ဧတဒဂ္ဂကို ပါဠိသက် ဝေါဟာရအဖြစ် “ဧတဒဂ်”ဟု ခေါ်တွင်ကြပေ၏။ “ဧတ” နှင့် “အဂ္ဂ” နှစ်ပုဒ်တွဲစပ်နေ၍ “ဧတံ အဂ္ဂံ”ဟု ပုဒ်ဖြတ်လိုက်သောအခါ “ ဤပုဂ္ဂိုလ်သည် မြတ်၏” ဟူ၍ အဓိပ္ပါယ် ရပါသည်။ ဤပုဂ္ဂိုလ်သည် ဤအရာ ဤနေရာဌာနတွင် အထွတ်အမြတ် ဖြစ်သည်ဟု ဆိုလိုခြင်း ဖြစ်ပေသည်။
(၁) မဟာ ပဇာပတိ ဂေါတမီ။
“အဂ္ဂရတ္တညူ ဧတဒဂ်” ရတော်မူ၏။
(၂) ခေမာထေရီ။
“ကြီးမြတ်သော ပညာနှင့် ပြည့်စုံကုန်သော ဘိက္ခုနီတို့တွင် ခေမာထေရီသည် အမြတ်ဆုံးဖြစ်၏” ဟူ၍ “အဂ္ဂမဟာပညာ” ဧတဒဂ်ရတော်မူ၏။
(၃) ဥပ္ပလ၀ဏ်ထေရီ။
“တန်ခိုးဖြင့် ပြည့်စုံကုန်သော ဘိက္ခုနီတို့တွင် ဥပ္ပလ၀ဏ် ထေရီသည် အမြတ်ဆုံးဖြစ်၏” ဟူ၍ “ဣဒ္ဓိမန္တီ” ဧတဒဂ် ရတော်မူ၏။
(၄) ပဋာစာရီထေရီ။
“၀ိနည်းကို ဆောင်ကုန်သော ဘိက္ခုနီတို့တွင် ပဋာစာရီ ထေရီသည် အမြတ်ဆုံးဖြစ်၏။” ဟူ၍ “အဂ္ဂ၀ိနယစာရီ” ဧတဒဂ် ရတော်မူ၏။
(၅) ဓမ္မဒိန္နာထေရီ။
“တရားဟောတတ်ကုန်သော ဘိက္ခုနီတို့တွင် ဓမ္မဒိန္နာထေရီသည် အမြတ်ဆုံးဖြစ်၏။” ဟူ၍ “အဂ္ဂဓမ္မကထိက” ဧတဒဂ် ရတော်မူ၏။
(၆) နန္ဒာထေရီ။
“ဈာန်ဝင်စားခြင်း၌ မွေ့လျော်ကုန်သော ဘိက္ခုနီတို့တွင် နန္ဒာထေရီသည် အမြတ်ဆုံးဖြစ်၏။” ဟူ၍ “အဂ္ဂဈာယိနီ” ဧတဒဂ် ရတော်မူ၏။
(၇) သောဏာထေရီ။
“လုံ့လ ၀ီရိယ ထက်သန်သော ဘိက္ခုနီတို့တွင် သောဏာထေရီသည် အမြတ်ဆုံးဖြစ်၏။” ဟူ၍ “အဂ္ဂအာရဒ္ဓ၀ီရိယ” ဧတဒဂ် ရတော်မူ၏။
(၈) ဗာကုလာထေရီ။
“ဒိဗ္ဗစက္ခု အဘိညာဉ်ရကုန်သော ဘိက္ခုနီတို့တွင် ဗာကုလာထေရီသည် အမြတ်ဆုံး ဖြစ်၏။” ဟူ၍ “ဒိဗ္ဗစက္ခု အဘိညာဉ်” ဧတဒဂ် ရတော်မူ၏။
(၉) ကုဏ္ဍလကေသာထေရီ။
“အဘိညာဉ်အရာ၌ လျင်မြန်ကုန်သော ဘိက္ခုနီတို့တွင် ဘဒ္ဒါမည်သော ကုဏ္ဍလကေသာ ထေရီသည် အမြတ်ဆုံး ဖြစ်၏။” ဟူ၍ “အဂ္ဂခိပ္ပါဘိည” ဧတဒဂ် ရတော်မူ၏။
(၁၀) ဘဒ္ဒကာပိလာနီထေရီ။
“ရှေး၌ နေဖူးသော ခန္ဓာအစဉ်ကို အောက်မေ့နိုင်ကုန်သော ဘိက္ခုနီတို့တွင် ဘဒ္ဒကာပိလာနီ ထေရီသည် အမြတ်ဆုံးဖြစ်၏။” ဟူ၍ “ပုဗ္ဗေနိဝါသာနုဿတိ” ဧတဒဂ် ရတော်မူ၏။
(၁၁) ဘဒ္ဒါကစ္စနာယသော်ဓရာထေရီ။
“မြတ်သော အဘိညာဉ်သို့ရောက်ကုန်သော ဘိက္ခုနီတို့တွင် ရာဟုလာမယ်တော် ဘဒ္ဒါကစ္စနာယသော်ဓရာထေရီသည် အမြတ်ဆုံးဖြစ်၏။” ဟူ၍ “မဟာဘိညာပတ္တ”ဧတဒဂ် ရတော်မူ၏။
(၁၂) ကိသာဂေါတမီထေရီ။
“ခေါင်းပါးသော သင်္ကန်းကိုဆောင်ကုန်သော ဘိက္ခုနီတို့တွင် ကိသာဂေါတမီသည် အမြတ်ဆုံးဖြစ်၏။” ဟူ၍ “အဂ္ဂလူခစီဝရထေရီ” ဧတဒဂ် ရတော်မူ၏။
(၁၃) သိင်္ဂါလမာတာထေရီ။
“သဒ္ဓါတရား အားကြီးကုန်သော ဘိက္ခုနီတို့တွင် သိင်္ဂါလမာတာထေရီသည် အမြတ်ဆုံးဖြစ်၏။” ဟူ၍ “သဒ္ဓါဓိမုတ္တ” ဧတဒဂ် ရတော်မူ၏။
No comments:
Post a Comment