Pages

Friday, May 11, 2012

ခန္ဓာငါးပါး

    မသိတတ်သော ရုပ်သဘောနှင့် သိတတ်သော နာမ်သဘော ထိုနှစ်ပါး ပေါင်းစပ်သဖြင့် ခန္ဓာငါးရပ်ဟု ဖြစ်လာရပါသည်။
    မသိတတ်သော ရုပ်တရားသည် ရုပ်သေးရုပ်နှင့် တူ၏။ သိတတ်သော နာမ်တရားသည် ကြိုးနှင့်တူ၏။ ရုပ်သေးရုပ်သည် ကြိုးတပ်၍ မလှုပ်က အမူအရာ ဗျာပါရ လုံးဝမဖြစ်ပေါ်၊ ကြိုးတပ်၍ လှုပ်မှသာ (၀ါ) ကြိုးနှင့်ပေါင်းဆုံမိမှသာ၊ ကခုံ, ထိုင်, ထ လှုပ်ရှားမှု သဘာဝ၊ အမူအရာဗျာပါရများ ဖြစ်ပေါ်လာရပေ၏။
    ထို့အတူသာလျှင် သ၀ိညာဏကခေါ် သတ္တ၀ါတို့ သန္တာန်၌ ရုပ်သေးရုပ်နှင့်မခြား တမူ အလားတူသော ရုပ်တရား၊ ကြိုးနှင့်မခြား တမူ အလားတူသော နာမ်တရား၊ ထိုနှစ်ပါးပေါင်းဆုံမိသည်ကြောင့် ပြောဆို, သွားလာ, ရောင်းဝယ်ဖေါက်ကား လှုပ်ရှားခြင်း စသော အမူအရာဗျာပါရတွေ ဖြစ်ပေါ်ရပေ၏။
ထို့ကြောင့်.......
    “ရဇ္ဇု ယောဂါဒါရု ယန္တံ သ, ဗျာပါရံဝ ခါယထိ၊
    ဧ၀ံသုညံ နာမရူပံ အညမည သမာယုတံ” (သံယုတ်ပါဠိတော်)
    ရဇ္ဇု ယောဂါ၊ ကြိုးနှင့် ပေါင်းဆုံမိခြင်းကြောင့်။ ဒါရုယန္တံ၊ သစ်သားရုပ်ကလေးသည်။ သ, ဗျာပါရံဝ၊ သွားလာကခုန် ဗျာပါရ ပုံယောင်ယောင်သည်။ ခါယတိ၊ ထင်မြင်လာရတော့၏။ ဧ၀ံ၊ ဤအတူ။ သုညံ၊ သတ္တ၀ါမဟုတ်၊ ဇီဝမဟုတ်သော။ နာမရူပံ၊ နာမ်ရုပ်တရား ထိုနှစ်ပါးသည်။ အညမည၊ အချင်းချင်း။ သမာယုတံ၊ ပေါင်းဆုံမိခြင်းကြောင့်။ သ, ဗျာပါရံဝ၊ သွားလာပုံဆောင် ဗျာပါရ ပုံယောင်ယောင်သည်။ ခါယတိ၊ ထင်မြင်လာရပေတော့၏။
    ဤသို့ဟောတော်မူအပ်သော ဒေသနာအရ၊ ပုဂ္ဂလ, သတ္တ, အတ္တ, ဇီဝ စသည်အားဖြင့် လုံးလုံးမရှိ၊ မသိတတ်သော ရုပ်တရား။ သိတတ်သော နာမ်တရား၊ ထိုနှစ်ပါးပေါင်းဆုံမိသည်ကြောင့်။ ခန္ဓာငါးပါး ဟူ၍ ဖြစ်ပေါ်ရပေ၏။
    ရုပ်နာမ်နှစ်ပါး မကွဲပြားကုန်သူ ပုထုဇဉ်တို့သည် အနှစ်သာရ၊ အတ္တမဖက်၊ အသက်မှ ကင်းဆိတ်သော ရုပ်နာမ်နှစ်ပါး ခန္ဓာငါးပါး၌ ........။
    အမှတ်အားဖြင့် မှားခြင်း - သညာ ၀ိပ္ပလ္လာသ။
    အသိအားဖြင့် မှားခြင်း - စိတ္တ ၀ိပ္ပလ္လာသ။
    အယူအားဖြင့် မှားခြင်း - ဒိဋ္ဌိ ၀ိပ္ပလ္လာသ။ ဤ ၀ိပ္ပလ္လာသသုံးပါးဖြင့် အမြဲတစေ ဖေါက်ပြန်နေကြရကား၊ ယောက်ျား, မိန်းမ, အသက်, ဇီဝ, ပုဂ္ဂိုလ်, သတ္တ၀ါ, အကောင်အထည်, အထည်ဒြပ် သဏ္ဍာန် အမှန်ရှိ၏ဟု ထင်မြင်ယူဆ လွဲမှားကြကုန်၏။
    အမှန်ကို အမှားထင်၊ အမှားကို အမှန်ထင်လျက် ဖေါက်ပြန်တတ်ခြင်းသည်ပင်လျင် တစ်နည်းအားဖြင့် မိစ္ဆာဒိဋ္ဌိအယူဟု ဆိုရပါသည်။ ထိုအယူ မဖြူစင်ပါက အပါယ်ဘေးမှ စိတ်မအေးရပါ။

    ခန္ဓာငါးပါး တရားကိုယ်တရားသား

    ခန္ဓာငါးပါး တရားကိုယ်တရားသားသည် ရုပ်, နာမ်ဟု ဆိုအပ်သော စိတ်၊ စေတသိက်၊ ရုပ် ပရမတ်သုံးပါးကို သဘောတူရာပေါင်း၍ ငါးပုံငါးစု ပြုထားခြင်းဖြစ်၏။
    ရုပ် (၂၈)ပါးက တစ်စုတစ်ပုံ။
    စိတ် (၈၉)ပါးက တစ်စုတစ်ပုံ။
    စေတသိက်တရား (၅၂)ပါးတွင်၊ ဝေဒနာစေတသိက်နှင့် သညာစေတသိက်တို့သည် ကျန်စေတသိက်(၅၀)တို့နှင့် သဘောလက္ခဏာခြင်း မတူညီကြသောကြောင့် -
    ဝေဒနာစေတသိက် (၁)ပါးကို တစ်စုတစ်ပုံထား၏။
    သညာစေတသိက် (၁)ပါးကို တစ်စုတစ်ပုံထား၏။
    ကျန်သော စေတသိက်(၅၀)သည် သဘောလက္ခဏာခြင်း တူညီသည်ဖြစ်သောကြောင့် -
    ထိုစေတသိက် (၅၀)ကို တစ်စုတစ်ပုံထား၏။
ဤတွင်.......
    ၁။ ရုပ် (၂၈)ပါး အစုအပုံသည် ရူပက္ခန္ဓာ မည်၏။
    ၂။ စိတ် (၈၉)ပါးအစုအပုံသည် ၀ိညာဏက္ခန္ဓာ မည်၏။
    ၃။ ဝေဒနာစေတသိက် (၁)ပါး အစုအပုံသည် ဝေဒနာက္ခန္ဓာ မည်၏။
    ၄။ သညာစေတသိက် (၁)ပါး အစုအပုံသည် သညာက္ခန္ဓာ မည်၏။
    ၅။ ဝေဒနာ၊ သညာတို့မှ ကြွင်းသော စေတသိက်(၅၀)အစုအပုံသည် သင်္ခါရက္ခန္ဓာ မည်၏။

    ခန္ဓာနှစ်တန်

၁။    ရူပက္ခန္ဓာ ခေါ်သော ရုပ်တရားသည် အာရုံကို မသိတတ်၊ ဖေါက်ပြန်တတ်သော ရုပ္ပန လက္ခဏာရှိ၏။ သီတေနာပိ ရုပ္ပတိ၊ ဥဏှေနာပိ ရုပ္ပတိဟူသည့်အတိုင်း အပူအအေးတည်းဟူသော ၀ိသဘာဂတို့နှင့် တွေ့လျှင် ဖေါက်ပြန်မည်သာဖြစ်၏။
၂။    ဝေဒနာက္ခန္ဓာသည် အာရုံ၏ အရသာကို ခံစားတတ်သော ဝေဒယိတ လက္ခဏာရှိ၏။ ကောင်း၊ မကောင်း၊ ကြိုက်၊ မကြိုက် ဟူသည်မရှိ၊ အာရုံတရားတို့နှင့် တွေ့ကြုံလျှင် ထိုအာရုံတို့၏ အရသာကို ခံစားမည်သာဖြစ်၏။
    (၁) အလိုရှိအပ်သော ဣဋ္ဌာရုံ။
    (၂) အလိုမရှိအပ်သော ဣဋ္ဌာရုံ။
    (၃) အလိုရှိသည်လည်းမဟုတ် အလိုမရှိသည်လည်းမဟုတ်သော ဣဋ္ဌာရုံမဇ္ဈတ္တာရုံ။
    (၄) အလွန့်အလွန့် အလိုရှိအပ်သော အတိဣဋ္ဌာရုံ။ အာရုံ (၆)ပါးစလုံး၌ ဤလေးမျိုးရှိ၏။ မည်သည့် အာရုံနှင့် တွေ့တွေ့ ဝေဒနာက္ခန္ဓာက ခံစားမည်သာဖြစ်၏။
၃။    သညာက္ခန္ဓာသည် အာရုံကို မှတ်သားတတ်သော သဉ္ဖာနန လက္ခဏာရှိ၏။ ကောင်းမကောင်းစသည်ကား သညာက္ခန္ဓာ၏ ကိစ္စမဟုတ်၊ ဖြူ, နီ, ပြာ, ၀ါ, လူ, ခွေး စသည်ဖြင့် အာရုံတစ်ခုနှင့် တစ်ခု မမှားရအောင် မှတ်သားခြင်းသည်သာ သညာက္ခန္ဓာ၏ ကိစ္စဖြစ်တော့၏။
၎။    သင်္ခါရက္ခန္ဓာသည် စေ့ဆော်တိုက်တွန်း ပြုပြင်တတ်သော စေတယိတ လက္ခဏာရှိ၏။ ကောင်း, မကောင်း၊ နှစ်သက်, မနှစ်သက်သည် သင်္ခါရက္ခန္ဓာ၏ တာဝန်မဟုတ်၊ ပြုဆောင်ရွက်ခြင်းသည်သာ သင်္ခါရက္ခန္ဓာ၏ တာဝန်ဖြစ်တော့၏။
၅။    ၀ိညာဏက္ခန္ဓာသည် အာရုံကို သိတတ်သော အာရမဏ ၀ိဇာနန လက္ခဏာရှိ၏။ နှစ်သက်မှု, မနှစ်သက်မှုသဘော လုံးဝမပါ။ အာရုံကို သိရန်သည်သာ ၀ိညာဏက္ခန္ဓာ၏ ကိစ္စဖြစ်၏။
    ယင်းသို့ မိမိလက္ခဏာ, မိမိသဘောနှင့် ရှိကြကုန်သော ခန္ဓာငါးပါးသည် ပကတိအားဖြင့် အလွန်သန့်ရှင်းစင်ကြယ်မှု ရှိကုန်၏။ ထို့ကြောင့် ပဉ္စက္ခန္ဓာဟု ခေါ်ဆိုရ၏။ ၎င်းခန္ဓာငါးပါးသည် ကိလေသာ အာသဝေါ ကုန်ခန်းပြီးသော ဘုရား, ရဟန္တာ ကိုယ်တော်မြတ်တို့၏ သန္တာန်၌ဖြစ်၏။ အာရုံဟူသမျှတို့၌ မြင်ကာမျှမတ္တ၊ ကြားကာမျှမတ္တ စသည်ဖြင့် ဥပါဒါန် အစွဲအလန်းမှ လုံးဝကင်းရှင်းသည် ဖြစ်ရကား ပဉ္စက္ခန္ဓာဟု ခေါ်ဆိုရသည်။
    ပုထုဇဉ် သတ္တ၀ါတို့ သန္တာန်၌ဖြစ်သော ခန္ဓာသည် အာရုံအရပ်ရပ်တို့၌ ကောင်း, မကောင်း၊ ကြိုက်, မကြိုက်၊ နှစ်သက်, မနှစ်သက် စသည်တို့ဖြင့် ဥပါဒန်အစွဲအလန်း ကပ်ငြိသည်ဖြစ်ရကား၊ ပဉ္စုပါဒါနာက္ခန္ဓာ (တစ်နည်း) ပဉ္စဥပါဒါနာက္ခန္ဓာဟု ခေါ်ဆိုရ၏။ ထို့ကြောင့် ....
    “ခန္ဓာနှစ်တန်ဟောခဲ့ပြန်၊ ကြောင်းဟန်ဘယ်သို့နည်း ?
    ခန္ဓာနှစ်တန်ဟောခဲ့ပြန်၊ ဥပါဒါန်ကြောင့်တည်း ......”ဟု ပုစ္ဆာအဖြေနှစ်ထွေရောယှက် ပညာရှိတို့ မိန့်မြွက်ကုန်၏။

ပခုက္ကူ ၀ိပဿနာသင်တန်း အရည်စစ်စာတမ်းမှ

No comments: