောင်း၊ အညတရ ရဟန်းကိုလည်းကောင်း အကြောင်းပြု၍ ဟောတော်မူသည်ဖြစ်သောကြောင့် ဘိက္ခုဟူ၍ သုံးတော်မူခြင်းဖြစ်သည်ဟု ဆိုသည်။ သံသရာဘေးကို ရှုလေ့ရှိသော ယောဂီဟူသမျှကို သဒ္ဒါနည်းအားဖြင့် ဘိက္ခု-ဟူ၍ သုံးတော်မူခြင်းဖြစ်သောကြောင့် သင့်လျော်သည်ချည်းပင် ဖြစ်ပေသည်။

သိပြီးကျင့်မှ ဆန္ဒရာဂကိုစွန့်နိုင်

    နန္ဒာထေရီနှင့် အညတရ ရဟန်းတို့သည်၊ တစ်နည်း- ယောဂီပုဂ္ဂိုလ်တို့သည် အဘယ်ကြောင့် ပရိညာသုံးပါးတို့ဖြင့် ဟုတ်မှန်သောအတိုင်း ပိုင်းခြား၍ သိကြလေသနည်းဟု လျှောက်ထားဖွယ်ရှိ၍-

(၁၁)    ယထာ ဣဓံ တထာ ဧတံ၊ ယထာ ဧတံ တထာ ဣဓံ။
    အဇ္ဈတ္တဉ္စ ဗဟိဒ္ဓါ စ၊ ကာယေ ဆန္ဒံ ၀ိရာဇယေ။   ။ ဟုမိန့်တော်မူသည်။

    ဣဓံ သ၀ိညာဏကာသုဘံ- ဤ သက်ရှိ အသုဘကောင်သည်, အာယုဥသ္မာ ၀ိညာဏနုပဂမာ- ရုပ်နာမ်ဇီဝိတ, ကမ္မဇတေဇော, ၀ိညာဏ်တို့၏ မကင်းခြင်းကြောင့်၊ စရတိ တိဋ္ဌတိနိသီဒတိ သယတိယထာ- သွားမှု, ရပ်မှု, ထိုင်မှု, အိပ်မှု ဖြစ်သကဲ့သို့၊ တထာ- ထို့အတူ၊ ဧတံ- ဧတရဟိ သုသာနသယတမ္ပိ- ယခု သုသာန်၌ အိပ်သည်ဖြစ်၍ တုံးလုံးပက်လက်လဲနေသော အသက်မဲ့ရုပ်ကောင်သည် လည်းကောင်း ပုဗ္ဗေ- မသေမီ ရှေးအခါ၌၊ တေသံ ဓမ္မာနံ- ထိုရုပ်နာမ်ဇီဝိတ, ကမ္မဇတေဇော, ၀ိညာဏ်တို့၏၊ အပဂမာ- ချုပ်စဲပြတ်ကင်းခြင်းကြောင့်၊ နစရဏာဒိယထာ- သွားရပ်ထိုင်လျောင်းခြင်းကို မပြုသကဲ့သို့၊ တထာ- ထို့အတူ၊ ဣဓံသ၀ိညာဏကံပိ- ဤအသက်ရှိသော ရုပ်ကောင်သည်လည်း၊ တေသံဓမ္မာနံ- ထိုဇီဝိတ စသောတရားတို့၏၊ အပဂမ- ကင်းပြတ်ချုပ်ငြိမ်းသည်ရှိသော်၊ စရဏာဒိ- သွားခြင်း စသည်သည်၊ နဘ၀ိဿတိ- မဖြစ်ပေတော့လတ္တံ့။

    အထက်ပါဂါထာ၏ ပုဗ္ဗဒ္ဓဖြစ်သော ရှေ့နှစ်ပါဒတွင် ပထမပါဒဖြင့် ယောဂီပုဂ္ဂိုလ်သည် မိမိနှင့် သေသောရုပ်ကောင်ကို သဘာဝချင်း တူသည်ကို ပြုသဖြင့် အပဗဟိဒ္ဓကိုယ်၌ စွဲ၍ဖြစ်သော ဒေါသကိလေသာကိုပယ်၏။ ဒုတိယပါဒဖြင့် သေသောရုပ်ကောင်နှင့် မိမိကိုယ်ကို သဘာဝချင်းတူသည်ကို ပြုသဖြင့် အတွင်းအဇ္ဈတ္တကို စွဲ၍ဖြစ်သော ရာဂကိုပယ်၏။ သက်ရှိသက်မဲ့ရုပ်ကောင်နှစ်မျိုးကို အတူပြုသဖြင့် မောဟကို ပယ်သည်မည်၏။ သေသောရုပ်ကောင်နှင့် မိမိရုပ်ခြားနားခြင်း မရှိသည်ကိုလည်းကောင်း၊ မိမိရုပ်ကောင်နှင့် သေသောရုပ်ကောင်၏ ထူးခြားခြင်းမရှိ သဘာဝအားဖြင့် တူသည်ကို လည်းကောင်း ဉာတပရိညာ ဖြစ်ပေါ်လျှင် မောဟဟူသော အ၀ိဇ္ဇာ ပပျောက်လေတော့သည်ဟု သိရာ၏။

    (၁၁-အမှတ် ဂါထာ၏ နောက်နှစ်ပါဒ အနက်ကို ပြန်ဆက်သည်။)
    ယထာဘူတဉ္စိ- ယထာဘူတံဧ၀- ဟုတ်မှန်သော အတိုင်းသာလျှင်၊ ပရိဇာနိတွာ- ဉာတပရိညာဉာဏ်ဖြင့် သိပြီး၍၊ ဧ၀ံပဋိပ္ပန္နော- ဤပြဆိုအပ်သည့် အတိုင်းကျင့်သော၊ ဘိက္ခု- ယောဂီရဟန်းသည်၊ အနုပုဗ္ဗေန- ပရိညာအစဉ်အားဖြင့်၊ တစ်နည်း- ၀ိသုဒ္ဓိခြောက်ပါး အစဉ်အားဖြင့်၊ တစ်နည်း- မဂ်အစဉ်ဖြင့်၊ အဇ္ဈတ္တံ- မိမိသန္တာန်၌ဖြစ်သော၊ ကာယေ- သက်ရှိကိုယ်၌လည်းကောင်း၊ ဗဟိဒ္ဓါ- အပသန္တာန်၌ဖြစ်သော၊ ကာယေ- သက်ရှိသက်မဲ့ကိုယ်၌လည်းကောင်း၊ ဆန္ဒံ- နှစ်သက်တွယ်တာတပ်မက်ခြင်းကို၊ ၀ိရာဇယေ- ပဟာနပရိညာဖြင့် ပယ်ခြင်းငှာ စွမ်းနိုင်ရာ၏။

    ၁၁-အမှတ် ဂါထာဒေသနာဖြင့် ဓမ္မဿဝနပုဂ္ဂိုလ်၏ သေက္ခအရိယာဘုံသို့ ရောက်ခြင်းကို ပြဆိုပြီး၍ အသေက္ခအရိယာဘုံသို့ ရောက်ခြင်းကို ဆက်လက်ဟောပြတော်မူလိုသော မြတ်စွာဘုရားသည် ၁၂-အမှတ် ဂါထာဒေသနာကို ဟောတော်မူသည်။

ဆန္ဒရာဂ ကင်းလွတ်မှ နိဗ္ဗာန်ကိုရ

(၁၂)    ဆန္ဒရာဂ၀ိမုတ္တော သော၊ ဘက္ခု ပညာဏ၀ါ ဣမေ။
    အဇ္ဈဂါ အမတံ သန္တိံ၊ နိဗ္ဗာနံ ပဒ မုတ္တမံ။   ။

    ဣဓ- ဤသာသနာတော်၌၊ ငါ- သက်ရှိသက်မဲ့ အဇ္ဈတ္တဗဟိဒ္ဓဖြစ်သောကိုယ်၌၊ ဆန္ဒရာဂ၀ိမုတ္တော- အချင်းခပ်သိမ်း ဆန္ဒရာဂကို ပယ်ခြင်းကြောင့် တပ်မက်ခြင်းကင်းသော ပညာဏ၀ါ- အရဟတ္တမဂ် ပညာရှိသော၊ သောဘိက္ခု- မဂ်၏အခြားမဲ့၌ အရဟတ္တဖိုလ်သို့ရောက်ပြီးသော ရဟန္တာပုဂ္ဂိုလ်သည်၊ အမတံ- သေခြင်းကင်းသော၊ သန္တိံ- ခပ်သိမ်းသော တေဘုမ္မက သင်္ခါရတို့၏ ငြိမ်းအေးရာဖြစ်သော၊ နိဗ္ဗာနံ- တဏှာမှထွက်မြောက်ရာဖြစ်သော၊ အစ္စုတံ- စုတေရွေ့လျောခြင်းကင်းသော၊ ပဒံ-မဂ်ဉာဏ် စသည်ဖြင့်ရောက်အပ်သော နိဗ္ဗာန်သို့၊ အဇ္ဈဂါ- ရောက်ပြီ။

    ငါဘုရား၏ အဆုံးအမဖြစ်သော သာသနာတော်၌ ရဟန်းတရားကို အားထုတ်သော ယောဂီသည် နောက်က အစီအစဉ်ဖြင့် နည်းလမ်းညွှန်ပြခဲ့သည့်အတိုင်း၊ သက်ရှိကိုယ်၌ဖြစ်စေ၊ သက်မဲ့ကိုယ်၌ဖြစ်စေ၊ နှစ်သက်ဖွယ်ရာ တစ်စိုးတစ်စိမျှမရှိ။ အကာအတိ အပုပ်အသိုးတို့ဖြင့်သာ ပြည့်သည်ကိုသိ၍ ထိုကိုယ်၌ နှစ်သက်တပ်မက်ခြင်းကင်းလျက် အောက်မဂ် အောက်ဖိုလ်တို့ကို ရပြီးသော သေက္ခအရိယာပုဂ္ဂိုလ်သည် ကိုယ်တွင်းကိုယ်ပ သက်ရှိသက်မဲ့ဖြစ်သော ထိုရုပ်အပေါင်းဟူသောကိုယ်၌ အချင်းခပ်သိမ်း တပ်မက်သောတဏှာ လုံးဝကင်းသည်ဖြစ်၍ အရဟတ္တဖိုလ်ကို မျက်မှောက်ပြုကာ သေခြင်းကင်းသော သင်္ခါရဒုက္ခတို့၏ ငြိမ်းအေးရာ, ရွေ့လျောပျက်စီးခြင်းကင်းရာ နိဗ္ဗာန်သို့ ရောက်လေပြီဟု ဟောတော်မူသည်။

    ဤသို့လျှင် သက်ရှိသက်မဲ့ဖြစ်သော ရူပကာယတည်းဟူသော အသုဘကမ္မဋ္ဌာန်းကို မဂ်ဖိုလ်နိဗ္ဗာန်တိုင်အောင် အပြီးအဆုံး ဟောကြားတော်မူပြီးလျင် တစ်ဖန်ဒေသနာတော်ဖြင့် ဤမျှလောက် မဂ်ဖိုလ်နိဗ္ဗာန်တိုင်အောင် ကြီးကျယ်မြင့်မြတ်၍ အကျိုးကျေးဇူးများသော တန်ခိုးအာနိသင်ရှိသော ကမ္မဋ္ဌာန်းကို အန္တရာယ်ပြုတတ်သော ပမာဒ၀ိဟာရ-ဟုဆိုအပ်သော တရား၌ မေ့မေ့ လျော့လျော့, ပေါ့ပေါ့တန်တန်, အမှုမဲ့အမှတ်မဲ့ နေခြင်း၏အပြစ်ကို ကဲ့ရဲ့ကာ ပြတော်မူလိုသော မြတ်စွာဘုရားသည် ဒွိပါဒကော စသော ၂-ဂါထာကို ဟောတော်မူသည်။

ပုပ်သိုးနံစော် ရေလျှော်ပစ်ရ ကိုယ်ကာယ

(၁၃)    ဒွိပါဒကောယ မသုစိ၊ ဒုဂ္ဂန္ဓော ပရိဟရတိ။
    နာနာကုဏပ ပရိပူရော၊ ၀ိဿန္တော တတော တတော။   ။

    ဒွိပါဒကော- အခြေနှစ်ချောင်းရှိသော၊ အယံကာယော- ဤကိုယ်သည်၊ အသုစိ- မစင်ကြယ်လျင်၊ ဒုဂ္ဂန္ဓော- မကောင်းသောကိုယ်အနံ့ရှိလျက်၊ နာနာကုဏပ ပရိပူရော- အထူးထူးသော အပုပ်အတိပြည့်လျက်၊ တတောတတော- မျက်စိ, နား စသော ထိုထိုကိုယ်အရပ်မှ ၀ိဿန္တော- အထူးထူးအထွေထွေ ယိုစီးလျက်၊ ဗာလော- လူမိုက်သည်၊ နှာနာဒီဟိ- ရေချိုးခြင်း စသည်တို့ဖြင့်၊ ပရိဟရတိ- ရွံရှာဖွယ်တို့ကို သုတ်သင်ဖယ်ရှား၏။ ပုပ္ဖဂန္ဓဂတ္တာလင်္ကာရာဒီဟိ- ပန်း, နံ့သာ, အ၀တ်တန်ဆာ စသည်တို့ဖြင့် ပရိဟရတိ- ကိုယ်လုံးဝန်းကျင် ပြုပြင်ဆောင်ရွက်၏။

    အခြေနှစ်ချောင်းရှိသော လူ၏ကိုယ်သည် အမှန်အားဖြင့် မသန့်ရှင်း မစင်ကြယ်သည်သာ ဖြစ်၏။ ကောင်းမွန် မွှေးကြိုင်သော အနံ့ မရှိရုံသာမဟုတ်၊ ပုပ်သိုးညှီဟောင်သော အနံ့လည်းရှိ၏။ အထူးထူးအထွေထွေသော အပုပ်တို့ဖြင့် ပြည့်နှက်လျက်ရှိ၏။ ထိုထိုမျက်စိပေါက်, နားပေါက် စသည်တို့မှ အညစ်ကြေးတို့သည် ယိုစီးလျက်ရှိ၏။ ယင်းသို့လျှင် အလွန်မနှစ်သက်ဖွယ် ရွံရှာဖွယ် စက်ဆုပ်ဖွယ်ဖြစ်သော ကိုယ်ကိုပင်လျှင် တရားမယှဉ် အမြင်မမှန်သော သူတို့သည် ရေချိုးခြင်း၊ သနပ်ခါး၊ ပန်းနံ့သာ အမွှေးအကြိုင် လိမ်းကျံခြင်း ပိုးဖဲကတ္တီပါ အ၀တ်အရုံတို့ကို ၀တ်ရုံသုံးဆောင်ခြင်းဖြင့် အပုပ်အတိပြီးသောကိုယ်ကို ကာကွယ်ဖုံးအုပ်ကာ မိမိကိုယ်ကိုလည်း မိမိ နှစ်သက်မြတ်နိုး သာယာကြကုန်၏။ ဗဟိဒ္ဓဖြစ်သော အခြားသောကိုယ်ကိုလည်း သာယာနှစ်သက် တပ်မက်စွဲလမ်းကြကုန်၏ဟု အကျဉ်းချုပ်ဒေသနာတော်ဖြင့် ဟောတော်မူသည်။

ပုပ်သိုးနေသောကိုယ်ဖြင့် တရားမမြင် မာန်ဝင်နေကြခြင်း

(၁၄)    ဧတာဒိသေန ကာယေန၊ ယော မညေ ဥဏ္ဌ္လမေတဝေ။
    ပရံ ၀ါ အ၀ဇာနေယျ၊ ကိ မညတြ အဒဿနာ။   ။

    ဧတာဒိသေန- ဤသို့ပြဆိုအပ်ပြီးသော သဘောရှိသော၊ ကာယေန- အပုပ်အသိုးအတိပြည့်သော ကိုယ်ဖြင့်၊ ယော- တရားမယှဉ် ဉာဏ်မမြင်သော ပုဂ္ဂိုလ်သည်၊ ဥဏ္ဌ္လမေတဝေ- မာန်တကြွားကြွား ငါတကားဟု ထောင်လွှားခြင်းငှာ၊ မညေ- တဏှာအားဖြင့် ငါ့ကိုယ်, မာနအားဖြင့် ငါတကား, ဒိဋ္ဌိအားဖြင့် ငါ့ကိုယ်မြဲ၏ဟု အောက်မေ့မှတ်ထင်၏။ ပရံဝါ- သူတစ်ပါးကိုမူလည်း၊ အ၀ဇာနယျ- ဇာတိ နာမ ဂေါတ္တ စသည်ဖြင့် မထီမဲ့မြင် ရှုတ်ချရာ၏။ တံ ကာရဏံ၊ ထိုသူမိုက်၏ မိမိကိုယ်ကို ဘ၀ဂ်တမြှင့် ချီးပင့်မြှောက်စား သူတစ်ပါးကို အောက်အ၀ီစိ ဆိုက်ထိကောင်းဖွယ် နှိပ်နယ်ရှုတ်ချခြင်း၏ အကြောင်းသည်၊ အဒဿနာ- အရိယာမဂ်ဖြင့် အရိယသစ္စာကို မမြင်ခြင်းဟူသော အဓိဂမ- မရှိခြင်းကို၊ ၀ါ- ကာယ၀ိစ္ဆိန္ဒနိကသုတ္တန် ဟူသော အာဂမ, ထိုသုတ္တန်ဖြင့် ပြအပ်သော သုညတ စသည်ကို မမြင်ခြင်းကို၊ အညတြ- ကြဉ်ထား၍၊ ကိံသိယာ- အဘယ်မှာ ဖြစ်ရာအံ့နည်း၊ အာဂမာဓိ- ဂမာဘာဝမေ၀- အာဂမ ဟူသော ပရိယတ်, အဓိဂမဟူသော ပဋိဝေဓ မရှိခြင်းသည်သာလျှင်၊ ကာရဏံ- ကိုယ်ကိုမြှောက်စား သူတစ်ပါးကို ရှုတ်ချခြင်း၏ အကြောင်းအရင်းပေတည်း။

ကာယာနုပဿနာဖြင့် နန္ဒာထေရီရဟန္တာမ ဖြစ်ခြင်း

    ဤဒေသနာတော်အဆုံး၌ နန္ဒာထေရီသည် “ငါကား အလွန်မှ မိုက်မဲခဲ့လေစွတကား၊ ကိုယ်ခန္ဓာကိုယ် အကြောင်းပြု၍ ဤကဲ့သို့သော ဒေသနာတော်ကို ဟောကြားတော်မူသော မြတ်စွာဘုရားအား ဖူးမြော်ကာ တရားနာရန် မလာမိခဲ့ပေ” ဟု သံဝေဂဖြစ်လေသည်။

    သံဝေဂဖြစ်ပြီးနောက် ကာယ၀ိစ္ဆိန္ဒနိက သုတ္တန်ဒေသနာတော်ကို ကောင်းစွာနှလုံးသွင်းဆင်ခြင်၍ ထိုကာယာနုပဿနာ ကမ္မဋ္ဌာန်းဖြင့်သာလျှင် ၂-ရက် ၃-ရက် အတွင်း၌ အရဟတ္တဖိုလ်ကို မျက်မှောက်ပြုသဖြင့် “ခီဏာသ၀အဂ္ဂဒက္ခိဏေယျရဟန္တာထေရီမ” အဖြစ်သို့ ရောက်လေပြီ။ ဤကား သာဝတ္ထိမြို့၌ နန္ဒာထေရီကို အကြောင်းပြု၍ ဟောတော်မူခြင်းတည်း။

    ရာဇဂြိုဟ်မြို့၌ အညတရ ရဟန်းကို အကြောင်းပြု၍ ဟောတော်မူသောအခါ၌ကား တရားတော်အဆုံး၌ ရှစ်သောင်းလေးထောင်သော သတ္တ၀ါတို့သည် အကျွတ်တရား ရကြကုန်၏။ သီရိမာ နတ်သမီးသည်လည်း အနာဂါမိဖိုလ်သို့ ရောက်လေသည်။ အညတရ ရဟန်းသည်ကား သောတာပတ္တိဖိုလ်၌ တည်သည်ဟု ဆိုသည်။

    ဤတရားစာ အစ၌ ပြဆိုခဲ့သည့်အတိုင်း -

    (၁) ရုပ်အစုအပေါင်း၏ အနှစ်သာရမရှိခြင်း၊
    (၂) အမွှေးနံ့သာတို့ဖြင့်ပြည့်သော ရုပ်မဟုတ်ခြင်း၊
    (၃) ရွံရှာစက်ဆုပ်ဖွယ်အတိပြည့်သော ရုပ်အပေါင်းမျှသာဖြစ်ခြင်း၊
    (၄) တပ်မက်နှစ်သက်ဖွယ်မရှိခြင်း၊

    ဟု ဆိုအပ်သော ကောဋ္ဌာသ ရုပ်အစုအပေါင်း၏ သဘောအမှန်ကို ဉာဏ်ဖြင့်သိမြင်ကာ ထို ရုပ်အစုအပေါင်း၌ မှားယွင်းသော အမြင်ဖြင့် တပ်မက်နှစ်သက်တွယ်တာခဲ့သော တဏှာ, ငါတကားဟူသော မာန, ငါ့ကိုယ်ဟူသော ဒိဋ္ဌိတို့ကို ရန်သူကြီးတွေအဖြစ်ဖြင့် တွေ့မြင်၍ ထို တဏှာ, မာန, ဒိဋ္ဌိတို့ကို ၀ိပဿနာဉာဏ် အဆင့်ဆင့်ဖြင့် တဖြည်းဖြည်းခေါင်းပါးအားနည်းစေလျက် မဂ်ဉာဏ်အတန်တန်ဖြင့်ကျော်ကာ အရဟတ္တ မဂ်ဉာဏ်ဖြင့် ကိလေသာတို့ကို အကြွင်းမဲ့ပယ်သတ် ငြိမ်းအေးစေသည်ဖြစ်၍ အာသဝေါကုန်ခန်းသော အဂ္ဂဒက္ခိဏေယျ ရဟန္တာအဖြစ်သို့ နန္ဒာထေရီ စသော သူတော်ကောင်း ရဟန်းရှင်လူ အပေါင်းတို့သည်လည်း ရုပ်အစုအပေါင်း၏ အဖြစ်မှန်ကို ၀ိပဿနာဉာဏ်အမြင်ဖြင့် ရှေးဦးစွာ မြင်ကြပြီးလျှင် အရဟတ္တမဂ်ဉာဏ်ဖြင့် ကိလေသာအပေါင်းကို အကြွင်းမဲ့ ပယ်သတ်နိုင်ကြသောအားဖြင့် ဒုက္ခဇာတ်သိမ်း အငြိမ်းကြီးငြိမ်းရာဖြစ်သော နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ကြပါစေကုန်သတည်း။

ကာယ၀စ္ဆိန္ဒနိကသုတ် ပြီး၏။

(စစ်ကိုင်းတောင်ရိုး၊ ရွှေဟင်္သာတိုက်သစ် ရွှေဟင်္သာဆရာတော်)

No comments: