Pages

Thursday, May 10, 2012

သမုဒယသစ္စာ၏ သံယောဂဋ္ဌအနက် (၃)

    အခုဟောရမှာက သမုဒယသစ္စာ၏ သံယောဂဋ္ဌ အနက်သဘောဖြစ်တယ်။ သံယောဂဋ္ဌ=ကိန်းရာပုဂ္ဂိုလ်တွေကို ဒုက္ခ၀တ္ထု ဒုက္ခမှုတွေနဲ့ ယှဉ်တွဲတတ်တဲ့သဘော။ လောဘ=တဏှာဟာ အာရုံနဲ့ဒွါရ တိုက်ဆိုင်လို့ ခင်ဗျားတို့ သန္တာန်မှာ (ဟဒယ၀တ္ထုမှာ) ပေါ်လာတယ်။ လောဘကလေး ဖြစ်လာဖို့ရာ သူ့အာရုံက လှုံ့ဆော်ပေးတယ်။ ဟိုဘက်သွားတော့ ဟိုဘက်မှာ ရစရာရှိတဲ့ အာရုံက ဒီက မနောအကြည်(မနောဒွါရ)နဲ့ တွေ့လိုက်တော့ လိုချင်တဲ့လောဘဇောက ဖြတ်ဆိုပေါ်လာတယ်။ ဟဒယ၀တ္ထု (မနောအကြည်)ဟာ မှန်ပဲ။ မှန်က ဟိုမှာ ကြွေးရှိတဲ့လူဆီ သွားတဲ့လိုက်တယ်။ သွားတဲ့လိုက်တော့ ဒီ လောဘဇောအရိပ်က ဒီမှာပေါ်လာတယ်။ ဒီလောဘဇောက ကိန်းရာပုဂ္ဂိုလ်ကို ခိုင်းတော့တာပဲ။ ခိုင်းတော့ ဟိုကျရင် ပြောရ ဆိုရ လိမ်ရ ကောက်ရလို့ မောရပန်းရတဲ့ ဒုက္ခတွေ တွေ့ရတယ်။ တခါတလေ တယောက်နဲ့တယောက် စကားများပြီး ရန်ဖြစ်ရတဲ့အလုပ်တွေ တွေ့ရတယ်။ ဒီတော့ လောဘသာဝင်လာရင် ဒုက္ခ၀တ္ထု ဒုက္ခမှုတွေနဲ့ တွဲပေးတော့မယ်။ ဒီ ခန္ဓာကိုယ်ကြီးကို ရိုက်ခိုင်းတော့မယ်၊ မရောက် ရောက်အောင် ရိုက်ခိုင်းတာပဲ။
    မနက်မိုးလင်းရင် လောဘက ဆွမ်းတော်ထက် စောသေးတယ်။ သူက အရင်ကြွလာတယ်။ အိပ်ရာက ထလို့ရှိရင် ဘယ်သူ့ဆီမှာ ယူစရာရှိတယ်။ တောင်းစရာ ပေးစရာရှိတယ် စသည်နဲ့ မလာဘူးလား။ ဒီတော့ ခင်ဗျားတို့မှာဒုက္ခဆိုးတွေနဲ့ ကြုံတော့တာပဲ။ သူလာတဲ့နေ့ တနေ့လုံး နက္ခတ်ဆိုးကြုံတဲ့နေ့၊ ဆိုးဝါးတဲ့နေ့လို့ပဲမှတ်၊ လောဘက သူကြွလာရင် သူချည်း သက်သက်လာတာမဟုတ်ဘူး။ ဣဿာရော၊ မစ္ဆရိယရော၊ မာနရော၊ ဒိဋ္ဌိရော၊ အကုသိုလ်စေတသိက် အဖေါ်တွေနဲ့လာတာ။ အခြွေအရံတွေနဲ့လာတာ။ ဒီအခြွေအရံတွေနဲ့လာတာ။ ဒီအခြွေအရံတွေဟာ အစိမ်းသရဲ သဘက်တွေပဲ။
    လောဘက ဒုက္ခ၀တ္ထု ဒုက္ခမှုတွေ ပေးမလို့လာတာ၊ ခင်ဗျားတို့က ဒါမသိတော့ လောဘကလေးတွေ လက်သပ်မွေးထားတယ်။ အမွေးလွဲပြီပေါ့။ သူက အခြွေအရံနဲ့ တကွလာပြီး ခင်ဗျားတို့ကို စီမံတော့မယ်။ အပြေးခိုင်းရင် ပြေးရမယ်။ ဟာ နောက်ကျသွားလိမ့်မယ်။ ဟိုမှ ရစရာတွေ ဘာတွေရှိတယ်ဆိုတော့ အပြေးအလွှား သွားရတယ်မဟုတ်လား။ လမ်းမှာ ခလုတ်တိုက်လဲလဲ လဲပစေ။ ထမင်းမစားရ အငတ်နေပေါ့ကွ။ ထမင်းအရေးလုပ်လို့။ နေ့တိုင်းစားနေရတာ။ အချိန်လွန်သွားမယ်။ တခါတလေ ၂-ထပ်ကို တထပ်တည်းစားရတာဟာ လောဘကြောင့်ပဲ။ သူရောက်လာရင် မင်းအငတ်ပြဿနာနဲ့လဲ တွေ့ရမယ်။ ဆန်အိတ် ဆီပုံးတွေရှိလျက်နဲ့ ကောင်းကောင်း မစားရတဲ့ ဒုက္ခ ...(ငတ်တဲ့ဒုက္ခ)ကို ငါပေးမယ်တဲ့။ မင်းတို့နဲ့ ဒီ ဒုက္ခ၀န်ထုပ်ကြီးတွေနဲ့ မကွဲအောင် အမြဲတွဲထားပေးမယ်တဲ့။ ၀န်ထုပ်နဲ့ အထမ်းသမား မကွဲရအောင် ရုန်းထွက်လို့မရအောင် ငါတွဲပေးမယ်တဲ့။ လောဘက။
    ခင်ဗျားတို့ကလဲ ထမ်းနေရတဲ့ ဒီဝန်ထုပ်ကြီး ကျသွားရမှာပဲ စိုးရိမ်နေတယ်၊ ကျောပေါ်က မချချင်အောင်ကိုသူက စေတနာ ဗလ၀နဲ့ လုပ်ထားတယ်။ သားကလေးတစ်ယောက်မွေးလာရင် ကျောပေါ်တင်ထား၊ သမီးကလေးမွေးပြန်ရင်လဲ ကျောပေါ်တင်ထား၊ ဆွေမျိုးရင်းချာလေးရောက်လာပြန်ရင်လဲ ကျောပေါ်တင်တာပဲ။ မိတ်ဆွေရင်းချာရောက်လာပြန်လဲ ကျောပေါ်တင်တာပဲ။ ဒီ လူတွေကို ပစ်လိုက်ပါတော့လားဆိုတော့ ပစ်လို့မဖြစ်ဘူး။ သူတို့နဲ့ပဲ အလုပ်လုပ်နေရတယ်တဲ့။ ပစ်တာကို မပါဘူး။ ဒါတွေအကုန် ကျောပေါ်တင်တာပဲ။ ဒါတွေဟာလောဘကတင်ပေးတာ။ လောဘက ခင်တဲ့လူကိုတင်ပေးတာ။ မခင်တဲ့လူကို မတင်ဘူး။ သားသမီး ဆွေမျိုးမိတ်သင်္ဂဟတွေလာတော့ ကျွေးလိုက်မွေးလိုက် ပေးစရာ ကမ်းစရာရှိ ပေးလိုက်ဟုတ်လား။ သူတို့ကိစ္စအားလုံး လုပ်ပေးရ၊ ပူစရာဟူသရွေ့လဲ ကိုယ်ပါရောပူရ၊ ပူတာဟူသရွေ့လဲ ကျောပေါ်တင်တာပဲ၊ ၀န်ထုပ်ဟူသရွေ့လဲ ကျောပေါ်တင်တာပဲ။ အတွင်းကလဲ အပူတွေ ကျောပေါ်ကလဲ ၀န်ထုပ်တွေနဲ့ လောဘက တွဲပေးတာနော်။
    တယောက်ထဲနေရင် ကိုယ့်ခန္ဓာတထုပ်ထဲ ထမ်းရမယ်။ ဒီလို ထမ်းရတော့ ၀န်ပေါ့တော့ တော်သေးတယ်။ တဏှာသမုဒယ ရောက်လာတဲ့အချိန်ကစ၍ ခင်ဗျားတို့က ဒီလိုနေလို့ တော်မထင်ဘူးဖြစ်လာတယ်။ ယောက်ျားဆို မိန်းမရှိမှ၊ မိန်းမဆို ယောက်ျားရှိမှတဲ့၊ ဒါမှတော်မယ်တဲ့။ ဒါသမုဒယက အိမ်ထောင်ပြုခိုင်းတာ။ ဒီတော့ ယောက်ျားဝန်လဲ မိန်းမထမ်းရ၊ မိန်းမ၀န်လဲ ယောက်ျားကထမ်းရ၊ နောင် သားသမီးတွေ မွေးလာပြန်တော့ ၀န်တွေပိုထမ်းရပြန်တယ်။ နောက် သား သမီးတွေက ဆက်လက်ပြီး မြေးတွေ မြစ်တွေ မွေးပြန်တော့ ထပ်ပြီးပိုထမ်းရပြန်တာပဲ၊ ၀န်ထုပ်နဲ့ ခွဲလို့ကိုမရဘူး။ ဒီ သားသမီးတွေ၊ ဒီမြေးတွေနဲ့များခွဲရတော့မယ်၊ စွန့်များသွားရတော့မယ်ဆိုရင် မျက်ရည်များတောင် ကျသေးတယ်။ ၀န်ကျမှာ သိပ်စိုးရိမ်တယ်။ ၀န်ပိပြီးသေမှ ကျေနပ်တဲ့အမျိုး။ ၀န်ပိပြီးသေပါရစေ။ ၀န်ကျပြီးဆွေကွဲမျိုးကွဲနဲ့ သားကွဲသမီးကွဲနဲ့ မသေပါရစေနဲ့တဲ့။ ဆုတောင်းလိုက်သေး။ ဒါ ခင်ဗျားတို့ရဲ့ ဖြစ်စဉ်။ ဖြစ်စဉ်က အင်မတန် ဆိုးဝါးတယ်။ ဆွေတွေမျိုးတွေ သားတွေသမီးတွေ အကုန်လုံး ၀ိုင်းရံပြီး နှိပ်စက်သရွေ့ခံပြီးမှ ၀န်ပိသေပါရစေတဲ့။ ၀န်ကျပြီး သေပါရစေလို့ကို မလာဘူး။
    ဘုရားကတော့ ၀န်ကျသေမှကြိုက်တယ်။ ခင်ဗျားတို့က ၀န်ပိသေမှ ကြိုက်တယ်။ သေခြင်းဆိုးသေမှ ကျေနပ်တယ်ဆိုတော့ ဆိုးဝါးလှတယ်။ ဒါ သမုဒယအကြောင်း မသိလို့ ၀န်တင်တဲ့သူကိုသာ သတ်မယ်ဆိုရင် ၀န်တင်မယ့်လူ မရှိတော့ဘူး။ မရှိရင် ခင်ဗျားတို့ ၀န်တွေပေါ့သွားမှာ၊ ဒါပေမယ့် ခင်ဗျားတို့က သေတာတောင် ဆွေထဲမျိုးထဲ သားနဲ့သမီးနဲ့ ကိုယ့်အိမ်ကိုယ်ယာမှာ သေပါရစေ။ တကောင်ကြွက်တော့ မသေပါရစေနဲ့တဲ့။ သစ်တုံးကြီးတွေ တင်ပြီးဆွဲရတဲ့ ကျွဲကြီးတွေ လမ်းပေါ်မှ ကားယားကြီး တစ်ခါတည်း ရင်ကွဲပြီး သေတာဟာ ၀န်လေးလွန်းလို့၊ မြင်းတွေလဲ ရထားဆွဲရတာကတမျိုး၊ ရထားပေါ်တင်တဲ့ ၀န်တွေဆွဲရတာကတမျိုးဆိုတော့ တခါတည်း ကျောက်လမ်းနဲ့ ရင်ပတ်နဲ့ သွားဆောင့်ပြီး သေတာဟာ ၀န်ပိသေတာ။ ခင်ဗျားတို့လဲ ဒီ ကျွဲတွေ မြင်းတွေလိုပဲ ၀န်ပိပြီး ရင်ဆို့သေတာကများတယ်။
    ခန္ဓာဆိုတဲ့မြင်းက အထမ်းသမား အရုန်းသမား။ တဏှာက အမောင်းသမား ၀န်တင်သမား။ တဏှာဆိုတဲ့ မြင်းမောင်းသမားက သူငွေရဖို့သာ အရေးကြီးတာ။ မြင်း ပျော့တာပိန်တာ သူဂရုမစိုက်ဘူး။ လမ်းပေါ်မှာ မနိုင်တနိုင်နဲ့ ဆွဲရလို့ ခြေချော်ပြီး ရင်ကွဲသေလဲသေပစေတဲ့။ ခိုင်းဖို့ရာက သူ့အလုပ်ပဲတဲ့။ ခင်ဗျားတို့ကလဲ ဒီလို့ပဲ ၀န်ပိပြီးသေကြတာပဲ။ တခါတလေ ၀န်ပိပြီး သက်ပြင်းကြီးများချနေလိုက်သေး၊ အိပ်ရာထဲမှာ ၀န်ပိနေတာ။ သားသမီးကလဲ နေရာမကျ၊ အရောင်းအ၀ယ်ကလဲမဟန်၊ ဒီလိုဖြစ်တော့ ဟင်း....ဟင်းနဲ့ သက်ပြင်းကြီးချရတယ်။ ၀န်ထမ်းရတာက နဲတာမှမဟုတ်ဘဲ။ ၀န်းထမ်းရင်း အပြေးအလွှားသွားကြရ၊ လမ်းမှာ သေးခြင်းဆိုးနဲ့ သေကြရနဲ့။ ၀န်ပိနေတာ။ အိမ်မှာနေလဲ အလုပ်ဟာ အမြဲကပ်နေတယ်။ ဟိုဟာလေးလဲ အမြင်မတော်လို့ ကိုယ်တိုင်လုပ်လိုက်ရ၊ ဒီဟာလေးလဲ ကြားမကောင်းလို့ ကိုယ်ပဲသွားပြီး ပြုပြင်လိုက်ရနဲ့ အမြဲဖြစ်နေတယ်။
    ကျောင်းကန်ဘုရား တရက်တက်သွားရတာတောင် ခက်နေတယ်။ ဘာလို့တုံးဆို ၀န်တွေထဲက ထွက်သွားရမှာစိုးလို့။ ၀န်မရှိတဲ့နေရာ အလုပ်မရှိတဲ့နေရာမှာ သွားနေဖို့ကျတော့ အချိန်ဆွဲနေတာနဲ့ပဲ မသွားဖြစ်ဘူး။ ၀န်မရှိတဲ့ ကျောင်းကန် ဘုရားသွားမယ်ဆို နှေးလိုက်တာ။ ၀န်ရှိတဲ့ ၀န်ပိတဲ့နေရာ အိမ်ပြန်ရတော့မယ်ဆိုတော့ သွက်လိုက်တဲ့ဖြစ်ခြင်း။ ၀န်ပိတဲ့ဆီကို သုတ်သုတ်ကလေးပြန်ကြတာပဲ။ ၀န်ပိတဲ့ဆီမှာပျော်ကြတယ်။ နေချင်ကြတယ်။ ၀န်မရှိတဲ့ဆီကျတော့ မပျော်ဘူး မနေချင်ဘူး။ ၀န်ကျသွားရင်ကို မကြိုက်တာ။ ကျောင်းမှာ တရားနာ၊ တရားအားထုတ်ပြီး အေးအေးဆေးဆေးနေပါတော့လားဆိုတော့ မဖြစ်သေးဘူး ဘုရားချည်း လာကြတာပဲ။ ၀န်ကင်းတဲ့နေရာ ဒီနေရာမှာတော့ ခဏပဲနေနိုင်တယ်။ အံမယ်လေး.... အမောဆိုက်မှ ကျေနပ်တဲ့ ကြိုက်တဲ့အမျိုးတွေပါလား။
    ပါးစပ်က ဆုတောင်းတော့ ချမ်းချမ်းသာသာနေရပါလို၏တဲ့။ အလုပ်သဘောကတော့ အမောဆိုက်မှကျေနပ်တယ်။ အမောမဆိုက်ရင် မကျေနပ်ဘူး။ အမောခံနိုင်လို့ ၀န်တင်သမားကို ကျေးဇူးတင်လိုက်သေး။ ဒီဖြင့် အထမ်းသမားက လျှာထွက်နေပြီမဟုတ်လား။ သားသမီးဝန်၊ ဆွေမျိုးဝန်တွေနဲ့ ၉၆-ပါး ရောဂါဝေဒနာဘေးတွေရှိတဲ့ လမ်းခရီးကြီးမှာ သွားနေရတယ်။ လမ်းခရီးကလည်း ဘေးတွေစုံနေတာပဲ။ အဲဒီအထဲမှာ ၀န်တွေကလဲ အပြည့်တင်ပြီး ထမ်းပြေးရတယ်။ ဒါဖြင့် ၀န်ထုပ်နဲ့ ခွဲပါလားဆိုတော့ မခွဲချင်ဘူးတဲ့။ ဒီဝန်ကြီးမှ ထမ်းနေချင်တာ။ လမ်းကကြမ်းကြမ်း လူကြီးမှ အိုမှ ၀န်ထုပ်ကလဲ ပိုမရုန်းနိုင်တဲ့အချိန်ကျမှ ၀န်ထုပ်ကများလာတယ်။ အိုလာတော့မှ သားသမီးဝန်၊ မြေးမြစ်ဝန်တွေ ထမ်းနေရတာ စိတ်အေးလက်အေး နေရတဲ့အချိန်ကို မရှိပါဘူး။ လမ်းမှာ မနိုင်ဝန်တွေထမ်းပြေးရတော့ မြင်းသေ နွားသေ သေမှာပဲ။ ကားယားကြီးနဲ့ သေရမှာ။ ခင်ဗျားတို့က သတိထားမှပေါ့။ သမုဒယကတော့ လျှော့မှာမဟုတ်ဘူး။ ဒုက္ခ၀တ္ထု ဒုက္ခမှုတွေနဲ့ မကွဲရအောင် တွဲထားဖို့က ငါ့တာဝန်တဲ့။ သေတောင် မကွဲစေရဘူးတဲ့။ သမုဒယသတ္တိက မသေးဘူးနော်။ အသက်တစ်ရာမနေရသော်လဲ အမှုတစ်ရာတော့ တွေ့မှာပဲ။ ဒါ သူကပေးတာ။ ဒါတွေဟာ သမုဒယ=တဏှာလောဘရဲ့ ဒဏ်ချက်တွေပဲ။ သူကတော့ ရောက်တဲ့အချိန်ကစပြီး ဆိုကျိုးပဲပေးမှာ၊ ကောင်းကျိုးတစ်ခုမှ မပါဘူး။
    နွားဆိုတာ ထမ်းပိုးနဲ့ ကင်းလို့ဆိုရင် နေကိုမနေတတ်ဘူး။ သူ့ကို ခိုင်းပြီးလွှတ်လိုက်ပေမယ့် ညနေကျတော့ ထမ်းပိုးတပ်မယ့်ဆီ ပြန်လာတာပဲ။ ခိုင်းမယ့်အိမ်ကို ပြန်လာတာပဲ။ ခင်ဗျားတို့လဲ နွားလိုဖြစ်နေပြီ။ ဘယ်သွားသွား ကိုယ့်အိမ် ကိုယ့်ယာပဲ ပြန်တာပဲ၊ ထမ်းပိုးရှိတဲ့ဆီ ပြန်တာပဲ၊ ထမ်းပိုးထမ်းရလို့ ပခုံးပွန်းတာလဲ အတော်ကြာခဲ့ပြီ။ ဒါပေမယ့် ရုန်းရတာ အားမရသေးဘူး။ နောက်ထပ် ပခုံးပွန်းချင်နေသေးတယ်။ ကိုယ့်အိမ်ကို မြန်မြန်ပြန်ချင်တာဟာ မြန်မြန်ရုန်းချင်တဲ့အဓိပ္ပာယ်ပဲ။ ဒီမှာဆို တံမြက်စည်းကတချက် မလှည်းရဘူး။ အိမ်မှာဆိုရင် တံမြက်စည်းကအစ နောက်ဆုံး အိမ်သာအထိ ကိုယ့်တာဝန်ချည်းပဲ၊ ဒါပေမယ့် ဒီမှာ ပျော်သလားဆိုတော့ မပျော်ဘူးတဲ့၊ အိမ်မှာပျော်တယ်တဲ့။ ဒါဖြင့် ထမ်းပိုးလျှိုနေချင်နေတဲ့ အဓိပ္ပာယ်ပဲ။ ထမ်းပိုးထမ်းချင်လို့ပေါ့။ ထမ်းပိုးနဲ့ကင်းရင်  မနေတတ်ဘူးပေါ့။
    လောဘက ဒီလောက်တောင် ခင်ဗျားတို့ကို ပခုံးနဲ့ ထမ်းပိုးနဲ့ မခွဲနိုင်အောင် လုပ်ထားတာ။ ဇနီးက ကျောင်းကန် သွားနေပေါ့ဆိုရင် နင်တို့က မသိလို့လွှတ်တာ။ ငါကတော့ ရှေ့ရေးနောက်ရေးသိတယ်လို့ ဆိုလိုက်သေး။ ဘာသိတာတုံး ထမ်းပိုးထမ်းရဲတယ်ပြောတာ။ ထမ်းပိုးက လွှတ်တာတောင် မရဘူး။ ဒီတော့ ခင်ဗျားတို့ဟာ ဘယ်လိုပဲ ဘေးမဲ့လွှတ်လွှတ် ရကိုမရဘူး ဖြစ်နေတယ်။ ကိုယ့်သားကိုယ်သမီးကလေးတွေ ကိုယ့်အိမ်ကိုယ့်ယာနဲ့ လူးလားမြောက်တဲ့အထိ ကျွန်ခံပါရစေဦးလို့ လာသေးတာ။ ဒီဝန်တွေလဲ ထမ်းပါရစေဦးလို့ ပြောသေးတာ။ ထမ်းပိုးရုန်းရင်း ၀န်ထမ်းရင်း သေမယ်ဆိုတဲ့ အဓိပ္ပာယ်၊ ၀န်ပိပြီး သေခြင်းဆိုးသေချင်တဲ့ သဘောပေါ့။ သားသမီးကြည့်လဲ စိတ်မချ၊ ၀န်ပိတယ်၊ ပစ္စည်းတွေကြည့်လဲ စိတ်မချ၊ ဒီလို စိတ်မချလက်မချနဲ့ဆိုတော့ ရင်ကြပ်ပြီး သေတာပေါ့။ အဲဒါဝန်ပိသေတဲ့အဓိပ္ပာယ်၊ လွတ်ရာကျွတ်ရာကို သွားပါတော့ဆိုတော့လဲ၊ ခင်ဗျားတို့က နှင်လို့ကို မရဘူး။ ထမ်းပိုးပိချင်နေတာပဲ။ ပခုံးနဲ့ထမ်းပိုးနဲ့ ပြတ်ရင်ကို မနေတတ်ကြတာ။ တောင်ဝှေးထောက်ပြန်တဲ အဖိုးကြီးတွေတောင် ဒီမှာ လွတ်လွတ်လပ်လပ် အေးအေးဆေးဆေး နေပါလားဆိုတောင် မရဘူး။ ထမ်းပိုးထမ်းရမယ့်နေရာပဲ ပြန်တာပဲ။ ဒီတော့ သမုဒယဆိုတဲ့လောဘက သတ္တ၀ါတွေကို ထမ်းပိုးနဲ့ ပခုံးနဲ့ မကွဲရအောင် အမြဲတွဲပေးတဲ့ သတ္တိရှိတယ်။
    ဒီလို သမုဒယရဲ့ ဆိုးကျိုးတွေကို သိအောင်လုပ်။ ဒီဆိုးကျိုးတွေက လွတ်အောင်အားထုတ်။ ဒီတော့ ဆိုးကျိုးတွေပေးမယ့် လောဘလာရင် ဖြစ်ပျက်ရှုကြ။ အမှန်က ဒီတဏှာလောဘမလာခင် သူ့ရေသောက်မြစ်ဖြစ်တဲ့ ဝေဒနာကို ဖြစ်ပျက်ရှုကြ။ တဏှာမလာခင် ဝေဒနာလာတုန်း ရှုတာပိုကောင်းတယ်။ တဏှာလာမှရှုရင်လဲ နိုင်အောင်ရှုပေါ့။ ဒီ ၂-ချက်မှတ်ထား။ အနာပေါက်မှ ကုတာထက် အနာမပေါက်ခင် မပေါက်အောင်လုပ်တာက ပိုကောင်းတာပေါ့။ ဒီတော့ ဝေဒနာဖြစ်ပျက်မြင်အောင် နောက်-မုန်းအောင်၊ နောက်-ဆုံးအောင်ရှု၊ ဆုံးရင် သမုဒယလက်တွင်းမှ လွတ်ပြီ။

မိုးကုတ်ဆရာတော်ဘုရားကြီး၏ သစ္စာအနက် ၁၆-ချက် တရားတော်များမှ

No comments: